book

Index 9

အပိုင်း ( ၉ )

"ရင်ဘတ်ပေါ်က နှင်းဆီ "


********************


  မြောက်ဥက္ကလာ ဆေးရုံမှာ အမေနဲ့ ညီမလေးကို ထားခဲ့ပြီးတော့ လင်းရိပ် အလုပ်ကို သူပြန်ရောက်ပြီဖြစ်တဲ့ အကြောင်း ဝင်ပြီး အကြောင်းကြားလိုက်တယ်။ပြီးတော့ ထပ်ပြီး ခွင့်ပေးဖို့ ခွင့်တောင်းရပြန်တယ်။ပိုင်ရှင်က သိပ်မကျေနပ်။ ဒါပေမဲ့ လင်းရိပ်အခြေအနေက ခွင့်မပေးရင်လဲ အလုပ်ကထွက်ရမှာဆိုတော့ မျက်နှာပုတ်ပုတ်နဲ့ ပဲပိုင်ရှင်ကခွင့် ပြုပေးလိုက်တယ်။အလုပ်ရှင်ဘက်က စဉ်းစားကြည့်တော့လည်း မလွန်ဘူးဆိုတာလင်းရိပ်နားလည်ပါတယ်။၀န်ထမ်းသိပ်မများတဲ့သူတို့ဆိုင်မှာ ၀န်ထမ်းတစ်ယောက် လျော့သွားတော့ ဘယ်အဆင်ပြေပါ့မလဲ။ သူတို့ဘက်က အပြီးတိုင် အလုပ်ထုတ်ပစ်လိုက်မယ်ဆိုရင်လည်း လင်းရိပ်က ကျေနပ်လက်ခံပြီးသားပါ။ဒါပေမဲ့ လင်းရိပ်ရဲ့ အရောင်းမြှင့်တင်နိုင်စွမ်းအားကို သိနေတဲ့ အလုပ်ရှင်က လင်းရိပ်ကို အလုပ် မထုတ်ဘူး။ တစ်လစာငွေကြို ထုတ်ပေးလိုက်တယ်။


    လင်းရိပ် သူ့မှာ ရှိသမျှ ငွေအားလုံးကို တွက်ချက်လိုက်တယ်။ဘဏ်မှာ စုထားတဲ့ငွေနဲ့အကောင့်ထဲရှိသမျှ ငွေရော ယုတ်စွအဆုံး ခေါင်းအုံးအောက်က ငွေပါမကျန် ပေါင်းလိုက်တော့ ဆယ်သိန်းကျော်ကျော်လောက်ရှိတယ်။ကြိုငွေ တစ်လစာနဲ့ဆို ဆေးရုံစရိတ်တော့ ကောင်းကောင်းရတယ်။ခက်တာက ခွဲစိတ်စရိတ်ပဲ။ခွဲစိတ်ဖို့ သိန်းလေးငါးဆယ်ရှိမှ ဖြစ်မှာ။ပြီးရင် အမေတို့ကို ဆေးရုံနဲ့ နီးနီးနားနားဖြစ်အောင် ရန်ကုန်မှာပဲ လင်းရိပ်ထားချင်တော့တာ။အိမ်ငှားခတွေကလဲ ခေါင်းခိုက် နေတာ။ပြီးတော့ အိမ်ငှားခကိုခြောက်လစာ တောင်းတဲ့ အိမ်တွေက ပိုများတယ်။ လင်းရိပ် အဆောင်ခက သုံးသောင်းခွဲ အဲ့ဒါကို ငွေထပ်ဖြည့်ပြီး အိမ်ငှားမယ်ဆိုရင်တော့ မြို့သစ်ဘက်လောက်တော့ ငှားဖို့အဆင်ပြေလောက်တယ်။ ဒါပေမဲ့ အလုပ်သွားအလုပ်ပြန်စရိတ်နဲ့ လင်းရိပ်ရဲ့လူမသိ သူမသိအလုပ်အတွက် အဆင်မပြေနိုင်တော့ဘူး။မတော်လို့ လင်းရိပ်လုပ်နေတာတွေကို အိမ်က ရိပ်စားမိသွားခဲ့ရင် လင်းရိပ် ရှေ့ဆက်မတွေးရဲတော့။တွေးကြည့်လိုက်တော့ လင်းရိပ် ယောက်ျားတန်မဲ့နေရာမှာတင် ချုံးပွဲချ ငိုချပစ်ချင်လိုက် တော့တယ်။ဘ၀က ချောင်ပိတ်အရိုက်ခံနေရသလိုပင် ။ ထွက်ပေါက်က ဘယ်ဆီမှာပါလဲ လင်းရိပ်မတွေးတောတတ်တော့ ။ ဒီဒုက္ခတွေကို လင်းရိပ် ဘယ်လို ကျော်လွှားရမလဲ။ သူ့ပခုံးပေါ်မှာ ပိနေတဲ့ မိသားစုတာဝန်တွေ။လူသားတစ်ယောက်ပီပီ လင်းရိပ် ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာပဲပေါ့။လင်းရိပ် အတွက်တော့ ဒုက္ခဆိုတာ ငယ်ပေါင်းကြီးဖော် အရိပ်တစ်ခုလို အမြဲလိုက်ပါနေတာပဲမဟုတ်ပါလား။ လင်းရိပ် ထူးပြီး တုန်လှုပ်မနေချင်တော့ပါ။


****************


     လင်းရိပ် လျှို့ဝှက်ဖုန်းကိုထုတ်ပြီး အလုပ်ရှာလိုက်တယ်။အရင်ဆို လင်းရိပ်က နေ့လည်နေ့ခင်း ဒီအလုပ်ကိုလုံးဝ လုပ်လေ့မရှိဘူး။ အခုတော့ နေ့ခင်း ရောညအတွက်ပါ နာရီပိုင်းနဲ့ အလုပ်ရှာလိုက်တယ်။ အားလပ်ချိန်မှာ အမေနဲ့ ညီမလေးရှိတဲ့ ဆေးရုံကို သွားရမယ်။ အချိန်ပြည့် အလုပ်လုပ်နေလို့ မဖြစ်ဘူး ။ အဲ့ဒါကြောင့် အလုပ်ကနေ နားလိုက်ရတာ။ တစ်ပတ် အတွင်းမှာ သိန်းလေးငါးဆယ် ရဖို့တော့ ဖြစ်နိုင်မှာမဟုတ်ပေမဲ့ လောလောဆယ် အမေတို့ကို မြို့သစ်ဘက်မှာ အိမ်ငှားနဲ့ ထား

ထားပြီး ဆေးရုံကို အမြဲမပြတ်သွားပြနေရင်း ခွဲစိတ်ဖို့ အချိန်ည်းနည်း ယူလိုက်ရင်တော့ ငွေများ ပြည်နိုင်မလားပေါ့။ညီလေးလည်း နယ်မှာ ကျောင်းတက်ရင်း ကလေးတွေကို စာပြပေးနေတာ အိမ်စရိတ် နည်းနည်းပါးပါးတော့ ရတယ်တဲ့။မကြာခင် ကျောင်းလည်း ပိတ်တော့မှာပဲမို့ အငယ်ကောင်ကို ရန်ကုန်မှာ အလုပ်သွင်းပေးလိုက်ရင် စားစရိတ်အတွက် အသက်ရှူပေါက်များရလေမလား တွေးလိုက်မိပြန်တယ်။ခက်တာက အငယ်ကောင်က ယောကျာ်ချင်းမို့ လင်းရိပ်ရဲ့ အလုပ်ကို များ ရိပ်မိသွားမလား တွေးပူရပြန်ရော။အစစအရာရာ တွေးတောရင်း လင်းရိပ် ခေါင်းတွေ ပူပြီး ခြောက်လာမိတယ်။လင်းရိပ် ရင်ထဲမှာ မွန်းကြပ်နေတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ချင်မိတယ်။ဒီလို အချိန်မှာ ပထမဆုံး ပြေးမြင်မိတာက ချစ်ရသူနှင်း ဆိုပေမဲ့ ချစ်သူကို အပူတွေ မကူးစက်စေလိုမိ။ လင်းရိပ် ချစ်ရသူအားလုံးကို ပျော်ရွှင်စရာတွေပဲ ခွဲဝေပေးချင်တာလေ။


******************


    လင်းရိပ်ရဲ့ စကားဆုံးတော့ နှင်းသီရိက ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေတယ်။ ခဏကြာမှ ပင့်သက်ကိုချပြီး လင်းရိပ်ကို မေးလိုက်တယ်။


" ဒီလိုဆို မောင်မှာ ပိုက်ဆံရောရှိရဲ့လား "


     နှင်းသီရိက မေးပြီး လင်းရိပ်မျက်နှာကို ငေးကြည့်နေမိတယ်။သေချာတာက လင်းရိပ်နဲ့ နှင်းသီရိရဲ့ အနာဂတ်ခရီးက ပိုပြီး ဝေးကွာသွားပြီး ဆိုတာကိုလည်း နှင်းသီရိ သိလိုက်တယ်။


" ရှိပါတယ် နှင်းရဲ့ ....အမေကိုခွဲစိတ်ပေးဖို့ စုထားတဲ့ ငွေရှိတယ် ...လောလောဆယ် အဲ့ဒီငွေနဲ့ပဲသုံးရမှာပေါ့ ....."


" အင်း ... တော်သေးတာပေါ့ "

     "အဆင်ပြေရဲ့လား "လို့ နှင်းသီရိမမေးချင်။ မမေးမိပါလေတော့ ။ချစ်သူဘ၀မှာပင် ဒီလို ဒုက္ခတွေကို နှင်းသီရိ မခံစားချင်ပါ။ ဘ၀ကို လှလှပပ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းချင်မိတာ နှင်းသီရိရဲ့ အပြစ်လား။


"ကဲပါ နှင်းရယ် ... နောက်ဆို နှင်းဆီကို မောင်သိပ်လာဖြစ်မှာ မဟုတ်လို့ လာပြောပြတာ ...မောင်တို့ မုန့်သွားစားရအောင်လေ "


     လင်းရိပ်က မျက်နှာပျက်ချင်နေတဲ့ ချစ်သူကို စကားလမ်းကြောင်းလွှဲပစ်လိုက်တယ်။ သူမလည်း စိတ်ပူနေမယ်ဆိုတာ လင်းရိပ် သိပါတယ်။သူမရတဲ့လစာငွေနဲ့ လင်းရိပ်ကို ကူညီမပေးနိုင်လို့ သူမကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေမှာကို လင်းရိပ် မလိုချင်။ဖြစ်နိုင်ရင် လင်းရိပ်ဘက်ကသာ ယောက်ျားပီပီ သသနဲ့ ကိုယ့်ချစ်သူကို တာဝန်ယူပေးလိုက်ချင်တာ။


" လာလေ ..သွားကြမယ်လေ နှင်း "


     လင်းရိပ်က ချစ်သူရဲ့လက်ဖျားလေးကို ဆွဲယူဆုပ်ကိုင်ပြီး ထိုင်ရာ ကနေ ထလိုက်တယ်။အင်းလျား ရေပြင်က ငြိမ်သက်လို့။ကောင်းကင်ကြီးကလဲ ပြာလဲ့လဲ့နဲ့ကြည်လင်တောက်ပလို့။နှင်းသီရိရဲ့ရင်ထဲမှာတော့ စိတ်တွေက အုံ့ဆိုင်းမှိုင်းညို့လို့ ပေါ့။" နှင်းဘာကူညီပေးရမလဲ ...ဆေးရုံကို လာခဲ့ရမလား မောင် ...နှင်းလဲ မောင် အမေ့ကို ဝိုင်းကူပြုစုပေးရမလား " စသဖြင့် ဒီလိုစကားတွေကို နှင်းသီရိဘက်က ပြောသင့်မှန်းသိပါရဲ့နဲ့ နှင်းသီရိရဲ့ ပါးစပ်က ထွက်မလာခဲ့ပါလေ။နှင်းသီရိကချစ်သူလင်းရိပ်ကို အကြောင်သားပဲ ကြည့်နေမီခဲ့တယ်။ လင်းရိပ်ရဲ့မျက်နှာက နွမ်းလျ ပုံပေါ်နေပေမဲ့ ချောမော ကြည့်ကောင်းနေဆဲပါပင်။အဖြူရောင်ရှပ်လက်ရှည်၊အရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီနဲ့ပင် သန့်ပြန့်နေတဲ့ချစ်သူ။ ဘေးကိုသိမ်းထားတဲ့ ဆံပင်တွေက ခေါင်းလိမ်းဆီ မတင်ထား၍ ထင်ပါရဲ့ တစ်ချက်တစ်ချက် နဖူးပြင်ပေါ် ဆံပင်တွေဝဲခနဲကျလာပုံက ကြည့်၍ပင် ကောင်းနေသေးတယ်။အရက်နဲ့ဆေးလိပ် သောက်လေ့မရှိတဲ့ နှုတ်ခမ်းတွေက နီနီထွေးထွေး။စူးရှတောက်ပတဲ့မျက်ဝန်းနက်နက်တွေ မျက်ခုံးထူထူတွေ။ကျစ်လျစ်တဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်လှတဲ့ အရပ်အမောင်းလည်း သူ့မှာရှိနေပြန်တယ်။ ဒီ ယောကျာ်းက အရေပြားအလှအပမှာတော့ မိန်းမလှလေးတွေထက်တောင် ကံကောင်းတဲ့သူလို့ နှင်းသီရိ တွေးလိုက်မိတယ်။ ဒီလို ချောမော ကြည့်ကောင်းနေ့တာကြောင့်ပဲ သူ့ကို နှင်းသီရိရွေးခဲ့မိပါလေသလားမသိတော့။အရင်ကတော့ သူ့ရဲ့လက်ကို တွဲပြီး ဟိုသွား ဒီသွားသွားရတာကို နှင်းသီရိ ပျော်ခဲ့တယ်။သူငယ်ချင်းတွေနဲ့ အခြားသူတွေက အားကျသလို ကြည်ကြတဲ့အခါ နှင်းသီရိ စိတ်ထဲက ကျေနပ်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ နှင်းသီရိအတွက် ငွေကြေးကသာ အဓိကဖြစ်နေခဲ့တယ်လေ။


*****************

      လင်းရိပ်နဲ့ နှင်းသီရိ မုန့်စားပြီးတော့ အသီးသီး ပြန်ဖို့ပြင်ကြတယ်။ လင်းရိပ်ကချစ်သူကို ကားလမ်း တစ်ဘက်ခြမ်းထိ လိုက်ပို့ရင်း ဒီနေ့ ချစ်သူကို ဘာမှမဝယ်ပေးလိုက်ရလို့ စိတ်မကောင်းဖြစ်နေမိတယ်။နှင်းသီရိရဲ့ မျက်နှာကို ကြည့်ရတာလည်း သိပ်ပြီး ရွှင်ရွှင်လန်းလန်း မရှိလှတာမို့ လင်းရိပ်စိတ်ထဲ ပူပန်နေမိတယ်။ချစ်သူမှာ ဘာအခက်အခဲတွေရှိနေလဲ မမေးထွက်။မေးပြီးရင် ရော လင်းရိပ်ကူညီနိုင်မှာတဲ့လား။ချစ်သူကို သူ့ရဲ့အခက်အခဲတွေကိုပဲ ပြောပြနေမိတဲ့အတွက် လင်းရိပ် ပိုပြီး စိတ်မကောင်းဖြစ်သွားမိတယ်။

    

     နှင်းသီရိ ကားပေါ်တက်သွားပြီး တော့မှ လင်းရိပ်လည်း ကားလမ်းရဲ့တစ်ဘက်ခြမ်းကို ပြန်ကူးလာခဲ့ပြီး ကားစီးဖို့ပြင်လိုက်တယ်။အတူဆုံပြီးတဲ့အခါတိုင်း အမြဲဒီလို လမ်းခွဲနေကြ ဖြစ်ပေမဲ့ ဒီနေ့မှ လင်းရိပ်ရဲ့ရင်ထဲမှာ ပိုပြီး ထိထိခိုက်ခိုက်ခံစားနေရတယ်။ ဘ၀ရယ်မဟုတ်တဲ့ အတွေးတွေက လင်းရိပ်ကို ဖိစိးနေတယ်။နောက်ဆုံးတော့ လင်းရိပ်စိပ်ထဲ မတင်မကျဖြစ်နေတာမို့ နှင်းဆီကို ငွေသုံးသောင်းလွှဲလိုက်တယ်။


    ချစ်သူဆီ ငွေလွှဲလိုက်ပြီးတာနဲ့ ကားရောက်လာတာအချိန်ကိုက်ဖြစ်သွားတာမို့ လင်းရိပ်ကားပေါ်ကိုတက်ခဲ့လိုက်တယ်။ လင်းရိပ် ကားပေါ်ရောက်ပြီး မကြာခင်မှာပဲ လင်းရိပ်ရဲ့ဖုန်းသံကမြည်လာတာမို့ ကြည့်လိုက်တော့ ချစ်သူနှင်းသီရိ ဆီက ဖုန်းဖြစ်နေတာကို လင်းရိပ်တွေ့လိုက်ရတယ် ။လင်းရိပ်ဖုန်းကိုကိုင်လိုက်တယ်။


" ဟယ်လို ... ပြောလေ နှင်း "


" နှင်းဆီကို ငွေလွှဲလိုက်တာလား မောင်... နောက်ကို နှင်းကို မပြောဘဲ ငွေမပို့ပါနဲ့....ခု အဲ့ဒီငွေကို မောင့်ဆီ ပြန်လွှဲပေးလိုက်မယ် "


     ချစ်သူရဲ့ စကားကြောင့် လင်းရိပ်ရဲ့ရင်ထဲမှာ ဟာခနဲ ခံစားလိုက်ရတယ်။ဆက်ပြောဖို့အတွက်လည်း စကားလုံးတွေ ပျောက်ဆုံးသွားရတယ်။ လူတွေကြားထဲမို့ မေးချင်ပြောချင်စိတ်တွေကို လင်းမျိုချလိုက်ပြီး ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်တယ်။


*******************


      နှင်းသီရိ ကားပေါ်မှာထိုင်လိုက်လာရင်း လင်းရိပ်ဆီကို ငွေပြန်လွှဲပေးလိုက်တယ်။အရင်ကတော့ ဒီလိုမျိုးတွေကို သဘောကျ ကျေနပ်ခဲ့တာပေါ့။ချစ်သူဆီက ရသမျှတွေကို သူငယ်ချင်းတွေကြားထဲမှာကြွားဝါပြောဆိုရင်း သိပ်ကို ဂုဏ်ယူခဲ့တာပေါ့။ ငါ့ချစ်သူဝယ်ပေးတာလေ...ငါ့ချစ်သူက မုန့် ဖိုးပေးတာ"လို့ ကြွားလည်းကြွား ပေါ့။ လူရှေ့သူရှေ့ရောက်ရင် ချစ်သူကိုနိုင်စားပြပြီး နောက်ကွယ်ကျမှ " မောင်ကလဲကွာ " ဆိုပြီး ချွဲချွဲပျစ်ပျစ် ချော့ရတာကို သိပ်ကို ကြည်နူးခဲ့တာလေ။ ခုတော့ ဒီလို ကျေနပ်ကြည်နူးစရာတွေ ထက် ငွေကို ရေလိုသုံး ၊ ဘယ်သွားသွားကိုယ်ပိုင်ကားလေးနဲ့သွားရတာကို နှင်းသီရိ ပိုသဘောကျနေပြီ။ပြီးတော့ မတုန်မလှုပ် ချစ်သူထက် လက်ရဲဇက်ရဲရှိတဲ့ ချစ်သူသစ်ကို နှင်းသီရိ ပိုပြီး မက်မောတွယ်တာနေမိပြီလေ။


*******************

    အနီရင့်က စာအုပ်တွေကို လိုက်ကြည့်ပြီး လိုအပ်တာတွေကို စာရေးမလေးကို လိုက်မှတ်ခိုင်းလိုက်တယ်။ အနီရင့်ရဲ့ စာအုပ်ဆိုင်လေးက တစ်နေ့တစ်နေ့ သိန်းချီ မြတ်အောင် ရောင်းနေရတာမဟုတ်ပေမဲ့ ပုံမှန်လေးတော့ ရောင်းနေရတယ်။ဆိုင်မှာ ကလေးတွေဖတ်ဖို့ စာအုပ်ကနေ ပြီး လူကြီးတွေ ဖတ်ဖို့အထိ စာအုပ်တော်တော်စုံစုံရှိတယ်။အဓိက က အနီရင့်က စာဖတ်ဝါသနာပါလို့ ဝါသနာကိုက်ညီတဲ့ အလုပ်ကို ရွေးခဲ့တာ။ စာအုပ်ဆိုင်လုပ်နေရင်းကနေ အနီရင့်စာ စရေးပြီး ဆိုတော့မှ ဆိုင်ကို အရောင်းမန်နေဂျာဆီကိုလွှဲထားလိုက်တာ။ ဒါပေမဲ့ စာအုပ်ဆိုင်နဲ့ အနီရင့်တိုက်ခန်းက သိပ်မဝေးလို့ ဆိုင်ကို အနီရင့် အချိန်မရွေး သွားလို့လာလို့လွယ်တယ်။ခုရက်ပိုင်းတွေမှာ အနီရင့် စိတ်တွေ ရှုပ်ပြီး စာရေးလို့မရတာမို့ အရောင်းထိုင်းတဲ့ စာအုပ်တွေကို ဖုန်သုတ် သန့်ရှင်းရေးလုပ်နေခဲ့တာ။


" မမ ...ကိုမြတ်ဘုန်း ရောက်နေတယ် "


      စာရေးမလေးရဲ့ အသံကြောင့် အနီရင့် စာအုပ်စင်ကြားကနေ ခေါင်းပြူကြည့်လိုက်တယ်။ အနီရင့် ကြည့်နေတုန်းမှာပဲ ကိုဘုန်းက အတွင်းခန်းထဲအထိ ၀င်လာတာကို တွေ့လိုက်ရတယ်။ မှတ်မှတ်ရရ ဒီနေ့ အပါဆိုရင် ကိုဘုန်းနဲ့ အနီရင့် မတွေ့တာ ရက်အတန်ကြာခဲ့ပြီလေ။ကိုဘုန်းက ဖုန်းဆက်တဲ့ အခါ အနီရင့် ဖုန်းကိုင်ပေမဲ့ လူချင်း တွေ့ဖို့ချိန်းတဲ့အခါတိုင်း အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေခဲ့မိတယ်။ကိုဘုန်းအိမ်ကိုလာရင်လည်း ထွက်မတွေ့။တံခါးဖွင့်မပေးခဲ့။ခုတလော အနီရင့် စဉ်းစားမိနေတာက အနီရင့်က ဇိမ်မယ်တစ်ယောက်များဖြစ်နေပြီးလားဟုပင်။ဇိမ်မယ်မှ ပိုက်ဆံမရတဲ့ ဇိမ်မယ်မျိုးပေါ့။အများအမြင်မှာ အပျိုစင်တစ်ယောက် အဖြစ်တင့််တယ်နေပေမဲ့ တကယ်လက်တွေ့ဘဝက ကိုဘုန်းရဲ့ တိတ်တိတ်ပုန်း အပျော်မယားတစ်ယောက် ပမာ ပါပင်။လက်ထပ်ဖို့ မပြောရဲ။ မပြောထွက်။လက်ထပ်ဖို့ပြောလိုက်ရင် စိတ်များ ညစ်သွားမလားလို့ တွေးပြီး ထိတ်လန့်ခဲ့ရတာလည်း အခါခါ။ ဒီကြားထဲ ချစ်သူရဲ့ အလိုဆန္ဒကို မလိုက်လျောပြန်ရင် ကိုယ့်ကို ထားခဲ့လေမလား ။ကိုယ်နောက်ကွယ်မှာ အပျော်အပါး လိုက်စားနေလေမလား တွေးပြီး အကုန်လိုက်လျောခဲ့မိတာတွေက နောက်ဆုံးတော့ အလေးထားမခံရတဲ့  တန်ဖိုးမဲ့မိန်းမတစ်ယောက် ဘဝကို ရောက်မှန်းမသိရောက်ခဲ့ရတော့တဲ့အထိ ဖြစ်လာခဲ့တယ်။


" နီ ...မင်း ကိုယ်ကို တမင်ရှောင်နေတာလား "


    ကိုဘုန်းက မေးရင်း အနီရင့် နားကို လျှောက်လာတယ် ။ဆိုင်ထဲမှာဖြစ်နေမို့ အနီရင့်ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေလိုက်တယ်။


"မဟုတ်ပါဘူး ... ခုတလော ဆိုင်ကို သေချာ လုပ်နေ လို့ပါ ..."


 

" အဲ့ဒါဆို အပြင်သွားရအောင်လေ .."


   ပြောပြောဆိုဆိုနဲ့ ကိုဘုန်းက အနီရင့်ရဲ့လက်ကို လှမ်းဆွဲတယ်။ ကိုဘုန်းရဲ့အပြုအမူကြောင့် အနီရင့်ရဲ့အမှတ်မရှိတဲ့ နှလုံးသားက ဒိန်းခနဲ ဆောင့်ခုန်သွားရပြန်တယ်။ အနီရင့်လက်ကို မသိမသာပြန်ရုန်းလိုက်တယ်။


*******************


 " နီ ဘာလိုချင်လဲ ...ကြိုက်တာယူလေ "


    ကုန်တိုက်ထဲမှာ လျှောက်နေရင်း ကိုဘုန်းကပြောတယ်။အနီရင့် ခေါင်းကို ခါပြလိုက်မိတယ်။မိန်းမပီပီ ချစ်သူပေးတဲ့ လက်ဆောင်ကို တန်ဖိုးထားတတ်ပေးမဲ့ ဘာဝယ်ပေးပါ။ ညာဝယ်ပေးပါလို့ အနီရင့် ကတောင်းဆိုလေ့မရှိဘူး။ပြီးတော့ အနီရင့်ရဲ့ အကျင့်ကလည်း အလိုချင်ဆုံးဆိုတဲ့ အရာလောက်ကို သာဝယ်တတ်တဲ့ အကျင့်ရှိတာ။တွေ့သမျှ ၊ မြင်သမျှ ၊ အသစ်အဆန်း မှန်သမျှ နှစ်သက်တတ်သူမျိုး မဟုတ်ဘူးလေ။

    

"  ဘုတ် "


" အမေ့ "


      အနီရင့် ဟိုငေးဒီငေးနဲ့ တွေးချင်ရာတွေးပြီး လျှောက်လာရင်းနဲ့ ထောင့်ချိုးအကွေ့တစ်ခု ရောက်တော့ တစ်ဖက်ကထွက်လာတဲ့လူနဲ့ "ဘုတ် ခနဲ "မြည်အောင် တိုက်မိပါလေရော။တစ်ဖက်လူရဲ့လက်ထဲက အထုတ်တွေက ပြုတ်ကျလာတယ်။အထုတ်တွေ ပြုတ်ကျသွားတော့ တစ်ဖက်လူကလည်း ခပ်သွက်သွက်ပြန်ကောက်သလို အနီရင့်ကလည်း တောင်းပန်စကားဆိုရင်း ဝိုင်းကူ ကောက်ပေးလိုက်တယ်။


" တောင်း ... တောင်းပန်ပါတယ်နော် ...ဟင် "


    အနီရင့် တောင်းပန်စကားဆိုရင် တစ်ဖက်လူကို တွေ့လိုက်ရတော့ အံ့သြသွားမိပြီး နှုတ်ဆက်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ သူ့က ခေါင်းလေးကို မသိမသာ ယမ်းပြပြီး ခေါင်းငုံ့သွားတာမို့ အနီရင့် ကိုယ့်နှုတ်ခမ်းလေးကို ပြန်ကိုက်လိုက်ရတယ်။သူ့ပုံစံက ရှပ်အင်္ကျီအနက်ရောင်နဲ့ဘောင်းဘီအနက်ရောင်ကို ဝတ်ဆင်ထားပြီး အတော်လေးကြည့်ကောင်းနေတယ်။ပြီးတော့ ထုံးစံအတိုင်း အနက်ရောင် ဦးထုပ်လေးနဲ့ပေါ့။


" နီ ဘာတွေ လုပ်နေတာလဲ သွားမယ် "


    ကိုဘုန်းက သူ့အနားမှား ထိုင်ပြီး အထုတ်တွေကူကောက်ပေးတဲ့ အနီရင့်ကို ခေါ်ပြီး လက်ကို ဆွဲယူလိုက်တယ် ။ပြီးတော့ ငုတ်တုတ်ထိုင်ပြီး ကျသွားတဲ့ အထုတ်တွေကို ပြန်ကောက်နေတဲ့ လင်းရိပ်ကို မနှစ်မြို့ သလို တစ်ချက်ကြည့်လိုက်တယ်။


" မောင် ဘာဖြစ်တာလဲ ... မမက မောင် ပါလာတယ်ထင်ပြီး စကားတွေပြောနေတာ "


     အနီရင့်ကို ကိုဘုန်းက ဆွဲခေါ်နေတုန်းမှာ အသက်ငါးဆယ်ကျော် အန်တီကြီး တစ်ယောက် အနီရင့်တို့ နားကိုလျှောက်လာပြီး ပြောပြောဆိုဆိုနဲ့ လင်းရိပ် ရဲ့လက်ကို လှမ်းကိုင်လိုက်တယ်။ပြီးတော့ အနီရင့်ကို မျက်စောင်း တစ်ချက် ဒိုင်းခနဲ လှမ်းထိုးတယ်။      

လင်းရိပ်က ဖျတ်ခနဲ အနီရင့်ကို တစ်ချက်မော့ကြည့်လိုက်ပြီ အန်တီကြီးရဲ့ခါးကိုဖက်ပြီး ကျောခိုင်း ထွက်သွားတယ်။


*****************


အပိုင်း ( ၁၀ ) ဆက်ရန်


ဧကြည်ဖြူ


rate now: