" ဘယ်သွားမလို့လဲ..." မမေးစဖူးရုတ်တရက်အမေးခံလိုက်ရသောကြောင့် မြသွဲ့ဖြူအံ့သြသွားမိသည်။သည်မေးခွန်းကို မမိုးစည်ကမေးသည်ဆိုလျှင် မြသွဲ့ဖြူအံ့သြမိမည် မဟုတ်ပေ။ယခုမေးသူက မြသွဲ့ဖြူနှင့်မျက်မှန်းတန်းမိရုံသာရှိသောသူမှမေးနေခြင်းကြောင့်ဖြစ်ပါလေသည်။သည်နေ့ဥက္ကာနှင့်ချိန်းထားသည့်ရက်ဖြစ်သောကြောင့် ရေမိုးချိုးပြင်ဆင်ပြီးထွက်မည်ပြုသောအခါ မြသွဲ့ဖြူသွားမည့်ရှေ့မှပိတ်ရပ်ကာ သူကမေးလာခြင်းဖြစ်လေသည်။သူဆိုသည်မှာ မြသွဲ့ဖြူနှင့်သုံးလေးခန်းခြားသော သစ်လုံးအိမ်လေးတွင်နေသည့်အမျိုးသမီးဖြစ်လေသည်။ထိုအမျိုးသမီးသည် မြသွဲ့ဖြူနှင့်တစ်ခါတစ်ရံ ထမင်းစားခန်း ၊ရေချိုးတွင်းများတွင် ဆုံမိတတ်သည်မှအပ စကားပြောဖူးခြင်းမရှိပေ။ထိုသို့မခေါ်မပြောဖူးရခြင်းမှာလည်း ထိုအမျိုးသမီးသည် အလုပ်ချိန်မှအပ အခန်းထဲမှအခန်းပြင်သို့သိပ်ထွက်လေ့မရှိခြင်းကြောင့်ပင်ဖြစ်ပါလေသည်။မြသွဲ့ဖြူသည် အမျိုးသမီးကိုကြောင်အမ်းအမ်းနှင့်ကြည့်လိုက်မိပြီး " လမ်းလျှောက်ထွက်မလို့ " ဟုဖြေလိုက်သည်။သို့သော်လည်း အမျိုးသမီးသည် မြသွဲ့ဖြူရှေ့မှဖယ်မသွားဘဲ ပေရပ်နေပြီလျှင် နှစ်ကိုယ်ကြား ကြားရရုံသာသာလေသံတိုးတိုးနှင့်ပြောလေသည်။ " နင် အနေအထိုင်ဆင်ခြင်သင့်တယ်..."