book

Index 5

အပိုင်း(၅)

ဧကြည်ဖြူ


"ဘီနာ " 


*********************** 


"ဒီလောက်စုတ်ပျက်နေတာကို မင်း ဘယ်ကများတွေ့လာတာလဲ ... လူကသေးသေးညှပ်ညှပ်နဲ့ ဘာခိုင်းလို့ရမှာလဲ ... သူဌေးလဲ သဘောကျမယ် မထင်ဘူး  " 


          အလုပ်သမားခေါင်းဆောင်ဖြစ်သူသည် ပြာမှုန့်များဖြင့် ပေပွနေသော အနွေထည်အစုတ်ကြီးဝတ်ထားသည့် လူငယ်လေးကို စောင်းငဲ့ကြည့်လိုက်ရင်းမှ ဖက်တီး ဆိုသူအား ခပ်ကြိတ်ကြိတ်ပြောလိုက်လေသည်။ 


"ဘာလဲ ... ဒါဆိုမလိုချင်ဘူးပေါ့ .... မလိုချင်လဲ ရတယ် ..... သူဋ္ဌေးအိမ်တစ်အိမ်မှာ သွားရောင်းလိုက်မယ် ...ရွှေဒင်္ဂါး တစ်ပြားနဲ့ တစ်သက်လုံးခိုင်းလို့ရမဲ့ကျွန်တစ်ယောက်ရမှာကို နာတယ်ထင်နေတာလား " 


         ဖက်တီးသည် အသံမာမာဖြင့်ပြန်လည်ပြောဆိုလိုက်လေသသည်။ 


"အောင်မယ် မင်းက ခုတော့ ဒီလိုပြောပြီးပေါ့ ...မင်းငွေ၀င်လမ်းဖြောင့်အောင် တို့သူဌေးက လုပ်ပေးထားတာကို မေ့နေတာလား ...ကဲပါ ထားခဲ့လိုက် ... ဘာမှ ခိုင်းမရလဲ သူနဲ့လိုက်ဖက်တဲ့ ထင်းရုံထဲမှာ ထားရမှာပေါ့ ..." 


        အလုပ်သမားခေါင်းဆောင်နှင့် ဖက်တီးတို့ အရောင်းအဝယ် အဆင်ပြေသွားပြီးသည့်နောက်တွင် ဖက်တီးသည် ရွှေဒင်္ဂါး တစ်ပြားကို ယူဆောင်ပြီးလျှင် ပြန်သွားခဲ့လေသည်။ 


~~~~~~~~~~~~~~~~~~~ 


"မင်း နာမည် ဘယ်လိုခေါ်လဲ " 


"ဘီနာ " 


      ဘီနာသည် သူမ၏ နာမည်အရင်းကို မပြောဘဲ မြိုတွင် လူအများခေါ်သည့် နာမည်ကိုသာပြောလိုက်လေသည်။ 


~~~~~~~~~~~~~~~~~~~~ 


        ဘီနာ၏ အလုပ်တာဝန်သည် ထင်းတုံးများကို လက်တွန်းလှည်းထဲသို့ထည့်သယ်လာခဲ့ပြီးလျှင် နေရာအသီးသီးသို့ ပို့ဆောင်းပေးရသည်။လိုအပ်လျှင် မီးဖိုများလည်း မီးမွှေးပေးရသည်။ထင်းရုံမှ ကိစ္စအဝဝမှန်သမျှနှင့် လူတကာ နားခေါင်းရှုံ့သော အောက်ခြေသိမ်းအလုပ်မှန်သမျှကို ဘီနာလုပ်ရသည်။တစ်နေ့ ထမင်းနှစ်နှပ်နှင့်ပေါင်မုန့်ကြမ်းတစ်လုံး ကျွေးသည်။ထင်းရုံအနီးနားရှိ သစ်လုံးတဲငယ်လေးထဲမှာပင် ဘီနာနေခွင့်ရသည်။ရောက်သည်မှာ နှစ်ရက်ပင်မပြည့်သေးသော်လည်း ဘီနာသည် ရှိရင်းစွဲ ကိုယ်လုံးထက်ပင် ပို၍သေးကွေးသွားသယောင်ရှိလေသည်။ပင်ပန်းလွန်းသော ဒဏ်ကြောင့် အဝေးဆုံးသို့ ဘီနာထွက်ပြေးချင်နေပြီဖြစ်သော်လည်း မြို့တွင်လည်း ဆွေမျိုးရင်းချားမရှိသလို ငှါးရမ်းထားသော အိမ်မှာလည်း နှစ်ပြည့်သွားပြီဖြစ်သောကြောင့် ဖခင်ကြီး၏ ဇာတိမြေတွင် အခြေချရန် လာရောက်ခဲ့ခြင်းဖြစ်ပေသည်။မြို့လေးသို့ ရောက်ချိန်၌ အရှုံးကိုပိုက်ပြီး ပြန်ရန်ဖြစ်သော်လည်း ကံကြမ္မာသည် ဘီနာ့အား ခွင့်မပြုခဲ့ခြင်းပေပဲလား။ထိုစဉ်က အသက်လုကာ ပြေလွှားခဲ့ပြီးလျှင် မီးလင်းဖိုထဲ၌ ပုန်းအောင်းနေခဲ့ရချိန်တွင် ဘီနာသည် ကိုယ့်ဘဝကိုယ်တွေး၍ စိတ်နာခြင်းဖြစ်ရလေသည်။မြို့သို့ပြန်လျှင်လည်း နေစရာမရှိသော ဘဝနှင့် သေမထူးနေမထူး ဘ၀မျိုးသို့ပြန် ရောက်ရမည်ကို တွေးမိသောအခါ၌ ဘိုးဘွားပိုင်ခြံကို ပြန်လည်ရယူချင်စိတ်များ ဖြစ် ပေါ်လာမိသည်။မည်သို့ပင်ဖြစ်စေ နောက်ဆုံးအနေဖြင့် ဘီနာစွမ်းသမျှ ကြိုးစားကြည့်ချင်သေး၏။ဒါသည်ပင်လျှင် ဘီနာ၏အခွင့်အရေး ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ 


~~~~~~~~~~~~~~~~~~~~~ 


"ဟဲ့ ကောင်လေး ဘာတွေ သွားချောင်းနေတာလဲ ...ဘာလဲ နင်က အဲ့ဒီမှာ အလုပ်သွားလုပ်ချင်တာလား " 


        ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့်ဘီနာလန့်သွားမိသည်။အသံရှင်မှာ ထမင်းချက်ဆောင်မှ မိန်းမကြီးဖြစ်လေသည်။အမျိုးသမီးကြီးသည် ဘီနာနှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။ 


" အဲ့ဒီထဲမှာ အလုပ်သွားလုပ်ဖို့ မစဉ်းစားနဲ့ ဟိုကောင်တွေက လူစိတ်ရှိတာမဟုတ်ဘူး သိရဲ့လား ..ဒီကိုလာပြီး ငါ့ကို လာဝိုင်းကူပေး " 


       အမျိုးသမီးကြီးက ထိုမျှသာပြောပြီး အသားဗန်းကြီးကို ရေစည် နားတွင်ချလိုက်လေသည်။ဘီနာလည်း အလိုက်တသိနှင့်ပင် သားလှီးဓါးနှင့် ဓါးသွေး ကျောက်ထုံးကို အမျိုးသမီးကြီး၏အနားတွင် ချပေးလိုက်လေသည်။ 


"ကောင်လေး ... ဒီညနေ သူဌေးလာလိမ့်မယ် ... နင်လုပ်စရာရှိတာတွေကို သေချာလုပ်ထားနော် ... မဟုတ်ရင် မက်ဂန်းဆိုတဲ့ကောင်က သူမျက်နှာရဖို့ နင့်ကို နှိပ်စက်ပြလိမ့်မယ် " 


         အမျိုးသမီးကြီးပြောသော မက်ဂန်းဆိုသည်မှာအလုပ်သမားများ၏ခေါင်းဆောင် သူဋ္ဌေး၏ လူယုံ ဖြစ်လေသည်။မက်ဂန်းသည် တစ်ခါကခေါင်မိုးပေါ်မှပြုတ်ကျသော လူရွယ်အား ထိပ်ဆုံးမှ နှိပ်စက်ခဲ့သူဖြစ်လေသည်။သူတို့သည် ဘီနာ့၏ မျက်နာကို သေသေချာချာ မမြင်ဖူးကြသော်လည်း သူတို့၏ မျက်နှာများကို ဘီနာက မှတ်မိနေသည်။သို့စေကာမူ ဘီနာတည်းခိုးရာအထိ လိုက်လာပြီး သတ်ရန် လုပ်ခဲ့သူကိုမူ မတွေ့ရပေ။သေချာသည်မှာ ထိုသူသည် ဘီနာ့ကို အသည်းအသန်လိုက်လံရှာဖွေနေပေလိမ့်မည်။ 


~~~~~~~~~~~~~~~~~~~~~~~

" အခြေအနေဘယ်လိုလဲ မက်ဂန်း ... လကုန်ရင်စစ်ဆေးရေးမှူးတွေ လာလိမ့်မယ် ... ထုံးစံအတိုင်း ပေးစရာရှိတာတွေကို သူတို့အိမ်တွေကို ပို့ထားလိုက်...ကောင်မလေး အခြေအနေရော ဘယ်လို ရှိသလဲ  ... " 


        သူဌေးမင်းသည် မက်ဂန်းအား အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ 


"အခြေအနေကောင်းပါတယ်ဆရာ ... ဒီတိုင်းပဲ ဆက်ချုပ်ထားရမလား...ရှင်းပစ်လိုက်ရမလား ...သူ့ယောကျာ်းသေသွားတာကိုသိရင် ငြိမ်ခံနေမှာမဟုတ်ဘူးထင်တယ် " 


"လွှတ်ပေးလိုက်လို့တော့  မဖြစ်ဘူး ...စစ်ဆေးရေးတွေ မလာခင် တစ်ခုခုလုပ်တာပေါ့ လောလောဆယ် ဆေးကျွေးထားလိုက်... ဟိုသုံးယောက်ကိုတော့ ဒီရက်ထဲမှာပဲ ရှင်းပစ်ရမှာပဲ ... သဲလွန်စပါမကျန်အောင် ရှင်းနိုင်မှ ဖြစ်မှာနော် ... မြို့ဝန်မင်းအသစ်ပြောင်းသွားတာမို့ နယ်မြို့တွေ အထိဆင်းချလာမှာ ...အထာမသိတော့ သတိထားမှ ဖြစ်မယ် ...ဒါနဲ့ မြို့ထဲမှာရော သူတို့တွေနဲ့ပတ်သက်ပြီး ဘာသတင်းတွေကြားရလဲ "


" သုံးယောက်မှာ နှစ်ယောက်က ဧည့်သည်ဖြစ်ပုံရတယ် ... ကျန်တဲ့ တစ်ယောက်ကတော့ မြို့ပေါ်က လူတစ်ယောက်ဆိုပေမဲ့ လူဆင်းရဲ အသိုင်းအဝိုင်းကပါ သူဌေး... သူနဲ့ပတ်သက်ပြီး သူဌေးစိတ်ပူနေဖို့ မလိုပါဘူး ...တကယ်လို့ အရေးကြုံလာခဲ့ရင်လဲ မိသားစုကို ငွေပေးပြီး ဖြေရှင်းလိုက်လို့ရပါတယ်.... ဒီမြို့မှာ သူဌေးကို ပုန်ကန်ရဲတဲ့သူ မရှိပါဘူး " 


[  ]         စကားသံများသည် တိုက်ကြီးထဲတွင် ပြန်လည် တိတ်ဆိတ်သွားသည်။ထို့နောက် သူဌေးမင်းသည် အလုပ်သမားများထဲမှမိန်းမချောလေးတစ်ယောက်၏ ပခုံးကို ဖက်လျက် တိုက်ကြီး၏ အတွင်းခန်းထဲသို့ ဝင်သွားလေသည်။

[  ] 

[  ] ~~~~~~~~~~~~~~~~~~~~~

[  ]      ဘီနာသည် တွန်းလှည်းထဲမှ ထင်တုံးများကို အောက်သို့ စီချနေရင်းမှ ပြတင်းမှတဆင့်တိုက်ကြီးထဲသို့ မသိမသာ လှမ်းကြည့်နေလိုက်သည်။ထိုစဉ်မှာပင် ဘီနာရှိရာသို့ မက်ဂန်းတစ်ယောက်လျှောက်လာပြီးလျှင် 

[  ] 

[  ] "တယ် ဒီကောင် ...မင်းအခုချိန်ထိမပြီးသေးဘူးလား ...မင်းဒီလိုလုပ်နေပုံနဲ့ သူဋ္ဌေးမြင်ရင် ငါပါ အလုပ်ပြုတ်မှာပဲ ... မပြီးသေးလဲသွားတော့ ဟေ့ကောင်...မင်းလိုကောင်တွေကြောင့် ငါပဲ အပြောခံနေရတာ ... သွားကွာ ...သွားတော့ .. ရွှေဒင်္ဂါးတစ်ပြားဆုံးတာပဲ အဖက်တင်တယ် ...ဘာမှ သုံးစားမရတဲ့ကောင် "

"ဖြောင်း " 


       မက်ဂန်းသည် ဘီနာ့ကို နှုတ်မှ ဆူပူကြိမ်းမောင်းရုံနှင့် အားမရဘဲ သူ၏ လက်ဝါးကြမ်းကြီးနှင့် ဘီနာ၏ ဇက်ပိုးကို ဖြောင်းခနဲ မြည်အောင် ရိုက်ချလိုက်လေသေး၏။ 


          ဘီနာသည် နာကျင်သွားသော ဇက်ပိုးကို တစ်ချက်သာ ထိကိုင်စမ်းလိုက်ပြီးနောက် ထင်းလှည်းကိုတွန်းကာ တိုက်ကြီး၏ နံဘေးမှအမြန်ဆုံးထွက်ခဲ့လေသည်။ 


~~~~~~~~~~~~~~~~~~~~~ 


     ခန္ဓာကိုယ်တစ်ခုလုံးအစဉ်အမြဲပေရေညစ်ပတ်နေပြီး  မျက်နာသေလေးနှင့် အူကြောင်ကြောင်ပုံစံပေါက်နေသော ဘီနာ့ကို စက်ရုံအတွင်းရှိ အလုပ်သမားများက အဖက်မလုပ်ကြသည့်အပြင် ရွံရှာသည့်ဟန်ဖြင့် ရှောင်ဖယ်ကြလေသည်။မတော်တဆများ သူတို့အနားမှ ဘီနာဖြတ်လျှောက်မိလျှင် နှားခေါင်းရှုံ့ကြလေ၏။စက်ရုံတွင် ဘီနာ့အား ချေချေငံငံစကားပြောသူဟူ၍  ထမင်းချက် အမျိုးသမီးကြီးတစ်ယောက်သာရှိလေသည်။ထိုထမင်းချက် အမျိုးသမီးကြီးသည် လူအများက ဘီနာ့ကို မတူမတန်သလို ဆက်ဆံနေကြသည်ကို ကြည့်ပြီး တစ်ခါတစ်ရံ၌အားပေးစကားပြောတတ်လေသည်။ 


"မင်းဘာမှ ၀မ်းနည်းမနေနဲ့ ... သူတို့က ငရဲပန်းကို တော်ဝင်ပန်းထင်နေကြတာ ...မိန်းခလေးတွေလဲ ဘာထူးလဲ ဒီအတိုင်းပဲ ... သူတို့ မင်းကို လူရာမသွင်းတာပဲ ခပ်ကောင်းကောင်း ...မဟုတ်ရင် သူတို့ အလုပ်မှန်သမျှ မင်းကို ခိုင်းနေကြမှာ သိရဲ့လား " 


         ထမင်းချက် အမျိုးသမီးကြီးထံမှ ထိုစကားကိုကြားရသည့်အခါ၌ ဘီနာသည် ပို၍ ညစ်ပေစုတ်ပြတ်အောင်နေခဲ့သည်။အိပ်ရာဝင်ကာနီးအချိန်တွင်သာ ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်းများကို ပြုလုပ်ပြီး ကျန်အချိန်များ၌မူ ပြာအလူးလူးဖြင့် နေလေသည်။ထိုသို့ နေထိုင်ခြင်းကြောင့်ပင်လျှင် ဘီနာ့ကို မည်သူကမျှ အဖက်မလုပ်ဘဲ ရှိကြလေ၏။ဒါသည်ပင် ဘီနာ့အတွက် အခွင့်အရေးဖြစ်လေသည်။ 


~~~~~~~~~~~~~~~~~~~~

    ညအမှောင်သည် ဘီနာ၏ ပြာ အလူးလူးနှင့် ညစ်ပေနေသော ကိုယ်လုံးသေးသေးလေးအား အပြည့်အ၀ ကာကွယ်ပေးထား လေသည်။ဘီနာ၏ခြေလှမ်းများသည် တိုက်ကြီးအနားသို့ တစ်စစချဉ်းကပ်လာခဲ့ပြီးလျှင် တိုက်ကြီး၏ အနောက်ဘက်ဆီသို့ တိုးကပ်၍ သွားလိုက်လေသည်။ 


       နှင်းမှုန်များတဖွဲဖွဲကျဆင်းနေသော မှောင်မိုက်နေသည့် အမှောင်ထုအောက်တွင် သက်ရှိဟူ၍ ဘီနာတစ်ယောက်တည်းသာရှိသည်။ယနေ့ နေ့ခင်းက တိုက်ကြီးထဲရှိမီးလင်းဖိုတွင် ထင်းများဝင်ထားရင်းမှ နောက်ဖေးပြတင်းတံခါးတစ်ချပ်ကို မသိမသာ ဖွင့်ဟထားခဲ့ခြင်းဖြစ်သည်။

     ပြတင်းတံခါးချပ်ကို အသာဟဖွင့်လိုက်ပြီးနောက် အသံမထွက်အောင် ဘီနာဝင်လိုက်သည်။တိုက်ကြီးသည် သူဌေးနှင့်သူ၏ သားဆိုသူ လာသောအခါမှသာ အသုံးပြုကြခြင်းဖြစ်လေသည်။ဘီနာရောက်ပြီးနောက်တွင် သူဋ္ဌေးကြီးမှလွဲ၍ သူ၏ သားဆိုသူမှာ ရောက်လာခဲ့ခြင်းမရှိပေ။သူဌေးကြီးသည်လည်း နေ့လယ်နေ့ခင်းများ၌သာ သူ၏အလုပ်သမား အခြွေအရံများနှင့် ရောက်လာလေ့ရှိပြီး နေဝင်သည်နှင့်ပြန်လေ့ရှိလေသည်။တိုက်ကြီးထဲတွင် လူမရှိသော်လည်း မက်ဂန်းတို့မိသားစုနှင့်အတူ ခွေးဘီးလူးများကဲ့သို့ ကြမ်းတမ်းခက်ထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော မက်ဂန်း၏ လက်ရင်းတပည့်များသည် တိုက်ကြီး၏ ရှေ့ဘက်တွင် အလှည့်ကျ စောင့်လျက်ရှိကြလေသည်။သူတို၏ လက်ထဲသို့ ကျရောက်သွားလျှင်တော့ အဖမ်းခံရသူ၏ ဘဝသည် တွေးဝံ့စရာမရှိပေ။ဘီနာ့လို ခပ်သေးသေး ခန္ဓာကိုယ်လေးဆိုလျှင်မူ တစ်ချက်ကိုင်ပေါက်စရာသာရှိပေလိမ့်မည်။

       တိုက်ကြီးထဲသို့ရောက်သောအခါ အေးစက်နေသော ဘီနာ့၏ ခန္ဓာကိုယ်သည် အတန်ငယ်နွေးထွေးလာလေသည်။တိုက်ကြီးထဲသို့ အဝင်အထွက်လုပ်ရင်းမှ ကြိုတင်လေ့လာထားသောကြောင့် အမှောင်ထုအောက်၌ ဘီနာသည် လှုပ်ရှားသံမျှမထွက်ရအောင် တရွေ့ရွေ့ လျှောက်လာခဲ့လေသည်။ခြံထဲသို့ရောက်သည့် ရက်များအတွင်း၌ တစ်ခြံလုံးရှိ အလုပ်ရုံ၊ဂိုထောင်၊ သစ်လုံးတဲများကို သိုသိုသိပ်သိပ်ရှာဖွေခဲ့သော်လည်း အကျဉ်းထောင်လိုမျိုး အခန်းဟူ၍ မတွေ့ခဲ့ရပေ။နောက်ဆုံး၌ ရှာဖွေရန်အတွက် ဤတိုက်ကြီးသာကျန်ပါလေတောသည်။ 


        ဘီနာသည် တိုက်ကြီးထဲသို့ ရောက်သောအခါ၌ သူမ၏စိတ်ထဲတွင် ဘ၀င်မကျဖြစ်နေသော အခန်းရှိရာသို့ မှန်း၍သွားလိုက်လေသည်။ထိုအခန်းသည် အပေါ်ထပ်သို့တက်သော လှေကား၏ အောက်တွင် ရှိပြီး ပစ္စည်းဟောင်းများ ထားသော အခန်းဖြစ်လေသည်။ထိုအခန်း သည့် တစ်ခါတစ်ရံ၌ ဖွင့်ထားလေ့ရှိပြီး တစ်ခါတလေ သော့ပိတ်ထားလေ့ရှိသည်။ဘီနာ၏မျက်မြင်အရမူ သော့ပိတ်ထားရလောက်အောင် အခန်းထဲတွင် မည်သည့် တန်ဖိုးရှိပစ္စည်းမှမရှိချေ။ဖြစ်နိုင်သည်မှာ ထိုအခန်းသည် မြေ အောက်ခန်းသို့ သွားသောအခန်းဖြစ်နိုင်ပေသည်။ 


      တံခါးပေါက်ရှိရာဆီသို့ရောက်သောအခါ ဘီနာသည်တံခါးကို အသာတွန်းကြည့်သည်။တံခါးသည် လေးလံလှစွာခပ်ဟဟ ပွင့်၍ သွားသည်။ခပ်ဟဟ ပွင့်သွားသော တံခါးပေါက်ထဲသို့ သူ၏ သေးသေးကွေးကွေး ခန္ဓာကိုယ်လေးကို အသာကျုံ့ကာ ဘီနာ၀င်လိုက်လေသည်။ 


         အခန်းသည် ပိန်းပိတ်အောင် မှောင်နေသည်။မှောင်မည်းနေသော အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေသည်။ဘီနာသည် မှန်းခြေနှင့် ၀င်ရောက်လာခဲ့ခြင်းဖြစ်သောကြောင့် အခန်းထဲသို့ရောက်သောအခန်း အခန်းနံရံများကို လက်ဖြင့် လိုက်လံကိုင်တွယ်စမ်းကြည့်သည်။ထိုသို့ပြုလုပ်ရခြင်းမှာ မြေအောက်ခန်းသို့သွားသော တံခါးပေါက်ကို ရှာဖွေခြင်းဖြစ်လေသည်။ သို့သော်လည်း အချိန်အတန်ကြာသည်အထိ အခြေအနေမှာ မထူးခြားဘဲ ရှိလေသည်။နောက်ဆုံးတွင် ဘီနာသည် လက်လျော့လိုက်ပြီးနောက် အခန်းထဲမှ ခြေသံလုံလုံနှင့်ပြန်ထွက်ခဲ့ရလေသည်။ 


~~~~~~~~~~~~~~~~~~~~~~~~~~ 


" ဟေ့ ထင်းသယ်တဲ့ကောင် မင်းကို ကြည့်ရတာ ပျော့နွဲ့နွဲ့နဲ့ ... မင်းက ယောကျာ်းလား မိန်းမလားပြောစမ်းကွာ ...ဟား..ဟား..ဟား .... မင်းရဲ့ပါးတွေ့က တယ်နုညံ့ပါလားကွ "


      မက်ဂန်း၏ တပည့်တစ်ယောက်သည် ဘီနာ၏ မျက်နှာကို စားတော့ ဝါးတော့မည့်အလားစူးစိုက်ကြည့်ရုံမျှမကဘဲ နှုတ်မှလည်းပြောသည့်အပြင် သူ၏လက်ဝါးကြမ်းကြီးများဖြင့် ဘီနာ၏ မျက်နှာကို လှမ်း၍ ကိုင်တွယ်လေသည်။ 


         ဘီနာသည် ထိုလူ၏ လက်ကိုရှောင်ဖယ်လိုက်ပြီး ခေါင်းငုံ့ရှောင်လိုက်ကာ ထင်းလှည်းကို တွန်း၍ အံကိုတင်းတင်းကြိတ်လျက်နေရာမှ အမြန်ဆုံးထွက်ခဲ့သည်။ဘီနာ၏ စိတ်ထဲ၌မူ ထိုသူ့ကို အမှုန့်ကြိတ်ပစ်ချင်လောက်အောင်ပင် စိတ်တိုလျက်ရှိပေသည်။ 


~~~~~~~~~~~~~~~~~~~~~~~

      ညဉ့်သည် တစ်စစ ပို၍နက်လာသည်။ဘီနာမှာ သစ်လုံးကွပ်ပျစ်ပေါ်တွင် လှဲလျက် အတွေးနယ်ချဲ့နေမိသည်။ဘီနာ၏အဖြစ်သည် ကျောက်တောင်ကို ကြက်ဥနှင့် ပေါက်သကဲ့သို့အခြေအနေမျိုးသို့ ဖြစ်နေသည်ကိုစဉ်းစားမိသောအခါ ဘီနာစိတ်ဓါတ်အကြီးအကျယ်က မိလေသည်။သစ်လုံး တဲအိမ်၏ အပြင်လောကကြီးတစ်ခုလုံး နှင်းမှုန်များတဖွဲဖွဲကျလျက် ရှိပေသည်။တိတ်ဆိတ် မှောင်မိုက်နေသော ညဉ့်ကာလတွင် ထင်းရုံကြီးဘေးနား၌ ဘီနာ၏ တဲတစ်လုံးသာ ရှိသောကြောင့် ချောက်ချားစရာတော့ ကောင်းလှပေသည်။ 


'' ချွတ် " 


        အေးစက် တိတ်ဆိတ်နေသော ညတွင် ခြေသံလိုလို ကြားလိုက်ရသောကြောင့် အိပ်ရာထဲမှ ဘီနာ ဆတ်ခနဲ ထထိုင်လိုက်သည်။ထိုစဉ်မှာပင် အရိပ်မည်းကြီးသည် ဘီနာအိပ်စက်ရာ သစ်လုံးအိမ်ထဲသို့ ဝင်ရောက်လာလေသည်။ပြီးလျှင် ထိုအရိပ်မည်းကြီးသည် သစ်လုံး ကွပ်ပျစ်နားသို့ ရောက်လာပြီးလျှင် 


"ကောင်လေး ...အိပ်နေပြီလားကွ...ထစမ်းပါအုံး ... ငါတို့အတူ ပျော်ပါးကြရအောင်ကွာ " 


          အသံနှင့်အတူ ထိုသူသသည် ကွပ်ပျစ်ထက်ထွင် ထိုင်ချလိုက်လေ၏။ ပြီးနောက် သစ်လုံးကွပ်ပျစ်ထက်သို့ လက်နှင့် စမ်းကြည့်လေသည်။သူ၏လက်သည် ဗလာဖြစ်နေသော နေရာသို့စမ်းလိုက်မိသောကြောင့် နားမလည်နိုင်စွာဖြင့် ဘေးဘီဝဲယာ အမှောင်ထဲသို့ လှည့်ပတ်ကြည့် ရှူလိုက်ပြီး အသံထွက်၍ မေးလိုက်လေသည်။ 


" ဟေ့ကောင်လေး ... မင်းဘယ်မှာလဲကွ ...ဘယ်ရောက်သွားတာလဲ "


            ဘီနာသည် အခန်းထောင့် အမှောင်ထဲတွင် တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်သက်စွာရပ်နေမိသည်။လက်ထဲတွင် သစ်လုံးတစ်လုံးကို တင်းကြပ်စ္စာဆုပ်ကိုင်လျက် အသင့်အနေအထားဖြင့်ရပ်နေလိုက်သည်။အမှောင်ထဲမှလူသည် ဘီနာကို မတွေ့သော်လည်း လက်လျှော့ဟန်မရှိဘဲ လက်ထဲမှာ ကျောက်မီးခြစ်ကိုထုတ်ခြစ်လိုက်ပြီးလျှင် နံရံတွင် ချိတ်ဆွဲထားသော မီးအိမ်တွင် ထန်းဆိုလိုက်လေ၏။ထို့နောက်ထိုင်ရာမှထ၍ အခန်းထဲသို့လှည့်ပတ်ကြည့်လေသည်။ ထိုအခါ ထောင့်တစ်နေရာတွင် ရပ်နေသော ဘီနာ့ကို မြင်သွားပြီးလျှင် အော်ဂလီဆန်ချင်စရာကောင်းလှသော အသံကြီးဖြင့် သဘောတကျရယ်လိုက်လေသည်။ 


"ဟား ဟား ဟား ....တော်သေးတာပေါ့ကွာ ...မင်းဘယ်ကို များသွားတာလဲလို့ ...လာပါ ...လာစမ်းပါကွာ ...ငါတို့ အတူ ပျော်ရအောင် ...." ထိုလူသည် ပြောပြောဆိုဆိုနှင့် ဘီနာ၏ နားသို့ တိုးကပ်လိုက်ပြီးလျှင် သူ၏လက်ကြမ်းကြီးများဖြင့် ဘီနာ့ကို ခပ်ကြမ်းကြမ်းဆွဲခေါ်လိုက်လေသည်။ 


"ဟိတ်လူ ကျုပ်အသားကို မထိနဲ့နော် ... ဖယ် ...ဖယ်စမ်းဗျာ " 


" ဘုတ် ... ဘုတ် '' 


"တောက် ...မင်းလိုကောင်လေးကများ ငါ့ကို အာခံရဲတယ်ပေါလေ ဟုတ်လား ...ဒီညတော့ မင်းသေပြီးသာမှတ်ပေတော့ .."


      ဘီနာသည် အထိတ်တလန့် ငြင်းဆန်ရင်းမှ လက်ထဲမှ သစ်လုံးဖြင့် ထိုသူကို အားကုန်လွှဲ၍ရိုက်ပစ်လိုက်လေသည်။ထိချက်သည် ချက်ကောင်းကို မထိသော်လည်း ထိုသူသည် အနည်းငယ်မျှနာကျင်သွားပုံရလေသည်။ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်ပြီးနောက် ဘီနာ့ကို လက်ကုပ်မှ ဆွဲ၍ ကွပ်ပျစ်ပေါ်သို့ ကိုင်ပေါက်ချလိုက်လေသည်။ပြီးလျှင် သူ၏ ခြေထောက်ကြမ်းကြမ်းကြီးများဖြင့် ဘီနာ၏ ခန္ဓာကိုယ် သေးသေးလေးကို ဆင့်၍ကန်လေသည်။

      ဘီနာသည် နာကျင်လွန်း၍ အသက်ရှုပင်ရပ်သွားသလိုခံစားနေရလေသည်။ဘီနာတို့နှစ်ယောက် ဤမျှလောက် ငရဲခန်းတစ်မျှ ဆူညံပွက်လောရိုက်နေသော်လည်း ဘီနာနေသောထင်းထဲသည်။စက်ရုံဝင်း၏ အစွန်အဖျား အကျဆုံးနေရာတွင်ရှိသလို့ နှင်းမှုန်များ တဖွဲဖွဲကျန်နေသော ရာသီဥတုကြောင့် ပတ်ဝန်းကျင်သည် ဘီနာ၏ ဘေးဒုက္ခကို မသိဘဲနေချေသည်လား။သို့မဟုတ်လျှင် ဤအရပ်သည် ကိုယ်နှင့်မဆိုင်သလိုနေကြသည့်အရာ၌ နေသားကျနေပေသည် ပဲလား မသိနိုင်ပါချေ။ 


" ဪ ...ဟားဟားဟား ... ဘာလို့ ဒီလောက် ရုန်းကန်နေလဲမှတ်တာ ... မင်းက မိန်းခလေးကို...စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲပြီပေါ့ကွာ  " 


       ရုန်းရင်းဆန်ခတ် ဖြစ်နေရင်းမှ ဘီနာ၏ ဘ၀မှန်ကို သိရှိသွားသော ထိုသူသည် ခပ်စောစောကထက် ပိုပြီး ကြမ်းတမ်းလာလေ၏ ။ဘီးလူးသရဲစီးနေသကဲ့သို့ပင် ကြမ်းတမ်းစွာပင် ပြုမူလေသည်။ 


        ရေတိမ်နစ်ရတော့မည့်အခြေအနေကြောင့် ဘီနာသည် အားကုန်ရုန်း၍ထွက်သည်။ချုပ်နှောင်ခံထားရသောလက်များကို အားပျော့သွားသယောင်ပြု၍ဘေးအိတ်ထဲမှ အိတ်ဆောင်ဓါးကို မရရအောင် ဆွဲ၍ထုတ်ယူသည်။သန်မာသော လက်ကြီးများသည် ဘီနာ၏ လက်များကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ထားသည်။ဘီလူးသဘက်စီးနေသကဲ့သို့ ဖြစ်နေသောသူသည် တဏှာရာဂစိတ်များဖိစီးနေသောကြောင့် သူ၏ သန်မာသောလက်များသည် အားအနည်းငယ် ယုတ်လျော့၍သွားသည်။ဘီနာသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ အိတ်ထဲမှ ဆောင်ဓါးကို ထုတ်ယူပြီးလျှင် ထိုလူအား ဆင့်ကာဆင့်ကာထိုးချလိုက်လေသည်။ 


" အား "

     အလစ်အငိုက်တွင် ဖြစ်သွားသောကြောင့် ထိုသူသည် နာကျင် စွာအော်ဟစ်လိုက်ပြီးလျှင် ဘီနာ့ကိုယ်ပေါ်မှ ခွါလိုက်ပြီး ကမူးရှူးထိုးဖြင့် ဘီနာ့ကို ကန်ကျောက်၏။ဘီနာသည် အသားနာခံ တန်ပြန်တိုက်ခိုက်သည်။သစ်လုံးဖြင့် သိမ်းကြုံး၍ရိုက်ပစ်သည်။ဓါးဒဏ်ရာကြောင့် ဒယိမ်းဒယိုင်ဖြစ်နေသောသူသည် နောက်ဆုံးတွင် ဝုန်းခနဲ ပြိုလဲကျသွားလေသည်။ 


@@@@@@@@@@@@@@@@@ 


အပိုင်း (၆) ဆက်ရန်  


ဧကြည်ဖြူ


rate now: