ဧကြည်ဖြူ
"ဘီနာ "
***********************
ဘီနာက သူမ၏ပခုံးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သော လက်ပိုင်ရှင်ကို အထိတ်တလန့် မော့ကြည့်လိုက်မိသည့်အခါမှာ အသက်နှစ်ဆယ်ကျော် အရွယ်ပိန်ပိန်သွယ်
သွယ်လူရွယ်တစ်ယောက်ကိုတွေ့လိုက်ရလေသည်။
" အချစ် စိတ်ဆိုးပြေပါတော့ .... "
လူရွယ်သည် မတိုးမကျယ် အသံနှင့်ပြောလိုက်ပြီးလျှင်သူ၏ခန္ဓာကိုယ်ပေါ်တွင် ထပ်ဝတ်ထားသော ကုတ်အင်္ကျီကိုချွတ်၍ ဘီနာကို ဝတ်ဆင်ပေးရန် ဟန်ပြင်လိုက်လေသည်။
လူရွယ်၏အပြုအမူကြောင့် ဘီနာသည် ကြောင်အမ်းအမ်းနှင့် နားမလည်နိုင်သလိုဖြစ်၍နေစဉ်မှာပင် လူရွယ်သည် ဘီနာကို ကုတ်အင်္ကျီဝတ်ပေးဟန်နှင့် အနားသို့ကပ်၍ တစ်စုံတစ်ရာကို ပြောလိုက်လေသည်။
"မင်း ဟန်မပျက် အလိုက်သင့်နေပါ မိန်းခလေး ... ငါလဲမင်းကို ဒီထက်ပိုပြီး ကူညီနိုင်မှာမဟုတ်ဘူး ...ဟိုလူတွေ မကြာခင် ဒီဘက်တွဲကိုရောက်လာတော့မယ် ...တွဲထဲက လူတွေက မင်းကို သတိထားမိနေကြသလိုပဲ ...လူတစ်ချို့ဟာ သူတို့ရဲ့ လောဘတရားအတွက် မင်းကို ထိုးကျွေးဖို့အကွက်ချောင်းနေကြတယ်ဆိုတာ သိထားပါ "
လူရွယ်၏စကားသံ ခပ်တိုးတိုးကိုကြားလိုက်ရသော အခါ ဘီနာဟာ အံကို မသိမသာ ကြိတ်လိုက်ပြီး အများအမြင်မှာ ချစ်သူနှစ်ဦး စိတ်ကောက်ပြေစ ဟန်ပန်မျိုးနှင့် တူအောင် ပုံဖမ်း၍ လေသံမျှနှင့် ပြန်လည်ပြောဆိုလိုက်လေသည်။
" ဒီကလူတွေဟာ ကျွန်မတို့ကို လိုက်ဖမ်းနေတဲ့ လူတွေထက်တောင်ကြောက်စရာကောင်းနေပါလား ... ရွှေဒင်္ဂါးတစ်ပြားကို မက်ပြီး အမှန်တရားကိုတောင် လျစ်လျူရှုလိုက်ကြပြီးပဲ "
လူရွယ်နှင့်ဘီနာတို့ ထိုသို့ ပြောနေစဉ်မှာပင် စက်ရုံအလုပ်သမားများသည် ဘီနာရှိရာတွဲဆီသို့ ရောက်ရှိလာပြီးလျှင် ဟိုသည် ဝေ့ဝဲ၍ ကြည့်နေသည်။သူတို့၏ ပုံစံများသည် မည်သူ့ကိုမျှ၊ မည်သည့်အရာကိုမျှလည်း ဂရုစိုက်ဟန်မတူချေ။ရွှေဒင်္ဂါး တစ်ပြားဟု ဆိုလိုက်ရုံမျှနှင့် ကိုယ့်နံဘေးမှ လူကိုပင် ထိုးထည့်ပေးချင်သော လူတို့၏ အကျင့် စရိုက်နှင့် သဘောသဘာဝများကို ထိုသူတို့မှာ တွက်ဆထားမိပုံရလေသည်။အမှန်စစ်စစ် စက်ရုံအလုပ်သမားများသည်လည်း ရထားပေါ်ရှိလူများနှင့် မခြားနားလှစွာ သူဌေးဆိုသူ၏ စေစားရာ လက်ကိုင်တုတ်များပင်မဟုတ်ပါလား။
" မိန်းခလေးတစ်ယောက်ပဲ ကျန်တော့တယ်နော် ...တွေ့ရင်ပြောကြပါ ....သိရဲ့နဲ့ ရေငုံနှုတ်ပိတ်နေရင် ဘုရားသခင်က ကြိုက်မှာမဟုတ်ဘူး ... ခရီးသွားရင်း ရွှေဒင်္ဂါးပြားတစ်ပြားလဲရမယ် ... ဘုရားသခင် ကြိုက်နှစ်သက်တဲ့ အလုပ်ကိုလဲ လုပ်ရတာဆိုတော့ ဘယ်လောက် မွန်မြတ်ပြီး ဟန်ကျလိုက်သလဲ "
စက်ရုံအလုပ်သမား၏ စကားကြောင့် ရထားတွဲပေါ်ရှိ လူများမှာ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြလေသည်။သူတို့သည် ရွှေဒင်္ဂါး ဆိုသော စကားနှင့် ဘုရားသခင်ဆိုသော စကားကို လွန်စွာမက်မောကြသူများများပင် မဟုတ်ချေလော။
ဘီနာမှာမူ အံကိုတင်းတင်းကြိတ်၍ ထားမိရုံမျှမက လက်တစ်ဖက်သည်လည်း ဘောင်းဘီ အိတ်အတွင်းရှိ ခေါက်ဓါးလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်လေသည်။ဘီနာ၏ အတွေးစိတ်ကူး၌ သူမကို ဖမ်းမိသွားလျှင်ဖြင့် သူသေကိုယ်သေ ပြန်ခုခံရန် စဉ်းစားထားမိပြီဖြစ်လေသည်။
"မင်းက ဘယ်ဘူတာက တက်တာလဲ ... လက်မှတ်ပြစမ်း "
ခက်ထန်သောအသံနှင့် ဘီနာကို မျက်နှားထားတင်းတင်းနှင့် စိုက်ကြည့်လာသော လူအား ဘီနာသည် သုန်သုန်မှုန်မှုန်မျက်နှာထားနှင့် မော့ကြည့်ပစ်လိုက်သည်။
" ဪ...သူက ကျုပ်ရဲ့ချစ်သူမိန်းခလေးပါ ...မိတ်ဆွေတို့ရှာနေတဲ့သူ မဟုတ်ပါဘူး ...ကျုပ်ကိုတော့ သိမယ်ထင်ပါရဲ့ဗျာ ... (.....)မြို့ဝန်းရဲ့ တူပါ "
လူရွယ်၏စကားအဆုံးတွင် စက်ရုံအလုပ်သမားသည် လျင်မြန်စွာခါးကို ကိုင်း၍ ဦးညွတ်လိုက်ပြီးလျှင် ပျာပျာသလဲပင် တောင်းပန်စကားဆိုလေသည်။
" အို ... ဟုတ်လား ... စိတ်မရှိပါနဲ့ ခင်ဗျာ .... ကျွန်တော်တို့လဲ သူခိုးတစ်ယောက် လွတ်သွားလို့ပါ ...ဒီလို မေးမြန်းမိတာကို ဗွေမယူပါနဲ့ ...တောင်းပန်ပါတယ်ခင်ဗျာ "
ရထားသည် တဂျုန်းဂျုန်းမြည်သံပေးလျက် ခုတ်မောင်းနေဆဲ။မိန စ်အနည်းငယ်ကြာအောင် ခုတ်မောင်းပြီးသောအခါ၌ ခပ်မြန်မြန်ပင်ခရီးနှင်နေသော ရထားကြီးသည် သံရှည်ဩဥဆွဲ၍ ခပ်ဖြည်းဖြည်း သွားရင်း ဘူတာတွင် ရပ်တန့် ရန် အရှိန်သပ်နေလေသည်။ထိုသို့ ရထားအရှိန်လျော့သွားသည်နှင့် စက်ရုံအလုပ်သမားများသည် ဖမ်းမိသွားသော လူသုံးယောက်ကိုပါ ဆွဲခေါ်သွားကြပြီး လျှင် ရထားပေါ်မှ အသီးသီးခုန်ဆင်းသွားကြလေသည်။
~~~~~~~~~~~~~~~~~~~~~
"သူတို့တော့ လက်လျော့သွားကြပြီ ထင်ပါတယ် ...မင်းက ဘယ်ကို သွားမှာလဲ မိန်းခလေး "
လူရွယ်သည် ဘီနာ၏ အနားသို့ကပ်၍ လေးသံသဲ့သဲ့မျှနှင့် မေးလိုက်လေသည်။ထိုအခါ၌ ဘီနာသည် လူရွယ်အား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီးလျှင်
" ကျွန်မ ဒီဘူတာမှာပဲ ဆင်းတော့မယ် ...ဒါနဲ့ရှင်က မြို့ဝန်ရဲ့တူဆိုတာ အမှန်ပဲလား ....ဒါဆိုရင်ဖြင့် ကျွန်မကို အကူအညီ နည်းနည်းလောက်ပေးစေချင်ပါတယ် "
ဘီနာက ပြောလိုက်သည့်အခါတွင် လူရွယ် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီးလျှင် ပြန်၍ ပြောလိုက်လေသည်။
" မြို့ဝန်းရဲ့ တူဆိုတာတော့ အမှန်ပါပဲ ... ဒါပေမဲ့ စပ်လွန်းမှ တော်မယ့် အမျိုးတွေပါ...တကယ်တမ်းက သူကလဲ ကျုပ်ကို အသိအမှတ်မပြုသလို ...ကျုပ်ကလဲ သူ အိမ်နားတောင် မသွားရဲပါဘူး "
လူရွယ်၏ အဖြေစကားကြောင့် ဘီနာလွန်စွာစိတ်ပျက်သွားမိလေသည်။
" ဒါဆိုရင်လဲ နှုတ်ဆက်ပါတယ် မိတ်ဆွေ ...ကျွန်မကတော့ ဒီဘူတာမှာ ဆင်းပြီး နီးစပ်ရာ စခန်းတစ်ခုကို သွားရပါမယ် ... ဒါမှ စက်ရုံကလူတွေ ဖမ်းသွားတဲ့ လူသုံးယောက်ကိုကယ်နိုင်မှာပါ....မိတ်ဆွေရဲ့ ကုတ်အင်္ကျီကိုတော့ ယူသွားခွင့်ပြုပါနော် "
ပြောပြီးသည်နှင့် ဘီနာသည် လုံးလုံး ရပ်တန့်နေပြီဖြစ်သော ရထားပေါ်မှ လျှင်မြန်စွာပင် ဆင်းလိုက်လေသည်။
ရထားပေါ်ရှိ လူရွယ်သည် ဘီနာ၏ကျောပြင်ကို အတန်ကြာငေးမော၍ ကြည့်နေလေသည်။
~~~~~~~~~~~~~~~~~~~~~
" မိန်းခလေး အထင်လွဲနေတာလဲ ဖြစ်နိုင်လို့ .. စက်ရုံပိုင်ရှင်သူဋ္ဌေးမင်းကို ခေါ်ထားပါတယ် ... မကြာခင် ရောက်လာမှာမို့ ... ခဏလောက်တော့ သည်းခံစောင့်ပေးပါ မိန်းခလေး "
လူကြီးမင်း၏ စကားကြောင့် ဘီနာစိတ်တိုဒေါသထွက်မိသွားလေသည်။ထို့ကြောင့် အသံမာဆတ်ဆတ်နှင့် ပြန်၍ ပြောလိုက်သည်။
"လူကြီးမင်းတို့ အနေနဲ့.. သူဋ္ဌေးကြီးကို ဒီကို ခေါ်နေမဲ့အစား ဖမ်းခေါ်ခံသွားရတဲ့ လူသုံးယောက်ကို အမြန်သွားကယ်သင့်တယ်ထင်ပါတယ်... သူတို့တွေက မနက်တုန်းကပဲ လူတစ်ယောက်ကို သတ်ထားကြတဲ့သူတွေပါ ...ဖမ်းခံသွားရတဲ့လူတွေအတွက် စိုးရိမ်ရပါတယ် "
" မိန်းခလေး ပြောသလောက် မလွယ်လို့ပါ...ဂုဏ်သရေရှိသူဌေးမင်းရဲ့ အလုပ်နေရာကို သတင်းကြားရုံနဲ့ ဝင်ရောက်ရှာဖွေလို့မရပါဘူး ...ဒါဟာ ထုံးစံပါပဲ "
လူကြီးမင်း၏ စကားအဆုံးတွင် ဘီနာသည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်ယင်လာမိလေသည်။ထို့အတူ ဖမ်းဆီးခံလိုက်ရသူများအတွက်လည်း စိုးရိမ်စိတ်များ ဖြစ်ပေါ်နေမိသည်။သည်အထဲ၌ သူဌေးမင်းကို အခေါ်လွတ်ထားသည် ဆိုသော လူကြီးမင်း၏ စကားကြောင့် ဘီနာသည် ဤနေရာမှအမြန်ဆုံးထွက်သွားရန် ဆုံးဖြတ်လိုက်ရလေသည်။
~~~~~~~~~~~~~~~~~~~~~~
''ဟေ့ ...မိန်းခလေး ဘယ်သွားမှာလဲ ... ဟိုမှာ သူဋ္ဌေးမင်း လာနေပြီကွဲ့ ... မျက်နှာစုံညီ ရှင်းလိုက်ကြတာပေါ့ "
ဘီနာသည် နောက်ကျသွားခဲ့ချေလေပြီ။လူကြီးမင်း၏ အလစ်ကို ချောင်း၍ ထွက်သွားရန် ကြိုးစားနေသော ဘီနာရှေ့သို့ အနက်ရောင် အကောင်းစား ကားကြီးတစ်စီးထိုးဆိုက်လာခဲ့သလို လူကြီးမင်း၏ အသံကို ကြားလိုက်ရသောအခါ ဘီနာ့မှာ လှမ်းလက်စ ခြေလှမ်းများရပ်တန့်၍ သွားရလေသည်။လူကြီးမင်း၏ တပည့်လက်သားများသည် ဆိုက်ရောက်လာသော သူဌေးမင်း ကြီး၏ ကားနားသို့ အပြေးအလွှား စုပြုံရောက်ရှိသွားကြသည်ကို မြင်သောအခါ၌ ဘီနာ့မှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားရလေသည်။
~~~~~~~~~~~~~~~~~~~~~~~
အဆောက်အအုံထဲသို့ ဝင်လာသော သူဋ္ဌေးမင်းဆိုသူကို မြင်လိုက်ရသည့်အခါတွင် ဘီနာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားရလေသည်။အကြောင်းမှာ စက်ရုံပိုင်ရှင်သူဌေးမင်းဆိုသူမှာ ဘီနာ၏ ဘိုးဘွားပိုင်ခြံမြေကို မတရားကျူးကျော် ယူထားသူပင် ဖြစ်ပါလေသည်။
"ဘယ်သူများလဲလို့ကွယ် မိန်းခလေးကို .... မြေကိစ္စနဲ့ မကျေနပ်ဖူးဆိုရင်လဲ အစကတည်းက ရှင်းရှင်းပြောပေါ့ကွယ် ...ခုလို လုပ်လိုက်တော့ လူကြီးမင်းတို့မှာလဲ အလုပ်တွေ ရှုပ်ကုန်မှာပေါ့ ...လူကြီးတွေရှေ့မှာ မိန်းခလေးကို ကျုပ်တို့ရှင်းပြခဲ့ပြီးပြီလေကွယ် ... မိန်းခလေးရဲ့ အဘိုးအဘွားများက ခြံကို ကျုပ်ဆီမှာ ပေါင်နှံထားခဲ့တာ အချိန်တွေကြာခဲ့ပါပြီလို့ ...ကျုပ်ဘက်က ပြန်ရွေးယူဖို့ အကြိမ်ကြိမ် ပြောခဲ့တာပါပဲ....နောက်ဆုံး ငွေအရင်း လဲ မပေးလို့သာ မဖြစ်မနေ မြေကို သိမ်းလိုက်ရတာပါ မိန်းခလေး "
ဘီနာသည် သူဌေးမင်း၏ မျက်နှာကို စေ့စေ့ကြည့်လျက် လက်သီးကို တင်းတင်းဆုပ်ထားမိလေသည်။ဘီနာ၏နားထဲ၌မူ ဖခင်ကြီး ပြောခဲ့ဖူးသော စကားများကိုသာ ပြန်လည်ကြားယောင်၍နေမိလေသည်။"မြို့ပေါ်က သူဌေးမင်းက အဖေတို့ရဲ့ ဘွားဘွားပိုင်ခြံလေးကို သိပ်ကိုသဘောကျနေတာကွဲ့ ...ရောင်းဖို့ကို မကြာခဏပြောနေတာလေ...သမီးရဲ့ အဘိုးအဘွားတွေနဲ့အဖေတို့ကလဲ စားစရာမရှိရင် မစားဘူး ... မိဘအမွေအနှစ်ကိုတော့ အထိမခံဘူးလို့ အပြတ်ပြောခဲ့ကြတာပေါ့....သမီးလေးကို မွေးပြီး သမီး အမေရဲ့ ကျန်းမာရေးကြောင့်သာ မြို့ကြီးကို ပြောင်းလာခဲ့ရတာ... တစ်နေ့နေ့တော့ မွေးရပ်မြေမှာပဲ အခြေ ပြန်ချဖို့ အဖေ စိတ်ကူးထားတယ် " ဘီနာ ဖခင်ကြီး၏ စကားအရဆိုရင်ဖြင့် ဘီနာ၏အဘိုးနှင့် အဖေသည် ဤမြေအား ရောင်းချ ပေါင်နှံခြင်းပြုခဲ့သည်ဆိုသော သူဌေးမင်း၏စကားမှာ အလိမ်အညာ စကားသာဖြစ်ပေသည်။သို့သော် ဘီနာ့ဘက်မှ ထောက်ခံပေးမည့်သူမှာ မရှိပါချေ။တစ်မြို့လုံးလိုလိုသည် သူဌေးကြီး၏ မစားရဝခမန်း စည်းစိမ်ဥစ္စာများ၏ အရှိန်ကြောင့် အလိုလိုမှပင် သူဋ္ဌေးကြီးအလိုကျ မျက်နှာလို မျက်နှာရ လုပ်ချင်နေကြသည် မဟုတ်ပါလား။
" မိန်းခလေး ...နောက်ဆို ဒီလိုမလုပ်ပါနဲ့ ... မင်း အမှုအတွက် မကျေနပ်ဘူးဆိုရင်လည်း ရှေ့နေ ငှါး ပါလေ ....ကျုပ်တို့လူကြီးတွေကိုတော့ အလုပ်ရှုပ်အောင် မလုပ်ပါနဲ့ ကွက်"
သူဌေးမင်းအား မျက်နှာလို မျက်နာရလုပ်၍ ဘီနာအား အသံမာမာနှင့် ပြောလာသော မြို့လူကြီးမင်းကို ဘီနာသည် စိတ်ဆိုးမာန်ဆိုးတစ်ချက်ကြည့်ပြီးလျှင် ကျောပိုးအိတ်ကို ခပ်တင်းတင်းလွယ်လိုက်လေသည်။သည်မှာ ဆက်နေလျှင်ဖြင့် ဘီနာ့အတွက် အန္တရာယ် အငွေ့အသက်ကို မြင်နေရချေပြီ မဟုတ်ပါလော။
"မိန်းခလေးက မလိမ်မိုးမလိမ်မာ အရွယ်လေးမို့ သည်းခံပေးပါ လူကြီးမင်း ခင်ဗျာ ...လူကြီးမင်းရဲ့ ဆုံးရှုံးသွားတဲ့ အချိန်တွေအတွက် ကျွန်တော်ကပဲ ပြန်ပေးဆပ် ပါရစေ "
သူဌေးမင်းနှင့် လူကြီးမင်းဆိုသူတို့ စကားပြောဆိုနေကြစဉ်မှာပင် ဘီနာသည် ကျောပိုးအိတ်ကို လွယ်လျက် လျှင်မြန်လှသော ခြေလှမ်းများဖြင့် အပြေးတစ်ပိုင်း ထွက်လာခဲ့လေသည်။
"ဟေ့ ...မိန်းခလေး ... မင်းအမှားတွေအတွက် သူဌေးမင်းကို တောင်းပန် သွားအုံးလေကွယ် .. တယ် ... ဒီမိန်းခလေးတွေကတော့ "
ဘီနာထွက်သွားပြီးသည့်နောက်တွင် လူကြီးမင်းသည် ကျယ်လောင်သောအသံဖြင့် ဘီနာ့အားလှမ်း၍ အော်လိုက်လေသည်။သူဋ္ဌေးမင်းသည်မှာကား အဓိပ္ပါယ်ဖော်ရခက်သော အပြုံးမျိုးဖြင့် ပြုံး၍ နေလေသည်။
~~~~~~~~~~~~~~~~~~~~~
"မနက် ဆယ်နှစ်နာရီကျော်ရင် အခြားမြို့ကို သွားမယ့် ယာဉ်ရထားတွေ မရှိတော့ဘူး မိန်းခလေး ... ဒါမှမဟုတ် မိန်းခလေးအနေနဲ့ ကားစင်းလုံးငှါးနိုင်ရင်တော့ အငှါးလိုက်မယ့်ကားတွေ ရှိပါတယ် "
လက်မှတ်ဂိတ်မှ အမျိုးသမီးကြီး၏ စကားအဆုံးတွင် ဘီနာမှာ လွန်စွာပင် စိတ်ဓါတ်ကျဆင်း သွားရလေတော့သည်။ကားစင်းလုံးငှါးဖို့ရန်အတွက် ဘီနာ့တွင် လုံလောက်သော ငွေကြေးမရှိပါ။သည့်ထက်ဆိုးသည်မှာ သူဌေးမင်းသည် ဘီနာ၏ မျက်နှာကို မှတ်မိသွားခြင်းပင်ဖြစ်ပါလေသည်။
" ကားစင်းလုံးငှါးဖို့ကတော့ မဖြစ်နိုင်လို့ပါရှင် ... ဒီမြို့မှာ တည်းခိုရိပ်သာ ဖြစ်ဖြစ်ရှိရင် လမ်းညွှန်ပေးစေချင်ပါတယ် "
~~~~~~~~~~~~~~~~~~~
" အခန်းတွေက မှောင်လိုက်တာ "ဘီနာသည် ကိုယ်တိုင်ကြားရရုံမျှ အသံခပ်တိုးတိုးနှင့် ညည်းညူမိခြင်းသာ ဖြစ်လေသည်။တည်းခိုရိပ်သာပိုင်ရှင် ကြားလောက်အောင်တော့ မညည်းညူရဲပါလေ။
"ဒီမြို့လေးက သေးသေးလေးကွဲ့ ...တည်းခိုခန်းဆိုလို့ ဒိတစ်ခုပဲ ရှိတာ ... တည်းခိုသူလဲ မရှိပါဘူး..ရှားရှားပါးပါး မိန်းခလေးနဲ့မှ နှစ်ယောက်လားရှိတာ ... ဒီမှာ အခန်း (၉)ခန်းလွတ်နေတယ်...မိန်းခလေးကြိုက်တဲ့အခန်းမှာ နေပေတော့ "
@@@@@@@@@@@@@@@@@@@
အပိုင်း (၃ ) ဆက်ရန်
ဧကြည်ဖြူ