book

Index 8

အပိုင်း (၈)

"ရင်ဘတ်ပေါ်က နှင်းဆီ "

***********************


"ကိုထက်က ချမ်းသာတယ် သဲရဲ့ ...မောင်က နှင်းကို ချစ်တာပဲရှိတာ ချမ်းသာဖို့နေနေသာသာ အိပိုင် တောင်ရှိတာမဟုတ်...မောင်နဲ့ လက်ထပ်ရင် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်သလိုပဲဖြစ်မှာလေ "


       နှင်းသီရိ အချစ်သူယေးချင်းကို ရင်ထဲရှိတာကို ပြောပြလိုက်တယ်။


"အဲ့ဒါတော့ ဟုတ်တယ် နှင်း ... အချစ်က အရေးမပါပါဘူးကွာ ... ကိုယ့်ဘ၀နောင်ရေး စိတ်ချရဖို့အဓိကပဲ ...သဲဆိုရင်လဲ ကိုထက်ကိုပဲ ရွေးမှာ..."


"နှင်းလဲ အဲ့လိုပဲ တွေးထားတယ် ... ကိုထက်က တရားဝင်လက်ထပ်ခွင့် တောင်းလာရင်တော့ မောင်နဲ့ လမ်းခွဲရမှာပေါ့  "


     နှင်းသီရိနဲ့ သဲသဲတို့ စကားပြောနေကြတုန်း နှင်းသီရိ ဖုန်းက ထမြည်လာတာမို့ နှင်းသီရိက ကောက်ကိုင်လိုက်တယ်။


"ဟယ်လို "


" နှင်း ..ဒီရက်ပိုင်းဆိုင်မှာ အလုပ်များနေတာလား ... ဖုန်းခေါ်လို့လဲ မရဘူး...မောင့် ဆီလဲ ဖုန်းမဆက်ပါလား ..."


" အရောင်းတွေတက်ပြီး အချိန်ပိုတွေပါ ဆင်းနေရလို့ ပါမောင် ... ဒီကြာထဲ မာကတ်တင်း ဆင်းရရင် အပြန်ပါ နောက်ကျနေလို့လေ ... မတွေ့ရပေမဲ့ အချိန်ပြည့်မောင့််ကို သတိရနေတာပါ..."


      နှင်းသီရိက အသံချိုချိုလေးနဲ့ ချွဲချွဲပျစ်ပျစ်လေး ပြောလိုက်တယ်။


" မောင်လဲ သတိရ နေတာပါကွာ ...ဒီပိတ်ရက်တွေ့ကြမယ်လေ ... ဒါနဲ့ ဒီလ ရော အိမ်ကိုပေးဖို့ ငွေပြည့်ရဲ့လား နှင်း ..."


     လင်းရိပ်ရဲ့ အမေးကြောင့် နှင်းသီရိက နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်လိုက်ပြီး ပြန်ဖြေလိုက်တယ်။


" ပြည့်အောင် အသုံး စရိတ်လျှော့ရမှာပေါ့ မောင် ...ခုဆို လက်သည်းနီတွေ ကုန်နေတာတောင် ဝယ်ဖို့ စိတ်မကူးရဲသေးဘူး ...အစားအသောက်တန်းဘက်ဆို မရောက်ဖြစ်တာကြာပေါ့ ... ဒါပဲနော် မောင် ....ဆိုင်မှာ လူပါးမှ နှင်းပြန် ဆက်လိုက်မယ် ..."

  

     လင်းရိပ်နဲ့ ဖုန်းပြောနေရင်း ကိုတ်ဆီက ဖုန်းဝင်လာတာမို့ နှင်းသီရိ လင်းရိပ်ဖုန်းကို ချလိုက်တယ်။


" ဟယ်လို ...ကိုထက်  "


"နှင်းလေး ... ညနေ အလုပ်ဆင်းရင်း ကိုယ့်ကို စောင့်နေနော် ...ကိုယ်လာကြိုမယ် ....''


****************


       လင်းရိပ်မှာ ချစ်သူဆီမှ ဖုန်းချသွားတော့ ချစ်သူပြောတဲ့ စကားတွေကို ပြန်ကြားယောင်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်။ ဒီလထဲမှာ နှင်းအတွက်ရယ်လို့ လင်းရိပ် မယ်မယ်ရရ ဘာမှမလုပ်ပေးနိုင်ခဲ့တာကိုလည်း တွေးလိုက်မိ၏။ အျိန်ပြည့် အိမ့်အတွက်ပဲပူပင်ပြီး ချစ်သူကိုပင် ဂရုမစိုက်မိခဲ့။လင်းရိပ် သူ့မှာရှိတဲ့ငွေကို စိတ်မှန်းနဲ့ တွက်ကြည့်လိုက်တယ်။မိခင်ကြီး ခွဲစိတ်ဖို့အတွက် စုငွေရယ်၊အိမ်ကို ပေးဖို့စရိတ် ဖယ်လိုက်တော့ လင်းရိပ်အသုံးအတွက် အသုံးစရိတ် နည်းနည်းပါးပါး ကျန်တယ်။ မဖြစ်မနေ ဖိနပ်တစ်ရံနဲ့ အဝတ်တစ်စုံလောက်လည်း ဝယ်ရပေးလိမ့်မယ်။ညဘက် အလုပ်ရတဲ့အခါ လူပုံစံက မသားမနားဖြစ်နေရင် ဖောက်သည်တွေက သိပ်သဘောကျကြတာမဟုတ်ဘူး။ ဒါက သူတို့ အလွန်တော့လည်း မဟုတ်ဘူး ။ သူတို့လည်း ငွေရော ခန္ဓာကိုယ်ကိုပါရင်းပြီး စိတ်ဆန္ဒတွေကို ရဲဆေးတင်ပြီး ဖြည့်နေကြရတာမို့ အကောင်းဆုံးဆိုတာမျိုးကို လိုချင်လိမ့်မှာပင်။ဖောက်သည် 

တွေ အမျိုးမျိုးအထွေထွေရှိကြပေမဲ့ အားလုံးကတော့ အပေါ်ယံ အလှအပနဲ့ ဝတ်စားဆင်ယင်ပုံကို အရင်ဆုံး ကြည့်ကြမြပင် ။


       လင်းရိပ် အကောင့်ထဲက လက်ကျန်ငွေ တစ်ဝက်ကို ချစ်သူနှင်းရဲ့ အကောင့်ထဲကို လွှဲလိုက်တယ်။ သူ့ သုံးဖို့ အတွက်ကတော့ ဖောက်သည် တစ်ယောက်ထပ်ရှာရမှာပဲပေါ့ ။


********************


    ပလာဇာထဲမှာ အနီရင့် တစ်ယောက်တည်း ဟိုငေးဒီငေးနဲ့ လျှောက်လာခဲ့တယ်။ခုတလော အနီရင့် စာရေးဖို့လည်း စိတ်မပါ ဖြစ်နေသလို့ 'ဝယ်စရာလည်ရှိနေတာမို့ ဈေးဝယ်ထွက်လာခဲ့တာ။ကိုဘုန်းဆီဖုန်းဆက်တော့လည်း အလုပ်များ နေသတဲ့လေ။ဒီနေ့  စာအုပ်ဆိုင်လည်း သွားရမှာမို့ အနီရင့် တလက်စတည်း ထွက်လာခဲ့လိုက်တာ။


    အနီရင့် ရှပ်အင်္ကျဆိုင်မှာ ရွေးနေရင်း ခပ်လှမ်းလှမ်းက အမျိုးသမီးဝတ် အင်္ကျီဆိုင်မှာ အဝတ်အစားရွေးနေတဲ့ စုံတွဲကို ကြည့်ပြီး ရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားတယ်။နှစ်ယောက်လုံးရဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ပုံကို ကြည့်ရတာ ကြည့်လိုက်တာနဲ့ ချစ်သူစုံတွဲတွေမှန်း သိသာလှတယ်။အနီရင့်ကတော့ သူတို့နှစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ကြည့်နေမိတယ်။ပြီးတော့ အနီရင့်ရဲ့ ခြေထောက်တွေက သူတို့ရှိအကို အလိုလို လျှောက်လှမ်းသွားမိတယ်။


"ကိုဘုန်း ... မကေဇင် "


     အနီရင့်ခေါ်လိုက်တော့ နှစ်ယောက်လုံး အထိတ်တလန့်နဲ့ အနီရင့်ကို လှမ်းကြည့်လာကြတယ်။ကိုဘုန်းမျက်နှာက ကွက်ခနဲပျက်ယွင်းသွားသလို မကေဇင်လည်း မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ ခဏကြာမှ ကိုဘုန်းက ဟန်မပျက်အောင် ထိန်းပြီး အနီရင့်ကို လှမ်းနှုတ်ဆက်တယ်။


" နီ  ဈေးဝယ်လာတာလား ..."


"ဟုတ်ကဲ့ " အနီရင့် ယောင်ယောင်မှားမှားနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီး မကေဇင်ကို ကြည့်နေမိတယ်။မကေဇင် မျက်နှာက ခပ်တင်းတင်းပဲ ။အနီရင့်ကို တစ်ချက် မော့ကြည့်ပြီး ခပ်ဆတ်ဆတ် အသနဲ့ လှမ်းပြောတယ်။


" ကိုဘုန်း ကားနဲ့ လမ်းကြုံလိုက်လာတာ "


" ဟုတ်ကဲ့ မကေဇင် ... တွေ့လို့ လာနှုတ်ဆက်တာပါ ...ကိုဘုန်းက အနီရင့် ဖုန်းဆက်တော့ အလုပ်မအားဘူးဆို ...ဘာလဲ မကေဇင်နဲ့ စျေးဝယ်ထွက်ရမှာမို့ မအားတာလား ...ဈေးဆက် ဝယ်ကြပါ ...အနီရင့် မနှောက်ယှက်ပါဘူး သွားတော့မယ်နော် "


    ပြောပြီးတာနဲ့ အနီရင့် ချာခနဲ ကျောခိုင်းထွက်ခဲ့လိုက်တယ်။ တစ်ယောက်ကချစ်ရသူ။ တစ်ယောက်က အစ်မတစ်ဝမ်းကွဲ။အနီရင့် စိတ်ထဲ ဒေါသထွက်လွန်းတာမို့ အသားတွေပါ တဆတ်ဆတ် တုန်လာမိတယ်။


" နီ  ခဏနေအုံး ... "


" ဘာလဲ ... ဘာလုပ်ဖို့ နေရမှာလဲ..."


     မြတ်ဘုန်းက အနီရင့်နောက်ကို အပြေးတစ်ပိုင်းလိုက်လာရင်း အနီရင့်လက်ကို လှမ်းဆွဲပြီး ခေါ်လိုက်တယ်။ အနီရင့် ကလဲ စိတ်တိုနေတုန်းမို့ လက်ကိုဆတ်ခနဲ ဆောင့် ရုန်းလိုက်ပြီး အသံခပ်မာမာနဲ့ ပြန်ပြောလိုက်တယ်။ အနီရင့်ရဲ့ ပုံစံကိုကြည့်ပြီး မြတ်ဘုန်းလည်း ရုတ်တရက်တော့ အံ့သြကြောင် အသွားတယ်။


" နီ မင်းဘာဖြစ်နေတာလဲ "


" ဘာလဲ ..ဘာမှမဖြစ်ဘူး"


 "ဘာမှ မဖြစ်ရင် မင်းရဲ့အစ်မကို ဘယ်လိုပြောသွားတာလဲ ... အသက်လဲ မငယ်တော့ဘူး ခုထိ ကလေးဆန်တုန်းလား "


     မြတ်ဘုန်းစကားကြောင့် အနီရင့် မြတ်ဘုန်းကို စိတ်တိုတိုနဲ့ မော့ကြည့်လိုက်မိတယ်။ 


"ကလေး ဆန်တယ် ဟုတ်လား ... ဘယ်သူက ကလေးဆန်တာလဲ ...ကိုဘုန်းတို့သာ လူကြီး ဆန်ဆန် ပြုမူနေထိုင်သင့်ကြတာသိရဲ့လား "


 " နီ မင်းစကားပြောပုံတွေ မဟုတ်သေးဘူး ...ကိုယ်စိတ်တိုလာပီ ... အေးပါ ...ကိုယ်မင်းနဲ့ စကားမများချင်ဘူး... မင်းဆီကို ညမှ ကိုလာခဲ့မယ် ... ခု ကေဇင့်ကိုလိုက် ပို့လိုက်အုံးမယ် ..."


    ပြောပြီးတာနဲ့ ပြန်လှည့်ထွက်သွားတဲ့ ကိုဘုန်းကို ကြည့်ပြီး  အနီရင့် ရင်ထဲစူးခနဲဖြစ်သွားပြီးအောင့််တက်လာတယ်။ကိုဘုန်းလုပ်သွားပုံက မယုံကြည်နိုင်လောက်အောင်ပါ ပင် ။ကျောခိုင်းထွက်သွားပြီး အနီရင့်ကို တစ်ချက်လေးတောင် လှည့်ကြည့်မသွားခဲ့။အနီရင့် အံကိုတင်းတင်းကြိတ်ပြီး ကျောခိုင်းထွက်ခဲ့လိုက်တယ်။


********************

     ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ် ဖျတ်ခနဲ အခြားဘက်ကို မျက်နှာလွှဲလိုက်တယ်။ခပ်စောစောက အနီရင့်တို့ အခြေအနေကို လင်းရိပ် အစအဆုံး မြင်လိုက်ရတာမို့  မသိချင်ယောင်ဆောင်လိုက်ရတာ။ အံကိုတင်းတင်းကြိတ်ထားပြီး ငိုတော့မယောင် သူမကို ကြည့်ပြီး လင်းရိပ် သနားသွားမိတယ်။ဟိုဘက်က လူကလဲ ထွက်သွားလိုက်တာ လှည့်တောင်ကြည့်မသွားဘူး။ လင်းရိပ်က သူမဘ၀ကို ပြည့်စုံသူတစ်ယောက်လို့ ထင်ခဲ့မိတာလေ။ ခုလိုမြင်လိုက်ရတော့ သူမအတွက် လင်းရိပ် အတော်လေး စိတ်မကောင်းဖြစ်သွားမိတယ်။


****************


      လင်းရိပ် ဆိုင်ထဲမှာ ပစ္စည်းသစ်တွေ နေရာချနေတုန်း ဖုန်းသံ မြည်လာတာမို့ ဖုန်းကို ယူကြည့်လိုက်တော့ အိမ်က ဆက်တဲ့ ဖုန်းဖြစ်နေတာမို့ ထုတ်ကိုင်လိုက်တယ်။


" ဟယ်လို့ ....အလတ်မ ပြောလေ...အမေသက်သာရဲ့လား  "

   လင်းရိပ်မေးလိုက်တော့ တစ်ဖက်က ညီမဖြစ်သူရဲ့ အသံက တိတ်သွားတာမို့ လင်းရိပ်ရင်ထဲ ထိတ်ခနဲခုန်လှုပ်သွားမိတယ်။ 


" အမေ့ကို ဆေးရုံတင်လိုက်ရတယ် အစ်ကို ... အလုပ်က ခွင့်ယူလို့ရရင် အစ်ကို ပြန်လာခဲ့ပါနော် ... ခုတလော အမေ အရမ်း မော မောနေတယ် .. ရန်ကုန် ဆေးရုံပြောင်းရမယ်လို့ပြောတယ် အစ်ကို .. ဘယ်လိုလုပ်ကြမ်မလဲဟင် ..."


   လင်းရိပ် ဖုန်းကို ကိုင်ပြီး ဒူတွေ ညွှတ်ခနဲ ခွေကျ ချင်သလို ဖြစ်သွားမိတယ် ။


###############


အပိုင်း (၉) ဆက်ရန်


ဧကြည်ဖြူ


rate now: