ဧကြည်ဖြူ
"ရင်ဘက်ပေါ်က နှင်းဆီ "
*******************
မူမူနွဲ့နွဲ့ဟန်နဲ့ တစ်လှမ်းချင်း လှမ်းလျှောက်လာတဲ့ နှင်းသီရိက ပန်းဆီရောင် ဝမ်းဆက်လေးနဲ့လှချင်းတိုင်းကို လှနေခဲ့တယ်။ လင်းရိပ် နှင်းသီရိကို ငေးမောကြည့်နေခဲ့မိတယ်။ လင်းရိပ်ရဲ့ ဘ၀မှာအချစ်ကအရေးမပါဘူးလို့ ထင်ခဲ့မိဘူးတယ်။ ဒါပေမဲ့ ရန်ကုန်ရောက်ပြီး နှင်းသီရိ နဲ့ ဆုံခဲ့ရချိန်မှာ နှင်းသီရိရဲ့အလှကြောင့်ပင်လား လင်းရိပ် ရင်ခုန်သံတွေ မြန်ခဲ့ရတယ်။ လင်းရိပ်က နယ်ဘက်ကနေ ရန်ကုန်မှာအလုပ် လာလုပ်တာ။နှင်းသီရိက ရန်ကုန်သူ ။ နှစ်ယောက်သား အရောင်း မာကတ်တင်းဆင်းရင်း အမှတ်မထင်တွေ့ဆုံခဲ့ကြရတာ။တွေ့တွေ့ချင်းနှစ်ယောက်သား အကြည့်ချင်းဆုံရင်တွေခုန်ပေါ့။နောက်တော့ သူ့ဆိုင်ကိုယ့်ဆိုင် ကြေညာဝင်ပြီး ဖုန်းနံပတ်ချင်းဖလှယ်ကြတာပေါ့လေ။လင်းရိပ်ဆိုတာကလဲ နယ်ကလာတယ်ဆိုပေမဲ့ အရပ်အမောင်းရော ရုပ်ရည်ရော အဖြစ်ပြောစရာမရှိအောင် ကြည့်ကောင်းတဲ့သူလေ။
" မောင် ဘာတွေ ကြည့်နေတာလဲ သွားမယ်လေ "
နှင်းသီရိက သူမကို တမေ့တမော ငေးကြည့်နေတဲ့ ချစ်သူလင်းရိပ်ရဲ့လက်ကို ဆွဲပြီးပြောလိုက်တယ်။
ဒီတော့မှ လင်းရိပ်လည်း သတိဝင်လာပြီး ချစ်သူလေးကို အပြုံးနဲ့ နှုတ်ဆက်လိုက်ရတာပေါ့။
" မောင့်ရဲ့ချစ်သူက လှလွန်းလို့ငေးကြည်နေမိတာပါကွာ...အခုမောင်တို့ ဘယ်သွားကြမလဲ ...အင်းလျား ဘက်သွားမလား ...မုန့်သွားစားကြမလား "
"အင်း ...ဂမုန်းပွင့်ကို သွားရအောင် မောင် ...နှင်းဝယ်စရာလေး နည်းနည်း ရှိလို့ "
နှင်းသီရိရဲ့ စကားကြောင့် လင်းရိပ် ကျောပိုးအိတ်လေးကို ယောင်ယမ်းပြီး ဖျစ်ညှစ်လိုက်မိတယ်။တော်သေးတာက မနက်က အိမ်ကို ငွေအကုန်မလွှဲဘဲ ချန်ထားမိလို့ပေါ့။ ဒီလိုဆိုတော့ ညတုန်းက ငွေ ပိုပိုသာသာပေးလိုက်တဲ့ ခပ်ကြောင်ကြောင် အမျိုးသမီးကို ပြေးပြီး သတိရလိုက်မိတယ်။
*****************
ဂမုန်းပွင့်ကုန်တိုက်ထဲကို ၀င်တော့ နှင်းသီရိရံ့ခြေလှမ်းတွေက သွက်လက်မြန်ဆန်နေပေမဲ့ လင်းရိပ်ရဲ့ ခြေထောက်တွေကတော့ ခဲဆွဲခံထားရသလို လေးပင်နေမိတယ်။တကယ်တော့ ကိုယ်ချစ်ရတဲ့သူပဲ လင်းရိပ်ဝယ်ပေးချင်တာပေါ့။ဝယ်ပေးချင်တာမှကမ္ဘာအကောင်းဆုံးပစ္စည်းတွေကိုပဲ ဝယ်ပေးချင်တာ။ ဒါပေမဲ့ လင်းရိပ် ဝင်ငွေက အဲ့လောက်မရှိဘူးလေ။ မိသားစုရဲ့စရိတ် ၊ လင်းရိပ်ရဲ့ စရိတ် ၊ချစ်သူအတွက် ဟိုဟာဒီဟာဝယ်ပေးတဲ့ စရိတ်တွေ ပေါင်းလိုက်ရင်တစ်လ ထွက်ငွေက ဆယ်သိန်းနီးပါးပင်ကပ်နေမလားမသိ။ လင်းရိပ် လုပ်အားခက တစ်လမှ လေးသိန်း အိုဒီကြေး ဘာညာပေါင်းမှ ငါးသိန်းလောက်ရတာ။ရှင်းရှင်းပြောရရင် ရင်ဘက်မှာနှင်းဆီပွင့် ထိုးပြီး မိန်းမတွေကို မြူဆွယ်ရတဲ့အလုပ်ကို လင်းရိပ် မလုပ်ချင်ဘူး။ ဒါပေမဲ့ လင်းရိပ်အခြေအနေက မလုပ်လို့မဖြစ်။ ဒါကြောင့်မို့ လင်းရိပ် ကိုယ့်အသုံးစရိတ်ကို တတ်နိုင်သမျှ ချွေတာသုံးပြီး တစ်လမှ နှစ်ခါ ၊ အများဆုံး သုံးခါပဲ အလုပ်လုပ်တယ် ။ ဒီထက် မပိုဘူး ။ အထူးသဖြင့် ရောဂါဆိုးကြီးရသွားမှာ ၊တစ်ခုခုအမှားအယွင်း ဖြစ်သွားမှာကို ကြောက်နေမိတယ်။ အကာအကွယ်တွေ သုံးနေတယ်ဆိုပေမဲ့ ကံကြမ္မာ အပါအဝင် ဘယ်အရာကိုမှ ယုံကြည်လို့မရဘူး မဟုတ်လား။ပြီးတော့ ချစ်သူနှင်းသီရိသာသိသွားခဲ့ရင် ဆိုတဲ့အတွေးတွေကလည်း လင်းရိပ်ကို အမြဲခြောက်လှန့်နေခဲ့တယ်။ဒါကြောင့်မို့လည်း ဒီဘဝကနေ ရုန်းထွက်နိုင်ဖို့ လင်းရိပ် အမြဲကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။အမေ့ရဲ့ ကျန်းမာရေ၊မိသားစု အသုံးစရိတ်၊ ချစ်သူရဲ့လိုအပ်ချက်တွေက လင်းရိပ်ကို ဒီနွံထဲကိုပဲတွန်းပို့ပေးနေလေ ရောသလားမသိ။ မစွပ်စွဲရက်ပါ။ ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုအတွက် လင်းရိပ် ဘယ်သူ့ကို မှ အပြစ်မတင်ချင်ပါလေတော့။
" ( ၅၂၀၀၀) ပါရှင် "
ကောင်တာမှ စာရေးမလေးရဲ့ အသံက လင်းရိပ်နားထဲကို စူးခနဲ ၀င်ရောက်လာတယ်။ လင်းရိပ် ချစ်သူကို မသိမသာအကဲခတ်လိုက်တော့ သူမက လွယ်ထားတဲ့ စလင်းဘတ်အိတ်လေးကို ဖွင့်မယောင်နဲ့ခေါင်းကို ငုံ့ထားတယ်။ လင်းရိပ် သက်ပြင်းမချမိပါ။ကျောပိုးအိတ်ထဲက ပိုက်ဆံကိုထုတ်ပြီး ငွေရှင်းပေးလိုက်တယ်။ပြီးတော့ ကောင်တာပေါ်က အိတ်ထုတ်လေးကို ကောက်ယူလိုက်ပြီး ချစ်သူလက်ကိုဆွဲလို့ ကုန်တိုက်ထဲက အမြန်ဆုံးပြန်ထွက်ခဲ့တယ်။ဘယ်မှာလည်း အိပ်မက် ။ဘယ်မှာလည်း အနာဂတ်။ လင်းရိပ်ရဲ့ မျှော်လင့်ချက်အိပ်မက်တွေက ဓါတုဆေးဝါးတွေရဲ့အောက် ၊ ပြီးတော့ အလှပြင်ပစ္စည်းတွေ ၊ အိတ်တွေ ၊ ဖိနပ်တွေနဲ့ အဝတ်အစား တောက်တောက်ပပတွေ အောက်မှာ အမြဲ မှေးမှိန်ပျောက်ကွယ်ခဲ့ရမြဲ။ သေချာတာက မကြာခင်ရက်ပိုင်းအတွင်းမှာ လင်းရိပ်ရဲ့ရင်ဘတ်ပေါ်မှာ နင်းဆီတစ်ပွင့် မထိုးမဖြစ် ထိုးရအုံးမယ်ဆိုတာပါပဲ။
**********************
အနီရင့် မှန်တင်ခုံရှေက ခုံပုလေးမှာထိုင်နေမိပြီး ခုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကိုဘုန်း ကို ငေးကြည့်ပြီး စဉ်းစားတွေးတောနေမိတယ်။အနီရင့်နဲ့ ကိုဘုန်းတို့ ချစ်သူသက်တမ်းက မကြာခင် ဆယ်နှစ် တင်းတင်းပြည့်တော့မယ်။ကိုဘုန်း အနေနဲ့ ခုချိန်ထိ အနီရင့်ကို လက်ထပ်ခွင့် မတောင်းသေး။တစ်ခါတော့ လက်ထပ်ဖို့အကြောင်းကို အနီရင့်ကပ် မိန်းမတန်းမဲ့အရင်စပြောမိသေးတယ်။ပြောတော့လည်း ပြောတာပဲ အဖက်တင်တယ် ။ကိုဘုန်းပုံစံကအင်းမလှုပ်အဲမလှုပ်နဲ့လေ။ မိသားစုကိုပဲ စိတ်မချသလိုလို ပုံနဲ့လေ။ မိသားစုကို စိတ်မချရအောင် ကိုဘုန်းတို့မိသားစုက ကျိကျိတက်ချမ်းသာသူတွေမဟုတ်ပေမဲ့ ကိုယ်ပိုင် လုပ်ငန်းတွေနဲ့ လေ။ကိုဘုန်းက သားအကြီးဆုံးဆိုပေမဲ့ ကိုဘုန်းရဲ့ ညီ ရော ညီမပါ လုပ်ငန်းခွင်ထဲဝင်နေကြပြီမို့ မိသားစုကို သိပ်ပူစရာမရှိတာလည်း အမှန်။ပြီးတော့ကိုဘုန်းရဲ့ ဖုန်းအရောင်းဆိုင်က ဆိုင်ခွဲတွေပါ ဖွင့်ထားရတဲ့အထိ လုပ်ငန်း အောင်မြင်နေတာကို ရှယ်ယာထည့်ထားတဲ့ အနီရင့်က မသိဘဲနေမတဲ့လား။တစ်ခါတလေ အနီရင့်တွေးမိတာက ကိုဘုန်းကအနီရင့်ကိုမချစ်တော့တာလား။ ဒါမှမဟုတ် အနီရင့်ဆီမှာ အိပ်ချင်တဲ့အချိန် လာအိပ်ခွင့်ရနေတော့ လက်ထပ်ယူရလောက်အောင် တန်ဖိုးမထားတော့လားဆိုတဲ့ အတွေးတွေပဲ မကြာခဏ တွေးနေမိတယ်။
အချစ်စစ် ဆိုတာဘာလဲ။ချစ်ရသူရဲ့ လိုအင်တွေကို ဖြည့် ဆည်းပေးနိုင်တာက အချစ်စစ်လား။ချစ်သူကို အချိန်ကြာမြင့်စွာ စောင့်နေနိုင်တာက အချစ်စစ်လား။သွေးသားရမ္မက်ဖြစ်ပေါ်စေတာက အချစ်စစ်လား။သေချာတာက အချစ်စစ်နဲ့ချစ်ကြတဲ့ချစ်သူစုံတွဲတွေ ဆိုတာ ဘယ်လို ပုံစံမျိုးလဲ အနီရင့်လည်မသိပါ။အနီရင့် ကိုးတန်းကျောင်းသူ ဘဝမှာ မိခင်ဆုံးသွားခဲ့တာမို့ ဖခင်ဖြစ်သူရဲ့ ဆွေးမျိုး သားချင်းများအိမ်ကို အနီရင့်တို့သားအဖ ပြောင်းရွေ့ခဲ့ကြတယ်။အဲ့ဒီအိမ်မှာ ဖခင်ဖြစ်သူရဲ့ အမေရယ်၊ အစ်မ အပျိုကြီးရယ် ၊ ညီ မိသားစုရယ်ရှိတယ်။တစ်အိမ်ထဲမှာ မိသားစုအားလုံး စုနေတာဟာ ပျော်စရာကောင်းတာလား မကောင်းဘူးလားဆိုတာကို အနီရင့် မနေဘူးလို့ မသိခဲ့တာအမှန်ပင်။အဘွားတုန်း အိမ်ရောက်တော့ ခေါင်းရင်းခြံ မှာနေတဲ့ကိုဘုန်းနဲ့ ဆုံစည်းခဲ့ရတယ်။
****************
"ဒါဆို မင်းက ...ငါ့ကို ကလေးလာထိန်းခိုင်းတာပေါ့လေ ဟုတ်စ င နိုင်ရဲ့ "
"ဟာ ...အဲ့ဒီလို မဟုတ်ပါဘူးအမေရယ်...ဘာပဲဖြစ်ဖြစ် အမေ့အိမ်မှာက သူစိမ်းယောကျာ်းလေး မရှိဘူးလေ... ဟိုဘက်က သူ့အဒေါ်တွေကခေါ်ပေမဲ့ သူစိမ်းယောကျာ်းတွေ ရှိတော့ မထားချင်ဘူး.... ပြီးတော့ သမီးလေးက လိမ္မာပါတယ် အမေရဲ့ "
"အေး ပြောတာပဲ ...ငါအဘွားကြီးက အသက်ကြီးမှ ဒုက္ခတော့ မများချင်ဘူးနော် ...မနိုင်ရင် မင်းပြန်လာခဲ့...ဒါနဲ့ မင်းက ဘယ်လောက်ကြာမှာလဲ "
" သုံးလေးနှစ်ပါပဲ အမေ ... သမီးလေး တက္ကသိုလ်တက်တဲ့ အခါ မပူမပင် အေးအေးဆေးဆေး တက်စေချင်တယ်... အဓိက ကအမေ့ကို လည်း ထောက်ပံ့ပေးချင်တယ် "
"အမလေး တော်ပါ ငနိုင်ရယ် မထောက်ပံ့ရင်နေပါ ဒုက္ခမပေးရင်ရပါပြီ "
အဖေနဲ့ အဘွားတို့ ပြောနေတာတွေကို အခန်းအပြင်က နားထောင်ရင်း အနီရင့် ငိုချင်လာမိတယ်။အမေမရှိတော့လို့ ဝမ်းနည်း ကြေကွဲနေရချိန်မှာ အဖေကပါ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ဆိုတော့ အနီရင့်ရင်ထဲမှာ ဖြေမဆည်နိုင်အောင် ဖြစ်နေမိတယ်။"မသွားပါနဲ့ အဖေရယ်... ဒီမှာပဲ သမီးတို့အတူတူ အလုပ်လုပ်ကြတာပေါ့ "လို့ ဖခင်ဖြစ်သူကို ပြောခဲ့ပေမဲ့ အနီရင့် မအောင်မြင်ခဲ့ပါ။ ဆုံးဖြတ်ပြီးသွားရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အဖေက အနီရင့်ကို အဘွားတို့အိမ်မှာ ထားရစ်ခဲ့ပြီး တိုင်းတစ်ပါးကို ရအောင် ကိုထွက်သွားခဲ့ပါတယ်။
********************
" ဟိတ် ဘာလုပ်နေတာလဲ "
အနီရင့် စိတ်ညစ်ညစ်နဲ့ ခြံနောက်ဘက်မှာ လာထိုင်နေတုန်း ဘေးခြံက အသံကြောင့် မော့ကြည့်လိုက်တော့ ကိုဘုန်းကိုတွေ့လိုက်ရတယ်။အဖနိုင်ငံခြားထွက်သွားပြီးကတည်းက ကိုဘုန်းက အနီရင့်အတွက် အားကိုးရတဲ့တစ်ဦးတည်းသောသူပါပဲ။အဖေ့အဖေ့အမျိုးတွေရဲ့ လူတွေရှေ့တစ်မျိုး လူတွေနောက်ကွယ်မှာတစ်မျိုး ဆက်ဆံတတ်တာကို ခံနိုင်ရည်ရှိနေတာက ကိုဘုန်းရှိနေလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ကိုဘုန်းက တက္ကသိုလ်ကျောင်းသား။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ။အနီရင့်က ဆယ်တန်းကျောင်းသူ။ဒါပေမဲ့ အနီရင့်တို့ အချိန်အားတိုင်း တပူးတွဲတွဲ ရှိခဲ့ကြတယ်။
"ဘာလဲ ...အဘွားနဲ့ စကားများ ပြန်ပြီလား အရူးမလေး "
" အင်း "
ကိုဘုန်း အမေးကို အနီရင့် ခေါင်းကို ငြိမ့်ပြီး ဖြေလိုက်တယ်။
"ကဲပါကွာ စိတ်မကောင်းဖြစ်မနေနဲ့ ...ထွက်လာခဲ့ ကိုမုန့်လိုက်ကျွေးမယ်နော် "
ကိုဘုန်း စကားကြောင့် အနီရင့် ရင်ထဲက ဝမ်းနည်းတာတွေက ချက်ချင်း ပျောက်ပျက်သွားတယ်။စာအုပ်လေးကိုကိုင်ပြီး ခြံရှေ့ကို ရွှင်းမြူးစွာတွယ်ခဲ့လိုက်တယ်။အနီရင့်ထွက်လာတာကို ဦးလေးရဲ့ မိန်းမက မျက်ထောင့်နီကြီးနဲ့လှမ်းကြည်နေတာကို သိပေမဲ့ အနီရင့် မသိချင်ယောင်ဆောင်ပြီးကျောခိုင်းပစ်လိုက်တယ်။ အဘွားအပါအဝင် ကြီးတော်နဲ့ဦးလေးပါ မက ဦးလေးရဲ့ သားနဲ့သမီးကပါ အနီရင့်ကို ဆိုရင် အပြစ်ပြောချင်တဲ့ မျက်လုံး တွေနဲ့ပဲ ကြည့်နေကြတာလေ။ မသိရင် သူတို့လုပ်စာကို အနီရင့်က အခန့်သား ထိုင်စားနေတဲ့ပုံမျိုးနဲ့။ အဖေနိုင်ငံခြားကို ထွက်သွားပြီးတစ်လကျော်မှာပဲ အနီရင့်အတွက် စရိတ်ရယ် အဘွားအတွက် သုံးဖို့ ငွေပါ ပို့ပေးတာကို အနီရင့် မသိဘဲနေမလား။ သိတာပေါ့။အဖေပို့တဲ့ ငွေထဲကနေ အနီရင့်ကို မသဒ္ဓါရေစာ အစွန်းထွက်လောက်လေးပေးတာကိုလည်း အနီရင့်သိတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ပြောချင်စိတ်မရှိလို့ အနိုရင့် မပြောခဲ့တာကို အဘွားတို့က အနီရင့်ကို အတယ်ထင်နေကြတာ။ အဖေပို့တဲ့ ဖိုက်ဆံထဲကနေ ဦးလေးရဲ့သားနဲ့သမီးအတွက် ပစ္စည်းအမျိုးမျိုးကို အဘွားဝယ်ပေးနေတာလည်း အနီရင့်သိတာပေါ့။အနီရင့်မှာတော့ အမေရှိတုန်းကဝယ်ပေးခဲ့တဲ့ အဝတ်အစားတွေကို ဝတ်နေရတာ။"ကျောင်းမှာပွဲရှိလို့ အဝတ်တစ်စုံလောက် ဝယ်ပေးပါလား အဘွား " လို့အရဲစွန့်ပြောမိတော့ မကေဇင်ရဲ့ မတော်တော့တဲ့အဝတ်တွေကို အထုပ်လိုက်ကြီးလာပေးသွားတယ်။ မကေဇင်ဆိုတာက ဦးလေးရဲ့ သမီးကြီးပေါ့။အနီရင့်ထက် တစ်နှစ်ကြီးတယ်လေ။ လူတွေပြောပြောနေတဲ့ အတူနေ မြေးနဲ့ အတူမနေတဲ့မြေး ကွာခြားတာ ဆိုတာ ဒါပဲဖြစ်မယ်ထင်ပါတယ်။ဒီကြားထဲ မကေဇင်နဲ့ သူ့အမက ဆွေမျိုးတွေစုံရင် သူတို့က အနီရင့်ကို အဝတ်အစားက အစပေးဝတ်ထားတယ်ဆိုပြီး အသံကောင်းဟစ်ကြသေးတာ။အနီရင့်မှာ ဒါတွေကို ဖခင်ကြီးသိအောင် ပြောချင်ပေမဲ့ ပြောခွင်မသာခဲ့ဘူး။ နိုင်ငံခြားက အဖေ့ဖုန်းလာပြီဆိုရင် အဘွားနဲ့ကြီး တော်အပျိုကြီးကပဲ ဒိုင်ခံပြောတာ။ သူတို့ပြောလို့ ကျေနပ်မှ အနီရင့်ကို ဖုန်းပေးတာ။ဖုန်းပေးပြီးတော့လည်း အဝေးကို သွားတာမဟုတ်ဘူး။အနားမှာ ငုတ်တုတ်ထိုင်စောင့်နေကြတာလေ။
"နိုနေတာ ကြာပြီလား ...ဘာထိုင်လုပ် နေတာလဲ ရေချိုး လေကွာ... ဒီနေ့ အိမ်ကို လိုက်ခဲ့လို့ပြောပြီး သားလေ "
အနီရင့် ခုံပေါ်မှာထိုင်ပြီး အတွေး အိမ်ထဲ နစ်မျောနေတုန်း ကိုဘုန်းရဲ့ စကားသံကြားလိုက်တာမို့ ရေချိုးဖို့ ပြင်လိုက်ရတယ်။
" ဒီနေ့တော့ အနက်ရောင်မဝတ်နဲ့နော် "
ရေချိုးခန်းထဲ၀င်ခါနီး ကြားလိုက်ရတဲ့ ကိုဘုန်း စကားကြောင့် အနီရင့် မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိတယ်။
*********************
ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ထွက်လာတော့ အချိန်က နေလယ်နှစ်နာရီကျော်။လင်းရိပ် ဗိုက်ထဲမှာလည်း တဂွီဂွီမြည်လို့ပေါ့။ဒီနေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို မာကတ်တင်းဆင်းလာတာ။အင်ဂျင်နီယာနဲ့ တွေ့အောင် စောင့်နေရတာမို့ ဗိုက်ဆာနေပေမဲ့ ဂရုမစိုက်အား ခဲ့။ဒီဆောက်လက်စတိုက်ကြီး ပြီးသွားတဲ့အခါ လင်းရိပ်တို့ဆိုင်က ပစ္စည်းတွေကို သုံးဖို့အရေး ရှင်းပြပြောပြရတာပေါ့။တစ်ခါတလေ အင်ဂျင်နီယာက ဆောက်လုပ်ရေးပိုင်းပဲတာဝန်ယူရတာဖြစ်ပြီး အိမ်တွင်းဒီဇိုင်းကို သူဋ္ဌေးတွေကိုယ်တိုင်က ပြင်ဆင်မှာဆိုရင် သူဋ္ဌေးရဲ့လိပ်စာကို ရအောင်း စုံစမ်းပြီးသူဋ္ဌေးဆီကို ထပ်လိုက်ရသေးတာ။ဒီကြားထဲ သူဋ္ဌေး ကိုယ်တိုင်စိတ်ကြိုက် ပြင်ဆင်မှာမဟုတ်ဘဲ ဒီဇိုင်နာဆီမှာ အပ်ထားတာဆိုရင် တစ်ခါ ထပ်လိုက်။လူတွေအမြင်မှာ သာ ကိုယ်ပိုင်ရုံးကားနဲ့ ကျော့ကျော့လေးသွားရတာဆိုပေမဲ့ အိမ်တစ်လုံးစာအတွက် အနည်းဆုံး သိန်းရာချီဖိုး ရောင်းရရေးက လွယ်တော့ ဘယ်မလွယ်ပါ့မလဲ။အိမ်တစ်လုံးစာအတွက် အော်ဒါရပြီဆိုပါတော့ သူဋ္ဌေးတွေရဲ့ အိမ်ဆိုတာ အနည်းဆုံး အခန်းငါးခန်းလောက်ပါတယ်။ အခန်းတိုင်းမှာလည်း ရေချိုးခန်း၊ အိမ်သာပါ ထည့်ထားတတ်တယ်။တစ်ချို့ဆို အိမ်က အလုပ်သမားတွေအတွက်က တစ်ခန်းနဲ့ ရှောင်တခင် ဧည့်သည်တွေလာရင် သုံးဖို့ပါသီးသန့်လုပ်ပေးထားကြတာလေ။ တစ်ခုတော့ ရှိတာပေါ့။အိမ်အလုပ်သမားတွေအတွက်ကတော့ ဈေးနည်းနည်းချိုတဲ့ ပစ္စည်းတွေပဲ သုံးကြတာပေါ့လေ။
လင်းရိပ် ကားပေါ် ရောက်တာနဲ့ ကျောပိုးအိတ်ထဲက ပေါင်မုန့်ထုပ်ကို ဖောက်ပြီး ပေါင်မုန့်ကို ရေနဲ့မျှောချလိုက်တယ်။ ကားဆရာက လင်းရိပ်ကို စာနာတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။
"ဗိုက်ဆာနေရင် ထမင်းဝင်စားလိုက်ပါလား ညီ...ဟိုရှေ့ လမ်းဆုံနားက ထမင်းဆိုင်တွေ ဈေးသက်သာပါတယ်ကွ..."
ကားဆရာရဲ့ အပြောကို လင်းရိပ်ခေါင်းကိုခါပြရင်း ငြင်းဆန်လိုက်တယ်။
"ရတယ် အစ်ကို ...ဒီဇိုင်းနာဆီ အမြန်သွားမှဖြစ်မှာ ----- တော်ကြာ တခြားဆိုင်က ဦးသွားမှဖြင့် ... ထမင်းဝင်စားလို့ မဖြစ်သေးပါဘူးအစ်ကိုရာ ..."
ကားဆရာက လင်းရိပ်ကိုကြည့်ပြီးခေါင်းကိုတဆတ်ဆတ်ငြိမ့်တယ်။ လင်းရိပ် အလုပ်ကြိုးစားတာကို သူဋ္ဌေး အပါအဝင်ဆိုင်က၀န်ထမ်းအားလုံးသိကြတယ်။ လင်းရိပ် အနေနဲ့ကလည်း ဆိုင်တိုးတက်မှ သူတို့ ဝန်ထမ်းတွေရဲ့ ဘ၀ပါ တိုးတက်မှာမို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။
ပေါင်မုန့်ကို တစ်ကိုက် ကိုက်ပြီး ရေသောက်ဖို့ပြင်နေတုန်းမှာ အိတ်ထဲက ဖုန်းသံ ထွက်ပေါ်လာတာမို့ လင်းရိပ် ရေဘူးကို ပြန်ပိတ်ပြီး ဖုန်းကို ကြည့်လိုက်မိတယ်။
@@@@@@@@@@@@@
အပိုင်း ( ၄ ) ဆက်ရန်
ဧကြည်ဖြူ