book

Index 7

အပိုင်း ( ၇ )

"ရင်ဘတ်ပေါ်ကနှင်းဆီ "


*******************


"ဟယ်လို "


    အနီရင့် ဖုန်းကို ကိုင်ပြီး ခပ်ဆတ်ဆတ် အသံနဲ့ ထူးလိုက်မိတယ်။


"နီ မင်းဖုန်းဆက်တာလား... ကိုယ်က သူငယ်ချင်းတွေနဲ့ အပြင်ရောက်နေတာ...ခုန ကိုယ့်သူငယ်ချင်းဖုန်းကိုင်တာကို ချပစ်လိုက်တယ်ဆို  စိတ်တိုနေတာလား ..."


"မဟုတ်ပါဘူး "


"ဆောရီးပါကွာ ...ဒီည သူငယ်ချင်းတစ်ယောက်ရဲ့ ပွဲလေးရှိလို့ပါ...ပွဲက အပြန် နီ.ဆီဝင်ခဲ့မယ်လေ"


    ကိုဘုန်းရဲ့ စကားကြောင့် အနီရင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိတယ်။ ပွဲတဲ့ ။ ဘာပွဲလဲ အချစ်ပွဲလားလို့ စိတ်ထဲကပဲ မေးလိုက်မိတယ်။ရုံး ရိုးသားသားပွဲဆိုရင် အနီရင့်ကို ဘာလို့ မခေါ်နိုင်ရတာလဲ။ အဲ့ဒီလိုပွဲတွေကိုခေါ် ဖို့အတွက် အနီရင့်က အရေးမပါဘူးလား။


"ဟင့်အင်း ... မလာပါနဲ့ ...သတိရလို့ဆက်ကြည့်လိုက်တာပါ...ဒီညဝတ္ထုကို အဆုံးသတ်ရေးရမှာမို့  နောက်ရက်မှ လာခဲ့လို့ရပါတယ်"


"ဒါဆို ...အိုကေလေ

... မနက်မှ စောစော လာခဲ့မယ် ...''


     အနီရင့်လက်ထဲကဖုန်းကို ချလိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ တုန်တုန်ရီရီပုံစံနဲ့ အနီရင့်ကို ကြည့်နေတဲ့ သူ့ကို မြင်တော့ အနီရင့် အတော်လေးစိတ်မကောင်းဖြစ်သွားမိတယ်။သူမထိုင်ရာက ဖျတ်ခနဲ ထလိုက်ပြီး မီဖိုးခန်းဘက်ကို ဝင်ခဲ့လိုက်တယ်။ပြီးတော့ ပန်းကန်လုံးတစ်လုံးကိုယူပြီ ရေခဲသေတ္တာထဲက ရေခဲတုံးလေးတွေကို ယူထည့်လိုက်ပြီး အိမ်ရှေ့ကို ပြန်ထွက်ခဲ့လိုက်တယ်။မျက်နှာသုတ်ပဝါ တစ်ထည်ကိုပါယူပြီး သူ့အနားကို လျှောက်သွားလိုက်တယ်။


"ဒီမှာ ...ရှင့်မျက်နှာကို ရေခဲနည်းနည်းကပ်လိုက်ပါလား..."


   လင်းရိပ် သူမကို မော့ကြည့်လိုက်မိတယ်။သူမပုံစံက အရင်တစ်ခေါက်ကနဲ့ ခြားနားလှစွာ မျက်နှာက နုညံ့ညင်သာနေတယ်။ ဒါပေမဲ့ သူမရဲ့မျက်နှာပေါ်က ဝမ်းနည်းကြေကွဲရိပ်တွေကို မြင်နေရတယ်။


"ရှင် အဆင်ပြေရဲ့လား...ကျွန်မကူညီပေးရမလား "

        အနီရင့် ပြောပြောဆိုဆိုနဲ့ ခုံမှာဝင်ထိုင်လိုက်တယ်။ပြီးတော့ ရေခဲတုံးလေးတွေထည့်ထုပ်ထားတဲ့ ရေခဲဝတ်ကို ယူလိုက်ပြီး လင်းရိပ်မျက်နှာပေါ်က ဒဏ်ရာတွေကို ရေခဲအုပ်ပေးလိုက်တယ်။


"ရှင့် နာမည် ဘယ်လိုခေါ်လဲ...ကျွန်မနာမည်က အနီရင့်ပါ...ရှင်နဲ့ ကျွန်မ မိတ်ဆွေဖွဲ့ကြမလား "


      သူမရဲ့ စကားကြောင့် လင်းရိပ်သူမမျက်နှာကို ကြည့်လိုက်မိတယ်။အနီးကပ် မြင်နေရတဲ့သူမရဲ့ မျက်လုံးတွေထဲမှာ ရှိသားတဲ့အရိပ်အယောင် တွေကို လင်းရိမမြင်လိုက်ရတယ်။ ဒါက လင်းရိပ် ဘဝမှာ ရှားရှားပါးပါး ကြုံတွေ့ရတာပဲ။ လင်းရိပ်အကြောင်းကိုသိတဲ့သူတွေ မှန်သမျှ လင်းရိပ် သူတို့ အိပ်ခန်းထဲက ထွက်သွားပြီဆိုတာနဲ့ လင်းရိပ်ကို ရှောင်ဖယ်သွားကြတာချည်းပင်။သူမကတော့ ထူးထူးဆန်းဆန်းတွေကို လုပ်တတ်ပြောတတ်သောသူမျိုး ဖြစ်လေမလား။


"ကျွန်တော့် နာမည် လင်းရိပ် .... ကျွန်တော်နဲ့တော့ မခင်ချင်ပါနဲ့ ...ကျွန်တော်က ကောင်းတဲ့ကောင်မှ မဟုတ်တာ ..."


      လင်းရိပ် သူမရဲ့ မျက်နှာကနေ အကြည့်ကို လွှဲပြီး ပြောလိုက်တယ်။


" လူကောင်းယောင်ဆောင်ပြီး နောက်ကွယ်မှာ ယုတ်မာနေတဲ့သူတွေထက် ရှင်က အဆပေါင်းများစွာ သာပါတယ်..ကျွန်မတို့ တယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းကြရင်းရိုးရိုးသားသား မိတ်ဆွေဖွဲ့ကြတာပေါ့..."


      သူမရဲ့ စကားကြောင့် လင်းရိပ်ပြုံးလိုက်မိတယ်။မိသားစုနဲ့ ချစ်သူက လွဲလို့ မိန်းမတွေကို ငွေတွင်းလို့ပဲ မြင်မိတဲ့ သူလိုလူကို မိတ်ဆွေ ဖွဲ့ချင်နေတဲ့ သူမကို သူတကယ် ခင်မင်နိုင်ရဲ့လား လင်းရိပ်တွေးကြည့်လိုက်မိတယ်။


"ကျွန်တော် ပြန်တော့မယ် ..."

  

    လင်းရိပ် ကျောပိုးအိတ်လေးကိုလွယ်ပြီးပြန်ဖို့ ပြင်လိုက်တော့ အနီရင့် လင်းရိပ်ရဲ့ မျက်နှာကို ငေးကြည့်တယ်။ပြီးတော့ ခပ်တိုးတိုး မေးလိုက်တယ်တယ်။


"ကျွန်မ ဒီည ရှင်နဲ့ ဒိတ်ချင်လို့ မရဘူးလား "


"ဗျား "


     လင်းရိပ် အလန့်တကြားနဲ့ အနီရင့်ကိုကြည့်လိုက်မိတယ်။ လင်းရိပ်ရဲ့ အကြည့်ကြောင့် အနီရင့်ရှက်ရွံ့သွားမိပြီး လင်းရိပ်ကို ခပ်ဆတ်ဆတ် လေးပြန် အော်လိုက်မိတယ်။


" ကျွန်မက ရိုးရိုးသားသား စကားပြောရအောင်ပြောတာ ...ဒီနေ့ ကျွန်မမှာ စိတ်ညစ်စရာရှိနေလို့ "


     လင်းရိပ် လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်ပြီး ဆိုဖာမှာ ပြန်ထိုင်လိုက်မိတယ်။ သူ့ကို ကယ်ထုတ်လာပေးတဲ့သူမကို အကြွေး ပြန်ဆပ်တဲ့အနေနဲ့ ဒီနေ့ည အဖော်ပြု ပေးဖို့လင်းရိပ်ဆုံးဖြတ်လိုက်တယ်။


" ရှင် ဘာစားပြီးပြီးလဲ ... အိမ်မှာ ထမင်း တော့မရှိဘူး .... အသင့်စားမုန်တွေတော့ ရှိတယ် ရှင်ဗိုက်ဆာရင် စားလို့ရတယ်နော် "


******************


    သူမစကားဆုံးသွားတော့ လင်းရိပ် သူမမျက်နှာကိုငေးကြည့်နေမိတယ်။ဒီမိန်းခလေး မိဘတွေနဲ့ စောစောစီးစီးခွဲ ခွါပြီး သတ္တိတွေ အပြည့်ရှိနေတာကို စိတ်ထဲကနေ အံ့သြချီးကျူးလိုက်မိတယ်။


" မင်းဘာလို့ မင်းအဖေဆီလိုက် မသွားတာလဲ "


    လင်းရိပ်မေးလိုက်တော့ သူမဖျတ်ခနဲ မော့ကြည့်လာတယ်။ သူမရဲ့ မျက်၀န်းမှာ မျက်ရည်စအချို့ကို လင်းရိပ်တွေ့လိုက်ရတယ်။


" အဖေ့ရဲ့ နောက်မိန်းမက နိုင်ငံခြားသူလေ...ကျွန်မက အဖေဆီလိုက်သွားပြီး ဘာလုပ်ရမလဲ .. ပြီးတော့ ထမင်းစားတာက အစ သူများမျက်နှာကိုကြည့်ပြီးစားရတဲ့ ဘ၀မျိုးကို မနေချင်တော့ဘူး...အဲ့ဒါကြောင့် ဘွဲ့ရပြီးတာနဲ့ ကျွန်မအဖေဆီက ရတဲ့ငွေနဲ့ စာအုပ်ဆိုလေးဖွင့်ခဲ့တယ်။ပြီးတော့ ဆိုင်ကို အရောင်းစာရေးမလေးတွေ ဆီးအပ်ထားလိုက်ပြီး ကျွန်မကတော့ စာပဲရေးတယ်...တစ်ယောက်တည်း နေရတဲ့ ကျွန်မအတွက် စာအုပ်တွေက အဖော်ပဲ ... ကျွန်မ ဖြစ်ချင်တဲ့ဘ၀တွေ ...ပြီးတော့ မြင်နေရတဲ့ ဘတ်တွကို စာလုံးတွေနဲ့ ပုံဖော်တယ်...ဒါကို ကျွန်မချစ်သူက သဘောမကျဘူးလေ...


    သူမက ပြောရင်း သက်ပြင်းချိလိုက်တယ်။ပြီးတော့ လင်းရိပ်ကို ဆက်မေးတယ်။


"ရှင့်မှာ ရော ချစ်သူရှိလား "


   လင်းရိပ် ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြလိုက်တယ်။


"ဒါနဲ့ ရှင့် အသက်ကရော ကျွန်မက နောက်သုံးလဆို နှစ်ဆယ့်ခွန် ပြည့်ပြီလေ ..."


" ကျွန်တော်က နောက်လ ပြည့်မှာ "


" ဟုတ်လား ....ဒါဆို ကျွန်မတို့ အသက်တူတူပဲပေါ့  ..."


******************


    လင်းရိပ် အိပ်ရာကလန့်နိုးနိုးခြင်းနာရီကိုကြည့်လိုက်တော့ မနက်လေးနာရီကျော်နေပြီ။ လင်းရိပ် ကမန်းကတန်းထလိုက်ပြီး ပြန်ဖို့ ပြင်တယ်။သူမကို ထိုင်နေကျ စာရေးစာပွဲခုံမှာ မတွေ့ ရဘူး။ ဒီညတော့ သူမလည်း အိပ်သွားပုံရတယ်။ ညက သူမနဲ့ လင်းရိပ် စကားတွေပြောဖြစ်ကြတယ်။ သူမဘ၀အကြောင်း တစ်စွန်းတစ် စရယ် ၊ စာအုပ်တွေ ၊ ရုပ်ရှင်ဇာတ်ကား အကြောင်းတွေကိုပဲ ပြောဖြစ်ကြတာ။ သူမက အရင်တစ်ခါလို  လင်းရိပ် အကြောင်းကို ဇွတ်မမေးတဲ့ လင်းရိပ် စိတ်ထဲကနေ ကျေးဇူးတင်လိုက်မိတယ်။ပြီးတော့ လင်းရိပ်ကို ပိုက်ဆံတစ်ထပ်ထုတ်ပေးသေးတယ်။ လင်းရိပ်ငြင်းလိုက်မိတယ်။အမေ့အတွက် ဆေးဝယ်ဖို့ ငွေလိုတာမှန်ပေမဲ့ ဒီနေ့မှာ သူမက လင်းရိပ်ရံ့ကျေးဇူးရှင် တစ်ယောက်မဟုတ်လား။

   လင်းရိပ် ခြေသံကို ခပ်ဖွဖွနင်းပြီး တိုက်ခန်းတံခါးကို ဖွင့်လိုက်တယ်။ သူနဲ့ ဒိတ်တဲ့သူမှန်သမျှ ဟော်တယ်၊တည်းခိုခန်းကို မချိန်းဘဲ အိမ်ကို ချိန်းတဲ့သူဆိုရင် လင်းရိပ် ရေထသောက်တာက အစ ပြန်တဲ့ အချိန်အထိ မယုံသင်္ကာ အကြည့်တွေ နဲ့ အမြဲစောင့်ကြည့်နေခဲ့ကြတာ။ သူမကို ကြည့်ရတာတော့ တကယ့်ကို အပူအပင်ကင်းကင်းပါပင် ။


********************


    ဒေါ် ကေသီ တစ်ယောက် မနက်လင်းခါနီးမှ ပြန်လာတဲ့ သားတော်မောင်ကို ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်မိတယ်။မိုးမလင်းခင်ပြန်လာတာဆိုတော့ အနီရင့်ရဲ့တိုက်ခန်းမှာ သွားအိပ်တာမဟုတ်မှန်း ဒေါ်ကေသီသိလိုက်တယ်။ အနီရင့်ရဲ့ တိုက်ခန်းမှာ သွားအိပ်တဲ့နေ့ဆိုရင် မနက်စာမုန့်တွေ ဘာတွေစားပြီးမှ ပြန်လာတတ်တာလေ။ဒေါ်ကေသီ သက်ပြင်းချလိုက်မိပြီး မီးဖိုခန်းဘက်ကို ဝင်ခဲ့လိုက်တယ်။


******************


    မြတ်ဘုန်းအိမ်ရောက်တာနဲ့ ရေမိုးချိုးအ၀တ်အစားလဲပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်။

   အောက်ထပ် ရောက်တော့ မိခင်ကြီးက ကော်ဖီနဲ့မုန့်ပြင်ထားတာကို တွေ့လိုက်ရတယ်။


"သား မုန့်စားပြီး ပြန်အိပ်မှာလား....အပြင်သွားတော့မှာလား "


     မိခင်ဖြစ်သူ ဒေါ်ကေသီက မေးလိုက်တော့ မြတ်ဘုန်းခေါင်းကို ငြိမ့်ပြလိုက် ငြီး


"မအိပ်တော့ဘူး အမေ...ဒီနေ့ဆိုင်မှာ ပစ္စည်း အသစ်တွေရောက်မှာမို့ ... စာရင်း ခဏလုပ်ပြီးတာနဲ့ ဆိုင်ကို သွားတော့မှာ "


" သား အမေ မင်းကို ပြောစရာရှိတယ် ... မနက်စောစောစီးစီး မပြောချင်ပေမဲ့ ညနေပိုင်းဆို မင်းအဖေက လစ်တာမဟုတ်ဘူးလေ "


" ဟုတ်ကဲ့ အမေ ပြောလေ..."


" သားနဲ့ အနီရင့်ကိစ္စကို ဘယ်လိုစီစဉ်ထားလဲ ... သား အနီရင့်ကို လက်ထပ်မှာလား ...ဒါမှမဟုတ် အမေတို့ သဘောကျပေးစားတဲ့သူကို ယူမှာလား "


"အမေကလဲ ရှေးဆန်လိုက်တာ " မြတ်ဘုန်း မိခင်ဖြစ်သူကို ပြောရင်း ကေဇင်ကျော်ရဲ့ ပုံစံကို မျက်စိထဲမြင်ယောင်လိုက်မိတယ်။ချစ်သူအနီရင့်နဲ့ ကေဇင်ကျော်တို့က ညီမတစ်ဝမ်းကွဲ ဆိုပေမဲ့ ခန္ဓာကိုယ်အနေအထားနဲ့ ဝတ်ပုံစားပုံက အစကွာခြားကြတယ်။ အနီရင့်ကသေးသေးလုံးလုံး မျက်နှာဝိုင်းလေးနဲ့ မလိုက်ဖက်အောင် အမြဲလိုလို ရှပ်အင်္ကျီ တဖားဖားနဲ့နေတတ်ပေမဲ့ ကေဇင်ကျော်ကတော့ လုံးကြီးပေါက်လှအနေအထားမျိုးလို့ ဆိုရလေမလား။အသက်အရွယ်ရလာလေလေ မြန်မာဆန်ဆန်ဝတ်စုံတွေနဲ့ ကြည့်ကောင်းလာတာကတော့ အမှန်ပင်။ဟိုအရင်တုန်းက မြတ်ဘုန်း ကေဇင်ကျော်ကို လုံးဝစိတ်မ၀င်စားမိတာတော့ အမှန်။အခုနှစ်ပိုင်းမှ မိခင်ဖြစ်သူပြောလွန်းလို့သတိထားမိလာခြင်းပင်။ဒါပေမဲ့ ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ ချစ်သူကို စွန့်လွှတ်ပြီး ချစ်သူရဲ့ အစ်မတစ်ဝမ်းကွဲကို လက်ထပ်ဖို့အထိ တော့ မြတ်ဘုန်းမတွေးမိသေး။ဘ၀ကို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့ပဲ ဖြတ်သန်းချင်သေးတယ်။ မြတ်ဘုန်း ထမင်းစားနေတုန်း ဖုန်းဝင်လာတာမို့ ဖုန်းကို ကောက်ယူလိုက်ပြီး ထမင်းစားခန်းအပြင်ဘက်ကို ထွက်ခဲ့လိုက်တယ်။


" ဟယ်လို  နိုးနေပြီလား ... ကိုယ်လည်းခုပဲ ဖုန်းဆက်မလို့လေ ... နီ အိပ်နေမှာစိုးလို့ မဆက်တာ ...ကိုယ် ညနေမှ လာခဲ့တော့မယ်နော်...ဒီနေ့ဆိုင်ကို ပစ္စည်းအသစ်တွေ ရောက်မှာမလို့ လေ "


    မြတ်ဘုန်းပြောလိုက်တော့ တစ်ဖက်က အနီရင့်ရဲ့အသံလေး တိတ်ဆိတ်သွားတာကို မြတ်ဘုန်း သတိထားလိုက်မိတယ်။ ဒါပေမဲ့လည်း မြတ်ဘုန်းမသိဟန်ဆောင်ပြီး ဖုန်းကိုချပစ်လိုက်တယ်။ နောက်မှ ချော့လိုက်ရင်လည်းရင်လည်း ရတာမို့ မြတ်ဘုန်း အထူးအထွေလုပ်မနေတော့။ တွဲလာတဲ့နှစ်သက်တမ်း ကြာလာပြီမို့ ချစ်သူရဲ့ အကျင့် စရိုက်အားလုံးကို မြတ်ဘုန်း သိနေပြီးသားပင်။အနီရင့်က စိတ်တိုစိတ်ကောက်လည်း ခဏတာပင်။ ပြီးရင် မုန့်လေးဘာလေးလိုက်ကျွေးပြီး ချော့လိုက်တ နဲ့ စိတ်ဆိုးပြေလွယ်သူမျိုးပင်။


************************

    ဖုန်းကို ခုံပေါ်ကို ပြန်တင်လိုက်ရင်း အနိုရင့် အံလေးကိုကြိတ်ထားမိတယ်။ကိုဘုန်းရဲ့စကားတွေ ကတိတွေ မတည်တော့မှန်း သိသိနဲ့ မျှော်နေခဲ့မိတာကိုကအနီရင့်ရဲ့အမှားပေပဲလား။ အခု အဖြစ်ကိုပဲ ကြည့်လေ။မလာဖြစ်ဘူးဆိုလဲ ဖုန်းမဆက်။ပြီးတော့ ညကပြသနာကိုလည်း ဖြေရှင်းရမှန်းမသိ။

    အနီရင့်ပါးပြင်းပေါ် စီးကျလာတဲ့မျက်ရည်ပူတွေကို လက်ခုံနဲ့ သုက်ဖယ်လိုက်ပြီး ကြက်ဥပြုတ်အိုးကိုမီးပိတ်လိုက်တယ်။ကြက်ဥပြုတ်တွေကို ဆယ်ယူလိုက်ပြီး ကျန်တဲ့ ရေနွေးတွေကို ဘေစင်မှာ သွန်ပစ်ဖို့အတွက် ရေပိုက်ခေါင်းကို ဖွင့်ချလိုက်တယ်။ရေပိုက်ခေါင်းက ရေတွေ တဝေါဝေါကျလာတယ်။အနီရင့် လက်ထဲကိုင်ထားတဲ့ ကြက်ဥပြုတ်ထားတဲ့ အိုးကို ဘေစင်ပေါ်စောင်းချလိုက်တယ်။ ရေနွေးပူအချို့က ရေအေးတွေနဲ့အပြိုင်စီးကျသွားတယ်။ အနီရင့်မှာတော့ မမြင်ရ မြင်ရတဲ့ သတ္တဝါလေးတွေထိခိုက်မှာစိုးလို့ ရေနွေးပူလို ပူတဲ့အရာမှန်သမျှကို ဘယ်တော့မှ ပစ်စလက်ခတ်ပစ်လေ့ရှိတဲ့ လူမျိုး မဟုတ်ဘူး ။ ဒါပေမဲ့ အနီရင့်ချစ်ခင်ရတဲ့သူတွေကတော့ ဖခင်ဖြစ်သူအပါအဝင် အားလုံးက အနီရင့် ရင်ထဲကို ရေနွေးပူ အခါခါလောင်းကြတဲ့သူတွေချည်းပါဘဲ။


************************


 "ရေပိုက်ခေါင်းက ဈေးအစားစားရှိပါတယ်ခင်ဗျာ....ဆယ်သိန်းကျော်ကနေ သုံးသောင်းခွဲအထိရှိပါတယ်.... လူကြီးမင်းတို့ စိတ်တိုင်းကျ ရွေးချယ်လို့ရပါတယ် ..."


  


      လင်းရိပ် ၀ယ်သူကို ရှင်းပြနေရပေမဲ့ စိတ်က ငွေအတွက်ပဲပူပင်နေမိတယ်။ဝယ်သူရှင်းတာနဲ့ မန်နေဂျာဆီက ကြိုငွေထုတ်ပေးဖို့ ပြောရန် သတ္တိမွေးနေမိတယ်။ ဒါပေမဲ့ ရဖို့မသေချာတာ လင်းရိပ်စိတ်က သိနေတယ်။ မန်နေဂျာက ရတယ် ထားအုံး သူဌေးက ခွင့်ပြုပေးအုံးမှလေ။ မဖြစ်မနေ ဆိုရင်တော့ မိခင်ကြီး ခွဲစိတ်ဖို့ စုထားတဲ့ စုငွေကိုပဲဖောက်ရတော့မယ့်အနေအထားပင်။ဒါပေမဲ့ ဒီငွေကိုတော့လင်းရိပ် မထိချင် ။မိခင်ကြီးခွဲစိတ်မူကို အချိန်အရမ်းကြာသွားမှာ စိုးကြောက်မိ၏။အခုမှ အသက်ငါးဆယ် စွန်းစ မိခင်ကို မဆုံးရှုံးချင်သလို လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တာက လင်းရိပ်ရဲ့အကြီးမားဆုံးဆန္ဒပင်။


      လင်းရိပ် ဘိုထိုင်အိမ် အိမ်သာအိုးတွေပြသထားသော နေရာတွင် ရပ်ပြီး ကျောပိုးအိတ်ထဲမှ လျှို့ဝှက် ဖုန်းလေးကို ထုတ်ယူလိုက်တယ်။ ညာအဖြစ်အပျက်ကြောင့် လင်းရိပ်ထိတ်ထိတ်လန့် တုန်လှုပ်နေတုန်း ဖြစ်ပေမဲ့ မဖြစ်မနေ ညအတွက် ဖောက်သည်ရှာဖို့ တွေးလိုက်တယ်။ လင်းရိပ် ကျောပိုးအိတ်ထဲကိုလက်နှိုက်ရင်း အတွင်းဘက်ထဲမှာ အထုပ်တစ်ထုပ်ကို စမ်းလိုက် မိတာမို့ ထုတ်ယူကြည့်လိုက်တယ်။ သူ့ကျောပိုးအိတ်ထဲမှာ စာအုပ်တွေကလွဲလို့ သူ့ဘာမှ မထည့်ခဲ့။လင်းရိပ် အထုပ်ကို နှိုက်ယူထုတ်ပြီး ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ အရာကြောင့် ရင်တွေပင် ကဒိန်းဒိန်းဆောင့်ခုန်သွားတယ်။ငွေစက္ကူ တစ်ထပ်။ငွေစက္ကူထပ်ပေါ်မှာ စာရွက်ခေါက်လေးတစ်ရွက်အုပ်လို့။လင်းရိပ် စာရွက်ကို ဖြန့်ကြည့်လိုက်တယ်။


" ရှင် အသုံးလိုမှာစိုးလို့ ငွေထည့်ပေးလိုက်တယ်၊ ချေးတယ်လို့သဘောထားပါ။ ရှင် အဆင်ပြေတဲ့အချိန်မှ ပြန်ဆပ်ပါ......အနီရင့် '


      စာဆုံးတော့ လင်းရိပ် ရင်ထဲ ဝမ်းသာလွန်း၍ တလှိုက်လှိုက်ဖြစ်လာမိတယ်။သူမက လင်းရိပ်ကို ထပ်မံပြီး ကယ်တင်လိုက်ပြန်ပါပြီ။


**********************

        ခပ်ပြင်းပြင်း ရေမွှေးနံ့၊ မိတ်ကပ်နဲ့နဲ့နဲ့ သူ့စိတ်ထင် မသတီစရာ အနံ့တွေထွက်ချင်နေတဲ့ အခန်းကျဉ်းလေးထဲကနေထွက်ဖို့ လင်းရိပ်ပြင်ဆင်လိုက်တယ်။ မမခေါ် အန်တီမမကြီးက ပိုက်ဆံတစ်ထပ်ကို ဘုတ်ခနဲ အိပ်ရာပေါ်ပစ်ချပေးတယ်။ လင်းရိပ် ငွေထုပ်ကို ကောက်ယူလိုက်တယ်။ပြီးတော့ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဖြစ်အောင် ဆောင်းလိုက်ပြီး အန်တီမမကမ်းပေးတဲ့လက်ကို လှမ်းဆွဲလိုက်ရတယ်။ ဒါက ပွဲပြီးတဲ့အခါ တည်းခိုးခန်း၀အထိ ဝန်ဆောင်မှုလို့ပဲ ခေါ်ရမလား။ပိတ်ထားတဲ့ အခန်းတွေကို ကျော်ဖြတ်ပြီး လျှောက်လာခဲ့ ကြတယ်။


****************


   အပိုင်း (၈ )ဆက်ရန်


ဧကြည်ဖြူq


rate now: