ဧကြည်ဖြူ
" ဘီနာ "
***********************
အေးစက်စက် အခန်းကျဉ်းလေးထဲ၌ မြို့ကြီးတွေလို အပူပေးစက်လည်းမရှိ။မီးလင်းဖို လည်းမရှိ ။ ခပ်ထူထူစောင်တစ်ထည်၊ ဖက်ခေါင်းအုံးရှည်နှင့်ခေါင်းအုံးနှစ်လုံးသာရှိသည်။ထိုအခန်းကျဉ်းလေးထဲတွင် အောက်သိုးသိုးအနံ့များကိုပင် တစ်ချက်တစ်ချက်ရနေလေ၏။တစ်ချပ်တည်းသော ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ လေအေးများ အခန်းထဲသို့ ဝင်ရောက်လာသည်။
ဘီနာသည် အခန်းပြတင်းတွင် ရပ်လျက် ပြင်ပသို့ငေးမောကြည့်နေမိသည်။သည်နေ့အဖို့ တည်းခိုရိပ်သာသည် ဘီနာ့အတွက် လုံခြုံမှုရှိဖို့ရန် မသေချာသော်လည်း ဘီနာ့မှာ ရွေးချယ်စရာများများစားစား မရှိပါလေ။ သူဌေးမင်းသည် ဘီနာ့ကို တွေ့မြင်သွားပြီမို့ ဘီနာ့အတွက် အသက်အန္တရာယ်မှာ စိုးရိမ်စရာကောင်းလှပေသည်။အန္တရာယ်သည် ဘီနာ့ထံသို့ အချိန်မရွေး ကျရောက်လာနိုင်ပေသည် မဟုတ်ပါလား။
~~~~~~~~~~~~~~~~~~~~
"ဒီမြို့မှာ အိမ်ခြေ ဘယ်လောက်ရှိလဲရှင် .... မြို့ကရော အတော်လေးကျယ်သလား "
ဘီနာက နေ့လယ်စားနေရင်းမှ
တည်းခိုရိပ်သာပိုင်ရှင် အမျိုးသမီးကြီးကို လှမ်းမေးလိုက်သည်။အမျိုးသမီးကြီးသည် ဘီနာ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးလျှင် လေသံခပ်အေးအေးနှင့် ပြန်၍ဖြေလေသည်။
"ဘယ်ကသာ ကျယ်မှာလဲ ...ဒီမြို့က ခပ်ကျဉ်းကျဉ်းရယ်...အိမ်ခြေ လည်း သိပ်မများဘူး..."
" ( ....) မြို့နဲ့ရော သိပ်ဝေးသလား..."
ဘီနာက ဖခင်ကြီး၏ ဇာတိမြို့လေးနှင့် အကွာအဝေးကို လှမ်း၍ မေးလိုက်ပြန်သည်။
"ရထားလမ်း...ကားလမ်းအတိုင်းသွားရင်တော့ အဝေးသားပေါ့ .... အနောက်ဘက်တောအုပ်လေးထဲက ဖြတ်သွားရင်.. မဝေးလှပါဘူး ...ဒါပေမဲ့တောအုပ်လေးထဲမှာ လမ်းတွေက ချော်ပြီး ဆိုးလို့ ....တော်ရုံ ဘယ်သူမှမသွားကြဘူး "
" ဒါနဲ့ ဒီလောက်အေးနေတာကို မီးလင်းဖိုကို ဘာကြောင့်အသုံး မပြုတာလဲရှင် "
ဧည့်ကောင်တာနှင့် မလှမ်းမကမ်းတွင် ရှိနေသော ထင်တုံးများသာ ထည့်ထားပြီး မီးမဖိုထားသော မီးလင်းဖိုကြီးကို ကြည့်ကာ ဘီနာက အမှတ်တမဲ့မေးလိုက်သည်။ထိုအခါ၌ တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးက ခပ်လေးလေးပြန်ဖြေလေသည်။
" အိုကွယ် .. ဧည့်သည်မှ မရှိဘဲ ... တော်ကြာနေ မင်းရာငါရော ...ကိုယ့်အခန်းထဲကိုယ် ၀င်နေကြမှာလေ ...ဒီဧည့်ခန်းမှာ ထိုင်နေမယ့်သူလဲရှိမှ မရှိတာပဲ "
အမျိုးသမီးကြီး၏ အဖြေစကားကြောင့် ဘီနာဟာ အသုံးမပြုတာ ကြာပြီဖြစ်ဟန်တူသော မီးလင်းဖိုကြီးကို ခပ်တွေတွေငေး၍ကြည့်နေမိလေသည်။
စားသောက်ပြီးတဲ့အခါမှာ ဘီနာက တည်းခိုရိပ်သာ အပြင်ဘက်သို့ လမ်းလျှောက်ချင်စိတ်ဖြစ်ပေါ်နေသော်လည်း ထိုစိတ်ဆန္ဒကို မျိုသိပ်ပြီး အခန်းရှိရာဆီသို့ ပြန်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~
အခန်းထဲသို့ရောက်သောအခါ၌ ဘီနာသည် အတန်ကြာ ငိုင်တွေလျက် စဉ်းစားနေမိပြန်လေသည်။ယနေ့အဖို့၌ ဘီနာသည် လွတ်မြောက်အောင် ရုန်းထွက်ပြေးနိုင်ခဲ့သော်ငြား အဖမ်းခံလိုက်ရသူ လူသုံးယောက် အကြောင်းကို တွေးလိုက်မိသောအခါ၌ ဘီနာ စိတ်မသန့်သလို ခံစားရလေသည်။သူတို့အကြောင်းများကို သိသိနှင့် ကိုယ်လွတ်ရုန်းပြေးရမည်ဆိုသောအခါ ဘီနာလိပ်ပြာမလုံချင်။ ထိုသူတို့အား ကယ်တင်နိုင်ရန်အလိုငှာ ဘီနာ မစွမ်းဆောင်နိုင်ပါချေ။စစ်မှန်ဖြောင့်မတ်မှုများသည် ဘီနာ့ဘက်တွင် မရှိပါချေ။
~~~~~~~~~~~~~~~~~~~~~
တည်းခိုရိပ်သာ၏ ခေါင်မိုးထက်ဆီမှ ဆီးနှင်းများ တဖွဲ့ဖွဲ့ကျနေသံကို ကြားနေရသော်လည်း အအေးဓါတ်သည် ထင်သလောက် အကဲမပိုလှပြန်ပါလေ။သို့တည်းမဟုတ် ဘီနာသည်ပင် ပူပင်သောကများနေ၍ လေလား မပြောတတ်ပါချေ။အပြင်လောက၌ အမောင်ထုကြီး စိုးမိုးလာသကဲ့သို့ တည်းခိုရိပ်သာရှိ ဝါကျင့်ကျင့် မီးအချို့သည်လည်း ပိတ်၍ သွားကြလေပြီ။
~~~~~~~~~~~~~~~~
"ဖျပ် ...ဖျပ် ..ဖျပ် "
ဝါကျင့်ကျင့်ခပ်ကျဲကျဲ မီးရောင်အောက်၌ မည်းမည်းအရိပ် သဏ္ဍာန်တစ်ခုသည် အခန်းငယ်လေးများရှေ့တွင် တရွေ့ရွေ့လှုပ်ရှားသွားလာနေသည်။တစ်ခုသော အခန်းရှေ့သို့ ရောက်သောအခါ မည်းမည်း အရိပ်ကြီးသည် အချိန်အနည်းငယ်မျှ ရပ်တန့်လိုက်ပြီးသည့်နောက်တွင် အခန်းတံခါးကို သော့တံနှင့်စမ်း၍ ဖွင့်လိုက်သည်။
ပြီးနောက် တံခါးကို ခပ်ဟဟဖွင့်၍ကြည့်လေသည်။
ပွင့်ဟသွားသော တံခါးမှတဆင့် မှောင်မိုက်နေသော အခန်းထဲသို့ အရိပ်မည်းကြီးက ခပ်စူးစူးစိုက်၍ကြည့်နေသေးသည်။အတန် ကြာသောအခါ မျက်လုံးများသည် ကျင့်သားရသွားလေသည်အလား ခုတင်ပေါ်ရှိ ခပ်စောင်းစောင်း လှဲနေသူထံသို့ အသံမကြားရအောင် ချဉ်းကပ်သွားလေသည်။
အရိပ်မည်းကြီးသည် ခုတင်နားသို့ရောက်သည်နှင့် တစ်ပြိုင်နက် ခပ်စောင်းစောင်း လှဲနေသော သူ၏ ဦးခေါင်းရှိရာသို့မှန်းဆ၍ လက်အစုံကို ဆန့်တန်းထုတ်လိုက်ပြီးလျှင် အသင့်ပါလာသော ထူထူထဲထဲ အနွေးထည်နှင့်မျက်နှာရှိရာဆီသို့မှန်းဆ၍ ခပ်ကြမ်းကြမ်းအုပ်ချလိုက်သည်။သို့သော်လည်း လှုပ်ရှားမှုမရှိ၊ လူးလွန့် မှုမရှိသော ထိုအရာကြောင့် အရိပ်မည်းကြီး၏ လက်အစုံသည် ရပ်တန့်သွားရပြီးလျှင် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်လေသည်။ပြီးနောက် ခုတင်အောက်ပါမကျန် တစ်ခန်းလုံးကို လှည့်ပတ်ရှာဖွေလိုက်သည်။
ပြီးသောအခါ၌ တစ်ချပ်တည်းသော ပြတင်းပေါက်ကို တွန်း၍ ဖွင့်ကြည့်လိုက်လေသည်။ထိုအခါ၌ ပြတင်းတံခါးသည် လွယ်ကူစွာပွင့်၍ သွားလေသည်။အရိပ်မည်းကြီးသည်လည်း ပွင့်သွားသော တံခါးပေါက်မှ လျှင်မြန်ဖျတ်လတ်စွာ ခုန်ချလိုက်ပြီးနောက် ထင်းရှူးပင်တန်းများရှိရာ ဘက်ဆီသို့ ပြေးဝင်၍ သွားလေသည်။
~~~~~~~~~~~~~~~~~~~~~
ဘီနာသည် တထိတ်ထိတ်ခုန်လှုပ်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိ၍ အသက်ကို ခပ်ဖြည်းဖြည်းချင်းရှူထုတ်လိုက်သည်။အေးမြသော ဆောင်းကာလ၌ ဘီနာ့တစ်ကိုယ်လုံး ချွေးစေးများပြန်လျက်ရှိပေသည်။ပြင်ပတွင် အခြေအနေများ ငြိမ်သွားသော်လည်း ဘီနာမလှုပ်ရဲသေးပါ။ပြာစများနှင့် ထင်တုံးကြီးများဘေးတွင် ငြိမ်၍ ကုပ်နေမိသည်။တည်းခိုရိပ်သာ၏မီးလင်းဖို ဟောင်းကြီးသည် ဘီနာ၏အသက်ကို ကယ်တင်ခဲ့လေပြီ။သို့သော်လည်း ရှေ့ဆက်၍ မည်သို့ဖြစ်မည်ကိုမူ ဘီနာ မသိ။ ဤအရပ်ဒေသမှ မလွတ်မြောက်မချင်း ဘီနာသည် ကိုယ့်အသက်ကိုယ်မပိုင်။ယခုအချိန်၌ လွတ်မြောက်ခဲ့သော်လည်း အချိန်မရွေး ဖမ်းမိသွားနိုင်သည်ကို ဘီနာတွေးတောမိလေသည်။ဘီနာသည် မိလင်းဖိုကြီး၏ အေးစက် ပေပွနေသော ကျောက်နံရံကို မှီထားလိုက်ပြီး မှိန်းနေ၍နေလိုက်သည်။ထိုစဉ်မှာပင် တည်းခိုရိပ်သာ၏ ရှေ့တံခါးမကြီးမှာ တကျွီကျွီမြည်သံပေး၍ ပွင့်ဟသွားလေသည်။ထို့နောက်တွင် ခြေသံခပ်ပြင်းပြင်းနင်း၍ တည်းခိုရိပ်သာထဲသို့ လူတစ်ယောက် ၀င်ရောက်လာလေသည်။
@@@@@@@@@@@@@@@
အပိုင်း (၄ ) ဆက်ရန်
ဧကြည်ဖြူ