book

Index 4

အပိုင်း ( ၄ )

ဧကြည်ဖြူ 


    " ဘီနာ " 


*********************** 


        ခပ်ပြင်းပြင်းနင်းလာသော ခြေသံဟာ မီးလင်းဖို အနားသို့အရောက်မှာ ရပ်တန့်သွားလေသည်။ 


" တောက် " 


       ခက်ထန်လှသော တောက်ခေါက်သံကြောင့် ဘီနာ၏ ခန္ဓာကိုယ်ဟာ ဆတ်ခနဲ တုန်လှုပ်သွားရသည်။ 


" ဒုန်း ` 


          ဝင်လာသော သူသည် ဧည့်ကြိုကောင်တာ ခုံအား ခြေထောက်နှင့် ခပ်ပြပြေင်းတစ်ချက်ကန်လိုက်လေသည်။ပြီးလျှင် တည်ခိုးရိပ်သာ ပိုင်ရှင်အမျိုးသမီးကြီးကို ဒေါသတကြီးနှင့် လှမ်းခေါ်လိုက်လေသည်။ 


        ဘီနာသည် တဆတ်ဆတ် တုန်နေသော လက်အစုံဖြင့် မီးလင်းဖိုထဲမှ အနေတော်အရွယ်သစ်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ထိုသို့ရှိစဉ်မှာပင် တည်းခိုခန်ပိုင်ရှင်အမျိုးသမီးကြီး၏ ခြေသံဖြစ်ဟန်တူသော လေးလေးပင်ပင် ခြေသံကို ကြားလိုက်ရလေသည်။ 


" ခင်ဗျားပြောတော့ ...ကောင်မလေးရှိတယ်ဆို ...အခန်းထဲမှာလဲ မရှိဘူး .. ခြံထဲမှာလဲ နေရာအနှံ့ရှာပြီးပြီ ...ကောင်မလေး ဘယ်မှာလဲ ...ခင်ဗျားရဲ့ တည်းခိုခန်းကို တစ်ခန်းချင်းစစ်ဆေးရမယ် ... အခန်းသော့တွေ ပေးပါ .. မပေးရင် တံခါးတွေကို အကုန်ဖျက်ဆီးပစ်ရလိမ့်မယ် " 


" အို ...ဒီလိုတော့ မလုပ်ပါနဲ့ရှင် ... ကျွန်မသူ့ကို မဝှက်ထားပါဘူး ...ပြီးတော့ သူ့မှာအခန်းသော့ တွေမရှိဘဲ အခြားအခန်းတွေကိုလဲ မဝင်နိုင်ပါဘူး ... ဒီမှာ အခြားတည်းခိုနေသူတစ်ယောက်လဲ ရှိလို့ ဒီလိုတော့ မလုပ်ပါနဲ့ရှင် " 


        တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးသည် ခက်ထန်မာကျောလှသော အသံပိုင်ရှင်ကို ဘောင်းတောင်းပန်ပန်နှင့် ပြောလိုက်သည်။ 


" ဘာလဲ ခင်ဗျားက ကျုပ်တို့သူဌေးမင်းရဲ့ စကားကို ဆန့်ကျင်တာလား ...ခင်ဗျားရဲ့ တည်းခိုရိပ်သာကိုပါ ပိတ်သွားစေချင်တာလား * 


'" မ ...မလုပ်ပါနဲ့ရှင် ....အခန်းတွေကို စိတ်ကြိုက် ရှာဖွေပါ...မိန်းခလေးကို ဝှက်မထားပါဘူး " 


           လေသံခပ်မာမာနှင့်ဟိန်းဟောက်လိုက်သော အသံကြောင့် အမျိုးသမီးကြီးသည် ပျာပျာသလဲနှင့် တောင်းပန်စကားဆိုလိုက်ပြီးနောက် သော့တွဲကို ယူကာ အိပ်ခန်းများရှိရာသို ခန္ဓာကိုယ်ဝ၀ကြီးနှင့် တုန်တုန်ယင်ယင် လျှောက်၍သွားလေသည်။ 


~~~~~~~~~~~~~~~~~~~~~~~ 


      ဘီနာသည် အသက်ပင်ရဲရဲမရှူဝံ့ဘဲ တစ်ချက်တစ်ချက်၌ . အသက်အောင့်၍ထားမိပြီးလျှင် မီးလင်းဖိုထဲ၌ မလှုပ်မယှက် ရှိလေသည်။ 


        အတန်ကြာသောအခါ၌ အမျိုးသမီးကြီးနှင့် သူဌေးမင်းခိုင်းစေလိုက်သောသူသည်  ဧည့်ခန်းဆောင်သို့ ပြန်၍ ရောက်ရှိလာလေသည်။


"ဒီတစ်ညနေလုံး ဒီထဲကနေ သူထွက်လာတာကို မတွေ့ရဘူး...သူက ဒီထဲမှာပဲ ရှိနေလိမ့်မယ် ...ခင်ဗျားကို သူဘာတွေ မေးသေးလဲ အကုန်ပြော " 


       သူဌေးမင်း၏ အလုပ်သမားဆိုသူက မေးလိုက်သောအခါ အမျိုးသမီးကြီးက ခေတ္တမျှ ငြိမ်၍စဉ်းစားနေပြီးနောက် မှတ်မိသွားလေဟန်ဖြင့် အသံခပ်ကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်လေသည်။ 


" ဟုတ်ပြီ ...ကျွန်မမှတ်မိပါပြီ ...ကျွန်မ သူ့ကို့ ...( .....) မြို့ကို သွားတဲ့ တောအုပ်လေးအကြောင်းကိုတော့ ပြောပြလိုက်တယ် " 


        အမျိုးသမီးကြီး၏ စကားကြောင့် အလုပ်သမားမှာ ဒေါသထွက်သွားပြီးလျှင် ကောင်တာခုံကို လက်ဝါးနှင့် ခပ်ကြမ်းကြမ်း ရိုက်လိုက်ပြီးလျှင် ဒေါသတကြီးနှင့် အော်လိုက်လေသည်။ 


"ထွက်ပြေးလာခဲ့တဲ့နေရာကို ပြန်သွားရအောင် သူကရူးနေလို့လား....သေချာတယ် သူဒီထဲမှာပဲ ရှိလိမ့်မယ် ... ကျုပ်တို့ သူဋ္ဌေးမင်း စိတ်ဆိုးနေပြီနော် ...ခင်ဗျားပါ ဝိုင်းရှာပါ " 


         ခြေသံများသည် တည်းခိုရိပ်သာတစ်ခုလုံး ပြည့်နှက်လျက်။ တည်းခိုးရိပ်သာတွင် တည်းခိုနေသော မျက်နှာစိမ်းဧည့်သည်လည်း သူ၏အခန်းတံခါးကို တဒုန်းဒုန်းထုနေသော အသံကြောင့် အခန်းတံခါးကို ဖွင့်လိုက်ပြီးလျှင် ဒေါသသံနှင့် မေးလိုက်လေသည်။ 


" ဒီမှာ ဘာတွေများ ဖြစ်နေကြတာလဲဗျာ ... ပြောတော့ တည်းခိုးသူမရှိလို့ အေးအေးဆေးဆေး အနားယူလို့ရတယ်ဆို " 


         အလုပ်သမားသည် ဧည့်သည်ဖြစ်သူအား စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ဘေးသို့တွန်းထုတ်လိုက်ပြီးလျှင် အခန်းထဲသို့ဝင်သွားလေသည်။ပြီးနောက် တစ်ခန်းလုံးလှန်လှောရှာဖွေပြီးလျှင် ဧည့်သည်၏ပစ္စည်းများကို မွှေနှောက်ပစ်လိုက်လေသည်။သည်မျှ မကသေးဘဲ ဧည့်သည်၏ပစ္စည်းကောင်းတချို့ကို သူ၏အိတ်တွင်းသို့ ထိုးထည့်လိုက်လေသည်။ထိုမြင်ကွင်းကို ကြည့်၍ ဧည့်သည်မှာ လွန်စွာစိတ်ဆိုးသွားပြီးလျှင် အလုပ်သမား ယူထားသော သူ၏ ပစွည်းများကို ပြန်၍လုယူ၍ စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်လေသည်။ 


" ဒါ ဘာလုပ်တာလဲ မိတ်ဆွေ ...အဲ့ဒီပစ္စည်းတွေက ကျုပ်ရဲ့ပစ္စည်းတွေပါ ..မိတ်ဆွေရှာနေတဲ့သူကို မ

တွေ့ရင်လဲ ကျုပ် ပစ္စည်းတွေကို ထားခဲ့ပြီး အေးအေးဆေးဆေး ထွက်သွားပါ " 


"အောင်မယ် ...မင်းကဘာကောင်လဲ.... မင်းပစ္စည်းတွေကိုငါကြိုက်လို့ ယူတာဘာဖြစ်လဲ ... အသက်မသေချင်ရင် ပါးစပ် တိတ်တိတ်နေ ..ငါတို့သူဌေးမင်းကိုများ မင်းကဘာထင်နေလဲ " 


       အလုပ်သမားသည် ဧည့်သည်ကို ပြန်၍တွန်းထိုးလိုက်ပြီးလျှင် သူ၏သူဌေးမင်းနှင့် ခြိမ်းခြော်က်လိုက်လေသည်။ထိုအခါ၌ ဧည့်သည်ဖြစ်သူသည် အလုပ်သမားကို ပြန်၍တွန်းထိုးရုန်းကန်လိုက်ပြီးနောက် 


"မိတ်ဆွေတို့ရဲ့ သူဌေးမင်းကိုလဲ ကျုပ်မသိဘူး ...စိတ်လဲမ၀င်စားဘူး...ကျုပ်ရဲ့ပစ္စည်းတွေကိုသာပြန်ပေးပါ " 


" မပေးဘူး ... မပေးတော့ ဘာဖြစ်လဲ .... အသက်မသေချင်ရင် ပါးစပ်ပိတ်ပြီးငြိမ်နေစမ်း " 


       အလုပ်သမားနှင့် ဧည်သည်တို့မှာ တစ်ယောက်တစ်ခွန်းစကားများကြရင်းမှ တစ်ယောက်နှင့်တစ်ယောက် ထိုးကြိတ်ကြတော့လေသည်။ထိုအချိန်၌ တည်းခိုခန်းပိုင်ရှင် မိန်းမကြီးသည် နီးစပ်ရာအခန်းထဲသို့ ၀င်၍ ပုန်းရှောင်နေလေသည်။ 


~~~~~~~~~~~~~~~~~~~~ 


" ဝုန်း ...ဒုန်း " 


          ဘီနာသည်  ထိုးကြိတ်ရိုက်ပုတ်နေသော အသံများကို နားစွင့်နေရင်းမှ ဒေါသကြောင့်ခြေလက်များမှာ တဆတ်ဆတ်တုန်ယင်လာသည်။ကြောက်စိတ်သည် ဒေါသစိတ်သို့ တစ်မုဟုတ်ချင်းပြောင်းလဲလာသည်။သစ်သားထင်းတုံးကို ဆုပ်ကိုင်၍ ဘီနာအပြင်သို့ ထွက်လာခဲ့သည်။ဧည့်ခန်းကောင်တာသည် ဝါကျင့်ကျင့်မီးရောင် အောက်၌ စိတ်ပျက်လက်ပျက်ရှိနေသယောင်။ဘီနာက ခြေလှမ်းကို ခပ်ဖွဖွနင်းလျက် အိပ်ခန်းများရှိရာဆီသို့ ရောက်လာခဲ့သည်။ 


       ဘီနာ့ရှေ့မှ မြင်ကွင်းသည် ရင်ထိတ်စရာကောင်းလှပေသည်။ညအိတ်ဝတ်စုံနှင့် လူမှာ ကြမ်းပြင်ပေါ်တွင် ပက်လက်အနအထားနှင့် ရှိနေလေသည်။ထိုသူ၏ ကိုယ်ပေါ်၌ အလုပ်သမားသည် အပေါ် စီးမှမိုးထားပြီးလျှင် လက်သီးနှင့် တစ်ချက်ပြီးတစ်ချက်ထိုး၍ နေလေသည်။အောက်မှ ခံနေရသော ဧည့်သည်မှာ အသက်ခပ်မျဉ်းမျဉ်းသာ ရှူနိုင်တော့သည့် အနအထားဖြစ်သော်လည်း အလုပ်သမားမှာ ကျေနပ်ဟန်မတူဘဲ ရှိလေသည်။မြင်ကွင်းကို ဘီနာ ဆက်ကြည့်၍ မနေနိုင်တော့ပါချေ။လက်မှ သစ်သားတုံးကို ကိုင်မြှောက်လိုက်ပြီးနောက် အားကုန်ရိုက်ချလိုက်လေသည်။ 


" အား ...." 


         အလုပ်သမားထံမှ အသံနက်ကြီးနှင့် အော်သံ ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်ကြီးမှာ ဘေးသို့ ခွေလဲကျသွားလေသည်။အလုပ်သမားလဲကျသွားသည်နှင့် အောက်မှ လူကို ဘီနာက ဆွဲထူလိုက်သည်။ 


"မိတ်ဆွေ ... မိတ်ဆွေ သတိထားပါအုံး ..... ကျွန်မတို့ ဒီနေရာကထွက်သွားမှဖြစ်မယ်ထင်တယ် "

    

     ဘီနာသည် ဧည့်သည်၏ ခန္ဓာကိုယ်ကို ပွေ့ထူပြီးပြောနေစဉ်မှာပင် တည်းခိုရိပ်သာ ပိုင်ရှင်အမျိုးသမီးကြီး ဘီနားတို့နားသို့ ရောက်လာပြီးလျှင် အထိတ်တလန့်ပြောလိုက်လေသည်။ 


"အမယ်လေး .... ဘယ်လိုတွေဖြစ်ကုန်တာလဲ ... သူဋ္ဌေးမင်းသိရင် မင်းတို့ ရောငါပါဒုက္ခရောက်ကုန်တော့မှာပဲ " 


       အမျိုးသမီးကြီး၏ အသံကြောင့် ဘီနာမှာစိတ်တိုသွားရပြီးလျှင် အမျိုးသမီးကြီးအား လှမ်းပြောလိုက်သည်။ 


" အသံကိုတိုးတိုးပြောပါရှင် ...ကျွန်မတို့ကအန်တီ့ တည်းခိုခန်းမှာ လာတည်းတဲ့ ဧည့်သည်တွေပါ ... ကျွန်မတို့ရဲ့ လုံခြုံမှုအတွက်အန်တီ့မှာ အပြည့် အ၀တာဝန်ရှိပါတယ် ...ဒါပေမဲ့ အခုတော့ အန်တီကိုယ်တိုင်က လမ်းပြခဲ့တာဆိုတော့ ဒါဟာ အန်တီ့ရဲ့အပြစ်ပဲ " 


" ငါ့အပြစ်ဟုတ်လား မိန်းခလေး ...တကယ်လို့ ငါသာလမ်းမပြခဲ့ရင် ငါဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းသိရဲ့လား ... ဒီဘက်နယ်မှာ သူဋ္ဌေးမင်းကို ဆန့်ကျင်တဲ့သူမှန်သမျှက အသက်သေရင်သေ မသေရင် စီးပွားပျက် ဘ၀ပျက်ကုန်ကြတာပဲ ဒါကိုမင်းသိရဲ့လား မိန်းခလေး...မင်းကို သူတို့ ဘာလို့ လိုက်ဖမ်းနေလဲ ဆိုတာကို ငါမသိဘူး ...သိလဲ မသိချင်ဘူး ...တကယ်လို့ ငါ့နေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်လဲ ငါ့လိုပဲ မသိဟန်ဆောင်နေကြမှာပဲ သိရဲ့လား " 


       အမျိုးသမီးကြီးသည် စကားရှည်ကြီးကို ပြောပြီးသည့်နောက်တွင် ဧည့်ကောင်တာရှိရာသို့ ခြေတုန်လက်တုန်နှင်ထွက်သွားလေသည်။ 


~~~~~~~~~~~~~~~~~~~~ 


"လက်ထဲက တယ်လီဖုန်းကို ချလိုက်ပါရှင် ...မချရင် ကျွန်မအနေနဲ့ ညှာနေမှာမဟုတ်ပါဘူး " 


        တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးသည် ဘီနာ၏ မာကျောခက်ထန်သောအသံနှင့် ဘီနာ့လက်ထဲတွင် ချိန်ရွယ်ထားသော သစ်သားတုတ်ကို ကြည့်၍ လက်ထဲမှ တယ်လီဖုန်းကို တုန်တုန်ယင်ယင်နှင့် ပြန်ချလိုက်လေသည်။ 


" ဒီမှာ မိန်းခလေး .ဒီကိစ္စကို သူဋ္ဌေးမင်းကို အကြောင်းကြားရမယ် ...မဟုတ်ရင် သူဌေးမင်းရဲ့ဒေါသက ငါ့အပေါ်ပုံကျလာနိုင်တယ် သိရဲ့လား ..." 


      အမျိုးသမီးကြီး၏ စကားကြောင့် ဘီနာ့မှာ စိတ်ပျက်သွားရပြီးလျှင် 


" ကျွန်မကို ထားပါအုံး ...ဒီကဧည့်သည် မတရားလုပ်ခံနေရမှန်းသိသိနဲ့ အန်တီက ဒီစကားပြောရလားဟင် ...အခု သူ့မှာ ဒဏ်ရာတွေရထားတယ် ... တကယ်ဆို ဒီဒဏ်ရာတွေအတွက် ဆေးအရင် ပေးသင့်တယ်...ဒါပေမဲ့ အန်တီရဲ့ လုပ်ပုံက မှားယွင်းနေတယ် ... "


"ငါလုပ်တာမမှားဘူး မိန်းခလေး...မင်းက သူဌေးမင်းရဲ့လူကို သတ်လိုက်တာ မဟုတ်လား ...အဲ့ဒီအတွက် ... ဒီကိစ္စဟာ ငါနဲ့မဆိုင်တာကို သူဋ္ဌေးမင်းကို ပြောပြမှ ဖြစ်မယ် "


        အမျိုးသမီးကြီးက အသံတုန်တုန်နှင့် ပြန်၍ ပြောလေသည်။ ဘီနာသည် အမျိုးသမီးကြီးကို စိတ်ပျက်လက်ပျက်နှင့် ကြည့်လိုက်မိပြီး 


" ကျွန်မတို့တွေခံနေရတော့ တစ်ယောက်ယောက်ဆီမှာ အကူအညီတောင်းဖို့ မကြိုးစားခဲ့ဘဲ ...သူဌေးမင်းရဲ့ လူကို ထိသွားတော့မှ အကူအညီ လိုအပ်သတဲ့လား ...ဒါဆိုရင်ဖြင့် သူဋ္ဌေးမင်းနဲ့ မတွေ့ခင် ကျွန်မနဲ့အရင် တွေ့တာပေါ့ ...ကျွန်မတို့ကို ဆေးသေတ္တာနဲ့ ဒီမြို့ရဲ့ လမ်းညွှန်မြေပုံကို ထုတ်ပေးပါ .... " 


         ဘီနာသည် အမျိုးသမီးကြီးကို သစ်သားချောင်းနှင့် ချိန်ရွယ်ထားလျက်မှ လိုအပ်သည်များကို တောင်းလိုက်သည်။ ဒဏ်ရာရထားသော ဧည့်သည်မှာမူ ခြေတရွတ်ဆွဲလျက် နံရံကိုမှီကာ ရပ်နေလေသည်။ 


"မိတ်ဆွေ လမ်းလျှောက်နိုင်ရဲ့လား ....ကျွန်မတို့ ဒီနေရာက အမြန်ဆုံးထွက်သွားမှ ဖြစ်မယ် ... သူဋ္ဌေးမင်းရဲ့ သြဇာက ဘယ်နေရာအထိ သက်ရောက်လဲ ဆိုတာ ပြောပြပါ အန်တီ " 


     ဘီနာသည် ဧည့်သည်ကို ပြောလိုက်ပြီးလျှင် တည်းခိုရိပ်သာ အမျိုးသမီးကြီးကိုပါမေးလိုက်လေသည်။ 


" သူဌေးမင်းက သြဇာအာဏာ သိပ်ရှိတယ် ...သူ့မှာ ငွေတွေလဲ အများကြီးရှိတယ် ...အဲ့ဒီငွေနဲ့ ဘယ်သူ့ကိုမဆို ခိုင်းလို့ရတယ် သိရဲ့လား ...မင်းတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး ... မင်းတို့ သူ့အလုပ်သမားကို ရန်ရှာတဲ့အတွက် ...ဖမ်းမိတာနဲ့ မင်းတို့ အသတ်ခံရမှာပဲ " 


      ဘီနာသည် အမျိုးသမီးကြီးကို ဘာမျှပြန်မပြောဘဲ ဆေးဝါးများကို ယူ၍ ကျောပိုးအိတ်ထဲသို့ထည့်နေသည်။ပြီးနောက် ဓါးတိုတစ်ချောင်းနှင့် ကပ်ကြေးကိုယူ၍ ကျောပိုးအိတ်ထဲသို့ထည့်လိုက်သည်။ပြီးနောက် အမျိုးသမီးကြီးကို ခပ်စူးစူးတစ်ချက် စိုက်ကြည်လိုက်သည်။ 


"အသတ်ခံရမယ်တဲ့လား .... ကျွန်မတို့က သေမှာကိုကြောက်လို့ ကြိုးစားနေတာလေ ... သေချာတာက လူဆိုတာ သေမျိုးချည်းပဲမို့ ...ကျွန်မတို့မသေဘဲ သူတို့လည်း သေနိုင်တာပဲ မဟုတ်လား ...ကျွန်မတို့ အသက်ရှင်ဖို့အတွက် ကျွန်မတို့ကြိုးစားနေတာလေ " 


      ဘီနာက စကားရှည်ကြီးကို ပြောလိုက်ပြီးနောက် အမျိုးသမီးကြီး ကမ်းပေးသော လမ်းညွှန်မြေပုံကို အာရုံစိုက်၍ ကြည့်လိုက်လေသည်။ 


" အလုပ်သမားက မသေပါဘူးရှင် ...သတိလစ်နေတာပါ ... သူ့ကို အခန်းထဲမှာ ချုပ်ထားခဲ့သလို ... အန်တီ့ကိုလဲ ချုပ်ထားခဲ့ပါရစေ ...ဒါမှသာ အန်တီ့အတွက်လဲ အန္တရာယ် ကင်းမယ် ထင်ပါတယ် " 


       ဘီနာဟာ ပြောပြောဆိုဆို နှင့်ပင် အမျိုးသမီးကြီးကို ချုပ်နှောင်လိုက်ပြီး အခန်းတစ်ခန်းထဲသို့ထည့်လိုက်သည်။ဒဏ်ရာရထားသော လူသည် ဘီနာလုပ်ကိုင်နေသမျှကို  မျက်လုံးအပြူးသားနှင့် ငေးမော၍နေလေသည်။ 


~~~~~~~~~~~~~~~~~~~~ 


"  ဒီပုံနဲ့ သူတို့လက်ကနေ ကျုပ်တို့လွတ်နိုင်ပါ့မလား မိန်းခလေး ... မင်း မကြောက်ဘူးလား " 


      ဧည့်သည်၏ စကားကြောင့် ဘီနာသည် သူ့လက်ထဲမှ သော့တွဲကို ကောင်တာ အံဆွဲထဲသို့ထည့်လိုက်ပြီး အသံ ခပ်မှန်မှန်နှင့် ပြန်ဖြေလိုက်လေသည်။ 


" ကြောက်တာပေါ့ ...ဒါပေမဲ့ ကြောက်လွန်းလို့ ရဲရင့်လာတယ်ထင်ပါရဲ့ ...ခုချိန်မှာသေရမယ်ဆိုရင်တောင် ရဲရဲရင်ဆိုင်ပြီးပဲ သေပစ်လိုက်ချင်တယ် ...မိတ်ဆွေရော ကျွန်မနဲ့လိုက်မှာလား ...ကိုယ့် ဘာသာပြေးမှာလား ...အကြံပေးချင်တာက ... မိတ်ဆွေမှာ ငွေကြေးလုံလောက်တယ်ဆိုရင် ကားငှါးပြီး ဒီမြို့က အမြန်ဆုံးထွက်သွားပါ ... အခုချိန် မိတ်ဆွေကြီးရဲ့ အကြောင်းကို ဘယ်သူမှ မသိသေးလို့ အန္တရာယ် ကင်းလောက်မှာပါ ...ခုပဲ လက်မှတ်ရုံကို အမြန်ဆုံးသွားပေတော့ "


" မင်းရော ...ငါနဲ့လိုက်ခဲ့လေ မိန်းခလေး ....ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် မိန်းခလေးကို ကျေးဇူးဆပ်ပါရစေ " 


"မလိုပါဘူး မိတ်ဆွေကြီး ...တကယ်လို့ ဖြစ်နိုင်မယ်ဆိုင်တော့ မိတ်ဆွေကြီးရဲ့ အဝတ်ဟောင်း တစ်စုံလောက်ပဲဖြစ်ဖြစ် ပေးခဲ့ဖို့ တောင်းဆိုပါရစေ ... ပြီရင်တော့ ကျွန်မ တို့ဒီမှာပဲ လမ်းခွဲကြပါစို့ "


~~~~~~~~~~~~~~~~~~~~~ 


       နှင်းမှုန်များသည် တဖွဲဖွဲကျဆင်းလျက် ။အမှောင်ထုသည် အားကောင်းနေဆဲပင်။ဘီနာသည် တည်းခိုရိပ်သာထဲမှ ထွက်ခဲ့ဟန်ပြုပြီးနောက် တည်းခိုရိပ်သာ၏ နောက်ဘက်မှ ပြန်၍ လျှောက်ဝင်ခဲ့သည်။ပြီးလျှင် ခပ်စောစောက ဖွင့်ဟထားခဲ့သော ပြတင်းတံခါးတချပ်ဆီသို့ချဉ်းကပ်လိုက်ပြီးလျှင် ခြေသံလုံလုံ နှင့်အခန်းထဲသို့ဝင်လိုက်သည်။ 


        ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ် မှောင်မည်းလျက်ပင်။ တည်းခိုရိပ်သာတစ်ခုလုံး၌ တစ်ချက်တစ်ချက်တွင်  အမျိုးသမီးကြီး၏ ညည်းညူသံမှအပ တိတ်ဆိတ်လျက်ရှိသည်။ဘီနာသည် မှောင်မှောင်မည်းမည်းထဲ၌ သူမ၏ခေါင်းထက်မှ ဆံပင်များကို စုကိုင်လိုက်ပြီးလျှင် ကပ်ကြေးနှင့် ညှပ်ချပစ်လိုက်သည်။ပြီးလျှင် လက်နှင့် ခေါင်းကိုစမ်းကိုင်လိုက်သည့်အခါ ထိုးထိုးထောင်ထောင် ဆံပင်များကို စမ်းမိလေသည်။ဆံပင်ညှပ်ဆရာဆိုလျှင် မည်သို့ရှိမည်မသိသော်လည်း ဘီနာ့အတွက်ကိုယ့်ခေါင်းမှ ဆံပင်ကို ပြန်၍ ညှပ်ရသည်မှာ ခက်ခဲလှပေသည်။သည်ကြားထဲ အမှောင်ထုကြီးထဲ၌ လက်နှင့် ကိုင်စမ်းပြီး ညပ်နေရသောကြောင့် သာ၍ဒုက္ခများလှပေသည်။ခေါင်းထက်မှ ဆံပင်များကို လက်နှင့်ကိုင်စမ်း၍ ညှပ်နေရာမှ ငုံတိတိအနေအထားသို့ရောက်သောအခါ ဆံပင်ညှပ်ခြင်း ဘီနာရပ်တန့်လိုက်လေသည်။ပြီးလျှင် သူမ၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး အင်္ကျီစကို အသံမထွက်အောင် ကပ်ကြေးနှင့်စမ်း၍ညှပ်ပစ်လိုက်သည်။ ပြီးနောက် ညှပ်ပြီးသော အဝတ်စနှင့်သူမ၏ ခပ်ရွယ်ရွယ်ရင်အစုံကို ခပ်တင်းတင်း စည်းနှောင် ပစ်လိုက်သည်။အားလုံးပြီးသွားသောအခါ၌ ဧည့်သည့်ထံမှ တောင်းထားသော ဝတ်စုံကိုလက်နှင့် စမ်း၍ဝတ်လိုက်သည်။ 


~~~~~~~~~~~~~~~~~~~ 


" ဖြန်း " 


       သူဌေးမင်း၏ လက်ဝါးစောင်းသည် အလုပ်သမား၏ မျက်နှာပေါ်လို့ အရှိန်အဟုန်ဖြင့် ကျရောက်လာလေသည်။ 


"အသုံးမကျတဲ့ကောင်... မိန်ခလေးတစ်ယောက်ကိုတောင်  အမိမဖမ်းနိုင်ဘူးလား ...တကယ်လို့သာ ဒီသတင်းက မြို့ကြီးထိ ရောက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ... ဒီနေ့သူ့ကို ရအောင်ဖမ်းကြ ....မနေ့က ဟိုကောင့်ရဲ့ အလောင်းကို သက်သေမရှာနိုင်အောင် ဖျောက်ပစ်လိုက်ကြ ...ဖမ်းမိထားတဲ့ လူတွေကိုလဲ သေချာစောင့်ကြည်ထားအုံး ...တကယ်လို့များ ဟိုနှစ်ယောက် အကြောင်းလာစုံစမ်းတဲ့သူရှိရင် ... သူတို့ အလုပ်ထွက်ပြီးပြန်သွားပြီလို့ ပြောလိုက်ကြ...ဒီကိစ္စမှာ ငါ့သားပါနေတာကို ဘယ်သူမှသိလို့မဖြစ်ဘူးနော် ...သိခဲ့ရင် မင်းတို့မိသားစုတွေ ဘာဖြစ်သွားမလဲဆိုတာသိတယ် မဟုတ်လား...ရော့...ဒီမှာ မင်းတို့ သုံးဖို့  " 


        သူဌေးမင်းသည် ရွှေဒင်္ဂါး တစ်ပြားကို သူ၏ သစ္စာတော်ခံအလုပ်သမားများ၏ရှေ့ ကြမ်းပြင်ပေါ်သို့ပစ်ချပေးလိုက်ပြီးလျှင် အခန်းအပြင်သို့ထွက်ခဲ့လေသည်။ 


~~~~~~~~~~~~~~~~~~~~

" ဟေ့ ... မင်းက ဘယ်သူလဲ ... ဒီနေရာမှာ ပိုက်ဆံ တောင်းခွင့်မရှိတာ မသိဘူးလား  " 


       ဖက်တီးသည် ဘူတာ၏ ထောင့်တစ်နေရာတွင် အဝတ်အစားဟောင်းဟောင်းနွမ်းနွမ်းနှင့် ထိုင်နေသော စုတ်တိစုတ်ပဲ့ပုံနှင့် လူငယ်လေးကို မေးလိုက်သည်။ထိုအခါ အပေါက်အပြဲများ ပြည့်နှက်နေသော ကုတ်အင်္ကျီစုတ်ကို ဝတ်ဆင်ထားသော လူရွယ်သည် တစ်ချက်မော့ကြည့်လာပြီလျှင် အာလုပ်သံကြီးနှင့် ပြန်ပြောလိုက်လေသည်။ 


" ငါက သူကောင်းစားမဟုတ်ဘူး... အလုပ်လိုချင်လို့ ဒီမြို့ကို ရောက်လာခဲ့တာ " 


"အောင်မယ် .. မင်းက ဘာများလုပ်နိုင်လို့လဲ ..." 


" ငါဘာမဆိုလုပ်နိုင်တယ် ... မင်းမှာ အလုပ်ရှိလို့လား " 


"ငါ့မှာတော့ အလုပ်ဘယ်ရှိမလဲ ...ငါတို့ သူဋ္ဌေးဆီမှာ အလုပ် ပြောပေးမယ် ..... မင်း အလုပ် လိုချင်ရင် ငါနဲ့လိုက်ခဲ့လေ " 


      ဖက်တီးသည် ကုတ်အင်္ကျီစုတ်ဖားဖားကြီးအောက်မှ သေးသေးကွေးကွေးပုံစံ လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လူငယ်လေးမမြင်အောင် တစ်ဖက်သို့လှည့်၍ ပြုံးလိုက်လေသည်။ 


@@@@@@@@@@@@@@@@@@@ 


အပိုင်း (၅ ) ဆက်ရန် 


ဧကြည်ဖြူ


rate now: