ဧကြည်ဖြူ
"ဘီနာ "
*************************
အေးစက်တိတ်ဆိတ်၍ ချောက်ချားစရာကောင်းလှသော သန်းခေါင်ယံ၏ အမှောင်ထုအောက်၌ ဘီနာသည် ထင်းလှည်းတို အသံမထွက်အောင် ထိန်း၍ တွန်းခဲ့သည်။ထင်းလှည်းထဲတွင် အပေါ်ယံမှ ထင်းအချို့ကို တင်ခဲ့သည်။ထိုထင်းများ၏ အောက်၌မူ အသက်ဝိဉာဉ် ကင်းမဲ့နေပြီဖြစ်သော လူယုတ်မာကြီး၏ အတ္တဘောခန္ဓာကိုယ်ကြီးရှိလေသည်။ထင်းလှည်းကို အလုပ်ရုံ၏ အနောက်ဘက်တောအုပ်ထဲရှိရာဆီသို့ တရွေ့ရွေ့ တွန်းလာခဲ့လေသည်။ထိုတောအုပ်လေးထဲတွင် မက်စောက်သောလျှိုကြီးတစ်ခုရှိသည်ကို ဘီနာသိထားလေသည်။
~~~~~~~~~~~~~~~~~~~
ကိစ္စများပြီးသောအခါ ထင်းလှည်းတွန်းရာ လမ်းကြောင်း တစ်လျှောက်ရှိ ဘီးရာများကိုနှင်းခဲများဖြင့် ဟန်မပျက်ပြန်၍ ဖုံးအုပ်ပစ်ခဲ့သည်။ယခင်ကဆိုလျှင် ပုရွက်ဆိတ်တစ်ကောင်ကိုပင် သတ်ဖို့ရန်ဝန်လေးလှသော ဘီနာသည် ယခုအချိန်၌ ကိုယ့်ကိုယ်ကိုယ်ပင် မယုံကြည်နိုင်ဖြစ်၍နေမိသည်။သိမ်မွေ့ နုညံ့၍ ထိတ်လန့်အားငယ်တတ်သော ဘီနာ၏ နုလုံးသားသည် ဘီနာကိုယ်၌ပင် မယုံကြည်နိုင်လောက်အောင်အေးစက်မာကျော၍နေခဲ့လေပြီ။
~~~~~~~~~~~~~~~~~~~~~~~~~
".ဟိုကောင် သစ်နက် ဘယ်ရောက်နေလဲ ... ဒီကောင့်ကို မနက်လင်းကတည်းက ရှာလို့မတွေ့ဘူး .... ခိုင်းစရာအလုပ်ပေါ်ပြီဆိုရင် အဲ့ဒီကောင်က ဒီတိုင်းပဲ ...ရှာကြစမ်း ဒီကောင့်ကို ... အမြန်ရှာကြ "
အလုပ်သမားခေါင်းဆောင်မယ်ဂန်း၏အသံသည် အလုပ်ရုံဝန်းထဲတွင် ဟိန်းထွက်၍ နေလေသည်။
~~~~~~~~~~~~~~~~~~~~~~
"ဒီကောင့်ကို မတွေ့ကြဘူးလား ...အလုပ်ကိစ္စက ဒီနေ့ အပြတ်လုပ်ရမှာကို သိသားနဲ့ ဒီကောင်ဘယ်ကို ထွက်သွားပြန်ပြီလဲ ... သူဋ္ဌေးမင်းရောက်လာရင်တော့ ဒုက္ခပဲ ...သွားကြ ..ရှာကြစမ်းကွာ ...ဘာမှ သုံးစားမရတဲ့ကောင်တွေ ... "
"ဖြောင်း "
"ဝုန်း "
"ဂွမ်း "
"ဟိုဟာမတွေနေတဲ့ တဲတွေဘက်ရော သွားရှာကြ "
မက်ဂန်းသည် ဒေါသတကြီးနှင့် အော်ဟစ်ဆဲဆိုလျက် ပစွည်းများ ၊ လူများကို ကန်ကျောက်ရိုက်ပုတ်လျက်ရှိလေသည်။
"အလုပ်ရုံဝန်းထဲမှာတော့ မရှိဘူး ဆရာ ... ရှာတာနဲ့ နေရာစုံနေပြီ "
"တောက် ... ဒီကောင်ဘယ်ကို သွားနေတာလဲ ....သူ့ကောင်မ ဘယ်မှာလဲ .. မေးကြည့်စမ်း "
~~~~~~~~~~~~~~~~~~~~
"ဟဲ့ကောင်လေး ...နင့် လုပ်စရာရှိတာကို သေချာလုပ်နော် ... ဒီနေ့ မက်ဂန်းဆိုတဲ့ကောင်နဲ့ မဆုံအောင်နေ ...အဲဒီကောင် ဒီနေ့ ဘီလူးသရဲစီးနေတယ် ...ဟိုဘက် မိန်းခလေး ဆောင်မှာလဲ မိန်းခလေးတွေကို ရိုက်နှက်သွားသတဲ့ ... သူ့ကောင်ပျောက်နေတာ မိန်းခလေးတွေနဲ့ ဘာဆိုင်လို့လဲ ... ငါ့တို့ရဲ့ ဒုက္ခတွေလဲ မသေးလှပါလားကွယ် "
ထမင်းချက်အမျိုးသမီးကြီး၏ စကားကြောင့်ဘီနာ၏စိတ်ထဲတွင် ထိတ်ခနဲ တုန်လှုပ်မိသွားပြီး ခန္ဓာကိုယ်မှာ မသိမသာတုန်ယင်၍သွားလေသည်။လူသားတစ်ယောက်ပေမို့ ဘီနာ့မှာ ထိတ်လန့်ကြောက်ရွံ့နေမိသော်လည်း သေမထူးနေမထူးသည့် ဘဝကို တွေးလိုက်မိသောအခါ အံကိုကြိတ်၍ လက်သီးကို အလိုလို ဆုပ်မိသွားလေသည်။
~~~~~~~~~~~~~~~~~~~~~~~
မျက်နှာနှင့် ခြေလက်များပေါ်တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများနှင့် တရှုံ့ရှုံ့ငိုနေသော မေရီကို ကြည့်ပြီး ဘီနာသနားသွားမိလေသည်။ စစ်စစ် မေရီသည် ဘီနာ့ထက် အသက်နှစ်နှစ်ခန့်မျှသာကြီးသော မိန်းမချောလေးဖြစ်သည်။မေရီသည်လည်း အခြားမိန်းမချောလေးများကဲ့သို့ အလှမာန်တက်ပြီး မော်ကြွားလိုဟန်ရှိသော်လည်း သူ၏အတွင်းစိတ်နှလုံးသားသည် အနည်းငယ်မျှသနားကြင်နာတတ်ဟန် ရှိလေသည်။သူသည် ဘီနာ့ကို အရောတဝင် ဆက်ဆံခြင်းငှာ မရှိသော်လည်း စားစရာလေးများရှိလျှင် ဘီနာ့ကို ပေးကမ်းလေ့ရှိသည်။တစ်ခါတလေ ဘီနာ့ကို ကြည့်ပြီး "ငါ့မှာလဲ နင့်အရွယ် မောင်လေးတစ်ယောက်ရှိတယ်သိလား ...သူက အမြဲနေမကောင်းဖြစ်နေတော့ သူ့အတွက် ဆေးဖိုး ရအောင် ငါဒီမှာအလုပ်လာလုပ်နေရတာလေ ...နင်လဲ သန့် သန့်ရှင်းရှင်းနေရရင် ငါ့မောင်လေးလို ကြည့်ကောင်းမယ်ထင်တယ် " ဟု စိတ်လိုလက်ရ ပြောတတ်လေသည်။
"ဘာ ...ဘာဖြစ်တာလဲ မေရီ ... မေရီကို ဘယ်သူ ရိုက်သွားတာလဲ "
ဘီနာက မေရီ့ကို ကြည့်ကာ အသံတုန်တုန်နှင့်မေးလိုက်သည်။
"ဦးလေးကြီး မက်ဂန်းရိုက်သွားတာလေ ... သူ့တပည့်သစ်နက် ဘယ်သွားလဲဆိုတာကို မေရီကမသိလို့တဲ့လေ ...မေရီကဘယ်လိုသိမှာလဲ ဘီနာရယ် ... အဲ့ဒီသစ်နက် ဆိုတဲ့လူက သူဌေးအားကိုးနဲ့မိန်းမတကာနဲ့လိုက်ရှုပ်နေတာလေ ...သူမထိရဲတာဆိုလို့ သူဌေးရဲ့ အမြှောင်မယားတွေနဲ့ ဦးလေးကြီးမက်ဂန်းရဲ့မိန်းမပဲရှိတာလေ... မေရီက သူတို့ကိုကြောက်လို့ သစ်နက်ဆိုတဲ့လူကိုလက်ခံနေရတာ ...သူဘာလုပ်လုပ်ဘယ်သွားသွား မေရီမှစိတ်မဝင်စားတာ ....အဲ့ဒါ မသိရကောင်းလားဆိုပြီး မေရီကို ရိုက်သွားတယ် "
မေရီသည် အံလေးကို ခပ်တင်းတင်းကြိတ်လျက် အသံတိုးတိုးဖြင့် ပြောလေသည်။
"ဘာလို့ ဒီမှာဒုက္ခခံနေတာလဲ မေရီ ... တခြားနေရာမှာ အလုပ်ရှာလုပ်ပါလား...ဒီမှာက အလုပ်သမားအချင်းချင်းလဲ ကြီးနိုင်ငယ်ညှင်းလုပ်နေကြတာမဟုတ်လား... "
မေရီ၏ စကားကြောင့် ဘီနာ့မှာ စိတ်မကောင်းဖြစ်သွားမိပြီးလျှင် နှုတ်မှလွှတ်ခနဲ ပြောမိသွားလေသည်။
"ဒီမြို့မှာက တခြားအလုပ်ရှာလဲ မထူးပါဘူး ... တစ်မြို့လုံးနီးပါးက သူဌေးမင်းရဲ့ အလုပ်ရုံတွေလေ .. အခြားသူတွေရဲ့ အလုပ်ရုံတွေလဲ ရှိပေမဲ့ သူဋ္ဌေးမင်းရဲ့ တပည့် လူမိုက်တွေကို ကြောက်လို့ သူတိုနှောက်ယှက်ရင် ဘယ်သူမှ အလုပ်မခန့် ရဲကြဘူးလေ "
"ဟင် တစ်မြို့လုံးက အဲ့ဒါကို ငြိမ်ခံနေကြတာပဲလား "
" မတရားတာကို ဘယ်သူက ငြိမ်းခံချင်မှာလဲ ဘီနာ ...ဒါပေမဲ့ အဘွားပြောတာတော့ ဒါက ဘုရားသခင်ရဲ့ အလိုကျဖြစ်တာတဲ့လေ ... မေရီတို့က ဘာတတ်နိုင်မှာတဲ့လဲ "
မေရီ၏စိတ်ပျက်အားငယ်စွာ ပြောလာသော သွင်ပြင်ဟန်ပန်ကို ကြည့်ပြီး ဘီနာ့စိတ်ထဲတွင် အားမလိုအားမရစိတ်များဖြစ်ပေါ်လာမိလေသည်။
~~~~~~~~~~~~~~~~~~~~~~~~
" ဒီကောင်က ဘယ်ရောက်သွားတာလဲ ... ကဲ ဒီနေ့ လုပ်မဲ့ကိစ္စတွေ ခဏထားလိုက်အုံး ...သစ်နက်ဆိုတဲ့ကောင်က မိန်းမရှုပ်တတ်တာကလွဲရင် ဒီလိုသွားချင်ရာသွားနေတဲ့ကောင်မျိုးမဟုတ်ဘူး .. သူ့မှာ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မယ် ...ဒါနဲ့ ဟိုကောင်မလေး နောက်လိုက်နေတာရော ဘာသတင်းရလဲ ..အဲ့ဒီဟာမလေး လွတ်သွားပြီး မြို့ပေါ်မှာ သတင်းတွေ ပျံ့ကုန်လို့မဖြစ်ဘူးနော်...နောက်ထပ် လူလွှတ်ပြီး လမ်းတစ်လျှောက် အလွတ်မပေးဘဲ ရှာကြ .... မင်းတို့ ဒီဟာမလေးတစ်ယောက်ကိုတောင် မရှာနိုင်ကြဘူးလား ... အသုံးမကျတဲ့ ကောင် တွေ...လုပ်သမျှအကုန် တလွဲတချော်တွေချည်းပဲ "
သူဌေးမင်းသည် ဆဲဆိုကြိမ်းမောင်းလျက် ပြောဆိုပြီးလျှင် စိတ်အလိုမကျစ္စွာဖြင့်အလုပ်သမားများကို ကိုယ်ထိလက်ရောက်ပါရိုက်နှက်ခြင်းများပြုလေသည်။
~~~~~~~~~~~~~~~~~~~~~~
"ဟိတ်ကောင် ... မင်းက အလုပ်ကို မြန်မြန် မလုပ်တတ်ဘူးလား .... လှည်းတွန်းနေပုံက အားမရှိဘူးလား ...ကျွေးသမျှကိုစားပြီးအချောင်ခိုနေတာလား ... သွားစမ်းကွာ ...သွားစမ်း ..ငါ့ရှေ့က မြန်မြန်ထွက်သွား "
မက်ဂန်းသည် သူအပြောခံရသမျှ ဒေါသကို ဖြေဖျောက်ရန်အတွက် မြင်မြင်သမျှ လူများကို ရိုက်မောင်းပုတ်မောင်းလုပ်လေလေ၏။သည်သို့အပြုအမူသည်အလုပ်ရုံဝန်းထဲတွင် သိပ်တော့မထူးဆန်းပါချေ။တစ်ယောက်နှင့်တစ်ယောက် ထက်ဆင့်၍ကြီးနိုင် ငယ်ညှင်း အနိုင်ကျင့်ခြင်းများသည် ထုံးစံတစ်ခုလိုပင် ဖြစ်နေခဲ့သည်။ကြာသောအခါ မဖြစ်မနေလိုက်နာရမည့် ကိစ္စများကဲ့သို့ပင် အရိုးစွဲနေကြပြီဖြစ်လေသည်။
~~~~~~~~~~~~~~~~~~~~~~~
" သစ်နက်ကို ခုချိန်ထိမတွေ့ကြဘူးလား ...ကြည့်ရတာ ဒီကိစ္စက ရိုးသားပုံမရဘူး...ဖမ်းထားတဲ့ကောင်တွေထဲက ....မြို့ခံဆိုတဲ့ကောင်ရဲ့ မိသားစုတွေကို ညကျရင် သွားခေါ်လာခံကြ ကြားလား ...အခြားသူတွေ မရိပ်မိအောင် လုပ်ကြ ... "
" စိတ်ချပါ ... သူဌေးမင်း ... "
~~~~~~~~~~~~~~~~~~~~~~~
"သူ ...သူတို့က ဘယ်သူတွေလဲ အဒေါ်ကြီး "
အချုပ်ခန်းသဖွယ် ဆောက်လုပ်ထားသော အခန်း ကျဉ်းလေးထဲတွင် ဒဏ်ရာဒဏ်ချက်များဖြင့် လဲနေသော အဘိုးကြီးတစ်ယောက်နှင့် သက်လတ်ပိုင်း လူနှစ်ယောက်ကို ထိတ်လန့် တုန်လှုပ်စွာကြည့်လိုက်မိပြီး ထမင်းချက်အဒေါ်ကြီးကို ဘီနာ မေးလိုက်သည်။
" ဒီမြို့ကလူတွေပဲ ... သူတို့စိတ်အလိုမကျတာတစ်ခုခုရှိလို့် ဖမ်းထားတာလေ ....သူတို့က အဲ့ဒီလိုပဲ ... ဒီမြို့ကလူတွေဘယ်သူကမှ ဝင်မပါ ရဲမှန်းသိတော့ သူတို့စိတ်တိုင်းကျပြုမူနေကြတာပဲ...ဒီမြို့ကလူကြီးလဲ သူ့တို့ကိုကျော်ပြီး ဘာမှကိုမလုပ်ရဲဘူးလေ "
" သူ ...သူတို့ကို တွန်းလှန်ရဲတဲ့သူတစ်ယောက်မှ မရှိဘူးပေါ့ ဟုတ်လား အဒေါ်ကြီး "
ဘီနာက မဝံ့မရဲနှင့် မေးခွန်းထုတ်လိုက်သည်။ထိုအခါ ထမင်းချက် အဒေါ်ကြီးသည် တောင်မြောက်အရပ်လေးပါးကို လှည့်ပတ်၍ ကြည့်ရှုလိုက်ပြီးနောက် "တွန်းလှန်ရဲတဲ့သူ မရှိတာမဟုတ်ဘူး....ချောက်တွန်းတဲ့သူတွေ များပြားလားတာပဲ .... ငွေစကြေးစအနည်းပါးကို မက်ပြီး ...သူတော်ရော မသူတော် ရော ... စီးပွားပြိုင်ဖက် ၊ရန်ဖက်ဆိုရင်ကို ချောက်ထွန်းနေတာလေ.... ဘယ်တတ်နိုင်မလဲကွယ်ဘုရားသခင်အလိုတော်အတိုင်းပဲပေါ့...မင်းလဲ သူတို့ကြားကို သွားစပ်စုမနေနဲ့အုံး မက်ဂန်းဆိုတဲ့ကောင်က သူ့အဖိခံရရင် လက်အောက်ငယ်သားတွေကို ပိုပိုပြီး နှိပ်စက်တတ်တယ်..ဝေးဝေးကရှောင်...."
~~~~~~~~~~~~~~~~~~~~
"သစ်နက်ကို တွေ့ပြီ ......"
မက်ဂန်း၏ လက်ရင်း တပည့်များထဲမှ တစ်ယောက်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ထိုသူ၏အသံကိုကြားလိုက်ရသောအခါ ထင်းတုံးများကို မီးလင်းဖိုနားတွင် အစီအရီချနေသော ဘီနာ့လက်များသည် တဆတ်ဆတ်တုန်ယင်၍ လာပြီးလျှင် ရင်တွင်း၌တလှပ်လှပ်ခုန်လှုပ်လာလေသည်။
" ဘယ်မှာလဲ ... ဘယ်မှာ တွေ့တာလဲ "
"လျှိုထဲကျနေတာဆရာ ... သွားဆင်းကြည့်တော့ သေနေပြီ ...ပြီးတော့ သူ့ခန္ဓာကိုယ်မှာ ဓါးဒဏ်ရာတွေလဲ တွေ့တယ်...ကြည့်ရတာ သူ့အသတ်ခံရတာ ဖြစ်နိုင်တယ် "
" ဘာ ...ဘာပြောတယ် ...အသတ်ခံရတာ ဟုတ်လား ... ဘယ်ကောင်လဲ ...ဘယ်ကောင်သတ်တာလဲ "
မက်ဂန်းသည် သူ့အားကိုးရသော လူမိုက်တပည့်သေဆုံးသွားသည်ဆိုသော သတင်းကြောင့် သွေးရူးသွေးတန်းနှင့် လာခေါ်သူ နောက်သို့လိုက်ပါသွားလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒါက ဘယ်လိုဖြစ်တာလဲ မက်ဂန်း ... စက်ရုံမှာ သူလျှို ရှိနေပြီလား.... မင်းပေါ့ဆလှချည်းလား မက်ဂန်း ...ရှာစမ်း...တရားခံကို အမြန်ဆုံးမိအောင် ရှာကြစမ်း ... ဒီက သတင်းတစ်စွန်းတစ်စပဲဖြစ်ဖြစ် မြို့ကြီးပေါ်ကို ရောက်သွားခဲ့ရင် ...မင်းတို့အားလုံးဘယ်လိုဘဝပျက်သွားမလဲဆိုတာ သိကြရဲ့လား ... မင်းတို့ မယားတွေနဲ့ မင်းတို့သားသမီးတွေကို မထိခိုက်စေချင်ဘူးဆိုရင် အလုပ်ကိုကြိုးကြိုးစားစား လုပ်ကြ ကြားကြလား...ဟိုသုံးကောင်ကို စစ်မေးပြီး ဒီညပဲ ရှင်းလိုက်ကြတော့ "
သူဌေးမင်းသည် ဒေါသတကြီး ပြောဆိုကြိမ်းမောင်းပြီး သူ၏ ကားပေါ်သို့တက်ကာ ထွက်ခွါသွားလေသည်။
ဘီနာသည် လေးလံသော ခြေလှမ်းများဖြင့် ထင်းလှည်းကိုတွန်း၍ ထွက်လာခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~~~~
ငရဲခန်းတစ်မျှ ဆူပွက်နေသော အခန်းထဲတွင်ငိုသူငို ၊ လဲသူလဲနှင့် ကမ္ဘာပျက်သကဲ့သို့ပင် ရှိလေသည်။
" ဘယ်သူလဲ ပြောစမ်း .... မြို့ပေါ်ကို တင်ပို့လိုက်တဲ့ ပစ္စည်းထုတ်တွေမှာ စာတွေ ဘယ်သူ ထည့်လိုက်တာလဲ ...မင်းတို့တွေထဲမှာ ဘယ်သူကစာတတ်တယ် ...စာမတတ်ဘူးဆိုတာ ငါတို့ သိပြီးသားနော် ... စောစောစီးစီးဝန်ခံကြစမ်း ... သိသိနဲ့ ထိန်ချန်ထားတဲ့သူတွေရှိရင် မိလို့က မလွယ်ဘူးမှတ် "
သူဌေးမင်း၏ ဒေါသအမျက်ချောင်ချောင်ထွက်နေသော မျက်နှာကြီးသည် ဘီးလူးသဘက်စီးနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေလေသည်။
"ရှင်းစရာရှိတာတွေကို မြန်မြန်ရှင်းထား မက်ဂန်း ... နောက်ရက် စစ်ဆေးရေးတွေ လာလိမ့်မယ် ... ပြီးတော့ စားရင်းဇယား အဖွဲ့ကို ဖမ်းချုပ်ပြီး သေချာစစ်ဆေး ..မသင်္ကာရင် အကုန်ရင်းပစ်လိုက်... ဟိုအရူးမကိုလဲ ရှင်းပစ်လိုက်တော့...ငါ့သား နာမည်ကို ဘယ့် သူ့ပါးစပ်ကမှ ထွက်လာတာမျိုး မကြားချင်ဘူး "
သူဋ္ဌေးမင်းသည် အလုပ်သမားများကို ဒေါသတကြီးနှင့် ကြိမ်းမောင်းပြောဆိုပြီးနောက် အလုပ်သမားခေါင်းဆောင်မက်ဂန်းကို နှစ်ကိုယ်ကြားမှာကြားလေသည်။
~~~~~~~~~~~~~~~~~~~~~
" နင်ပဲ ကောင်းတယ် ဘီနာ ... ငါတို့မှာတော့ ကမ္ဘာပျက်သလိုဖြစ်နေပေမဲ့ နင်ကတော့ ထင်းလှည်းတစ်စီးနဲ့ အေးအေးဆေးဆေးပဲနော် "
" ဘာ...ဘာတွေဖြစ်နေတာလဲ မေရီ ....တစ်နေ့က သစ်နက်ဆိုတဲ့လူရဲ့ အလောင်းကို တွေ့တယ်ဆို ... ဒီနေ့ရော ဘာဖြစ်ပြန်ပြီလဲ....ကျွန်တော်ကတော့ ထင်းရုံထဲမှာပဲ နေပြီး ထင်းတွေကို ခွဲခြမ်း နေရတော့ ဘာမှမသိလိုက်ဘူး "
" အေး ... မြို့ပေါ်ကို ပို့လိုက်တဲ့ ကုန်ပစ္စည်းတွေမှာ စာတွေပါသွားလို့တဲ့ ...သတင်းကြားရသလောက်တော့ စာတွေထဲမှာ ... ဒီစက်ရုံမှာ လူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပါတယ်ဆိုပြီး အကူအညီတောင်းထားတဲ့စာတွေ တဲ့လေ ... လောလောဆယ်တော့ စားရင်းဌာနက လူတွေကို ရိုက်နှက်ပြီးစစ်မေးနေတယ် ...တော်သေးတယ် မေရီတို့က စာမတတ်လို့သာပေါ့ ...ဒါပေမဲ့လဲ လွတ်တော့လွတ်မယ်မထင်ဘူး...တရားခံကို့ရှာမတွေ့ရင် မေရီတို့တွေကိုပါ ရိုက်နှက်ပြီးစစ်မေးမှာပဲ ... စိတ်တွေလဲညစ်လှပါပြီ .... ဘယ်သူကများ စာတွေကို သွားပို့တာလဲ မသိဘူး ...ကိုယ့်ဘာသာ အေးအေးဆေးဆေးနေမယ် စိတ်မကူးဘူး ....ဒီလိုလုပ်တော့ရော ပြောင်းလဲသွားမှာတဲ့လား ... လူတွေဟာ သိပ်ကိုခက်တယ် ထမင်းနပ်မှန်အောင် စားနေရတာကို မကျေနပ်နိုင်ကြဘူး ...ဘ၀က ဘုရားသခင်အလိုကျဖြစ်နေရတာကို မကျေနပ်နိုင်ကြဘူး "
ဘီနာသည် မေရီကိုပြူးကြောင်ကြောင်မျက်လုံးများဖြင့် ငေးကြည့်နေခဲ့ပြီး ထင်းလှည်းကို တွန်း၍ ထွက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~~
တစ်နေ့လုံး ငရဲခန်းမျှဆူပွက်နေခဲ့သော စက်ရုံဝန်းသည် ညဉ့်နက်လာသည်နှင့်အမျှ ငိုညည်းသံများနှင့် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ဘီနာသည် အနက်ရောင် အနွေးထည်စုတ်ကြီးကို ဝတ်ဆင်ပြီးလျှင် ခြေကို ဖွဖွနင်း၍ တိုက်ကြီး၏အနားသို့ တဖြည်းဖြည်း ချဉ်းကပ်ခဲ့လေသည်။
@@@@@@@@@@@@@@@@@
အပိုင်း (၇) ဆက်ရန်
ဧကြည်ဖြူ