ဧကြည်ဖြူ
"ဘီနာ "
******************************
"ထောက် "
တိုက်ကြီးနားသို့အရောက်တွင် တိုက်၏ အရှေ့ဘက်ဆီမှ ကျောက်မီးခြစ် ခြစ်သံခပ်သဲ့သဲ့ ကြားလိုက်ရသည်။ဘီနာသည် ခန္ဓာကိုယ်သေးသေးလေးကို တိုက်နံရံဘေးတွင် ပိပြားနေအောင်ကပ်၍ ရပ်လိုက်သည်။တိုက်ကြီးထဲ၌မူတိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်။
"ဖျပ် ...ဖျပ် ..ဖျပ် "
ဘီနာငြိမ်သက်စွာ ရပ်လျက်ရှိစဉ်မှာပင် ခပ်ဟဟဖွင့်ထားသော တိုက်ကြီး၏ ပြတင်းမှတဆင့်ခြေသံများကို ကြားလိုက်ရသည်။
"မြန်မြန်လုပ်ကြစမ်းကွာ ...ဘာလဲ မင်းတို့က ကြောက်နေကြတာလား... "
"မဟုတ်ပါဘူးဆရာ ...အသံတွေထွက်မှာစိုးလို့ ထိန်းသယ်နေရလို့ပါ "
"မင်းတို့ကို ပြောလိုက်ရင် ဆင်ခြေတွေချည်းပဲ ...သစ်နက်ဆိုတဲ့ကောင်လောက် အားမကိုးရဘူး ... မြန်မြန်သယ်သွားပြီး မြန်မြန်ရှင်းပစ်လိုက်ကြ "
"ဟုတ်... ဟုတ်ကဲ့ပါဆရာ ...ဒါနဲ့ ဟိုနေ့က ခေါ်လာတဲ့ သုံးယောက်ကိုရော ဘယ်လိုလုပ်မှာလဲ "
"ဟ ... အဲဒီကိစ္စတော့ သူဋ္ဌေးမပြောသေးဘူး ... သူတို့ကို ခေါ်လာတာကို ဘယ်သူတွေ မြင်လိုက်သေးလဲ သတင်းစုံစမ်းရအုံးမယ် ... ဒီသုံးယောက်ကိုသာ ခြေရာလက်ရာမကျန်အောင် သေချာရှင်းကြ ... ထုံးစံအတိုင်း မြှုပ်နေကြနေရာမှာပဲ မြှပ်လိုက် ...ကဲကွာ မြန်မြန်လုပ်ကြစမ်း "
အတိုင်းသား ကြားနေရသော တီးတိုးစကားသံများကိုနားထောင်ပြီး ဘီနာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။အချိန်မှီ မကယ်တင်နိုင်ခဲ့သည့်အတွက် ရင်ထဲ၌ဆို့နင့်၍နေမိသည်။နောက်ထပ် နစ်နာသူတွေများစွာ ရှိလာနိုင်သေးသည်ကိုသိလိုက်ရသော်လည်း သည်အရာတွေကို ကယ်တင်ဖို့ရာ ဘီနာ့တွင် စွမ်းအားလည်းမရှိ၊ ခွန်းအားလည်းမရှိပါချေ။ဘီနာလုပ်နိုင်သည်မှာ ဤသို့ တိတ်တဆိတ်လိုက်လံချောင်းမြောင်းခြင်းနှင့် မြို့များသို့ ပို့မည့် ကုန်ပစွည်းထုတ်များထဲသို့ ပစ်စာဆန်ဆန် စာများ တိတ်တဆိတ်လိုက်လံထည့်ခြင်းသာဖြစ်သည်။သို့သော်လည်း ယခုအခါ၌ စည်းကမ်းများပို၍တင်းကြပ်လိုက်သောကြောင့် စာတိုများထည့်ခြင်းကို လက်လျှော့လိုက်ရပြီဖြစ်သည်။သို့ပေမဲ့ ထိုစာတိုများကြောင့် မကြာမီရက်ပိုင်းအတွင်း စစ်ဆေးရေးများ လာရောက်စစ်ဆေးမည်ဆိုသောကြောင့် မျှော်လင့်ချက်တော့ထားနိုင်ပေသေးသည်။သို့အတွက် သူတို့၏ မကောင်းမှုများ လုပ်သည့် လျှို့ဝှက်နေရာများကို တိတ်တဆိတ်စုံစမ်းထားရမည်မှာ ဘီနာ၏ တာဝန်ဖြစ်လာပေသည်။
လူတစ်စုသည် ညအမှောင် အောက်တွင် အိတ်အနက်များဖြင့် ထုတ်ပိုးထားသော အိတ်ထုတ်ကြီးများကို ထမ်းပိုး၍ ထွက်သွားကြလေသည်။ သူတို့ကို ကြည့်ရသည် လုပ်မြဲအလုပ်များကို လုပ်နေကြသည့်အလား အေးဆေးစွာပင် လုပ်ဆောင်လျက်ရှိကြလေသည်။
~~~~~~~~~~~~~~~~~~~~~
"ဟိတ်ကောင် ဘီနာ ...မင်း အလုပ်လုပ်တာ နှေးလွန်းတယ် မြန်မြန်လုပ်စမ်းကွာ ... အလုပ်ကို စောစော မသိမ်းနဲ့လို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ ...ထင်းတွေ အလျဉ်မီအောင် မပို့နိုင်ရင် မင်းကို စားစရာမပေးဘဲ အငတ်ထားမှာ..သွားစမ်းကွာ ....မင်းလိုကောင်မျိုးတွေကို ခေါ်ထားမိတာ ဆန်ကုန်တာပဲ အဖတ်တင်တယ် "
မက်ဂန်းသည် ဆူပူကြိမ်းမောင်းရင်းမှ ဘီနာ၏ကျောပြင်ကို သူ၏ခြေထောက်ကြမ်းကြီးများဖြင့် လှမ်း၍ကန်လေသည်။ဘီနာသည် နာကျင်လွန်းသောကြောင့် မျက်၀န်းအိမ်တွင်မျက်ရည်များရစ်ဝဲကျလာလေသည်။အမှန်တကယ်ဆိုရလျှင် ဘီနာ့မှာ မိုးလင်းမိုးချုပ် ထင်းများကို ခွဲခြမ်းရသည်။ပြီးလျှင် စက်ရုံတစ်ဝန်းလုံးသို့ ထင်းများကို လိုက်လံပို့ဆောင်ရလေသည်။ ယခင်ကဘီနာ့နေရာတွင်လုပ်ခဲ့သောသူကို စက်ရုံထဲတွင် ခေါ်၍ ခိုင်းထားပြီး ဘီနာ့ကို လုပ်အားခမပေးဘဲ အစားသုံးနပ်ကျွေးပြီး ခိုင်းခြင်းဖြစ်လေသည်။စားရသည်နှင့့်မတန်မဆအောင် ဘီနာလုပ်ရလေသည်။သည်စက်ရုံတွင် ဘီနာတစ်ယောက်တည်း မတန်မဆ လုပ်နေရခြင်းတော့မဟုတ်ပါချေ။ စက်ရုံတစ်ဝန်းလုံးရှိအလုပ်သမားများအားလုံးလိုလို မတန်မဆခိုင်းစားခံနေရခြင်းဖြစ်လေသည်။ပထမအဆင့် အနေနှင့် သူဋ္ဌေးသည် အလုပ်သမားများအား ရသင့်သည့်လခထက် ဈေးနှိမ်၍ ပေးလေသည်။သည်ကြားထဲ မက်ဂန်းသည် အလုပ်သမားများရသည့် လုပ်အားခကို ခေါင်းပုံထက်ဖြတ်ပြန်သည်။အားလုံးက သည်အခြေအနေများကို သိသိနှင့် ငြိမ်ခံနေကြခြင်းဖြစ်သည်။ငြိမ်မခံလျှင်လည် လူ့အသက်ကို ပိုးကောင်တစ်ကောင်သာသာ သဘောထားကြသော မက်ဂန်းတို့အုပ်စုက ရှိနေသည်လေ။လူမသိသူမသိ ပျောက်ဆုံးသွားသော လူများလဲ များစွာရှိကြသည်လေ။ကြာသောအခါ သူတို့၏ စိတ်တွင်းအသိဉာဏ်တွင် သူတို့၏ ဘ၀ပေးအခြေအနေသည် သည်မျှသာ ဖြစ်သည်။ဘုရားသခင်၏ ချီးမြှောက်မှုသည် သည်မျှလောက်သာရှိသည်ဟု ခံယူလိုက်ကြပုရလေသည်။
~~~~~~~~~~~~~~~~~~~~~
"ဒုက် .. ဒုက် "
"ဟေ့ကောင်လေးမင်းခေါင်းကို မော့လိုက်စမ်း "
သစ်လုံးများကို ထင်းအရွယ်အစားဖြစ်အောင် ပုဆိန်ဖြင့်ခုတ်ဖြတ်နေစဉ်မှာပင် ခက်ထန်မာကျောလှသော အသံတစ်သံကြောင့် ဘီနာဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ ထိုအခါမျက်စိရှေ့တွင် မြင်လိုက်ရသူကြောင့် ဘီနာ ထိတ်လန့်တုန်လှုပ်သွားမိပြီး လက်ထဲမှ ပုဆိန်ပင် လွတ်ကျမလို ဖြစ်သွားရလေသည်။
"မင်းက တယ်ပြီး အပုန်းကောင်းပါလား မိန်းခလေးရဲ့ ... ငါ့မှာတော့ မင်းကို ရှာလိုက်ရတာ အငတ် အငတ်အပြတ်ပြတ်ဘဝကိုရောက်ရော ...ဒီကြားထဲ မင်းကိုတွေ့အောင်မရှာနိုင်လို့ဆိုပြီး သူဋ္ဌေးက ငါ့ကို နှိပ်စက်သေးတယ်... "
ထိုသူသည် ပြောပြောဆိုဆို နှင့် ဘီလူးသဘက်စီးနေသောမျက်နှာမျိုးနှင့် ဘီနာ၏အနားသို့ တိုးကပ်၍ လာလေသည်၊၊
အချိန်က ညနေ နေဝင်ချိန်။တဖွဲဖွဲကျဆင်းနေသောနှင်းမှုန်များကြောင့် နေကခပ်စောစောဝင်သည်။ပတ်ဝန်းကျင်တစ်ခွင်လုံး လူလုံးက မသဲမကွဲ။အထူးသဖြင့် ဘီနာ၏ ထင်းထဲသည် စက်ရုံဝန်း၏ အစွန်ကျဆုံးနေရာတွင် ရှိနေသောကြောင့် လူသွားလူလာအလွန်ပြတ်သည်။ဘီနာက ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်သည်။လက်ထဲတွင် ရှိနေသော ပုဆိန်ကို ပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"ကဲ ကောင်မလေး အေးအေးဆေးဆေး လိုက်ခဲ့မလား .. ဒါမှမဟုတ် မင်းခြေထောက်ကိုဖြစ်ဖြစ် ရိုက်ချိုးပြီး သူဌေးဆီကို ခေါ်သွားရမလား ပြော...မင်းဒီမှာ ရှိနေတာကို သူဌေးသိသွားရင် ဘယ်လိုများ ဖြစ်သွားမယ်ထင်လဲ "
တဟဲဟဲ ရယ်မောလျက် အနားသို့ တိုးကပ်လာသော ထိုသူကို ဘီနာမမှိတ်မသုန်စိုက်ကြည်ရင်း ခြေလှမ်းများကို နောက်သို့ တရွေ့ရွှေ့ဆုက်သွားလိုက်သည်။
" ငြိမ်ငြိမ်လေးရပ်နေစမ်း ကောင်မလေး ... ငါ့လက်ထဲမှာ ဘာလဲ မင်းမြင်လား ... သေနတ်ကွ သေနတ် ...ပစ်ရင် သေတတ်တယ် ... မင်းကို အရှင်ဖမ်းလို့မရရင် အသေပစ်သတ်လိုက်ဖို့ကို သူဌေးကမှာထားပြီးသားကွ "
ဘီနာသည် ရွေ့လျားနေသော ခြေလှမ်းများကို တုံ့ခနဲ ရပ်ပစ်လိုက်သည်၊၊
" မင်းလက်ထဲက ပုဆိန်ကို ပစ်ချလိုက်စမ်း ... ပစ်ချလေ ... ပြောတာ မကြားဘူးလား ...ငါ့ကိုဘာမှတ်နေလဲ ပစ်ထည့်လိုက်မှာနော် "
သေနတ်တကားကားနှင့်ခြိမ်းခြောက်ပြောဆိုနေသောသူ၏ မျက်နှာကို ကြည့်လျက် လက်ထဲမှ ပုဆိန်ကို ဘီနာပစ်ချလိုက်သည်။
"ဒီလိုမှပေါ့ ကောင်မလေးရယ် ...မင်းကလိမ္မာပါတယ် ..ဒါနဲ့ ငါမသိလို့မေးပါရစေအုံး ... မင်းက လွတ်လွတ်ကျွတ်ကျွတ်ကို မပြေးဘဲ ဘာလို့ဒီမှာ လာနေနေရတာလဲ "
ဘီနာက ဘာမှ ပြန်မဖြေဘဲ ထိုသူ၏အခြေအနေကို မျက်တောင်မခတ်ကြည့်နေလိုက်သည်။ထိုသူသည် ဘီနာ၏နားသို့ တိုးကပ်လာသည်။ဘီနာသည် ထိတ်ထိတ်လန့်လန့်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီးလျှင် တောင်းပန်စကားဆိုလိုက်သည်။
"တောင်း ...တောင်းပန်ပါတယ် ...သူတို့ဆီတော့ မပို့ပါနဲ့နော် ... သွားစရာ နေရာမရှိလို့ ဒီမှာလာနေတာပါ "
" ဒါက မင်းကိစ္စပဲ ...ငါနဲ့မဆိုင်ဘူး ...ငါနဲ့ဆိုင်တာက မင်းကို သူဌေးဆီကို ခေါ်သွားဖို့ပဲ .."
ပြောပြောဆိုဆိုနှင့် ဘီနာ၏လက်တစ်ဖက်ကို ဆောင့်၍ ဆွဲလိုက်သောကြောင့် ဘီနာ့မှာ ထိုသူ၏ လက်ထဲသို့ တရွတ်ဆွဲ၍ ပါသွားလေတော့သည်။ဘီနာသည် ချောနေသော နှင်းခဲများပေါ်တွင် ခြေကိုကုပ်၍ထားသည်။မည်မျှပင် အင်အားချင်းမမျှသည်ဆိုသော်လည်း ထိုသူသည် ဘီနာ၏ ခန္ဓာကိုယ်ကို သူ၏လက် တစ်ဖက်တည်းနှင့် မထိန်းနိုင်ဘဲ ရှိလေသည်။
@@@@@@@@@@@@@@@@@@@
အပိုင်း (၈ ) ဆက်ရန်
ဧကြည်ဖြူ