ဧကြည်ဖြူ
" မဟူရာညရဲ့သတို့သမီး "
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း ( ၁ )
***************************
( နိဒါန်း )
" ငါတို့မိသားစုတွေခံစားရတဲ့ စိတ်ဆင်းရဲသောကတွေထက် အဆပေါင်းများစွာသာတဲ့ စိတ်သောကတွေကို နင်တို့မိသားစုတွေခံစားရပါစေ ... နင့်တို့မိသားစုတွေတစ်ဘ၀လုံး လူမသိသူမသိ စိတ်သောကတွေနဲ့ ပူလောင်နေရပါစေ ...."
အမျိုးသမီးက ခြံ၀တွင် ရပ် လျက်မှ အိမ်ကြီးဆီသို့ ကြည့်ကာကျယ်လောင်စူးရှသောအသံဖြင့်နာကြည်းမုန်းတီးစွာ အော်ဟစ်ကျိန်ဆိုလိုက်တယ်။
" သူ့...သူ့ကို မောင်းထုတ်လိုက်လေအစ်ကို ... ဘာလို့ ရပ်ကြည့်နေတာလဲ ... သူ့ကိုကြည့်ပြီး ကျွန်မကြောက်လာပြီ...သူ့ကို မြန်မြန်မောင်းထုတ်လိုက်ပါတော့ "
အိမ်ကြီးထဲရှိအမျိုးသမီးမှာ ခြံဝမှ ကျိန်စာတိုက်နေတဲ့အမျိုးသမီးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေရင်းမှသူမအနီးမှာရပ်နေတဲ့အမျိုးသားကို အသံခပ်တုန်တုန်နဲ့ပြောလိုက်တယ်။အဲ့ဒီအခါ အမျိုးသားက ခြံဝက အမျိုးသမီးရှိရာဆီကို ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားလိုက်ပြီး မောင်းထုတ်ဖို့ ကြိုးစားလိုက်တယ်။
"မင်းအခုချက်ချင်းထွက်သွားစမ်း ...မသွားရင် ငါ့လူတွေနဲ့ ဆွဲထုတ်ရလိမ့်မယ် ...အခြေအမြစ်မရှိတဲ့ စကားတွေလာပြောမနေနဲ့ ....မင်းတို့မိသားစုကိစ္စက ငါတို့နဲ့မဆိုင်ဘူး...."
" မဆိုင်ဘူးဟုတ်လား ... လူယုတ်မာတွေဆီက ဒီလိုစကားပဲ ထွက်မယ်ဆိုတာ သိပြီးသားပဲ ... ဒီမှာကြည့်ထား "
"မင်း ... မင်းအဲ့ဒါ ဘာလုပ်တာလဲ ... မင်းရူးနေပြီလား "
အမျိုးသမီးက ပြောပြောဆိုဆိုနဲ့သူမရဲ လက်တစ်ဖက်ကို အိတ်ဆောင်ဓါးနဲ့ထိုးလိုက်ပြီး စီးကျလာတဲ့သွေးစက်တွေကို မြေပြင်ပေါ်ကို ကျစေလိုက်တယ်။ပြီးတော့ အံကို တစ်ချက်တင်းတင်းကြိတ်လိုက်ပြီး
"အမှန်တရားကို သိတဲ့ မဟာပထဝီမြေကြီးကိုတိုင်တည်ပြီး ငါ့ရဲ့သွေးနဲ့ သစ္စာဆိုခဲ့တယ် ... နင်တို့မိသားတွေ ဒုက္ခကြီးစွာရောက်ပါစေ .. နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲသောကတွေခံစားရပါစေ "
" ဘုတ် ... ဘုတ် ... ဘုတ် "
အမျိုးသမီးက သူမအနီးမှာရပ်နေတဲ့ ခြံရှင်သူဌေးနဲ့ အလုပ်သမားတွေကို စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်ပြီးနောက် အိမ်ကြီးပေါ်မှ မီသားစုတွေကိုပါ မီးဝင်းဝင်းတောက်လုမတက်မျက်လုံးတွေနဲ့ ကြည့်လိုက်ကာ မြေပြင်ကိုဖနောင့်သုံးချက်ပေါက်လိုက်တယ်။ပြီးတော့ ခြံရှေ့မှာရပ်ထားတဲ့ ကားအိုဟောင်းပေါ်ကိုတက်သွားခဲ့တယ်။
~~~~~~~~~~~~~~~~~~~~
ရှုခင်းသာမြို့။အမည်နဲ့လိုက်အောင် သိပ်ကိုသာယာတဲ့ မြို့လေးဆိုရင်မမှားဘူး။ ဘယ်အရပ်ကို ကြည့်ကြည့်နှစ်ရှည်သက်ရင့်သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အမြဲလိုလို အေးမြသာယာနေတဲ့မြို့လေး။မြို့ရဲ့ အရှေ့ထိပ်က လှမ်းကြည့်ရင် သိပ်ကိုခမ်းနားလှပတဲ့ တောင်တန်းကြီးတွေကိုတွေ့ရတယ်။တောင်တန်းကြီးတွေရဲ့ ဒီမှာဘက်ခြမ်းတစ်လျှောက် စီတန်းပြီးတည်ထားတဲ့ မြို့တွေထဲမှာ ရှုခင်းသာမြို့က နှစ်တိုင်းစံပြဆုရလောက်အောင် သန့်ရှင်းသပ်ရပ်တဲ့နေချင်စဖွယ်မြို့လေးပေါ့။ အိမ်ခြေပေါင်း ထောင်ချီရှိပြီး ဆင်းရဲချမ်းသာ လူတန်းစား ပေါင်းစုံနေထိုင်ကြတယ်။