book

Index 5

အပိုင်း ( ၅ )

ဧကြည်ဖြူ


" ရင်ဘတ်ပေါ်က နှင်းဆီ "


*********************

" မင်းစိတ်က သူ့အပေါ်မှာ တကယ် သေချာပြီလား သားကြီးရယ် ... အမေကတော့ သားဒီလို တွေဝေနေတာကို မြင်နေရတော့ လက်ထပ်တာကို ပြန်စဉ်းစားစေချင်တယ်ကွယ်...အမေ မပြောချင်လို့ နေနေတာ .. သူတစ်ယောက်တည်း တိုက်ခန်းမှာသွားနေတာကို အမေ သဘောမကျဘူးကွယ် ...သားက သူ့ဆီ အမြဲသွား နိုင်တာမဟုတ်ဘူး ... အုပ်ထိန်းသူ မရှိဘဲ သူတစ်ယောက်တည်း ဘယ်လောက် လွတ်လပ်နေမလဲ သား တွေးကြည့်ဘူးလား ...ဒီခေတ်ဒီခါကြီးထဲ အမေကတော့ ဘယ်သူ့ကိုမှမယုံနိုင်ဘူး "


" ဟာ အမေကလည်း ...အနီရင့်က အဲ့ဒီလို မိန်းခလေး မဟုတ်ပါဘူး ....သားတို့ မျက်စိရှေ့မှာတင်ကြီးလာတာ ...သူ့အကြောင်းလည်း အမေသိရဲ့သားနဲ့ "


"သိလို ပြောနေတာပေါ့သားရယ်...ပြန်မပြော နားမထောင် ကောင်မလေးလေ .."


     ကိုဘုန်းတို့အိမ်ရဲ့ တံခါးဝနားမှာ အနီရင့် ခြေစုံရပ်နေမိတယ်။အိမ်ထဲက ကိုဘုန်းနဲ့ အန်တီကေသီတို့ရဲ့ စကားသံတွေက အနီရင်ရှိရာဆီကို ပျံ့လွင့်လာတယ်။ဒီနေ့အဖို့မှာတော့ အနီရင့်အတွက် ကံမကောင်းခြင်းနေ့တစ်နေ့ ပေပဲလားလို့ အနီရင့် တွေးလိုက်မိတယ်။


"ကဲပါ အမေရယ် ...သားတို့လည်း လက်ထပ်ဖို့ အစီအစဉ်မဆွဲရသေးပါဘူး ....ဘာပဲဖြစ်ဖြစ် ... အနီးရင့်လာရင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါနော်..."


     အနီရင့် ဆိုဖာခုံပေါ်မှာ စိတ်လွတ်လက်လွတ်ပစ်လှဲချလိုက်ပြီး နေ့ခင်းကအဖြစ်တွေကိုပဲ တွေးနေမိတယ်။ ကိုဘုန်း ဘာလို့ပြောင်းလဲသွားတာလဲ။အနီရင့်အတွက် သူတစ်ယောက်ပဲ ရှိတာကို သိသိနဲ့ ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားတာလဲဆိုတာကို ဘယ်လိုမှ စဉ်းစားတွေးတောလို့မရပေ။ဘာပဲဖြစ်ဖြစ် အခုထက်စာရင် ဟိုအရင်ကမှ ကိုဘုန်းအပေါ် ဆိုးတာ ၊ ရစ်တာ ၊ ပြဿနာရှာတာတွေကို အနီရင့် လုပ်ခဲ့သေးတယ်။ အဘွားတို့အိမ်ကလူတွေကို မကျေနပ်သမျှ ကိုဘုန်းအပေါ် ဆိုးခဲ့ဘူးတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ကိုဘုန်းရံ့ပုံစံတွေ မသိမသာ ပြောင်းလဲလာလို့ အနီရင့်ကိုယ့်ဘာသာ မကျေနပ်ချက်တွေကို မျိုသိပ်တတ်လာတယ်။တစ်ယောက်တည်း မျက်ရည်နဲ့ အဖော်ပြုတတ်လာခဲ့တယ်။တကယ်တော့ အနီရင့် ယုံကြည်အားကိုခဲ့ရတဲ့ ကိုဘုန်းရဲ့ ချစ်ခြင်းမေတ္တာက အနီရင့်အပေါ် ပါးလျလာခဲ့ပေမဲ့ အနီရင့်ကတော့ မိုက်မိုက်မဲမဲ့နဲ့ ကိုဘုန်း ပြန်ပြီး ပြောင်းလဲလာမယ့်နေ့။ပြီးတော့ အနီရင့်ကို လိုလိုလားလားနဲ့ လက်သပ်ခွင့် တောင်းလာမယ့်နေ့ကို စောင့်မျှော်နေမိဆဲပင်။


*********************


" ဒါလေးက အသစ်ဝင်တဲ့ ဖုန်းလေ ... အရမ်းသုံးလို့ကောင်းတယ်...ကင်မရာ ရုပ်ထွက် လဲကောင်းတယ် ..."


     မြတ်ဘုန်း ဖုန်းဆိုင်ရဲ့ ကောင်တာနောက်မှာ ထိုင်ရင်း ၀ယ်သူကို ရှင်းပြနေတဲ့ အရောင်းစာရေးမလေးကိုငေးကြည့်နေမိတယ်။ကောင်မလေးက ဖြူဖြူသွယ်သွယ် ငယ်ငယ်ချောချောလေး။ကောင်မလေးကို ကြည့်ရင်း ချစ်သူ အနီရင့်ကို မျက်စိထဲမြင်ယောင်လာမိတယ်။အနီရင့်က မချောဘူးလားဆိုတော့ ချောပါတယ်။ချောတာထက် မျက်နှာဝိုင်းလေးနဲ့ ချစ်စရာကောင်းတယ်လိုပြောရင် ပိုမှန်မယ်ထင်ပါရဲ့။ မြတ်ဘုန်းလည်း သူမကို ချစ်ပါတယ်။ချစ်လို့လည်း ခုချိန်ထိ လက်မလွှတ်နိုင်သေးတာပေါ့။ဒါပေမဲ့ သူမနဲ့လက်ထပ်ဖို့ကိုတော့ ဘာကြောင့်မှန်းမသိ မြတ်ဘုန်းတွေဝေနေမိတယ်။လုပ်ချင်ရာကိုလုပ်တတ်ပြီး ပြည်မပြောနားမထောင်တတ်တဲ့ သူမရဲ့ အကျင့်စရိုက်ကြောင့်လား ။ ဒါမှမဟုတ် ငွေကြေးကို စိတ်မ၀င်စားဘဲ အနုပညာမှအနုပညာဆုံပြီး စာပဲရေးနေတတ်တဲ့ အကျင့်စရိုက်ကြောင့်လား ။ ဒါတော့လည်း မဖြစ်နိုင်ပြန်။အနီရင့်က သူမကိုယ်တိုင်က စာပဲရေးနေပေမဲ့ သူမရဲ့ ဖခင်ပို့ပေးတဲ့ငွေတွေကို သုံးဖြုန်းမနေဘဲ လုပ်ငန်း အချို့မှာ ရှယ်ယာထည့်ဝင်ပြီး စီးစီး ကုပ်ကုပ်နေတတ်မှန်း မြတ်ဘုန်းလည်းသိတယ်။ဒါဆို ဘာအတွက် မြတ်ဘုန်း တွေဝေနေမိမှန်း ကိုယ့်ကိုယ်ကို မသိပါလေတော့။


**********************


" အရည်အသွေး ကတော့ စိတ်ချပါခင်ဗျာ...အီတလီနိုင်ငံထုတ် ပစ္စည်းတွေမို့ နှစ်ရှည်အသုံးခံပါတယ်...အချိန်ကြာလာလို့ ဝါတာ အရောင်ကျလာတာများ မရှိပါဘူး "


   လင်းရိပ် ဝယ်သူကို အသေအချာလေးရှင်း ဖြစ်နေမိတယ်။သူတို့ရဲ့ အရောင်းဆိုင်က အခြာ ကုန်ပစ္စည်းအရောင်းဆိုင်တွေလို တစ်နေကုန် ဝယ်သူတွေ တဖွဲဖွဲလာတဲ့ဆိုင်မျိုးတော့ မဟုတ်ဘူး။တစ်နေကုန်နေမှ ၀ယ်သူ့လေးငါးဆယ်ဦးပဲလာတာလည်း ရှိတယ်။ ဒါပေမဲ့ ဝယ်သုတစ်ဦးကိုအနည်းဆုံး သိန်းလေးငါးဆယ်ဖိုး ရောင်းရတာက များတယ်။ ဒါကြောင့်မို့လည်း ဝယ်သူ ဒီအတိုင်း ပြန်ထွက်မသွားရအောင် လုပ်ရမှာက လင်းရိပ်ရဲ့ အဓိက တာဝန်ပဲ။ဆိုင်မှာ ၀ယ်သူတွေပါးလာတယ်ထင်ရင် ဆောက်လုပ်ရေးဆိုက်တွေထဲကို အရောင်းဆင်းရတာပေါ့။ ခုလပိုင်းကတော့ သူဋ္ဌေး စိတ်ကျေနပ်အောင် အရောင်းအဝယ်ကောင်းတယ်။ လင်းရိပ်အရောင်းဆင်းခဲ့တဲ့ ဆိုက်တွေ တော်တော်များများကလည်း လင်းရိပ် တို့ဆိုင်ကပစ္စည်းတွေကို အသုံးပြုကြတယ်။


**********************


       ညနေ (၆) နာရီ ဆိုင်ပိတ်ပြီးတာနဲ့ လင်းရိပ် အဆောင်ကို တန်းမပြန်ဘဲ ဈေးထဲကို ဝင်ပြီး ၀ယ်စရာရှိတာကိုဝယ်တယ်။အဓိက ဆန်နဲ့ ဆီရယ် ၊ လက်ဖက်အကြော်စုံနဲ့ ကြက်ဥလောက်ပဲ ဝယ်တာ။ လောလောဆယ် ဒီညနေစားဖို့ ကန်စွန်းရွက် ဝယ်လိုက်တယ်။ အပြင်ဆိုင် ထမင်းဟင်းတွေက စျေးကြီးတော့ လင်းရိပ်အမြဲ ကိုယ့်ဘာသာချက်စားတယ်။အဆောင်မှာ က ထမင်းဟင်းချက် စားခွင့်ပြုထားတယ်။ မီးဖိုချောင်မှာ အားလုံးအတူစုပြီးချက်ကြရတာပေါ့။ထမင်းဟင်းချက်စားလို့မရတဲ့အဆောင်တွေလည်းရှိတယ်။အဲ့ဒီလို အဆောင်မျိုးကျတော့ အဆောင်မှူးတွေ ရှိတယ်။၀င်ချိန် ထွက်ချိန်ကို သတ်မှတ်ထားတတ်တယ်။ လင်းရိပ် ရန်ကုန် ရောက်စက အဲ့လို အဆောင်မှာ နေခဲ့ဖူးတယ်။နောက်တော့လည်း လည်လည်ဝယ်ဝယ်ရှိလာပြီး ကိုယ်နဲ့အဆင်ပြေမယ့် အဆောင်ကို ပြောင်းခဲ့ရတာပေါ့။ ရန်ကုန်မှာက  အဆောင်တွေပေါတယ်။တစ်ယောက်စာ တစ်အိပ်ရာစာကို တစ်လ(20000) လောက်ကစပြီး သိန်းကျော်ထိရှိတယ်။ စျေးမြင့်ရင်မြင့်သလို အခန်းမရှိဘဲ ( hall ) ခန်းထဲ စုနေရတာမျိုးလည်း ရှိသလို တစ်ယောက်ခန်းကို အဲကွန်း ၊ ပန်ကာ ၊ ဗီဒို၊ စာကြည့်စားပွဲခုံကအစပါတဲ့ အခန်းမျိုးတွေလဲရှိတယ်။ လင်းရိပ်ကတော့ တစ်ယောက်ခန်းမှာ ပန်ကာ အသေးလေးတစ်လုံးပါရုံလောက် သာမန်အခန်းလေးမှာပဲနေခဲ့တယ်။ လင်းရိပ်နေတဲ့ အဆောင်မှာ က အဆောင်မှူးမရှိဘူး။ပြောရမယ်ဆိုရင် ရန်ကုန်မှာ လူရည်လည်းလည်ပြီးအဆောင်နဲ့ ပတ်သက်ရင်ကျွမ်းကျင်တဲ့သူက  တိုက်ခန်းတစ်ခန်းကို လချုပ် နှစ်ချုပ်တွေနဲ့ ငှါးပြီး အဆောင်တွေအဖြစ် ပြန်ငှါးစားတာ။ တိုက်ခန်းက ရေ၊ မီးအပြီးအစီးကို တစ်လ သုံးသိန်း ကုန်ကျမယ်ဆိုရင် တစ်လကို ငါးသိန်းလောက်ရအောင် လူဦးရေတွက်ချက်ပြီး အငှါးတင်တာပေါ့။လင်းရိပ်နေတဲ့ အဆောင်ကို ငှါးတဲ့ သူဆိုရင် သူအဲ့ဒီလို ငှါးထားတဲ့ တိုက်ခန်းသုံးခန်းတောင်ရှိတယ်။သူ့အဆောင်တွေ လူမပြည့်ဘူးဆိုတာလည်းမရှိဘူး ။အမြဲ လူအပြည့်ပဲ။ ဘာပဲဖြစ်ဖြစ် လင်းရိပ်တို့လို နယ်ကလာတဲ့သူတွေအတွက် ဒီလို အဆောင်တွေရှိနေတာက ကျေးဇူးတင်စရာပါပဲ။ အဆောင်လခက လချင်းပေးဖြစ်လို့ တစ်လပဲ နေပြီး မနေ့ချင်ရင် အလွယ်တကူပြောင်းသွားရုံပဲလေ။ တစ်ခုတော့ရှိတာပေါ့ အဆောင်မှူးမရှိတော့ ကိုယ့််သော့နဲ့ ကိုယ် လွတ်လွတ်လပ်လပ် ၀င်ထွက်လို့ရတယ်ဆိုပေမဲ့ စည်းမရှိကမ်းမရှိ၊ နာလည်းမှု မရှိတဲ့လူတွေပါလာခဲ့ရင်တော့ အတော်လေးစိတ်ညစ်ရတာပေါ့။ဥပမာ လင်းရိပ်တို့အဆောင်က အခန်း(၁၀) ခန်းမှာ အခန်း (၂)၊ အခန်း ( ၅) နဲ့ (6) (7) (8) တို့မှာနေတဲ့သူတွေလိုပေါ့။ထူးခြားတာက အဲ့ဒီလူတွေက နိုင်ငံခြားသွားဖို့လုပ်နေကြတဲ့ လူတွေချည်းပဲ။ သူတို့က အဆောင်မှာ အမှိုက်ဖွ၊ အမှိုက်ရှုပ်ရုံအပြင် ဘာကိုမှ ဝိုင်းမကူတဲ့သူတွေလို့ပဲ ဆိုရမလား။


*********************


     လင်းရိပ် ဈေးထဲက၀ယ်လာတံ့အထုပ်တွေကိုဆွဲပြီး အဆောင် ရှေ့ကိုရောက်တော့ ထုံးစံအတိုင်း အဆောင်ရဲ့ လှေကားတွေက မှောင်မှောင်နဲ့မည်းမည်း ။လင်းရိပ် အမှောင်ထဲမှာ လှေကားတွေကို စမ်းတဝါးဝါး နင်းပြီး တက်ခဲ့လိုက်တယ်။


******************


    မီးဖိုခန်းကိုကြည့်ပြီး လင်းရိပ် စိတ်ပျက်သွားမိတယ်။ဖော့ဘူးခွံတွေ့ မီးဖိုခန်းထဲမှာ ပွနေတာပဲ။ ကိုယ့်အမှိုက်ထုပ်ကိုယ်ပစ်ရမယ့်အနေအထားမှာ မပစ်ပဲထား တားတဲ့ အမှိုက်ထုပ်တွေက ပလုံစီနေတာပဲ။ အရင်ကတော့ အမြင်မတော်တာနဲ့ အမှိုက်ပစ်တာကအစ သောက်ရေ သုံးရေအထိ လင်းရိပ် လုပ်ပေးခဲ့တာ။ကြာတော့ ဘာဖြစ်လာလည်းဆိုတော့ အဲ့ဒီအလုပ်တွေက လင်းရိပ်ရဲ့တာဝန်ကြီးလို့ သူတို့က ထင်လာကြတာပဲ။ လင်းရိပ်လည်း သူတို့လို ငွေပေးပြီး ငှါးနေတဲ့သူလို့မမြင်တော့ဘဲ သူတို့ ရှုပ်သမျှ ဖွသမျှကို ရှင်းပေးရမယ် သူ ။ သူတို့ သောက်ဖို့ သုံးဖို့ ရေကုန်တာက အစ လင်းရိပ်ပဲလုပ်ရမယ်လို့ ထင်နေကြတာလေ။ အခုတော့ လင်းရိပ်လည်း လုပ်ပေးသင့်တာကိုပဲ လုပ်ပေးပြီး မသိချင်ယောင်ဆောင်နေတတ်လာပါပြီ။


" တီ ...တီ ..တီ "


    လင်းရိပ် ထမင်းဟင်းချက်ပြီးတာနဲ့ ရေကို အသည်း အသန် ချိုးရတယ်။မကြာခင်မှာ အသီးသီး အလုပ်က ပြန်လည်း ရေတန်းစီချိုးကြတော့မှာလေ။ရေချိုးပြီးမှ နောက်တစ်ကြိမ် အပြင်ပြန်ထွက်ကြတာပေါ့။


**********************


" တီ ...တီ...တီ "


    လင်းရိပ် ထမင်းစားပြီးတော့ အိပ်ရာပေါ် လှဲနေချိန်မှာ လင်းရိပ်ရဲ့ဒုတိယမြောက် လျှို့ဝှက် ဖုန်းလေးက အသံမြည်လာတယ် ။ဒီဖုန်းက လင်းရိပ် တစ်ခါတလေမှ ဖွင့်တဲ့ဖုန်း ။ တစ်လမှာ သုံးလေးခါပဲ ဖွင့်တဲ့ဖုန်းလို့ ပြောရမလား။ ဒီဖုန်းထဲမှာ လျှိုဝှက်ဖေ့ဘုတ်အကောင့် တစ်ခုရှိတယ်။အဲ့ဒီအကောင့်ကနေပဲ ဖောက်သည်ရှာရတာပေါ့။ ဒီကနေပဲ ဈေးစကားပြော ၊ အချိန်ညှိ၊ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် စည်းကမ်း တွေကို သတ်မှတ်ပြီးအဆင်ပြေရင် ချိန်းတဲ့ နေရာသွားလိုက်ရုံပဲ။ ဒီလောကမှာ ကျင်လည်ရင်း လင်းရိပ်ကို စပွန်ဆာပေးချင်တဲ့ ကျေးဇူးရှင်မမတွေနဲ့လည်း ဆုံခဲ့ဖူးတယ်။ ဒါပေမဲ့ လင်းရိပ်လက်မခံခဲ့ဘူး။ စပွန်ဆာရရင် အငြိမ်နေရုံပဲ ။ ဒါပေမဲ့ စပွန်ဆာရရင် လိုက်နာရမယ့်အချက်တွေ ရှိတယ်။ လင်းရိပ်က ဒါကို သဘောမကျဘူး။ချစ်သူကိုလည်း မစွန့်လွှတ်နိုင်ဘူး။ပြီးတော့ လင်းရိပ် ဒီအလုပ်ကို အမြဲလုပ်ဖို့ အတွေးလည်းမရှိဘူး။ လင်းရိပ်ရဲ့အလုပ်က အပြောကောင်းရင် ကောင်းသလို တစ်ညတည်း သိန်းချီ ရတတ်ပေမဲ့ လူတွေမသတီတဲ့ အလုပ်မဟုတ်လား။ လင်းရိပ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ရွံရှာမှုတွေ ၊ စိတ်မလုံခြုံမှုတွေနဲ့ နေထိုင်နေရတာကို စိတ်ပျက်မိတယ်။ လင်းရိပ် ဒီလောကထဲကို ရောက်လာပုံက ခါးသီးမူတွေအပြည့်နဲ့ပေါ့။ မှန်ရာကို ဝန်ခံရမယ်ဆိုရင် ငွေကြေးအတွက် အလွန်အမင်းခက်ခဲနေချိန်မှာ ငွေအလွယ်ရလိုက်တော့ အလွယ်လမ်းလိုက်မိရာက ခုချိန်ထိရုန်းမထွက်နိုင်ဘဲဖြစ်ခဲ့ရတယ်။ လင်းရိပ် ဖုန်းကို ကြည့်လိုက်တယ်။သူ့ဆီကို တစ်လတစ်ခါလောက်ဆက်တတ်တဲ့ ဖုန်းမှန်းသိလိုက်ရတယ်။ဖုန်းပိုင်ရှင်က အသက်လေးဆယ်ကျော် အစ်မကြီး ။ သူက နည်းနည်းတော့ ထူးခြားတယ်။ သူ့ရဲ့ခင်ပွန်းက နယ်မှာ အလုပ်လုပ်နေတာ။ သူတို့မှာရှိတဲ့ သားကလည်း အိမ်ထောင်ကျပြီး အဝေးမှာပဲနေတာ။နေ့ခင်းဘက်မှာ ကုမ္ပဏီတစ်ခုရဲ့ အရေးပါတဲ့ အရာရှိမမကြီး။ညဘက် အိမ်ပြန်ရောက်ရင် အထီးကျန်နေတဲ့ ဘဝပေါ့။အမျိုးသားကို ဖြစ်လာဖို့ခေါ်တော့လည်း ပြန်မလာဘူးတဲ့။နယ်မှာ နောက်အိမ်ထောင် ထပ်ပြုထားသလို ဘာလိုလိုသတင်းရတဲ့ ။ လိုက်သွားပြီး စုံစမ်းတော့လည်း မရေရာပြန်ဘူးတဲ့။ ဒါက အဲ့ဒီအစ်မကြီး ဘီယာတွေမူးနေတဲ့ အခါ အပ်ကြောင်း ထပ်နေအောင် ပြောတဲ့စကားတွေပေါ့။ အဲ့ဒီအစ်မကြီး လင်းရိပ်ကို ခေါ်တဲ့အဓိကရည်ရွယ်ချက်က လင်းရိပ်နဲ့ ပျော်ပါးဖို့ မဟုတ်ဘူး။ သူ့ယောက်ျားကို ပြောမထွက်တဲ့စကားတွေ။ သူ့သားနဲ့ ချွေးမ ကိုမကျေနပ်တာတွေကို ရင်ဖွင့်တာ။လင်းရိပ်က ကိုယ်စား ထုရိုက်ခံပေးရတာပေါ့။ဘာပဲဖြစ်ဖြစ် အသွေးအသားနဲ့ မရင်းနှီးဘဲ ငွေရတဲ့ ဖောက်သည် မျိုးဆိုတော့ လင်းရိပ် အဲ့ဒီအစ်မကြီးခေါ်တိုင်း စိတ်ပါလက်ပါ သွားမိတယ် ။ မသကာ ပါးလေးရိုက်ခံရရုံပဲရှိတတ်တာလေ။ သူ အရက်မူးပြီးငိုနေရင်တော့ နည်းနည်းပါး ချော့ပေး ဘာပေး။ရင်ခွင်ထဲ ဖက်ပြီး နှစ်သိမ့်ပေးရတဲ့ အခါလည်း ရှိတာပေါ့။


" ဟယ်လို "


     လင်းရိပ် ဖုန်းကို ပါးစပ်နားကပ်ပြီး ခပ်တိုးတိုးထူးလိုက်တယ်။


" ကောင်လေး( .......) ဆိုင်ကို လာခဲ့ပေး ... အစ်မ မူးနေလို့မပြန်နိုင်လို့ "


" ဟုတ်ကဲ့ '


      လင်းရိပ် ဖုန်းကို ချပြီးတော့ သွားဖို့ပြင်ဆင်ရင်းနဲ့ ချစ်သူဆီကို ဖုန်းဆက်လိုက်တယ်။


********************


      နှင်းသီရိမှာ ကိုထက်နဲ့ ဖုန်းပြောနေတုန်း ချစ်သူလင်းရိပ်ဆီက ဖုန်းဝင်လာတာမို့ ကိုထက်ကို ခွင့်တောင်းပြီး လင်းရိပ်ရဲ့ဖုန်းကို ကိုင်လိုက်တယ်။


"ကိုထက် ...နှင်း ဖုန်းခဏချလိုက်မယ်နော် ... ဟိုမှာ အမေခေါ်နေလို့ ပြီးမှ နှင်းမစ်ကော ပြန်ပေးလိုက်မယ် "


" ဟယ်လို  ... ပြောလေ မောင်.."


###############


အပိုင်း( ၆ ) ဆက်ရန်


ဧကြည်ဖြူ


rate now: