book

Index 15

အပိုင်း ( ၁၅ )

ဧကြည်ဖြူ


" ရင်ဘတ်ပေါ်ကနှင်းဆီ "


*********************

      လက်ထဲက ဖိတ်စာလေးကိုကြည့်ပြီး အသက်မဲ့သွားသူလို မြတ်ဘုန်း ငြိမ်သက်နေမိတယ်။သူရဲ့ မင်္ဂလာပွဲပြီးလို့ ဆယ်ရက်ကျော်ကျော်ပဲရှိသေးတယ်။ချစ်ရသူရဲ့ မင်္ဂလာဦးဆွမ်းကျွေး ဖိတ်စာက မြတ်ဘုန်းတို့ဆီကို ရောက်လာခဲ့ပြီ။ သူမဘယ်သူနဲ့ လက်ထပ်မှာလဲ။ချက်ချင်း လက်ထပ်လိုက်တယ်ဆိုတာက ကိုယ်ဝန်ကြောင့်ပဲ ဆိုတာကို မြတ်ဘုန်းသိလိုက်တယ်။


"ဘယ်လိုလဲ ရှင့်ဟာမလေးက လူကြည့်တော့ မတုန်မလှုပ်နဲ့ မြန်လှချည်းလား ...ကြည့်ရတာ ရှင်နဲ့အပြိုင်ထားထာတာ-နေမယ် "


      ကေဇင်ကျော်ရဲ့ အပြောကို မနှစ်သက်လှတာမို့ မြတ်ဘုန်းကျောခိုင်းပြီးထွက်လာခဲ့တယ်။ဒါတောင် ကေဇင်ကျော်ရဲ့ အသံက နောက်က ကပ်ပါလာသေးတယ်။


" ဘာလဲ ...ရှင်က ခံစားနေရတာလား ... ဘယ်လို ကောင်နဲ့ ယူတာလဲဆိုတာကို သိချင်လို့ ကေဇင်တို့က ဒီမင်္ဂလာပွဲကို သွားဖြစ်အောင် သွားမှာ သိရဲ့လား "


    လူ့အကြောင်း ပေါင်းကြည့်မှ သီဆိုသလိုပဲ မြတ်ဘုန်းလည်း ကေဇင်ကျော်တို့အိမ်မှာ လိုက်နေတာ တစ်ပတ်ကျော်ပဲရှိသေးပေမဲ့ ကေဇင်ကျော်တို့ သားအမိရဲ့ စိတ်ရင်း အလုံးစုံကို သိခဲ့ရတယ်။ သားအမိနှစ်ယောက်လုံးက အပြင်ပန်းက ကြည့်ရင် ရိုးရိုးသားသား အေးအေးဆေးဆေး ပုံစံလေးတွေနဲ့ အတွင်းစိတ်ကောက်ကျစ် ကြတာကို မြတ်ဘုန်း သိခဲ့ရပြီ။ ဒါတင်မကသေးဘူး သားအမိနှစ်ယောက်လုံး လောဘလည်းကြီးကြတယ်။ပြီးတော့ ကေဇင်ကျော်က သူ့ကိုယ်သူပဲ အလှအပ ပြင်ဆင်တတ်ပြီး အိမ်မှုကိစ္စတွေမှာ အင်မတန် အပျင်းကြီး ပြီး ဖြစ်ကတတ်ဆန်း နိုင်တာတွေကိုလည်း မြတ်ဘုန်းသိခဲ့ရပြီး။ အစစအရာရာ ကေဇင်ကျော်ရဲ့မိခင် ဒေါ်ဌေးဌေးမူရဲ့ အစီအမံတွေနဲ့သာ နေထိုင်ရတာကိုလည်း မြတ်ဘုန်းသိခဲ့ရတယ်။မြတ်ဘုန်း ဒါတွေကို သိသိနဲ့ လျစ်လျူရှုထားပြီးနေခဲ့လိုက်တယ်။ မင်္ဂလာပွဲစပြီး ကျင်းပပြီးတဲ့နေ့ကစလို့ မြတ်ဘုန်း အရက်နဲ့ပဲ အဖော် ပြုတော့တယ်။သူ့ဘ၀က ကေဇင်ကျော်တို့အိမ်မှာစိတ်မချမ်းသာလို့ အိမ်ကိုပြန်တော့လည်း မိခင်ဖြစ်သူက ကေဇင်ကျော်တို့ သားအမိအပေါ်မှာ မကျေနပ်သမျှကို မြတ်ဘုန်းကိုပဲ ပြောတာ။ကြာတော့ တစ်ပတ်ကျော်အတွင်းမှာကို မြတ်ဘုန်းက ကိုယ့်ဘဝကို စိတ်အပျက်ကြီး ပျက်လာမိတယ်။


***********************


" အနီရင့် လက်ထပ်တော့မယ်ဆို မြန်လှချည်းလား ...ဘာလဲ မင်းနဲ့ တွဲနေကတည်းက နောက်တစ်ယောက်ရှိနေတာထင်တယ် ...သူတို့ ညီအစ်မတွေက စရိုက်တွေ အကျင့်တွေကတော့ တူသားပဲ "


       မြတ်ဘုန်းထင်တဲ့အတိုင်းပဲ ။ ဟိုအိမ်မှာ စိတ်ညစ်လို့ အိမ်ကိုပြန်လာမိတာ။အနီရင်ရဲ့ မင်္ဂလာဖိတ်စာကို ကိုင်ပြီး မကျေမချမ်းနဲ့ ပြောနေတဲ့ မိခင်နဲ့ စပြီး ဆုံတွေ့လိုက်ရတယ် ။


" ဒီအကြောင်းတွေ  တော်ပါတော့ အမေရယ် ... သား ဘာမှ မကြားချင်တော့ဘူး "


" မကြားချင်လို့ ရမလား ... မင်းမိန်းမနဲ့ မင်းယောက္ခမက  တစ်ပတ်အတွင်းကို အချိုးတွေပြောင်းလှချည်လား ....သားငယ်ရဲ့ ဆိုင်ကို မင်းမိန်းမနဲ့ မင်းယောက္ခမက သွားတယ်ဆို ... ဘာသွားလုပ်တာလဲ ...အဲ့ဒီဆိုင်က သူတို့နဲ့ ဘာဆိုင်လို့လဲ ပြော ... မင်းတော့ နွားဖြစ်ပြီ မြတ်ဘုန်းရဲ့ သိရဲ့လား "


      မိခင်ဖြစ်သူဆီက ကြားလိုက်ရတဲ့ စကားတွေကြောင့် မြတ်ဘုန်း မချိပြုံး ပြုံးလိုက်မိတယ်။" အဲ့ဒီနွားဖြစ်အောင် လုပ်ခဲ့တဲ့အထဲမှာ အမေလဲ ပါတယ်လေ "လို့ မြတ်ဘုန်းစိတ်ထဲကပဲပြောလိုက်မိတယ်။ပြီးတော့ မြတ်ဘုန်းမကြာခင်ကမှ သိခဲ့ရတဲ့ ကေဇင်ကျော်တို့ရဲ့အိမ်နဲ့ ခြံက ပေါင်နှံထားတာကိုသာ မိခင်ကြီးသိသွားရင် သွေးများတက်သွားမလားလို့တောင် မြတ်ဘုန်းတွေးနေမိတယ် ။


" မင်း ဘာဖြစ်နေတာလဲ ကေသီ ...ဒီပွဲက မင်းဦးစီးတဲ့ပွဲမဟုတ်လား ...အခုမှ ဘာလို့ သားကိုပဲ အပြစ်တွေမြင်နေတာလဲ"


     မပြောစဖူး ၀င်ပြောလိုက်တဲ့ ဖခင်ကြီးကြောင့် မြတ်ဘုန်း အံ့ဩသွားမိသလို မိခင်ဖြစ်သူလဲ အသံတိတ်သွားတယ်။ မြတ်ဘုန်းကတော့ စိတ်ညစ်ညစ် အပြင်ကို ပြန်ထွက်လာခဲ့တယ်။ခုချိန်မှာ မြတ်ဘုန်း သိချင်နေတာက အနီရင့် ဘယ်သူနဲ့ လက်ထပ်မှာလဲ ဆိုတာကိုပဲ။ ဒါပမဲ့ ဒီကိစ္စကို ဘယ်သူ့ကို သွားမေးရမလဲ ။ဖိတ်စာထဲမှာ နာမည် ပါပေမဲ့ ဘယ်သူမှန်းကို မြတ်ဘုန်းမသိဘူး။


*************************=


      မြတ်ဘုန်း စိတ်ညစ်ညစ်နဲ့ ကားကို ဦးတည်ရာမဲ့ လျှောက်မောင်းလာရင်းကနေ သတိဝင်လာမိတဲ့အချိန်မှာ ကားက အနီရင့် တိုက်ခန်းရှိရာ လမ်းထဲကိုရောက်နေခဲ့ပြီ။ မထူးတော့ပြီမို့ မြတ်ဘုန်းကားကို လမ်းမဘေး တစ်နေရာမှာ ရပ်ခဲ့ပြီး အနီရင့်ရဲ့ တိုက်ခန်း ရှိရာကို တက်လာခဲ့လိုက်တယ်။


    " ဒေါက် ...ဒေါက် ..."


      မြတ်ဘုန်း တံခါးခေါက်လိုက်ပြီး မကြာခင်မှာ အထဲက လမ်းလျှောက်လာသံကို ကြာလိုက်ရတယ်။ပြီးတော့ တံခါးဖွင့်သံ။


      တံခါးပွင့်သွားတာနဲ့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် မြတ်ဘုန်း ဒေါသစိတ်တွေ ထောင်းခနဲဖြစ်သွားမိတယ်။


" မင်း ...မင်း "


      မြတ်ဘုန်း စိတ်တိုတိုနဲ့ လင်းရိရဲ့ အင်္ကျီကော်လံစကို ဆောင့်ဆွဲပြီး မေးလိုက်မိတယ်။


" နီ နဲ့ လက်ထပ်မှာ မင်းလား "


" ဘယ်သူလဲ လင်းရိပ် "


      အနီရင့်က အခြေအနေကို မသိဘဲ ထမင်းစားခန်း ကနေ လှမ်းမေးလိုက်တယ်။


" ဟုတ်ကဲ့ အနီရင့်နဲ့ လက်ထပ်မှာ ကျွန်တော်ပါ "


" ဘာ ...ဘာကွ ....မင်းလို ပိုင်းလုံး ကောင်ကများ နီနဲ့ လက်ထပ်မယ် ဟုတ်လား ... မင်းက  များ ရာရာစစ  ကဲကွာ ..."


" ခွပ် "


       မြတ်ဘုန်း စိတ်မထိန်းနိုင်ဘဲ လင်းရိပ်ရဲ့ မျက်နှာကို ထိုးချပစ်လိုက်တယ်။ လင်းရိပ်မှာ ရုတ်တရက် အထိုးခံလိုက်ရတာမို့ ရှောင်ချိန်မရလိုက်ဘူး ။လင်းရိပ်စိတ်တို သွားပေမဲ့ ပြန်မတုံ့ပြန်မိ ။တော်ကြာ ရုန်းရင်းဆန်ခတ် ဖြစ်ရင် ဘေးအခန်းတွေ သိသွားမှာကို တွေးလိုက်မိလို့ စိတ်ကို လျှော့လိုက်ရတယ်။ လင်းရိပ်က မိခင် နှလုံးရောဂါသည်နဲ့ နေနေကြမို့ ဒေါသကို ချက်ချင်းထိန်းလိုက်နိုင်တယ်။


" ဘယ်သူလဲ လင်းရိပ် ...ဟင် ...ရှင် ...ရှင် ဘာလာလုပ်တာလဲ ကိုဘုန်း "


       အနီရင့်က အခန်းပြင် ကိုထွက်လာမေးလိုက်ရင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အလန့်တကြားနဲ့ မေးလိုက်တယ် ။


" အနီရင့် မင်းက ဒီပိုင်းလုံးကောင်နဲ့ လက်ထပ်မှာဆို ဟုတ်လား ...မင်း ရူးနေပြီလား .... ကိုယ်ဝန်ကြောင့် လက်ထပ်မှာဆိုရင် လက်မထပ်နဲ့ ... ငါ မင်းကို တစ်သက်လုံး ထောက်ပံ့ စောင့်ရှောက်ပေးနိုင်တယ် "


" ဘာပြောတယ် ရှင်ရူးနေတာလား ကိုဘုန်း... သွား...ခုချက်ချင်း ဒီက ထွက်သွား "


       အနီရင့် ဒေါသတကြီးနဲ့ အော်လိုက်တယ်။


" အနီရင့် ...မအော်နဲ့ လေ စိတ်ကို ထိန်းအုံး .."


      လင်းရိပ်က ဒေါသတကြီး ဖြစ်ပြီး တဆတ်ဆတ် တုန်ယင်နေတဲ့ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးကို လှမ်းထိန်းပြီး ခပ်တိုးတိုး ပြောလိုက်တယ်။


" ဟေ့ကောင် ပိုင်းလုံးကောင် ဖယ်စမ်း ... အနီရင့်ကို မထိနဲ့ ကဲကွာ ..."


    မြတ်ဘုန်းက ဒေါသတကြီးနဲ့ လင်းရိပ်ကို ဆောင့်ဆွဲပြီး ထိုးဖို့ဟန်ပြင်လိုက်တယ်။


" ဟင် ...ကိုဘုန်း ရှင် ဒါဘာလုပ်တာလဲ ...ကဲဟာ "


" ဖြန်း "


      လက်ရွယ်နေတဲ့ မြတ်ဘုန်းရဲ့ မျက်နှာပြင်ကို အနီရင့်က ဦးအောင် ချပစ်လိုက်ပြီး မြတ်ဘုန်းကို မောင်းထုတ်လိုက်တယ်။


" ထွက်သွား ..အခုချက်ချင်း ထွက်သွား ...လင်းရိပ်က ပိုင်းလုံးကောင် မဟုတ်သလို ကိုဘုန်းလို လူယုတ်မာလဲ မဟုတ်ဘူး ...အနီရင့် ဘဝကို လာမနှောက်ယှက်နဲ့ ... ကိုယ့်အရှက်ကို မခွဲချင်လို့ အေးအေးဆေးဆေးနေနေတာကို  ...အနီရင့်ကို စိတ်လာဆွရင် ကိုဘုန်းတို့ တစ်မိသားစုလုံးကိုပါ အရှက်ခွဲ ပစ်မှာ "


     အနိုရင့်ရဲ့ ဒေါသတကြီးနဲ့ ပြောလိုက်တဲ့ စကားကြောင့် မြတ်ဘုန် ကြောင်အပြီး ကြည့်နေမိတယ်။အနီရင့်ဟာ မြတ်ဘုန်း တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပုံစံနဲ့ ကျားရိုင်းမလေးလို မြတ်ဘုန်းကို ရန်လိုနေတဲ့ အကြည့်တွေနဲ့ ကြည်နေခဲ့တယ်လေ။


" လင်းရိပ် ... ရှင့်နှုတ်ခမ်းက သွေးတွေက ဘာဖြစ်တာလဲ ရှင့်ကို သူထိုးလိုက်တာလား ဟင် ... ဟုတ်လား .."


    လင်းရိပ်ရဲ့ မျက်နှာကို ကြည့်ပြီး စိုးရိမ်တကြီး ပြောနေတဲ့ အနီရင့်ကို ကြည့်ပြီး မြတ်ဘုန်း ခေါင်းကို ငိုက်စိုက်ချလို့ ပြန်ထွက်လာခဲ့တယ်။


**************************


" ရှင်က ဘာလို့ ပြန်မထိုးတာလဲ...."


     အနီရင့်က လင်းရိပ်ရဲ့ နှုတ်ခမ်းထောင့်ကို ဆေးလိမ်းပေးရင်းပြောလိုက်တယ်။


" သူထိုး ကိုယ်ထိုးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ရင် ပတ်ဝန်းကျင်က ကြားသွားမှဖြင့် ...ပြီးတော့ အဲ့ဒါမင်းရဲ့ ချစ်သူ မဟုတ်လား ...."


" ချစ်သူ ဟုတ်လား ... ဘာချစ်သူလဲ ...လူတစ်ယောက်ကို အထင်သေးသွားပြီ ဆိုရင် အချစ်ပါ ပျောက်ဆုံးသွားတာထင်တယ် ... အနီရင့်ချစ်ခဲ့တဲ့ ကိုဘုန်းက သေဆုံးသွားပြီ ...အခုကိုဘုန်းက အနီရင့်နဲ့ ဘာမှမဆိုင်တဲ့သူပဲ "


     အနီရင့်ကိုကြည့်ပြီး လင်းရိပ် ချစ်သူနှင်းသီရိကို သတိရသွားမိတယ်။ချစ်သူနှင်းသီရိလည်း လင်းရိပ်ကို အထင်သေးသွားတာမို့ အခုချိန်လောက်ဆို လုံးဝကို မုန်းမေ့သွားပြီထင်ပါရဲ့။ လင်းရိပ် ဘက်ကရော ချစ်သူအပေါ် ဘယ်လို သဘောထားနေမိလည်း ဆိုတာကိုတော့ လင်းရိပ်မသိပါ။ တတ်နိုင်သမျှ ချစ်သူရဲ့ အကြောင်းကို လင်းရိပ်မေ့ပစ်ဖို့ကြိုးစားနေမိတာတော့ အမှန်ပါပင်။


" အဖေက ပြန်လာမယ်လို့ ပြောတယ် လင်းရိပ် ...ဘယ်လိုလုပ်ကြမလဲ ဟင် "


      အနီရင့်ရဲ့ မေးသံကို ကြားမှ လင်းရိပ် အတွေး အိမ်ထဲက ရုန်းထွက်ပြီး အနီရင့်ကို ပြန်ဖြေလိုက်တယ်။


" ဘယ်လိုလုပ်ရမလဲ ...ဒီအတိုင်း ဟန်မပျက်နေလေကွာ ...မင်းက စာရေးဆရာမပဲဟာ ...အိုက်တင်တွေ ဘာတွေ မရဘူးလား "


" လင်းရိပ် ရှင်နောက်မနေနဲ့ ... တော်ကြာ အဖေရိပ်မှသွားမှာ စိုးတယ် ... အဖေသာ အဖြစ်မှန်တွေကို သိသွား ရင် ဘာတွေဖြစ်ကုန်မလဲ မသိဘူး "


" မသိအောင်တော့ ဂရုစိုက်ရမှာပေါ့ ...ကျွန်တော်တောင် အမေတို့ ယုံကြည်အောင် ပြောနိုင်သေးတာပဲ ...ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိသားစုက မင်းကို ချစ်ကြတယ်ကွ...မင်းနဲ့ လက်ထပ်တော့မယ်လို့ ပြောလိုက်တော့ သူတို့ အရမ်းဝမ်းသာနေကြတာ "


     အနီရင့်နဲ့လင်းရိပ်ရဲ့ကြားမှာ ပြန်လည် တိတ်ဆိတ်သွားတယ်။


" မင်္ဂလာပွဲပြီးရင်တော့ ... ဆိုင်ဖွင့်ဖို့ အတွက် သေချာလေးလုပ်ကြရအောင် ... ဒီကြားထဲလဲ ဆိုင်နေရာကို လင်းရိပ် အဆင်ပြေမယ်ထင်တဲ့ နေရာမှာပဲ ရှာလိုက်နော် "


**************************


     နှင်းသီရိ မဝံ့မရဲနဲ့ ရုံးခန်းထဲကို ဝင်လာခဲ့တယ်။


" မင်္ဂလာပါ ...ကြိုဆိုပါတယ်ရှင် "


       တံခါးဖွင့် ဖွင့်ခြင်းမှာ အသံချိုချိုလေးနဲ့ နှုတ်ဆက်လိုက်တဲ့ ၀န်ထမ်းမလေးကြောင့် နှင်းသီရိ ကြောက်စိတ်တွေတော့ ပြောလျော့ သွားမိတယ်။

'

" ဘာအကူအညီ ပေးရမလဲရှင် .. ဘယ်နိုင်ငံကို သွားချင်တာလဲရှင် ...တတ်ကျွမ်းတဲ့သူနဲ့ ဆွေးနွေးလို့ရပါတယ် "


" ရှင် ... ဟို .... ဟို "


       စာရေးမရဲ့ စကားကြောင့် နှင်းသီရိ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားမိတယ်။ရဲမင်းထက်ရဲ့ ကုမ္ပဏီက ပြည်ပအလုပ်အကိုင်ရှာဖွေပေးတဲ့ အေဂျင်စီမို့ စာရေးမက နှင်းသီရိကို အလုပ်လာရှာသူ့အမှတ်နဲ့ ပြောနေခြင်းဖြစ်တယ်။


" ဒီ ...ဒီလိုပါ ...ကျွန်မက ...ဒီက သူဋ္ဌေး ကိုရဲမင်းထက်နဲ့ တွေ့ချင်လို့ပါ ..."


  " ဪ ... ဆရာနဲ့တွေ့ချင်တာလား ...ဆရာက သူဇနီး  နေမကောင်းဖြစ်နေလို့ တောင်ကြီးကို ပြန်သွားပါတယ်...ဒီလကုန်ပြီးမှ ပြန်လာမှာပါ "


" ရှင် "


      ကြားလိုက်ရတဲ့ စကားကြောင့် နှင်းသီရိ ခေါင်းထဲမှာ သွေးတွေ ဒိန်းခနဲ ဆောင့်တိုးသွားပြီး လူက မိုက်ခနဲ ဖြစ်သွားမိတယ်။လုံးဝမထင်မှတ်ထားခဲ့တဲ့ အဖြေ။နှင်းသီရိကိုယ်တိုင် အထပ်ထပ်အခါခါ မေးခဲ့ပြီး "လူပျိုကြီး "ပါဆိုတဲ့ စ ကားကြောင့် ယုံမှတ်ပြီး နှင်းသီရိရဲ့တစ်ဘ၀လုံးကို ပုံအပ်ခဲ့တာလေ။


" သူ ...သူဌေးရဲ့ ဖုန်းနံပတ်လေးများ ရနိုင်မလား ဟင် "


     နှင်းသီရိ တုန်တုန်ရီရီနဲ့ ပြောလိုက်မိတယ်။


" တောင်းပန်ပါတယ်ရှင် .. ဆရာကို အရင်ပြောပြပြီး ဖုန်းနံပတ်တောင်းပေးမှာမို့ အစ်မရဲ့ ဖုန်းနံပတ်လေး ပေးထားခဲ့လို့ရပါတယ် "


        နှင်းသီရိ ခေါင်းငိုက်စိုက်ချပြီး ရုံးထဲက ပြန်ထွက်လာခဲ့မိတယ်။လမ်းတစ်လျှောက်လုံး နှင်းသီရိမှာ အသိစိတ် ကင်းမဲ့နေသူလို လမ်းပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွားနေမိတယ်။


*************************


     ကေဇင်ကျော်မှာ မင်္ဂလာပွဲထဲမှာထိုင်နေရင်း  ကြိတ်မနိုင်ခဲမရ ဖြစ်နေမိတယ်။အစတုန်းကတော့ မင်္ဂလာပွဲကို ခန်းမမှာတောင် မဆောင်နိုင်ဘဲ ဘုန်းကြီးကျောင်းမှာ အကျဉ်းရုံးတဲ့ပွဲဆိုပြီး လှောင်ပြောင်ချင်လို့ ရောက်လာခဲ့တာ။ ဒါပေမဲ့ ရောက်လာတော့ ထင်ထားတာနဲ့ တခြားဝီကို ဖြစ်နေခဲ့တာ။ စည်လိုက်တဲ့ မင်္ဂလာပွဲဆိုတာ ဘုန်းကြီးကျောင်းရှေ့မှာ ကားတွေဆိုတာ အပြည့်ပဲ။တစ်ယောက်တည်း ကုပ်ကုပ်လေး နေတတ်တဲ့ အနီရင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆိုတာ ဘယ်က ပေါ်လို့ ပေါ်လာမှန်းကို မသိဘူး။ လာတဲ့ ဧည်သည်တွေထဲမှာ ကေဇင်ကျော်သိတဲ့ အနုပညာရှင်တွေ ပါသလို ၊ ကေဇင်ကျော်မသိတဲ့ အနုပညာရှင်တွေလဲ အများကြီး လာကြတယ်။မှန်တာပြောရရင် အနီရင့် စာရေးတာကို ကေဇင်ကျော် လုံးဝအထင်မကြီးခဲ့တာအမှန်ပဲ။အနီရင့်ရေးတဲ့ ၀တ္ထုကို ရုပ်ရှင်ရိုက်တယ်ဆိုတဲ့ သတင်းကို ကြားခဲ့ပေမဲ့လုံးဝကို အထင်မကြီးခဲ့တာ။အနီရင့်ကလည်း သူ့အကြောင်းတွေကို သိပ်ပြီး ထုတ်ပြောလေ့မရှိတာမို့ ကေဇင်ကျော်တို့ တစ်မိသားစုလုံး အနီရင့်ကို အထင်သေးခဲ့ကြတာ။ ဒီအုပ်စုထဲမှာ မြတ်ဘုန်းရံ့အမေ ဒေါ်ကေသီလည်း ပါတယ် ပြောရမှာပဲ။ ခုတော့ လာတဲ့ ဧည့် ပရိတ်သတ်ကိုကြည့်ပြီး ကေဇင်ကျော် အလိုမကျ ဖြစ်နေမိတယ်။ဒီကြားထဲ သတိုးသားလောင်းကလည်း ကေဇင်ကျော်ထင်ထားသလို ပုံဆိုးပန်းဆိုးပုံမျိုးမဟုတ်ဘဲ ကိုဘုန်းထက် ပိုပြီး ရုပ်ရည်သားနားနေပုံက ရုပ်ရှင်မင်းသားတွေထက်တောင် ကြည့်ကောင်းနေတာကိုလည်း ကေဇင်ကျော် မကျေမနပ်ဖြစ်နေမိတယ်။ပြီးတော့ မိမိ မင်္ဂလာဆောင်ဖိတ်တုန်းကတော့ လက်ဖွဲ့ငွေပဲ ပို့ ပေးပြီး သူ့သမီး မင်္ဂလာပွဲကို ကျတော့ မိသားစုလိုက် လာပြီး လိုလေသေးမရှိအောင် လုပ်ပေးနေတဲ့ အနီရင့်ရဲ့ဖခင်ကိုလည်း မကျေနပ်မိ။


" အမေ သမီးတို့ ပြန်ရအောင် "


" အေး ...ပြန်ကြမယ် ... ငါက အစကတည်းက လာချင်တာမဟုတ်ဘူး ...နင့် အဘွားနဲ့ နင့်အဖေကို သွားခေါ်လိုက်အုံးမယ် "


" အဘွားတို့ ပြန်မလိုက်လည်း ထားခဲ့ ...သမီးတို့ ဘာသာပြန်ကြရအောင် "


***********************


         အနီရင့် ဧည်သည်တွေကို ဧည့်ခံရင်း ခေါင်းတွေပါ တရိပ်ရိပ် မူးလာတယ်။မင်္ဂလာပွဲက အနီရင့်နဲ့လင်းရိပ် စီစဉ်ထားသလို သာမာန်ပွဲသေးလေးမဟုတ်ဘဲ စည်စည်ကားကားကြီးကို ဖြစ်နေတာ။ အထူးသဖြင့် အနီရင့်ရဲ့ ဖခင်ဖြစ်သူမှာ သူ့ရဲ့ မိတ်ဟောင်း ဆွေဟောင်း တွေက အစ ဖိတ်ထားခဲ့တာ။ 


" ဒီလောက်များတဲ့ ဧည့်သည်တွေကို ဘယ်သူ ဖိတ်လိုက်တာလဲဟင် "


     အနီရင့်က လင်းရိပ်နားကို ကပ်ပြီး မေးလိုက်တယ်။


" မသိဘူးလေ ... မင်းရဲ့ စာပေမိတ်ဆွေတွေ ဒီလောက်များမယ် မထင်ခဲ့ဘူး "


" အင်း ... ဟုတ်တယ် သူ တို့ကိုတော့ဖိတ်လိုက်တယ် ...တော်ကြာ ဗိုက်ထွက်လာမှ တစ်မျိုးထင်နေကြမှာစိုးလို့ "


 

" မင်း နေလို့ အဆင်ပြေရဲ့လား ....သံပရာရည်ဖြစ်ဖြစ် သောက်မလား ...ခဏလောက်ထိုင်နေအုံး အရမ်းလှုပ်ရှားနေလို့ မဖြစ်ဘူးထင်တယ် "


     လင်းရိပ်က အနီရင့် နဖူးပေါ်က ချွေးစေးလေးတွေကို ကြည့်ပြီး ကြင်ကြင်နာနာနဲ့ ပြောလိုက်သလို လက်ကလည်း လက်ကိုင်ပ

ဝါလေးကို ယူပြီး အနီရင့်ရဲ့ နဖူးပြင်ပေါ်က ချွေးစလေးတွေကို သုတ်ပေးလိုက်တယ်။


     ဒီမြင်ကွင်းကို ကြည့်ပြီး အနီရင့်ရဲ့ ဖခင်ဖြစ်သူ ဦးသက်အောင်က ကျေနပ်နေမိတယ်။သူ့စိတ်ထဲမှာ တစ်ချိန်လုံး သမီးဖြစ်သူအတွက် စီတ်ပူပြီး နေခဲ့ရတာ။ သူသိသလောက် မြတ်ဘုန်းနဲ့ သမီးဖြစ်သူ အနီရင့်တို့ လူငယ်ချင်း မေတ္တာမျှ နေတယ်လို့ သိထားတာ။ရုတ်တရက် မြတ်ဘုန်းနဲ့တူမဖြစ်သူ ကေဇင်ကျော်တို့ လက်ထပ်ကြမယ်ဆိုတော့ သမီးဖြစ်သူ အတွက် ဦးသက်အောင် သိပ်ကို စိတ်ပူခဲ့ရတာ။ သမီးဖြစ်သူတော့ ခဲမနဲ့တူမရဲ့ အနိုင်ကျင့်တာကိုခံရပြန်ပြီလို့ တွေးပြီး စိတ်ပူခဲ့ရတာ။ ခုလို သမီးက အိမ်ထောင်ပြုတော့မယ်ဆိုတော့ ဦးသက်အောင် ဇနီးနဲ့ သားကိုပါ ခေါ်ချလာပြီး သမီးရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားဖြစ်အောင်စီစဉ်ခဲ့တာပေါ့။ပြီးတော့ သမက်ဖြစ်သူရဲ့ သန့်ပြန့် ကြည်လင်တဲ့ ရုပ်ရည်နဲ့ မိသားစုကလည်း ရိုးရိုးအေးအေးပုံ ပုံတွေမို့ ဦးသက်အောင် အကျေနပ်ကြီး ကျေနပ်နေမိတယ်။


*************************


      မင်္ဂလာပွဲပြီးလို့ လူကြီးမိဘတွေကို ကန်တော့ပြီးတာနဲ့ လက်ဖွဲ့တွေကို အနီရင့်ရဲ့ တိုက်ခန်းကိုပို့ပြီး အနီရင့်နဲ့လင်းရိပ်မှာ ဟိုတယ်ကို တန်းလာခဲ့ရတယ်။တကယ်တော့ ဒီအစီအစဉ်ကလည်း လင်းရိပ်နဲ့ အနီရင့်တို့စီစဉ်ခဲ့တဲ့ထဲမှာ မပါဘူး။အနီရင့်ရဲ့ဖခင်က သူတို့မိသားစုတည်းတဲ့ ဟော်တယ်မှာ သမီးနဲ့ သမက်အတွက် ဟော်တယ်ခန်းပါ စီစဉ်ပေးခဲ့တာ။အနီရင့်နဲ့လင်းရိပ်မှာ မငြင်းသာဘဲ ဟော်တယ်ကိုလိုက်ပါခဲ့ရတယ်။


************************


      ငှားထားတဲ့ ဟော်တယ်ခန်းက သားနားလွန်းလှတယ်။ခက်တာက အိပ်စရာ ခုတင်က နှစ်ယောက်အိပ်ခုတင်တစ်လုံးတည်းရှိတယ်။


     လင်းရိပ်နဲ့ အနီရင့်တို့ နှစ်ယောက်ထိုင် ဆိုဖာခုံမှာ ဘေးချင်းကပ် ထိုင်နေမိကြတယ်။


" မင်းနားချင် သွားနားတော့လေ ...တစ်နေကုန် ပင်ပန်းထားတာ မဟုတ်လား..."


     လင်းရိပ်က အနီရင့်ကို ပြောလိုက်တယ်။


" လင်းရိပ်ကရော "


  "ဒီမှာပဲ အိပ်လိုက်မယ်လေ "


    လင်းရိပ်က ဆိုဖာခုံကို လက်နဲ့ပုတ်ရင်း ပြန်ဖြေလိုက်တယ်။


" ဆိုဖာက တိုတိုလေး ...လင်းရိပ် အရပ်ကြီးနဲ့ ဘယ်လို အိပ်မလဲ "


" ရပါတယ်ကွာ ... အိပ်တတ်ပါတယ် ...ဒါနဲ့  ဒီမှာ မင်းရဲ့ ဆေးတွေ ကျွန်တော် ယူလာတာ ...ဆေးသောက်လိုက်အုံး "


      လင်းရိပ်က သူ့ကျောပိုးအိတ်ထဲက ဆေးတွေကို ထုတ်ပြီး အနီရင့်ကို ကမ်းပေးလိုက်တယ်။


      အနီရင့်က လင်းရိပ်ကို ကျေးဇူးတင်စွာ လှမ်းကြည့်ပြီး ဆေးတွေကို ယူလိုက်တယ်။


" ကဲ့ပါ ...အဲ့ဒီမှာတော့ မအိပ်ပါနဲ့ လင်းရိပ်ရယ် ...ဒီခုတင်ပေါ်မှာပဲ လာအိပ်ပါ... အလယ်က ခွခေါင်းအုံးတွေ ချထားလိုက်လို့ရပါတယ် ...လင်းရိပ်ကို အနီရင့် ယုံကြည်ပြီးသားပါ "


" အင်း ... အင်းပါ "


       အနီရင့်နဲ့ လင်းရိပ်တို့ အိုးတိုးအမ်းတမ်းနဲ့ စကားပြောနေကြတုန်း မှာ လင်းရိပ်ဖုန်းက မြည်လာတာမို့ လင်းရိပ်က ဖုန်းကို လှမ်းယူပြီး ကြည့်လိုက်တယ် ။


" ဟင် " ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ နံပတ်ကိုကြည့်လိုက်ပြီး လင်းရိပ် ကြက်သေသေသွားမိတယ်။


" ဘာဖြစ် လို့လဲ လင်းရိပ် ...ဖုန်းကိုင် လိုက်လေ "


       အနီရင့်က ငိုင်တွေသွားတဲ့ လင်းရိပ်ကို လှမ်းပြောလိုက်မှ လင်းရိပ် သတိဝင်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။


" ဟယ်လို "


      လင်းရိပ် တုန်တုန်ယင်ယင်နဲ့ ထူးလိုက်မိတယ်။


" မောင် ... မောင်ဘယ်မှာလဲဟင် ...အဆောင်မှာလား ...မောင့်ကို နှင်းတွေ့ချင်တယ် ...နှင်းအခု အပြင်မှာ မောင်...သူငယ်ချင်းရဲ့ အဆောင်မှာ ရောက်နေတယ် ...နှင်းကို လာတွေ့ပါနော် မောင် ... မောင်မလာမချင်း နှင်းစောင့်နေမှာနော် "


      ပြောပြီးတာနဲ့ နှင်းသီရိက ဖုန်းချသွားတယ် ။လင်းရိပ် ဘာမှ ပြန်ပြောခွင့် မရလိုက်။လင်းရိပ်မှာ ဖုန်းကို ကိုင်ပြီး ကြောင်တောင်တောင်နဲ့ ထိုင်နေမိတယ်။


" လင်းရိပ် ...ဘာဖြစ်လို့လဲ ...ဘယ်သူဖုန်းဆက်တာလဲ ....အိမက ဆက်တာလား "


      အနီရင့်က လင်းရိပ်ရဲ့ ပခုံးကို ပုတ်ပြီး မေးလိုက်မှ လင်းရိပ်သတိဝင်လာပြီး နာရီကို ကြည့်လိုက်တော့ ည (၈ ) နာရီ ထိုးပြီးသွားပြီ။


" ဟို ... ဟို ...ကျွန်တော့် ကောင်မလေး ဖုန်းဆက်တာ ...အရေးကြီး ကိစ္စရှိလို့တဲ့ ခဏလောက် တွေ့ချင်လို့တဲ့ "


     လင်းရိပ် အနီရင့်ကို အားတုံ့အားနာနဲ့ ဖြေလိုက်တယ်။


       အနီရင့်မှာ လင်းရိပ်ရဲ့ အဖြေကြောင့် ထိတ်လန့်အံ့သြသွားမိပြီး လင်းရိပ်ကို မေးလိုက်တယ်။


" လင်း ...လင်းရိပ် ပြောတော့ လမ်းခွဲ လိုက်ကြပြီဆို "


" ဟုတ် ...ဟုတ်တယ် ... လမ်းခွဲလိုက်ကြပြီး ...ဒါပထမဆုံး သူပြန်ဆက်တာ ....ကျွန်တော်ဘာလုပ်ရမလဲ ဟင် ...အနီရင့် ဆုံးဖြတ်ပါ "


     လင်းရိပ်က အနီရင့်ကို ကြည့်ပြီး ပြောလိုက်တယ်။


      အနီရင့်ကို မျှော်လင့်တကြီးနဲ့ ကြည့်နေတဲ့ လင်းရိပ်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး အနီရင့် ဆုံးဖြတ်ချက်ကိုချလိုက်တယ်။


" သွားလေ ...သွားလိုက်ပါ လင်းရိပ်ရယ် ...အနီရင့် နားလည်ပါတယ် ..."


      အနီရင့်က ပြောရင်း လင်းရိပ်ရဲ့ ကျောပိုးအိတ်လေး ကို ယူပြီး လင်းရိပ်ဆီကို ကမ်းပေးလိုက်တယ်။


       လင်းရိပ်က အနီရင့်ကို ကျေးဇူးတင်စွာ တစ်ချက်ကြည့်လိုက်ပြီး ကျောပိုးအိတ်လေးကို လှမ်းယူလိုက်တယ်။ပြီးတော့ ဟော်တယ်ခန်းရဲ့ အပြင်ကို လှမ်းထွက်လာခဲ့တယ်။


      အခန်းထဲမှာတော့ အနီရင့် တစ်ယောက်တည်း ဆိုဖာခုံပေါ်မှာ ငူငူချည်း ထိုင်ပြီး ကျန်နေခဲ့တယ်။


=====================


 အပိုင်း (၁၆ ) ဆက်ရန်


ဧကြည်ဖြူ


rate now: