ဧကြည်ဖြူ
" ဘီနာ "
***********************
အချိန်က နံနက်ဆယ်နာရီဝန်းကျင်။မြို့ငယ်လေး၏ ရှည်လျား ဖြောင့်တန်းသော လမ်းမတစ်လျှောက်လုံး မြူများသည် ဝေဝေဝဲဝဲကျဆင်းလျက်။ မြူများကြောင့် ခပ်လှမ်းလှမ်းရှိ အရာ၀တ္တုများနှင့် ပုံပန်းသဏ္ဍာန်များသည်လည်း မပီမပြင် မသဲမကွဲ။ ရာသီဥတုကြောင့် လမ်းပေါ်တွင်လည်း အသွားအလာများကျဲပါးလျက်သာ။
" လမ်းမကြီးအတိုင်း သွားနေရင်တော့ ရထားကိုမီမယ် မထင်ဘူး ... စက်ရုံလမ်းက သွားကြစို့ "
အသံမှာ ရှေ့မှလျှောက်သွားသော လူနှစ်ယောက်ဆီမှ ပေါ်ထွက်လာခြင်းပင်။ထိုအသံကိုကြားလိုက်ရသောအခါ ကျောပိုးအိတ်ကိုင်ကြိုးတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍ ခပ်သွက်သွက် လျှောက်လှမ်းနေသော ဘီနာသည်လည်းကောင်း၊ ဘီနာနှင့် မလှမ်းမကမ်းတွင်ခပ်သုတ်သုတ် လျှောက်နေသော အသက်ခပ်ကြီးကြီး လူကြီးသည်လည်းကောင်း ရှေ့မှ နှစ်ယောက်ဆီသို့ လှမ်းကြည့်လိုက်ပြီးလျှင် နှစ်ဦးသား တိုင်ပင်ထားသည့် အလား ရှေ့မှ လူနှစ်ယောက်ချိုး ကွေ့ဝင်သွားသော လမ်းလေးထဲသို့ လိုက်၍ ဝင်ခဲ့ကြလေသည်။သေချာသည်မှာ ဘီနာ အပါအဝင် လေးဦးသားသည် ယနေ့အဖို့၌ မြို့လေး၏ ဘူတာရုံအိုလေးတွင် ဆိုက်ရောက်မည့် တစ်စင်းတည်းသော ရထားကို အမီ သွားရောက်နေကြခြင်းဖြစ်လေသည်။
ဘီနာသည် မြို့လေးသို့ သိပ်မကြာသေးသော အချိန်ကာလက ရောက်လာခြင်းဖြစ်လေသည်။မြို့လေးသည် ဘီနာ ဖခင်၏ မွေးရပ်ဇာတိမြို့လေး ဖြစ်သည်။မြို့လေးသို့ ဘီနာ ရောက်လာရခြင်းရည်ရွယ်ချက်မှာ ဖခင်ကြီးချန်ထားခဲ့သော မျိုးရိုးစဉ်ဆက် အမွေခံအိမ်ကို ပြုပြင်ထိန်းသိမ်းရန်ရောက်လာခဲ့ခြင်းပင်။အကယ်၍ အဆင်ပြေခဲ့လျှင် သူမသည်လည်း ဤမြို့လေး၌ပင် အခြေချနေထိုင်သွားရန် ဘီနာ စီစဉ်စိတ်ကူးထားခဲ့လေသည်။သို့သော်လည်း ဘီနာစိတ်ကူး စီစဉ်ထားသမျှသည် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ လွဲချော်ခဲ့ရလေသည်။ရောက်ရောက်ခြင်းဘီနာ မြင်တွေ့လိုက်ရသည်မှာ လူသူကင်းမဲ့နေသော ခြံဝန်းကျယ်ကြီးနှင့်အနီရောင် အုပ်ကြွပ်မိုးအိမ်လေးမဟုတ်တော့ဘဲ သစ်လုံးအိမ်များ အစီအရီ ဆောက်ထားသော အိမ်များနှင့် သစ်ရွက်ကြွေများဖြင့်ပြည့်နှက်နေသော ရှုပ်ရှုပ်ပွေပွေ အိမ်များသာ ဖြစ်လေသည်။နားမလည်နိုင်သော ထိုအခြေအနေကို အဖြေရှာကြည့်သောအခါ ထိုအိမ်များသည်လည်း အခမဲ့နေထိုင်ကြခြင်းမဟုတ်ဘဲ အခကြေးငွေနှင့် ငှါးရမ်းနေထိုင်ကြခြင်း သို့မဟုတ် တစ်ပိုင်တစ်နိုင် ဝယ်ယူထားကြခြင်းပင်။အဖြစ်မှန်များကို သိလိုက်ရသောအခါ ဘီနာလွန်စွာစိတ်ပျက်ခဲ့ရသလို ဒေါသလည်းထွက်ခဲ့ရသည်။ဘီနာ၏ ဘိုးဘွားပိုင်မြေကို အလွဲသုံးစားလုပ်ထားသူမှာ မြို့လေး၏ အထင်ကရပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမှန်းသိလိုက်ရသောအခါ ဘီနာမှာအားမတန်မာန်လျှော့ခဲ့ရလေသည်။အမှန်စစ်စစ် အသက်နှစ်ဆယ်အရွယ်သာရှိသေးသော မိန်းမပျိုလေး ဘီနာမှာ ထိုအခြေအနေကို မည်သို့မျှမတတ်နိုင်၊ မယှဉ်ပြိုင်နိုင်ဘဲ စျေးပေါသော တည်းခိုရိပ်သာတစ်ခုတွင် သုံးလေးရက်မျှတည်းခိုခဲ့ပြီးနောက် မတတ်သာသည့်အဆုံးတွင် လာရာလမ်းသို့တပ်ခေါက်၍ ပြန်ခဲ့ရခြင်းဖြစ်လေသည်။ခေါင်းမာမာနှင့် ဆက်နေလျှင်လည်း ဘီနာအတွက် အကျိုးမရှိသည့်အပြင် အကျိုးယုတ်နိုင်ခြေသာ ရှိသောကြောင့် ပြန်ခဲ့ရသည်ဟု ဆိုရလျှင် ပို၍မှန်ပေမည်။
" ဒီလမ်းက လမ်းတိုဗျ ... ဘူတာကို ရောက်ဖို့ အတိုဆုံးလမ်းဆိုပါတော့ ...ဒါပေမဲ့ဗျာ ...သိတဲ့အတိုင်းပဲ ဒီလမ်းမှာ သူဌေးကြီးရဲ့ စက်ရုံကြီးက ရှိနေလေတော့ တော်ရုံဖြတ်သွားဖြတ်လာလုပ်သူတွေကို မကြိုက်ချင်ဘူး ...ပြောရရင် လမ်းကို သူတို့အပိုင် သိမ်းထားသလိုပေါ့ ....လမ်းနာမည်တောင် စက်ရုံလမ်းဖြစ်နေတာသာ ကြည့်ပေတော့ "
ပြောသူက သူတို့အချင်းချင်းပြောနေကြခြင်းသာ။အသံက ဘီနာ၏နားထဲသို့တိုင် ၀င်ရောက်လာလေသည်။စကားသံအရဆိုလျှင် ထိုသူနှစ်ယောက်အနက် တစ်ယောက်သည် မြို့ခံလူဖြစ်ပြီး တစ်ယောက်မှာ ဧည်သည်ဖြစ်ဟန်တူပေသည်။
"ဟာဗျာ ....ဒီလိုဆို ကျုပ်တို့ သွားလို့ရော ဖြစ်ရဲ့လားဗျာ "
မြို့ခံ၏စကားကို ဧည့်သည်ဖြစ်သူသည် အထိတ်တလန့်နှင့် ပြန်၍ မေးလိုက်လေသည်။
"ဒီလောက်တော့ ရပါတယ်ဗျ...ကျုပ်တို့ကလဲ ကိုယ့်လမ်းကိုယ်သွားတာပဲလေ ... ကျုပ်ပြောတာက သူတို့စက်ရုံနားကို သွားပြီး စပ်စပ်စုစုလုပ်တဲ့သူတွေကို ပြောတာပါ "
မြို့ခံ၏ စကားကြောင့် ဧည့် သည်ဖြစ်ဟန်တူသူက ဟင်းခနဲ သက်ပြင်ချလိုက်သကဲ့သို့ ဘီနာသည်လည်း သက်ပြင်းတစ်ချက်လေးလေးပင်ပင်ချလိုက်မိလေသည်။အကယ်၍ မြို့ခံလူ ပြောသကဲ့သို့ ပြဿနာတစ်စုံတစ်ရာပေါ်လာခဲ့သည်ရှိသော် ယနေ့အဖို့ တစ်စင်းတည်းသော မီးရထားနှင့် လွဲသွားနိုင်သည်မဟုတ်ပါလား။ထိုအခြေအနေမျိုးကိုဖြင့် ဘီနာအဖြစ်မခံနိုင်ပါ။အကယ်၍ ဤမြို့၌ ထပ်မံ၍နေရသည်ရှိသော် ဘီနာသည်လည်း အသတ်ခံရမည်လား။ မဟုတ်လျှင် ဘီနာသည်လူသတ်မိလေမည်လား။ထိုဆိုးဝါးသော အခြေအနေကို ရင်မဆိုင်ဝံ့၍ ဘီနာရှောင်ထွက်ခဲ့ခြင်းမဟုတ်ပါလား။ ဘီနာတို့၏ မိဘဘိုးဘွား အမွေအနှစ်ကို မတရားလုပ်ထားမှန်းသိသော်လည်း ဘီနာလိုသေးသေးကွေးကွေး မိန်းမငယ်လေးက မည်သို့တတ်နိုင်ပါမည်နည်း။
"ကဲပါဗျာ ...ခပ်သွက်သွက် လျှောက်ကြတာပေါ့ ...ဒီလမ်းက လျှောက်ရင် ဘူတာကိုရောက်ဖို့ နာရီဝက်လောက်ပဲကြာတာ...ကဲ ကိုယ့်လူတို့လဲ ဘူတာကို သွားမှာ မဟုတ်လား ... အမြန်လျှောက်ကြတာပေါ့ ....ရှေ့ဆို သူ့တို့ စက်ရုံနားကို ရောက်ပြီဗျ ....ဟိုဟိုဒီဒီလိုက် မကြည်ဘဲ အမြန်လျှောက်ကြတာပေါ့ "
မြို့ခံဖြစ်သူ၏ စကားဆုံးသောအခါ ဘီနာအပါအဝင် လေးယောက်သား စကားသံများတိတ်ဆိတ်လျက် ခပ်သွက်သွက် ခြေလှမ်းများဖြင့် လျှောက်လှမ်းခဲ့ကြလေသည်။
~~~~~~~~~~~~~~~~~
ခြေလှမ်းအတန်ငယ် လျှောက်မိသောအခါ၌ မြို့ခံလူ ပြောသကဲ့သို့ပင် သံဆူးကြိုးကြီးများဖြင့် ကာရံထားသော ခြံဝန်းကျယ်ကြီးကို တွေ့လိုက်ရလေသည်။ခြံဝန်းကြီးထဲ၌ ရှည်လျားစွာ တည်ဆောက်ထားသော သစ်လုံးတန်းလျားရှည်ကြီးကို တွေ့မြင်ကြရလေသည်။ထိုတန်လျားများ၏ အဆုံး တစ်နေရာတွင် သစ်လွင်တောက်ပသော ခမ်းနားထည်ဝါသည့် တိုက်အိမ်တစ်လုံးလည်း ရှိလေ။ထိုအိမ်၏ အသွင်အပြင်သည် ဟောင်းနွမ်းနေသောညစ်ထေးထေးသစ်သားတန်းလျားများနှင့် လွန်စွာ ကွဲပြား၍ နေလေသည်။ဘီနာသည် ငယ်ရွယ်သူပီပီ ခမ်းနားထည်ဝါလှသော အိမ်ကြီးအား အမှတ်မဲ့ငေးမောကြည့်နေမိသည်။ဘီနာ၏စိတ်ကူးထဲ၌ သူတို့၏ ဘိုးဘွားပိုင် အိမ်နှင်းခြံလေးကို ဤအိမ်ကြီးကဲ့သို့ မခမ်းနားသည့်တိုင်အောင် အများအမြင်တွင် အားကျ ငေးမောရလောက်မည့် အခြေအနေမျိုး ဖန်တီးဖို့ရန် အလိုငှါ မွေးရပ်မြေသို့ ပြန်လာခဲ့ခြင်းပင်။ယခု၌မူ စီစဉ်ထားသမျှသည် သဲထဲရေသွန် ဖြစ်ခဲ့ချေလေပြီ။သူတို့၏ မြေကို ပြန်လည်ရယူနိုင်ရန်အတွက် ဘီနာသည် ရှေ့နေကောင်းကောင်းတစ်ယောက်လိုအပ်သည်။သို့စေကာမူ မြေကို ပြန်ရရန်မှာမူ မသေချာလှ။ အဘယ့်ကြောင့်ဆိုသော် ရှေ့နေကောင်းတစ်ယောက်ကို နှစ်ပေါက်အောင် ငှါးဖို့ရန်အတွက် ဘီနာ့တွင် လုံလောက်သော ငွေကြေးမရှိပါ။ဆိုရလျှင်မူ ဘီနာတွင် ဇွဲလုံ့လသာရှိပြီး လုံလောက်သောငွေကြေးမရှိပါချေ။ဘ၀တစ်ပါးသို့ကူးပြောင်းသွားကြပြီဖြစ်သော မိဘများသည်လည်း ဘီနာ့အတွက် ဤမြေမှအပ မည်သည့်အရာကိုမျှ ချန်ထားခဲ့ခြင်းမရှိကြပေ။ယုတ်စွအဆုံး ဘီနာတွင် လောက်လောက်လားလား အားကိုးရသော ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက်ပင် မရှိခဲ့။
'ဝုန်း ...ဝုန်း...ဝုန်း "
" ဒုန်း ...ဒုန်း "
"လိုက်ဟေ့...လိုက်ဟ ... မလွတ်စေနဲ့ ..."
"ဖမ်းပေးတဲ့သူကို သူဋ္ဌေးကြီးက ဆုကောင်းကောင်းချမယ်တဲ့ "
ဆူညံစွာထွက်ပေါ်လာသော အသံများနှင့်အတူ ဝရုန်းသုန်းကား ပြေးလွှားသံများကြောင့် ဘီနာတို့ ခရီးသွားလေးဦးသည် အသံလာရာ ခြံဝန်းကျယ်ကြီးရှိရာဆီသို့ အကြည့်များ ရောက်သွားမိကြလေသည်။
"ဟာ "
"ဟင် "
" အို ... ဘုရားသခင် ကယ်တော်မူပါ "
" အို .." ဘီနာတို့ လေးဦးသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကိုယ်စီ ဘုရားတမိလျက် ခြေလှမ်းများကို ရှေ့သို့ မဆက်နိုင်ကြဘဲ မြင်ကွင်းကို မင်သက်စွာရပ်တန့်ငေးမောကြည့်နေမိကြလေသည်။မြင်ကွင်းသည် မြူမှုန်များ အတန်ငယ်ပါးသွားပြီဖြစ်သောကြောင့် ရှင်းလင်း၍နေလေ ၏။ဘီနာတို့လူစု မြင်ကွင်းကို မြင်နေရသည်မှာ သူတို့ ကြည့်ဖူးနေကြအက်ရှင်ကားများကဲ့သို့ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းလှပေသည်။
လူငယ်တစ်ယောက်သည် တန်လျားခေါင်းမိုးများပေါ်တွင် အသက်လု၍ လျင်လျင်မြန်မြန်ပင် ပြေးလွှားနေလေသည်။ထိုလူငယ်၏ နောက်ပါးဆီမှ လူအချို့သည် ညာသံပေး၍ လိုက်နေကြလေသည်။ဤသို့ တန်းလျားခေါင်းမိုးထက်တွင် လူအချို့ပြေးလွှားနေသည်ကို ကြည့်ရသည်မှာ ခြေဖဝါးများထဲမှ ကျိမ်းစက်စက် ခံစားနေရသကဲ့သို့ သည်းထိတ်ရင်ဖိုရှိလှပေသည်။အချို့လည်း ကြည်နေစဉ်မှာပင် မြေပြင်ပေါ်သို့ ပြုတ်ကျကြလေသည်။တွေ့မြင်ရသည်မှာ ရှေ့ဆုံးမှ ပြေးနေသူရော နောက်မှ လိုက်နေသူများပါ အသွေးအရောင်တူရုံမျှမက ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ဆင်တူဖြစ်သောကြောင့် ပြေးသူရောလိုက်သူများပါ စက်ရုံထဲမှ ဘ၀တူ အလုပ်သမားများဖြစ်ပုံရလေသည်။သို့ပါလျက် အဘယ်ကြောင့် ဤမျှ သဲကြီးမဲကြီး လိုက်လံဖမ်းဆီး နေကြသည်ကို ရပ်ကြည့်နေမိကြသော ဘီနာတို့ လူစုမှာ နားမလည်နိုင်အောင် ဖြစ်နေမိကြလေသည်။အဘယ်တွက်ကြောင့် လိုက်လံဖမ်းဆီးနေကြသည်ဖြစ်စေ အများနှင့်တစ်ယောက်သမားမို့ ထိုတစ်ယောက်ကို လွတ်မြောက်စေချင်မိကြလေသည်။
" မလွတ်စေနဲ့တဲ့ဟ...အရှင်မရရင် အသေဖမ်းကြ "
ကျယ်လောင်လှသော ထိုအသံကြောင့် ဘီနာတို့လူစုမှာ ရှေ့ဆုံးမှ ပြေးလွှားနေသော ထိုလူငယ်လေးကို သာ၍ပင်လွတ်မြောက်စေချင်မိကြလေသည်။
လူငယ်လေးသည် ခေါင်မိုးများပေါ်တွင် တလွှားလွှားပြေး၍နေလေသည်။တန်းလျားခေါင်မိုးများသည် အမြင့်ကြီးမဟုတ်သော်လည်း သာမန်အိမ်တစ်လုံးထက် ပို၍ မြင့်နေပေသည်။ခေါင်းမိုးချွန်၏ အကျယ်အဝန်းမှာလည်း ခြေတစ်ဖဝါးစာပင်ရှိပုံမရသောကြောင့် ကြည့်နေရသည်မှာ အသည်းတအေးအေးရင်တဖိုဖိုနှင့်ရှိပေသည်။ထိုခေါင်မိုးများအဆုံးထိ ပြေးနိုင်ခဲလျှင်တော့အဆုံး၌ သံဆူးကြိုးများဖြင့်ကာရံထားသော ခြံစည်းရိုးသာရှိပြီး ထိုစည်းရိုးကို လွတ်အောင်ခုန်ကျော်နိုင်ခဲ့လျှင် နှင်းရည်များများဖြင့် စိုစွတ်နေသော မြတ်ခင်း ထူသူများ ရှိလေသည်။ထိုသို့ဆိုလျှင် လူငယ်သည် သူ့နောက်မှ အပြေးအလွှား လိုက်လံဖမ်းဆီးနေကြသူများ၏ လက်မှ လွတ်မြောက်နိုင်ရန် လမ်းစရှိပေသည်။
"ဟာ ...သူကျသွားပြီး "
ထိုအသံသည် ဘီနာတို့ အုပ်စုထဲမှ တစ်ယောက်၏ အသံဖြစ်ပေသည်။ထိုအသံနှင့်မရှေ့ မနောက်မှာပင် လူငယ်ကို လိုက်လံဖမ်းဆီးနေကြသော သူများသည်လည်း မြေပြင်ပေါ်သို့ လျင်လျင်မြန်မြန်ပင် ဆင်သွားကြပြီးနောက် မြေပြင်ပေါ်တွင် ဖမ်းမိထားသော လူငယ်အား ညာသံပေးလျက် ဝိုင်းဝန်းကန်ကျောက်ရိုက်နှက်ကြလေသည်။ထိုထဲမှ အသားနီးစပ်စပ်နှင့် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားသူမှာ ကိုယ်တိုင် ၀င်ရောက်ရိုက်နှက်ကန်ကျောက်ခြင်းမပြုသော်လည်း သူ၏အသံမှာ ခြံဝန်း ပြင်ပရှိ ဘီနာတို့လူစုပါ ပီပီသသကြားရလောက်သည်အထိ အားတက်သရော ရှိလှပေသည်။
" ဒီလောက် ပြောရဆိုရခက်တဲ့ကောင် ... အပြတ်ရှင်းပစ်လိုက်ကြတော့ ..."
" ရှင်းသွားပါပြီ သူဌေးမင်း....သူ အသက်မရှိတော့ပါဘူး "
ထိုသို့ စကားသံကြောင့် ဘီနာတို့လူစုမှာ မယုံကြရာနိုင်စွာရင်ထဲ၌ ကိုယ်စီဆို့နင့်လျက်ဝမ်းနည်းကြေကွဲလျက် ရှိနေကြစဉ်မှာပင် ခြံဝန်းထဲမှ အသံတစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
" ဟေ့ ...ခြံပြင်က ဘယ်သူတွေလဲ ... သူတို့ အကုန် မြင်သွားပြီ ....သူတို့ကို လိုက်ဖမ်းစမ်း ...တစ်ယောက်မှ မလွတ်စေနဲ့နော် "
ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသော ထိုအသံကြောင့် ဘီနာတို့ လေးဦးသား ထိတ်လန့်တုန်လှုပ်သွားမိကြပြီးလျှင် တစ်ယောက်မျက်နှာတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်မိကြလေသည်။
"ဟိတ်လူတွေ ပြေးကြတော့ ... ဒီလမ်းအတိုင်းတည့်တည့် သာပြေးကြ ...ဘူတာကို ရောက်လိမ့်မယ် .."
မြို့ခံလူ၏စကားမဆုံးမီမှာပင် ဘီနာတို့အားလုံး ရထားဘူတာရှိရာဆီသို့ မှန်းဆ၍ အားကုန်ပြေးခဲ့ကြလေသည်။ကံကြမ္မာသည် တစ်ပတ်လည်ပုံမှာ မြန်ဆန်လှပေသည်။ခပ်စောစောက ပြေးလွှားနေသော လူငယ်ကို ကြည့်ပြီး စုပ်တသပ်သပ်နှင့် သနားနေခဲ့မိကြသော ဘီနာတို့လူစုမှာ ယခုအချိန်၌မူ ကိုယ်တိုင်ပင် သားကောင်ဘဝသို့ ရောက်ရှိသွားကြပြီးလျှင် အသက်လု၍ ပြေးကြရပါလေတော့သည်။
~~~~~~~~~~~~~~~~~~~~~
ဘူတာရုံ၌ ရထားမှာ ဆိုက်ရောက်လျက်ရှိပြီး မကြာသောအချိန်တွင် ပြန်လည်ထွက်ခွါတော့မည်ဖြစ်ပေသည်။ နယ်မြို့လေးဖြစ်သောကြောင့်ဘူတာရုံထဲ၌ လူများရှုပ်ရှုပ်ထွေးထွေးသိပ်မရှိလှ။ ရထားပေါ် တွင်မူ မြို့အသီးသီးမှ ခရီးသွားများဖြင့်လူ များပြည့်၍ နေလေသည်။
ဘီနာမှာ ရှေ့နောက် ဘေးဘီသို့ မကြည့်အားသလို့ အတူ အသက်လုပြေးလွှားလာကြသူများကိုလည်း ဂရုမစိုက်နိုင်ဘဲ အားကုန်ပြေးနေရလေသည်။ဘူတာရုံသို့ ရောက်သောအခါ ရပ်ထားသော မီးရထားကို တွေ့လိုက်ရသောကြောင့် အားတက်သွားပြီးလျှင် ရထားလမ်းတစ်ဖက်ခြမ်းသို့ အပြေးအလွှားကူးလျက် ရထားတွဲတစ်တွဲပေါ်သို့ အပြေးအလွှား တက်ရောက်ခဲ့ လေသည်။
"တစ်ယောက်မှ မလွတ်စေနဲ့နော် ...သူဌေးမင်း အရမ်းစိတ်ဆိုးနေပြီ "
ဘီနာတို့နောက်မှလိုက်ပါလာသူများသည် လူစုခွဲလျက် ရထားတွဲများပေါ်သို့ တက်ရောက်ရှာဖွေကြလေသည်။
" ဒီမှာ တစ်ယောက်မိပြီ .... မဆိုင်တဲ့သူတွေ ဝင်မရှုပ်ကြနဲ့နော် .... ဒီကောင်တွေက တို့သခင်ဆီက ပစ္စည်းခိုးသွားလို့ လိုက်ဖမ်းနေတာ ...နောက်ထပ် သုံးယောက် ကျန်သေးတယ် ... ဒီဘူတာမှာ ပြေးတက်လာတဲ့သူတွေကို သိရင်ပြောကြပါ ... ပြောတဲ့သူကို ရွှေဒင်္ဂါးပြားတစ်ပြားစီပေးမယ် "
ထိုသူသည် ရထားတွဲစဉ်တစ်လျှောက် လိုက်လံ အော်ဟစ် ကြေညာလေ၏ ။ ထိုသူ၏စကားအဆုံး၌ ရထားတွဲအသီးသီးရှိလူများသည် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြလေသည်။ရွှေဒင်္ဂါး တစ်ပြားဆိုသော စကားကြောင့် ခပ်စောစောက အမှုမဲ့အမှတ်မဲ့နေနေကြသူများပင် တစ်ယောက်မျက်နှာ တစ်ယောက် မယုံသင်္ကာ မျက်လုံး အကြည်များဖြင့်ကြည့်ကြလေသည်။
" ဒီမှာ တစ်ယောက် .... သူခုနက ပြေးတက်လာတာ "
လူတစ်ယောက်သည် ခပ်နွမ်းနွမ်းလောင်းကုတ်ရှည်ကြီးကို ဝတ်ဆင်ထားသော ပိန်ညှပ်ညှပ် လူတစ်ယောက်၏ လက်ကို ခပ်တင်းတင်းဆုပ်ညှစ်လျက် အော်လေသည်။ထိုအခါ၌ စက်ရုံအလုပ်သမားခေါင်းဆောင်ဖြစ်ဟန်တူသောလူသည် ဆွဲခေါ်လာသူနောက်သို့ ယောင်နနနှင့် ပါလာသူကို ကြည့်လိုက်ပြီးလျှင်
"ဒီလူ မဟုတ်ဘူး .... ကျန်တဲ့ သုံးယောက်က လောင်းကုတ်ရှည်တွေ မဝတ်ထားကြဘူး ... နှစ်ယောက်က မီးခိုးရောင်ကုတ်အင်္ကျီတွေဝတ်ထားတယ်...အရပ်ပုကွကွ တွေပဲ...တစ်ယောက်က အဖြူရောင်ကုတ်နဲ့ သူ့မှာ လက်ဆွဲအိတ် တစ်လုံရယ် ... ကျောပိုးအိတ်တစ်လုံးရယ်ပါတယ်... ပြီးတော့ သူက အမျိုးသမီးတစ်ယောက်ပဲ "
အသံသည် ဘီနာ၏ နားထဲသို့ ကျယ်လောင်စွာ ဝင်ရောက်လာလေသည်။ဘီနာသည် တဆတ်ဆတ်တုန်နေသော ခြေလက်အစုံကို တည်ငြိမ်အောင်ထိန်းလျက် မင်သေသေနှင့် ထိုင်နေသည်။ကံသီ၍ ဘီနာသည် ရထားတွဲကို ပတ်၍ ပြေးနေစဉ်၌ လက်ဆွဲအိတ်နှင့် အဖြူရောင် အနွေးထည်ကို စွန့်ပစ်ခဲ့ပြီးလျှင် ကျောပိုးအိတ်နှင့် တီရှပ်နှင့် ဖြစ်နေခဲ့ သည်လေ။
ရထားသည် ခပ်ဖြည်းဖြည်း ခုတ်မောင်းစပြုနေပြီဖြစ်သည်။
စက်ရုံအလုပ်သမားများသည် ဖမ်းမိထားသော လူနှစ်ယောက်အား ရိုက်နှက်၍ ကျန်ရစ်သော ဘီနာနှင့် အခြားသူတစ်ယောက်အား ရှာဖွေလျက် ရှိလေသည်။
" သူခိုးတွေ ပြောစမ်း ... မင်းတို့နဲ့အတူပါလာတဲ့နှစ်ယောက်က ဘယ်လို ပုံစံမျိုးလဲ ...သူတို့ မျက်နှာပုံစံတွေကို ပြောစမ်း ..."
လူအများကြားတွင် ထိုသို့ ရိုက်နှက် မေးမြန်းနေသည်ကို ကျန်လူများမှာ ၀င်ရောက် တားမြစ်ပြောဆိုကြခြင်း မပြုသည့်အပြင် အားပေးအားမြောက်ပြုလျက် ကြည့်နေသူများရှိသလို မသိဟန်ပြု၍ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူများလည်းရှိကြလေသည်။
~~~~~~~~~~~~~~~~~~~~
ဘီနာမှာ မီးရထား အတက်အဆင်းပေါက်နှင့် မလှမ်းမကမ်းရှိ ထိုင်ခုံတစ်လုံးတွင် မင်သေသေ နှင့် ထိုင်နေဆဲ။ အေးစက်စက်ရာသီဥတုတွင် တီရှပ်လက်တို နှင့် ဖြစ်နေသော ဘီနာ့ကို မျက်စောင်းထိုး ခုံတွင်ထိုင်လျက်ရှိရေသော အသက်ကြီးကြီးစုံတွဲမှ စူးစူးစိုက်စိုက်ကြည့်လျက် ရှိလေသည် ။ သူတို့၏ အမူအရာများသည် ဘီနာ့ကို ရွှေဒင်္ဂါးပြားအဖြစ်သာ မြင်နေကြဟန် တူလေသည်။
ဘီနာသည် အေးအေးလူလူ ပုံစံဖြစ်အောင် ကြိုးစား၍ ဟန်ဆောင်ထားရလေသည်။အေးမြသော ရာသီဥတုအောက်၌ တီရှပ်အင်္ကျီလက်တိုလေးနှင့် ဖြစ်နေသောကြောင့် သွားစေ့၍မရနိုင်အောင် ခိုက်ခိုက်တုန်ချင်နေသော်လည်း မသိလျှင် အအေး လွန်ကဲသော ဒေသမှ လာခဲ့သောလူကဲ့သို့ သည်မျှလောက် အအေးကို မမူသည့် ဟန်ပန်ပုံဖမ်းထားရလေသည် ။ ထိုသို့ရှိစဉ်မှာပင် အသက်ကြီးကြီး စုံတွဲသည် ဘီနာ့ကို တစ်ချက်မျှ စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးနောက် အဘွားကြီး သည် ထိုင်ခုံမှထလိုက်လေသည်။
အဘွားကြီး ထလိုက်သည်နှင့် တစ်ပြိုင်နက် ဘီနာသည်လည်း ဖြစ်ချင်ရာဖြစ် သဘောနှင့် ရထားအတက်အဆင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ပြီးလျှင် ထိုင်ခုံမှ ထရန် အသင့်ပြင် လိုက်လေသည်။ထိုသို့ရှိစဉ်မှာပင် သန်မာသော လက်တစ်ဖက်သည် ဘီနာ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့လေသည်။
@@@@@@@@@@@@@@@@
ဧကြည်ဖြူ