ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
***********************
" အစ်မ...ခဏလေး တံခါးဖွင့်ပေးပါနော် ...နှင်းက အစ်မကို နှောက်ယှက်ဖို့ လာတာ မဟုတ်ပါဘူးရှင် "
လူတင်လှတာမဟုတ် ။အသံလေးကလည်း ချိုသာလိုက်တာလို့ အနီရင့် စိတ်ထဲက တွေးလိုက်မိတယ်။အနီရင့် တံခါးကို ဖွင့်လိုက်တယ်။
တွေ့တွေ့ချင်းမှာပဲ "လှလိုက်တာ "လို့ အနီရင့်စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။
" နှင်း ခဏထိုင်လို့ရမလားရှင် ."
အသံချိုချိုအေးအေးလေးနဲ့မေးလာတဲ့ အသံ။အနီရင့်မှာ ငြင်းဆန်နိုင်စွမ်းအားမရှိပါလေ။
"ဟုတ် ...ဟုတ်ကဲ့ ...ထိုင်ပါရှင် "
" နှင်းနာမည်က နှင်းသီရိပါ ... အစ်မက နှင်းကို သိလား မသိလားတော့ နှင်းမသိပါဘူး ...နှင်း ကတော့ အစ်မကို သိတာ မကြာသေးပါဘူး "
သူမရဲ့ စကားကို အနီရင့်ခေါင်းမငြိမ့် မိသလို ခေါင်းလည်းမခါမိဘူး။
"နှင်း ...နှင်းက ကိုလင်းရိပ်ရဲ့ ချစ်....ချစ်သူပါ ..."
ပြောရင်း သူမက ငိုတယ်။ငိုနေတဲ့ သူမကို ကြည့်ပြီး အနီရင့် ထိတ်ထိတ်ပျာပျာဖြစ်သွားမိတယ်။
" နှင်း နှင်းတို့ရဲ့ ချစ်သူသက်တမ်း လေးနှစ်ကျော်နေပါပြီရှင် ...လွန်ခဲ့တဲ့ လကမှ စကားများပြီး လမ်းခွဲသလို ဖြစ်သွားကြတာပါ ...တကယ်တမ်းက နှစ်ယောက်လုံး မပြတ်ကြပါဘူး ..မောင် ...မောင် ဒီလို ရုတ်တရက်ကြီး အိမ်ထောင်ပြုလိုက်မယ်လို့ နှင်း လုံးဝမထင်မိဘူး "
ပြောနေရင်း သူမထပ် ငိုတယ်။အနီရင့်ကတော့ ဆွံ့အနေသူတစ်ယောက်လို နှုတ်ဆိတ်နေမိတယ် ။
" ဒီလောက် အချိန်လေးတွင်းမှာ မောင် လက်ထပ်လိုက်တယ်ဆိုတာကို နှင်း မယုံကြည်နိုင်ဘူး ...နှင်းတို့ ချစ်သူဖြစ်နေတဲ့ အတောအတွင်းမှာ မောင်က နှင်းအပေါ် သစ္စာမဖောက်ဆိုတာ နှင်းယုံကြည်တယ် ....ဘာ ... ဘာတွေ ဖြစ်ကုန်တာလဲရှင် ...နှင်းက နှောက်ယှက်ချင်လို့ လာတာ မဟုတ်ပါဘူး ... ရင်ကွဲမတတ် ခံစားနေရလို့ ရောက်လာတာပါရှင် .. မောင်သာ မရှိရင် နှင်းသေးမှာပါ ...မောင်လည်း နှင်းလို့ ခံစားနေရမယ်ဆိုတာ နှင်းသိနေပါတယ်..."
သူမရဲ့ စကားအတိုင်းပဲ ရင်ကွဲမတတ် ငိုကြွေးနေတဲ့ သူမကို ကြည့်ပြီး အနီရင့် နောင်တ အကြီးအကျယ် ရနေမိတယ်။သူမ ပြောနေတဲ့စကားတွေကိုလည်း အနီရင့် ယုံကြည်ပါတယ်။အရင်ကလင်းရိပ် ပုံစံနဲ့ လက်ရှိ လင်းရိပ်ရဲ့ ပုံစံကို ကြည့်ရင် လင်းရိပ် ဘယ်လောက် ခံစားနေရတယ်ဆိုတာကို အနိုရင့် ကိုယ်တိုင်လည်း မြင်နေရတယ်လေ။ ဒါပေမဲ့ ဒီလို တိုက်ရိုက် လာပြောတော့ အနီရင့်က ဘာလုပ်ရမှာလဲ။စိတ်ဆိုးရမှာလား ။အမှန်တွေကို ပြောပြပြီးသူမကို တောင်းပန်ရမလား။ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ကူးယဉ်ရေးသားနေတဲ့ အနီရင့်မှာ ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်ရမလဲ မစဉ်းစား မတွေးတောတတ်ဘဲ နေရာမှာ ငူငူချည်း ထိုင်နေမိတယ်။
" နှင်း ဒီကို ဘယ်လို ရောက်လာပြီး ... ဘာတွေ ပြောနေမိမှန်း မသိတော့ ပါဘူးရှင် ...နှင်းတောင်းပန်ပါတယ်နော် ...နှင်းကို ခွင့်လွှတ်ပါရှင် ...နှင်း...နှင်း ပြန်ပါတော့မယ် "
သူ့ဘာသာ ပြောပြီး သူ့ဘာသာ ထပြန်သွားတဲ့ နှင်းသီရိကို ကြည့်ပြီး အနီရင့် ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။နေရာမှာ တင် ကြက်သေသေလို့ နှုတ်ဆိတ်နေခဲ့မိတယ်။
*************************
" ဆိုင်နေရာလဲ အဆင်ပြေတယ် ..ပြီးတော့ လက်လီလက်ကား နှစ်မျိုးလုံးရောင်းမှာဆိုတော့ အဆင်ပြေမှာပါ...လောလောဆယ် ကျွမ်းကျင်ဝန်ထမ်း နှစ်ယောက်ပဲ ခန့်ထားမယ် ...ဆိုင့်ဖွင့်ပြီးမှ အခြေအနေကို ကြည့်မယ် .. ပစ္စည်းတွေကိုတော့ အန်ကယ် ချိတ်ပေးတဲ့ ဆီကနေပဲ တိုက်ရိုက်သွင်းမှာ ... အနီရင့်က ကျွန်တော် တင်ပြတဲ့ စာရင်းတွေကိုပဲ စစ်ကြည့်လေ ..."
လင်းရိပ်က အာပေါက်အောင် ရှင်းပြပြောပြနေပေမဲ့ အနီရင့်က ဆိုဖာခုံပေါ်မှာ မလှုပ်မယှက်ချည်း ထိုင်ပြီး တစ်စုံတစ်ရာကို တွေးနေပုံရတယ်။ လင်းရိပ် ပြောနေတာတွေကိုလည်း ကြားပုံမရ။
" ဟိတ် ... နေမကောင်းတာလား ... ဘာတွေ စဉ်းစားနေတာလဲ "
လင်းရိပ်က အနီရင့်ရဲ့ နဖူးကိုး လက်ဝါးလေးနဲ့ အသာ ပုတ်လိုက်မှ အနီရင်လည်း သတိပြန်ဝင်လာတယ်။
" ဟင် ... ဘာလဲဟင် လင်းရိပ် ... ဘာပြောလိုက်တာလဲ "
အနီရင့် အလန့်တကြားနဲ့ လင်းရိပ်ကို ပြန်မေးလိုက်မိတယ်။
" နေမကောင်းလို့လား ...မင်းကို ကြည့်ရတာ မလန်းဘူး ...ကိုယ်လဲမပူပါဘူး .. ဘယ်နေရာက နေလို့ မကောင်းတာလဲ...ဆေးရုံကိုသွားသင့်ရင် သွားရအောင် "
လင်းရိပ်က မေးရင်း အနီရင့် နဖူးကို အသာစမ်းလိုက်တယ်။
အနီရင့်မှာ လင်းရိပ်ကို ကြည့်ပြီး ငိုချင်လာသလို ဖြစ်သွားမိတယ်။ လင်းရိပ်ရဲ့ ချစ်သူလာသွားတဲ့ အကြောင်းကို ပြောရင် ကောင်းမလားလို့ စဉ်းစားလိုလ်မီပေမဲ့ နှုတ်က မထွက်ပြန်ဘူး။
" ကိုယ်တော့ မပူဘူး ...နေလို့မကောင်းရင် စောစောအိပ်လိုက်တော့ လေ ....စာလဲ နောက်နေ့မှ ရေးလေ...ဆိုင်ရဲ့အခင်းအကျင်းကိုတော့ နောက်နေ့မှ အတူလိုက်ကြည့်တော့ "
" အင်းပါ ... အနီရင့် သွားအိပ်တော့မယ်နော် "
အိပ်ခန်းထဲကို၀င်သွားတဲ့ အနီရင့်ရဲ့ နောက်ကျောပြင်ကို လင်းရိပ် ငေးကြည်နေမိတယ်။အတူနေရတဲ့ အချိန်တွေ သိပ်မများ သေးဘူး ဆိုပေမဲ့ အနီရင့် ရဲ့ စိတ်ဓါတ်ကို လင်းရိပ်တဖြည်းဖြည်း ပိုသိလာခဲ့ရတယ်။ အနီရင့်က ဖွဲ့ကာနွဲ့ကာ မပြောတတ်ပေမဲ့ လူတိုင်းအပေါ်မှာ စေတနာထားတယ်။စိတ်ဆိုးစိတ်ကောက်လည်း ခဏအတွင်း စိတ်ပြေတတ်တဲ့ မိန်းခလေးမျိုး။အနီရင့်ကို ကြည့်ရတာ အငြိုးအတေးလည်း ရှိပုံမရဘူး။ ဒီလိုမိန်းခလေးမျိုးကို ထားရစ်ခဲ့တဲ့ အနီရင့်ရဲ့ ချစ်သူဆိုတဲ့လူကို လင်းရိပ် နားမလည်နိုင်ဘူး ။ ဆယ်နှစ်နီးပါး ချစ်ခဲ့ကြတယ်ဆိုပြီး အနီရင့်လိုမိန်းခလေးမျိုးပေါ်မှာ သံဃောစဉ် မတွယ်ခဲ့မိဘူးလား။အနီရင့်အကြောင်းကို တွေးမိပြန်တော့ ချစ်သူနှင်းသီရိ အကြောင်းကိုပါ လင်းရိပ်တွေးလိုက်မိတယ်။ လင်းရိပ် မမျှော်လင့်ထားခဲ့တဲ့ အဖြစ်က နောက်ကျမှ ဖြစ်လာခဲ့တယ်။အနီရင့်က နားလည်ပေးတယ်လို့ ဘယ်လောက် ပြောပြော လင်းရိပ် အနေနဲ့ စောင့်စည်းရမဲ့အကြောင်းတွေရှိတယ်လေ။လင်းရိပ်ဘက်ကသာ စိတ်အလိုကိုလိုက်ပြီး ချစ်သူနဲ့ ပြန်ဆက်သွယ်နေမယ်ဆိုရင် လင်းရိပ်ရော အနီရင့်ရော ချစ်သူနှင်းသီရိပါ သုံးယောက်လုံး လူအထင်သေးခံရတဲ့ဘ၀ကို ရောက်ကြမှာပဲ။ ဒါကို လင်းရိပ်က စဉ်းစားချင့်ချိန်နိုင်ပေမဲ့ ချစ်သူနှင်းသီရိက မိုက်ရူးရဲဆန်ချင်တယ်။ချစ်သူနှင်းသီရိရဲ့ ဇွတ်လုပ်တတ်တဲ့ အကျင့်ကို သိလို့ လင်းရိပ် လန့်နေမိတာတော့ အမှန်ပဲ။တစ်နေ့တစ်ခေါက် လင်းရိပ်ရဲ့ အလုပ်ကို မှန်မှန်လာတတ်တဲ့ နှင်းသီရိ ။ဖုန်းကနေ နေ့တိုင်းစာတွေ ပို့နေတဲ့ ချစ်သူ။ချစ်သူနဲ့ ပတ်သက်ပြီး လင်းရိပ်ရဲ့ ရင်ထဲမှာလည်း ရင်ကွဲမတတ်ခံစားနေရပါတယ်။ ဒါပေမဲ့လည်း လင်းရိပ်က ယောကျာ်းတစ်ယောက်မဟုတ်လား။ လင်းရိပ် ယောကျာ်းပီပိသသသိက္ခာရှိရှိနဲ့ ကိုယ့်တာဝန်ကို ကျေပွန်ချင်တယ်။အချစ်ရေးထက် မိသားစုအရေးက လင်းရိပ် အတွက် ပိုပြီး အရေးကြီးတယ်မဟုတ်လား။
" ဒုန်း "
"အား ....."
လင်းရိပ်မှာ လက်တော့ကို ရှေ့ချပြီး အတွေးများနေတုန်း အနီရင့်ရဲ့ အခန်းထဲက ဒုန်းခနဲ အသံနဲ့ အတူ အနီရင့်ရဲ့အော်သံကို ကြားလိုက်ရတာမို့ လင်းရိပ် စိုးရိမ်စိတ်နဲ့ အနီရင့်ရဲ့ အခန်းရှိရာကို ပြေးသွားမိတယ်တယ်။ လင်းရိပ် အခန်းတံခါးကိုဖွင့်ပြီး ၀င်လိုက်တော့ မှန်တင်ခုံရှေ့က ဖင်ထိုင်ခုံက ကြမ်းခင်းပေါ်ကို လဲကျနေသလို အနီရင့်ကလည်း ကြမ်းပြင်ပေါမှာ ခွေခွေလေးလဲကျနေတယ်။
" အနီရင့် ..အနီရင့် မင်းဘာဖြစ်တာလဲ ...."
လင်းရိပ်ရင်တစ်ခုလုံး ပူလောင်သွားသလို ခံစားလိုက်ရပြီး အနီရင့်အနီးမှာ ဒူးထောက် ထိုင်ချလိုက်ပြီး နှုတ်ကလည်းမေးရင်း လက်ကပါ အနီရင့် ခန္ဓာကိုယ်လေးကို ပွေ့ထူလိုက်တယ်။
" ဘာဖြစ်တာလဲ ...မူးလဲတာလား ...ဆေးရုံသွားကြမလား "
" ရ...ရပါတယ် လင်းရိပ်ရဲ့ ...မူးလဲတာမဟုတ်ပါဘူး ...အိပ်မပျော်လို့ စာအုပ်ဖတ်မလို့ စာအုပ် တက်ယူတာပါ "
အနီရင့်က အခန်းထောင်က စာအုပ်စင်ကို လက်ညှိုးထိုးပြရင်းလင်းရိပ်ကို ဖြေလိုက်တယ်။
" ဟာကွာ ...ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့ ...အမြင်တွေ မတက်ပါနဲ့ ဆို ....စာအုပ်လိုချင်ရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါလား ... အခု ဘာဖြစ်သွားသေးလဲ ...ဗိုက်ထဲက ရောနေသာရဲ့လား ..."
လင်းရိပ် သူကိုယ်တိုင်မသိလိုက်ဘဲ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး ခုတင်ပေါ်ကို တင်ပေးလိုက်မိတယ်။
" မင်း အဲ့လိုလုပ်နေရင် တစ်ယောက်တည်း ထားခဲ့ရမှာတောင် စိတ်မဖြောင့်တော့ဘူး ... နေ့ခင်း နေ့လယ် အဖော်ရအောင် အဖော်တစ်ယောက်လောက် ခေါ်ထားမလား "
" ရပါတယ် လင်းရိပ်ရယ် ...မတော်တဆဖြစ်သွားတာပါ ...နောက်ဆို အနီရင့် သတိထားပါ့မယ် ....အခုလည်း အနီရင့် ဘာမှ မဖြစ်ပါဘူး ...လင်းရိပ် လုပ်စရာရှိတာ သွားလုပ်ပါ "
" အင်းပါ ... ညဘက် ထရင်လည်း ကျွန်တော့်ကိုနှိုးလိုက်ပါ ဟုတ်လား...အခုလဲ အိပ်တော့ ... စာမဖတ်နဲ့တော့ "
လင်းရိပ်က ရေဘူးနဲ့ ဖန်ခွက်ကို အိပ်ရာဘေးက ခုံပေါ်မှာ နေရာ သေချာချပေးပြီး ပြန်ထွက်ခဲ့တယ်။
ကျန်ခဲ့တဲ့ အနီရင့်မှာတော့ တထိတ်ထိတ်ခုန်နေတဲ့ ရင်အစုံကိုလက်နဲ့ အသာဖိထားလိုက်မိရင် တုန်လှုပ်နေမိတယ်။ဟုတ်တယ် အနီရင့် ကြောက်နေမိတယ်။အနီရင့်က အပြောင်းအလဲမြန်တတ်တဲ့ သူတစ်ယောက်မဟုတ်ဘူး။ လူတစ်ယောက်ကို လေးစားအားကိုးမိရာကနေ ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာမှာကို အနီးရင့် စိုးထိတ်ပူပန်နေမိတယ်။ပိုင်ရှင် ရှိတဲ့သူကို အနီရင့် ချစ်လို့ မဖြစ်ဘူး ။အချိန်တန်ရင် ပိုင်ရှင်ဆီကို ပြန်ပေးရမယ့် အရာကိုအနီရင့် သံယောစဉ်တွယ်လို့ မဖြစ်ဘူးဆိုတာကို အနီရင့် သိတယ်။ ကိုဘုန်းနဲ့တုန်းကလည်း ဒီလိုပဲ အနီရင့် သံယောစဉ်တွယ်ခဲ့မိတာ။အနီရင့် အနေနဲ့ နောက်ထပ်အချစ်ကို မလိုချင်တော့ပါဘူး။
**************************
" ကိုဘုန်း ရှင် သောက်လာပြန်ပြီလား ..ကေဇင့် အပေါ် ဘာလို့ ဒီလိုရက်စက်ရတာလဲ ပြော "
ထုံးစံအတိုင်း အရက်မူးလာတဲ့ မြတ်ဘုန်းကို ကေဇင်ကျော်ကပဲ ထုရိုက်ရင်းမေးလိုက်တယ်။
" ဟာ ...ဘာဖြစ်နေတာလဲ ... ဖယ်စမ်းပါကွာ...ငါအိပ်ချင်နေပြီ "
မြတ်ဘုန်းက အာလေးလျှာလေးသံကြီးနဲ့ ပြောလိုက်ရင်း ကေဇင်ကျော်ကို တွန်းဖယ်ပြီး ခုတင်ပေါ်ကို ပစ်လဲချလိုက်တယ်။ပြီးတော့ မြတ်ဘုန်းမူးမူးနဲ့ ယောင်ယမ်းပြီး ပြောနေမိတယ်။
" နီ ...နီရယ် ကိုဘုန်း တောင်းပန်ပါတယ်...ကိုဘုန်းရဲ့ ကလေးကို စောင့်ရှောက်ပါနော် ... တစ်နေ့ကျရင် နီနဲ့ ကိုဘုန်းရဲ့သားလေးဆီကို ...ကိုဘုန်း ပြန်လာခဲ့မှာပါနော် ...နီ ...နီ ..."
ကေဇင်ကျော်မှာ မြတ်ဘုန်းမူးမူးနဲ့ ပြောနေတဲ့ စကားတွေကို နားထောင်ပြီး သွေးပျက်မတတ် ထိတ်လန့် သွားမိတယ်။
" ကိုဘုန်း ရှင် ...ရှင် ဘာတွေပြောနေတာလဲ ...အနီရင့်မှာ ရှင့်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေတာလား ... ဟုတ်လား ပြောလေ "
ကေဇင်ကျော် တစ်ယောက် မြတ်ဘုန်းရဲ့ခန္ဓာကိုယ်ကြီးကို လှုပ်ခါယမ်းပြီး ဒေါသတကြီးမေးလိုက်ပေမဲ့ မြတ်ဘုန်းကတော့ အိပ်ပျော်သွားခဲ့လေပြီ ။ကေဇင်ကျော်မှာ မြတ်ဘုန်းဆီက ကြားလိုက်ရတဲ့ စကားကြောင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်အောင် ဒေါသတွေထွက်လာမိတယ်။လူမှာထိုင်မရ ထမရနဲ့ ဘာလုပ်လို့ လုပ်ရမှန်းပင်မသိပါလေတော့။ကေဇင်ကျော် နေရာမှာ ဆက်ရပ်နေနိုင်စွမ်းမရှိတော့ဘဲ မိခင်ဖြစ်သူရဲ့အိပ်ခန်းဘက်ကို ထွက်လာခဲ့မိတယ်။
************************
" အမေ ...အမေ "
ဒေါ်ဌေးဌေးမူမှာ အိပ်မယ်မှမကြံသေး အခန်းပြင်မှ သမီးဖြစ် သူကေဇင်ကျော်ရဲ့ အသံကြောင့် အိပ်ရာကနေ အသာထပြီး အခန်း အပြင်ကို ထွက်လာခဲ့ လိုက်တယ် ။
" ဟဲ့ ...ဘာဖြစ်လို့တုန်း ...ညကြီးမိုးချုပ် "
" အမေ ... ဟင့် ...ဟင့် .ဟီး "
" ဟဲ့ ...ဟဲ့ ... ဘာဖြစ်တာတုန်း ...တော်ကြာ နင့် အဖေ ကြားသွားမှဖြင့် ...လာ ..လာ မီးဖိုခန်းဘက်ကို သွားရအောင် "
မေးလိုက်မှ ဟီးခနဲ ငိုချလိုက်တဲ့ ကေဇင်ကျော်ကြောင့် ဒေါ်ဌေးဌေးမူက ကေဇင်ကျော်ရဲ့ လက်ကို ဆွဲပြီး မီးဖိုခန်းဘက်ကို ထွက်လာခဲ့တယ်။
" ဘာဖြစ်တာလဲ မိကေဇင် ...မထိတ်သာ မလန့်သာ ရှိလိုက်တာဟယ် ... ဟိုကောင် မြတ်ဘုန်း ဘာပြဿနာရှာပြန်ပြီလဲအေ "
ကေဇင်ကျော်မှာ မိခင်ဖြစ်သူရဲ့ အမေးကို တော်တော်နဲ့ မဖြေနိုင်ဘဲ အားပါးတရ ငိုရှိုက်နေမိတုန်းပင်။
" ငိုနေလို့ ပြီးမှာ မဟုတ်ဘူး မိကေဇင် ... ဘာဖြစ်တာလဲ ပြောအုံး "
" အ ...အနီရင့်ဆီမှာ ကိုဘုန်းနဲ့ ရတဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့ အမေရဲ့ "
" ဘာ .... ဘာပြောတယ် ... ဘယ်သူပြောတာလဲ "
ကေဇင်ကျော်ရဲ့ စကားကြောင့် ဒေါ်ဌေးဌေးမူ ထိတ်လန့်တုန်လှုပ်စွာနဲ့ မေးလိုက်မိတယ်။
" ကိုဘုန်းပြောတာ အမေ ... သူမူးပြီး ပြောနေတာ "
" မူးပြီး ပြောတာ ဟုတ်လား ...ဒါ ...ဒါဆို သေချာပါ့မလား အေ "
"သေချာတာပေါ့ အမေရယ် ... ဒီကိစ္စကို မူးနေလို့ ပြောတာပေါ့ ...မမူးဘဲ ပြောမလား ... အနီရင့်ချက်ချင်း လက်ထပ်လိုက်လို့ သမီးစိတ်ထဲ တစ်မျိုးထင်နေခဲ့မိတာ "
" ဒါ ...ဒါဆို ...ညည်း ယောကျာ်းက ညည်း ဆီမှာ ကိုယ်ဝန်မရှိတာ သိရင် ထွက်သွားမှာပဲ ..."
ဒေါ်ဌေးဌေးမူက တုန်တုန်လှုပ်လှုပ်နဲ့ ပြောလိုက်တယ်။
" ရှင် ....ဒါ ..ဒါဆို ဘယ်လိုလုပ်ကြမလဲ အမေ "
ဒေါ်ဌေးဌေးမူက ခဏလောက်စဉ်းစားလိုက်ပြီးမှ ကေဇင်ကျော်ကို ပြောလိုက်တယ်။
" ဒီလိုလုပ် ...ဒီကိစ္စကို အမေတို့ သိတယ်ဆိုတာကို မြတ်ဘုန်း မသိစေနဲ့ ... ဟန်မပျက်အောင်နေ ...အမေတို့ လုပ်ရမှာက ..အနီရင့်ဆီကို သွားဖို့ပဲ...မင်္ဂလာဆောင်တုန်းက အနီရင့်ကို တွေ့တယ်မဟုတ်လား ... ဗိုက်ကလဲ ဘာမှမသိသာဘူး ...ကြည့်ရတာ ... လအတော်နုသေးပုံပဲ ... ကိုယ်ဝန်ကို ဖျက်ချပစ်ဖို့ သွားပြောရမယ် "
" ဖြစ် ...ဖြစ်ပါ့ မလား အမေ "
" ဟဲ့ ... မဖြစ်ဖြစ်အောင် ပြောရမှာပေါ့ ... ညည်းသာ စိတ်ကို နိုင်အောင်ထိန်းထား ... ခုရက်ပိုင်း မြတ်ဘုန်းက ပြောတာဆိုတာတွေ ဆင်ခြင် ...လောလောဆယ် .. အနီရင့် ကိစ္စကို အရင်ရှင်းရမယ် ... မနက်ကျရင် ... နင့်ယောကျာ်း အလုပ်သွားတာနဲ့ အနီရင့်ဆီကို သွားကြမယ် ...အခုတော့ သွားအိပ်တော့ "
*************************
" ဘာတွေလုပ်နေတာလဲ လင်းရိပ် "
အနီရင့်က အိပ်ချင်မူးတူးနဲ့ ထလာရင်း နောက်ဖေးမီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ လင်းရိပ်ကို မေးလိုက်တယ်။
"မနက်စာအတွက် လုပ်နေတာပါ ... နေ့လယ်စာ ဟင်းလဲချက်ပေးခဲ့တယ်...ထမင်းကို အချိန်မှန် စားနော် ... နေလို့ ထိုင်လို့ မကောင်းရင်လဲ ဖုန်းဆက်လိုက် ... ကျွန်တော် ပြန်လာလို့ရတယ် ...ဆိုင်က ကောင်လေးတွေက စိတ်ချရပါတယ် ...မင်းလဲ ဆိုင်ကို လာခဲ့အုံးလေ..."
လင်းရိပ်က ဖွင့်တာတစ်ပတ်မပြည့်သေးတဲ့ ဆိုင်ကို လာကြည့်ဖို့ အနီရင့်ကို နေ့တိုင်း ခေါ်ပေမဲ့ အနီရင့်က ဖွင့်တဲ့ရက်ကပဲ သွားပြီး ကျန်တဲ့ရက်တွေမှာ မရောက်ဖြစ်ခဲ့။
" အင်းပါ လင်းရိပ်ရယ်...လာပါ့မယ် ... နေ့လယ်စာမချက်ခဲ့ပါနဲ့ ...အနီရင့် ကိုယ့်ဘာသာချက်ပါ့မယ် ..."
" ရပါတယ်ကွာ ...ထမင်းချိုင့်ထည့်ဖို့ ချက်ရင်း ချက်လိုက်တာပဲ ...မင်းက ညနေစာချက် ... ကျွန်တော်က မနက်စာ ချက်တယ် ...ညီတူညီမျှပေါ့ ...ပြီးတော့ မင်းက ညနက်ထိ စာတွေ ရေးနေတော့ မနက်စောစော မထပါနဲ့ကွာ ...အိပ်ရေးဝအောင်အိပ် ...အဲ့ဒါမှ ကျန်းမာမှာ ...."
လင်းရိပ်က ပြောရင်း မနက်အဆာပြေစာ စားဖို့ ပြင်နေတယ်။အနီရင့် လင်းရိပ်ကို ကျောခိုင်းပြီး ရေချိုးခန်းထဲကို ဝင်လာခဲ့တယ်။
" ချော်လဲနေမယ် ...သတိထားအုံးနော် "
လင်းရိပ်ရဲ့ သတိပေးသံက ရေချိုးခန်းထဲ အထိ ရောက်လာတယ်။အနီရင့် မချိပြုံးလေးပြုံးလိုက်မိတယ်။ဘာမှမဆိုင်တဲ့ အနီရင့်ကိုတောင် ဒီလောက် ဂရုစိုက်နေတဲ့ လင်းရိပ်။ သူ့ချစ်သူကိုများဆို ဘယ်လောက်တောင် ဂရုစိုက်ရှာမလဲလို့ တွေးလိုက်မိတယ်။
************************
" မင်းကို ပြောစရာရှိတယ် "
မုန့်စားနေရင်း လင်းရိပ်က အနီရင့်ကို ပြောလိုက်တယ်။
" ပြောလေ လင်းရိပ် "
" ဟို ..ဒီလိုလေ ...ကိုယ်ဝန်ရှိနေပြီလို့ အမေတို့ကို ပြောလိုက်တော့မယ် "
" ဟင် ... လက်ထပ်တာ တစ်လကျော်ရုံပဲ ရှိသေးတာကို ပြောလို့ ဖြစ်ပါ့မလား "
" လက်မထပ်ခင်ကတည်းက အတူနေနေကြတာလို့ ပြောလိုက်မယ်လေ "
လင်းရိပ်စကားကြောင့် အနီရင့် ရှက်ပြီး ခေါင်းကို ငုံ့လိုက်မိတယ်။
လင်းရိပ်ကလည်း သူ့ဘာသာပြောပြီးမှ ရှက်သွားမိတယ်။
" ဘာပဲဖြစ်ဖြစ်ပြောလိုက်တော့မယ် ...ဒါမှ အမေနဲ့ညီမလေးက မင်းကို ဂရုစိုက်မှာပေါ့ "
လင်းရိပ်က ကော်ဖီခွက်ကို မော့သောက်ရင်း အရှက်ပြေ ပြောလိုက်တယ်။
****************************
နှင်းသီရိက လင်းရိပ်ဆိုင်ထဲကို ဝင်သွားတာကြည့်ပြီး အံလေးကို ကြိတ်ထားမိတယ်။တိုက်ခန်းတစ်ခန်းစာအပြည့် လျှပ်စစ်ပစ္စည်း အရောင်ဆိုင်။မီးလုံး ၊ မီးကြိုး၊ ပလပ်ပေါက်ကနေ လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ လျှပ်စစ်ပစ္စည်းမျိုးစုံ အရောင်းဆိုင်ကြီးက နှင်းသီရိကို လှောင်ပြောင်သလို ကြည့်နေတယ်။နှင်းသီရိ ရဲ့ စိတ်ထဲမှာ အခံရခက်လှတဲ့စိတ်နဲ့ ဒေါသတွေပါ ထွက်လာမိတယ်။လုပ်ချင်တာကို လုပ်ရမှ ကျေနပ်တဲ့ နှင်းသီရိ ။ လိုချင်တာကို ရမှကျေနပ်တဲ့ နှင်းသီရိ ။ချစ်သူလင်းရိပ်က သူမဖုန်းဆက်ရင် ကိုင်ပေမဲ့ စကားကို အချိန်ကြာကြာမပြော ။တွေ့ဖို့ချိန်းရင်လည်း မလာ။ဒါတွေအတွက် နှင်းသီရိ ခံပြင်းဒေါသထွက်နေမိသလို မရလေ ပိုလိုချင် လေဆိုတဲ့ စိတ်က နှင်းသီရိမှာဖြစ်ပေါ်နေတယ်။ခုချိန်မှာ နှင်းသီရိ စဉ်းစားနေမိတာ တစ်ခုပဲရှိတယ်။အဲ့ဒါက လင်းရိပ်ရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်ဖို့ အတွေးပဲ။
*************************
" ဒေါက် ...ဒေါက် ...ဒေါက် '
စာရေးနေတုန်းမှာ ကြားလိုက်ရတဲ့ တံခါးခေါက်သံကြောင့် အနီရင့်ဆတ်ခနဲ တုန်လှုပ်သွားမိတယ်။
====================
အပိုင်း ( ၁၉ ) ဆက်ရန်
ဧကြည်ဖြူ