ဧကြည်ဖြူ
"မဟူရာညရဲ့သတို့သမီး "
(အခန်းဆက် ဝတ္ထုရှည် )
***********************************
ထိတ်လန့်အားငယ်စွာမေးလိုက်ချိန်မှာ အခန်းပြင်က အမျိုးသမီးက တံခါးကိုဆွဲဖွင့်လိုက်ပြီး အခန်းထဲကို၀င်ရောက်လာတယ်။၀င်လာတဲ့ အမျိုးသမီးကို ကြည့်ပြီး သူဝမ်းသာအားရနဲ့ ခေါ်လိုက်မီကာအမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ခပ်တင်းတင်းဖက်တွယ်ထားလိုက်မိတယ် ။
"မေမေ "
သူ ၀မ်းသာပျော်ရွှင်စွာ ခေါ်လိုက်ပေမဲ့ အမေ့ဆီက တုန့်ပြန်သံကို မကြားရဘဲ အေးစက်နေတဲ့ လက်အစုံနဲ့သာ သူ့ကျောပြင်ကိုသိမ်းဖက်လာခဲ့တယ်။အမေ့ရဲ့ ထွေးပွေ့မှုကြောင့် သူ့ရင်ထဲမှာလှိုက်ခနဲကြည်နူးပျော်ရွှင်သွားမိတယ်။..
" မေမေ ...မေမေ "
အမေ့ရဲ့ကိုယ်လုံးလေးကို သူ့လက်သေးသေးလေးတွေနဲ့ တင်းတင်းရစ်ဖက်လိုက်ရင်း နှုတ်ကနေ တတွတ်တွတ်ခေါ်နေမိတယ်။အမေ့က သူ့ကိုတင်းတင်းပြန်ပွေ့ဖက်ရင်းကနေ အမေ့ရဲ့လက်တွေက တင်းကြပ်သထက်တင်းကြပ်လာတာကို သူ့ခံစားလိုက်ရတယ်။နောက်တော့ သူ့ကျောပြင်က ဆူးတွေနဲ့ အခြစ်ခံနေရသလို တဆစ်ဆစ်နာကျင်လာပြီး အသက်ရှူတွေပါ ကြပ်လာမိတယ်။ သူအသာရုန်းကြည့်ပေးမဲ့ အမေ့ရဲ့လက်တွေက ဖြေလျော့မသွားဘဲ ပိုပိုတင်းကြပ်လာတာကို သူသိလိုက်တယ်။
"သား ..သား အ...အသက်.. ရှူ...ရှူ ..လို့...မ...မရတော့ဘူး ... မေမေ "
သူ အာယူပြီး ပြောနေပေမဲ့ အမေ့ရဲ့ လက်တွေကတော့ နည်းနည်းလေးမှ အားလျော့မသွားဘဲ တင်းကြပ်သထက်ပိုပြီး တင်းကြပ်လာခဲ့တယ်။ သူထိတ်လန့် တုန်လှုပ်ခြင်းကြီးစွာနဲ့ အမေ့ရင်ခွင်ထဲကနေ အားကုန်ရုန်းထွက်လိုက်တယ်။အမေကမူ မလွှတ်။ သူအားစိုက်၍ရုန်းထွက်ကြည့်လိုက်တယ်။ကျောပြင်ဆီက တဆစ်ဆစ်နဲ့ စူးအောင့်နာကျင်မှုက အသည်းထဲထိ စိမ့်ဝင်အောင်နာကျင်လာတယ်။
" လွှတ်...လွှတ်...လွှတ်ပေးပါ မေမေ....."
သူ့ကြောက်ကြောက်လန့်လန့်နဲ့ တောင်းပန်းစကားဆိုလိုက်ရင်း ကနေ အားရှိသ၍ ဆောင့်ရုန်းပစ်လိုက်တော့ အမေ့ရဲ့လက်ထဲကနေ သူလွှတ်မြောက်သွားခဲ့တယ်။
"တောက် "
ဟိန်းခနဲ ထွက်လာတဲ့ တောက်ခေါက်သံကြောင့် ထိတ်လန့်တကြားနဲ့ ကြည့်လိုက်မိတဲ့အခါ
"အား "မြင်တွေ့လိုက်ရတဲ့ ကြောက်မက်ဖွယ် မျက်နှာကြီးကိုကြည့်ပြီး သူစိတ်မထိနိုင်းနိုင်တော့ဘဲ ကြောက်လန့်တကြားနဲ့ အော်ဟစ်လိုက်မိတော့တယ်။ သူမြင်တွေ့လိုက်ရတာက မိခင်ဖြစ်သူမဟုတ်တော့ဘဲ အစွယ်တွေဖွေးဖွေးနဲ့ကြောက်စရာမျက်နှာကြီး ဖြစ်နေတာကြောင့်ပါပင်။
"ဟိတ်လူ ...ဟိတ်လူ ...ဘာတွေ အော်နေတာလဲ "
အိပ်မက်လိုလို တကယ်လိုလို အသံကို သတိုးကြားနေရတယ်။သတိုးရဲ့ တစ်ကိုယ်လုံးချွေးစေးတွေကအပြည့်။သတိုး သတိဝင်လာတာနဲ့ အိပ်ရာပေါ်ကနေ ဆတ်ခနဲထထိုင်လိုက်တဲ့အခါ ခုတင်ဘေးမှာ ဆံပင်ဖားလျားကြီးနဲ့ ရပ်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်ရတာမို့ ဖြုန်းခနဲ လန့်သွားပြီး အသံမာမာနဲ့မေးလိုက်တယ်။
"မင်း...မင်းက ဘာလဲ ... ဘယ်သူလဲ ...ငါ့အခန်းထဲကို ဘယ်လို ရောက်လာတာလဲ "
"ဒီမှာ ...အဲ့ဒီမေးခွန်းကို ကျွန်မက ပေးရမှာလေ ...ရှင်ကဘယ်သူလဲ ...ဖေဖေ့ဧည့်သည်လားပြောလေ ... ညကြီးသန်းခေါင် ဘာတွေအော်နေတာလဲ "
အမျိုးသမီးရဲ့ စကားကြောင့် သတိုးရဲ့ ခန္ဓာကိုယ်မတ်ခနဲ ဖြစ်သွားမိတယ်။ ဒီလိုအိပ်မက်ဆိုးကို သတိုးမကြာခဏဆိုသလို မက်တတ်ပေမဲ့ အမျိုးသမီး ပြောသလို အပြင်သို့ အသံတွေထွက်တဲ့အထိတော့မဖြစ်ခဲ့ဖူး။
သတိုးခုတင်ကနေထလိုက်ပြီး ခုံပေါ်က ရေဘူးကိုယူကာ ရေကို တကျိုက်တည်းမော့သောက်လိုက်တယ်။ အဲ့ဒီအချိန်ထိ ဘေးက အမျိုးသမီးက ရပ်နေဆဲဖြစ်တာမို့ သတိုးမျက်မှောင်ကုပ်လိုက်ပြီး မိန်းခလေးကို ကြည့်လိုက်မိတယ်။ မီးအလင်းရောင်အောက် မှာမြင်နေရတဲနုနုဖပ်ဖပ်မျက်နှာလေးကို ကြည့်ရတာ သတိုးထက် တော့ငယ်ပုံရတယ်။
" ဒါနဲ့ မင်းက ဘယ်သူ .လဲ ..."
"ရှင်ကရော ဘယ်သူလဲ "
သတိုးကမေးလိုက်တော့ သူမကလဲ ချက်ချင်းပြန်မေးလာတာ။ ကြည့်ရတာ သူမပုံစံက ညကြီးသန်းခေါင်း သူစိမ်းယောကျာ်းတစ်ယောက်နဲ့ အခန်းထဲရှိနေတာကို ကြောက်လန့်ခြင်း၊ ရှက်ရွံ့ခြင်းမျိုးလဲ ဖြစ်နေပုံမရဘဲ စူးစမ်းတဲ့ မျက်ဝန်းတွေနဲ့ သတိုးကို ခပ်တင်းတင်းကြည့်နေတာလေ။
"ကိုယ့်နာမည်က သတိုးနွယ် .. သူဋ္ဌေးကြီးဦးမြတ်မင်းနဲ့အလုပ်တူတူ တွဲလုပ်ဖို့ ဒီနေ့မှရှုခင်းသာကို ရောက်လာခဲ့တာပဲ ..."
သတိုးဖြေလိုက်တော့ သူမက သတိုးကို ခြေဆုံးခေါင်းဖျား ကြည့်လိုက်ပြီး ပခုံးနှစ်ဖက်ကို ဆတ်ခနဲတွန့်ပစ်လိုက်တယ်။
" ဪ...အဲ့ဒီလိုလား ....တော်သေးတာပေါ့ ...သူခိုးထင်ပြီးရိုက်မိတော့မလို့ ရှင်ကံကောင်းသွားတယ် ... ကျွန်မနာမည်က ပုဏ္ဏရိပ်တဲ့ မှတ်ထားနော် ... နောက်တစ်ခါဆို အိပ်ရင်း ထထမအော်နဲ့နော် ကြားလား ...သွားပြီးနော် "
ပြောပြီးတာနဲ့ အခန်းပြင်ကို လှစ်ခနဲပြေးထွက်သွားတဲ့ မိန်းခလေးကို ကြည့်ပြီး သတိုးသက်ပြင်းတစ်ချက်ကို ဝူးခနဲ မှုတ်ထုတ်လိုက်မိတယ်။ဒီအိပ်မက်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို သတိုး ဘယ်ကဲ့သို့ကြိုးစားရပါ့မလဲဆိုတဲ့ အဖြေက နှင်းဆီမြိုင်စံအိမ်ကြီးမှာပဲ ရှိမယ်ထင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
"ဒီနေ့တော့....အန်ကယ်တို့မြေပြင်အခြေအနေကို သွားကြည့်ကြမလား မောင်သတိုး .."
ဦးမြတ်မင်းက သတိုးကို ကြည့်ပြီး မေးလိုက်တယ်။
"ဟုတ်ကဲ့ပါ အန်ကယ် ... ကျွန်တော်လဲ အဲ့ဒါပဲပြောမလို့ ..ဒိဘက်က အခြေအနေအားလုံးကို သိရမှ ရုံးချုပ်ကို အစီအရင်ခံရမှာဆိုတော့ ကျွန်တော်သေသေချာချာလေး လေ့လာချင်သေးတယ် "
" အမယ်လေး "
အပေါ်ထပ် ဧည့်ခန်းဆောင်ထဲမှာ သတိုးနဲ့ ဦးမြတ်မင်းတို့ စကားပြောနေကြတုန်းမှာပဲ အောက်ထပ်ဆီမှ ထိတ်လန့်တကြားအော်လိုက်သံကြောင့် စကားပြောနေကြတဲ့သတိုးရော ဦးမြတ်မင်းပါ ခန္ဓာကိုယ်တွေ မတ်ခနဲဖြစ်သွားရပြီး ထိုင်နေရာမှ ဖြုန်းခနဲထရပ်လိုက်မိကြတယ်။
"အောက်ထပ်က အသံပဲ အန်ကယ် ...ဘာဖြစ်တာလဲ မသိဘူး "
" အေး ...အေးကွာ ...အန်ကယ်တို့သွားကြည့်ရအောင် မောင်သတိုး "
~~~~~~~~~~~~~~~~~~~~~~
သတိုးတို့ အောက်ထပ်ကို ရောက်တော့ အောက်တပ်မှာလူစုံတက်စုံကိုတွေ့လိုက်ရတယ်။
"ဟေ့ ...ဘာဖြစ်ကြတာလဲ ....."
ဦးမြတ်မင်းက အသံခပ်ကျယ်ကျယ်နဲ့လှမ်းမေးလိုက်တော့ ရုံးစုရုံးစုဖြစ်နေတဲ့အုပ်စုက ဘေးကိုရှဲခနဲဖြစ်သွားတယ်။ကြမ်းပြင်ပေါ်မှာလဲကျနေသူက အိမ်အကူမိန်းခလေးဖြစ်သူ အေးအေး။အေးအေးက ကြမ်းပြင်ပေါ်တင်လဲလျက်မှ အသက်ကိုမောမောပန်းပန်းရှုနေတယ်။ အေးအေးရဲ့ပုံစံက အတော်လေးပင် ထိတ်လန့်တကြား ဖြစ်ခဲ့ဟန်ပင်။ခြေထောက်တွင် သွေးတွေထွက်နေတာကိုလဲ တွေ့ရတယ်။ အေးအေးရဲ့ဘေးတွင် နှင်းဆီဖြူက ဒူးတုပ်ထိုင်ကာဖြင့် အေးအေးကိုစိုးရိမ်းတကြီး မေးမြန်းနေတယ်။ ကျန် အိမ်သားများမှာ အနီးတွင် မိုးတိုးမတ်တတ်ရပ်ကာရှိနေကြတယ်။
"မခင်သီ ...အစ်ကိုကျော်စွာကို ဖုန်းဆက်ခေါ်လိုက်ပါအုံး ... အေးအေးကအရမ်း လန့်နေပုံရတယ်...ဦးညိုက နှင်းဆီကိုလာကူပေးပါအုံးနော်...အေးအေးကို နှင်းဆီ တစ်ယောက်တည်း မနိုင်လို့ပါ "
နှင်းဆီဖြူက အေးအေးကိုကြင်နာယုယစွာ ညင်ညင်သာသာပွေ့ထူရင်းမှ အိမ်သားများကို အကူအညီတောင်းလိုက်တယ်။နှင်းဆီဖြူရဲ့ အကူအညီတောင်းသံကြောင့် ဦးညိုက နှင်းဆီဖြူနဲ့ အေးအေးနားကို ရောက်သွားပြီး မခင်သီကတော့ ဧည့်ခန်းထဲက တယ်ရီဖုန်ရှိရာဆီကို ခပ်မြန်မြန်ပြေးထွက်သွားတယ်။
"သမီးနှင်းဆီ ....အေးအေး ဘာဖြစ်တာလဲ "
"ဟဲ့ ...ဟဲ့ ဘာဖြစ်ကြတာတုန်း ... ငါ့မှာဘုရားတောင် ဖြောင့်အောင် မရှိခိုးရဘူး "
ဦးမြတ်မင်းက သမီးဖြစ်သူကို မေးနေချိန်မှာ ဘွားနွဲ့သီတစ်ယောက်အခန်းထဲကို ဝင်လာပြီး အသံစူးစူးနဲ့ မေးလိုက်ပြန်တယ် ။ဘွားနွဲ့သီရဲ့ နောက်မှာတော့ ဒေါ်မြသွေးက ခပ်ယိုင်ယိုင် ပုံစံနဲ့ လျှောက်ဝင်လာတယ်။
သတိုးက ဦးမြတ်မင်း ဘေးကနေ အခြေအနေကို ကြည့်ရင်းကနေ ထမင်းစားပွဲမှာ အေးအေးလူလူထိုင်နေတဲ့ မိန်းခလေးကို သတိထားလိုက်မိတယ်။အားလုံးရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ သူမကအေးရာအေးကြောင်းပုံစံနဲ့ မုန့်ထိုင်စားနေခဲ့တာ။ အေးအေးလူလူ ထိုင်နေတဲ့ သူမကို ကြည့်ပြီး သတိုးခေါင်းထဲ ချက်ချင်း မှတ်မိသွားတယ်။
"ဘာဖြစ်တာလဲ သမီးကြီး အဖေ့ကိုပြောအုံး "
" သမီးလဲသေချာ မသိဘူးဖေဖေ ... အော်သံကြားလို့ လာကြည့်တော့ ဒီပုံစံအတိုင်း တွေ့တာပဲ ..ညီမလေးစန္ဒကူးတော့ သိမလား မသိဘူး "
ဖခင်ဖြစ်သူ ဦးမြတ်မင်းရဲ့ အမေးကို နှင်းဆီဖြူက ခေါင်းကို ယမ်းခါကာဖြေလိုက်ရင်းက ထမင်းစားပွဲမှာမုန့်ထိုင်စားနေတဲ့ စန္ဒကူးရှိရာဆီကို ညွှန်ပြလိုက်တယ်။
နှင်းဆီဖြူရဲ့ နှုတ်ကနေ စန္ဒကူးဆိုတဲ့ နာမည်ကို ကြားလိုက်ရတော့ သတိုးကြောင်အမ်းအမ်းဖြစ်သွားတာပေါ့။သတိုးသိတာက ပုဏ္ဏရိပ်ဆိုတဲ့နာမည်မဟုတ်လား။အခုတော့ ညသန်းခေါင်အချိန်က သတိုးအခန်းထဲကို ၀င်ရောက်လာသူကသူဌေးကြီး ဦးမြတ်မင်းရဲ့ အငယ်ဆုံးသမီးဖြစ်သူ စန္ဒကူးတဲ့လေ။
"ကဲ ...ကဲ့ ဦးညိုတို့ အေးအေးကို အခန်းထဲလိုက်ပို့လိုက်ကြပါ ... ဒေါ်ဆင့်တို့လဲ လုပ်စရာရှိတာ သွားလုပ်ကြတော့...အမေနဲ့ မြလဲ လုပ်စရာရှိတာ သွားလုပ်ကြ "
ဦးမြတ်မင်းမှာ အားလုံးကိုနေရာသို့ ပြန်ခိုင်းလိုက်ကြပြီး သမီးဖြစ်သူစန္ဒကူးအနားကို လျှောက်သွားတယ်။ဦးမြတ်မင်းရဲ့ အပြုအမူကြောင့် သတိုးလဲ အသာရှောင်ထွက်ခဲ့လိုက်ရတယ်။
~~~~~~~~~~~~~~~~~~~~~~
" စန္ဒကူး ... ဖေဖေ မေးတာကို မှန်မှန်ဖြေစမ်း ...အေးအေးဘာဖြစ်တာလဲ ... သမီးလုပ်လိုက်တာလား"
စန္ဒကူးက ဖခင်ကို မော့ကြည့်လိုက်ပြီး ပခုံးကို တွန့်ကာ ခေါင်းကို ခါယမ်းပြရင် အံကိုကြိတ်ကာ ပြန် ပြန်ဖြေလိုက်တယ်။
"သမီးလဲမသိဘူးလေ ... အေးအေးကို မေးကြည့်ပေါ့ ဖေဖေရယ်...သူပဲ အသိဆုံးနေမှာပေါ့ ...ဖေဖေတို့ကလေ အိမ်မှာ တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရရင် သမီးကို စွပ်စွဲချင်နေကြတယ်နော် ...မသိရင် သမီးက လူတွေကို ဒုက္ခလိုက် ပေးနေတဲ့.အတိုင်းပဲ ...မမပုန်းညက်ဒီလိုဖြစ်နေတာကိုလဲ သမီးလုပ်တာလို့ဖေဖေထင်နေတာမဟုတ်လား...ဖေဖေတို့ မျက်လုံးထဲမှာ မမနှင်းဆီကိုပဲ မြင်နေကြတာမဟုတ်လား "
"စန္ဒကူး "
ဦးမြတ်မင်းက စန္ဒကူးကို အသံခပ်မာမာနဲ့ အော်ပစ်လိုက်တယ်။
"သမီး ဘာလို့ ဒီလောက်ထိဆိုးနေရတာလဲ ... ပြီးတော့ အစ်မဖြစ်သူနဲ့ အမြဲလိုက်လိုက်ယှဉ်နေတယ်.... သမီးလိုချင်တာမှန်သမျှကိုရော ဖေဖေ လုပ်မပေးခဲ့တာရှိလား ပြောပါအုံး ... သမီးကမှ ဖေဖေ မကြိုက်တာတွေကိုပဲရွေးပြီ လုပ်ခဲ့တာမဟုတ်လား... သမီးကြောင့်မို့ ..."
ဦးမြတ်မင်းက စကားကို ဆက်မပြောတော့ဘဲ စန္ဒကူးမျက်နှာကို ကြည့်လိုက်တယ်။
စန္ဒကူးလည်း မျက်တောင် တစ်ချက်မခတ်ဘဲ ဖခင်ဖြစ်သူကို ပြန်ကြည့်နေလိုက်တယ်။
"ကဲ ...ကဲ ..ဖေဖေကပဲ တောင်းပန်တယ်ဟုတ်ပြီလား ...ဒီနေ့ ဘယ်သွားစရာရှိသေးလဲ "
နောက်ဆုံးမှာ ဦးမြတ်မင်းကပဲ အလျှော့ပေးလိုက်ရတယ်။
~~~~~~~~~~~~~~~~~~~~~~~~
"ဘယ်လိုလဲ မိမြသွေး ...နင့်သမီး ပုံစံကို မြင်လား ...လူတစ်ယောက်ကို သွေးထွက်သံယိုဖြစ်အောင်လုပ်ထားပြီး အေးအေးဆေးဆေးမုန့် ထိုင်စားနေတာတွေ့တယ်မဟုတ်လား ... ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ... အဲ့ဒါကြောင့်မို့ ပြောကြတာ ... မျိုးရိုးဗီဇဆိုတာ အချိန်တန်ရင် ဇာတိပြတယ်...ငါ့သားက ငါ့တစ်သက်နဲ့ တစ်ကိုယ် ဘယ်သူ့ကိုနာကျင်အောင်လုပ်ခဲ့ဖူးတဲ့သူ မဟုတ်ဘူး..."
" တော်...တော်ပါတော့ အမေရယ် မြသွေး တောင်းပန်ပါတယ် ...တော်ကြာသမီးလေးကြားသွားရင် မကောင်းပါဘူး "
ဒေါ်မြသွေးက ယောက္ခမဖြစ်သူကို တောင်းပန်စကားဆိုလိုက်တယ်။
ဘွားနွဲ့သီကတော့ ဒေါ်မြသွေး တောင်းပန်ကာမှ လေသံကို ပိုကျယ်လိုက်ပြီး "ကြားတော့ရော ကြားကြား ပေါ့အေ ... ညည်းသမီးလုပ်သမျှ ပြဿနာတိုင်းကို ငါ့မြေးကြီးက လိုက်ရှင်းပေးနေရမှာလား ပြောစမ်းပါအုံး ..ငါ့မြေးလေး ပုန်းညက် ခုလိုဘဝမျိုး ရောက်နေတာ ညည်းသမီးစန္ဒကူးလုပ်တယ်ဆိုတာလဲ ငါသိတယ်...သက်သေမပြနိုင်လို့သာ ငါငြိမ်နေတယ် "
"အမေ ... ဘယ်လိုပြောလိုက်တာလဲ အမေ ....အဲ့ဒီလို မဟုတ်တာတွေ မပြောပါနဲ့ .... သမီးလေး စန္ဒကူးကလဲ အမေ့မြေးအရင်းပါပဲ...ဒီလိုတော့ မပြောပါနဲ့ အမေရယ် "
ဘွားနွဲ့သီရဲ့ စကားကြောင့် ဒေါ်ပြသွေးက အလန့်တကြားနဲ့ တားမြစ် ပြောဆိုလိုက်တယ်။
"ပြောတော့ ဘာဖြစ်လဲ ....နင်တို့ သားအမိတွေ အကြံပက်စက်တာကို ငါမသိဘူးထင်နေလား ...နောက်မှ တက်လာပြီး အိမ်ဦးခန်းနေရာ လိုချင်နေတာမဟုတ်လား ... နင်တို့ ရောက်လာပြီးမှ စိတ်ဆင်ရဲစရာတွေ တစ်ခုပြီးတစ်ခုကြုံနေရတာလေ "
" ဒါ...ဒါက ... မြ ...မြတို့ကြောင့် မဟုတ်ဘဲ ကျိန် ... ကျိန်စာကြောင့် မ...မဟုတ်ဘူးလား "
ဒေါ်မြသွေးမှာ ယောက္ခမကို ကြောက်ရသူပီပီ စကားကို ရှေ့ မဆက်ဝံ့ဘဲ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ခေါင်းကိုတွင်တွင်သာငုံ့ထားမိရင်း စိတ်ထဲကနေ ရေရွတ်ပြောဆိုနေမိတယ်။
~~~~~~~~~~~~~~~~~~~~~~
သတိုးမှာ ဧည့်ခန်းထဲတွင် တစ်ယောက်တည်းကြောင်စီစီနဲ့ ထိုင်နေမိတယ်။ထိုအချိန်မှာပဲ ဧည့်ခန်းထဲကို ဦးမြတ်မင်းပြန်ဝင်လာတာကိုတွေလိုက်ရတယ်။
"မောင် သတိုးရေ တောင်းပန်ပါတယ်ကွာ ...ကိစ္စလေးနည်းနည်းများသွားတယ်...အန်ကယ်တို့သွားဖို့ နေတွေတောင်မြင့်ကုန်ပြီထင်တယ် "
"ရပါတယ် အန်ကယ် ... ကျွန်တော်က ကိစ္စမရှိပါဘူး "
သတိုးနဲ့ ဦးမြတ်မင်းတို့စကားပြောနေကြချိန်မှာပဲ အိမ်ရှေ့တံခါးမကြီးဖွင့်သံကိုကြားလိုက်ရပြီး အိမ်ထဲကို ၀င်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။
" ဟော မောင်ကျော်စွာ ရောက်လာပြီလား ... စောစောစီးစီး ခေါ်လိုက်ရတာ အားနားပါတယ် ငါ့တူရာ ..."
" ဟုတ်ကဲ့ ရပါတယ် အန်ကယ် ... ကျွန်တော်လဲ ဆေးရုံမှ မသွားသေးတာ ...ဒါနဲ့ ဧည့်သည်ရောက်နေတာထင်တယ် "
ဦးမြတ်မင်းရဲ့ နှုတ်ဆက်သံနောက်မှာ ဒေါက်တာကျော်စွာက လဲ အပြုံးနဲ့ ပြန်လည် နှုတ်ဆက်လိုက်ရင်း တဆက်တည်း သတိုးကို ကြည့်ကာ ခေါင်းလေးညွှတ်ပြီးနှုတ်ဆက်လိုက်တယ်။
"ဟုတ်တယ် မောင်ကျော်စွာ .. အလုပ်ကိစ္စအတွက် မြို့က ရောက်လာတဲ့ အန်ကယ့်ရဲ့ အထူးဧည့်သည်ဆိုပါတော့ နာမည်က သတိုးနွယ်တဲ့ ... မောင်သတိုးကလဲ မှတ်ထားပေါ့ ...ဒီကဒေါက်တာက ဒေါက်တာကျော်စွာဦးတဲ့ ..... ဟိုဘက်တောင်ကုန်းထိပ်က စံအိမ်ကြီးမှာနေတာ .."
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဒေါက်တာ "
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကိုသတိုး ... ကျွန်တော်ကို ခဏလောက် ခွင့်ပြုပါအုံးနော် ....လူနာကို သွားကြည့်ပေးလိုက်အုံးမယ် "
"ဟုတ်ကဲပါ ခင်ဗျ "
ဒေါက်တာကျော်စွာဦးက နှုတ်ဆက်ပြီးနောက် အလုပ်သမားမောင်မိုးခေါ်ရာနောက်သို့ လိုက်ပါသွားတယ်။ သတိုးမှာ ဒေါက်တာကျော်စွာဦးကိုကြည့်ပြီး ရင်ထဲမှာ
ခင်မင်နှစ်လိုစိတ်တွေထူးထူးဆန်းဆန်း ဖြစ်ပေါ်လာခဲ့မိတယ်။
"ကဲ အန်ကယ်တို့ သွားရအောင် မောင်သတိုး "
~~~~~~~~~~~~~~~~~~~~~~~~~
"ရုတ်တရက်မို့ လန့်သွားပြီး နှလုံးခုန်မြန်သွားတာပါ ... စိုးရိမ်စရာမရှိတော့ပါဘူး ... ခြေထောက်က ဒဏ်ရာကိုလဲ သေချာချုပ်ပေးထားတာမို့ သိပ်မကြာခင် အနာကျက်သွားမှာပါ "
" ဟုတ်ကဲ့ အစ်ကို ...တော်သေးတာပေါ့ နှင်းဆီမှာ စိုးရိမ်နေရတာ..."
ဒေါက်တာကျော်စွာဦးက နှင်းဆီ မျက်နှာလေးကို ပြုံးမြမြနဲ့ ကြည့်လိုက်ပြီး လေသံအေးလေးနဲ့ ပြောလိုက်တယ်။
" သူများကို စိတ်ပူတာလဲ စိတ်ပူတာပေါ နှင်းရယ် ... ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်အုံး ..."
"ဟုတ်ကဲ့ပါ အစ်ကို...ဒါနဲ့ .... ပုန်းညက်နဲ့ မေမြကိုလဲ တစ်ခါတည်း ကြည့်သွားပေးလေ အစ်ကို .... "
နှင်းဆီဖြူက ပြုံးပြီး ပြန်ပြောလိုက်တော့ ဒေါက်တာကျော်စွာဦးက ခေါင်းကို အသာငြိမ့်ပြပြီး ပြန်ပြောလိုက်တယ်။
"ဟုတ်ပါပြီ ဗျာ ...ကဲပါ လာလေ ပုန်းညက်ကို အရင်သွားကြည့်ရအောင် "
~~~~~~~~~~~~~~~~~~~~~~~~~
ညရဲ့ညဉ့်အမှောင်အောက်မှာ နှင်းဆီမြိုင်စံအိမ်ကြီးက တိတ်ဆိတ်ငြိမ်သက်စွာပင်ရှိနေတယ်။ စံအိမ်ကြီးထဲကလူတွေ အားလုံးအိပ်မောကျနေချိန်မှာ အရိပ်မည်းကြီးတစ်ခုက စံအိမ်ကြီးရဲ့ အမှောင်ရိပ်လွှမ်းနေတဲ့ စင်္ကြန်လမ်းမှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ လှုပ်ရှားသွားလာနေတယ်။
~~~~~~~~~~~~~~~~~~~~
"လာ ..လာကြပါအုံးရှင် ...ဒီ ...ဒီမှာ အေးအေး အသက်မရှိတော့ဘူး "
မိုးပင်ကောင်းစွာမလင်းသေးတဲ့အချိန်မှာ နှင်းဆီမြိုင်စံအိမ်ကြီးရဲ့ အလုပ်သမားများအခန်းဆီမှ ထိတ်လန့်စွာ အော်ဟစ်လိုက်တဲ့အသံကြီးက ချောက်ချားစဖွယ်ထွက်ပေါ်လာခဲ့တယ်။
@@@@@@@@@@@@@@@@@@
အပိုင်း ( ၄ ) ဆက်ရန်
ဧကြည်ဖြူ
၁၀.၁၀ .၂၀၂၂
တနင်္လာ