book

Index 17

အပိုင်း ( ၁၇ )

ဧကြည်ဖြူ


"ရင်ဘတ်ပေါ်ကနှင်းဆီ "


************************

        နှင်းသီရိရဲ့ အဆက်မပြတ် ပြောနေတဲ့စကားတွေကို နားထောင်ပြီး လင်းရိပ် ဆွံ့အနေမိတယ်။မျှော်လင့်တကြီးနဲ့မေးနေတဲ့ နှင်းသီရိရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး လင်းရိပ်ရင်ထဲမှာ ဆို့နင့်လာရတယ်။


" ခ ...ခဏလေးပါ နှင်း ...အခု အလုပ်ဝင်ရတော့မှာမို့ ညနေမှဆုံရအောင်.... ညနေ နှင်းတို့ ဆိုင်ရှေ့ကို  လာခဲ့ပါ့မယ်"


      မပြန်ချင့် ပြန်ချင်နဲ့ပြန်သွားတဲ့ချစ်သူရဲ့ ကျောပြင်ကို ကြည့်ပြီး လင်းရိပ်ရဲ့ရင်ထဲမှာ ကြေကွဲဆို့နင့်စွာခံစားနေရတယ်။


************************


" မဖြစ်နိုင်ဘူး ....မောင်ညာပြောနေတာမဟုတ်လား....နှင်းကို မုန်းသွားလို့ မောင်တမင် ညာပြောနေတာမဟုတ်လား ..."


      နှင်းသီရိက ခါးခါးသီးသီး ငြင်းဆန်ရင်းနဲ့ ငိုနေတယ်။

   လင်းရိပ်က ငိုနေတဲ့ နှင်းသီရိကို ကြည့်ပြီး ခေါင်းကို ငိုက်စိုက်ချထားမိတယ်။


" ဘယ်သူလဲ ... ဘယ်သူနဲ့ ဒီလောက်မြန်မြန် လက်ထပ်လိုက်တာလဲ ....မောင်ပြောတော့ နှင်း တစ်ယောက်တည်းကို ချစ်တာပါဆို ..."


      လင်းရိပ် ဘာမှပြန်မပြောမိ ။ နှုတ်ဆိတ်လျက် ငြိမ်သက်နေမိတယ်။


*************************


      အလုပ်က ပြန်ရောက်ကတည်းက ဆိုဖာခုံမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ လင်းရိပ်ကို ကြည့်ပြီး အနီရင့် စိတ်ထဲမကောင်းဖြစ်နေမိတယ်။အနီရင့်ကြောင့် အခြားသူတွေ စိတ်ဆင်းရဲနေတာကို အနီရင့်မလိုလား။ ဒါပေမဲ့ ခုချိန်မှ အနီရင့်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိပါ။ အစကတည်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖခင်ဖြစ်သူရှိရာကို လိုက်သွားမိရင် ကောင်းသားလို့ တွေးနေမိတယ်။


"လင်းရိပ် ထမင်းစားမလား ..."


       အနီရင့် မဝံ့မရဲ မေးလိုက်တော့ လင်းရိပ်က ခေါင်းမော့ကြည့်လာတယ်။


" အင်း စားမယ်လေ ...မင်းရော စားပြီးပြီလား "


" ဟင့်အင်း "


" ဒါဆိုလာလေ ...စားရအောင် ... "


      လင်းရိပ်က ပြောပြီး ထမင်းစားခန်းဘက်ကို ရှေ့က ထွက်ခဲ့တယ်။ထမင်းစားခန်းထဲ ရောက်တော့ လင်းရိပ်ကပဲ ဦးဆောင်ပြီးထမင်းဝိုင်းကို ပြင်လိုက်တယ်။


" ဖယ်...ဖယ် လင်းရိပ် ...အနီရင့် လုပ်ပါ့မယ် "    

      အနီရင့်မှာ လင်းရိပ်ကို အားနာလှတာမို့ ပြောရင်း လင်းရိပ်ကို တွန်းဖယ်လိုက်တယ် ။


" ရပါတယ်ကွာ ...မင်းက ဒီမှာ ထိုင်စောင့်နေ .... ကျွန်တော် ဒါတွေ ကျွမ်းပါတယ် "


       လင်းရိပ်က အနီရင့်ရဲ့လက်လေးကိုဆွဲပြီး ခုံမှာထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ သူက ဟင်အိုးတွေကို ပြန်နွေးတယ်။


     လင်းရိပ်ကို ကြည့်ပြီး အနီရင့်မှာ အားနာသထက် အားနားနေမိတယ် ။သာမန်ကာလျှံကာ မဟုတ်ဘဲ စေတနာ အပြည်အ၀နဲ့ ကူညီလုပ်ဆောင်ပေးနေတဲ့ လင်းရိပ်ကိုကြည့်ပြီး အနီရင့်ကိုယ့်ကိုယ်ကို အပြစ်ရှိနေသလို ခံစားနေရတယ်။အနီရင့်ကြောင့် လင်းရိပ်တို့ ချစ်သူနှစ်ဦး ပြန်မဆုံရတာကိုလဲ အနီရင့်မှာ အားနာတာထက်ပိုပြီး စိတ်မကောင်းကြီးစွာ ခံစားနေမိတယ်။


"လင်းရိပ် "


       အနီရင့်က လင်းရိပ် ကို လှမ်းခေါ်လိုက်တယ်။


      လင်းရိပ်က အနီရင့်ကို လှည့်ကြည့်လိုက်ပြီး "ပြောလေ ... ဘာလိုချင်လို့လဲ "  လို့ မေးလိုက်တယ်။


" ဟို ..ဟိုလေ ...အနီရင့်ကို အားနာစရာ မလိုဘူးနော် ...အနီရင့် နားလည်တယ် ... ခုလောက်နဲ့တင် လင်းရိပ်ကို ကျေးဇူးတင်လှပါပြီ..."


      အနီရင့်ရဲ့ စကားကြောင့် လင်းရိပ်က မျက်မှောင်ကုတ်ပြီး ကြည့်လိုက်ရင်း "ကျွန်တော်က  ဘာကို အားမနာရမှာလဲ " လို့ပြန်မေးလိုက်တယ်။


      လင်းရိပ် အမေးကြောင့် အနီရင့် ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။


" အယ် ...ဟို ...ဟိုလေ ....လင်းရိပ်ရံ့ အချစ်ရေးကို ပြောတာ ...အနီရင့်ကို အားနားဖို့မလိုဘူးနော် .. လိုအပ်ရင် လင်းရိပ် ကောင်မလေးကို အနီရင့်လိုက်ရှင်းပြပေးမယ်လေ "


" ဘာများလဲလို့ ... အဲ့ဒါတွေ မင်းလိုက် တွေးမနေပါနဲ့ကွာ ... ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ ... နောက်လကျရင် ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်ရအုံးမှာ မဟုတ်လား "


       ပြီးတော့ လင်းရိပ်နဲ့ အနီရင့်တို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထမင်းစားကြတယ်။ လင်းရိပ်က ထမင်းစားရင်း သူ့ကိုအကဲခတ်ကြည့်နေတဲ့ အနီရင့်ရဲ့ အကြည်တွေကို မသိဟန်ဆောင်ရင်း ဟင်းတွေကို အနီရင့်ရဲ့ပန်းကန်ထဲကို ခပ်ထည့်ပေးရင်း ဘာမှမဖြစ်သလို ပြောလိုက်တယ်။


" မနက်ကျရင် ဟင်းကိုကျွန်တော် ချက်သွားပေးမယ် ...နေ့ခင်းနေ့လယ် ကျရင် ...ထမင်းပဲ စားနော် ...လက်ဖက်သုတ်တွေ စားတာ ... ကော်ဖီသောက်တာတွေ ရှောင်နော်...မင်း ကော်ဖီကြိုလ်မှန်းသိပါတယ် ...ဒါပေမဲ့ တစ်နှစ်လောက်တော့ သည်းခံနော် ... အရမ်းသောက်ချင်ရင်တော့ နည်းနည်းပဲ သောက်ပေါ့ "


     အနီရင့် မျက်ရည်ဝဲလာမိတယ်။သူ့ရင်က ဝေဒနာကို မျိုသိပ်ပြီး အနီရင့်ကို စေတနာအပြည့်နဲ့ ပြောနေတဲ့ လင်းရိပ်ကို ကြည့်နေရတာ အနီရင့် အပြစ်ရှိသလို ခံစားနေရပြီး အနေရခက်လှပါတယ်။


************************


"ကိုဘုန်း  ရှင်အရမ်းလွန်နေပြီနော်...ကေဇင့် မိသားစုကို ရှင်အရေးမစိုက်တာလား ..."


"  ဟ ...အရေးမစိုက်ရအောင် ငါက ဘာတွေ လုပ်နေလို့လဲ ပြော"


      မြတ်ဘုန်းက ခန္ဓာကိုယ် ဒယိမ်းဒယိုင်နဲ့ ခုတင်ပေါ်ကို လှဲချလိုက်ရင်း ကေဇင်ကျော်ကို ပြန်ပြောလိုက်တယ်။


" ဘာတွေလုပ်လို့လဲ ဟုတ်လား...အရည်တွေ အမြဲသောက်နေတာလေ... ဉာဉ့်နက်သန်းခေါင်မှ ပြန်လာပြီး အမြဲမူးလာတာလေ "


         ကေဇင်ကျော်က စိတ်တိုတိုနဲ့ မြတ်ဘုန်းရဲ့ခန္ဓာကိုယ်ကြီးကို တွန်းထိုးပြီးပြောလိုက်တယ်။


"ဒါလေး မူးတာ ဘာဖြစ်လို့လဲ ...မင်းကို ပိုက်ဆံမပေးလို့လား ပြော ...မင်းပြောတော့ ... လက်ထပ်ရင် ပြီးရောဆို ... လက်ထပ်ပြီးရင် ကိုဘုန်းစိတ်ကြိုက် ပျော်သလိုနေဆို ...ဘာလဲ အခုမှ နောင်တရနေတာလား ....သည်းမခံနိုင်တော့ဘူးလား ...မင်းသဘောပဲနော် ....ငါကတော့ အဆင်သင့်ပဲ "


       မြတ်ဘုန်းရဲ့ စကားတွေကြောင့် ကေဇင်ကျော် ဆတ်ဆတ်ခါအောင် နာကြည်း ဒေါသထွက်မိပေမဲ့ မခံချင်စိတ်နဲ့ စကားများ ရန်ဖြစ်ခဲ့ရင် လူကြီးမိဘတွေနဲ့ မောင်ဖြစ်သူပါ ပါလာမှာစိုးတာကြောင့် ဒေါသစိတ်ကို ချုပ်တည်းထားလိုက်ရတယ်။မနက်လင်းမှ ဖခင်နဲ့ မောင်ငယ်ဖြစ်သူ အိမ်မှာ မရှိချိန်မှာ မြတ်ဘုန်းကို ပြောဆို သောင်းကျန်းရန် တေးမှတ်ထားလိုက်တယ်။ 


*********************


 " ဘာဖြစ်လာပြန်ပြီလဲ သားကြီးရယ် ...မင်းကြည့်ရတာ တစ်ရက်မှ ပျော်ပျော်ရွှင်ရွှင်မတွေ့ရဘူး "


     ထမင်းစားခန်းမှာ မှိုင်မှိုင်တွေတွေနဲ့ ထိုင်နေတဲ့ သားဖြစ်သူ မြတ်ဘုန်းကို ကြည့်ပြီး ဒေါ်ကေသီပြောလိုက်တယ်။မြတ်ဘုန်းက ထမင်းစားပွဲခုံပေါ် လက်ထောက်၍ မှိုင်တွေနေရာမှာ


" ဗိုက်ဆာတယ် အမေ ... စားစရာတစ်ခုခုလုပ်ပေးပါ "


" ဟင် ... မနက်ကိုးနာရီကျော်နေပြီ ..သား ဘာမှ မစားရသေးဘူးလား ...ကေဇင်ကျော်တို့ သားအမိက ဘာမှမလုပ်ထားဘူးလား "


" လုပ်ထားမှာပေါ့ အမေ ... သားမစားချင်လို့ ထွက်လာတာပါ "


        အမှန်တကယ်တော့ နံနက် အဆာပြေစားရန် မြတ်ဘုန်း ထမင်းစားခန်းထဲဝင်လိုက်ချိန်မှာ ကေဇင်ကျော်တို့ သားအမိက မြတ်ဘုန်းကို ပြောဆိုနေတာကြောင့် စကားများပြီး ထွက်လာခဲ့ခြင်းပင်။ဒေါ်ဌေးဌေး မူကိုယ်တိုင်ကပါ ပြောဆိုနေတာကြောင့် မြတ်ဘုန်း ပြန်မပြောချင်တာနဲ့ မိဘအိမသို့ ကူးလာခဲ့ခြင်းပင်။မြတ်ဘုန်း ထွက်လာတော့ ကေဇင်ကျော်က ပြောဆိုပြီး နောက်ကလိုက်လာတာမို့ "မင်း ငါ့မိဘအိမ်အထိ လိုက်ပြီး ပြောဆိုနေမယ်ဆိုရင် ...ငါ ဒီကနေ အပြီးထွက်သွားတော့မှာ ...ဘာပဲဖြစ်ဖြစ် တစ်သက်လုံးပြန်လာမှာမဟုတ်ဘူး " လို့ မြတ်ဘုန်းက လေသံခပ်မာမာနဲ့ ပြောခဲ့လိုက်တာမို့ မိမိတို့ အိမ်အထိ ကေဇင်ကျော် လိုက်မလာခြင်းပင်။မြတ်ဘုန်းနောင်တရနေမိတယ်။ အစစအရာရာအတွက်ကို နောင်တတွေရနေမိတာ။ ချစ်ရသူ နီမှာ မြတ်ဘုန်းရဲ့ရင်သွေးလေး ရှိနေသလို ကေဇင်ကျော်ဆီမှာလည်း မြတ်ဘုန်းရဲ့ ရင်သွေးလေးရှိနေမှန်း သိသိနဲ့ မြတ်ဘုန်းရင်ထဲမငြိမ်းချမ်းနိုင်ပါ။"မကိုခင်မှ ဥကိုခင်မယ် " ဆိုတဲ့ စကားလိုပင် မြတ်ဘုန်း အနေနဲ့ ကေဇင်ကျော် အပေါ် တဏှာ သက်သက် ပတ်သက်ခဲ့တာမို့ ကလေးနဲ့ ပတ်သက်ပြီးတော့လည်း မြတ်ဘုန်း ဘယ်လိုမှ မခံစားရပါ။ အခုချိန်မှာ မြတ်ဘုန်းခံစား နေရတာက အနီရင့်ရဲ့ဗိုက်ထဲမှာရှိတဲ့ မြတ်ဘုန်းရဲ့ ကလေးက အခြားတစ်ယောက်ကို ဖခင်အဖြစ်သတ်မှတ်လိုက်မှာကို မြတ်ဘုန်း မလိုလား။မနှစ်သက်ပါ။ဒါနဲ့ပဲ ဒီလိုအခြေအနေမျိုးမှာ မြတ်ဘုန်း ဘာမှမတတ်နိုင်တော့ ။အရာရာက လွန်ခဲ့ပြီ။ 


" အမေ ... သား ကွာရှင်းလိုက်ရင် အမေတို့ ဘယ်လိုနေမလဲ ဟင် ..."


     ဒေါ်ကေသီမှာ မြတ်ဘုန်းရဲ့ အမေးကြောင့်ထိတ်လန့် တုန်လှုပ်သွားရပြီး " ဘာ ..ဘာပြောတယ် သားကြီး  " လို့ ပြန်မေးလိုက်ပြီး ရင်ဘတ်ကို လက်နဲ့ ဖိထားလိုက်ရတယ်။တကယ်တော့ သားကြီး မြတ်ဘုန်းက မင်္ဂလာမဆောင်ခင်ကလည်း ဒေါ်ကေသီကို ဒီလိုပဲ မေးခဲ့တာကို ဒေါ်ကေသီက လျစ်လျူရှုခဲ့မိတာ။ အဲ့ဒီမတိုင်ခင်က သားဖြစ်သူကိုယ်တိုင်က ကေဇင်ကျော်နဲ့ တတွဲတွဲလုပ်နေခဲ့ပြီး ကေဇင်ကျော်လေးကလည်း လိမ္မာရေးချားရှိတာမို့ အဆင်ပြသွားလောက်မှာပဲလို့ ခပ်ပေါ့ပေါ့ တွေးခဲ့တာ။ မင်္ဂလာပွဲပြီးမှ ကေဇင်ကျော်ရော သူ့မရဲ့မိခင် ဒေါ်ဌေးဌေးမူပါ အကျင့်စရိုက် ပုံစံတွေ ပြောင်းသွားတာကို ဒေါ်ကေသီကိုယ်တိုင်သိမြင်နေရတာမို့ သားကြီးရံ့ စကားကို ထူးပြီးတော့လည်း မအံ့သြတော့ပါ။ပြောရရင် ဒေါ်ကေသီ ကိုယ်တိုင်ကပင် ဒီလိုမျိုး အခြေအနေကို မသိစိတ်ထဲမှ ဖြစ်စေချင်နေမိတယ်လို့ပင် ပြောရလေမလား ။


" သား ခံစားနေရတာတွေကို အမေသိပါတယ်ကွယ် ...ဒါပေမဲ့ အချိန်မတန်သေးဘူးသားရယ်.. လက်ထပ်တာ နှစ်လမပြည့်သေးဘူး ကွာရှင်းကြမယ်ဆိုရင် နှစ်ဘက်လုံး ဂုဏ်သိက္ခာတွေ ထိခိုက်ကြမယ်သား ... နည်းနည်းလောက်တော့ တောင့်ခံ ကြည့်ပါအုံး သားရယ် ... မတတ်နိုင်တဲ့အဆုံးတော့  သားသဘောအတိုင်းပါပဲ "


      မြတ်ဘုန်း ထမင်းစားပွဲမှာ ခေါင်းငိုက်စိုက်ချရင်း မိခင်ရဲ့ ပြောစကားတွေကို တိတ်ဆိတ်စွာနားထောင်နေမိတယ်။


***************************


" ဒီလကုန်ကစပြီး ...သားအလုပ်ကထွက်ပြီး လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ဖို့ လုပ်ထားလို့ အလုပ်နည်းနည်း များလိမ့်မယ် ... နေရတာ အဆင်မပြေရင် ကြိတ်ပြီး မခံစားဘဲ ဖွင့်ပြောပါနော် အမေ ... သားကြိုးစားသမျှက အမေအတွက် ပဲမို့ အချိန်နည်းနည်းလောက်ပဲ စောင့်ပေးပါနော် "


     လင်းရိပ်က အလုပ်သွားခါနီး မိခင်ဖြစ်သူဆီကို ဝင်တွေ့ရင်း ပြောလိုက်တယ်။


" အေးပါ သားရယ် ...အမေနေရတာ သက်သာပါတယ် ...ဆေးရုံသွားမယ်ဆိုရင်လဲ အရင်လို ပင်ပင်ပန်းပန်း သွားစရာမှ မလိုတော့တာ ..."


     

" အမေအတွက် စိတ်မပူပါနဲ့ အစ်ကို ....ညီမလေး အမေ့ကို ဂရုစိုက်ပါတယ်...မမနီကလည်း တစ်နေ့တစ်ခေါက်တော့ အမေ့ကို လာကြည့်တယ် ... ဆေးဖိုးဆိုပြီး ပိုက်ဆံလဲပေးတယ် ...မယူဘူး ပြောလဲ မရဘူး "


" ဟုတ်လား ...အစ်ကို့ကို ဘာမှ မပြောဘူး "


       ညီမဖြစ်သူရဲ့ စကားကြောင့် လင်းရိပ် စိတ်ထဲတစ်မျိုးဖြစ်သွားမိတယ်။ သူ့အနေနဲ့ အနီရင့်ကို ကျေးဇူးတင်မိပေမဲ့ မိန်းမဆီက ချူစားရတဲ့ ဘ၀မျိုးကို အဖြစ်မခံနိုင်ပါ။ပြီးတော့ လင်းရိပ် အနီရင့်ကို ကူညီပေးရခြင်းမှာ ခင်မင်ရင်းစွဲသံယောစဉ်နဲ့ နှမချင်းကိုယ်ချင်းစာနာမိလို့ ရိုးသားစွာကူညီပေးခြင်းပါပင် ။ အနီးရင့်ဆီက ဘာကိုမှ မျှော်ကိုးပြီး ကူညီပေးခဲ့တာမဟုတ်။လုပ်ငန်းကိစ္စ လုပ်ဖို့အတွက်မှာပင် အလုပသမား အလုပ်ရှင် အနေအထားနဲ့ ကြိုးစားလုပ်ရန် လင်းရိပ်က ဆုံးဖြတ်ထားပြီးသားပင်။


**********************   

       နှင်းသီရိ အံတကြိတ်ကြိတ်နဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေမိတယ်။"လွတ်တဲ့ငါးကြီးတယ်" လို့ပဲ ပြောရ မလား။ အမှန်တကယ် လက်လွတ်ဆုံးရှုံးလိုက်ရပြီဆိုမှ နှင်းသီရိ ချစ်သူကို အဆုံးရှုံးမခံချင်ဖြစ်လာမိတယ်။ချစ်သူက မိမိကို ဂရုတစိုက် ရှိခဲ့သလိုမျိုး အခြားသူတစ်ယောက်ကို ဂရုစိုက်ပေးနေမှာ မျိုးကို နှစ်သိရိ မလိုလား။ဒီခေတ်ဒီခါကြီးမှာ အိမ်ထောင်ပြုတာ သိပ်ကို လွယ်သလို အိမ်ထောင်ကွဲတာလည်း သိပ်ကိုလွယ်ကူတာ။နှင်းသီရိရဲ့ ဗိုက်ကိစ္စကိုလည်း ကိုလ်ည်း လူမသိသူမသိ ဖြေရှင်းလို့ရတဲ့နေရာတွေပါမှပေါ။နှင်းသီရိလည်း ကိုယ့်ကိစ္စကိုယ်ရှင်း ။ချစ်သူ လင်းရိပ်ကလည်း သူ့အိမ်ထောင်ကို ဖြေရှင်းနိုင်ရင် နှင်းသီရိတို့ ရံ့ ချစ်ခရီးက ရှေ့မဆက်နိုင်စရာ အကြောင်း မရှိဘူး။သေချာတာက လင်းရိပ်က နှင်းသီရိကိုချစ်နေတုန်းပဲဆိုတာကို လင်းရိပ်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး နှင်းသီရိ သိနေတယ်။ 

       နှင်းသီရိလမ်းမပေါ်မှာရပ်နေရင်း မျက်နှာချင်းဆိုင်က တိုက်ခန်းကိုလှမ်းကြည့်နေမိတယ်။ချစ်သူလင်းရိပ်နောက်ကို လိုက်ချောင်းရင်း သိလာခဲ့ရတဲ့တိုက်ခန်း။ ရိုးရိုးသာမန်ရပ်ကွက်တစ်ခုက တိုက်ခန်းမို့ သိပ်တော့ အထင်ကြီးစရာမရှိလှဘူး။ပြီးတော့ ချစ်သူလက်ထပ်လိုက်တယ်ဆိုတဲ့မိန်းမက သာမန်မှ သာမန်မိန်းမတစ်ယောက်သာ။ရုပ်ရည် အလှအပရော ခန္ဓာကိုယ် အလှအပ ပါ နှင်းသီရိကို နည်းနည်းလေးမှ မမီတာ အသိသာချည်းပင်။ဒီလိုမိန်းမမျိုးကို ချစ်သူလင်းရိပ်က တစ်လအတွင်း ပြောင်း ချစ်သွားတယ်ဆိုတာ အဓိပ္ပါယ်ကို မရှိ ။ ဒါကို ချစ်သူရဲ့ မျက်လုံးတွေကို ကြည့်ရင် အလွန်ပင် သိသာလှတယ်။


*************************


       အနီရင့် စာရေးခုံမှထလိုက်ပြီး အညောင်းပြေအညာပြေ လမ်းလျှောက်လိုက်ရင်း အိမ်ရှေ့ ၀ရံတာကိုတွက် လာခဲ့တယ်။

      ၀ရံတာကိုရောက်တော့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်လိုက်တယ်။


" ဟင် " 


      အနီရင့် ဟိုဒီ လိုက်ကြည့်နေရင်းက လမ်းတစ်ဖက်ခြမ်းကနေ အနီရင့်ကို လှမ်းကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကြည့်ပြီး ရင်တွေ ဒိန်းခနဲ ခုန်သွားမိတယ်။စိမ်းဖန့်ဖန့်ရောင် ၀မ်းဆက်လေးနဲ့ သိပ်ကို လှတဲ့ မိန်းမတစ်ယောက်။ဖြောင်စင်းနေတဲ့ ရွှေအိုရောင် ဆံပင်ရှည်လေးတွေက လေအဝှေ့မှာ  ယိမ်းနွဲ့နေကြတယ်။သူမရဲ့အလှအပက တစ်ခါ မြင်ရုံနဲ့ မှတ်မိလွယ်တဲ့ အလှမျိုး။သူမကို ကြည့်ပြီး အနီရင့် ချက်ချင်း မှတ်မိသွားတယ်။ဒီမိန်းခလေးကို အနီရင့်သိတယ်။ လင်းရိပ်ဓါတ်ပုံပြဖူးတဲ့ လင်းရိပ်ရဲ့ချစ်သူဆိုတဲ့ မိန်းခလေး။သူမကို ကြည့်ပြီး အနီရင့် မင်သက်နေမိတယ်။သူမကလည်း အနီရင့်ကို လှမ်းကြည့်နေတယ်။နှစ်ယောက်သား အတော်ကြာ အကြည့်ချင်းဆုံနေပြီးကြတဲ့ နောက်မှာ သူမ ကားလမ်းကို ကူးလာတယ်။ပြီးတော့ အနီရင့် တို့တိုက်အောက်ကိုရောက်လာတယ်။အနီရင့်တို့တိုက်ခန်းလှေကားတွေမှာ သော့မရှိဘူး။အနီရင့် ရင်ခုန်သံတွေ တဒိန်းဒိန်းမြန်လာတယ်။ သူမများ အနီရင့်အိမ်တံခါးကို လာခေါက်ခဲ့ရင် အနီရင့် ဘာလုပ်ရမလဲ ။ ဘာတွေ ပြောရမလဲ။ အနီရင့် တစ်ကိုယ်လုံးဆတ်ဆတ် တုန်လာရုံမက အာခေါင်ထဲမှာပါ ပူပြီး ခြောက်လာတယ်။


" ဒေါက်... ဒေါက်...ဒေါက် "


     တံခါးခေါက်သံက အနီရင့်ရဲ့ နားထဲမှာ ဗုံးတစ်လုံးကွဲသံလို ကျယ်လောက်လှတယ်။ မသိရင် အနီရင့် အဖြစ်က  မယားကြီးသိသွားလို့ တုန်လှုပ်ချောက်ချားနေတဲ့ မယားငယ်တစ်ယောက်ရဲ့ပုံစံနဲ့ တူနေသေးတယ်။


''ဒေါက် ...ဒေါက်...ဒေါက် "


      တံခါးခေါက်သံက ဒုတိယ အကြိမ် ထပ်မံထွက်ပေါ်လာတယ် ။အနီရင့် ဆက်ပြီးရပ်နေရန် အင်အားမရှိလေတော့။တံခါး၀ဆီကို ခြေတုန်လက်တုန်နဲ့ လျှောက်လာမိတယ်။


" ဒေါက် ...ဒေါက် "


=================


အပိုင်း ( ၁၈ ) ဆက်ရန်


ဧကြည်ဖြူ


rate now: