book

Index 5

အပိုင်း (၅)

ဧကြည်ဖြူ 


"မဟူရာညရဲ့ သတို့သမီး "

( အခန်းဆက်ဝတ္ထုရှည်) 


*************************** 


"ဒီငွေအတွက် ဘယ်လိုမှ သဘောမထားပါနဲ့ဦးကြီးနဲ့ ဒေါ်ကြီးတို့ရယ် ... အေးအေးအတွက် အလှူအတန်းလေးလုပ်ရအောင် နှင်းဆီက လှူပေးတာပါ ... " 


        နှင်းဆီဖြူက ငွေတစ်ထပ်ကို အေးအေးမိဘများရဲ့လက်ထဲကိုတရှိတသေထည့်ပေးရင်းကနေ ပြောလိုက်တယ်။ငွေထပ်က မနည်းလှတာမို့ အလုပ်သမားတွေအပါအ၀င် အေးအေးအတွက်ရည်စူးပြီး လုပ်ပေးနေတဲ့အလှူကို လာကြတဲ့သူတွေကလဲ ငွေအထပ်လိုက်ကို မသိမသာလှမ်းကြည့်ကြတယ်။တစ်ချို့ဆိုရင် ကြည့်ရုံတင်မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် တီးတိုး ပြောနေကြသေးတာ။ 


" နှင်းဆီလေးလေးက သိပ်ကို စိတ်ထားပြည့်တာပဲ ...အလှူအတန်းဆိုလဲ လက်မနှေးဘူးလေ... မြို့စွန်က ဆင်းရဲသားရပ်ကွက်ကို သိတယ်မဟုတ်လား ...အဲ့ဒီမှာလဲ အမြဲလှူ နေကြလေသိလား " 


" သိတယ်လေ ...အဲဒါတင်မကသေးဘူး ..ဆေးရုံဆေးခန်းတွေမှာ ငွေကြေးမတတ်နိုင်သူတွေအတွက်လဲ လစဉ်ထောက်ပံ့ကြေးလှူပေးနေတယ်ဆိုလား ...သူက ကိုယ်တိုင်လဲ ငွေရှာနိုင်လေတော့ အလှူအတန်းနဲ့ ပတ်သက်ရင်လက်ကိုမနှေးတာ " 


          စကားများက ဟိုတစ်ကွက် ဒီတစ်ကွက်တီးတိုးထွက်ပေါ်နေကြတယ်။နှင်းဆီဖြူက တီးတိုးစကားသံတွေကို ဂရုမပြုအားဘဲ ဧည့်ပရိတ်သတ်တွေကြားမှာ ဗျာများ နေတယ်။ 


~~~~~~~~~~~~~~~~~~

"အန်တီနဲ့ အန်ကယ်ကြွပါရှင် ... အစ်ကိုကျော်စွာရော မပါဘူးလားရှင့် " 


        တိုက်ကြီးထဲကို လှမ်းဝင်လာတဲ့ ဒေါက်တာကျော်စွာဦးရဲ့ မိဘတွေကို နှင်းဆီဖြူက ခရီးဦးကြိုပြုလိုက်တယ်။ 


"သမီးအစ်ကို လာပါလိမ့်မယ်ကွယ် ... လူနာတစ်ယောက် 

ရောက်လာလို့လေ " 


" ဟုတ်လား ... အစ်ကိုကျော်စွာလဲ နားချိန်ကိုမရပါလား ..ဖေဖေ ဒီမှာ အန်ကယ်အောင်တို့ လာတယ်" 


       နှင်းဆီဖြူက ဒေါက်တာကျော်စွာဦးရဲ့ မိဘတွေကို အဘွားဖြစ်သူနဲ့ ဖခင်ကြီးရှိရာစားပွဲဝိုင်းကို ခေါ်သွားလိုက်တယ်။ 


"လာ ထိုင်ကြဗျာ ...ဒါနဲ့ ကိုအောင်ဇံဦးနဲ့ မဆုံတာကြာပြီပဲဗျာ  ..." 


"ဟ ..ကျွန်တော်နဲ့တော့ မဆုံချင်နဲ့လေ ကိုမြတ်မင်းရယ်...ဟင်း...ဟင်း ..." 


  "ဟာဗျာ ...ကိုအောင်ဇံဦး ခင်ဗျားကတော့ နောက်ပြီ...." 


        ဦးအောင်ဇံဦးရဲ့ စကားကြောင့် ဦးမြတ်မင်းက ရယ်မောပြီးတော့ ပြန်ပြောလိုက်တယ်။ဦးအောင်ဇံဦးကလဲ သားဖြစ်သူလိုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရှုခင်းသာမြို့မှာ ကိုယ်ပိုင်ဆေးရုံဖွင့်ထားသူလေ။ဒါကြောင့်မို့လဲ ဦးမြတ်မင်းကို အရွှန်းဖောက်လိုက်ခြင်းပဲဖြစ်လေတယ်။ 


"မမာလာရော လုပ်ငန်းတွေ အဆင်ပြေတယ် မဟုတ်လား ..."


"ပြေပါတယ်ရှင် ကျွန်မတို့တွေလဲ တစ်လမ်းတည်းနေပြီ ဒီလိုအလှူအတန်းရှိမှပဲ တွေ့ရတော့တယ်နော် ... ဒါနဲ့သူက ကိုမြတ်မင်းရဲ့ဧည့်သားလား....ရှုခင်းသာ မြို့သားတော့ မဟုတ်ဘူး ထင်တယ်နော် "

  

       ဒေါ်မာလာစိုးက တစ်ချိန်လုံးငြိမ်သက်စွာ ထိုင်နေတဲ့ သတိုးကို ကြည့်ပြီး စူးစမ်းသလိုပြောလိုက်တယ်။ 


"ဟုတ်တယ်ဗျ ....မောင်သတိုးက ကျွန်တော့်ဧည့်သည်ပါ ... နာမည်က သတိုးနွယ်တဲ့ ..." 


       ဒေါ်မာလာစိုးရဲ့အမေးကို ဦးမြတ်မင်းကဖြေဆိုလိုက်တယ်။ 


"သတိုးနွယ်တဲ့လား ...အသက်ကရောကွဲ့ " 


" နှစ်ဆယ့်ခြောက်နှစ်ပါ အန်တီ " 


        ဒီတစ်ခါတော့ ဒေါ်မာလာစိုးက သတိုးကိုကြည့်ပြီး မေးလာတာမို့ သတိုး ကိုယ်တိုင်ပဲ ၀င်ဖြေလိုက်တယ်။ ဒေါ်မာလာစိုးကို ကြည့်ရတာ သတိုးကို မြင်ကတည်းက သိချင်စိတ်တွေ များနေပုံနဲ့ စူးစမ်းတဲ့အကြည်တွေကို သတိုးသတိထားမိနေတယ်။


"နှစ် ...နှစ်ဆယ့်ခြောက်နှစ်ဟုတ်လား ...နာမည်ကရော အရင်းလား ...မိဘတွေကရောကွယ် ... ဘယ်ဇာတိလဲ " 


        အသက်မရှုတမ်းမေးလိုက်တဲ့ ဒေါ်မာလာစိုးရဲ့ ထူးထူးဆန်းဆန်းမေးခွန်းတွေကြောင့် သတိုး ဘာဖြေရမှန်းမသိဘဲကြောင်အမ်းအမ်းဖြစ်သွားမိတယ် ။ အဲ့ဒီအချိန်မှာပဲ ဦးအောင်ဇံဦးက ၀င်ရောက်ဟန့်တားလိုက်တယ်။ 


  " မာလာ ...တော်တော့ကွယ် ... လူငယ်လေးစိတ်ရှုပ်နေပါမယ်...ဘာတွေလျှောက်မေးနေတာလဲ ... တောင်းပန်ပါတယ် ငါ့တူ...မင်းအန်တီက အရောင်းအ၀ယ်သမားဆိုတော့ အဲ့ဒီလိုပဲ နည်းနည်း စကားများတယ်ကွဲ့ " 


"ဟုတ်ကဲ့ ရပါတယ် အန်ကယ်...ကိစ္စမရှိပါဘူး ....ကျွန်တော်ဇာတိကတော့ရန်ကုန်ဇာတိပါ...အဖေကတော့ မရှိတော့ပါဘူး ..အမေနဲ့ အဘွားရှိပါတယ်... အစ်ကိုတစ်ယောက်လဲရှိပါတယ် " 


" ဪ  ဟုတ်လား ...ရန်ကုန် ဇာတိလား ... မပြန်ဖြစ်သေးရင် အန်တီတို့အိမ်ဘက်လဲ လာလည်ပါအုံးကွယ် ..." 


"ဟုတ်ကဲ့ပါခင်ဗျ "


       ဦးအောင်ဇံဦးက ဟန့်တားလိုက်ပေမဲ့ သိချင်စိတ်ပြင်းပြနေပုံရသေးတဲ့ ဒေါ်မာလာစိုးကို သတိုးက ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေလိုက်တယ်။ 


~~~~~~~~~~~~~~~~~~~ 


"မာလာရယ် ... မင်းလဲ ကိုယ့်စိတ်ကိုဖြေနိုင်အောင်ကြိုးစားသင့်နေပြီ အချိန်တွေလဲ ကြာနေပြီလေ ... ဒီလို သူစိမ်းလူရွယ်လေးတွေ တွေ့တိုင်း လိုက်မေးနေရင်ဘယ်ဖြစ်လိမ့်မလဲ .... "

     

       ဦးအောင်ဇံဦးက ပြောလိုက်တော့ ဒေါ်မာလာစိုးက ပါးပြင်ပေါ်ကို စီးကျလာတဲ့မျက်ရည်စတွေကို လက်ကိုင်ပဝါနဲ့ အသာတို့ သုတ်လိုက်ပြီး 


"အဲ့ဒီလိုမပြောပါနဲ့ရှင် သူစိမ်းလူရွယ်တိုင်းကို လိုက်မေးနေတာမဟုတ်ပါဘူး ...ခုဟာက ကောင်လေးမျက်နှာက သားကြီးနဲ့ ဆင်တယ်လို့ ထင်လို့ပါ ... အသက်ကလဲတူနေတယ်  ...." 


      ဇနီးဖြစ်သူ ဒေါ်မလာစိုးရဲ့ စကားကြောင့် ဦးအောင်ဇံဦးက သက်ပြင်းမောကိုချလိုက်မိတယ်။ ဒီလိုပဲ အသက်နှစ်ဆယ်ကျော်လူငယ်လေးတွေကို တွေ့မြင်ရတိုင်း "သားကြီးနဲ့တူတယ် ...အဖေကြီးနဲ့ တူတယ် "စသဖြင့် တစ်မျိုးပြီးတစ်မျိုး အကြောင်းပြတတ်တဲ့ဇနီးသည်အကြောင်းကို ဦးအောင်ဇံဦးက နောကျေနေပြီလေ။ဖြစ်နိုင်မယ်ဆိုရင် ဒေါ်မာလာစိုးက အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ယောကျာ်းလေးမှန်သမျှကို မျိုးရိုးဗီဇစစ်ဆေးခွင့်သာရှိရင် စစ်မယ့်သူမျိုးမဟုတ်ပါလား။ 


"နှစ်နှစ်ဆယ်ကျော်နေပြီလေ မာလာ... ကိုယ်တို့တွေလဲ နှစ်ပေါင်းများစွာ ရှာနေခဲ့ကြတာပဲ မဟုတ်လား .... တစ်နိုင်ငံလုံး ကိုယ်တို့မရောက်ဖူးတဲ့ မိဘမဲ့ဂေဟာရှိလို့လား...ကိုယ်တော့ မမျှော်လင့်ချင်တော့ဘူး .." 


"ဘယ်လိုပြောလိုက် ကိုအောင် ... မာလာတော့ လုံးဝလက်မလျှော့ဘူး ... သားငယ်လေးက တစ်နေရာရာမှာ သက်ရှိထင်ရှားရှိနေမယ်လို့ ယုံကြည်တယ် "


" အေးပါကွာ ... မင်းသဘောပါပဲ .. ငွေလိုသလောက်သုံးပြီးတော့ ရှာ ဟုတ်ပြီလား ..." 


        ဦးအောင်ဇံဦးကပြောလိုက်တော့ ဒေါ်မာလာစိုးက မျက်ရည်တွေကို သုတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲမှာ အမြဲတမ်းထည့်ထားတတ်တဲ့ သားနှစ်ယောက်ရဲ့ ငယ်ငယ်ကပုံလေးတွေကို ထုတ်ကြည့်နေမိတယ်။အတိတ်ကို ဒေါ်မာလာစိုး ပြန်မတွေးချင်ပါ ။ပြန်တွေးမိတိုင်း ဒေါ်မာလာစိုးရဲ့ နှလုံးသားကွဲကြေမတက်ခံစားရပါတယ်။သို့ပေမဲ့လဲ ဒေါ်မာလာစိုးကိုယ်တိုင်ကပင် နှစ်နှစ်ဆယ်ကျော်က နေ့တစ်နေ့ကို မနေ့တစ်နေ့ကလို မှတ်မှတ်ထင်ထင်ရှိနေဆဲပါပင်။မှတ်မှတ်ရရအဲ့ဒီနေ့က ရာသီဥတုက မှုန်မှုန်မှိုင်းမှိုင်း ရှိနေခဲ့တာ။ပျင်းစရာကောင်းလွန်းတဲ့ရာသီဥ တုကြောင့် သုံးနှစ်အရွယ်သားငယ်လေးဥက္ကာဦးက ဂျီကျနေခဲ့တာ ။ဒေါ်မာလာစိုးမှာ အလုပ်ကလဲများနေခဲ့တော့ ငါးနှစ်ကျော်အရွယ်သားကြီးနဲ့ သားငယ်လေးကို ဦးမြတ်မင်းတို့ရဲ့ နှင်းဆီမြိုင်စံအိမ်ကြီး သွားဆော့ကစားစေခဲ့တာ။ ရှုခင်းသာမြို့မှာ သူခိုးသူဝှက်လည်းမရှိ လူဆိုးဓါးပြလဲမရှိတော့ ဒေါ်မာလာစိုးစိတ်ချလက်ချထားခဲ့လိုက်တာပေါ့။ဖြစ်ချင်တော့ အဲ့ဒီနေ့ကျမှ ဦးမြတ်မင်းရဲ့ ပထမဇနီးဖြစ်တဲ့ မခင်ဖြူက မေ့လဲသတဲ့။ သူဋ္ဌေးကတော်သတိလစ်လေတော့ အလုပ်သမားတွေရောတစ်အိမ်လုံးပျာလောင်ခတ်ကုန်ကြတာ။ ကလေးတွေကိုလဲ သတိမမူနိုင်တော့ဘူးလေ။ကိုယ့်ခြံကိုယ်ဝန်းနဲ့ဆိုတော့ ဒီလိုဖြစ်လိမ့်မယ် ဘယ်သူကထင်မလဲ။ဒေါ်မာလာစိုးအလုပ်တွေပြီးလို့ သားနှစ်ယောက်ကိုသွားခေါ်တော့မှ သားငယ်လေးပျောက်နေမှန်းသိခဲ့ရတာ။ သိသိချင်း အလုပ်သမားတွေခေါ်ပြီး တစ်မြို့လုံးပတ်ရှာရုံမကဘူးတခြားမြို့တွေကိုပါ လိုက်ရှာခဲ့ကြတယ်။သတင်းအစအနလေးတောင် မရခဲ့ဘူး ။ အနီးပတ်ဝန်းကျင်ကလဲ ကလေးကို လုံးလုံးမှ မတွေ့ခဲ့ကြဘူးတဲ့။ ဘယ်လိုပဲရှာရှာ သတင်းအစအနလဲ မကြားရ။သက်မဲ့အလောင်းကိုလဲ မတွေ့ရတော့ ဒေါ်မာလာစိုးတို့မိသားစုမှာ ရူးမတက်ဖြစ်ခဲ့ရတာ။ဒေါ်မာလာစိုးမှာ လေးငါးခြောက်နှစ်အတွင်း ဘာအလုပ်မှကိုမလုပ်နိုင်ဘဲ သတင်းသဲ့သဲ့ကြားရာနေရာမှန်သမျှ လျှောက်လိုက်နေခဲ့တာ။ ကလေးဗန်းပြပြီး ငွေအလိမ်ခံရတာတွေလဲမနည်းလှဘူး။ ဒါလဲ ဒေါ်မာလာစိုးက မှုတာမဟုတ်ဘူး လူလိမ်တွေကိုတောင် သားငယ်လေးဓါတ်ပုံပြပြီး အကူအညီတောင်းခဲ့သေးတာလေ။နှစ်ဖက် ဘိုးဘွားတွေပေးခဲ့တဲ့ ဆယ်သက်စားမကုန်တဲ့ အမွေတွေကုန်ချင်လဲကုန်ဆိုပြီးတော့ကို ရှာခဲ့ကြတာ ။ ဒါပေမဲ့လဲ နှစ်နှစ်ဆယ်ကျော်လာတဲ့အထိ သတင်းအစအနလေးတောင်မကြားခဲ့ရမသိခဲ့ရ။ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်မာလာစိုးကတော့ ခုချိနိထိလက်မမလျှော့သေးပါ။ 


~~~~~~~~~~~~~~~~~~~~~

"ဟဲ့ နင်တို့တွေ  ...မမလေးနှင်းဆီက အေးအေးမိဘတွေကို ပေးလိုက်တဲ့ငွေတွေကို တွေ့လိုက်ကြလား ... မနည်းဘူးနော် " 


   "အေး ဟုတ်တယ်နော် ... မမနှင်းဆီက သဘောကောင်းတယ် ... ငွေလဲမနှမြောတတ်ဘူး " 


" အဲ့ဒါတော့ ဟုတ်တယ် ... ဘယ်သူပဲဖြစ်ဖြစ် ဒုက္ခရောက်နေတယ်ဆိုတာနဲ့ မမလေးနှင်းဆီက  ချက်ချင်းကူညီပေးတာ " 


         မကြားချင်လဲကြားနေရတဲ့ စကားသံတွေကြောင့် စန္ဒကူးနားတွေကလောလာတယ်။သူတို့ ပြောနေတာတွေက အမှန်တွေဆိုပေမဲ့ နေရာတိုင်းမှာ ထပ်ခါထပ်ခါ ကြားနေရတော့ စိတ်ကဘ၀င်မကျချင်တော့ဘူး။ စန္ဒကူး ခုံတစ်လုံးကို ခြေထောက်နဲ့ ဆောင့်ကန် ပစ်လိုက်ပြီး အော်ပစ်လိုက်တယ်။ 


"ဟဲ့ ...နင်တို့အလုပ်လုပ်မှာလား ...စကားပြောနေကြမှာလား ... လုပ်စရာရှိတာ ပါးစပ်ပိတ်ပြီး မြန်မြန်လုပ်ကြ   နားငြီးတယ် ..." 


~~~~~~~~~~~~~~~~~~~~~ 


      အလုပ်သမားတွေကို ပြောဆိုပြီး စန္ဒကူးစိတ်တိုတိုနဲ့ အခန်းရှိရာ အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ်။ အပေါ်ထပ်ရောက်ပြီး အခန်းထဲ၀င်ခါနီးမှာ မိခင်ဖြစ်သူကို တွေ့လိုက်ရတာမို့ စန္ဒကူးက ရှောင်ထွက်ဖို့ ပြင်လိုက်ပေမဲ့ နောက်ကျသွားခဲ့တယ်။မိခင်ဖြစ်သူကပါ စန္ဒကူးနဲ့အတူ အခန်းထဲကို လိုက်ပါလာခဲ့တယ်လေ။မိခင်ရဲ့ အပြုအမူကြောင့် စန္ဒကူး စိတ်ပျက် လက်ပျက်နဲ့ ခုတင်စွန်းကို ကိုင်ပြီး မှုန်တေတေနဲ့ရပ်နေလိုက်တယ်။ 


"ကူးကူး ...သမီးခဏထိုင်အုံး ... မေမေတို့ ခဏလောက်စကားပြောရအောင် " 


"ရတယ်ပြောပါ .. ဒီတိုင်းပဲနားထောင်မယ် " 


"ကူးကူး ... ငါနှစ်ခါမပြောဘူးနော် ...ထိုင်ဆိုရင် လာထိုင်လိုက် " 


        စန္ဒကူးက ငြင်းဆန်လိုက်တာကြောင့် ဒေါ်မြသွေးက စိတ်တိုဒေါသထွက်သွားပြီး လေသံခပ်ပြင်းပြင်းနဲ့ အော်လိုက်တယ်။မိခင်ဖြစ်သူရဲ့ ဒီလိုအမူအရာကိုမြင်တာနဲ့ စန္ဒကူးအောက်နှုတ်ခမ်းလေး ကို ဖိကိုက်လိုက်ပြီး ခုတင်ပေါ်မှာထိုင်ချလိုက်ရတယ်။ 


"ဟိုနေ့က ထမင်းစားခန်းထဲမှာ ဘာလုပ်နေတာလဲ ... အမြဲ နောက်ကျမှ အိပ်ရာထနေကျမဟုတ်လား...အေးအေးနဲ့ ဘာဖြစ်ခဲ့တာလဲဆိုတာ အမှန်တိုင်းပြောပြ  ... အေးအေးကို ဘာလုပ်ခဲ့လဲ " 


        မိခင်ဖြစ်သူရဲ့ အမေးကြောင့် စန္ဒကူး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး တုံးတိတိ ပြန်ဖြေလိုက်တယ်။ 


"ဗိုက်ဆာလို့ မုန့်ထစားတာ...အေးအေးဘာဖြစ်လဲဆိုတာ မသိဘူး ...သမီး မုန်းစားနေတုန်း အခန်းဝက အော်သံကြားလို့ လှည့်ကြည့်လိုက်မှ အေးအေးကို တွေ့တာ " 


" နင် ငါ့ကိုဘာလို့ လိမ်နေတာလဲ စန္ဒကူး ... နင့်ကို ငါ မွေးထားတာနော် ... ဘယ်လောက်ဗိုက်ဆာဆာ အအိပ်မက်တဲ့သူ့က  မထစဖူးအစောကြီး ထတာလေ .." 


       ဒေါ်မြသွေးက သူသိချင်တာကို ဇွတ်မေးတယ်။ 


"အမေက  သမီးဆီက ဘယ်လို အဖြေကို ကြားချင်တာလဲ .. အမေကပါ သမီးကို တရားခံဖြစ်စေချင်နေတာလား ...ဘာလဲ သမီးကို ဒီမှာ မနေစေချင်တော့တာလား ...ဒါဆိုလဲ အဘွားပြောပြောနေတဲ့ ခြံစောင့်အဖေ့ဆီကို ပို့ပေးလေ " 


"မိစန္ဒကူး နင် ...နင်...နင်ဘာစကားပြောတာလဲ " 


      ဒေါ်မြသွေးက စန္ဒကူးကို ကြည့်ပြီး အလန့်တကြားနဲ့ မေးလိုက်တော့ စန္ဒရားက အံလေးကြိုက်ပြီး ထပ်ပြောလိုက်တယ် ။ 


" ခြံစောင့်အဖေရင်းဆိုတဲ့ 

သူဆီကို ပို့ပေးလို့ ပြောတာလေ ..." 


"ဘာ..နင် ...နင် ..ကဲဟယ် ..." 


"ဖြန်း ." 


        ဒေါ်မြသွေးက စိတ်ကိုမထိန်းနိုင်တော့ဘဲ စန္ဒကူးရဲ့ ပါးပြင်ကို ဖြန်းခနဲ ရိုက်ချပစ်လိုက်တော့တယ်။ 


" ရိုက်ပါ ...ဒီဘက်ပါးကိုပါ ထပ်ရိုက်ပါအုံး ... ရိုက်လို့မကျေနပ်ရင် သတ်ပါသတ်ပစ်လိုက် " 


       ဒေါ်မြသွေးမှာ ရိုက်ပြီးသွားမှ လွန်သွားပြီမှန်းသိလိုက်တာမို့ သမီးဖြစ်သူကို တောင်းပန် အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ စန္ဒကူးက သူမကို မအော်စဖူး ဖြစ်အော်လိုက်တာမို့ ဒေါ်မြသွေးလည်း ဖြုန်းခနဲ လန့်သွားမိတယ်။ 


"စန္ဒကူး နင် ..နင် ... မအေကို ပြန်အော်တာလား ..." 


        စန္ဒကူးက မိခင်ကို ဘာမှပြန်မဖြေဘဲ အခန်းထဲမှ တစ်ရှိန်ထိုး ပြေးထွက်ခဲ့တယ်။ 


~~~~~~~~~~~~~~~~~~~~ 


"ကူးကူး ....ညီမလေး ဘာဖြစ်တာလဲ " 


        နှင်းဆီဖြူနဲ့အလုပ်သမားတွေ ခြံထဲမှာရှိနေတုန်း တိုက်ကြီးထဲကနေ စန္ဒကူးပြေးထွက်လာတာကိုတွေ့လိုက်ရတာမို့ နှင်းဆီဖြူက လှမ်းတားပြီး မေးလိုက်ပေမဲ့ စန္ဒကူးက နှင်းဆီဖြူကို တွန်းထုတ်လိုက်ပြီး  အသံနက်ကြီးနဲ့ အော်ပစ်လိုက်တယ်။ 


"ဖယ် ...လာမထိနဲ့  ...အနောက်က ဘယ်သူကိုမှ မလိုက်ခိုင်းနဲ့နော် ...လိုက်လာတဲ့သူကို သတ်ပစ်မှာ  "

        ဒေါသတကြီးနဲ့ ခြိမ်းခြောက် ပြောဆိုပြီး ဆိုင်ကယ်ကို တရကြမ်းမောင်းထွက်သွားတဲ့ စန္ဒကူးရဲ့ပုံစံကိုကြည့်ပြီး နှင်းဆီဖြူတို့အားလုံး အံ့ဩမင်သက်နေမိကြတယ်။ 


@@@@@@@@@@@@@@@@@@@@ 


အပိုင်း (၆ ) ဆက်ရန် 


ဧကြည်ဖြူ 


rate now: