book

Index 4

အပိုင်း (၄ )

ဧကြည်ဖြူ


" ရင်ဘတ်ပေါ်က နှင်းဆီ "


********************


   လင်းရိပ် ဖုန်းကို ကြည့်လိုက်တော့ ချစ်သူဆီက ဆက်တဲ့ ဖုန်းမို့ ဖုန်းကို နားမှာကပ်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်တယ်။


"ဟယ်လို နှင်း "


" မောင် ..ညနေ အချိန်ပိုဆင်းရမှာလား ... မဆင်းရရင် ခဏလောက် တွေ့ရအောင် "


" ဒါဆို စောင့်နေလေ နှင်း ... မောင် အလုပ်ဆင်းတာနဲ့ လာခဲ့မယ်လေ "


    ချစ်သူရဲ့ စကားကို လင်းရိပ် မဆိုင်းမတွ အဖြေပြန်ပေးလိုက်တယ်။ညနေကို တကူးတက ချိန်းတယ်ဆိုတော့ အရေးကြီး ကိစ္စများ ရှိလေသလား။ ဒါမှမဟုတ် ဘယ်ဆိုင်က ဘာကိုစားချင်ပြန်ပြီးလဲမသိ။တွေးရင်း လင်းရိပ်ပြုံးလိုက်မိတယ်။မိန်းခလေးဆိုတာလား အခက်သားလား။ အလှအပနဲ့ ပတ်သက်လာရင်လည်း မလွတ်။အစားအသောက်ဆိုရင်လည်း မကြိုက်တာကို မရှိ။စာသောက်ဆိုင်ကြီး ကနေ လမ်းဘေးစားသောက်တန်းအထိ အလွတ်မပေးတတ်ကြ။ ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေအတွက်တော့ ချစ်သူကို လင်းရိပ်မငြိုငြင်ပါ။ချစ်သူကြိုက်တာလုပ် ကြိုက်တာဝယ် လင်းရိပ် ပဲအကုန်အကျခံပေးချင်တာ ။ ဘဝပေး အခြေအနေကြောင့် ချစ်သူကို လျစ်လျူရှုရတဲ့အခါမျိုးတွေမှာ လင်းရိပ် ရင်ထဲ စိတ်မကောင်းဖြစ်ရတာကအမှန်ပါပင်။မိခင်ကို ဆေးကုသပေးပြီး ညီငယ်လေး အလုပ်ရသွားရင်တော့ လင်းရိပ်လည်း အသက်ရှူချောင်သွားမယ် ထင်ပါရဲ့။ပြီးတော့ မိသားစုကိုလည်း လင်းရိပ် ရန်ကုန်ကိုခေါ်ချင်မိတယ်။နယ်မှာက ဆွေမျိုးသားချင်းတွေ ရှိတယ်ဆိုပေမဲ့ မိခင်အတွက် ဆေးရုံဆေးခန်းနဲ့ က ဝေးလွန်းလှတယ်လေး။အဲ့ဒါတွေထက် လင်းရိပ်မိသားစုနဲ့ အတူနေချင်တယ်။ လင်းရိပ်အိမ်ထောင်မပြုခင်မှာ မိသားစုကို အိုးနဲ့ အိမ်နဲ့ ထားပေးချင်မိတယ်။လင်းရိပ်ရဲ့ စီမံကိန်းထဲမှာလည်း အများဆုံး သုံးနှစ်ပေါ့ ။ သုံးနှစ်အတွင်းမှာ လင်းရိပ်ရဲ့စိတ်ကူးအိပ်က်တွေ အကောင်အထည်ဖော်နိုင်ဖို အစွမ်းကုန် ကြိုးစားရမှာပေါ့။ ဒီလိုကြိုးစားနေတဲ့ အချိန်မှာ ချစ်သူက ဖေ့ဘုတ်အကောင့်မှာ လင်းရိပ် အကောင့်ကို (Tag ) တွဲပြီး အ၀တ်အစားတွေ ၊အိတ်တွေ ၊ ဖိနပ်အရောင်း ပို့စ်တွေ မျှဝေလာခဲ့ရင် မသိချင်ယောင်ဆောင်နေသင့်ရင်လည်း ဆောင်နေရတာပေါ့လေ။


********************


      နှင်းသီရိလက်ထဲက ဖုန်းကို ချလိုက်ပြီး အနာဂတ်ကိုစိတ်ကူးကြည့်လိုက်မိတယ်။အနာဂတ်မှာ လင်းရိပ်နဲ့နှင်းသီရိကိုယ်ပိုင် ကမ္ဘာလေးနဲ့ နေကြမယ်။ဟိုဘက်မိဘရော ဒီဘက်မိဘရော ဘယ်မိသားစုနဲ့မှ အတူမနေချင်ဘူး ။ပြီးတော့ နှင်းသီရိ က မြို့သစ်မှာကိုယ်ပိုင်ခြံလေးနဲ့လည်း မနေချင်ပြန်ဘူး။မြို့သစ်ကမြို့ထဲနဲ့ဝေးတဲ့အပြင် လမ်းတွေက မကောင်း ၊ကွင်းခေါင်ခေါင်တွေထဲ ရပ်ကွက်လေးမှာ မနေချင်တာကအမှန်ပင်။နှင်းသီရိ စိတ်ကူးက မြို့ထဲဘက်မှာပဲ စျေးသက်သာတဲ့ တိုက်ခန်းလေးလောက်ဖြစ်ဖြစ် ငှါးနေချင်တာ။ တိုက်ခန်းမှာ နေလာသူမို့ တိုက်ခန်းမှာပဲနေချင်တယ်ပြောရမလား။ မိဘတွေရဲ့ တိုက်ခန်းမှာ ခိုကပ်နေလို့လည်းမဖြစ်လောက်ဘူး။ အခုတောင် မိဘနှစ်ပါးနဲ့နှင်းသီရိတို့ မောင်နှမသုံးယောက်မှာ အနေကျဉ်းကြပ်လွန်းတယ်လေ။


       နှင်းသီရိ စိတ်ကူးတွေပုံဖော်နေတုန်း လက်ထဲက ဖုန်းသံမြည်လာတာမို့ ကမန်းကတန်း ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ နံပတ်ကြောင့် ရင်ထဲလှိုက်ခန် ဝမ်းသာပျော်ရွှင်သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။


" ဟယ်လို ... ကိုထက် "


      နှင်းသီရိ ဖုန်းကို ကိုင်ပြီး ရွှင်မြူးမြူးလေးထူးလိုက်တယ်။


" ဟယ်လို နှင်းလေး ....တော်ပါသေးရဲ့ကွာ... ကိုယ့်ကို စိတ်ဆိုးပြီး ဖုန်းကိုင်ပါ့မလား တွေးနေတာ "


" မပြောမဆိုနဲ့ ပေါ်မလာတော့ စိတ်တော့ တိုတာပေါ့...ဒါနဲ့ ဘယ်တွေပျောက်နေတာလဲ...."


    နှင်းသီရီ မူနွဲ့နွဲ့လေသံနဲ့ ပြန်ပြောလိုက်တယ်


" ကိုယ်တောင်းပန်ပါတယ် နှင်းရယ် ...နယ်ဘက်ကို အရေးပေါ် အလုပ်ကိစ္စ ပေါ်လာလို့ ...ဒါနဲ့ ဒီညနေ တွေ့လို့ရမလား ... "


     ကိုထက်ခေါ်ရဲမင်းထက်ရဲ့ စကားကြောင့် နှင်းသီရိ စိတ်ထဲက ပျော်ရွှင်သွားပြီးလက်ခံလိုက်တယ်။ ကိုထက်က အသေးစား လုပ်ငန်းပိုင်ရှင်တစ်ယောက်။အသက်က (၃၀) ကျော်ပဲရှိသေးတာ။လွန်ခဲ့တဲ့သုံးလကျော်က နှင်းသီရိ အလုပ်လုပ်နေတဲ့ဆိုင်မှာ သူ့ရုံးခန်းအတွက် ပရိဘောဂတွေ လာဝယ်ရင်းနဲ့ စတွေ့ခဲ့ကြတာ။ရဲမင်းထက် က ရုပ်ရည် သိပ်ကြည့်ကောင်းသူ မဟုတ်ပေမဲ့၀င်ငွေကောင်းတယ်။အဲ့ဒါ့ကြောင့် နှင်းသီရိက ရဲမင်းထက် ချဉ်းကပ်လာတော့ အပြတ် မငြင်းဘဲ အသာလေးမျောထားလိုက်တယ်။နှင်းသီရိ အနေနဲ့ လက်ထပ်ရမယ်ဆိုရင် ချစ်သူ လင်းရိပ်ကိုပဲ လက်ထပ်ချင်ပေမဲ့ ကိုယ်လိုချင်တာတွေကို ဘာမဆို ဖြည့်ဆည်းပေးနိုင်တဲ့ချစ်သူတစ်ယောက်လောက် လိုချင်မိတာတော့ အမှန်ပဲ။လင်းရိပ်ကို ကြည့်လိုက်ရင် အမြဲမိသားစုအတွက် ဗျာများနေတာကို နှင်းသီရိ သဘောမကျဘူး။ခွင့်ရက်ယူပြီး ခရီးလေးဘာလေး သွားဖို့ပြောရင်လည်း အင်းမလှုပ် အဲမလှုပ်နဲ့။တစ်ခါတလေးချစ်သူကို နှင်းသီရိ စိတ်တိုင်းမကျဖြစ်မိတယ်။ ကိုယ်က မတောင်းဆိုဘဲ အလိုက်တသိ ဝယ်ပေးတဲ့ လက်ဆောင်ပစ္စည်းဆိုတာလဲဘာမှကို မရှိဘူး။ပြောလိုက်ရင်တော့ အနာဂတ်အတွက် ဆိုတာနဲ့ပဲ အမြဲကိုင် ပေါက်နေတယ်လို့ နှင်းသီရိ စိတ်ထဲ ထင်နေမိတယ်။ ဒါပေမဲ့ သေချာတာက နှင်းသီရိ ဘယ်သူနဲ့တွဲတွဲ ချစ်သူလင်းရိပ်ကိုတော့ စွန့်ပစ်ဖို့စိတ်ကူးမရှိဘူး။လင်းရိပ်က နှင်းသီရိရဲ့ အပိုင်ပဲ ဖြစ်စေရမယ်လို့ နှင်းသီရိခံယူထားပြီးသားပင်။


     တစ်ဖက်က ရဲမင်းထက် ဖုန်းချသွားတော့ နှင်းသီရိ ချစ်သူဆီကို ဖုန်းခေါ်လိုက်တယ်။


"ဟယ်လို နှင်း ပြောလေ "


     လင်းရိပ်ရဲ့ အသံချိုချိုလေးကို နှင်းသီရိ ကြားလိုက် ရတယ်။နှင်းသီရိ အသံကို အီအီ ချိုချိုလေးဖြစ်အောင် ပြောလိုက်တယ်။


" မောင် ... ညနေ လာမကြိုနဲ့တော့နော်... အိမ်က ညနေ စောစော ပြန်လာဖို့ ဖုန်းဆက်လို့လေ ... နောက်နေ့မှ တွေ့ရအောင်နော်... "


     ချစ်သူနဲ့ ဖုန်းပြော ပြီးလို့ ချလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် နှင်းသီရိ ညနေ အတွက် ကြိုတင်ပြင်ဆင်ဖို့ စဉ်းစားလိုက်တယ်။


**********************


    အနီရင့် စိတ်နဲ့ လူမကပ်သလို့ လမ်းလျှောက်လာခဲရင်း နှစ်လွှာတိုက်ခန်းပေါ်ကို ရောက်မှန်း မသိရောက်လာခဲ့တယ်။ကိုဘုန်းကတော့ အနီရင့်ကို တိုက်ခန်းရှေ့မှာ ချပေးခဲ့ပြီးပြန်သွားခဲ့ပြီ။အနီရင့် ဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်နေလဲ ကိုဘုန်းစိတ်မဝင်စားမှန်းအနီရင့် သိတယ်။


     အနီရင့်တိုက်ခန်းသော့ကို ဖွင့်နေရင်း တစ်နေ့လုံး ကြုံခဲ့ရတာတွေကို ပြန်မြင်ယောင်နေမိတယ်။


" သူက ဘာလာလုပ်တာလဲ "


   အနီရင့်ရဲ့ အစ်မတစ်ဝမ်းကွဲ ကေဇင်ကျော်ရဲ့ အမေးကို သူမရဲ့မိခင်ကမဲ့ကာရွဲ့ကာနဲ့ ပြန်ဖြေလိုက်တယ်။


"နင့် အဘွား ခေါ်လိုက်တာမှာပေါ့ "


" အဘွားက ဘာလုပ်ဖို့ခေါ်တာလဲ အမေ ...ကြည့်ရတာ အဘွားက သူ့သား အကြီး ငွေရှာနိုင်တော့ သူ့သားဘက်ကို ပါသွားပြီး ထင်တယ်... ပြီးတော့ ကြီးကြီးလဲ ဘာထူးလဲ အရင်ကနဲ့ ကို မတူဘူး...အနီရင့်လာရင် အသံကို ချိုနေတာပဲ ....တိုက်ခန်းလေးတစ်ခန်းပိုင်ပြီး.. ဖအေက လစဉ်ငွေထောက်ပံ့နေတယ်ဆိုတာနဲ့ မာန်တက်နေတာကြည့်လို့ကို မရဘူး "


" ထားလိုက်ပါ သမီးရယ် ... သူဘယ်လောက် မာန်တက်နိုင်မှာလဲ ... သူ့အဖေဆိုတာကလဲ ဟိုမှာအိမ်ထောင်ပြုလိုက်ပြီမို့ အရင်လို ငွေမပို့ပေးနိုင်တော့ ပါဘူးအေ ... မောင်မြတ်ဘုန်းရှိနေလို့ ဟန်မပျက်နေနိုင်နေတာပါအေ "


"ဒါနဲ့ ကိုဘုန်းနဲ့ သူက ဘယ်တော့ လက်ထပ်ကြမှာတဲ့လဲ...အမေ သတင်းကြားမိသေးလား "


      ကေဇင်ကျော်ရဲ့ အမေးကြောင့် မိခင်ဖြစ်သူက သမီးဖြစ်တံ့ကေဇင်ကျော်ကို ကြည့်လိုက်ပြီး


" သမီးမေးမှပဲ သတိရမိတယ် ...ကြည့်စမ်းအရေးကြီးတဲ့ စကားကို မေ့နေခဲတာ...ဟိုနေ့က မကေသီနဲ့ စကားပြောဖြစ်ကြတော့ မကေသီက စသလို နောက်သလို့ သမီးကေဇင်လေးကို ချွေးမတော်ရရင် သိပ်ကောင်းမှာပဲလို့ ...စကားလမ်းကြောင်း နေသေးတာ "


" ဟယ်...တကယ်လားအမေ ...အန်တီ ကေသီက  အဲ့ဒီလိုပြောတာလားဟင် "


     အခန်းထဲက အသံတွေကို အနီရင့် ဆက်ပြီး နားမထောင်ချင်တော့ဘူး။အနီရင့်အနေနဲ့ အခြားသူတွေနဲ့အဆင်မပြေပေမဲ့ မကေဇင်ကိုတော့ ယုံကြည်မိခဲ့တာအမှန်ပါ ပင်။တကယ်တော့ မကေဇင်ကလည်း ဒီပုတ်ထဲကဒီပဲမို့  ရှေ့တစ်မျိုးကွယ်ရာ တစ်မျိုးလူစားပါပင်။ဘာပဲဖြစ်ဖြစ် ကို ဘုန်းရဲ့အမေ အန်တီကေသီရဲ့ အတွင်းစိတ်ကိုပါ သိလိုက်ရတာကတော့ ဒီအိမ်ကို ပြန်လာခဲ့တဲ့ အမြတ်ပဲလို့ အနီရင့်တွေးလိုက်မိတယ်။


********************


"လုပ်ပါ မြေးလေးရေ ... သမီးပြောရင် သမီးအဖေက လက်ခံမှာပါ "


     အဘွားက အနီရင့်လက်ကို ဆွဲပြီး တတွတ်တွတ် ပြောနေတယ်။ကြီးတော် အပျိုကြီးကလည်း ဘေးတစ်ဖက်က ကပ်ထိုင်ပြီး တတွတ်တွတ်ပြောနဲ့ ကြာတော့ အနီရင့် ခေါင်းတွေပါ ကိုက်လာတယ်။


" ငါ့တူမ ပြောရင် လက်ခံမှာ သေချာတယ်... ပြောပေးပါနော်သမီး ....အချိန်တန်တော့ လည်း ဒီအိမ်က ငါ့တူမတို့ပဲ ရမှာပဲ မဟုတ်လား ... အခုဟာက သမီးဦးလေးမသိအောင် သမီးရဲ့အဘွားနဲ့ ကြီးကြီးက ပေါင်ထားမိလို့ပါကွယ်..."


    အဘွားနဲ့ ကြီးကြီးရဲ့ ကြားမှာ အနီရင့် ဘာမှပြန်မပြောမိဘဲ ခေါင်းကိုပဲ တွင်တွင် ငုံ့ထားမိတယ်။


" ဒါမှမဟုတ် ...သမီးရဲ့ တိုက်ခန်းကိုရောင်းထုတ်လိုက်ပြီး အိမ်မှာလာပြန်နေလေ ... အမွေခွဲတဲ့ အခါကျတော့ သမီးကို ပိုပေးမှာပေါ့ကွယ် ... "


   ကြားလိုက်ရတဲ့ စကားကြောင့် အနီရင့် စိတ်တိုသွားရပြီး ထိုင်ရာကနေ ဆတ်ခနဲ ထရပ်လိုက်မိတယ်။


" အဖေ့ကို ပြောကြည့်ပေးပါ့မယ် ... ဒါပဲ ပြောချင်တာ မဟုတ်လား ..သမီး ပြန်တော့မယ် "


" ပြန်တော့ မလို့လား ...ထမင်းစားသွားအုံးလေ "


    ဝတ်ကျေတမ်းကျေပြောလိုက်တဲ့ စကားလုံးတွေကို ကျောခိုင်းပြီး အနီရင့်အခန်းထဲက အမြန်ဆုံးထွက်ခဲ့လိုက်တယ်။ အနီရင့်ရဲ့အဘွားနဲ့ကြီးတော်တို့က အနီရင့်နဲ့ပတ်သက်လာရင် အမြဲဒီလိုပါပဲ။ ကိုးတန်းကျောင်းသူ ဘဝကနေ ဘွဲ့ရတဲ့ အထိ နှစ်ပေါင်းများစွာ အတူနေခဲ့ပေမဲ့ အနီရင့်အပေါ်မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမရှိတာ အနီရင့် သိပြီးသားပါ။အဖေက အနီရင့်အတွက် စရိတ်ငွေ ဘယ်လောက် ပို့ပို့ အနီရင့်မသုံးရ။ မစားရ။ယုတ်စွအဆုံး အိမ်မှာ ဟင်းကောင်းချက်ရင်တောင်မကေဇင်တို့ မောင်နှမကိုပဲ ခိုးကျွေးတတ်တာကို အနီရင့်က သိပြီးသားပင်။ဒါတွေကို အနီရင့်မသိချင်ယောင်ဆောင်ပြီးနေခဲ့တာ။ အဘွားအိမ်မှာ နေခဲ့တဲ့ တစ်ချိန်လုံး အနီရင့် သည်းခံခဲ့တယ်။အစားအသောက်က အစ အတ်အစား အဆုံး အဘွားတို့ကျွေးသမျှ ဆင်သမျှနဲ့ ကျေနပ်ခဲ့ရတာ။ အဲ့ဒီအချိန်တွေတုန်းက ကိုဘုန်းသာ အနားမှာ မရှိခဲ့ရင် အနီရင့် ဒုက္ခ ဘယ်လောက်များမလဲဆိုတာ တွေးတောင် မတွေးရဲဘူး။ ဒါကြောင့်မို့ပင် အနီရင့်အနေနဲ့ ကိုဘုန်းကို အားကိုးခဲ့မိတယ်။ ယုံကြည်ခဲ့မိတယ်။ ဖခင်ဖြစ်သူနိုင်ငံခြားမှာ အိပ်ထောင်ပြုလိုက်တဲ့ သတင်းကို ကြားရတဲ့နေ့ကစလို့ ကိုဘုန်းက အနီရင့်ရဲ့ ကမ္ဘာမှာ တစ်ယောက်တည်းသော ချစ်ရသူ။ တစ်ယောက်တည်းသော ယုံကြည်ရသူ ဖြစ်လာခဲ့တယ်။အနီရင့် ဘွဲ့ရပြီးတော့ အဖေ့ကို တိုက်ခန်းတစ်ခန်း ဝယ်ပေးခိုင်းပြီး အိမ်ပြောင်းလာခဲ့တော့လည်း ကိုဘုန်းက အားပေးကူညီခဲ့တယ်။အနီရင့်သိသလောက် အရင်တုန်းက ကိုဘုန်းက အနီရင့်အပေါ် သိပ်ကို ကောင်းခဲ့သလို နားလည်မှုအပြည့်လည်း ပေးခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ကိုဘုန်းပုံစံတွေ ပြောင်းလာခဲ့တယ်။အပြင်မှာ ကောင်မလေးတွေနဲ့ တွဲသွားတွဲလာ လုပ်တဲ့ သတင်းတွေ လည်းကြားရတယ်။ဒီလိုသတင်းတွေကြောင့် အနီရင့် စိတ်တို ခဲ့ရပေမဲ့ ကိုဘုန်းကို ဖွင့်မမေးရက်ခဲ့ဘူး။ ကိုဘုန်းပြောသမျှကို လက်ခံယုံကြည်ပေးခဲ့တယ်။ ဒါပေမဲ့ ကိုဘုန်းပုံစံက တဖြည်းဖြည်းနဲ့ သိသိသာသာကို ပြောင်းလဲ အေးစက်လာတာကို အနီရင့် သိနေခဲ့တယ်။တကယ်ဆို ဒီနေ့ ကိုဘုန်းတို့အိမ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကိုဘုန် ဘယ်လောက်အထိပြောင်းလဲလာတယ်ဆိုတာ အရမ်းကို သိသာနေခဲ့တယ်။


#################


အပိုင်း ( ၅ ) ဆက်ရန်


ဧကြည်ဖြူ


rate now: