ဧကြည်ဖြူ
"မဟူရာညရဲ့သတို့သမီး "
( အခန်းဆက် ဝတ္ထုရှည် )
****************************
"သွားလေ ...သွားလို့ ....ငါ့နားမလာနဲ့.... နင့်ကို ငါမကြောက်ဘူး ... နင့်ကို ဘယ်သူခိုင်းလိုက်တာလဲ ...စောကေသီဆိုတဲ့ မိန်းမလား ....သူ့ကို ပြောလိုက်စမ်း ငါ့ယောကျာ်းနဲ့ ငါ့ကလေးတွေကို ရန်ရှာရင် ငါကိုယ်တိုင် သူ့ကိုသတ်မှာလို့ ပြောလိုက် ကြားလား "
အခန်းထဲမှာတော့ မခင်ဖြူမှာ ဓါးမြှောင်တစ်ချောင်းကိုကိုင်ပြီး မျက်လုံးပြူးကြီးများဖြင့် နံရံကို စိုက်ကြည့်ကာ တတွတ်တွတ် ပြောဆိုနေတယ်။မခင်ဖြူကိုကြည့်ရတာ အသိကင်းမဲ့နေသူတစ်ယောက်လိုပါပင်။မြသွေးမှာ ဖြုန်းခနဲ အခန်းထဲကို မဝင်ရဲဘဲရှိနေတယ်။မခင်ဖြူရဲ့ ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ်လေးမို့ အင်အားချင်းယှဉ်ရင် မြသွေးဘက်ကသာနေပေမဲ့ မခင်ဖြူရဲ့လက်ထဲမှာရှိနေတဲ့ ဓါးမြှောင်သွားက မခင်ဖြူ လှုပ်ရှားလိုက်တိုင်းမှာ တလတ်လတ်နဲ့ တောက်ပနေတယ်။မြသွေးခြေလှမ်းတွေကို နောက်ကို ချက်ချင်း ပြန်ဆုတ်လိုက်မိတယ်။
" ဘာဖြစ်နေတာလဲ "
မြသွေး အခန်းဝမှာတုန်တုန်ယင်ယင်ရှိနေတုန်းမှာ နောက်ဘက်ကမေးသံကြားလို့ လှည့်ကြည့်လိုက်တော့ မခင်ဖြူရဲ့ခင်ပွန်းကိုမြတ်မင်း ဖြစ်နေခဲ့တယ်။
"ဘာဖြစ်တာလဲ မြသွေး"
"ဟို ...ဟို...မမခင်ဖြူ ..မမခင်ဖြူလေ "
မြသွေးရဲ့ အထစ်ထစ်အငေါ့ငေါ့အဖြေကို ကိုမြတ်မင်းစိတ်မရှည်နိုင်တော့ဘဲ ကိုယ်တိုင် အခန်းတံခါးကို ဝုန်းခနဲဆွဲဖွင့်ပြိ အခန်းထဲကို ၀င်လိုက်တယ်။
"ဟင် ...ဖြူ ...ဖြူ ဘာဖြစ်နေတာလဲ ...သတိထားလေ ... လက်ထဲက ဓါးကိုချလိုက် "
ကိုမြတ်မင်း အခန်းထဲကိုရောက်တဲ့အခါ ဇနီးဖြစ်သူရဲ့ ပုံစံကို ကြည့်ပြီး အထိတ်တလန့်နဲ့ တားမြစ်လိုက်တယ်။မခင်ဖြူက ယောကျာ်းဖြစ်သူကို တွေ့လိုက်ရတဲ့အခါသတိဝင်လာသလိုဖြစ်သွားပြီး ဟီးခနဲနေအောင် ချုံးပွဲချ ငိုလိုက်တယ်။
"အစ်ကိုကယ်ပါအုံး ...ခင်ဖြူကြောက်တယ် အစ်ကို ....စောကေသီက ခင်ဖြူတို့မိသားစုတွေကို ကျိန်စာတိုက်ခဲ့တာလေ ... အခု ခင်ဖြူသေရတော့မယ်ထင်တယ် အစ်ကို .....စောကေသီတို့ ဆီက ယူထားတာတွေရှိရင် ပြန်ပေးလိုက်ပါနော် ...ခင်ဖြူလေ လူဆင်းရဲလဲ နေနိုင်ပါတယ် "
မခင်ဖြူက ငိုသံကြီးနဲ့ ဗလုံးဗထွေး ပြောလိုက်တော့ ကိုမြတ်မင်းစိတ်တိုဒေါသထွက်သွားပြီး မိန်းမဖြစ်သူရဲ့ ပခုံးကို ခပ်ဆတ်ဆတ်လှုပ်ယမ်းလိုက်ပြီး
"ခင်ဖြူ မင်းသတိထားစမ်း ... ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ .... စောကေသီတို့မိသားစုဆီက အစ်ကိုတို့ ဘာမှမယူထားဘူး ... သူ့ယောကျာ်းနဲ့သူ့ယောက္ခမက လောင်းကစားလုပ်လို့ သူတို့စီးပွားပျက်တာ ...ခြံတွေကလဲ အဖေ့ဆီမှာ အပေါင်ထားခဲ့တာကြာနေပြီ ...အစ်ကိုတို့ သူတို့ဆီက ဘာတစ်ခုကိုမှ မတရားမယူခဲ့ပါဘူး "
ကိုမြတ်မင်းက ဇနီးဖြစ်သူကို ရှင်းပြပြောဆိုလိုက်တယ်။
" ခင်ဖြူတို့ ဒီအိမ်ကနေပြောင်းရအောင် အစ်ကို ...ဒီမှာမနေချင်ဘူး...ဒီခြံနဲ့ အိမ်ကြီးကို စောကေသီက ကျိန်စာတိုက်ထားတယ်လေအစ်ကို...ခင်ဖြူ့သမီးလေးနှစ်ယောက်ကို နှင်းဆီမြိုင်မှာ မကြီးပြင်းစေချင်ဘူး ... အိမ်ပြောင်းရအောင်နော် အစ်ကို "
"အင်း ... အင်းပါကွာ ...မင်းမနေချင်ရင် ငါတို့အိမ်ပြောင်းကြမယ် ...ဒါပေမဲ့ အိမ်းပြောင်ပြီး နေဖို့အတွက် မင်းကျန်းမာအားရှိနေမှ ဖြစ်မှာလေ ....အစားကိုပုံမှန်စား ... ဆေးအချိန်မှန်သောက်ပြီး အချိန်မှန်အိပ်ရမယ်လေ ...အဲ့ဒါမှ မင်းလဲ အားရှိလာပြီး အိမ်ပြောင်းလို့ရမှာပေါ့ကွာ "
ကိုမြတ်မင်းက ချော့မော့ပြောလိုက်တော့ မခင်ဖြူက စိတ်တည်ငြိမ်စပြုလာပြီး ကိုမြတ်မင်းရဲ့ ပြောစကားတွေကို ခေါင်းငြိမ့်ပြလိုက်တယ်။
" မြသွေး ဆေးဘယ်မှာလဲ ... မင်းအစ်မကို ဆေးတိုက်ဖို့ပေးလေ "
ကိုမြတ်မင်းရဲ့ ခေါ်သံကိုကြားမှ မြသွေးလည်း တုန်တုန်လှုပ်လှုပ်နဲ့ အခန်းထဲကို ၀င်လိုက်ပြီး ဆေးတွေကို ထုတ်ပေးလိုက်တယ်။
မခင်ဖြူကိုဆေးတိုက်ပြီးတော့ ကိုမြတ်မင်းက အပြင်ကိုထွက်မသွားသေးဘဲ မခင်ဖြူရဲ့ဘေးမှာထိုင်ပြီးတော့ မခင်ဖြူရဲ့ခေါင်းကို လက်နဲ့ခပ်ဖွဖွပွတ်ပေးနေလေတယ်။
မြသွေးကတော့ အခန်းထဲမှာနေရမှာကိုလဲ အနေခက်ရသလို ခပ်ဝေးဝေးကို သွားရင်လဲ ခေါ်ပြုရင် မကြားမှာစိုးတာကြောင့် အခန်းပေါက်ဝနားမှာပဲ ရပ်နေလိုက်ရတယ်။အခန်းထဲမှာ အတူရှိနေဖို့ဆိုတာက အလုပ်ရှင်နဲ့ အလုပ်သမားမို့ သူဋ္ဌေးအတွက် စိတ်ကသိကအောက် မဖြစ်နိုင်ပေမဲ့ မြသွေးကတော့မနေဝံ့မနေတတ်ပါ။ကိုမြတ်မင်းက အလုပ်ရှင်ဆိုပေမဲ့ အသက်ကလဲ မြသွေးထက်ကြီးလှမှ သုံးလေးနှစ်ပေါ့။အသက်ကလဲသုံးဆယ် မပြည့်သေးတဲ့အပြင် လူချောလူခန့် တစ်ယောက်မဟုတ်လား။လူနာတွေကလွဲပြီး သူစိမ်းယောကျာ်းတွေနဲ့ နီးနီးကပ်ကပ်မနေဖူးတဲ့ မြသွေးမှာ ကိုမြတ်မင်းနဲ့ဒီလိုမကြာခဏကြုံနေရတော့ အနေခက်နေခဲ့မိတယ်။
"မြသွေးလာအုံး "
"ရှင် ..ဟုတ် ... ဟုတ်ကဲ့ "
အခန်းထဲက ထွက်လာတဲ့ ကိုမြတ်မင်းက မြသွေးရဲ့လက်ကိုဆွဲယူခေါ်ငင်လိုက်တာမို့ မြသွေးမှာ ကြက်သီးတွေတဖြန်းဖြန်းထပြီး စိတ်တွေလှုပ်ရှားသွားခဲ့ရတယ်။
" မြသွေး ... အစ်ကို ပြောတာကိုသေချာနားထောင် ... ကလေးတွေကို မင်းအစ်မနဲ့ နှစ်ယောက်တည်း ပစ်မထားနဲ့နော် ...တကယ်လို့ ဖြူက ကလေးတွေကို တွေ့ချင်တယ်ပြောရင် မင်းကဘေးမှာထိုင်စောင့်နေပေးပါ ကြားလား "
"ဟုတ်..ဟုတ်ကဲ့ အစ်ကိုလေး "
ကိုမြတ်မင်းက အနားကပ်ပြီး ခပ်တိုးတိုးမှာနေတာကို မြသွေးက ကတုန်ကယင်နဲ့နားထောင်နေမိတယ်။နှစ်ယောက်သားနီးကပ်လွန်းလို့ တစ်ယောက် အသက်ရှူသံကိုပင် တစ်ယောက်ကြားနေရသလို မြသွေးထင်နေမိတယ်။
ထိုမြင်ကွင်းကို အဝေးတစ်နေရာကနေ လှမ်းမြင်နေရတဲ့ ဒေါ်နွဲ့သီကတော့ အံကိုတင်းတင်းကြိတ်ထားလိုက်တယ်။
~~~~~~~~~~~~~~~~~~~~
"ကဲ ... ဒီနေ့က ဘယ်ကိုလိုက်ပို့ရမှာလဲ မြသွေးရဲ့ "
ကိုအေးမောင်ရဲ့စကားကို ကြားတော့မှ မြသွေး သတိဝင်လာမိပြီး ခပ်မြန်မြန်ပြန်ဖြေလိုက်ရတယ်။
"ဒီနေ့ ထင်းရှူးမြိုင်ဘက်က ဆေးဆရာကြီးရဲ့အိမ်ကို သွားမှာ ကိုအေးမောင် "
"အေးပါ ....မင်းလဲ ... ပြောတော့ သာ သူနာပြုဆိုပြီး ... အောက်ခြေသိမ်းအလုပ်တွေပါ လုပ်နေရပါလား မြသွေးရယ် "
ကိုအေးမောင်က မြသွေးကိုကြည့်ပြီး စိတ်မကောင်းဟန်နဲ့ ပြောတယ်။ပြောမယ့်သာပြောနေရတာ ကိုအေးမောင်ကိုယ်တိုင်ကလဲ နှင်းဆီမြိုင်စံအိမ်ကြီးက ခြံစောင့်အလုပ်သမား သာသာမဟုတ်လား။အသက်သုံးဆက်ဝန်းကျင်ပဲရှိသေးတဲ့ ကိုအေးမောက မြသွေးကိုစမြင်ဖူးကတည်းက ကြိတ်ပြီးသဘောကျနေခဲ့တာ။ အသားအရည်ဝါညက်ညက် ၊မျက်နှာဝိုင်းလေးနဲ့ မြသွေးက မြင်သူတိုင်းငေးကြည့်ရလောက်အောင် ချောမောလှပသူမဟုတ်ပေမဲ့ ချစ်ခင်စရာမျက်နှာပေါက်လေးလည်းရှိသလို ကြည့်လေလေ ကြည့်ကောင်းလာတဲ့ အကြည့်ခံတဲ့ အလှလေးလည်းရှိတယ်။ပြီးတော့ မြသွေးမှာ အလုပ်ကိစ္စရှိလို့ သွားစရာရှိရင်လဲ ကိုအေးမောင်ကပဲ အလုပ်သမားတွေ ဈေးဝယ်ထွက်ရင် စီးဖို့သက်သက်ထားတဲ့ ကားဟောင်းလေးနဲ့ပဲ အမြဲလိုက်ပို့ နေရတာလေ။
ကြာတော့လည်း အိုးချင်းထားအိုးချင်ထိဆိုသလို အသားညို့စိမ့်စိမ့်နဲ့ လူညိုချော ကိုအေးမောင်ကို မြသွေးစိတ်ဝင်စားမိသလိုလို ဖြစ်လာခဲ့မိတယ်။ ကိုအေးမောင်ကဂရုစိုက်ပေးတာတွေကို စိတ်ထဲက ကျေနပ်သာယာခဲ့မိတယ်။ ဒါပေမဲ့ ကိုအေးမောင်ကို အဖြေပေးဖို့ကိုတော့ မြသွေးဘက်က တွန့်ဆုတ်နေခဲ့မိတယ်။ ကိုအေးမောင်က လူရိုးလူအေးမို့ မြသွေးဘက်က ခေါင်းငြိမ့်လိုက်ဖို့ စဉ်းစားလိုက်မိတိုင်း ဘာမဆိုင်ညာမဆိုင် သူဋ္ဌေးလေးကိုမြတ်မင်းရဲ့အကြောင်းက မြသွေးအတွေးထဲကို ရောက်ရောက်လာတယ်။ငယ်တုန်းရွယ်တုန်း သန်မာတုန်း အရွယ်မှာ ရောဂါသည်မိန်းမနဲ့ နေနေရတဲ့ သူဋ္ဌေးလေးမြတ်မင်းကို မြသွေးရဲ့ မသိစိတ်ကသနားနေခဲ့မိတာ။ သူ့ခမျာ အလုပ်ကပြန်လာရင် ချစ်ဇနီးနဲ့ ကြည်နူးပျော်ရွှင်ခွင့်မရရှာဘဲ တစ်နေ့တစ်မျိုးမရိုးရအောင် အကြောင်းအမျိုးမျိုးနဲ့ နေမကောင်းဖြစ်နေတဲ့ ဇနီးကို ချော့ရ ၊ နှစ်သိမ့်ရနဲ့ မြင်နေရတဲ့ မြသွေးမှာ စိတ်ထဲကြိတ်ပြီး သနားနေမိတယ်။
~~~~~~~~~~~~~~~~~~~~
"ဟင် ...မမ..မမဖြူ ... ဘာလုပ်တာလဲ ... မလုပ်နဲ့လေ ..မလုပ်ပါနဲ့ ... သူ..သူက မမဖြူရဲ့ သမီးလေ ..."
" ဟုတ်တယ် ... ငါ့သမီးမို့ ငါဆုံးမတာ ဘာဖြစ်လဲ ..နင်နဲ့ ဘာဆိုင်လဲ ....နင်က ငါ့သမီးကို ငါနဲ့ ခွဲထားချင်လို့လား ..."
ခဏဆိုမှ ခဏလေးပါ ။မြသွေး ရေအိမ်သွားပြီးပြန်လာတော့ နှင်းဆီဖြူလေးက အခန်းထဲကို ရောက်နေခဲ့တာ။နှင်းဆီဖြူလေးက မိခင်ကို ချစ်ခင်တွယ်တာတတ်သူပီပီ လူလစ်တာနဲ့ သူ့အမေဆီကို ရောက်ရောက်လာတတ်တယ်။အဲ့ဒါကြောင့် မြသွေးမှာ ဆေးဝယ်ထွက် ၊ဆေးခန်းသွားတဲ့ရက်တွေဆိုရင် အိမ်အကူတွေကို မခင်ဖြူ ရဲ့ အခန်းမှာပဲနေဖို့ အမြဲမှာရတယ်။ ဒီလိုအမှာကောင်းလို့လဲ မြသွေးမှာ ဒေါ်နွဲ့သီရဲ့ မျက်မုန်းကျိုးတာကိုလဲ ခံရတာလဲ အကြိမ်ပေါင်းမနည်းလှဘူး။ဒေါ်နွဲ့သီက သူဌေးကတော်ကြီးပီပီ မခင်ဖြူရဲ့ ဖြစ်ကြောင်း ကုန်စင်ကို အလုံးစုံသိတာမဟုတ်ဘူး။မခင်ဖြူ အခန်းထဲကိုလဲ တစ်နေတစ်ခေါက်တောင်လာတာ မဟုတ်ဘူး။ ကိုမြတ်မင်းကလဲ မခင်ဖြူရဲ့ ဝေဒနာတွေကို အိမ်သားတွေအားလုံးကို ပေးမသိဘူးလေ။မြသွေးမှာ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှပြောဘဲ တစ်ယောက်တည်း ပူပန်နေရတာ။ မခင်ဖြူက မိဘတွေလဲ မရှိတော့ဘဲ တစ်ဦးတည်းသော သမီးမို့ သူ့ခမျာ စောင့်ရှောက်ပေးမယ့် သွေးရင်းသားရင်းကလဲ မရှိဘူးလေ။ဒါကြောင့်မို့လဲ မြသွေးမှာ သနားစိတ်နဲ့ သည်းခံပြီး
နေခဲ့တာ။အမှန်တိုင်းပြောရရင် မခင်ဖြူကို သနားတာထက် သူဋ္ဌေးလေးကိုမြတ်မင်းက အကူအညီတောင်းတာကို မလွန်ဆန်နိုင်တာကိုတော့ မြသွေး၀န်ခံပါတယ်။
"မ ... မဟုတ်ပါဘူး ..မမဖြူ ... တော်ပါတော့နော်...ကလေးကိုမရိုက်ပါနဲ့တော့ .."
မြသွေးအလန့်တကြားတားမြစ်လိုက်ရင်းကနေ မခင်ဖြူရဲ့ရှေ့မှာ မျက်ရည်အရွှဲသားနဲ့ လက်ကလေးပိုက်ပြီးထိုင်နေတဲ့ နှစ်နှစ်ကျော်အရွယ် နှင်းဆီဖြူလေးကို ဆွဲပွေ့ယူလိုက်ရတယ်။မခင်ဖြူ့ကတော့ ပေတံကိုကိုင်ပြီး နှင်းဆီဖြူရဲ့ သေးသေးကွေးကွေး ခန္ဓာကိုယ်လေးကိုရိုက်ဖို့ ဟန်ပြင်နေပြန်တယ်။မြသွေးမှာ နှင်းဆီဖြူလေးကို ပွေ့ထားလိုက်ပြီး
"သူက မမဖြူရဲ့ ကလေးလေ ... ဒီမှာကြည့်ပါအုံး ... ကလေးတစ်ကိုယ်လုံး ပေတံနဲ့ အရိုက်ခံရလို့နီရဲနေပြီး ...မမဖြူရဲ့ သမီးလေးကို မသနားဘူးလား ကြည့်ပါအုံး "
မြသွေးပြောလိုက်တော့ မခင်ဖြူက ဟီးခနဲ ငိုချလိုက်တယ်။
"သိတယ် ....ငါသိတယ် မြသွေးရဲ့ ....နင်က ငါ့ကို ရူးနေတယ်လို့ ထင်နေတာ မဟုတ်လား ...ငါမရူးဘူး သိရဲ့လားမြသွေးရဲ့ ...ငါလေ ငါ့သမီးလေးနှစ်ယောက်ကို ခေါ်ပြီး ဒီအိမ်ကြီးထဲက ထွက်သွားချင်နေပြီ ... ငါ ညတိုင်းအိပ်လို့မပျော်ဘူး ...စောကေသီတို့ မိသားစုကိုပဲ မျက်လုံးထဲမှာ မြင်ယောင်နေမိတယ်...ငါ့ယောကျာ်းနဲ့ငါ့ယောက္ခမတွေက ... သူ့တို့မိသားစုအပေါ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ သေချာမသိပေမဲ့ ..ဖြစ်ခဲ့တာတွေက မူမမှန်ဘူး မြသွေးရဲ့ .. ကျန်းကျန်းမာမာရှိနေတဲ့ လူနှစ်ယောက် က တစ်ရက်တည်းသေဆုံးသွားကြတာ...ဒါတွေကို နင်ကဘယ်လိုသိမှာလဲ ....ငါ့ကလေးနှစ်ယောက်ကို ငါ့ယောက္ခမတွေလို လောဘကြီးတဲ့သူတွေဖြစ်သွားမှာ ငါအကြောက်ဆုံးပဲ "
မခင်ဖြူပြောနေတာတွေကို မြသွေး ဘာမှနားမလည်ပေမဲ့ စကားအတည်အခန့်တွေ ပြောနေတဲ့ မခင်ဖြူကိုကြည့်ပြီး မြသွေးအံ့ဩနေခဲ့မိတယ်။
မခင်ဖြူဟာ ဒီလိုပဲ ဘာရောဂါရယ်လို့ အမည်တပ်လို့မရဘဲ တစ်နေ့တစ်မျိုး မရိုးအောင် ပြုမူပြောဆိုနေတတ်ပေမဲ့ ဒီနေလိုမျိုး လေးနက်နေတာမျိုးကိုတော့ မြသွေး ပထမဆုံးအကြိမ်ကြုံဖူးခြင်းပါပင်။
"ဟုတ် .ဟုတ်ကဲ့ ...မမဖြူ...မမဖြူတို့ရဲ့ မိသားစုအရေးကိုတော့ မြသွေး မသိပါဘူး ...ဒါပေမဲ့ ဒီအရွယ်လေးကို ပြောပြနေလဲ သူက ဘယ်သိပါ့မလဲ မမဖြူ ..တကယ်လို့မမဖြူ ဒီအိမ်ကြီးမှာ မနေချင်ရင် အစ်ကိုမြတ်မင်းနဲ့ ပြောသင့်တယ် "
မြသွေးက မဝံ့မရဲနဲ့ပြောလိုက်တော့ မခင်ဖြူက မြသွေးကို မျက်ထောင်နီနဲ့ ကြည့်လိုက်ပြီး
"ဘာ အစ်ကိုမြတ်မင်း ဟုတ်လား ... နင်က ငါ့ယောကျာ်း နာမည်ကို ခေါ်စရာလားဟဲ့ ... ပြောစမ်း နင်တို့နှစ်ယောက်ရိုးရော ရိုးရဲ့လားဟင် ...ငါအိပ်နေတယ်ထင်ပြီး နင်တို့နှစ်ယောက် အခန်းဝမှာ ပူးပူးကပ်ကပ်နဲ့ ရှိနေကြတာကို ငါသိတယ်နော် "
" အို ...မဟုတ်တာ ... ကလေးရှေ့မှာ မဟုတ်တာတွေ မပြောပါနဲ့ မမဖြူ...မြသွေးတို့က မမဖြူရဲ့ ကျန်းမာရေးကိစ္စကလွဲပြီး ဘာမှမပြောပါဘူးရှင် "
"တော်စမ်း ....ငါ့ကို လာလိမ်မနေနဲ့ နင့်ကိုလဲ မယုံတော့ဘူး....သွား ... ငါ့အခန်းထဲကထွက်သွား..."
ခပ်စောစောကနဲ့မတူဘဲ မူပြောင်းသွားတဲ့ မခင်ဖြူကို ကြည့်ပြီး မြသွေးမှာ အံ့ဩ ထိတ်လန့်သွားမိသလို နှင်းဆီဖြူ လေးမှာလဲ လန့်ပြီး ထငိုပါတော့တယ်။
" ဟဲ့ ...ဟဲ့ ....အဲဒါ ဘာဖြစ်နေကြတာလဲ ....ကလေးကလဲငိုလို့ ...မြသွေး ဘာတွေဖြစ်နေတာလဲ ပြောစမ်းပါအုံး .... ပေးစမ်းငါ့မြေး "
ဒေါ်နွဲ့သီတစ်ယောက်အခန်းထဲကိုရောက်လာပြီး အော်ဟစ်သောင်းကျန်းလိုက်တော့မှ မခင်ဖြူလည်း ငြိမ်ကျသွားပြီး ခုတင်ပေါ်မှာ သွားထိုင်နေတယ်။မခင်ဖြူကို ကြည့်ရတာ ယောက္ခမကြီး ဒေါ်နွဲ့သီကိုတော့ ကြောက်ပုံရရှာတယ်။
"ဟဲ့ မြသွေး ...နင့်ကို ငါ့ချွေးမကို ပြုစုဖို့ ခေါ်ထားတာနော် ....နင်က ဘာမို့လို့ ငါ့ချွေးမကို ပြန်ခံပြောနေရတာလဲ ပြောစမ်း ...နင် သတိထားနေနော် မိမြသွေး ... နွဲ့သီကို ဘာထင်နေလဲ ... ဟင်း ..ဟင်း"
ဒေါ်နွဲ့သီက မြသွေးကို ကြိမ်းမောင်းပြီး အံကိုကြိတ်လိုက်တယ်။ပြီးတော့ မြေးဖြစ်သူနှင်းဆီဖြူလေးကို ခေါ်ပြီး ပြန်ထွက်သွားခဲ့တယ်။
~~~~~~~~~~~~~~~~~~~
"ဘယ်..ဘယ်လို မြသွေး ...ဖြူက တကယ်ပဲ အဲ့ဒီလိုတွေပြောခဲ့တာလား ..."
ကိုမြတ်မင်းက မြသွေးရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီးမေးလိုက်တယ်။မြသွေးက ခေါင်းကို အသာငြိမ့်ပြလိုက်တယ်။
"ဒုက္ခပါပဲ မြသွေးရယ် ... ဖြူကဒီလိုတွေထင်ရာ လျှောက်ပြောနေရင် အစ်ကိုတို့တော့ ဒုက္ခရောက်နိုင်တယ် ..."
ယောကျာ်းကြီးတန်မဲ့ မျက်ရည်တွေဝဲပြီးပြောနေတဲ့ ကို မြတ်မင်းကိုကြည့်ပြီး မြသွေးမှာ တကယ်ပင်သနားသွားမိတယ်။
"ဖြူ ဒီလိုတွေပြောတာကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော် မြသွေး ... အစ်ကိုတောင်းဆိုပါတယ်..."
"ဟုတ် ... ဟုတ်ကဲ့ပါ အစ်ကိုမြတ်မင်း ... ဟို ... ဟိုလေ ... မြသွေးတစ်ခုလောက်ပြောချင်ပါတယ် ...မမဖြူကို စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြကြည့်ပါလားရှင် "
ကိုမြတ်မင်းတောင်းဆိုတာကို မြသွေးကလက်ခံလိုက်ပြီး မဝံ့မရဲနဲ့တောင်းဆိုမှုတစ်ခုပြောလိုက်တယ်။မြသွေးက မခင်ဖြူ ရဲ့ အခြေအနေကို နေ့စဉ်နေ့တိုင်းကိုမြတ်မင်းကို ပြောပြပေးရတာမို့ မြသွေးတို့နှစ်ယောက်သား မသိမသာနဲ့ ရင်းနှီးမှုတွေ ပိုလာတာတော့ အမှန်ပါပင်။
"အစ်ကိုလဲ အဲ့ဒီလိုပဲ စဉ်းစားမိပါတယ်...ဒါပေမဲ့ အဖေနဲ့အမေက လက်မခံဘူးလေ ... မြသွေးကပဲ ဖြူနဲ့ ကလေးတွေကို ဂရုစိုက်ပေးပါနော် အစ်ကိုတောင်းဆိုပါတယ် "
ကိုမြတ်မင်းက မြသွေးရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး မြသွေးရဲ့ မျက်နှာလေးကို သေချာစိုက်ကြည့်ပြီး ပြောလိုက်တယ်။ကိုမြတ်မင်းရဲ့ အပြုအမူကြောင့် မြသွေးမှာ ရင်တွေတဒိန်းဒိန်း ဆောင့်ခုန်သွားပြီး ခေါင်းကို မသိမသာငုံ့ထားလိုက်မိတယ်။ကိုမြတ်မင်းက မြသွေးကို ဆုပ်ကိုင်ထားတဲ့လက်တွေကို မလွှတ်ပေးဘဲရှိနေတယ်။ထိုအချိန်မှာပဲ မြသွေးတို့နားကို လူတစ်ယောက် ရောက်လာပြီး
" ဒါ ဘာလုပ်နေကြတာလဲ ပြောစမ်း "
@@@@@@@@@@@@@@@@@@@
အပိုင်း ( ၉ ) ဆက်ရန်
ဧကြည်ဖြူ
၁၇.၁၀ .၂၀၂၂
တနင်္လာ