ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
*****************
" နှင်းကို လိုင်းပေါ်မှာလဲ မတွေ့လို့ဖုန်းခေါ်လိုက်တာ...အလုပ်တွေ မပြီးသေးတာလား ... မောင် အရမ်းပင်ပန်းနေလို့ ဒီည စောစောအိပ်တော့မယ်လို့ ပြောမလို့ပါ "
" ဟော့တော့ မောင်က အိပ်တော့မလို့လား ...နှင်းက အမေခိုင်းထားတာတွေ လုပ်နေရလို့ မအားသေးလို့ပါ မောင်ရဲ့ ....နှင်းကို စိတ်တိုနေတာတော့ မဟုတ်ပါဘူးနော် မောင်..."
နှင်းသီရိက အသံကို ချွဲချွဲပျစ်ပျစ်နဲ့ ပြောလိုက်တယ်။
" ဟာ ..မဟုတ်ပါဘူး နှင်းရာ ... မောင်က နှင်းစိတ်ကောက်နေမှာပဲဆိုးတာ ...ဒါနဲ့ နှင်း နှုတ်ခမ်းနီ လိုချင် တယ်ဆို ...အဲဒါ မောင်ငွေလွှဲပေးထားတယ်နော် ..."
" ဟယ် ...တကယ်....အားနာလိုက်တာမောင်ရယ် .....အစက နှင်းစုထားတဲ့ ပိုက်ဆံနဲ့ ၀ယ်မလို့ပါ ....အမေက ငွေအသုံးလိုလို့ ဆိုပြီး နှင်းရဲ့စုငွေကိုပါ ယူသွားလို့ လေ... ကျေးဇူးပါနော် မောင်...အဲ့ဒါကြောင့် မောင့်ကို ချစ်နေရတာ သိလား "
နှင်းသီရိက ပျော်ရွှင်မြူးတူးစွာ လင်းရိပ်ကို ပြောလိုက်တယ်။ အမှန်တကယ်တော့ နှင်းသီရိရဲ့စုငွေကို မိခင်ဖြစ်သူက တောင်းယူသွားတာမဟုတ်ဘဲ နှင်းသီရိ အကြွေးနဲ့ ဝယ်ထားတဲ့ အထည်ဖိုး တွေပေးလိုက်ရတာပင်။ တစ်လတစ်လ တတ်နိုင်သလောက် ချွေတာသုံးပေမဲ့ လကုန်ရင် နှင်းသီရိမှာ လစာ မကျန်တာက များတယ်။ တစ်ခါတလေ အိမ်စရိတ်ပေးရမဲ့ ငွေတစ်သိန်းခွဲမပြည့်လို့ ချစ်သူ လင်းရိပ်ဆိက ချေးရတာလည်း အခါခါပင်။ဒီလိုအမြဲ ဖြစ်နေတဲ့နှင်းသီရိရဲ့ ဘ၀ဖြစ်တည်မှုကို နှင်းသီရိ သဘောမကျ ။နှင်းသီရိက ကောင်းကောင်းစားချင် ၊ ကောင်းကောင်းဝတ်ချင် ၊ ကောင်းကောင်း သုံးချင်တာ ။ ဒါပေမဲ့ နှင်းသီရိ ဘ၀က မတတ်နိုင်။ချစ်သူကို ကြည့်ပြန်တော့လည်း တစ်လတစ်လ တစ်သိန်းစ၊နစ်သိန်းစ ထက်ပိုပြီး ပေးနိုင်ပုံမရ ။ ဒါကြောင့်ပင် နှင်းသီရိ အနေနဲ့ ကိုထက်တို့လို ဘောစိ စပွန်ဆာတွေနဲ့ တွဲနေရတာပေါ့။သူတို့နဲ့ တွဲနေတဲ့ တောက်လျှောက်မှာ သူတို့ အတည်ဆို နှင်းသီရိ ဘက်ကလည်းအတည်။သူတို့ဘက်က အပျော်ဆို နှင်းသီရိ ကလည်း အပျော် ပေါ့။တွေ့ဆုံခဲ့ကြတဲ့သူတွေနဲ့ ခွဲခွါခြင်းမှာ ဝမ်းနည်းကြေကွဲခြင်း ဘာအနှောင်အဖွဲ့မှ မရှိတာ အသေအချာပင် ။နှင်းသီရိ အတွက် အချစ်ထက် ငွေကြေး ဂုဏ်က ပိုအရေးပါပေမဲ့ လင်းရိပ်လို သူနိုင်သမျှအင်အားလေးနဲ့ အလိုက်သိတဲ့ ချစ်သူကိုလည်းမစွန့်လွှတ်နိုင်ဘူး။တကယ်လို့များ ဘောစိတစ်ယောက်ယောက်က အတည်တကျ လက်ထပ်ခွင့် တောင်းလာရင်တော့လည်း မီးစင်ကြည့်ကဖို့ နှင်းသီရိ ဆုံးဖြတ်ထားပြီးသားပင်။ အချစ်က ဗိုက်ဝစေတာမှ မဟုတ်ဘဲလေ။
*******************
လင်းရိပ် ချစ်သူကို ဖုန်းဆက်ပြီးတာနဲ့ သူဋ္ဌေးမမချိန်းတဲ့ နေရာကို ထွက်လာခဲ့တယ်။
*******************
ခပ်မှိမှိန် မီးရောင် အောက်က စားပွဲအချို့မှာ လူတွေ ကိုယ့်အစု နဲ့ ကိုယ် သောက်စားနေကြတယ်။အတွင်း ခန်းမထဲက ခပ်မိုက်မိုက် ဒီဂျေကောင်လေးရဲ့ရှေ့မှာ ယောကျာ်း၊ မိန်းမအားလုံး တီးလုံးသံနဲ့အပြိုင် ပျော်ရွှင်မြူးတူးစွာကခုန်နေတယ်။ အားလုံး ပျော်လို့ရွှင်လို့ ။ဒီအုပ်စုတွေထဲမှာ မိဘပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ သူဋ္ဌေး သားသမီးတွေပါသလို၊ဘဝကို စိတ်အလိုမကျဖြစ်နေသူတွေ ၊ စပွန်ဆာရှာနေကြတဲ့ ကောလေးတွေ ၊ ကောင်မလေးတွေ၊
အရာရာ စူးစမ်းချင်သူတွေ၊ လူလိမ်လူညာတွေ၊ဘ၀ ဝမ်းရေးအတွက် အသွေးအသားကို ရောင်းစားနေရတဲ့သူတွေရယ် ပြီးတော့ အနီရင့်လို အချစ်ရူးရူးနေတဲ့ ခပ်ကြောင်ကြောင် မိန်းခလေးမျိုးတွေလည်း ပါနိုင်တယ်။
တခြားစားပွဲဝိုင်းတွေမှာ ဘီယာ၊ အရက်နဲ့ ဝိုင်အမျိုးမျိုးကို သောက်နေကြချိန်မှာ အနီရင့်က အချိုရည်ကို သောက်ရင်း မျက်လုံးကို အစွမ်းကုန် ပြူးပြီး ချစ်သူကို ရှာဖွေနေမိတယ်။ကိုဘုန်း ဒီဆိုင်ကို ကောင်မလေးတစ်ယောက်နဲ့အမြဲလိုလို လာတတ်တယ်ဆိုတဲ့ သတင်း အတိအကျ ရထားလို့ အနီရင့် လာစောင့်ဖမ်းခြင်းပင်။တကယ်လို့ ကို ဘုန်းနဲ့ မဆုံရရင်လည်း ဝတ္ထုအတွက် ကုန်ကြမ်းရတာမို့ အနီရင့် အရဲစွန့်ပြီး တစ်ယောက် တည်းထွက်လာခဲ့တာ။ဒီလိုအချိန်မျိုးတွေမှာ အနီရင့်ဘေးနားမှာ အပေါင်းအသင်း သူငယ်ချင်းတွေမရှိတာကို နောင်တရမိတာတော့အမှန်ပင်။တစ်ချိန်လုံး၊ ဘဝတစ်လျှောက်လုံး ကိုဘုန်း တစ်ယောက်တည်းကိုပဲ ကြည့်ပြီး နေထိုင်လာခဲ့မိတာကို ခုချိန်မှာ နောင်တရချင်နေမိသလိုလိုပင်။အချိန်တွေကြာလာတာနဲ့ အမျှ အနီရင့်ဘက်ကသာ ကိုဘုန်းအပေါ်မှာ ချစ်ခင်တွယ်တာတာတွေ ၊ ယုံကြည်အားကို တာတွေ ပိုလာခဲ့ပေမဲ့ ကိုဘုန်းကတော့ အနီရန်အပေါ် တဖြည်းဖြည်း အေးစက်စိမ်းကားလာခဲ့တာကို အနီရင့် သေချာသိနေတယ်။
အနက်ရောင်ဘောင်းဘီရှည်နဲ့ မီးခိုးရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ထားတဲ့ အနီရင့်ပုံစံက သေးသေးသွယ် ယောကျာ်းလေးတစ်ယောက်နဲ့ ပင်တူနေတာမို့ ကိုဘုန်းမြင်ရင်ပင် အနီရင့်ကို မှတ်မိလိမ့်မယ် မထင်မိဘူး။အနီရင့် အချိုရည်ကို သောက်နေရင်း အရက်သောက်နေကြတဲ့ မိန်းမတွေကို တအံ့တဩလိုက်ငေးနေမိတယ်။အနီရင့် အရင်က အရက်ရော၊ ဘီယာပါသောက်ဖူးတယ်။ ဒါပေမဲ့ ခါးသက်ပြီး မီးလိုပူတဲ့ အရသာကြောင့် အနီရင့်မှာ တစ်ငုံ ထက်ပို မသောက်နိုင်ခဲ့။ဒါတောင် အဲ့ဒီ တစ်ငုံသောက်ပြီး သုံးလေးရက်လောက် နှာခေါင်းနဲ့ လျှာမှာ အနံ့နဲ့ အရသာတွေစွဲနေလို့ အန်လို့မဆုံးဖြစ်ခဲ့သေးတာ။ အနီရင့် ငေးချင်ရာငေးပြီး တွေးချင်ရာတွေးနေမိရင်းက လက်ကနာရီကို ကြည့်လိုက်မိတယ်။အချိန်က ည ( ၁၀) နာရီထိုးတော့မယ် ။ကိုဘုန်းရဲ့ အရိပ်အယောင်ကိုပင် မမြင်ရ။ ကြားရတဲ့ သတင်းကများ မှားနေတာလား။ ဒါမှမဟုတ် အခြားတစ်နေရာများ သွားသလားမသိ။အနိရင့် ကိုဘုန်းဆီကို ဖုန်းဆက်ကြည့်ရန် လူရှင်းတဲ့ ဆိုင်ရဲ့ အပြင်ခန်းတစ်နေရာကို ထွက်လာခဲ့လိုက်တယ်။
******************
လင်းရိပ် သူဌေးမမရဲ့ဘေးနားမှာကပ်ထိုင်ရင်း သူမစိတ်အလိုကျ နေပေးနေရတယ်။အရက်ငှဲ့ပေး၊ မုန့်ခွံကျွေး ၊ ဆေးလိပ်မီးညှိပေးတာက အစပေါ့။ မမကြီးက အစက ရိုးရိုးတန်းတန်း အရက်သောက်ရုံ အေးဆေးပဲ။ ဒါပေမဲ့ အရက်ဝင်သွားတော့ ပုံစံက ပြောင်းလာတယ်။ လင်းရိပ်ပခုံးပေါ်မှာ မှီနွဲ့ထားတဲ့ခေါင်းကို ဇွတ်ရုန်းပြီး လင်းရိပ်ကို ရိုက်တယ်။ဆဲတယ်။ သူမရဲ့ အခြေအနေကို ခန့်မှန်းမိတဲ့ လင်းရိပ်က ပြန်ဖို့ ပြင်ရတယ်။ သူမ ပိုက်ဆံအိတ်ထဲကငွေကိုယူ ပြီး ဘေရှင်းဖို့ပြင်လိုက်တယ်။ သူဌေးမမက မူးနေပေမဲ့ အိတ်ကို လင်းရိပ် ယူလိုက်တာကို ချက်ချင်းသိတယ်။ လင်းရိပ်လက်ထဲကအိတ်ကို ပြန်လုပြီးတော့ လင်းရိပ်ကို စိတ်ကြိုက် ထုရိုက်တယ်။ ဒီအခြေအနေကဒီကိုလာတိုင်း ဖြစ်နေကျ ပုံစံလို့ပဲပြောရမလား။ဒါကြောင့်လည်း ချောင်အကျဆုံးနေရာကိုပဲ အမြဲ ရွေးထိုင်ခဲ့ကြတာပေါ့။ မသကာ နာရီဝက် ပေါ့။ဒီနာရီဝက်ကျော်ကျော်ကို လင်းရိပ်သည်းခံ ကျော်ဖြတ်နိုင်ပြီးသွားတာနဲ့ သူဌေးမမကို ကားပေါ်တင်ပြီး မောင်း ခေါ်သွားလိုက်ရင် အိမ်ရောက်ခါနီးဆိုအမူးပြေချင်ချင်ဖြစ်သွားပြီ။ ဒါဆို အိမ်ရောက်ရင် လင်းရိပ်က သံပရာရည် လေးဘာလေး ဖျော်တိုက်ပြီး ပြုစုပေးလိုက်ရင် အခြေအနေ တော်တော်ကောင်းသွားပြီ။ သူမ လုံးဝ သတိပြန်ဝင်လာပြီဆိုရင်တော့ သူမရင်ဖွင့်တာကို နားထောင်ပေးပြီး ရင်ခွင်ထဲထွေးဖက်ပေး ၊ အနမ်းလေးတွေ ခြွေပေးလိုက်ရုံနဲ့ မိခင်ကြီးအတွက် တစ်ပတ် နှစ်ပတ်စာ ဆေးစရိတ်ရတတ်တာလေ။မိခင်ကြီးသောက်သုံးနေရတဲ့ ဆေးဝါးတွေက ဘယ်လောက် ဈေးကြီးလဲ။ဆေးတွေက ဈေးကြီးပြီးရှားပါးဆေးတွေမို့ နယ်မှာ ၀ယ်လို့မရလို့ လင်းရိပ်ပဲ ရန်ကုန်ကနေ ဝယ်ပို့ပေးနေရတာလေ။ဒါကြောင့် ခဏလေးပဲ လင်းရိပ် အောက်ကျို့ သည်းခံနိုင်ဖို့ ဆုံးဖြတ်ထားတယ် ။လင်းရိပ် လျှာထိုး ဦးထုပ်ကို မျက်နှာရှေ့ကိုငိုက်သထက် ငိုက်အောင် လက်နဲ့ ဆွဲချလိုက်တယ်။
******************
အနီရင့် လူရှင်းချောင်ကျတဲ့ နေရာကို ထွက်လာပြီး ကိုဘုန်းဆီဖုန်းခေါ်လိုက်တယ်။ဖုန်းက တစ်ကြိမ်နဲ့ ခေါ်မရ ။ ဒုတိယအကြိမ်မြောက်ခေါ်လိုက်တယ်။
" ဟယ်လို "ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ မိန်းခလေးအသံကြောင့် အနီရင့် ရင်ထဲ ဒုန်းခနဲ ဆောင့်ခုန်သွားမိတယ်။ ဒီအသံက အနီရင့်နဲ့စိမ်း သက်လွန်းလှတယ်။သေချာတာက ကိုဘုန်းရဲ့အမေနဲ့ ကိုဘုန်းရဲ့ညီမ အသံတော့ မဟုတ်ဘူး ။ ဒါဆို ဘယ်သူများလဲ။အတွေးပေါင်းစုံ တွေးပြီး အနီရင့် အသက်ရှူကြပ်လာသလို ခံစားလာရတယ်။ဖုန်းကိုင်ထားတဲ့ လက်တွေကလည်း တဆတ်ဆတ် တုန်ယင်နေလေပြီ။
"ကို ....ကိုမြတ်ဘုန်းသွင်ရှိလား ..."အသံကို မတုန်အောင် ထိန်းနေရင်းက အနီရင့် ထစ်ထစ်ငေါ့ငေါ့ နဲ့ မေးလိုက်မိတယ်။
"ကိုကို....."
" ဖြောင်း "
အနီရင့် တစ်ဖက်မှ အသံကို ဆုံးအောင် မကြားလိုက်ရပါ။ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အသံနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့် အံ့ဩသွားပြီး မြင်ကွင်းကို အကြောင်သား ငေးကြည့်နေမိတယ်။မြင်ကွင်းက ခုန အနီရင်လျှောက် လာတုန်းက မူးပြီး စကားများနေကြပုံရတဲ့ စုံတွဲတစ်တွဲက အမျိုးသားဖြစ်သူကို အခြားအမျိုးသားတစ်ယောက်က ကမူးရှိုးထိုးနဲ့ ပြေးဝင်လာပြီး မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်တာ။ ရုတ်တရက်မို့ အမျိုးသားလည်း ရှောင်လိုက်နိုင်ပုံမရဘူး။ခေါင်းပေါ်က ဦးထုပ်ပါ လွှင့်ထွက်သွားရှာတယ်။ ဦးထုပ်ကျွတ်ကျသွားတော့ မြင်လိုက်ရတဲ့မျက်နှာကိုကြည့်ပြီး အနီရင့် ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားမိတယ်။ပြီးတော့ မြင်ကွင်းရံ့ အခြေအနေကို ချက်ချင်း သဘောပေါက်နားလည်မိသွားတယ်။သူပြဿနာတက်နေပြီ။တစ်ခါက တစ်ညအတူကုန်ဆုံးဖူးခဲ့တဲ့ သူ။ အခုသဒုက္ခရောက်နေပြီဆိုတာကို အနီရင့် ချက်ချင်းသိလိုက်မိတယ်။သူက တစ်ယောက်တည်း။တစ်ဖက်က နှစ်ယောက်။အမျိုးသမီးကြီးက မူးပြီး မှောက်နေပြီ။ စားပွဲထိုးလေးတွေလည်း အနားမှာ မရှိ။ခပ်လှမ်းလှမ်းက လူတွေလည်း သိသိသာသာ အကဲခတ်နေကြပြီ။ အနီရင့် ကြည့်နေတုန်းမှာပဲ ဟိုလူက ထပ်ထိုးဖို့ပြင်တယ်။ သူ့ကို ကြည့်လိုက်တော့ ခေါင်းကြီးအောက် စိုက်လို့ ဦးထုပ်ကို ပြန်ကောက်ဖို့ကြိုးစား နေပုံရတယ်။မြင်ကွင်းကို ကြည့်နေမိရင်း အနီရင့်ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ သူတို့ဆီကို ဝုန်းခနဲ ပြေးဝင်သွားလိုက်မိတယ်။
" ရှင်တို့ ဘာလုပ်တာလဲ ....ကျွန်မချစ်သူကို ဘာလို့ထိုးတာလဲ ...ရှင်တို့ကို ရဲတိုင်မယ် "
အနီရင့်လည်း သူ့ရှေ့ကပိတ်ရပ်လိုက်မိပြီး ဘာတွေ ပြောလိုပြောမိမှန်းပင်မသိ။ဦးနှောက်က ဇာတ်လမ်းဇာတ်ကွက်များကို အမြဲစဉ်းစားနေတာမို့ လျှပ်တစ်ပြတ် ဇာတ်လမ်းတစ်ပုဒ်က နှုတ်ကအလိုအလျောက် ထွက်သွားမိတာပင်။အနီရင့်ရဲ့ အပြုအမူကြောင့် နှစ်ယောက်သားမှာ ကြောင်အမ်းအမ်းဖြစ်သွားပုံရပြီး
" မင်း ဘာပြောတာလဲ ...ဒီကောင်က ပိုင်းလုံး ...တောက် ... ငါ့အမေကို ချူစားနေတဲ့ကောင်ကွ..."
သူ့ကို ထိုးလိုက်တဲ့ သူဆီကနေ အနီရင်ထင်တာနဲ့ ထပ်တူကျတဲ့ စကားသံထွက်လာတယ်။အနီရင့် ဟန်မပျက်အောင် ထိန်းပြီး အသံမာမာနဲ့ ပြန်အော်ပစ်လိုက်တယ်။ သူကတော့ အနီရင့်နောက်မှာ တုတ်တုတ်မလှုပ်ဘဲ ရပ်မြဲတိုင်း ရပ်နေတယ်။
"ရှင်တို့ ရူးနေလား ... သူက ကျွန်မချစ်သူရှင့် ... အဲ့ဒီအစ်မကြီး တအားမူးနေလို့ ကူညီပေးနေတာ ...ကျွန်မက အိမ်နဲ့ ဖုန်းသွားပြောနေတာသိရဲ့လား ...ရှင်တို့က မမေးမမြန်းနဲ့ ဘာတွေလဲ ...ရှင်တို့ကို တိုင်မယ်"
အနီရင့် ဟန်ပါပါနဲ့ဖုန်းကိုဖွင့်ပြီး ဟိုဒီနှိပ်မယ့်ပုံလုပ်ပြလိုက်တော့ သူတို့ နှစ်ယောက်လုံး ပျာပျာသလဲနဲ့ တောင်းပန်ကြတယ်။ သူတို့လည်း အနီရင့်လို သတင်းအစအန ကြားလို့ လိုက်ချောင်းကြတာဖြစ်ပုံရတယ်။ဘာမှရေရေရာရာသိပုံမရကြဘူး။အနီရင့်လည်း ခပ်တည်တည်နဲ့ ဆက်ပြောလိုက်ပြီး သူ့လက်ကိုဆွဲယူပြီး ဆိုင် ပြင်ကို ထွက်လာခဲ့လိုက်တယ်။
*********************
လင်းရိပ် နေရာမှာတင် အငွေ့ပျံ ပျောက်ကွယ်သွားချင်တဲ့စိတ်ကလွဲလို့ ဘာကိုမှ ရေရေရာရာ မတွေးတောမိတော့ဘူး။ ဖြုန်းခနဲ အရိုက်ခံလိုက်ရတဲ့ အချိန်မှာ လင်းရိပ်အမြစိုးရိမ်ပူပန်နေ ခဲ့တဲ့ အခြေအနေနဲ့ ကြုံတွေ့လိုက်ရပြီဆိုတာကို သိလိုက်ပေမဲ့ လင်းရိပ် မရှောင်လိုက်နိုင်ဘူး။ ရုတ်တရက် လူမိသွားချိန်မှာ လင်းရိပ် တွေးနေမိတာက အမေ့အတွက်ဆေးဖိုးငွေပဲ ။ လကုန်ဖို့က လိုသေးတယ်။ ရှိတဲ့ပိုက်ဆံက ဆေးဖိုးမပြည့်ဘူး။ ဆေးက မနက်ဖြန်ဝယ်ပြီး ပို့ပေးလိုက်ရတော့မှာ ။ လင်းရိပ် ခေါင်းထဲမှာ ချာချာလည်အောင် မူးနေတယ်။ကောင်မလေး တစ်ယောက် ရုတ်တရက် သူ့ရှေ့ရောက်လာတာကိုလည်း သိလိုက်ပေမဲ့ အမြင်တွေက မသဲမကွဲ။တစ်ခါလေး မျှပင် မတွေးခဲ့ဖူးတဲ့ လောကကြီးထဲကနေ အပြီးတိုင် ပျောက်ဆုံးသွားချင်စိတ်တွေပဲ ဖြစ်ပေါ်လာမိတယ်။ ဒီဘ၀ ၊ ဒီမိသားစု ၊ ဒီအခြေအနေအားလုံးကို ချန်ရစ်ထားခဲ့ပြီး အခိုးအငွေ့တွေ အဖြစ် ပျောက်ရှသွားပစ်လိုက်ချင်တဲ့စိတ်။ကောင်မလေးက သူ့ရှေ့မှာ မတ်မတ်ရပ်ပြီး သူ့ကို့ကာကွယ်ပေးနေတယ်။ဒါ သူ့ဘဝမှာ ပထမဆုံး အကြိမ် ကြုံဖူးတာ။ လင်းရိပ်တစ်ဘ၀လုံး ချစ်ခင်တွယ်တာ ရသူမှန်သမျှကို လင်းရိပ်ကပဲ ကာကွယ်ပေးခဲ့ရတာလေ။ကောင်မလေးက သူ့လက်ကိုဆွဲတာကို လင်းရိပ် သိလိုက်တယ်။ပြီးတော့ ဆိုင်ထဲက ထွက်လာကြတယ် ။လမ်းပေါ်ရောက်တော့ ကား တစ်စီးကို ထားပြီး တက်စီးလိုက်ကြတယ်။ လင်းရိပ် ကောင်မလေးဆွဲခေါ်ရာနောက်ကို သတိကင်းမဲ့သူလို လိုက်ပါလာခဲ့မိပြီး ကားပေါ်မှာ ခေါင်းကို အောက်စိုက်ချပြီး ထိုင်နေမိတယ်။လက်ကလည်း ခေါင်းပေါ်က ဦးထုပ်ကိုပဲ မျက်နှာကို အုပ်သထက် အုပ်အောင်အကြိမ်ကြိမ် အခါခါ ဆွဲချနေမိတယ်။
********************
" ဒီမှာ ...ဆင်းလေ ... ရောက်နေပြီ ..."
အနီရင့်က ပါးစပ်က ပြောလိုက်ရင်း ငူငူငိုင်ငိုင် ဖြစ်နေတဲ့ သူ့ကို ကားပေါ်ကနေ ဆွဲချလိုက်တယ်။ ပြီးတော့ သူ့လက်ကို ဆောင့်ဆွဲပြီး ခေါ်ခဲ့လိုက်တယ်။ သူက သတိကင်းမဲ့နေသူလို အနီရင့်ဆွဲခေါ်ရာနောက်ကို လိုက်ပါလာတယ်။ တိုက်ခန်းရဲ့ မည်းမည်းမှောင်မှောင် လှေကားတွေကို နင်းပြီး အနီရင့်ရဲ့ အခန်းရှေ့ကို ရောက်လာခဲ့တယ်။အနီရင့် အခန်းသော့ကို ဖွင့်ပြီး အခန်းထဲကို ၀င်လိုက်တဲ့အချိန်မှာ သူက သတိဝင်လာပုံရပြီး ခန္ဓာကိုယ်က ဆတ်ခနဲ နောက်ကို ဆုတ်သွားတယ်။ သူ့ပုံစံက တစ်ခုခုကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ ပုံနဲ့။ မျက်နှာ တစ်ပြင်လုံးလည်း သွေးဆုတ်ဖြူရော်လို့။တိုက်ခန်းထဲကို ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။သူ့ဖြစ်နေပုံကို ကြည့်ပြီး အနီရင့်သဘောပေါက် နားလည်မိသွားတာမို့ အသံခပ်တိုးတိုးနဲ့ ပြောလိုက်မိတယ် ။
" ဒီမှာ ...ရှင် မြန်မြန်ဝင်လေ ...ရှင်လုပ်ပုံနဲ့ အခြားသူတွေ သိကုန်တော့မှာပဲ...ကျွန်မမှာ ပိုင်သူ မရှိဘူး ....ဆိုင်သူတော့ ရှိတယ် ...ဒါပေမဲ့ ဒီညတော့ သူ မလာတာ ကျိန်းသေးတယ် ...တကယ်လို့ လာခဲ့ရင်လည်း ... ဒီညတော့ သူကို ကျွန်မတိုက်ခန်းထဲကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး "
အနီရင့်ရဲ့စကားဆုံတော့ လင်းရိပ်ကြောင်တိကြောင်တောင်နဲ့ အခန်းထဲဝင်ခဲ့ပြီး ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်။ ဒီအချိန်ထိ ဆူ့ကို ခေါ်လာတဲ့မိန်းခလေး ဘယ်သူမှန်းလင်းရိပ် မသိသေးဘူး။ သူ့ကို ဒီထိ ဘာလို့ ခေါ်လာမှန်းလည်း လင်းရိပ် မသိဘူး။ လင်းရိပ် သိတာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားချင်နေတဲ့စိတ်ပဲ။
" ရော့ ...ကော်ဖီသောက်လိုက်အုံး ....အစကတော့ ရှင့်အိမ်အထိ ပြန်ပို့ပေးမလို့ပဲ .. ကားပေါ်မှာ ရှင့်ကို မေးနေတာ ရှင်ကလဲ မဖြေဘူးလေ ..."
လင်းရိပ် တတွတ်တွတ် ပြောနေတဲ့ သူမကို ငေးမောကြည့်နေမိတယ်။ဒီမျက်နှာ ၊ ဒီအသံ ၊ ဒီအခန်းကို လင်းရိပ် ပြန်မှတ်မိလာတယ်။
" ပြောင်းလဲတတ်တဲ့ မင်းကို ...တို့ဘယ်လိုမှ နားမလည် ....ကြင်နာတတ်သော ....အညိုရောင်မျက်ဝန်းများ စိမ်းကားလေရဲ့..."
လင်းရိပ်နဲ့အနီရင့်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြတုန်း ရုတ်တရက်ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့် နှစ်ယောက်သား လန့်ဖျန့်သွားမိကြတယ်။ ဖုန်းက အနီရင့်ရဲ့ဖုန်း။ အနီရင့်က ဖုန်းကို မကိုင်ဘူး။ ဖုန်းက ထပ်မြည်လာတယ်။အနီရင့် ဖုန်းကို ကောက်ကိုင်လိုက်တယ်။
လင်းရိပ်ကတော့ ဖုန်းကို ကြည့်ပြီး ခြေတွေလက်တွေ တဆတ်ဆတ်တုန်နေပြီ။
အနုရင့်က ဖုန်းကို ကိုင်ထားရင်း လင်းရိပ်ကို တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။
################
အပိုင်း (၇ ) ဆက်ရန်
ဧကြည်ဖြူ