book

Index 7

အပိုင်း (၇)

ဧကြည်ဖြူ 


"မဟူရာညရဲ့သတို့သမီး "

( အခန်းဆက်ဝတ္ထုရှည် )


**********************************

  " မင်းကို ကျေးဇူးတင်ပါတယ် မောင်သတိုး ... သမီးလေးက အလိုလိုက်ထားလို့ နည်းနည်းဆိုးချင်တယ် ..." 


      သတိုးက အကျိုးအကြောင်းစုံကိုရှင်းပြလိုက်တော့ ဦးမြတ်မင်းက ကျေးဇူးတင်စကားပြောလိုက်တယ်။ဦးမြတ်မင်းပြောစကားကို နားထောင်ပြီး သတိုးကပြုံးရုံသာ ပြုံးနေလိုက်တယ်။ 


"မှန်တာပြောရရင် ... ဒီမှာက သမီးငယ်ကို ဘယ်သူမှမနိုင်ကြဘူးလေ..သူက ငယ်ငယ်လေးကတည်း ... အတိုက်အခိုက်ပညာတွေလဲအကုန်သင်ထားတယ် ... တော်ရုံလဲ ဘာကိုမှမကြောက်တတ်ဘူး မောင်သတိုးရေ... ဖြစ်နိုင်ရင် မောင်သတိုး ဒီမှာရှိနေတုန်း အန်ကယ့်သမီးလေးကို  စောင့်ရှောက်ပေးပါကွာ ...ခုလဲ သမီးလေးရဲ့ အသက်ကိုကယ်ခဲ့တာဆိုတော့ မောင်ရင်ပြောတဲ့ အလုပ်ကိစ္စတွေကို အန်ကယ် သေချာစဉ်းစားပေးပါ့မယ် " 


" ဟာ .... မဟုတ်တာ အန်ကယ် ... အလုပ်ကိစ္စက သက်သက်ပါ ... ခုကိစ္စကလဲ ကြုံကြိုက်သွားလို့ပါ ....ဒီကိစ္စကြောင့်နဲ့ ကျွန်တော့်အလုပ်ကိစ္စကို လက်ခံလိုက်တာကိုတော့ ကျွန်တော်သဘောမတူပါဘူးခင်ဗျာ " 


        သတိုးကပြောလိုက်တော့ ဦးမြတ်မင်းက သတိုးရဲ့မျက်နှာကို ကြည့်ပြီး ကျေကျေနပ်နပ်ကြီးပြုံးလိုက်တယ်။ 


"ကဲပါ .. ဟုတ်ပါပြီ မောင် သတိုး ... မောင်သတိုး တင်ပြတဲ့ အဆောက်အဦးဆောက်ဖို့ကိစ္စကို အန်ကယ်လဲ စိတ်တော့ကူးနေတယ်... ခရီးသွားလုပ်ငန်းတွေလဲ ဖွံ့ဖြိုးလာပြီဆိုတော့ ရှေ့လျှောက် ရှုခင်းသာကို ဧည့်သည်တွေ မျက်စိကျနိုင်တယ် ... အန်ကယ်တို့ဘက်ကလဲ သူတို့စိတ်၀င်စားလာအောင် ဆွဲဆောင်ရမှာပေါ့ " 


  ~~~~~~~~~~~~~~~~~~~~~~

        အခန်းထဲကို ၀င်လာတဲ့ အစ်မဖြစ်သူနှင်းဆီဖြူကို ကြည့်ပြီး စန္ဒကူးမျက်နှာကို သုန်မှုန်ထားလိုက်တယ်။ 


" နေလို့ကောင်းရဲ့လား ညီမလေး ... ဖေဖေက အစ်ကိုကျော်စွာကိုခေါ်ခိုင်းထားတယ် " 


"ရတယ် .. ဘာမှမဖြစ်ဘူး ... ဘယ်သူ့ကိုမှမခေါ်နဲ့ တရေးလောက် အိပ်လိုက်ကောင်းသွားမှာ ...လာမနှောက်ယှက်ကြနဲ့ ထွက်သွားကြ " 


        စန္ဒကူးက အသံခပ်မာမာ ပြောလိုက်တယ်။ 


          နှင်းဆီဖြူက ညီမဖြစ်သူကိုကြည့်ပြီးမျက်နှာကို မပျက်အောင်ထိန်းလိုက်ပြီး 


" ဒါဆိုလဲ မမသွားတော့မယ် ...ဆံပင်တွေကို ခြောက်အောင်သုတ်နော် ညီမလေး " 


~~~~~~~~~~~~~~~~~~~~~~ 


"အဘွားရယ် ...သမီးဘက်က ဒီလောက်လိုက်လုပ်ပေးနေတာတောင် ညီမလေးက သမီးကိုဘယ်တော့မှ စကားအကောင်းမပြောဘူး " 


     နှင်းဆီဖြူက ဘွားအေးဖြစ်သူရဲ့ရှေ့မှာရင့်ဖွင့်ပြောလိုက်ပြီး ငိုလိုက်တယ် ။ 


"အဲ့ဒါကြောင့် အဘွားပြောတာပေါ့ ...အဲ့ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးဆိုးသွေး ညစ်တွေပဲ ရှိနေတာပါဆို ... သမီး ဘယ်လောက်အလျှော့ပေးပေး ..အကောင်းထင်မှာ မဟုတ်ဘူး ... ပုန်းညက်လေးကိုလဲ လူလစ်ရင် လစ်သလို အနိုင်ကျင့်တာသိရဲ့လား ...အဘွား အမြဲစောင့်ကြည့်နေလို့ပေါ့ ... အဘွားစိတ်သဘောအရဆိုရင် သူတို့သားအမိကို တစ်အိမ်သက်သက် ခွဲထားချင်တာ " 


      ဘွားအေဖြစ်သူရဲ့ စကားကြောင့် နှင်းဆီဖြူက အလန့်တကြားနဲ့ တားမြစ်လိုက်ရတယ်။ 


" မဟုတ်တာ အဘွားရယ်... တိုးတိုး ပြောပါ ...ဖေဖေကြားသွားမှဖြင့် ...ပြီးတော့ မေမြကလဲ သမီးတို့ အပေါ် ဘယ်လောက်ကောင်းလိုက်လဲ " 


"အမယ်လေး ...အဲဒါ ဟန်ဆောင်နေတာလေ မိနှင်းဆီရဲ့ ဒါတောင်မသိဘူးလား  ... နှုတ်ချိုသလောက် အတွင်းစိတ်မှာ ကြိတ်ကြံနေတာ သမီးသိလား .. အချိန်တန်တော့ မိထွေးက မိထွေးလိုပဲ ကြံမှာ... ပုန်းညက်လေး ခုလိုဖြစ်တာ ဘယ်သူ့ကြောင့်လို့ သမီးထင်လဲ ပြောပါအုံး ...အဘွားစိတ်ထင်ကတော့ သူတို့သားအမိနှစ်ယောက်ထဲက တစ်ယောက်ဆိုတာ သေချာတယ် ... ဒါမှမဟုတ် သားအမိနှစ်ယောက်ပေါင်းပြီး လုပ်ကြံတာလဲ ဖြစ်နိုင်တယ် ... " 


" တော်ပါတော့ အဘွားရယ် ..မဖြစ်နိုင်တာတွေ..အဲ့ဒီတုန်းက ကူးကူးလေးက အသက်ရှစ်နှစ်လောက်ပဲရှိသေးတာလေ ...ပြီးတော့ ကူးကူးလေးက သမီးတို့ရဲ့ ညီမအရင်းပါ ....ဖေဖေ့မှာ အနံ့ပြင်းတာတွေကို မခံနိုင်တဲ့ရောဂါရှိတာ အဘွားသိတယ်မဟုတ်လား  ...အဲ့ဒါကြောင့် ပန်းကြိုက်တဲ့ မေမေကတောင် အနံ့ပြင်းတဲ့ ပန်းတွေကိုမစိုက်ဘဲ နှင်းဆီတွေချည်းပဲစိုက်ခဲ့တာဆို ...ကူးကူးလဲဖေဖေ့လိုပဲအဘွားရဲ့ စံပယ်ပန်းနံ့တွေရရင်တောင် သူမူးတတ်တယ်လေ အဘွား "


       နှင်းဆီဖြူက ဘွားအေကြီးဆီက သူမတို့ငယ်ဘဝအကြောင်း ဓါတ်ပြားဟောင်းကြီး ထွက်မလာခင်မှာ စိတ်ရှည်လက်ရှည်နဲ့ရှင်းပြလိုက်တယ်။ 


" သမီးနဲ့အေ အလိုက်တာလွန်ရော ....အနံ့ပြင်းတာတွေကို တော်ရုံလူ ဘယ်သူမှ မခံနိုင်ဘူးသိရဲ့လား ..ဒီအချက်တွေတူတိုင်းသာ သွေးသားအရင်းဆိုရင်  ညည်းတို့ အဖေမှာ သားသမီးတွေ နည်းမှာမဟုတ်ဘူး ..." 


"ဟုတ်ပါပြီ အဘွားရယ် ...ဘာပဲဖြစ်ဖြစ် မေမြနဲ့ ကူးကူး ရှေ့မှာတော့ ဒီလိုတွေ မပြောပါနဲ့နော် .. သမီးလဲ တည်းခိုးခန်းဘက်ကို သွားစစ်ဆေးလိုက်အုံးမယ်နော် " 


       နှင်းဆီဖြူက ဘွားအေဖြစ်သူကို စကားဖြတ်ပြီး အခန်းပြင်ကို ခပ်မြန်မြန်ထွက်ခဲ့လိုက်တယ်။မဟုတ်ရင် အဘွားဖြစ်သူ့က သူ့ပြောနေကျ စကားဟောင်းတွေကို မပြီးနိုင်မစီးနိုင်ပြောတော့မှာလေ။နှင်းဆီဖြူတို့ရဲ့ မိခင်ကြီးဆုံးသွားတုန်းက နှင်းဆီဖြူတို့ညီအစ်မက သုံးနှစ်တောင်မပြည့်သေးဘူးတဲ့ ။ အဲ့ဒီအရွယ်နဲ့ ဘာကို မှတ်မိနိုင်မှာလဲ။ သိတတ်တဲ့ရွယ်မှာ မေမြကရှိနေပြီလေ။အဘွားပြောပုံအရဆိုရင် မေမြက နှင်းဆီဖြူတို့ အမေရင်း မဆုံးခင်ကတည်းက နှင်းဆီမြိုင်မှာရှိနေခဲတာ။အမေမကျန်းမာလို မေမြကို သူနာပြုအဖြစ်ငှါးခဲ့တယ်ဆိုလား။ မေမြရောက်ပြီး ခြောက်လလောက် အကြာမှာပဲ အမေဆုံးခဲ့တာ။အမေဆုံးပြီး သိပ်မကြာခင်မှာပဲ  ဖေဖေ နဲ့မေမြတို့ လက်ထပ်လိုက်ကြတာတဲ့။ နှင်းဆီဖြူကတော့ ဒီအကြောင်းတွေကို ဘယ်မှတ်မိ

ပါ့မလဲ။ တစ်နေ့တစ်နေ့ အဘွားဆီက ဒီစကားတွေကိုပဲ ထပ်ခါထပ်ခါမရိုးနိုင်အောင် ကြားခဲ့ရလိုသာ သိနေခဲ့ရတာ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူနဲ့ မေမြဆီကတော့ ဘာပြောသံမှ မကြားခဲ့ရဘူး။မေမြကလဲ နှင်းဆိဖြူတို့ညီအစ်မကို လိုလေသေ့မရှိအောင် ဂရုစိုက်ပေးခဲ့တယ်လေ။သမီးရင်းဖြစ်တဲ့ စန္ဒကူးထက်နှင်းဆီးဖြူတို့ညီအစ်မကို ပိုပြီးဂရုစိုက်ခဲ့တာကို နှင်းဆီဖြူမှတ်မိနေတယ်။ စန္ဒကူးဆိုးတာကို နှင်းဆီဖြူခွင့်လွှတ်နိုင်တယ်ဆိုတာလဲ  အဲ့ဒါတွေကြောင့်ပဲ။ ကူးကူးလေး ငယ်ငယ်တုန်းက မေမြက စည်းကမ်းတာအားတင်းကျပ်ခဲ့တာလေ။ ပုန်းညက်မတော်တဆ ဖြစ်တဲ့နေ့ကဆိုရင် အိမ်မှာ ဖခင်ကြီးကလဲ ခရီးသွားနေခဲ့တာ။ညဘက်ကြီး အိမ်သားတွေအားလုံး အိပ်ရာဝင်ချိန်မှာ အော်သံကြီးကြားလို့ ထွက်ကြည့် ကြတော့မှ ပုန်းညက်ကို အောက်ထပ် လှေကားခြေရင်းမှာ ပြုတ်ကျနေတိုတွေ့ရတာပဲ ။ သူ့ဘာသာပြုတ်ကျတာလား ၊ တစ်ယောက်ယောက်တွန်းချတာလားဆိုတာကိုတော့ ဘယ်သူမှ သေချာ မသိခဲ့ကြဘူး။ လှေကားက ပြုတ်ကျတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ လကြာတဲ့အထိ ကုသပြီး ပျောက်ကင်းခဲ့ပေမဲ့ ပုန်းညက်လေးခမျာ အဲ့ဒီအချိန်ကတည်းကစပြီး စကားမပြောနိုင်တော့တာ ဒီနေ့အချိန်အထိပဲ ။ အဲ့ဒီတုန်းကလဲ အဘွားက မေမြတို့ သားအမိကို စွပ်စွဲခဲ့တာတွေကို နှင်းဆီဖြူမှတ်မိနေတယ်။မေမြကလဲ သူတို့ မလုပ်ကြောင်းကို ရှင်းပြရုံတင်မကဘူး စန္ဒကူးလေးကိုပါ ဘာမဆိုင်ညာမဆိုင်နဲ့ အခန်းပိတ်ပြီး ရိုက်ခဲ့တာတွေကို နှင်းဆီဖြူ ခုချိန်ထိ မှတ်မိနေသေးတယ်။ ဒါတွေကို နှင်းဆီဖြူမှတ်မိနေသလို စန္ဒကူးလေးကလဲ အမြဲမှတ်မိနေပုံပါပင်။အဲ့ဒီနေ့အဲဒီအချိန်ကတည်းက စန္ဒကူးက နှင်းဆီဖြူတို့ညီအစ်မနဲ့ အဘွားဖြစ်သူကိုပါ စကားသိပ်မပြောတော့တာလေ။ဒီနောက်ပိုင်း ဖခင်ဖြစ်သူက လွဲရင် ကျန်တဲ့သူတွေကို လုံးဝကို ဂရုမစိုက်တော့တာ ဆိုပါတော့။ 


"မနှင်းဆီ ဘာတွေ ငေးနေတာလဲဗျ ..ကျွန်တော်ခေါ်နေတာ ကြာနေပြီ " 


"ရှင် " 


        နှင်းဆီဖြူ ကိုယ့်အတွေးနဲ့ ကိုယ်လျှောက်နေတုန်းမှာ အသံကြားလို့ လှည့်ကြည့်လိုက်တော့ သတိုးကို တွေ့လိုက်ရတာမို့ရှက်အမ်းအမ်းလေး ဖြစ်သွားရတယ်။ 


"ဟို ကိုသတိုးပါလား ....ခြံထဲလမ်းလျှောက်ထွက်တာလား ... အိမ်မှာလဲ အကြောင်းတွေ ပေါ်နေတာနဲ့ ကိုသတိုးကိုတောင် သေချာ ဧည့်မခံနိုင်ဘူးဖြစ်နေတာ နှင်းဆီကပဲ တောင်းပန်ပါတယ်ရှင် " 


        နှင်းဆီဖြူက သတိုးကို ကြည့်ပြီး တောင်းပန်စကားပြောလိုက်တယ်။ 


"ဟာ မဟုတ်တာ ..မနှင်းဆီရယ် .. တောင်းပန်မယ်ဆို ကျွန်တော်က တောင်းပန်ရမှာပါ ... အိမ်မှာ သက်သက်လာရှုပ်သလိုဖြစ်နေတာကို ...ဒါနဲ့ မိုးချုပ်နေပြီ မနှင်းဆီဘယ်သွားမလို့လဲ ..." 


"နှင်းဆီ တည်းခိုခန်းဘက်သွားကြည့်မလို့ပါ ကိုသတိုး .. ဒီနေ့ အလုပ်များနေလို့ ဧည့်အဝင်အထွက်ကို သွားမစစ်ရသေးဘူးလေ ...ကိုသတိုးလဲ  အလုပ်အတွေ့အကြုံ ရချင်ရင် လိုက်ခဲ့လေ "

       နှင်းဆီဖြူက သတိုးကို ကြည့်ပြီး မရဲတရဲနဲ့ ခေါ်လိုက်တယ်။


"ဟုတ်ကဲ့ ...လိုက်ခဲ့မယ်လေ ..." 


         သတိုးနဲ့ နှင်းဆီဖြူတို့နှစ်ယောက်သား နှင်းဆီမြိုင်စံအိမ်ကြီးတည်ရှိရာ ခြံဝန်းထဲကနေ တစ်ဖက်ခြံကျယ်ကြီးထဲမှာရှိတဲ့ နှင်းဆီမြိုင် တည်းခိုခန်းရှိရာဆီကို လျှောက်သွားလိုက်ကြတယ်။ 


          နှင်းဆီမြိုင်စံအိမ်ကြီးရဲ့ တစ်နေရာကနေ လူတစ်ယောက်က နှင်းဆီဖြူနဲ့သတိုးကို ရပ်ကြည့်နေတာကိုတော့ နှစ်ယောက်သား သတိမထားမိလိုက်ကြဘူး။ 


~~~~~~~~~~~~~~~~~~~~~~~~~

"ချာတိတ်မ ဘယ်လိုဖြစ်ရတာလဲကွ ...ဒီလောက်ရေကူးကျွမ်းတဲ့ သူက ရေနစ်ရလား .. ပြောစမ်းပါအုံး ရေကူးရင်းနဲ့ကောင်လေးအကြောင်းတွေးနေလို့လား " 


         ကျော်စွာဦးက စန္ဒကူးကိုစနောက်လိုက်ရင်းကနေ  လက်ထဲက ဆေးအိတ်ကို စားပွဲခုံပေါ်တင်လိုက်တယ်။

   

         စန္ဒကူးက မျက်နှာကို စူပုတ်ထားလိုက်ပြီး 


" ဟွန်း ...အဲ့ဒီလူကလဲ လူတကာကို လျှောက်ပြောလိုက်တာကို ....ကူးကူး ဘာမှမဖြစ်ဘူး ... ခြေထောက် ကြွက်တက်သွားလို့ပါ " 


"ဟောဗျာ ချာတိတ်မရယ် ကိုကိုက သူစိမ်းလား .... ခြေထောက် ကြွက်တက်တယ်ဆိုမှတော့  မင်းအားနည်းနေလို့ပေါ့ကွ ... ပြောပါအုံး ညဘက်တွရော ပုံမှန်အိပ်ရဲ့လား ...ကော်ဖီတွေရော တအားသောက်နေလား '' 


         ကျော်စွာဦးက စန္ဒကူးရဲ့စာကြည့်စားပွဲပေါ်မှာ တင်ထားတဲ့ ကော်ဖီပန်းကန်ကို ကြည့်ပြီး မေးလိုက်တယ်။ 


      စန္ဒကူးက ဘာမှပြန်မပြောဘဲ ခုတင်ပေါ်မှာ မှုန်ကုပ်ကုပ်နဲ့ထိုင်နေမြဲ ထိုင်နေတယ်။ 


"ကဲ...ဘယ်လိုလဲ ကလေးမ ...ကိုကို မင်းကိုစမ်းသပ်လို့ရမလားပြော  " 


        စန္ဒကူး ဘာမှပြန်မပြောဘဲ လက်တစ်ဖက်ကို ဆောင့်ဆောင့်အောင့်အောင့်နဲ့ ဆန့်ထုတ်ပေးလိုက်တယ်။ 


         စန္ဒကူးရဲ့ အပြုအမှုကို ကြည့်ပြီး ကျော်စွာဦးက ပြုံးရယ်ပြီး စနောက်လိုက်တယ်။ 


"ဒီလိုဆိုတော့ ငါ့ညီမက တယ်လိမ္မာပါလားကွ ...ဒါနဲ့ ဘယ်သူ့ကို မကျေနပ်တာတွေရှိသေးလဲ ကိုကို့ကို ပြောပြလေ...အဲ့ဒီလူတွေကို သွားဆူပေးမယ် " 


       စန္ဒကူးက ကျော်စွာဦးကို မော့ကြည့်လိုက်ပြီး 


"ကိုကို မမနှင်းဆီကို ကြိုက်နေ တာလား ...လူတိုင်းက ဘာလို့ မမကိုပဲ ကြိုက်နေကြတာလဲဟင် " 


"ဟင် " စန္ဒကူးရဲ့ အမေးကြောင့် ကျော်စွာဦးမှာ မျက်နှာမထားတတ်အောင် ဖြစ်သွားရတော့တယ်။အသက်နှစ်ဆယ့်ကိုးနှစ်ထဲကို ရောက်နေပြီဖြစ်တဲ့ ကျော်စွာဦးအတွက် နှစ်ဆယ့်သုံးနှစ်အရွယ်ပဲရှိသေးတဲ့စန္ဒကူးကို ကလေးသာသာ သဘောထားပေမဲ့ စန္ဒကူးက အရွယ်ရောက်နေပြီဖြစ်တဲ့ မိန်းခလေးဆိုတာကို ကျော်စွာဦး အမှတ်ရသွားမိတယ်။ ကျော်စွာဦးဘက်က နှင်းဆီဖြူကလွဲရင် ဘယ်မိန်းခလေးကို စိတ်မ၀င်စားပေမဲ့ စန္ဒကူးကိုတော့ အမှန်တိုင်းဝန်ခံလို့မရတာကိုရိပ်စားလိုက်မိတယ်။ ကျော်စွာဦး စကားကို ရှောင်လွှဲပြီးပြောလိုက်တယ်။ 


"မဟုတ်တာကွာ ....ကိုကို့အတွက်ကတော့ ..နှင်းဆီရော ... ပုန်းညက်ရော ...ကူးကူးပါ ကိုကို့ရဲ့ ညီမလေးတွေပါကွာ ...." 


       စန္ဒကူးက ကျော်စွာဦးရဲ့ အဖြေကို မကျေနပ်ပေမဲ့ ဘာမှထက်မပြောတော့ဘဲ နှုတ်ပိတ်နေလိုက်တယ်။ 


         ကျော်စွာဦးမှာ ရှေ့ဆက်ပြီးဘာပြောရမှန်းမသိတော့ ခပ်လန့်လန့်နဲ့ပဲ စန္ဒကူးကိုအားဆေးထိုးပေးဖို့ ပြင်ဆင်လိုက်တယ်။အရင်လိုဆိုရင် တစ်ခုခုပြောမိလေမလား မသိပေမဲ့ ညနေကမှ ဦးမြတ်မင်းပြောပြထားလို့ အကျိုးအကြောင်းစုံကို သိထားတာမို့ စန္ဒကူးအကြိုက်တွေကိုပဲ လိုက်ပြောဖို့ တွေးထားရတယ်။ 


~~~~~~~~~~~~~~~~~~~~~~

"သမီးနဲ့ မောင်ကျော်စွာ အဆင်ပြေရဲ့လားမသိဘူး အစ်ကို ... အစ်ကို့ သမီးက ဂျစ်ကန်ကန်နဲ့ ....တော်ကြာ ဆေးမထိုးဘူးဆိုပြီး မောင်ကျော်စွာကို ပြဿနာရှာ နေအုံးမယ် " 


        ဒေါ်မြသွေးက အိပ်ခန်းထဲမှာ ထိုင်နေရင်းကနေ ယောကျာ်းဖြစ်သူကို ပြောလိုက်တယ်။ 


"ထားလိုက်ပါ မြရယ် ....မောင်ကျော်စွာ ပြောရင် သမီးလေးက နားထောင်ပါတယ် ... မောင်ကျော်စွာ အဆင်ပြေအောင် ပြောတတ်ပါတယ် ...ဒါနဲ့ အစ်ကို မြနဲ့ အေးအေးဆေးဆေးစကားပြောချင်တယ်ကွာ ... အစ်ကိုပြောတဲ့စကားမှာ စကားအမှားတွေပါနိုင်ပေမဲ့  မြနားလည်မှုလွှဲမှာကို အစ်ကိုမလိုချင်ဘူး " 


         ဦးမြတ်မင်းရဲ့ တလေးတနက် ပြောလာတဲ့ စကားကြောင့် ဒေါ်မြသွေးက ခေါင်းကို အသာငြိမ့်ပြလိုက်ပြီး 


"ဟုတ်ကဲ့ ပြောပါ အစ်ကို ...." 


"ဒီလိုပါမြ .. သမီးလေးကူးကူး အပေါ် မြဆက်ဆံတဲ့ပုံတွေကို အစ်ကို သဘောမကျဘူး ... မြက အခြားလူတွေနဲ့ဆိုရင် စိတ်ရှည်သလောက် သမီးလေးအပေါ် ဆို လုံးဝ စိတ်မရှည်ဘူး ... သမီးလေးကို မြရိုက်နှက်ဆုံးမတတ်တာကိုလဲ အစ်ကိုသိတယ်...သမီးလေးခုလို ဖြစ်နေတာ မြနဲ့လဲဆိုင်မယ်လို့ အစ်ကိုတော့ထင်တယ်  ... ဒီနေ့ဆိုရင်ကြည့်.... မောင်သတိုးနဲ့သာ မတွေ့ခဲ့ရင် သမီးလေးအဖြစ်က မတွေးရဲစရာပဲကွာ  " 


       

       ဦးမြတ်မင်းရဲ့စကားဆုံးတော့ ဒေါ်မြသွေးက အင့်ခနဲ တစ်ချက်ရှိုက်လိုက်တယ်။ 


"ဟုတ် ..ဟုတ်ပါတယ် အစ်ကို ...မြရဲ့ အပြစ်တွေပါ အစ်ကို ....သမီးလေးကို အမေက အပြစ်မြင်မှာစိုးလွန်းလို့  သူ့ကို စည်းကမ်းတွေ ထုတ်ခဲ့မိတယ် ... စကားနဲ့ ပြောလို့မရရင် ဆူခဲ့ရိုက်ခဲ့မိတယ် ... ဒါပေမဲ့ အစ်ကို့ရယ် ကူးကူးလေးက မြရဲ့သွေးသားအရင်းလေ မြချစ်တာပေါ့ ... ချစ်လွန်းလို့ ဒီလိုတွေဖြစ်ခဲ့ရတာပါ " 


"အင်းပါကွာ ....နောက်ဆိုရင် ဒီလိုတွေမလုပ်ပါနဲ့တော့ကွာ ...သမီးကိုပြောရင် အသံမမာပါနဲ့ ..လက်လဲမပါစေနဲ့ ...ဖြစ်နိုင်ရင် သမီးကိစ္စတွေကို အစ်ကို့ကိုပဲ ပြောပါ ... ဒီနေ့လို အဖြစ်မျိုး သမီးမှာ နောက်ထပ်မကြုံစေချင်တော့ဘူး ... ဘယ်သားသမီးကိုမှ ဒုက္ခမရောက်စေချင်တော့ဘူး မြရယ် ... ကိုယ့်သားသမီးတွေကိုတောင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် မစောင့်ရှောက်နိုင်တဲ့ ဖခင်တစ်ယောက်မဖြစ်ချင်ဘူးကွာ " 


       ဦးမြတ်မင်းက ပြောလိုက်တော့  ဒေါ်မြသွေးခေါင်းကို ငုံ့ကာ အသံတိတ်ရှိုက်နေမိတယ်။လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်တုန်းက မြသွေးက ဒီလိုခပ်ကြမ်းကြမ်း မိန်းမတစ်ယောက်မဟုတ်ခဲ့တာ သေချာပါတယ်။ဒေါ်မြသွေးရဲ့ အတွေးထဲမှာ အတိတ်က ပုံရိပ်တွေက တရိပ်ရိပ်ပေါ်လာတယ်။ 


  လွန်ခဲ့တဲ့နှစ် (၂၀) ကျော် 


         နှင်းဆီမြိုင်စံအိမ်ကြီးရဲ့ ဧည့်ခန်းထဲမှာ မြသွေးမဝံ့မရဲနဲ့ ထိုင်နေမိတယ်။ချမ်းသာကြွယ်ဝလွန်းတဲ့ စံအိမ်ကြီးမှာ အလုပ်လုပ်ရမယ်ဆိုတော့ မြသွေးစိတ်လှုပ်ရှားနေခဲ့မိတယ်။အလုပ်လိုက်သွင်းပေးတဲ့ သူနာပြုခေါင်းဆောင်ဆရာမကြီးကပါ အိမ်ရဲ့ အခြေအနေကို ကြည့်ပြီး မြသွေးအတွက် ကိုယ်စားကျေနပ်နေခဲ့တာ။ 


"ကျေးဇူးပါ ဆရာမကြီးရယ် ... အိမ်က ချွေးမကလဲ တရှောင်ရှောင်ဖြစ်နေတာ ..ကလေးတွေကလဲ အမြွှာဆိုတော့ အလုပ်ကများတယ်....သားကြီးနဲ့ သူ့အဖေကလဲ အလုပ်က အများသား ...အိမ်မှာ အလုပ်သမားတွေများပေမဲ့ ... သားတော်မောင်က လူနာနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့သူနဲ့ပဲ ထားချင်တာတဲ့လေ ..." 


        ဒေါ်နွဲ့သီက မြသွေးကို တစ်ချက်ငဲ့ကြည့်ရင်း သူနာပြုဆရာမကြီးကို ပြောလိုက်တယ်။ 


"စိတ်ချပါ မမနွဲ့ ...မြသွေးက ကျွန်မတို့ဆေးရုံမှာ အတွေ့အကြုံတွေအများကြီးရှိတဲ့သူပါ ... အသက်လဲငယ်တော့ မမနွဲ့တို့ဘက်က ခိုင်းတဲ့အခါ အားနာစရာမလိုဘူးပေါ့  " 


" ဟုတ်ပြီလေ ကလေးတွေကိုလဲ ဆရာမကြီးတို့ ဆေးရုံမှာပဲ မွေးခဲ့တာပဲလေ ... ဆရာမကြီးကိုဆို ယုံကြည်ပြီးသားပါ " 


      ဒေါ်နွဲ့သီက မာန်မာနကြီးသူပီပီ လေသံခပ်တင်းတင်းနဲ့ ပြောပြီး မြသွေးကို အလုပ်ခန့်လိုက်တယ်။ 


"ဟေ့ ကလေးမ မင်းလုပ်ရမှာတွေကို ပြောမယ် သေချာလိုက်မှတ်ထား ... မင်းအလုပ်က နေ သိပ်မကောင်းတဲ့ ငါ့ချွေးမကို အဓိကကြည်ပေးရမှာ  သူ့ကိုဆရာဝန်က ပုံမှန်လာ ကြည့်တယ် ...မင်းက သူ့ကိုဆေးပုံမှန်တိုက်ရမယ်...ပြီးတော့ ကလေးနှစ်ယောက်ကို ထိန်းပေးစရာမလိုပေမဲ့ သူတို့လေးတွေရဲ့ ကျန်းမာရေးကိုလဲ နေ့စဉ်စစ်ဆေးပေးပြီး မိသားစုဆရာ၀န်လာရင် မှတ်စုနဲ့တင်ပြရမယ် ... ဘယ်လိုလဲ မင်းလုပ်နိုင်လား " 


"ဟုတ် ..ဟုတ်ကဲ့ ..လုပ်နိုင်ပါတယ်ရှင် " 


       ဆေးရုံကြီးမှာ လူနာတွေအများကြီးကြား နေ့နေ့ညည အပြေးအလွှား လုပ်နေရတဲ့ မြသွေးအတွက် လူနာတစ်ယောက်တည်းကိုပဲ စောင့်ရှောက် ရမယ်ဆိုတော့ သက်သက်သာသာ အလုပ်မို့ လုပ်ချင်ခဲ့တယ်။ လစာကလည်း ဆေးရုံလစာထက် သုံးဆလောက် ပိုရမှာမို့ မြသွေးစိတ်ထဲပျော်နေခဲ့မိတယ်။ 


~~~~~~~~~~~~~~~~~~~~~~~ 


      မြသွေးခြေကို ဖော့နင်းပြီး မခင်ဖြူရဲ့ အခန်း၀ရှေ့မှာ ရပ်လိုက်တယ် ။မခင်ဖြူက အအိပ်ဆတ်သူမို့ မြသွေးမှာ ခြေကို ဖောနင်းပြီးလာခဲ့တာ။နှင်းဆီမြိုင်စံအိမ်ကြီးကိုရောက်ကတည်းက မြသွေးမှာ ထမင်းစားချိန်ကလွဲပြီး မခင်ဖြူနဲ့ 

ပဲ အချိန်ပြည့်နေရတာ။ ညအိပ်ချိန်ဆိုလဲ မခင်ဖြူက သူ့ခင်ပွန်းနဲ့ အတူတူမအိပ်ဘူး။ ဘာလို့ အတူတူမအိပ်ကြတာလဲတော့ မြသွေးလဲ မသိဘူး။မခင်ဖြူက သူဌေးမကြီးရဲ့ ချွေးမ ။အမြွှာလေးတွေရဲ့ မိခင်။ သူဌေးမကြီး ပြောတော့ သူ့ချွေးမက သာမာန်နေမကောင်းတာတဲ့ ။မြသွေးက ဒီလိုမထင်ဘူး။ဆေးရုံမှာ လုပ်လာခဲ့တဲ့ အတွေ့အကြုံအရ မခင်ဖြူကို သူနဲ့ သက်ဆိုင်တဲ့ဆေးရုံမှာ တင်စေချင်တာ။ ဒီအကြောင်းကို သူဋ္ဌေးကတော်ကြီးကို ပြောပြခဲ့ပေမဲ့ လက်မခံခဲ့ဘူးလေး။

   

      မြသွေး အခန်းတံခါးကို ခပ်ဖြည်းဖြည်းတွန်းဖွင့်လိုက်တယ်ဆိုရင်ပဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားမိပြီး ခြေလှမ်းတွေကို နောက်ကိုအမြန်ဆုတ်လိုက်မိတယ်။ 


@@@@@@@@@@@@@@@@@@@

အပိုင်း (၈ ) ဆက်ရန် 


ဧကြည်ဖြူ 


၁၆ .၁၀ .၂၀၂၂


rate now: