book

Index 8

အပိုင်း (၈)

ဧကြည်ဖြူ 


"ဘီနာ "


********************** 


      ဘီနာက ခြေကိုကုပ်၍ မသိမသာရုန်းသည်။ထိုအခါ လက်တစ်ဖက်တည်းနှင့်ဆွဲနေသော ထိုသူမှာ ရှေ့ဆက်၍မတိုးနိုင်ဘဲ မောပန်း၍လာလေသည်။မောပန်းလာသည်နှင့်အမျှ ဒေါသထွက်လာပြီး ဘီနာ့ကို အော်ဟစ်ဆဲဆို၍ ထိုးကြိတ်ကန်ကျောက်လေသည်။ 


"ကောင်မ ကောင်းကောင်းမလိုက်ဘူးလား ...ငါက ညှာနေတာကို အကောင်းမှတ်နေတာလား ...ကဲဟာ ....သေစမ်း " 


"ဗုန်း...ဗုန်း ....." 


"ခွပ် ... ခွပ် " 


        ခန္ဓာကိုယ်အနှံ့သို့ ကျရောက်လာသော လက်သီးချက်များနှင့် ခြေထောက်ကန်ချက်များကြောင့် ဘီနာ့တစ်ကိုယ်၌သွေးစသွေးနများပင်ထွက်၍ လာသည်။ဘီနာသည် အံကိုတင်းတင်းကြိတ်၍ ခံနေပြီးလျှင် ထိုသူ၏ခြေအစုံကို လက်နှစ်ဖက်နှင့်စုံကိုင်၍ တောင်းပန်လိုက်သည်။ 


"တော် ...တော်ပါတော့ ...လိုက်...လိုက်ခဲ့ပါ့မယ် ... ခြေ ... ခြေထောက်က အရမ်းနာနေလို့ပါ...လိုက်..လိုက်ခဲ့ပါ့မယ် ...ထက်မရိုက်ပါနဲ့တော့ တောင်းပန်ပါတယ် " 


" ဒီလိုမှပေါ့ ..အစကတည်းက ဒီလို လိမ္မာလိုက်ရင် ပြီးနေတာကို ဘာလို့ အသားနာခံနေရတာလဲ  ......" 


      ဘီနာက တိုးလျှိုးတောင်းပန်လိုက်သောအခါ ထိုသူသည် ရိုက်ရန်ပြင်နေသော လက်ကိုရုပ်သိမ်းလိုက်ပြီး သူ၏လက်ဖဝါးပေါ်မှ ဘီနာ၏ သွေးစများကို ပွတ်သုတ်လိုက်ပြီး ကျေနပ်အားရဟန်နှင့် ပြောလိုက်လေသည်။


"ဟုတ် ... ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ် " 


      ဘီနာသည် ထိတ်လန့်ကြောက်ရွံ့နေသော အသံဖြင့်အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေလိုက်ပြီး မြေပြင်ပေါ်မှ ကုန်း၍ထဟန်ပြင်လိုက်ရင်း နံဘေးရှိ သစ်သားချောင်းတစ်ချောင်းကို လျှင်မြန်စွာကောက်ယူလိုက်ပြီးလျှင် ထိုသူ၏ ပေါင်ကြားတည့်တည့်သို့ အားကုန်ရိုက်ချပစ်လိုက်သည်။ထိုမှ တစ်ချက်နှင့်အားမရဘဲ ခန္ဓာကိုယ်အနှံ့သို့ ဆင့်၍ဆင့်၍ ရိုက်ချပစ်လိုက်လေသည်။ 


" ကဲဟာ...ကဲဟာ...ခွေးတွေ ... မိန်းခလေးတစ်ယောက်ကို လက်နက်အားကိုနဲ့ အနိုင်ကျင့်မယ်ပေါ့ ....နင်နဲ့ငါသိတောင်မသိဘဲ နင့်သခင်က သတ်ခိုင်းတိုင်းလိုက်သတ်နေတယ်ပေါ့ ...နင်ကလူ မဟုတ်ဘူးလား ရူးတိုက်တိုင်းကိုက်တဲ့ ခွေးလား ..."


       ဘီနာ၏ရိုက်ချက်များသည် ပြင်းလွန်းလှ၍ ထိုသူမှာ အော်ပင် မအော်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ပစ်လဲကျသွားပြီးလျှင် ဆန့်ငင်ဆန့်ငင်ဖြစ် အကြောများ ဆွဲပြီးနောက် ငြိမ်သက်သွားလေသည်။ငြိမ်သက်သွားသော ခန္ဓာကိုယ်ကြီးကို ဘီနာကထင်းပုံများကြားသို့ မနိုင်မနင်းဆွဲသွင်းလိုက်သည်။ပြီးနောက် ထင်းများကိုအုပ်သည့် မိုးကာစတစ်စကို ယူ၍ သက်မဲ့ ခန္ဓာကိုယ်ကြီးပေါ်သို့ ဖုံးအုပစ်လိုက်သည်။ 


" ဖြောက် " 


          ထိုသို့ဘီနာအလုပ်များနေစဉ်မှာပင် သစ်ကိုင်းခြောက်ကိုနင်းသံလိုလို ကြားလိုက်ရသောကြောင့် ဘီနာစိုးရိမ်ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်စဉ်မှာ ထင်းရုံကြီးဘေးမှ ရိပ်ခနဲဖြတ်ပြေးသွားသော လူတစ်ယောက်ကို မြင်လိုက်ရသောအခါ ဘီနာသည် ခန္ဓာကိုယ်မှ နာကျင်မှုများကို အလေးမထားနိုင်ဘဲ ထွက်ပြေးသွားသော လူရိပ်နောက်သို့ အပြေးလိုက်ခဲ့သည်။ 


~~~~~~~~~~~~~~~~~~~~

     ရှေ့မှ ပြေးနေသောသူသည် ဘီနာ့လောက်အပြေးမမြန်သောကြောင့် တစ်ခဏအတွင်းမှာပင် ပြေးနေသူ၏ လက်ကိုဘီနာ လှမ်း၍ ဆောင့်ဆွဲနိုင်လိုက်လေသည်။ 


" မင်း ...မင်းဘယ်သူလဲ ...ဟင် ...မေ ..... မေရီလား "


         ဘီနာသည် မေရီ၏လက်ကို ဆုပ်ကိုင်လျက်သားနှင့် ကြက်သေသေသွားမိလေသည်။ 


"လွှတ် ... လွှတ်စမ်း ... နင်က လူသတ်သမားပဲ ... သစ်နက်ကိုလဲ နင်သတ်လိုက်တာ မဟုတ်လား .... ပြောလေ  ပြော " 


         မေရီသည် ဘီနာ့လက်ထဲမှ  သူ၏လက်ကို ဆောင့်ရုန်းလျက် တုန်တုန်ယင်ယင်နှင့် ပြောလိုက်လေသည်။ 


" ငါ ...ငါရှင်းပြမယ် မေရီ ...အားလုံးကို ငါရှင်းပြမယ် ...နင် မအော်ပါနဲ့နော် ...တော်ကြာ တစ်ယောက်ယောက်ကြားသွားရင် ငါ့ကိုမက်ဂန်းသတ်လိမ့်မယ် ... ငါရှင်းပြတာကိုနားထောင်ပါနော် ..." 


       မေရီသည် ဘီနာ့ကို ကြောက်၍ပင်လားမသိချေ။ဘီနာ၏စကားကို နားထောင်ပြီးလျှင် ဘီနာဆွဲခေါ်ရာသို့ ပါလာခဲ့လေသည်။ 


~~~~~~~~~~~~~~~~~~~~~~~ 


"ငါရှင်းပြနေတာ အမှန်တွေပါ မေရီ ... ငါမလိမ်ဘူး ...ဒီစက်ရုံမှာ လူတွေမကြာခဏ ပျောက်နေတာကို နင် သတိထားမိတယ်မဟုတ်လား ...အဲ့ဒါ သူတို့အလုပ်ထွက်သွားကြတာမဟုတ်ဘူး ...အားလုံး အသတ်ခံလိုက်ရတာပဲ ..." 


"အို ... အဲ့ဒါကတော့ သူတို့က သူဌေးကို ပုန်ကန်ချင်တာကို သူဌေးက အပြစ်ပေးမှာပေါ့ ...ပေးတာယူ ကျွေးတာစားပြီး အေးအေးဆေးဆေးနေရင်  ဘယ်သူက အလကားနေရင်း ရန်ပြုမှာလဲ " 


"ဘာ ..ဘာပြောတယ် မေရီ ...ငါဒီလောက်ရှင်းပြနေတာကို နင် သဘောမပေါက်ဘူးလား ...ငါရော ....ငါကရော ဘာအပြစ်တွေလုပ်မိလို့လဲ ...ငါ့နေရမှာ နင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲပြော ... ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မသိကျိုးကျွံပြုပြီးနေရင် တစ်နေ့ကျရင် ကိုယ့်အလှည့်ကို ရောက်လာလိမ့်မယ် နင်သိရဲ့လား မေရီ " 


       ဘီနာသည် ဒေါသသံစွက်လျက် အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။ 


" မသိဘူး ...မသိဘူး ...နင်က လူသတ်သမား...နင့်ကြောင့် သူဌေးမင်းနဲ့ မက်ဂန်းတို့လူစုက ငါတို့အလုပ်သမားတွေကို ရိုက်နှက် ဒုက္ခပေးနေတာ နင်မမြင်ဘူးလား ...ငါက ငါ့မောင်လေးအတွက် ဆေးကုဖို့ ငွေလာရှာနေတာ...နင်ကြောင့်တော့ ငါဒုက္ခရောက်မခံနိုင်ဘူး ..." 


         မေရီသည် ဘီနာ့ကို မျက်လုံး စိမ်းကြီးများဖြင့်ကြည့်လျက် လေသံမာမာဖြင့် ပြောသည်။အတင်းအကျပ်တော့ မပြောချေ။ဘီနာ့ကို ကြည့်၍ အနည်းမျှတော့လန့်နေလေသည်။ 


"ဟုတ်ပြီ မေရီ ... အဲ့ဒီကိစ္စတွေအတွက် ငါတောင်းပန်ပါတယ် ...ငါတောင်းဆိုချင်တာက ...ဒီကိစ္စကို ဘယ်သူ့ကို မှမပြောဘဲ မသိချင်ယောင်ဆောင်နေပေးပါနော် ... မကြာခင် အချိန်တွင်းမှာ ဒီကိစ္စတွေကပြီးသွားတော့မှာပါ ...အဲ့ဒါကြောင့် ဒီကိစ္စတွေကို နင်ဘယ်သူ့ကိုမှ မပြောပါနဲ့နော် မေရီ ....ငါတောင်းပန်ပါတယ် ..." 


      ဘီနာက အတန်တန်တောင်းပန်လိုက်သောအခါ မေရီသည် တစ်ခဏမျှ ငြိမ်သက်သွားပြီးလျှင် ဘိနာ့ရှေ့မှ ခြေလှမ်းများကို နောက်သို့ဆုတ်လိုက်လေသည်။ 


"ကောင်းပြီလေ ..ငါနှုတ်ပိတ်ထားပေးမယ်... နောက်ကိုနင်လဲ ငါ့ကို စကားလာမပြောနဲ့ .. အေး တကယ်လို့ များ နင့်ကြောင့် ငါတို့ အလုပ်သမားတွေ အနေရခက်မယ်ဆိုရင်တော့ ဒီကိစ္စကို ငါပြန်စဉ်းစားရမှာပဲ ... ပြီးတော့ ငါဒီကိစ္စတွေကို သိသွားလို့ ငါ့အသက်ကိုပါ ရန်ရှာဖို့တော့ မစဉ်းစားနဲ့နော် ...သစ်နက်မရှိတော့ပေမဲ့ ...ဦးလေးကြီးမက်ဂန်းကလဲ ငါ့ကို သဘောကျနေတာကို နင် သိထားပါ..." 


         မေရီ၏ စကားကြောင့် ဘီနာ့သည် ခေါင်းကို မသိမသာ ခါယမ်းလိုက်မိလေသည်။ 


" အေး ..နင် သတိတော့ထားပါမေရီ .. သူတို့က လူတစ်ယောက်ကို အပြတ်ရှင်းချင်ရင် အဲ့ဒီလူရဲ့ မိသားစုကိုပါ ဒုက္ခပေးတတ်တယ် " 


        မေရီသည် ဘီနာ့ကို ဘာမျှပြန်မပြောဘဲ ဘီနာ၏ ထင်းရုံထဲမှ လှစ်ခနဲ ပြေးထွက်သွားလေသည်။ 


~~~~~~~~~~~~~~~~~~~~~~~~~


"ဘာကွ ... မော်စီပျောက်နေတယ်ဟုတ်လား " 


"ဟုတ် ...ဟုတ်ပါတယ် သူဋ္ဌေး ...အစကတော့ ဟိုကောင်မလေးကို ရှာဖို့ သူခရီး ပြန်ထွက်သွားတယ်ထင်တာ ....သူ့အခန်းထဲကို ဝင်ကြည့်လိုက်တော့မှ သူ့ပစ္စည်းတွေ အကုန်ရှိနေတာကို တွေ့လိုက်ရတယ် ... ငွေတွေလဲ ယူမသွားဘူး ..." 


       သူဋ္ဌေးမင်း၏ အမေးကို မက်ဂန်းက ခေါင်းကို ဖြည်းလေးစွာဖြင့် ငြိမ့်ပြလျက် ပြန်ဖြေလိုက်လေသည်။ 


"ဒါဆို ...သူလဲ သစ်နက်လိုများ ဖြစ်သွားတာလား ... မင်းတို့ သူ့ကို သေချာရှာပြီးပြီလား ....မိန်းခလေတွေအဆောင်မှာရော ရှာပြီးပြီလား ...ပြီးတော့ သစ်နက်ကို တွေ့တဲ့ လျှိုထဲမှာရော ရှာပြီးပြီလား " 


"ရှာပြီးပြီဆရာ ..."


"ဒီကိစ္စဟာ မရိုးသားဘူး ... စက်ရုံ တစ်ဝန်းလုံးကို မြေလှန်ရှာစမ်း ... မင်းတို့ကောင်တွေ အသုံးမကျလို့ ပြဿနာတွေတက်ကုန်ပြီး သိရဲ့လား ... ဟိုသုံးကောင်ထဲက တစ်ယောက်က မြို့မှာ ထင်ပေါ်သူတစ်ယောက်ပဲ ...အရာရှိတွေကြားထဲ လဲပေါက်ရောက်တယ် .. အခုအဲ့ဒီကောင်ကို ဋ္ဌာနကလူတွေနဲ့လိုက်ရှာနေတယ် ...မကြာခင် ခြေရာခံမိသွားပြီး ဒီကို ရောက်လာနိုင်တယ် သိရဲ့လား  " 


"ဟုတ်... ဟုတ်ကဲ့ သူဌေး " 


"ဒါတွေက မင်းတို့အသုံးမကျလို့ ဖြစ်တာ ... မင်းတို့ ဟိုကောင့်ကိုသာ တိုးတိုးတိတ်တိတ်ရှင်းနိုင်ခဲ့ရင် ဒီပြဿနာတွေ ဖြစ်လာစရာအကြောင်းကို မရှိဘူး ...ဒီကြားထဲ ဟိုဂန်းနာမလေးက လွတ်သွားသေးတယ် ... ငါ့အထင်တော့ ဒီစက်ရုံမှာ ငါတို့ကို ဒုက္ခပေးမယ့်သူတွေတော့ ရှိနေပြီ အဲ့ဒီကောင်တွေကို တွေ့အောင်ရှာပြီး အပြတ်ရှင်းပစ်လိုက်ကြ ...ပိပိရိရိရှိပါစေနော် ... တစ်ခုခုသတင်းထွက်လို့ကတော့ မင်းတို့လဲအသက်ရှင်ဖို့ မမျှော်လင့်နဲ့ " 


~~~~~~~~~~~~~~~~~~~~~~~~~

       ပျောက်ချင်းမလှပျောက်သွားသော မော်စီကြောင့်မက်ဂန်းတို့အုပ်စုမှာ မြင်မြင်ရာမသင်္ကာသူမှန်သမျှကို ညလူခြေတိတ်ချိန်၌ ဝင်၍ ဆွဲကြလေတော့သည်။အထူးတလည် ဆောက်လုပ်ထားသော တိုက်ကြီး၏မြေအောက်ခန်းထဲ၌ ဒဏ်ရာဒဏ်ချက်များဖြင့် လဲနေသူများလည်း အများအပြားရှိလေသည်။ 


" ဘယ်ကောင်းမှလဲ ၀န်မခံဘူး...ဒီလိုရှာနေရင်တော့ တွေ့မှာမဟုတ်ဘူး ...အဒီတော့ ငွေစကြေးစနဲ့ မျှားပြီး စုံးစမ်းစမ်းမက်ဂန်း ... ဒီရက်ပိုင်းထဲမှာ ရှင်းစရာရှိတာတွေကို အမြန်ရှင်းထား .... မင်းကောင်တွေထဲမှာ သေချာရှာအုံး ....ငါ့သားကို တခြားနေရာပို့ထားပြီးပြီမို့ ဟိုအရူးမကိစ္စပေါ်လာရင် ငါ့သားနာမည် လုံးဝမထွက်စေနဲ့ ကြားလား " 


~~~~~~~~~~~~~~~~~~~~~~~ 


"မော်စီအကြောင်း သတင်းပေးတဲ့သူကို သူဋ္ဌေးမင်းက ဆုချီးမြှင့့်မှာတဲ့လား ...ဆုကြေးကဘယ်လောက်ရမှာရမှာလဲဟင် သိကြလား " 


      မေရီက ကြားရသောသတင်းစကားအတွက် မေးမြန်းလိုက်သည်။ 


" ငွေအလုံအလောက်ပေးမယ်ကြားတာပဲ ...ကြည့်ရတာ မော်စီက သူဋ္ဌေးမင်းရဲ့ငွေတွေများ ခိုးသွားလို့လား ... မော်စီအကြောင်း သိရင်တောင် ပြောရဲကြပါ့မလား ... မော်စီက ဘယ်လောက်ရက်စက်လဲ လူတိုင်း သိနေတာပဲဟာ " 


        စကားသံများသည် မေရီ၏ နားထဲတွင် အဆက်မပြတ်ကြားယောင်လျက်ရှိလေသည်။ဤစက်ရုံဝန်းထဲတွင် မော်စီထက်ကြောက်စရာကောင်းသောသူရှိနေသည်ကိုသိနေသော မေရီအတွက် စိတ်ထဲ၌မတင်မကျဖြစ်လျက်ရှိလေသည်။ 


~~~~~~~~~~~~~~~~~~~~~~~~~~~ 


"ဟိတ်ကောင် ဘီနာ ... မင်းဒီကိုလာအုံး..." 


        ဒေါသသံဖြင့် လှမ်းအော်လိုက်သော မက်ဂန်းကြောင့် ဘီနာသည် မက်ဂန်းနားသို့ ခပ်ရို့ရို့ လျှောက်၍ သွားလိုက်သည်။ 


"မင်းက စက်ရုံတစ်ဝန်းလုံး လျှောက်သွားနေတာ ...မသင်္ကာစရာလူတွေ ဘာတွေ တွေ့မိသေးလား ..." 


" ဟုတ်..ဟုတ်ကဲ့ ... မတွေ့ပါဘူးဆရာ ...လူတွေက ကျွန်တော်ကို တွေ့ရင်နံလို့ဆိုပြီး မောင်းထုတ်ကြလို့ ...ကျွန်တော်လဲ လူတွေနားကို သိပ်မကပ်တော့ ဘာမှမသိပါဘူး "


        ဘီနာက မက်ဂန်းနှင့်မလှမ်းမကမ်းတွင် ရပ်လျက်မှ မဝံ့မရဲဖြင့်ဖြေလိုက်လေသည်။ထိုအခါမက်ဂန်းသည် ဘီနာ့ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးလျှင် 


"သူတို့ပြောတာလဲ မလွန်ဘူး ... မင်းတစ်ကိုယ်လုံးနံစော်နေတာပဲ ...သွားစမ်းကွာ ....သွားစမ်း ...မင်းကို မြင်ရတာ ကျက်သရေတုံးတာပဲ အဖတ်တင်တယ် ... အေး ... အလုပ်ကို သေချာလုပ် ကြားလား ... မသင်္ကာစရာလူတွေဘာတွေ တွေ့ရင် ငါတို့ကိုလာပြော ကြားလား " 


"ဟုတ် ... ဟုတ်ကဲ့ပါဆရာ " 


~~~~~~~~~~~~~~~~~~~~~~~~~ 


"ဟဲ့ကောင်လေး ဖြည်းဖြည်းစားစမ်းပါဟဲ့ ... အကောင်သေးသလောက် မင်းလဲတယ်အစားကြီးသကိုး ...ရော့ ...ရော့....ဟိုလူတွေ မမြင်ခင်မြန်မြန်စား " 


        ထမင်းချက် အမျိုးသမီးကြီးသည် ပြောပြောဆိုဆိုနှင့် အသားဟင်းခပ်ကြီးကြီးတစ်တုံးကို ခပ်၍ ဘီနာ၏ထမင်းပန်းကန်ထဲသို့ ခပ်သွက်သွက်ထည့်ပေးလိုက်လေသည်။ခပ်သွက်သွက်မထည့်လို့လည်းမဖြစ်ချေ။အလုပ်သမားများထဲမှ ခပ်ဆိုးဆိုး လူအချို့သည် ဘီနာ့ကို မြင်လျှင် ရန်ရှာချင်ကြသည်၊၊သို့အတွက် ဘီနာ့မှာ ထမင်းစားလျှင်ပင် ထမင်းစားရန် ထားပေးထားသော တန်းလျားခုံများတွင် အကျအနထိုင်၍မစားရဘဲ ယခုကဲ့သို့ မီးဖိုများနံဘေးတွင် ခပ်သွက်သွက်စားရလေသည်။ဘီနာ့ကို အနိုင်ကျင့်သူများသည် အမှန်စစ်စစ် လူမိုက်များတော့မဟုတ်ကြပါချေ။သူတို့သည်လည်း မက်ဂန်တို့အုပ်စု၏ ဗိုလ်ကျအနိုင်ကျင့်ခြင်းကို ခံနေရသူများ ဖြစ်ကြလေသည်။ထို့ကြောင့် သူတို့၏ သိမ်ငယ်စိတ် ၊ အငုံစိတ်များကို တလွဲပေါက်ကွဲကာ ကြီးနိုင်ငယ်ညှင်းသဘောမျိုးဖြင့် အနိုင်ကျင့်ကြခြင်းဖြစ်လေသည်။ဘီနာ့အနေနှင့်မူ ပြဿနာကို ရှောင်ရှားချင်သောကြောင့် ထိုလူစုများကို ထိပ်တိုက်မတိုး ရအောင်တတ်နိုင်သမျှရှောင်ရှားခဲ့လေသည်။ဘ၀သည် ဘီနာ့အတွက်သေမထူးနေမထူးဆိုသော်လည်း ဦးနှောက်အသိဉာဏ် အပင်းခံထားရသူများ၏လက်ချက်ကြောင့်ဖြင့်တော့ အဓိပ္ပါယ်မဲ့ ဘီနာမသေချင်ပါလေ။ 


" ဟဲ့ကောင်လေး ....နင်လဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးရင် ဟိုဒီလျှောက်မသွားနဲ့နော် ...ဒီရက်ပိုင်း လူတွေလျော့သွားတာ သတိထားမိတယ် ... ဘယ်သူတွေမှန်း သေချာမသိပေမဲ့ ထမင်းလာစားတဲ့သူတွေ လျော့သွားတာသေချာတယ် ...." 


"ဟုတ်လား ဒေါ်ကြီး ..... ကျွန်တော်က အလုပ်သမားတွေကိုဝေးဝေးရှောင်လေ့ရှိတော့ သိပ်မသိဘူး ... လျော့သွားတယ်ဆိုတာ ဘာကိုပြောတာလဲ ....သူတို့ အလုပ်ထွက်သွားကြတာလား " 


" မဟုတ်ပါဘူး ... အယ် ... မသိပါဘူး ...ငါတို့နဲ့လဲမဆိုင်ပါဘူး .... ရော့ ... ရော့ ...ဒီမှာ ဟင်းအနှစ်တွေထပ်ယူ ..." 


       တမင်းချက်အမျိုးသမီးကြီးသည် ဘီနာမေးသည်ကို မဖြေချင်ဟန်ဖြင့် စကားလမ်းကြောင်းကို လွှဲလိုက်ပြီးလျှင် ဘီနာ့ထမင်းပန်းကန်ထဲသို့ ဟင်းအနှစ်များကို ခပ်ထည့်ပေးပြန်လေသည်။ 


        ဘီနာသည် မီးဖိုနံဘေးတွင် ထမင်းကို ခပ်ကုပ်ကုပ်စားနေရာမှ ထမင်းချက်အမျိုးသမီးကြီးကို ကျေးဇူးတင်စွာဖြင့် မော့ကြည့်လိုက်သည်။ အမျိုးသမီးကြီးကတော့ ဘီနာ့ကိုမကြည့်ဘဲ ထမင်းစားပွဲများရှိရာသို့ ပြန်၍လျှောက်သွားလေသည်။ဘီနာသည် ထမင်းချက်အမျိုးသမီးကြီးပေးသော အသားဟင်းတုံးကို ကိုက်ဖဲ့စားသောက်နေရင်းမှ ပါးပြင်ပေါ်သို့မျက်ရည်ပေါက်များ စီးကျလာလေသည်။ဘီနာသည် ရှင်သန်ဖို့အတွက် အစားကိုမျှတအောင် စားနေခြင်းဖြစ်သည်။ဘီနာ၏ အနာဂတ်သည် ဘီနာ့လက်ထဲတွင်သာရှိသည်ဖြစ်သောကြောင့် နောက်ဆုံးအချိန်ထိ ရှင်သန်သွားဖို့ရာ ဘီနာစွမ်းနိုင်သလောက် ကြိုးစားရမည် ဖြစ်လေသည်၊၊ 


~~~~~~~~~~~~~~~~~~~~~~ 


      မေရီသည် အနွေးထည် ခပ်ထူထူပေါ်မှ ပုဝါထူထုတစ်ထည်ကို ခြုံလွှမ်းလိုက်ပြီးလျှင် တိုက်ကြီးရှိရာဘက်ဆီသို့ ခြေလှမ်း ခပ်သွက်သွက်ဖြင့် လျှောက်လှမ်းခဲ့လေသည်။နေ့အချိန်တွင် ဘီနာက စက်ရုံတစ်ဝန်းလုံးအနှံ့ ထင်းလှည်းတစ်စီးဖြင့် လူးလားခေါက်တုံး သွားလာလျက်ရှိသောကြောင့် မေရီမှာ ဟန်မပျက်နေခဲ့ပြီးလျှင် ယခုကဲ့သို့ ညအချိန်သို့ရောက်သောအခါမှ လူမမြင်သူမမြင်အောင် ထွက်ခဲ့ခြင်းဖြစ်လေသည်၊၊တနည်းအားဖြင့် မက်ဂန်း၏ မယားကြီးဖြစ်သူ မသိအောင် မက်ဂန်းနှင့် ခိုးတွေ့ရခြင်းဆိုလျှင် ပို၍မှန်ပေမည်။မေရီသည် အသက်အရွယ်ကြီးနေပြီဖြစ်သောမက်ဂန်းကိုမချစ် ၊ မနှစ်သက်ပါ။သို့သော်လည်း မေရီအတွက် အချစ်သည်အရေးမပါ။ မသန့်စင်တော့သောခန္ဓာကိုယ်အတွက် မေရီ့မှာ ခံစားချက်လည်းမရှိပါချေ။မေရီ၏ မျှော်လင့်ချက်သည် မေရီတို့ မိသားစုအဆင်ပြေရန်သာ

ဖြစ်လေသည်။ 


          မေရီကခြေကို ခပ်ဖွဖွနင်းလျက် အပျော်မယ်များ အဝင်အထွက်လုပ်ကြသည့်လျှို့ဝှက်တံခါးပေါက်ဆီမှ တိုက်ကြီးထဲသို့ ဝင်ခဲ့လေသည်။တိုက်ကြီး၏ အနီးပတ်ဝန်းကျင်တွင်တော့ ယခင်ညများထက် ပို၍တိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်။တိုက်ကြီး၏ မလှမ်းမကမ်းရှိ မက်ဂန်းတို့အိမ်သည်ပင်လျှင် မီးမှောင်ချထားသည်ကို တွေ့ရလေသည်။ 


~~~~~~~~~~~~~~~~~~~~~~

အပိုင်း (၉ ) ဆက်ရန် 


ဧကြည်ဖြူ


rate now: