book

Index 2

(အပိုင်း ၂)

ဧကြည်ဖြူ


"ရင်ဘတ်ပေါ်ကနှင်းဆီ "


*******************

    လင်းရိပ် ချစ်သူဖြစ်တဲ့ နှင်းကို ပျာပျာသလဲ တောင်းပန်းလိုက်ရတယ်။မတောင်းပန်လို့လဲ မဖြစ်ဘူး။နှင်းခေါ် နှင်းသီရိက လှသလောက် စိတ်တိုစိတ်ကောက်လွယ်သူပင်။နှင်း စိတ်ကောက်သွားပြီဆိုရင် တစ်ပတ် ဆယ်ရက် လင်းရိပ်ကို အဆက်အသွယ်မလုပ်တော့။ဒီလိုဆိုရင်ဖြင့် လင်ရိပ်မှာ အရူးကြီးပမာ ယောင်ချာချာကို ဖြစ်လို့ ။ဒါကြောင့်ပင် လင်းရိပ် နှင်းကို အမြဲအလျော့ပေး အရှုံးပေးရမြဲ။ လင်းရိပ် အတွက် နှင်းက မိသားစုဝင်တွေနဲ့ ထပ်တူ ချစ်ခင်တွယ်တာ ရသူပါပင်။


"မောင်တောင်းပန်ပါတယ်နော် နှင်း ....နှင်း အလုပ် သွားဖို့ပြင် နေပြီလား ... ညနေကျရင် မောင်တို့ တွေ့ကြမယ်လေ နော် ..."


     နှင်းဘက်က ကြည်ကြည်သာသာနဲ့ ဖုန်းချသွားမှပင် လင်းရိပ် လေပူတစ်ချက်ကို ဟူးခနဲ မှုတ်ထုပ်လိုက်မိတယ်။

*********************


     ( Wave Money)ဆိုင်းဘုတ်ထောင်ထားတဲ့ ဆိုင်ရှေ့ကိုရောက်တော့ လင်းရိပ် ဆိုင်ထဲကို၀င်လိုက်တယ်။ဆိုင်က ခုမှဖွင့်ကာစ ဆိုင်ရှင်က အလုပ်ရှုပ်လို့ကောင်းတုန်း လင်းရိပ်ကိုတွေ့တော့ခေါင်းမော့ကြည့်ပြီး နှုတ်ဆက်တယ်။ငွေလွှဲနေကြမို့ ဆိုင်ရှင်ကြီးနဲ့ လင်းရိပ်တို မျက်မှန်းတန်းမိနေကြတဲ့ အခြေအနေပင်။ ဒါတောင် လင်းရိပ်က ဒီဆိုင်မှာ ငွေအမြဲလွှဲတာ မဟုတ်။လင်းရိပ် အိမ်ကို ငွေလွှဲပို့တဲ့အခါတိုင်း တစ်ဆိုင်တည်းက ပိုလေ့ မရှိဘဲ ဆိုင်ပေါင်းစုံ နေရာပေါင်းစုံက ပို့တတ်မြဲ ။ အဓိက က လင်းရိပ် ငွေတွေ တအားသုံးနိင်တာကို အခြားသူတွေ မသိစေချင်တာကြောင့်ပင်။


**********************


     လင်းရိပ် အလုပ်ကိုရောက်တော့ သန့်ရှင်းရေး ဝန်ထမ်းနှစ်ယောက်ပဲရောက်သေးတယ်။ ဒါက ထုံးစံပဲလို့ ပြောရလေမလား ။ သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ အလုပ်ချိန်က လင်းရိပ် တို့ထက် နာရီဝက် စောတယ်။မနက်ကိုးနာရီမှ လင်းရိပ်တို့က အလုပ်ချိန်စ၀င်ရတာ။ လင်းရိပ်ကတော့ အဆောင်မှာ ကြာရှည်မနေချင်တာကြောင့် အလုပ်ကို စောစောရောက်မြဲပင်။ လင်းရိပ်လုပ်တဲ့ အလုပ်က အရောင်းဆိုင်ရဲ့ မာကတ်တင်းပိုင်း။လင်းရိပ်တို့ဆိုင်မှာ ရောင်းတဲ့ ပစွည်း တွေက လွယ်လွယ်ပြောရမယ် ဆိုရင် ရေချိုးခန်း ၊ သန့်စင်ခန်းမှာသုံးတဲ့ ရေပိုက်ခေါင်း ၊ ရေပန်း၊ ဘေစင်ကနေ ရေချိုးဇလား အပါ ဘိုထိုင်အိမ်တွေ ရောင်းတဲ့ အရောင်းပြခန်း။ဆိုင်က ကြီးကျယ်ခမ်းနားလှတယ်။ခမ်းနားဆို အထဲမှာ ရောင်းတဲ့ပစ္စည်းအများစုက နိုင်ငံခြားထုတ်တွေချည်းပဲ ရောင်းတာ။ဈေးအနိမ့်ဆုံး ပိုက်ခေါင်းလေးတစ်ခုတောင် သုံးလေးသောင်းရှိတယ်။ လင်းရိပ်ဆိုင်ကို စရောက်တုန်းက ဆိုရင် ပစ္စည်းတန်ဖိုးတွေကြည့်ပြီး မျက်လုံးပြူးမျက်ဆံပြူးကို ဖြစ်လို့။ လင်းရိပ်မှာ အမေ့ကိုခွဲစိတ်ကုသဖို့ သိန်းငါးဆယ်ကို ဘ၀ရော သိက္ခာရောရင်းပြီး ရှာနေချိန်မှာ သိန်းခုနှစ်ဆယ်တန်ဘေစင်ကို ဈေးမဆစ်ဘဲ ဝယ်သွားတဲ့အခါဖြစ်စေ၊ သိန်းနှစ်ဆယ်ကျော်တန် ဘိုထိုင်ကို အလွယ်တကူ ဝယ်သွားတဲ့အခါ လင်းရိပ် ရင်ထဲမှာ ဘာမဆိုင်ညာမဆိုင်တဆစ်ဆစ်နာလာတတ်တယ်။တကယ်တော့ လင်းရိပ်ရဲ့ တစ်လစာ လခမှာပင် အီတလီနိုင်ငံထုတ် ရေပူရေအေး သုံးလို့ရတဲ့ရေပိုက်ခေါင်းတစ်ခုစာဖိုးပင်မရှိ။လင်းရိပ်ရဲ့လစာငွေ က တစ်လ လေးသိန်းသာ။ရေပိုက်ခေါင်းတစ်ခုဈေးနှုန်းမှာ ခုနှစ်သိန်းကျော်ကနေ သိန်းနှစ်ဆယ်ကြားရှိတယ်။ ဒီအလုပ်ကိုရောက်မှပင် လူတန်းစား ကွာဟခြားနားမှုကို လင်းရိပ်ပြတ်ပြတ်ထင်ထင် သိခဲ့ရတယ်။သိန်းငါးဆယ်ကျော်လောက် အကုန်ခံပြီးကုသ လိုက်ရင် ပြန်ပြီးကျန်းမာလာနိုင်တဲ့ အမေ။ရန်ကုန်မြို့ရဲ့အစွန်အဖျား တိုးချဲ့ကွက်သစ်တွေထဲက သိန်းရာကျော်တန် နှစ်ဆယ်ခြောက်ဆယ် မြေကွက်လေးတစ်ကွက် ။ဒါတွေက လင်းရိပ်ရဲ့အိပ်မက်တွေပင်။တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မြို့စွန်ဇနပုဒ်လေးမှာပဲဖြစ်ဖြစ် မိသားစုနဲ့ အတူနေနိုင်ဖို့က လင်းရိပ်ရဲ့မျှော်လင့်ချက်ပင်။ခုချိန်မှာ တော့ ဒီအိပ်မက်တွေအတွက် လင်းရိပ် အစွမ်းကုန် ကြိုးစားနေဆဲ။


*********************


     အခန်း ( ၂ )


" ဒေါက် ...ဒေါက် ... ဒေါက် ..."


     မြတ်ဘုန်းတံခါးကို အဆက်မပြတ်ခေါက်လိုက်တယ်။ အခန်းထဲက တုတ်တုတ်လှုပ်သံပင်မကြားရပေ။မြတ်ဘုန်း အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်တယ်။


******************


     အနီရင့်။အသက်က နှစ်ဆယ့်ခွန်။အနီရင့်ဆိုတဲ့ သူမက ရုပ်ရှင်ဇာတ်ကားတွေထဲကလို ရုပ်လေးက အရမ်းလှ ။မိဘက ချမ်းသာ။ မိသားစုရဲ့ အလိုလိုက် ခံထားရသူ။ကိုယ်ပိုင် တိုက်ခန်းမှာတစ်ယောက်တည်းနေပြီး ဆိုးချင်တိုင်းဆိုးခွင့်ရနေတဲ့သူတော့ မဟုတ်ခဲ့ဘူး။ဒါပေမဲ့ အနီရင့်မှာ ကိုယ်ပိုင် တိုက်ခန်းတစ်ခန်းရယ်။မပူမပင် မကြောင့် မကျ နေစားနိုင်နေနိုင်တဲ့ဘ၀မျိုးတော့ ရှိတယ်။ပြီးတော့ အနီရင့်မှာလည်း နာကြည်းနာကျင်ရတဲ့ ဇာတ်လမ်းတွေရှိနေတယ်။


"ဘယ်လိုဖြေရမလဲ ....ပေါ့ပါးခြင်းနဲ့ ဘ၀....ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ .. ခရီးသည်တစ်ဦးရဲ့ ညနေများ ..."


     ဖုန်းသံက အဆက်မပြတ် မြည်နေတာမို့ အနီရင့် အိပ်ချင်မူးတူးနဲ့ဖုန်းကို လှမ်းယူလိုက်ရတယ်။


"ဟယ်လို "အိပ်ချင်းမူးထူးအသံနဲ့ ထူးလိုက်တော့ တစ်ဖက်ကနေ စိတ်မရှည်တဲ့ပုံနဲ့ စကားသံ ထွက်ပေါ်လာတယ်။


" အနီရင့် မင်း ခုချိန်ထိ အိပ်နေတုန်းလား ...တံခါ လာဖွင့်ပေးအုံး ..."


    သူများတွေများ မိုးလင်းလင်းခြင်း ချစ်သူ့ရဲ့ တီတီတာတာ အသံနဲ့ နှိုးထကြတယ်တဲ့။ အနီရင့်မှာတော့ ဒေါသသံကြီးပဲ စကြားရတာများမယ်ထင်တယ်။အနီရင့် ဖုန်းကို ပြန်ချပြီး အိပ်ရာပေါ်ကကြုံးရုံးထကာ တံခါးပေါက်ဆီကို အပြေးအလွှား ထသွားမိတယ်။

   

"ကိုဘုန်း ... အစောကြီးပဲ ....နေ့လည်လောက်မှ ပြန်လာမယ်ထင်တာ "


 

     တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတာက ကိုဘုန်းခေါ် မြတ်ဘုန်းသွင်ရဲ့ စိတ်တိုနေတဲ့မျက်နှာပင်။


     မြတ်ဘုန်းက မနက်စောစောစီးစီး ဆံပင်စုတ်ဖွားနဲ့ အိပ်ချင်မူးတူးပုံစံဖြစ်နေတဲ့ အနီရင့်ကိုကြည့်ပြီး စိတ်ထဲက တွန့်ခနဲဖြစ်သွားမိသလိုပါပင်။သေချာတာက ငယ်သံယောစဉ်သာ မရှိခဲ့ရင် အနီရင့်ကို မြတ်ဘုန်းစွန့်ပစ်ခဲ့မိလေမလား ပင်မသိ။


"ညက ဘယ်အချိန်မှအိပ်တာလဲ ... ညဉ့်နက်သန်းခေါင် အထိစာရေးနေတုန်းပဲလား ... မင်းဘယ်အချိန်မှာ ရင့်ကျက်မှာလဲကွာ ... အလုပ်လေးတစ်ခုလောက် လုပ်ဖို့ မစဉ်းစားတော့ဘူးလား "


    ချစ်သူရဲ့ အမေးတွေကို အနီရင့် မဖြေမိ။ ညက အဖြစ်အပျက်ကိုသာ သူ့ကို အမှန်တိုင်းပြောပြကြည့်ပါလား။ အနီရင့် ခေါင်းကို ဆတ်ခနဲ ခါယမ်းပစ်လိုက်တယ်။တစ်ခါတလေ အမှန်တရားဆိုပေမဲ့ မသိတာ၊ မပြောတာက ပိုကောင်းမယ်ထင်ပါရဲ့။ ဥပမာ ညတုန်းက အနီရင့် သူစိမ်းယောက်ျားတစ်ယောက်နဲ့ရိုးသားစွာရှိနေခဲ့တာပါတို့။ကိုဘုန်းတစ်ယောက် ခရီးကို ဘယ်သူနဲ့အတူသွားတာလဲ ဆိုတဲ့ အဖြေမှန်လိုမျိုးကိုပေါ့။ဘာပဲဖြစ်ဖြစ် ခရီးကပြန်ရောက်ရောက်ခြင်းမနက်မှာ ကိုယ့်ဆီကို ရောက်လာခဲ့တာတစ်ခုနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်ရမှာပေါ့လေ။


" ဒီမှာ ခဏလာထိုင်အုံး ပြောစရာရှိလို့..."


    မြတ်ဘုန်းက ဆိုဖာပေါ်မှာဝင်ထိုင်လိုက်ရင်း အနီရင့်ကိုပါ ထိုင်ခိုင်လိုက်တယ်။


   မြတ်ဘုန်းရဲ့ စကားကြောင့် အနီရင့်လည်း မြတ်ဘုန်းနဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။ချစ်ဦးသူ။ချစ်ရသူတဲ့။ ဆယ်စုနှစ်တစ်စုနီးပါးအထိရောက်ရှိတော့မယ့် အနီရင့်တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းကို အခြားသူတွေက အားကျနေကြမလားပင် မသိ။လက်တွေ့ ဘ၀မှာတော့ အနီရင့်တို့ရဲ့အချစ်ရေးက သွေးခဲလုမတက် အေးစက်နေတဲ့ လွင်ပြင်ကြီးထဲမှာ မီးဖိုလေးဖိုပြီး ထိုင်နေရသလိုအနေအထားမျိုးဖြစ်မယ်ထင်ပါရဲ့။


"မနေ့က အဘွားခေါ်တာကို မသွားဘူးဆို...မင်းဘာတွေဖြစ်နေတာလဲ ...မနေ့ညကတည်းက အမေက ကိုယ့်ဆီကိုဖုန်းဆက်တာ...ဒီပုံအတိုင်းဆို ကိုယ့်အမေ အမြင်မကြည် ဖြစ်မှာကို မင်း မစိုးရိမ်တော့ဘူးလား ....ဒီလိုပဲ ဆွေမရှိ မျိုးမရှိ တစ်ကောင် ကြွက်လိုနေတော့မှာလားပြော "


   မြတ်တုန်းရဲ့ အသံက ဒေါသသံတွေ ပါလာတယ်။အနီရင့် မြတ်ဘုန်း မျက်နှာကို ဆတ်ခနဲ မော့ကြည့်ပစ်လိုက်တယ်။


 "အနီရင့်မှ မသွားချင်တာ...သွားလဲဘာထူးလို့လဲ ... နောက်ဆုံးကျ ငွေအကြောင်းပဲပြောတာကို "


    အနီရင့် မြတ်ဘုန်းကိုပက်ခနဲ ပြန်ပြောလိုက်တော့ မြတ်ဘုန်းရဲ့တင်းမာနေတဲ့ မျက်နှာက နည်းနည်းတော့ ပြေလျော့သွားတယ်။


"ဘာပဲဖြစ်ဖြစ်ကွာ ... သူက ချစ်ရဲ့ အဘွားအရင်းလေ... ပြီးတော့ အသက်ကြီးနေတဲ့သူ မဟုတ်လား ဒါကို ချစ်ကပဲနားလည်းပေးလိုက်ပါလားကွာ ....ခုလို ချစ်သဘောအတိုင်း ဆုံးဖြတ်ပြီး နေနေတော့ လူကြီးတွေစိတ်ထဲမှာ ချစ်ကို ရိုင်းတယ်လို့ထင်နေကြတာပေါ့ "


    အဲ့ဒီလူကြီးတွေထဲမှာ ကိုဘုန်းရဲ့အမေနဲ့ ကိုဘုန်းရဲ့မိသားစုက ထိပ်ဆုံးက မဟုတ်လားလို့ အနီရင့် စိတ်ထဲကပဲပြောလိုက်မိတယ်။လက်တွေ့မှာတော့ မနက်စောစောစီးစီးမှာပင် သန့်ပြန့်ကြည့်ကောင်းလွန်းနေတဲ့ချစ်သူ့မျက်နှာကို မသိမသာလေးခိုးဝှက် ကြည့်နေမိတယ်။တကယ်တော့ရွှေတိဂုံဘုရားရယ်၊ အင်းလျားရယ် ၊ ကန်တော်ကြီးရယ်၊ ကိုဘုန်းရယ်သာမရှိရင် ဟော့ဒီမြန်မာ့ပြည်ကနေ အနီရင့်ထွက်သွားမိတာ ကြာပြီ ထင်ပါရဲ့လေ။အခုတော့ သေးငယ်လွန်းလှတယ်လို့ထင်ခဲ့မိတဲ့ သံယောစဉ် ကြိုးမျှင်တွေက အနီရင့်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်နောင်ဖွဲ့ထားခဲ့ပြီလေ။


"ကဲပါကွာ ... ရေအမြန်သွားချိုး မုန့်သွားစားရအောင် ...ကိုယ်က အလုပ်ကိုသွားရအုံးမှာ "


    "မသွားဘူး "ဟု အနီရင့်စိတ်ထဲကနေ ကျယ်ကျယ်လှောင်လှောင်ပြောလိုက်ပေမဲ့ တကယ်တမ်းမှာ အနီရင့် ဆိုဖာကနေ ဖျတ်ခနဲထလိုက်ပြီး အတွင်းခန်းဘက်ကို တလွှားလွှားနဲ့လျှောက်လာခဲ့မိတယ်။


     အနီရင့်ရဲ့ကျောပြင်ကို ကြည့်ပြီး မြတ်ဘုန်း သက်ပြင်းမောကို ချလိုက်မိတယ်။အနီရင့်နဲ့မြတ်ဘုန်းတို့က အနီရင့်အထက်တန်းကျောင်းသူအရွယ်မှာ စတင် ဆုံတွေ့ခဲ့ရတာ။ တိတိကျကျပြောရမယ်ဆိုရင် အနီရင့် သူ့အဘွားအိမ်ကို စတင်ရောက်ခဲ့တဲ့အချိန်ကစပြီး တွေ့ဆုံခဲ့ကြရတာဆိုပါတော့။မြတ်ဘုန်းတို့အိမ်နဲ့ အနီရင့်တို့ အဘွားအိမ်က ခြံချင်းကပ်နေကြတာလေ။အနီရင့်ထက် မြတ်ဘုန်းက အသက်သုံးနှစ်လောက်ကြီးတယ်။ဆယ့်ငါးနှစ်ကျော်အရွယ် အနီရင့်ကို စမြင်ဖူးကတည်းက မြတ်ဘုန်း ရင်ခုန်သံတွေ မြန်ခဲ့ရတာ။ ဒီလိုနဲ့ အနီရင့် ဆယ်တန်းအောင်ပြီးတော့မြတ်ဘုခုံးကို အဖြေပေးခဲ့တယ်။အဲ့ဒီအချိန်က ဒီလောကမှာ ကိုယ့်ဘ၀လောက် ပျော်စရာကောင်းတဲ့ ဘဝ ရှိမှာမဟုတ်ဘူးလို့မြတ်ဘုန်းထင်ခဲ့မိတာ။အချစ်က ပြောင်းလဲတတ်တာလား။ ဒါတော့ မဖြစ်နိုင်။ဒီနေ့အချိန်ထိ အနီရင့်ကို မြတ်ဘုန်း မစွန့်လွှတ်နိုင်သေးပါ။အနီရင့်ကိုတွေ့တဲ့အခါ အရင်လို ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲမနေတော့ပေမဲ့ ချစ်နေသေးတာ အသေအချာပင်။အနီရင့်ရဲ့ မျက်နှာလေးကိုတစ်ပတ်ဆယ်ရက်မတွေ့ရဘဲ နေနိုင်ပေမဲ့အဲ့ဒီ ထက်ပိုပြီး တော့မနေနိုင်ပြန်။ဒါကအချစ်ကြောင့်ပဲ ဆိုရင်တော့ မြတ်ဘုန်း အနီရင့်ကို ချစ်နေတုန်းပါပင်။


"သွားမယ်လေ ကိုဘုန်း "


    အနီးရင့််ရဲ့ အသံကို အနီးကပ် ကြားလိုက်ရမှ မြတ်ဘုန်းသတိဖျတ်ခနဲ ပြန်ဝင်လာမိတယ်။မြတ်ဘုန်း အနီရင့်ကို ကြည့်လိုက်တော့ ထဘီလိုလို စကပ်လိုလို အနက်ရောင်စကပ်ရှည်နဲ့ မီးခိုးရောင်ရှပ်လက်တိုလေးကို တွဲဝတ်ထားတယ်။ မလှဘူးလားဆိုတော့ အရမ်းချည်း လှနေတာမဟုတ်ပေမဲ့ လှတော့လှပါတယ်။ ဒါပေမဲ့ ဘယ်လိုပြောမလဲ အမြဲလိုလိုအနက်ရောင်ချည်းပဲ ဝတ်နေတတ်တဲ့ သူမကို မြတ်ဘုန်းစိတ်တိုင်းမကျ ဖြစ်မိတာတော့ အမှန်ပင်။


********************

   အခန်း ( ၃ )


       နှင်းသီရိ လက်ကနာရီလေးကို ငုံ့ကြည့်လိုက်တော့ ညနေခြောက်နာရီ ထိုးတော့မယ်။ လင်းရိပ် မကြာခင်ရောက်လာတော့မှာမို့ နှင်းသီရိ မျက်နှာကို အလှအပ နည်းနည်းပြင်လိုက်တယ်။ အလှပြင်တယ်ဆိုပေမဲ့ ထွေထွေထူးထူးပြင်စရာတော့ သိပ်မလို။နှင်းသီရိက ငွေကြေး မချမ်းသာပေမဲ့ အလှတရားတော့ချမ်းသာတယ်ပြောရမလား။နှင်းသီရိကို မြင်သူတိုင်းက ကျိန်းသေးသမင်လည်ပြန်တစ်ခေါက်လောက်တော့ငေးကြည့်မြဲပင် မဟုတ်လား။


"အမလေး ပြင်မနေပါနဲ့ နှင်းရယ် ...နှင်းက မပြင်လဲ လှပြီးသားပဲဟာ ..."


    လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ယုဆွေရဲ့စကားကြောင့် နှင်း သီရိပြုံးလိုက်မိတယ်။ပြီးတော့ မှန်ရှေ့မှာရပ်ပြီး ခေါင်းလေးစောင်းလို့ ကိုယ့်ရဲ့ခန္ဓာကိုယ် အလှကို လှည့်ပတ်ကြည့်နေမိပြန်တယ်။ ခါးသေးရင်ချီ ဆိုတဲ့ စကားနဲ့ အညီ စွဲမက်တိမ်းညွတ်ဖွယ်လှပကျော့ရှင်းနေတဲ့ ခန္ဓာကိုယ်ကို ကြည်ပြီး နှင်းသီရိ ကျေနပ်စွာပြုံးလိုက်မိတယ်။


    

*********************


    လင်းရိပ် ချစ်သူနှင်းသီရိအလုပ်လုပ်တဲ့ ဆိုင်ရှေ့မလှမ်းမကမ်းမှာ နှင်းသီရိကို ရပ်စောင့်နေခဲ့တယ်။ လင်းရိပ် မျှော်နေတုန်းမှာပဲ နှင်းသီရိ တစ်လှမ်းချင်း လှမ်းလျှောက်လာတာကို မြင်လိုက်ရတယ်။


@@@@@@@@@@@@@


အပိုင်း (၃) ဆက်ရန်


ဧကြည်ဖြူ


rate now: