book

Index 9

အပိုင်း (၉)

ဧကြည်ဖြူ 


ဘီနာ 


**********************

"ရပ်စမ်း ဘယ်သူလဲ " 


          ခက်ထန်မာကျောလှသော မေးသံကြောင့် မေရီ၏ခြေလှမ်းများသည် တုံ့ခနဲ ရပ်တန့်သွားပြီး တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်လေသည်။ 


"မေ ... မေရီပါ အစ်ကိုကြီး " 


    

"မေရီဟုတ်လား ...မင်းကို ငါမခေါ်ထားဘူးလေ " 


       မေရီ၏ ဖြေသံအဆုံးတွင် မက်ဂန်သည် မာဆက်ဆက်အသံဖြင့်ပြန်၍ ပြောလိုက်လေသည်။


" ဟုတ် ... ဟုတ်ပါတယ် မခေါ်ထားပါဘူးရှင် ... အစ်ကိုကြီးကို အရေးတကြီးပြောစရာရှိလို့လာခဲ့တာပါ " 


"ဟေ့ ...ဘယ်သူလဲ မက်ဂန်း "


       မေရီနှင့် မက်ဂန်းစကားပြောနေစဉ်မှာပင် သူဌေးကလေသံမာမာဖြင့် လှမ်း၍မေးလေသည်။ 


"ဟို ..ပျော်တော်ဆက်မလေးပါ သူဋ္ဌေး ... အခုချက်ချင်း ပြန်လွှတ်လိုက်ပါ့မယ် " 


        မက်ဂန်းသည် သူဋ္ဌေးမင်းကို ရို့ရို့ကျို့ကျို့ပြန်ဖြေလိုက်ပြီးလျှင် မေရီကို မျက်နှာရိပ်မျက်နှာကဲဖြင့် ပြန်ရန် လုပ်ပြနေစဉ်မှာပင် အခန်းထဲမှ သူဌေးမင်း၏ အသံထွက်ပေါ်လာလေသည်။ 


"ဟုတ်လား ...ဒီကို ခေါ်လာခဲ့စမ်း မက်ဂန်း " 


~~~~~~~~~~~~~~~~~~~~~

" ဟေ ....အလှလေးပါလားဟ... သူ့ကို ငါမမြင်ဖူးပါဘူး .." 


       သူဌေးမင်းသည် မေရီကိုစားတော့ဝါးတော့မတတ် ကြည့်ရင်းပြောလိုက်လေသည်။ 


"သူ ... သူက လူသစ်ပါ သူဋ္ဌေးမင်း " 


      မက်ဂန်းသည်သူဌေးမင်း ငြိုငြင်သွားမည်စိုးသောကြောင့် ထစ်ထစ်ငေါ့ငေါ့ဖြင့် လိမ်လည်ပြောဆိုလိုက်လေသည်။ 


"ဟုတ်လား ....ဒါနဲ့ ညကြီးအချိန်မတော် ဒီကိုဘာလာလုပ်တာလဲ ...မင်းကို ဘယ်သူခေါ်ထားတာလဲ မိန်းခလေး " 


       သူဌေးမင်း၏ အမေးကြောင့် မေရီ၏ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲတုန်သွားရပြီးလျှင် ထိတ်လန့် တုန်လှုပ်စိတ်ဖြင့် မက်ဂန်းကို လှမ်း၍ကြည့်လိုက်လေသည်၊၊ 


"ဘယ် ..ဘယ်သူမှ မခေါ်ထားပါဘူး သူဋ္ဌေးမင်း ... သူပြောတာတော့ အရေးတကြီး ပြောစရာရှိလို့လာတယ်လို့ ပြောပါတယ် ... ဟဲ့ကောင်မ ဘာပြောမှာလဲ .... ပြောလေ ... ဒီမှာ သူဋ္ဌေးမင်း မေးနေတာမကြားဘူးလား " 


        မက်ဂန်းသည် သူဋ္ဌေးမင်းကို ပြန်ဖြေရင်းမှ မေရီကိုခပ်ငေါက်ငေါက်ပြောလိုက်လေသည်။ 


"ဟို ...ဟို ...ဒီ ...ဒီလိုပါရှင် ... မော်... မော်စီကို သတ်...သတ်တဲ့သူကို မြင်...မြင်လိုက်တယ်လို့ ပြောမလို့ လာခဲ့တာပါ " 


  "ဘာ ...ဘာပြောတယ် ... မော်စီကို သတ်လိုက်တဲ့သူဟုတ်လား ...အဲ့ဒါ ဘယ်သူလဲ ... ပြောစမ်း ....မြန်မြန်ပြောစမ်း..." 


         မေရီ၏ တုန်ယင်ထစ်ငေါ့နေသော ပြောသံမဆုံးခင်မှာပင် သူဋ္ဌေးမင်း၏ အသံကဟိန်းထွက်၍ လာလေသည်။ 


" မေးနေတာမကြားဘူးလား ... မြန်မြန်ဖြေလိုက်လေ " 


          မက်ဂန်းသည် မေရီကို ကြည့်ပြီး အသံမာမာနှင့် ဟိန်းဟောက်လိုက်လေသည်။မက်ဂန်းကို ကြည့်၍ မေရီမှာ ကတုန်ကယင်ဖြင့် ပြန်၍ဖြေလိုက်လေသည်။ 


"အဲ့ ...အဲ့ဒါ ... ဘီ ... ဘီနာပါ ...မော်စီကို ဘီနာသတ်လိုက်တာကို  ကျွန်မမြင်လိုက်ပါတယ် " 


" ဘာ ... ဘီနာဟုတ်လား ...ဘီနာဆိုတာ ဘယ်သူလဲ ... ဘယ်ကကောင်လဲ ...မင်းသိလား မက်ဂန်း ...."

      သူဋ္ဌေးသည် ထိုင်ရာမှဝုန်းခနဲ ထရပ်လိုက်ပြီးလျှင် ဒေါသတကြီးဖြင့်မက်ဂန်းကို မေးလိုက်လေသည်။ 


"သိ ...သိပါတယ် သူဋ္ဌေးမင်း ... ထင်းရုံက အလုပ်သမားကောင်လေးပါ ... ခုချက်ချင်းသွားဖမ်းခိုင်းလိုက်ပါ့မယ် သူဌေးမင်း " 


"အေး  အဲ့ဒီကောင်ကို သွားဖမ်းပြီး ဒီကို အမြန်ဆုံးခေါ်လာခဲ့ ... ငါခဏအနားယူလိုက်အုံးမယ် " 


       သူဋ္ဌေးသည် မေရီ၏ခန္ဓာကိုယ်ကို သိမ်းကြုံး ကြည့်လိုက်ပြီး ပြောလိုက်လေည်။ 


~~~~~~~~~~~~~~~~~~~~~~ 


      သစ်လုံးများကြားရှိ လူတစ်ကိုယ်စာနေရာလေးတွင် ငြိမ်သက်စွာဝပ်လျက် ဘီနာခေတ္တမျှ ငြိမ်၍ စဉ်းစားနေမိသည်။မေရီကို အလုံးစုံ ယုံကြည်၍မရမှန်း ဘီနာ သိသည်။မေရီမှမဟုတ် ဤစက်ရုံရှိ မည်သူ့ကိုမျှယုံကြည်၍မရနိုင်မှန်း ဘီနာသိသည်။သို့သော်လည်း ထွက်ပြေးရန်အတွက်လမ်းမှာ အနောက်ဘက် တောအုပ်သာရှိသည်။ယခုလို ရာသီဥတုမျိုးနှင့်ဆိုလျှင် တောအုပ်ထဲမှ ဖြတ်လျှင် အသက်ရှင်ဖို့ရန် အခွင့်အလမ်းနည်းပါးသည်ကိုလည်း ဘီနာသိသည်။ ထို့ထက်ပို၍ နောက်ရက်တွင် စစ်ဆေးရေးများရောက်လာခဲ့လျှင် ဘီနာ့မှာ လုပ်စရာများရှိသည်။ ပြင်ဆင်သင့်သည်များကိုလည်း ဘီနာပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။သည်တစ်ကြိမ် အခွင့်အရေးသည် ဘီနာ အပါအဝင်အလုပ်သမားများနှင့် ဤမြို့လေးအတွက် နောက်ဆုံးအခွင့်အရေးလည်းဖြစ်နိုင်သည်။သည်လိုအခွင့်အရေးမျိုးကို ဘီနာ လက်မလွတ်ချင်ပါ။နောက်ဆုံး ဘီနာ၏အသက်ကို စွန့်လွတ်ရမည်ဆိုလျှင်တောင် သည်အခွင့်အရေးကို အောင်မြင်စေချင်သည်။ 


"ရှာကြစမ်းဟေ့ ... အမြန်ရှာကြစမ်း " 


" တဲထဲမှာတော့ မရှိဘူး ... ဒီကောင်ဘယ်သွားတာလဲ ...ထွက်ပြေးသွားပြီလား " 


       ရုတ်ချည်ပေါ်ထွက်လာသော ဆူဆူညံညံအသံများကြောင့် ဘီနာ၏ခန္ဓာကိုယ်ထဲရှိသွေးများပင် ခဲတောင့်သွားသလို ခံစားလိုက်ရသည်။သစ်လုံးများကြား တစ်ကိုယ်စာတွားသွားလို့ရရုံလိုဏ်ခေါင်းသဖွယ် လုပ်ထားခြင်းကြောင့် ထိုသူများ ဘီနာ့ကိုရှာတွေ့ဖို့ရန် ခဲယဉ်းလှပေသည်၊၊ရှာမတွေ့ သည့်အဆုံး၌  ထင်းရုံကြီးကို မီးတင်ရှို့လိုက်ရင်တော့ဖြင့် ဘီနာ့အတွက်လွတ်လမ်းမရှိ ဖြစ်သွားနိုင်သည်။ သို့သော်လည်း သူဌေး လိုလူမျိုးသည် သူ့ပစ္စည်းတစ်ခုတလေးကိုမျှဆုံးရှုံးခံမည့်လူစားမျိုးမဟုတ်။စစ်ဆေးရေးများလာသည်အထိ ဘီနာသည်းခံရပေမည်။ 


"ရှာကြစမ်း ... အမြန်ရှာကြ ....သူ့ကိုမတွေ့ရင် မင်းတို့ဓါးစာခံဖြစ်သွားမယ် " 


        ထင်းရုံထဲတွင် ဆူညံပွက်လောရိုက်နေသောအသံများနှင့်ဓါတ်မီးရောင်တဝင်းဝင်းကို ဘီနာမြင်နေရသည်၊၊ဘီနာ တုတ်တုတ်မျှမလှုပ်ရဲပါ။အများနှင့် တစ်ယောက် ဘီနာမယှဉ်ဝံ့မယှဉ်ရဲပါ။ ဘီနာ့အတွက် နှလုံးရည်စွမ်းအားနှင့် ဉာဏ်စွမ်းအားသည် သာ အားကိုးရာဖြစ်သည် မဟုတ်ပါလား။ 


~~~~~~~~~~~~~~~~~~~~ 


"ဘာ ...မတွေ့ဘူး ဟုတ်လား ....မင်းတို့ တယ်ပေါ့ဆ ပါလား မက်ဂန်း ....စက်ရုံဝန်းထဲက လူတစ်ယောက်ပျောက်သွားတာတောင် မသိရအောင် မင်းတို့ တယ်ညံ့ပါလားကွ ...မင်းတို့ကောင်တွေ ... ငါ့ခွေးတွေလောက်ကောင် အားမကိုးရပါလား .... အသုံးမကျတဲ့ကောင်တွေ..." 


"ဖြောင်း ... ဖြောင်း " 


"ဝုန်း "  "ဒုန်း " 


        သူဋ္ဌေးမင်းသည် ဒေါသတကြီးနှင့် ပြောဆိုပြီးလျှင် မက်ဂန်း အပါအဝင် လူမိုက်များကို စိတ်ရှိလက်ရှိထိုးကြိတ်ကန်ကျောက်လေသည်။ 


" အသုံးမကျတဲ့ကောင် ...ရှာကြ ...အဲ့ဒီကောင်ကို တွေ့အောင် ရှာကြ ...သူ့မှာ ကြံရာပါတွေရှိလိမ့်မယ်...ခွေးတွေကို သုံးပြီး ရှာစမ်းမက်ဂန်း " 


~~~~~~~~~~~~~~~~~~~~~

        မေရီ ဖျတ်ခနဲလန့်နိုးလာချိန်၌ နံဘေးတွင် သူဋ္ဌေးမင်းမရှိပါလေတော့။မေရီကျေကျေနပ်နပ်ပြုံးလိုက်မိသည်။ဘီနာ့ အကြောင်းကို သတင်းပေးခြင်းအတွက် ဆုငွေမရလျှင်လည်း မေရီမမှုတော့ပါ။ သူဋ္ဌေးမင်းက မေရီကို စွဲလမ်းသွားခဲ့လျှင် မေရီအတွက် အခွင့်အရေးကောင်းများ ရနိုင်သည်မဟုတ်ပါလား။မက်ဂန်းလိုအလုပ်သမားခေါင်းဆောင်ထက် သူဋ္ဌေးမင်းလိုလူမျိုးသည်သာ မေရီတို့မိသားစုဘ၀ကို ပြောင်းလဲပေးနိုင်သည်မဟုတ်ပါလား။ 


         မေရီခုတင်ထက်မှ ထလိုက်ပြီးလျှင် ဖရိုဖရဲဖြစ်နေသော ခန္ဓာကိုယ်ကို ပြင်ဆင်လိုက်သည်။ပြီးနောက်ခြေကို ဖော့လျက် အခန်းပြင်သို့ ထွက်ခဲ့သည်။ 


~~~~~~~~~~~~~~~~~~~~~~~ 


" ပြောလေ ... မင်းတို့ ဘယ်သူတွေကိုတိုင်ထားသေးလဲ " 


"မ ...မတိုင်ပါဘူးခင်ဗျား ... အစ်ကိုကြီးက အိမ်ကမကြာခဏ ထွက်သွားတတ်တဲ့ အကျင့်ရှိလို့ ဘယ်ကိုမှလဲ မတိုင်ထားပါဘူး " 


"အဘိုးကြီး ... မှန်မှန်ဖြေစမ်း ခင်ဗျားသားပျောက်နေတဲ့ အကြောင်းကို ဘယ်သူတွေကို လိုက်ပြောသေးလဲ " 


          မက်ဂန်းသည် စိတ်မရှည်စွာပင် အသက်ကြီးကြီးအဘိုးအိုကြီး၏ လည်ပင်းကို ဓါးဖြင့် ထောက်၍မေးလိုက်လေသည်။ထို မြင်ကွင်းကို သူဋ္ဌေးမင်းသည် ဆိုဖာခုံပေါ်တွင် မိန့်မိန့်ကြီးထိုင်လျက်မှ ကြည့်နေလေသည်။ 


"မလိမ်နဲ့နော် အဘိုးကြီး   ....ခင်ဗျာသားဆီကို လာတဲ့သူကိုရော သိတယ်မဟုတ်လား ...သူနဲ့ ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေရှိတယ်မလား ...."


" မ ...မသိပါဘူးကွယ် ... သားကြီးက သူဘာလုပ်လုပ် အိမ်ကိုပြောလေ့မရှိပါဘူး..သူ့ဆီလာတဲ့ဧည့်သည်ကိုလဲ မသိပါဘူးကွယ် " 


"ဟာ ...ဒီအဘိုးကြီးလိမ်နေတာပဲ ...ကဲကွာ ...လိမ်အုံး...လိမ်ချင်အုံး " 


" ဗုန်း ...ဗုန်း " 


"ဖြောင်း ...ဖြောင်း " 


      မက်ဂန်းနှင့် သူ၏တပည့်လူမိုက်များသည် အဘိုးကြီးတို့သားအဖသုံးယောက်ကို စိတ်ရှိလက်ရှိ ကန်ကျောက်ရိုက်နှက်ကြလေသည်။သားအဖသုံးယောက်မှာ ကြမ်းပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် အသနားခံလျက်ရှိကြလေသည်။ 


"ဟေ့ မက်ဂန်းလာအုံး  .... ရပ်လိုက်ကြတော့ ..မေးလဲ ဘာမှထူးမှာမဟုတ်ဘူး အပြတ်ရှင်းလိုက်တော ... ဘီနာဆိုတဲ့ကောင်ကိုမိရင် ချုပ်ထားလိုက် ... ဒါနဲ့ မေရီ ဆိုတဲ့ ကောင်းမလေးကိုပါရှင်းပစ်ရမယ် ...အဲ့ဒီကောင်းမလေး မိသားစုတွေကိုပါ စုံစမ်းပြီးခေါ် လာခဲ့...  " 


~~~~~~~~~~~~~~~~~~~~~~

        အခန်းထဲမှ ခပ်သဲ့သဲ့ကြားလိုက်ရသော အသံများကြောင့် မေရီသည်သွေးပျက်လုမတက် ထိတ်လန့်တုန်လှုပ်သွားမိပြီး မောင်ဖြစ်သူနှင့်အဘွားဖြစ်သူအတွက် လွန်စွာစိုးရိမ်သွားမိလေသည်။ မေရီတို့တွင် မိသားစုဆို၍ မြေအဘွားသုံးယောက်သာရှိသည်။မြို့လေး၏ အစွန်အဖျားတွင် အဘွားဖြစ်သူမှာ မုန့်လုပ်ရောင်း၍ ဝမ်းရေးအတွက် ဖြေရှင်းကြသည်။မေရီ၏မစို့မပို့လုပ်အားခမှာ ပန်းနာရင်ကြပ်ရောဂါသည်ဖြစ်သောမောင်ဖြစ်သူအတွက် ဆေးဖိုးသာဖြစ်သည် မဟုတ်ပါလား။မေရီသည် မောင်ဖြစ်သူအတွက် လုံလောက်သော ဆေးဖိုးဝါးခနှင့် အဘွားဖြစ်သူအတွက် ငွေစအနည်းငယ်မျှကိုသာ မျှော်လင့်ခဲ့ခြင်းဖြစ်ပေသည်။ ယခုမူ မေရီ၏အတွေးစိတ်ကူးများသည် သွေးညှီနံ့များလှိုင်ခဲ့လေပြီ။မေရီသည် အတန်ကြာမျှ အသက်ကင်းမဲ့သူလို ရပ်နေမိပြီးနောက် စင်္ကြန်လမ်းလေးအတိုင်း ခြေလှမ်းများကို ခပ်ဖွဖွနင်းလျက်ထွက်ခဲ့လေသည်။


  "ဟေ့ ရပ်စမ်း... အဲ့ဒါ ဘယ်သူလဲ ..." 


        ခက်ထန်မာကျောသောအသံက ဟိန်းခနဲထွက်ပေါ်လာသည်။ 


"ဟို .. ကျွန်...ကျွန်မ ... မေ ..မေရီပါရှင် ...အဆောင်ကို ပြန်တော့မလို့ပါရှင် " 


       မေရီသည် အသံကို မတုန်အောင်သတိထား၍ ဖြေလိုက်သည့်ကြားမှ အသံမှာတုန်တုန်ယင်ယင်ဖြင့်ထွက်သွားလေသည်။ 


" မေရီတဲ့ ဆရာမက်ဂန်း " 


"ဟေ့ ..မေရီ ပြန်တော့မလို့လား ... နေပါအုံး ... သူဌေးကမင်းကို ဆုချမလို့တဲ့ ...အခန်းထဲက စောင့်နေခိုင်းထားတယ် ... ဟေ့ကောင်တွေ မေရီကိုအခန်းထဲ ခေါ်သွားကြစမ်း " 


       ကျယ်လောင်စွာ ထွက်ပေါ်လာသော မက်ဂန်း၏ အသံကြောင့် မေရီ့မှာထိန်းထားသည့်ကြားမှပင် ဒူးများမှာ ညွှတ်ခနဲခွေကျသွားလေတော့သည်။ 


~~~~~~~~~~~~~~~~~~~~~~~ 


" ဝုတ် ... ဝုတ် ... ဝုတ် " 


         ဉာဉ့်သန်းခေါင်ယံကုန်လုလု ချိန်တွင် ခွေးဟောင်သံများသည် ထင်းရုံထဲ၌ ကျားဟိန်းသံများအလား ထွက်ပေါ်လျက်ရှိသည် ။အနံ့ခံကောင်းလှသော ခွေးများဖြစ်သောကြောင့် ဘီနာ့အိပ်စက်ခဲ့ရာ အိပ်ရာကို အနံ့ခံစေပြီးနောက် အနံ့ဖြင့် ရှာဖွေစေလေသည်။ 


"ခွေးတွေက သစ်ပုံကိုပဲထိုးဟောင်နေတယ် ... သေချာတယ် ဒီကောင် ဒီထဲမှာပဲရှိရမယ် ...ဆရာမက်ဂန်းနဲ့ သူဌေးဆီကို အကြောင်သွားကြားစမ်း " 


        ပါးပြင်ပေါ်သို့ ပေါက်ခနဲ စီးကျလာသော မျက်ရည်စကို ဘီနာ ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ပြီးလျှင် မော်စီဆီမှ ယူထားလိုက်သော သေနတ်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ယနေ့ည သည် ဘီနာ့အတွက် နောက်ဆုံး အသက်ရှင်ရမည့်ညလည်း ဖြစ်နိုင်သည်။အသက်ရှင်သန်ဖို့ရာ ဘုရားသခင်ထံတွင် ဘီနာဆုမတောင်းမိပါချေ ။ ဘုရားရှင်သည် ကောင်းသောလမ်းကို ညွှန်ပြခဲ့ပြီးပြီ ဖြစ်သည်။လူသားများ၏ နှလုံးသားနှင့်အသိဉာဏ်ကို ပွင့်လန်းလာစေရန် လမ်းပြခဲ့ပြီးပြီ ဖြစ်သည်။ထို့အတွက် ဘီနာ၏ လွတ်မြောက်မှုအတွက် ကိုယ့်ဘာသာကြိုးစားရမည်ဆိုသည်ကို ဘီနာကောင်းစွာနားလည်ပေသည်။ဘီနာသည် ထင်းရုံသို့ရောက်ကတည်းကပင် အရေးကြုံလျှင် ပုန်းခိုနိုင်ရန်အတွက် သစ်လုံးများနှင့် ထင်းများကို အသုံးပြုလျက် သစ်လုံးများကြားတွင် လိုဏ်ခေါင်းလမ်းသဖွယ် ပြုလုပ်ခဲ့သည်။လိုဏ်ခေါင်းတွင် ထွက်ပေါက်နှစ်ခုရှိသည်။တစ်ပေါက်မှာ ဘီနာနေထိုင်ရာ သစ်လုံးတဲနှင့်အနီးဆုံးတွင် ရှိပြီးလျှင် ကျန်တစ်ပေါက်မှာ အနောက်ဘက် တောစပ်ဘက်သို့ထွက်ဘောနေရာတွင်ရှိသည်။အပေါက်များ၏ထိပ်တွင် သစ်လုံးတိုများဖြင့် ဟန်မပျက်ပိတ်ထားသောကြောင့် လူချည်းသက်သက်ရှာလျှင်မူ တွေ့ရန်မလွယ်ကူလှပါချေ။ယခုကဲ့သို့ ခွေးများ ပါလာသောအခါတွင်မူ လွတ်မြောက်ရန် လွယ်ကူမည်မထင်ပေ။ဝမ်းလျားထိုးအနေအထားမှ ဘီနာသည် တောစပ်ဘက်ထွက်ပေါက်ရှိရာသို့ တဖြည်းဖြည်း တိုးရွှေ့၍သွားသည်။ 


" တွေ့ပြီလား " 


" မတွေ့သေးဘူး သူဌေး " 


" တွေ့အောင်ရှာကြစမ်း ... မိုးမလင်းခင်တွေ့မှဖြစ်မယ် ... လွှစက်တွေယူခဲ့ကြ ...သစ်လုံးတွေကိုဖယ်ပြီးရှာကြစမ်း " 


"ဝုတ် ဝုတ် ဝုတ် 


~~~~~~~~~~~~~~~~~~~~~~~ 


        ထိပ်ဝတွင်ခံထားသော သစ်လုံးကို ခပ်ဖြည်းဖြည်းတွန်းဖယ်လိုက်ပြီးနောက် ဘီနာလျောခနဲတိုးထွက်လိုက်သည်။လွတ်ရန် လမ်းစမရှိသည်ထက်စာလျှင် အန္တရာယ်များလှသော တောအုပ်သည်ပင် ဘီနာရှင်သန်ဖို့ရာ အခွင့်အရေး ဖြစ်နိုင်သည်မဟုတ်ပါလား။ 


@@@@@@@@@@@@@@@@@

အပိုင်း ( ၁၀ ) 


   ဇာတ်သိမ်းပိုင်း ဆက်ရန် 


ဧကြည်ဖြူ


rate now: