book

Index 11

ဇာတ်သိမ်းပိုင်း

ဧကြည်ဖြူ 


"ဘီနာ ''


********************** 


"ဝုန်း " 


"ဟေ့ ...ဘာဖြစ်တာလဲ " 


        ဘီနာ့အခန်းထဲမှ ဝုန်းခနဲအသံကြောင့် အစောင့်သည် အခန်းဝမှ လှမ်း၍မေးလေသည်။

ဘီနာသည် အသံကို မထွက်စေဘဲ ငြိမ်၍နေလိုက်သည်။ထိုအခါ အစောင့်သည် လက်တစ်ဖက်မှ ဓါတ်မီးကိုထိုးလျက် တစ်ဖက်မှ သံတုတ်ကိုကိုင်ကာ အခန်းထဲသို့၀င်လာလေသည်။ဘီနာသည် ကြမ်းပြင်ပေါ်တွင် တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်နေလိုက်သည်။ 


"ဟေ့ကောင်း ... ဟေ့ကောင် ထစမ်း ဘာဖြစ်တာလဲ ... သေနေပြီလား ..ဒုက္ခပဲ ...သူဌေးလာရင် ပြဿနာတော့ တက်တော့မှာပဲ " 


         အစောင့်သည် ညည်းညည်းညူညူနှင့် ပြောလိုက်ပြီးလျှင် ခါးကိုကိုင်းကာဘီနာ၏ နှာခေါင်းဝသို့ လက်ဖြင့် တေ့ကြည့်လိုက်လေသည်။


         ဘီနာက အခွင့်အရေးကို လက်လွှတ်မခံဘဲ အစောင့်၏ လက်ထဲမှ သံကို ဆွဲလုယူလိုက်ပြီးလျှင် အစောင့်ဖြစ်သူကို နှစ်ချက်ဆင့်၍ရိုက်ချပစ်လိုက်သည်။ အစောင့်ထံမှ ညည်းညူသံတစ်ချက်သာထွက်လာပြီး ငြိမ်သက်သွားလေသည်။ဘီနာသည် သံတုတ်နှင့် ဓါတ်မီးကို ကိုင်ဆွဲလျက် ဒယိမ်းဒယိုင်ဖြင့် အပြင်သို့ထွက်လာခဲ့လေသည်။ 


        မည်းမှောင်းနေသော မြေအောက်ထပ်တွင် အခန်းများစွာ ရှိနေသည်။သို့သော်လည်း အခန်းများအားလုံးသည် မှောင်အတိကျလျက် တိတ်ဆိတ်ငြိမ်သက်လွန်းနေသည် ။ မတရားဖမ်းဆီးခံထားရသူများသည် အသတ်ခံလိုက်ကြရပြီလား ။ မဟုတ်လျှင် တောထဲရှိ လူသတ်ကုန်း သဖွယ်အိမ်အိုဟောင်းကြီးတွင်ပင် ရှိနေကြလေသည်လား။တစ်ခန်းပြီးတစ်ခန်း ဘီနာလိုက်၍ ဖွင့်ကြည့်သည်။

~~~~~~~~~~~~~~~~~~~~~~~

"အင်း ... အင်း...ဟင်း ... ဟင်း ... ကယ် ..ကယ်ကြပါအုံး ... ကျွန်မပြေးလေးကို ကယ်ပေးကြပါရှင် " 


        အခန်းတစ်ခန်းဆီမှ ညည်းညူသံကြောင့် ဘီနာအပြေးသွားပြီး ကြည့်လိုက်ဘေအခါ သော့ခတ်ထားသော အခန်းထဲမှ ညည်းညူသံများကို ကြားလိုက်ရလေသည်။လက်ထဲမှ သံတုတ်ဖြင့်သော့ကို သုံးလေးချက်ရိုက်၍ ဖွင့်လိုက်သောအခါ သော့မှာပြုတ်ထွက်သွားလေသည်။ ထိုအခါ အခန်းထဲတွင် အဘွားအိုတစ်ယောက်နှင့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် မေရီ၏အဘွားနှင့် မောင်ပင်ဖြစ်လိမ့်မည်ဟု ဘီနာတွက်ဆလိုက်မိလေသည်။မေရီက သည်အကြောင်းများကို အားလုံးသိသွားသောကြောင့် ဘီနာရှိရာ အချုပ်ခန်းဆီသို့ အရောက်လာခဲ့ပြီးလျှင် ဓါးမြှောင်နှင့် မီးခြစ်ကို ပေးခဲ့ခြင်းဖြစ်ပေလိမ်မည်။ 


"အဘွား ...အဘွားလမ်းလျှောက်နိုင်လား ...ကောင်လေးရော လမ်းလျှောက်နိုင်လား  " 


        မြေအဘွားနှစ်ယောက်ကို ဘီနာ့က အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ 


" လျှောက်...လျှောက်နိုင်ပါတယ်ကွယ် ..." 


        ဘီနာတို့သုံးယောက်သားလှေကားရှိရာဆီသို့မှန်းဆ၍ လျှောက်လာခဲ့သည်။ဘီနာသည်  သွားနေရင်းမှ ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီစကို ဆုတ်ဖြဲလိုက်ပြီးလျှင် မီးရှို့၍  စတိုခန်းကဲ့သို့ ရှုပ်ပွနေသော အခန်းထဲရှိပစ္စည်းများကို မီးရှို့လိုက်လေသည်။ 


"ဟဲ့ ...ဟဲ့ ...ဘာလို့ မီးရှို့ရတာလဲကွယ် " 


        အဘွားအိုကြီးသည် ဘီနာ၏ အပြုအမူကြောင့် အထိတ်တလန့်ဖြင့် မေးလေသည်။ 


"သွား ... သွား အဘွား ..မြန်မြန်သွား .... "

~~~~~~~~~~~~~~~~~~~~~

      မေရီသည် မီးအိမ်ထွန်းညှိရန်ထားသော ရေနံဆီများကို့ တစ်ခန်းလုံးသို့ လိုက်ဖြန်းလိုက်ပြီးလျှင်  မီးလင်းဖိုရှိ ကြိုတင်ပြင်ဆင်ထားသော ထင်းမီးတစ်ချောင်းကို ယူပြီးလျှင် မီးလောင်လွယ်သော ခန်းဆီးစများကို စ၍ရှို့လိုက်သည်။မီးသည် ဟုန်းခနဲထ၍ တောက်လောင်လေသည်၊၊

မီးတောက် အားကြီးလာသည်နှင့် မေရီသည် မီးတုတ်နှင့်ရေနံဆီဘူးကိုကိုင်ကာ အခန်းထဲမှလျင်မြန်စွာ ထွက်ခဲ့လေသည်။ အခန်းထဲရှိ ခုတင်ထက်တွင် သူဌေးမင်းသည် အရက်သေစာ သောက်စားထားပြီးလျှင်စည်းစိမ်ယစ်လျက် လောကကြီးကို မေ့လျော့လျက်ရှိလေသည်။မေရီသည် အခန်းပြင်သို့ရောက်လျှင် တံခါးကို အပြင်မှ သော့ပိတ်လိုက် ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း အောက်ထပ် လှေကားထိပ်မှစ၍ ဘူးထဲရှိ ရေနံဆီများကို လောင်း၍ မီးရှို့ပစ်စ်လိုက်သည် ။ အကယ်၍ လှေကားထိပ်ကို အရင်မရှို့ဘဲ မေရီ ထွက်ပြေးလျှင် လွတ်ကောင်းလွတ်နိုင်မည်မှန်း မေရီသိပါသည်။ထို့အတူ မေရီတို့ကို သတ်ရန်အတွက် အပေါ်ထပ်ရှိအခန်းတစ်ခန်းထဲတွင် စုရုံးလျက် စောင့်နေကြသော မက်ဂန်းတို့အုပ်စုသည်လည်း လွတ်မြောက်သွားနိုင်သည်မဟုတ်ပါလား ။မေရီသည် အံကိုတင်းတင်းကြိတ်လျက် ရေနီဆီဘူးကို မကိုင်လျက် အပေါ်ထပ်အနှံ့လိုက်၍ဖြန်းပက်လိုက်ပြီး မီးတုတ်နှင့် မီးများကိုလောင်ကျွမ်းစေလေသည်။ 


~~~~~~~~~~~~~~~~~~~~ 


"ဖျစ် ....ဖျစ် ..ဖျစ် "


" ဖောင်း ... ဖောင်း " 


"ဝုန်း ...ဝုန်း " 


"ဟာ... ဘာသံတွေလဲ ... ညှော်နံတွေလဲ ရနေတယ် ...ဘာဖြစ်တာလဲ ထွက်ကြည့်ကြစမ်း ."


       မက်ဂန်းတို့လူမိုက်အုပ်စုသည် လူသတ်ရန်အတွက် သူဋ္ဌေးမင်း ပျော်ပါးပြီးသည့်အချိန်ထိစောင့်ဆိုင်နေစဉ်မှာပင် ဆူဆူညံညံအသံများနှင့် ညှော်နံ့များကြောင့် ဝရုန်းသုန်းကားဖြင့် အခန်းပြင်သို့ ထွက်၍ကြည့်ကြလေသည်။


"ဟာ ... မီး ...မီး ...မီးတွေလောင်နေတယ် ဆရာမက်ဂန်း .." 


"  ဘာ...မီးလောင်နေတယ်ဟုတ်လား " 


"ဟုတ်တယ် ဆရာ ... သူဌေး အခန်းမှာ တော်တော်လောင်နေတယ် ..." 


" ဟာ ...အောက်ထပ်က ကောင်တွေ ဘာလုပ်နေလဲ ...မီးလောင်နေတာ မသိကြဘူးလား " 


"ဝုန်း ...ဒုန်း " 


        မက်ဂန်းတို့အုပ်စုသည် သွေးရူးသွေးတန်းဖြင့် အော်ဟစ် ပြေးလွှား လျက်ရှိစဉ်မှာပင် မီးများသည် ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာလေတော့သည်။ 


"ဟဲ့ကောင်ကြီး ...လူသတ်သမားကြီး မက်ဂန်း ... ရှင်တို့သူဌေးကို သွားကယ်ကြလေ ... ဘာလုပ်နေကြတာလဲ ....အခုလောက်ဆို ရှင်တို့ သူဋ္ဌေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးကင်းပြီးသားဖြစ်သွားလောက်ပြီ သိရဲ့လား  ... မီးကင်ထားတဲ့အသားနဲ့ အရက်နဲ့ မြည်းကြလေ ... မကောင်းဘူးလား .."


" ဟင် ... မေရီ ... မင်း ....မင်းက မီးတွေ လိုက်ရှို့နေတာလား ... မင်းတို့ ဘာလုပ်နေကြတာလဲ အဲ့ဒီအရူးမကို ဖမ်းကြစမ်း " 


       မက်ဂန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လျက် မေရီကိုဖမ်းခိုင်းလေသည်။ 


"သူ့ကို ထားလိုက်တော့ ဆရာ ... ပြေးဖို့ အချိန်မရှိတော့ဘူး ... လှေကားလဲ မီးစွဲသွားပြီး ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ "


" ဟား ဟား ဟား ..လာဖမ်းကြလေ ဘာလုပ်နေကြတာလဲ ..ရှင်တို့တွေ ကျွန်မတို့ကို သက်ဖို့ တိုင်ပင် နေကြတာမဟုတ်လား လူသတ် သမားတွေရဲ့ ... ကျွန်မက ရှင်တို့ ကို ဘာများ လုပ်မိလို့လဲ ... ကျွန်မ မောင်လေးကို ဆေးကုပေးချိန်လွန်း ကျွန်မသိတာလေးကို ပြောမိတာလေ... အဲ့ဒီအတွက် ဆုလာဘ်က သေဒဏ်တဲ့လား ..အီး ဟီးဟီး .....ဟား...ဟား ခုတော့ အားလုံးတူတူသေကြမယ်လေ... ပျော်စရာမကောင်းဘူးလား ..."

        မေရီသည် အရှိန်အဟုန်ဖြင့် တောက်လောင်နေသော မီးတောက်များကြားတွင် စိတ်လွတ်သွားပြီးနောက် ငိုလိုက်ရယ်လိုက်ဖြင့် မီးတောက်လောင်နေသော သစ်ချောင်းများကို ဆွဲကိုင်လျက် မက်ဂန်းတို့လူစု နောက်သို့ လျှောက်လိုက်နေလေသည်။အဆုံးတွင် မေရီ၏ ခန္ဓာကိုယ်တစ်ခုလုံးမီးစွဲလောင်ပြီးလျှင် သွေးရူးသွေးတန်း ပြေးလွှားနေရာမှ ပြိုလဲကျသွားလေတော့သည်၊၊ 


       မက်ဂန်းတို့လူစုသည်လည်း သွေးရူးသွေးတန်းဖြင့် ပြေးလွှားနေကြပြီးလျှင် ပြတင်းမှတဆင့် အောက်သို့ခုန်ချဝံ့သူများလည်း ခုန်ချကြလေသည်။သို့ရာတွင် အောက်ထပ်၌လည်း မီးများလောင်ကျွမ်းလျက်ရှိသောကြောင့် ပြတင်းမှ ခုန်ချသွားသူများသည်လည်း အသက်ရှင်ရန် အခွင့်အရေးနည်းပါးလှလေသည်။ 


       မလ်ဂန်းသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြေးလွှားနေရာမှ

အခန်း၀နားတွင် တစ်ကိုယ်လုံး မီးလောင်ကျွမ်းလျက်လဲကျနေသော သူဌေးမင်း၏ ခန္ဓာကိုယ်ကြီးကို ကြည့်ကာ သွေးရူးသွေးတန်းဖြင့် မီးဟုန်းဟုန်းတောက်လောင်လျက်ရှိသော လှေကားဆီသို့ပြေဆင်းသွားလေရာ အဆီများဖြင့် ပြည့်နေသော မက်ဂန်း၏ ခန္ဓာကိုယ်ကြီးသည် မီးထဲသို့ ဝုန်းခနဲ ပြိုလဲကျသွားလေတော့သည်။ 


~~~~~~~~~~~~~~~~~~~~~~ 


"မီးတွေ ...လောင်နေတယ် ... ပြေးကြလေ ..ဘာလုပ်နေကြတာလဲ ...တော်ကြာ အလုပ်ရုံတွေကိုပါ  မီးစွဲပြီးအကုန်ပေါက်ကွဲကုန်တော့မှာ ...." 


       ဘီနာသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။အားလုံး ရုတ်ရုတ်သဲသဲဖြင့် အလုအယက်ပြေးလွှားကြလေတော့သည်။ 


         ဘီနာသည် တိုက်ကြီးဆီမှလွင့်စင်ကျလာသော မီးစွဲလောင်နေသည့် သစ်ချောင်းများကို ကောက်ယူလျက် အလုပ်ရုံများဆီသို့ ပစ်ထည့်သည်။ 


       အားလုံးသည် မီးဟုန်းဟုန်း တောက်လောင်နေသော တိုက်ကြီးနှင့် မီးများစွဲလောင်နေသော စက်ရုံများကို မီးငြိမ်းရန်မကြိုးစားကြဘဲ ကိုယ်စီကိုယ်စီ အသက်ရှင်သန်ရေးအတွက် လွတ်ရာသို့ ထွက်ပြေးကြလေသည်။ 


~~~~~~~~~~~~~~~~~~~~~~~ 


        နှင်းကွဲစပြုနေသော နေခြည်နုနု နံနက်ခင်း အောက်တွင် စက်ရုံဝန်းကြီးတစ်ခုလုံးသည် မီးခိုးငွေ့များပင် တလူလူ ထွက်လျက်ရှိသေးလေသည်။


"သူဌေးနဲ့ သူ့တပည့်တွေအကုန် မီးထဲပါသွားတာတဲ့လေ ... " 


"ဟုတ်တယ်လေ ...အားလုံးလိုလို သေကုန်ကြတာလေ ... တောထဲက တိုက်ပျက်ကြီးမှာ အစောင့်ချထားတဲ့ လူမိုက် တချို့ပဲ ကျန်တာလေ ... ဒါပေမဲ့ အဲ့ဒီကောင်တွေလဲ ... အကုန်ထောင်ကျမှာပဲ ..." 


"ဟုတ်တယ် .... တောထဲက တိုက်ပျက်ကြီးထဲမှာ လူတွေကို ဖမ်းထားတဲ့လေ.... ဒါနဲ့ မေရီ ဆိုတဲ့ ကောင်မလေးကို သိတယ် မဟုတ်လား ...သူလဲမီးထဲပါသွားတာတဲ့ ... သူ့အဘွားနဲ့ သူ့မောင်လေးတော့ သနားစရာပဲ " 


"ဒါနဲ့ ... အသတ်ခံထားရဲတဲ့ အလောင်းတွေလဲ တွေ့တယ်တဲ့... " 


"ဘာပဲဖြစ်ဖြစ်  မီးကိုပဲ ကျေးဇူးတင်ရမှာပဲ ... မဟုတ်ရင် သူဋ္ဌေးနဲ့ သူတပည့်တွေ ငါ့တို့မြို့သူမြို့သားတွေကို အနိုင်ကျင့်နေတာကြာပြီလေ ...." 


       မြို့သူမြို့သားများ၏ တစ်ယောက်တစ်ပေါက် အသံများသည် ပျံ့လွင့်လျက်ရှိပေသည်။ 


         ဘီနာသည် မီးခိုးများ တလူလူ ထွက်နေဆဲဖြစ်သော မီးလောင်ပြင်ကို ငေးမောကြည့်နေမိစဉ်မှာပင် ပြိုကျပျက်စီးနေသော တိုက်ပျက်ကြီးပေါ်မှ လက်ပြနေသော မိန်းခလေးတစ်ယောက်၏ သဏ္ဍာန်ကို ခပ်ဝါးဝါး မြင်တွေ့လိုက်ရလေသည်။ 


~~~~~~~~~~~~~~~~~~~~~~~ 


     မြေအရောင်းအဝယ်စာချုပ်တွင် လက်ဗွေနှိပ်ပေးလိုက်ပြီးနောက် ဘီနာငွေထုတ်ကိုလှမ်း၍ယူလိုက်လေသည်၊၊ရက်တစ်ရာအတွင်းမှာပင် ဘီနာတို့၏ ဘိုးဘွားပိုင်မြေကို လက်ဝယ်ပြန်လည်ရရှိခဲ့ပြီးသည့်နောက်တွင်  တန်ရာတန်ကြေးပေးဝယ်သူ၏ လက်သို့ ရောင်းချလိုက်ခြင်းဖြစ်လေသည်။ 


       မြေရောင်းရသည့် ငွေများကို တဝက်စီခွဲ၍ သိမ်းလိုက်ပြီးနောက် မြို့သို့ ပြန်ရန်အတွက် ဘီနာပြင်ဆင်လိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~ 

        ငွေများထည့်ထားသော အိတ်လေးကို အဘွားအိုလက်ထဲ သို့ ဘီနာထည့်ပေးလိုက်သည်။ 


" ငွေ .. ငွေတွေပါလားကွယ် ... " 


        အဘွားအိုက ငွေထုတ်ကိုကြည်လျက် အသံတုန်တုန်ဖြင့် ပြောလေသည်။ 


"ဟုတ်ပါတယ် အဘွား ..မေရီက အဘွားတို့အတွက် စုပေးထားတဲ့ငွေတွေပါ ... ယူထားလိုက်ပါနော် " 


~~~~~~~~~~~~~~~~~~~~~ 


   ကျောပိုးအိတ်အဟောင်းလေးကို လွယ်လျက် လမ်းမကြီးအတိုင်း ဘူတာရုံဘက်သို့ ဘီနာထွက်လာခဲ့သည်။အတန်ကြာလျှောက်လာမိသောအခါ ဘူတာရုံသို့သွားသော ဖြတ်လမ်းကို တွေ့လိုက်ရလေသည်။ဘီနာက ထိုလမ်းဟောင်းလေးထဲသို့ ချို့ကွေ့ဝင်လိုက်လေသည်။ 


@@@@@@@@@@@@@@@@@@@@@ 


ပြီးပါပြီ 


ဧကြည်ဖြူ 


(အစမှအဆုံး ဖတ်ရှူပေးကြတဲ့အတွက် ကျေးဇူးတင်လျက်ပါ )


rate now: