ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
************************
နှင်းသီရိက သူငယ်ချင်းဖြစ်သူရဲ့ အဆောင်ရှေ့က ခုံတန်းလေးမှာ သူငယ်ချင်းနဲ့ အတူထိုင်ရင်း လင်းရိပ်ကိုစောင့်နေလိုက်တယ်။ လင်းရိပ် လာမယ်ဆိုတာကို နှင်းသီရိ ယုံကြည်နေတယ်။ လင်းရိပ်ရဲ့ အချစ်ကို နှင်းသီရိ ယုံကြည်တယ်။ တစ်ယောက် အမှားတွေ တစ်ယောက်တောင်းပန်ပြီး "ပြန်တွဲကြရအောင်"လို့ ပြောရင် လင်းရိပ်လက်ခံမယ်ဆိုတာကို နှင်းသီရိ ယုံတယ်။တကယ်တော့ လင်းရိပ်က နှင်းသီရိအတွက် နောက်ဆုံး အားကိုးရာမြက်တစ်ပင်ပဲ။ ဒီမြက်ပင်ကို နှင်းသီရိအမိအရ ဆွဲကိုင်ဖို့ ဆုံးဖြတ်ထားတယ်။နှင်းသီရိ မနေ့ကပဲ ကိုထက်နဲ့ အဆက်အသွယ် ရခဲ့တယ်။ ကိုထက်က နှင်းသီရိကို ခါချလိုက်ပြီ။ ဘယ်လိုမှ ကပ်လို့မရတော့ဘူး။ရှေ့ဆက်တိုးရင် အရှက်ကွဲမယ်တဲ့။ ဒီထက်ဆိုးရင် ကိုထက် ရောနှင်းသီရိပါ ထောင်နန်းစံရမယ်တဲ့လေ။နှင်းသီရိက ဆီးစစ်တံကိုထုတ်ပြလိုက်တော့ ငွေထုတ်ပေးတယ်။"ဖျက်ချချင်းချ ... မွေးချင်မွေးသူနဲ့မဆိုင်ဘူးတဲ့လေ " ။ပြီးတော့ ပြောသွားသေးတယ်။နှင်းသီရီမှာ ချစ်သူရှိတာရော စပွန်ဆာတွေရှိတာရောသူသိတယ်တဲ့။ "သူကနွားမဟုတ်ဘူး"တဲ့လေ။ " နှင်းမှာရည်းစားတွေရှိခဲ့တာမှန်ပေမဲ့ ...ကိုထက်ကိုပဲ ယုံပြီး ပုံအပ်ခဲ့တာပါ "လို့ နှင်းသီရိ သေမတတ် ရှင်းပြခဲ့တယ်။ ဒါပေမဲ့ သူကလက်မခံဘူး။ ခါးခါးသီးသီးကို ငြင်းတယ်။ သူ့မိသားစုသူ့အိမ်ထောင်ရေးကို အပြိုကွဲမခံနိုင်ပါဘူးတဲ့။နှင်းသီရိ ဘာလုပ်ရမလဲ။ သူပေးတဲ့ ငွေကိုယူပြီး ဆေးရုံကိုသွားရမလား။ ဒါမှမဟုတ် မိသားစုရဲ့ အဝေးဆုံးကို ထွက်ပြေးသွားရမလား ။ ကိုယ့်ကိုယ်ကိုပဲအဆုံးစီရင်လိုက်ရမလား ။ ဘာကိုမှ နှင်းသီရိ မဆုံးဖြတ်နိုင်တော့ဘူး။ ဒီလိုအချိန်မှာ နှင်းသီရိ သတိရမိတာ မောင့်ကိုပဲ ။မောင်က နှင်းသီရိကိုသိပ်ချစ်တယ်။ပြီးတော့ နှင်းသီရိကိုတန်ဖိုးလည်းထားတယ်။မောင်နဲ့ တွဲခဲ့တဲ့ ချစ်သူသက်တမ်း သုံးနှစ်ကျော်လေးနှစ်အတွင်းမှာ မောင်က နှင်းသီရိကို ပါးလေးနမ်းရုံ လက်ကလေးကိုင်ရုံကလွဲပြီး မကျူးလွန်ခဲ့ဘူး။မောင့်ကို ပြန်တောင်းပန်ပြီး နှင်းသီရိတို့ရဲ့ ချစ်ခရီးလမ်းကို ပြန်လျှောက်မယ်။ပြီးရင် အမြန်ဆုံး လက်ထပ်ကြမယ်။ ဒါဆိုရင် နှင်းသီရိရဲ့ ဗိုက်ထဲက လစွန်းရုံပဲရှိသေးတဲ့ ဗိုက်ပြဿနာက အလိုလိုပြေလည်သွားမှာပဲ။ဒါက နှင်းသီရိရဲ့ တွက်ကိန်းပဲ။ မောင်နဲ့ အတူနေရရင် နှင်းသီရိဘ၀ချမ်းချမ်းသာသာ မနေရရင်တောင် စုတ်စုတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲနဲ့ မနေရဘူးဆိုတာ နှင်းသီရိ သိတယ်။ဒါကို သိသိနဲ့ နှင်းသီရိက လောဘတက်မိပြီး ကိုထက်နဲ့ တွဲခဲ့မိလို့ အခုလို ပြဿနာတွေရှုပ်ကုန်တာ။
*************************
" ဒေါက် ...ဒေါက် "
ခပ်တိုးတိုးတံခါးခေါက်သံကြောင့် အနီရင့်ရဲ့ ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားတယ်။ပြီးတော့ ခြေဖျားလက်ဖျားတွေပါ အေးစက်လာတယ်။"ဒုက္ခပါပဲ ... ဖေဖေထင်တယ် ...လင်းရိပ်ကို မေးရင် ငါဘယ်လိုဖြေရမလဲ " အနီရင့် ထိတ်ထိတ်လန့်လန့်နဲ့ တိုးတိုးလေး ရေရွတ်မိရင်း လိမ်ညာပြောဖို့ရန် အမြန်စဉ်းစားရတယ်။
" ဒေါက် ...ဒေါက် "
တံခါးခေါက်သံက ထပ်မံထွက်ပေါ်လာတယ်။အနီရင့် ဆက်ထိုင်မနေရဲတော့ဘဲတံခါးပေါက်နားကို တုန်တုန်ယင်ယင်နဲ့ ထလာခဲ့တယ်။
တံခါးကို ဖွင့်ဖွင့်ချင်းမှာ မြင်လိုက်ရတဲ့ မျက်နှာကြောင့် အနီရင့်ကိုယ်ကိုယ်တိုင်မသိလိုက်ခင်မှာပဲ လှိုက်ခနဲ ဝမ်းသာပျော်ရွှင်မိသွားတယ်။
" အိပ်နေတာလား ... ကျွန်တော်သွားတာ နာရီဝက်လောက်တောင် မရှိသေးဘူး... ချက်ချင်းကြီးအိပ်ပျော်သွားတာလား "
" မ ...မအိပ်ပါဘူး ... ရုပ်ရှင်ကြည်နေတာ ...ဒါနဲ့ လင်းရိပ်က မြန်လှချည်လား ...စကားရော ပြောခဲ့ရဲ့လား "
" အင်း ...မသွားတော့ဘူးလေ... ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာဦးနေ့မဟုတ်လား ...ပြီးတော့ ကျွန်တော်က အိမ်တောင်သည်ဖြစ်သွားပြီလေ "
" ဒါ...ဒါပေမဲ့ ...ဒီပွဲက ကျွန်မတို့အတွက် အစစ်အမှန်မှ မဟုတ်တာ "
" ကျွန်တော်တို့အတွက် အစစ်အမှန်မဟုတ်ပေမဲ့ အများအမြင်မှာ ကျွန်တော်က အိမ်ထောင်ရှိတဲ့သူ ဖြစ်သွားပြီးလေ ...ကဲပါကွာ ...ထားလိုက်ပါ ...ဒီမှာ မင်းအတွက် မုန့်ဝယ်လာခဲ့တယ် .. အတူစားရအောင် "
အနီရင့် မုန့်စားနေရင်းကနေ လင်းရိပ်ရဲ့ ကြေကွဲရိပ်တွေ လွှမ်းနေတဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲ မြင်လိုက်ရတာမို့ စိတ်မကောင်းဖြစ်သွားမိတယ်။ပြီးတော့ လင်းရိပ်ရဲ့စိတ်ဓါတ်ကိုလည်း ပိုပြီး လေးစားသွားမိတယ်။
" ဆေးရော သောက်ပြီးပြီလား ...အခုနောက်ပိုင်း သိပ်မအန်တော့ဘူးမဟုတ်လား "
လင်းရိပ်က ပြောနေရင်းကနေ ရေသန့် တစ်ဘူးကို သွားထယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်တယ်။ပြီးတော့ ဖန်ခွက်တစ်လုံးကိုပါ ယူလာပြီး အနီရင့်ရှေ့မှာ ချပေးလိုက်တယ်။
လင်းရိပ် ဖန်ခွက်ထဲကို ရေငှဲ့ထည့်ပေးနေတဲ့ အချိန်မှာ အနီရင့်က လင်းရိပ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။အနီရင့် ကိုဘုန်းနဲ့ တွဲနေတုန်းကဆို ဒီအလုပ်တွေကို အနီရင့်ပဲ လုပ်ပေးခဲ့ရတာလေ ။
လင်းရိပ် ရေဘူးကို ပြန်ပိတ်လိုက်ရင်း အနီရင့်ကိုကြည့်လိုက်မိတယ်။မုန့်တွေကို တစ်ခုပြီးတစ်ခုယူစားနေတဲ့ အနီရင့်ရဲ့ပုံစံက ကလေးလေးတစ်ယောက်လိုပဲ လို့လင်းရိပ်ထင်လိုက်မိတယ်။မိန်းမတွေကို ပြုစုယုယပေးရတဲ့ အလုပ်ကို လင်းရိပ် ကျွမ်းကျင်တယ်။ဘယ်လိုမိန်းမကို ဘယ်လို ပြုစုပေးရင် ငွေဘယ်လောက် ရနိုင်လဲဆိုတာကို လင်းရိပ်က အထာသိတယ်။ ပါးနပ်တယ်။ရေသန့်ဘူးတစ်ဘူးဖောက်ပေးလိုက်ရင် ငွေဘယ်လောက်ဆိုတာက အစ လင်းရိပ်တို့ လောကမှာ အတာရှိတယ်။ ဒါပေမဲ့ ဒီနေ့အဖို့မှာတော့ အနီရင့်ဆီက ဘာမျှော် လင့်ချက်မှမထားဘဲ လင်းရိပ်စိတ်က အလိုလို လုပ်ပေးချင်နေမိတာ။ လင်းရိပ် အနီရင့်ကို သနားနေမိတယ်။ငွေအတွက် အပူအပင်ကင်းကင်းနေနိုင်ပေမဲ့ ရင်ဖွင့်စရာ အဖော်တစ်ယောက် တောင် မရှိတဲ့ အနီရင့် ဘ၀လေးကို လင်းရိပ် ကရုဏာသက်နေမိတယ်။စတွေ့တွေ့ချင်းက ထူးထူးဆန်းဆန်း ကြုံခဲ့ရတဲ့ ဒီမိန်းခလေးနဲ့ ဒီလောက်ထိရေစက်ပါလိမ့်မယ်လို့ လင်းရိပ် လုံးဝ တွေးမထင်ထားခဲ့မိတာတော့ အမှန်ပဲ။ ခုတော့လည်း သူမက လင်းရိပ်ဦးစားပေးရမယ့်စာရင်းထဲမှာ ပါလာခဲ့ပြီ။ ခုန လင်းရိပ်ဟော်တယ်ထဲက ထွတ်သွားတုန်းက ချစ်သူနှင်းသီရိဆီကို တကယ့်ကို သွားချင်ဇောနဲ့ ထွက်ခဲ့တာပဲ။ ဒါပေမဲ့ ဟော်တယ်ရဲ့အဝကို ရောက်တာနဲ့ အနီရင့်ရဲ့ မျက်နှာကို မြင်ယောင်လာပြီးတော့ လင်းရိပ် ရှေ့ကို ခြေဆက်မလှမ်းနိုင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့်မို့ ချစ်သူနှင်းသီရိကို ဖုန်းဆက်ပြီး တောင်းပန်လိုက်တယ်။ ဖုန်းထဲမှာ ချစ်သူရဲ့ ငိုသံတွေကို ကြားပေမဲ့ လင်းရိပ်လုပ်ချင်တာထက် (လုပ်သင့်တာကိုပဲ ရွေးချယ်ခဲ့တယ်။ဘဝပေးအခြေအနေမကောင်းလို့ မလုပ်သင့်တဲ့အလုပ်တွေကိုတောင် လုပ်နေရတဲ့ ဘ၀မှာ လင်းရိပ် ကိုယ့်သိက္ခာကို ကိုယ်တန်ဖိုးထားချင်တယ်။ အနီရင့်နဲ့ သူ့ရဲ့ မင်္ဂလာပွဲက ဟန်ဆောင်မင်္ဂလာပွဲဖြစ်ပေမဲ့ အများအမြင်မှာ တကယ့် မင်္ဂလာပွဲပဲမို့ တစ်လပဲ ဟန်ဆောင် ဆောင် ၊ တစ်နှစ်ပဲဟန်ဆောင်ဆောင် ဒီကာလအတွင်းမှာတော့ လင်းရိပ် ကိုယ့်ကိုယ်ကို အိမ်ထောင်သည် တစ်ယောက်အဖြစ် သက်မှတ်ပြီး သိက္ခာရှိရှိနေချင်တယ်။
**************************
" အန်တီ့ သားလုပ်ပုံကောင်းသေးရဲ့လား....မနေ့က မနက်ထဲက ထွက်သွားတာ ဒီမနက်ထိ ပြန်မလာဘူး ...ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်...အိမ်က လူကြီးတွေကို သူ လုံးဝ မလေးစားဘူး အန်တီ "
မနက်မိုးလင်းမယ်မှမကြံသေးဘူး ။အိမ်ကို ရောက်လာပြီး အပေါ်ထပ် အောက်ထပ်တစ်အိမ်လုံး အနှံ့ သူ့ယောကျာ်း မြတ်ဘုန်း ကိုလိုက်ရှာပြီး မတွေ့တော့ ပြောဆိုနေတဲ့ ကေဇင်ကျော်ကို ကြည့်ပြီး ဒေါ်ကေသီစိတ်တိုနေမိတယ်။
" နေပါအုံး ကေဇင်ရယ် မိုးမလင်းသေးပါဘူး ...တော်ကြာမှလာပြောပါသမီးရယ် ... နင့်ယောက္ခထီးအိပ်တုန်းမို့ပါ "
ဒေါ်ကေသီက တောင်းတောင်းပန်ပန်နဲ့ ပြောလိုက်မှ ကေဇင်ကျော် တစ်ယောက် ဆောင့် ဆောင့်အောင့်အောင့်နဲ့ သူတို့အိမ်ဘက်ကို ပြန်သွားခဲ့တယ်။
ကျန်ခဲ့တဲ့ ဒေါ်ကေသီမှာ ခုံပေါ်ကို စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ရင်း အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ချွေးမဖြစ်သူကို အံ့ဩ မယုံကြည်နိုင်အောင် ဖြစ်နေမိပြီး မိမိအမှားတွေအတွက်ပါ နောင်တ အကြီးအကျယ် ရနေမိတယ်။
**********************++
" ဘယ်လိုလဲ တွေ့ခဲ့လား နင့်ယောကျာ်းကို "
ဒေါ်ဌေးဌေးမူက မျက်နှာ စူပုတ်ပြီး ၀င်လာတဲ့ သမီးဖြစ်သူကို မေးလိုက်တယ်။
" မတွေခဲ့ပါဘူး အမေရယ် ... မလာဘူးတဲ့ "
" ဟုတ်လား ...ဒါဆို အဲ့ဒီကောင်ဘယ်သွားလဲ ...ဟိုဟာမ အိမ်းမှာများ သွားအိပ်တာလား"
မိခင်ဖြစ်သူရဲ့ အပြောကို သဘောပေါက်တဲ့ ကေဇင်ကျော်က ခေါင်းကို ခါယမ်းလိုက်ပြီး
" မဟုတ်တာ အမေရယ် ...ဟိုက မနေ့ကမှ လက်ထပ်တာလေ .."
" မသိသူအေ ... ညည်း ယောကျာ်းက အရင်က အနီရင့်မှ အနီရင့်ဖြစ်ခဲ့လေ "
" အခုလဲ အနီရင့်ပဲ အမေရဲ့ "ဟု ကေဇင်ကျော် စိတ်ထဲကနေ ပြောလိုက်မိတယ်။နှစ်ယောက်သား ခိုးကြောင်ခိုးဝှက်ချစ်နေတုန်းကတော့ အနီရင့်ကို အမျိုးမျိုး လိမ်ညာပြီး မိမိအနားမှာပဲ အချိန်ကုန်ခဲ့တဲ့ ကိုဘုန်း ။တကယ်တမ်း လက်ထပ်ဖို့ပြောတော့ အင်းမလှုပ် အဲမလုပ်။နောက်ဆုံးတော့ ကေဇင်ကျော်မှာ မိခင်ဖြစ်သူ အကြံပေးတဲ့အတိုင်း မရှိတဲ့ကိုယ်ဝန်ကို အရှိလုပ်ပြီး လီဆယ်ခဲ့ရတာ။ သေချာတာက ကိုဘုန်းက ကိုယ်ဝန်ကြောင့် လက်ထပ်တာမဟုတ်ဘဲ တိုင်မယ်တောမယ်ပြောလို့ လက်ထပ်ခဲ့တာမှန်း ကေဇင်ကျော်သိတယ် ။ဒါပေမဲ့လည်း ကေဇင်ကျော်မှာ ကိုဘုန်း ကိုလက်လွတ်ဆုံးရှုံးမခံနိုင်လေတော့ သိသိချည်းနဲ့ ကေဇင်ကျော် ရှေ့တိုးခဲ့မိတာ။ကိုဘုန်း တစ်ယောက်ကတော့ ကေဇင်ကျော်လိမ်ညာထားတဲ့ ကိုယ်ဝန်ကို စိတ်ဝင်စားဖို့နေနေသာသာ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တစ်ခွန်း တစ်လေမှပင် မဟခဲ့။မမေးခဲ့ပါဘူး။
************************
" သမီးရဲ့ စိတ်ကူးက ဘာလဲ ...သမီးက ဘာလုပ်ချင်တာလဲဆိုတာ အရင်ပြော "
ဦးသက်အောင်က သမီးဖြစ်သူ အနီရင့်ကို ကြည့်ပြီး မေးလိုက်တယ်။
" ဒီလိုလေ ဖေဖေ ... သမီးက ကော်ဖီဆိုင်ပုံစံမျိုးလေး ဖွင့်ချင်တာ ..ကော်ဖီဆိုင်ဆိုပေမဲ့ ကော်ဖီတစ်မျိုးတည်း မဟုတ်ဘဲ ...ပျော်ရည်မျိုးစုံနဲ့ အဆာပြေစာမျိုးစုံ ရတဲ့ဆိုင်မျိုး ဖွင့်ချင်တာ...ဆိုင်ကို တိုက်ခန်းကျဉ်းလေးထဲမှာ မဖွင့်ဘဲခြံကျယ်ကျယ်ထဲမှာ ဖွင့်မယ် ... ခြံထဲမှာ သစ်ပင်တွေ အလှပန်းတွေနဲ့ အလှဆင်မယ် ဆိုင်ရဲ့ နေရာအနှံ့မှာ စာအုပ် စင်တွေနဲ့ စာအုပ်တွေထားမယ် ...ဖတ်ချင်ရင်ယူဖတ်လို့ရတယ် ..လိုချင်ရင် ၀ယ်သွားလို့ရတယ်...ဆိုင်ထဲမှာ ဓါတ်ပုံရိုက်လို့ကောင်းအောင်ပြင်ဆင်ပေးထားမယ် "
အရင်ရက်တွေကနဲ့ မတူဘဲ တက်တက်ကြွကြွ ဖြစ်နေတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်စိတ်ချမ်းသာမိသလို ဖခင်ရဲ့ရှေ့မှာကလေးဆန်ဆန်ပြောနေတဲ့ အနီရင့်ပုံစံ
ကို ကြည့်ပြီး ပြုံးလိုက်မိတယ်။
လင်းရိပ်ပြုံးလိုက်သလို ဦးသက်အောင်လည်း သမီးဖြစ်သူကိုကြည့်ပြီး ပြုံးလိုက်တယ်။
" ငါ့သမီးကတော့ သူ့စာအုပ်တွေရောင်းစွံအောင် ဆိုင်ဖွင့်ချင်နေတာကို ဟား ...ဟား "
ဦးသက်အောင်က ပြောပြီး ရယ်လိုက်တယ်။ လင်းရိပ်လည်း လိုက်ရယ်တော့ အနီရင့်က လင်းရိပ်ကို မျက်စောင်းတစ်ချက်ဒိုင်းခနဲထိုးလိုက်တယ်။
" အဲဒီလို မဟုတ်ပါဘူး ဖေဖေရဲ့ ...သမီးက လူငယ်လေးတွေ လည်ရင်းပတ်ရင်း စာပါ ဖတ်စေချင်လို့ပါ "
" ဟုတ်ပါပြီ ...သမီးရဲ့ စိတ်ကူးက တကယ်ကောင်းပါတယ် ...အဆင်လဲ ပြေနိုင်ပါတယ် ...ဒါပေမဲ့ ဆိုင်အတွက်နေရာရှာရ ...ဆိုင် ပြင်ဆင်ရနဲ့ ပြီးတော့ ဆိုင်ရဲ့ ၀န်ထမ်းတွေလဲ ရှာရမယ် ...နောက်ဆုံး သမီး ပြောသလို ခြံထဲမှာ သစ်ပင်ပန်းမန်းတွေနဲ့ အလှဆင်ဖို့ဆိုရင် ဥယျာဉ်မှူးတစ်ယောက်ပါ လိုလာပြီ ....ပြောရတာ လွယ်တယ်သမီးရဲ့ ....ဖေဖေကတော့ မောင်လင်းရိပ်က အရောင်းပိုင်း ကျွမ်းကျင်တယ်ဆိုတော့ ဒီထက် အဆင်ပြေတာလေး လုပ်စေချင်တယ် ...လိုအပ်တဲ့ ငွေရင်းကို ဖေဖေ စိုက်ထည့်ပေးထားမယ် ...မောင်လင်းရိပ်က ကိုယ်တိုင် လုပ်ရမဲ့သူဆိုတော့ မောင်လင်းရိပ် လုပ်ချင်တဲ့အလုပ်ကိုပဲ လုပ်စေချင်တယ် "
ဦးသက်အောင်က သမီးဖြစ်သူရဲ့ ရှေ့ရေးအတွက် စိတ်ချရအောင်စီမံပေးချင်မိတယ်။
" ဟုတ်ကဲ့ပါ အန်ကယ် ...ကျွန်တော်နဲ့ နီ အတူတိုင်ပင်လိုက်ပါ့မယ် "
" တိုင်ပင်ကြပါ ...လိုအပ်တာမှန်သမျှ ဖေဖေ့ကို ပြော ကြားလား သမီး ...ဖြစ်နိုင်ရင် သမီးတို့နှစ်ယောက်လုံး ဖေဖေက ခေါ်သွားချင်တာ ..မောင်လင်းရိပ်ရဲ့ မိသားစုကရှိသေးတော့ မခေါ်ရက်လို့ ..."
ဦးသက်အောင်က ပြောနေရင်း သမီးနဲ့ သမက်ကို ကြည့်လိုက်မိတယ်။ ဦးသက်အောင်ရဲ့ စိတ်ထဲမှာ တူမဖြစ်သူ ကေဇင်ကျော်ကို ကြည့်ပြီး သမီးအတွက် စိတ်မအေးနိုင်အောင်ဖြစ်နေမိတယ်။ မြတ်ဘုန်းနဲ့ ကေဇင်ကျော်တို့ကြောင့် သမီးရဲ့ အိမ်ထောင်ရေးကို ထိခိုက်မှာကို ဦးသက်အောင် စိတ်ထဲက ပူပန်နေမိတယ်။
*************************
"လင်းရိပ် ဘာဖြစ်လို့လဲ "
အနီရင့်က ထိုင်ခုံမှာ တွေတွေဝေဝေနဲ့ ထိုင်နေတဲ့ လင်းရိပ်ကို မေးလိုက်တယ်။
" ကျွန်တော် စိတ်မလုံဘူး အနီရင့်ရယ် .. အနီရင့်နဲ့ အန်ကယ်က အလုပ်အတွက် အစစအရာရာလိုက် ကူညီပေးနေတော့ ကျွန်တော် မျက်နာပူမိတယ် "
လင်းရိပ်က အနီရင့်ကို ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။
" မဟုတ်တာတွေ တွေးပြန်ပြီ လင်းရိပ်ရယ် ... လင်းရိပ် အခုဆိုင်မှာ လုပ်နေသလိုပဲလေ ဘာကွာလို့လဲ ...အနီရင့်တို့ကငွေစိုက်ထုတ်ပေးမယ် ...လင်းရိပ်က လုပ်ငန်းကို အောင်မြင်အောင် လုပ်ရမယ် ... ရလာတဲ့ အကျိုးအမြတ်ကို ခွဲယူကြမယ် ...တကယ်လို့ အနီရင့်တို့တွေ တစ်ချိန်ချိန် ကိုယ်လမ်းကိုယ်လျှောက်ကြမယ်ဆိုရင်လဲ အလုပ်က အလုပ်ပဲလေ ... နော်ဆို ကလေးအတွက် ပုံမှန်ဝင်ငွေရှိမှ ဖြစ်မှာလေ ဒီအတောအတွင်း အနီရင့်လဲ အလုပ်နဲ့ပတ်သက်တာတွေ သင်ယူမှာပါ ....ကလေးမွေးပြီးရတော့ လင်းရိပ် လွတ်လပ်ခွင့်ပြန်ရမှာပါ "
ပြောပြီးတာနဲ့ အနီရင့်က အိမ်ရှေ့ ၀ရံတာဘက်ကို ထွက်လာခဲ့တယ်။မနက်ဖြန်မနက်စောစောမှာ ဖခင်ဖြစ်သူ မိသားစုလည်း ပြန်တော့မှာမို့ အနီရင့်စိတ်ထဲ ဟာတာတာကြီးဖြစ်နေမိတယ်။အလိုလိုနေရင်း ဝမ်းနည်းသလိုလည်း ခံစားနေရတယ်။
၀ရံတာဘက်ကို ထွက်သွားတဲ့ အနီရင့်ရဲ့ ကျောပြင်ကို ကြည့်ပြီး လင်းရိပ် စိတ်မကောင်းဖြစ်မိသွားတယ်။ သူ့အနေနဲ့ ကိုယ့်အားနည်းချက်နဲ့ ကိုယ် ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေမိတာက အနီရင့်ကို စိတ်ထိခိုက်သွားစေလားလို့လည်းတွေးလိုက်မိတယ်။ လင်းရိပ် ဝရံတာဆီကို ထွက်လိုက်လာခဲ့တယ်။ အနီရင့်ရဲ့ နားကိုရောက်တော့ လင်းရိပ်မှာ ဘာပြောလို့ ပြောရမှန်းမသိ။
" ကျွန်တော်တို့ လမ်းလျှောက်ရင်း စာအုပ်ဆိုင်ဘက်ကို သွားကြမလား ... မနက်ဖြန် အလုပ် ပြန်ဆင်းရမှာဆိုတော့ အိမ်ကို သွားလည်ရအောင်လေ "
လင်းရိပ် စကားမရှိ စကားရှာပြီး ပြောလိုက်တယ်။ လင်းရိပ်ပြောလိုက်တော့ အနီရင့်ရဲ့ မျက်နှာလေး ပြန်ပြီး ကြည်လင်လာတယ်။
" သွားကြမယ်လေ ... မုန်းဝယ်ပြီး အန်တီတို့နဲ့ သွားစားရအောင် "
************************
လင်းရိပ် အရောင်းဆိုင်ရှေ့ကို ရောက်ခါနီးမှာ ဆိုင်ရှေ့မှာရပ်နေတဲ့သူကို မြင်ပြီး နှလုံးခုန်သံတွေ အဆမတန်မြန်ဆန်လာတယ်။ခြေလှမ်းတွေကလည်း ယိမ်းယိုင်လာတယ်။
နှင်းသီရိကလည်း လင်းရိပ်ကို မြင်လိုက်တာမို့ လင်းရိပ်ဆီကို အပြေးတစ်ပိုင်းနဲ့ သွားလိုက်တယ်။
" မောင် နှင်းကို ရှောင်နေတာလားဟင် ...နှင်းကို ခွင့်မလွှတ်နိုင်ဘူးလား ... နှင်းကို မချစ်တော့ဘူးလား ...နှင်းကတော့ မောင်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်လို့ မောင့်ဆီကို ပြန်လာခဲ့တာလေ..."
=====================
အပိုင်း (၁၇) ဆက်ရန်
ဧကြည်ဖြူ