ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
**************************
" မဖြစ်မနေ ဖိတ်မှ ရမှာလားကွာ ...လာနိုင်မှာလဲမဟုတ်ဘဲနဲ့ "
မြတ်ဘုန်းက ကေဇင်ကျော်ကို ခပ်တိုးတိုးပြောလိုက်တယ်။
" ဖိတ်တော့ ဘာဖြစ်လို့လဲ ...တူမရဲ့ မင်္ဂလာပွဲကို ဘကြီးအရင်းကို လှမ်းဖိတ်တာလေ ..ဘာလဲ ကို ဘုန်းက မတော်လိုက်ရတဲ့ ယောက္ခမကြီးကို ကြောက်နေတာလား "
ကေဇင်ကျော်က မြတ်ဘုန်းကို ခနဲ့တဲ့တဲ့လေသံနဲ့ မေးလိုက်တယ်။ မြတ်ဘုန်း ဘာမှ ဆက်မပြောတော့ဘဲ့ နေရာမှ ထထွက်ခဲ့တယ်။မင်္ဂလာပွဲစီစဉ် နေတဲ့ တောက်လျှောက် မြတ်ဘုန်းကို တိုင်ပင် ပြောဆိုခြင်းမပြုပါဘဲ ကေဇင်ကျော်တို့ သားအမိနဲ့ မြတ်ဘုန်းရဲ့ မိခင်ပေါင်းပြီး သုံးယောက်သား စိတ်တိုင်းကျ စီစဉ်နေခဲ့ကြတာ။ကျန်တဲ့ မိသားစု တွေကတော့ သိပ်ပြီး ဝင်ရောက်ပြောဆိုခြင်းမရှိကြဘူး။ အထူးသဖြင့် မြတ်ဘုန်းရဲ့ဖခင်ကြီးက ဘာဆိုဘာမှ မပြောဘဲနှုတ်ဆိတ်နေတယ်။ မြတ်ဘုန်းကရော ဘာပြောနိုင်မာတဲ့လဲ ။ထိုင်ပြီး ကြည့်နေရုံကလွဲလို့ ဘာမှကို လုပ်ပိုင်ခွင့်မရှိဘူး။
**************************
ဖုန်းသံက ကျယ်ကျယ်လောင်လောင်မြည်နေပေမဲ့ အနီရင့် ဖုန်းကို တော်တော်နဲ့ မကိုင်ရဲ့ဘဲ တုန်တုန်လှုပ်လှုပ်နဲ့ကြည့်နေမိတယ်။ဖုန်းမကိုင်လိုက်ပြန်ရင်လည်း ဖခင်ဖြစ်သူပိုပြီး စိတ်ပူပန်သွားမှာစိုးတာကြောင့် အနီရင့်မှာ ခြေတုန်လက်တန်နဲ့ပဲ နှစ်ဖုန်းကို ကိုင်လိုက်ရတယ်။
" ဟယ်လို ...အဖေ "
" သမီးလေး နေကောင်းလား ...အဆင်ပြေလား "
အနီရင့် ဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက် တစ်ဖက်က အလောတကြီးမေးလာတဲ့ ဖခင်ရဲ့အသံကို ကြားလိုက်ရတယ်။
" ဟုတ် .... ဟုတ်ကဲ့ ကောင်းပါတယ် ဖေဖေ "
" ဒါနဲ့ သမီးနဲ့ မောင်မြတ်ဘုန်းက မေတ္တာ ရှိနေကြတာဆို ....ခုက ဘယ်လိုဖြစ်တာလဲ သမီး .... သတင်းကြားရတော့ အဖေ ဘယ်လိုမှ မယုံနိုင် ဖြစ်နေတယ် ...သမီးလဲ အဖေ့ကို ဘာမှမပြောပါလား ... ဘာတွေ ဖြစ်ကုန်ကြတာလဲ "
အနီရင့် နှုတ်ဆိတ်နေမိတယ်။ ဖခင်ဆီက ဒီလိုမေးခွန်းတွေ မေးမယ်မှန်းသိသိနဲ့ အနီရင့်မှာ ဖြေစရာအဖြေ မရှိပါ။
" ဟို ...ဟို ... သ ...သမီးတို့ လမ်းခွဲလိုက်ကြတာ ကြာပြီ အဖေ ..."
အနီရင့် အသံကို မတုန်အောင်ထိန်းရင်း ဖခင်ကြီးကိုပြန်ဖြေလိုက်တယ်။ဖခင်ဖြစ်သူ ထံမှ အတော်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ
" အင်းပါလေ ...ဒါဆိုလဲ ပြီးတာပဲ ...သမီးလေး အဖေတို့ဆီ အလည် ဖြစ်ဖြစ်မလာချင်ဘူးလားကွယ် ..အပြီးနေမယ်ဆိုလဲ သမီးစိတ်တိုင်းကျ နေလို့ရပါတယ် .... အဖေတို့အိမ်မှာ အတူမနေချင်ရင်တောင် ... သမီးအတွက် တိုက်ခန်း သီးသန့် စီစဉ်ပေးပါ့မယ် ..."
ဖခင်ဖြစ်သူဆီက စကားကြားရတော့ အနီရင့်ရဲ့ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းလာမိတယ်။ဖြစ်နိုင်ရင် ခုချိန်မှာ ဖခင်ကြီးဆီကို အပြေးသွားလိုက်ချင်မိတယ်။ ဒါပေမဲ့လည်း အနီရင့်ရဲ့ အဖြစ်ကို ဖခင်ကြီးသာ သိသွားရင် ဘယ်လောက်များခံစားရရှာမလဲ။ အဖေဟာ အနီရင့်ဘွဲ့ရပြီးတဲ့နောက်မှာ အနီရင့်ကို သိပ်ပြီး ယုံကြည်ခဲ့တာ။အနီရင့်အနေနဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီ အရာရာကို ဝေဖန်ပိုင်ခြားဆုံးဖြတ်နိုင်ပြီလို့ ယုံး/ကြည်ထားခဲ့တာလေ။
" ဟုတ် ... ဟုတ်ကဲ့ ပါအဖေ ... ဒီက အလုပ်လေးတွေ ပြီးတာနဲ့ အဖေတို့ဆီ သမီးလာလည်ဖို့လုပ်ထားပါတယ် ..."
" အေး ... အေးပါ သမီးရယ် ... လာမယ်ဆို အချိန်မရွေးပြောနော် ...လိုအပ်တာရှိရင်လဲ အဖေ့ကို ပြောနော် ... ဘာမှ အားနာစရာမလိုဘူး ..သမီးရဲ့ အန်တီကလည်း သမီးကို ခေါ်ခိုင်းနေတာ ... ပြီးတော့ သမီးရဲ့ မောင်လေးနဲ့လဲ လာတွေ့ပါအုံး "
ဖခင်ကြီးဆီက ဖုန်းချ သွားတော့ အနီရင့် ဆိုဖာခုံထက်မှာ ထိုင်ချလိုက်ရင်း ဝမ်းနည်းပက်လက် ငိုချလိုက်မိတယ်။ အဖေ ဟိုမှာ အိမ်တောင်ပြုလိုက်ပြီး ကတည်းက အနီရင့်ကို ခေါ်ခဲ့ပေမဲ့ အနီရင့် လိုက်မသွားခဲ့ဘူး။အဖေတို့ မိသားစုလိုက် မြန်မာပြည်ကို သုံးခေါက်တိတိ လာခဲ့သော်လည်း အနီရင့် ငြင်းဆန် ပစ်ခဲ့တယ်။ ဘာသာစကားလည်းတူ လူမျိုးလည်းတူ ပြီး သွေးသား အရင်းတွေဖြစ်တဲ့ အဘွားရင်းက တောင် အနီရင့်ကို မလိုလားသေးတာ။ ဘာသာစကားလည်း မတူ လူမျိုးလည်းမတူတဲ့ မိထွေးနဲ့ အနီရင့် လိုက်မနေချင်ခဲ့တာအမှန်ပါ။ အနီရင့်ရဲ့ အဖေတူ မအေကွဲ မောင်လေးက အဖေသင်ပေးထားလို့ မြန်မာစကားကို နည်းနည်းပါးပါးပြောတတ်ပေမဲ့ ယောကျာ်းလေးမို့ထင်ပါရဲ့။ အနီရင့်နဲ့ ရင်းနှီးနွေးထွေးမှု သိပ်မရှိလှဘူး။ အသက်အရွယ် ကွာခြားတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ပြီးတော့လည်း ချစ်ရတဲ့ ကိုဘုန်းကြောင့် အနီရင့် ဘယ်ကိုမှ မသွားနိုင် ဖြစ်ခဲ့ရတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။
*************************
လင်းရိပ် အလုပ်တွေသာ လုပ်နေရပေမဲ့ စိတ်က သိပ်မပါ။ ဘာမဆိုင် ညာမဆိုင် အနီရင့်အကြောင်းကို တွေးမိပြီး စိတ်က ပူပန်နေမိတယ်။ ဒီနေ့ အနီရင့်ချစ်သူရဲ့ မင်္ဂလာပွဲနေ့လေ။ အနီရင့် တစ်ယောက် ဘယ်လိုများနေမလဲလို့ လင်းရိပ် စိတ်ထဲက တွေးပြီး ပူနေမိတာ။ ခုလိုအချိန်မှာ ကိုယ့်အပူထက် သူ့အပူကပိုကြီးနေတော့ လင်းရိပ် အနီရင့်ကို ကိုယ်ချင်းစာတာထက် ပိုပြီးသနားနေမိတာ။ သူကြောင့် လင်းရိပ် တို့မိသားစုမှာ အဆင်ပြေပြေနေထိုင်နေရတာမို့ သူမကိုလည်း အစစအရာရာ အဆင်ပြေစေချင်တာ လင်းရိပ် ဆန္ဒအမှန်ပါပင်။ လင်းရိပ် တွေးနေမိရင်းမှ ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်မိတယ်။
" ဟယ်လို ...အစ်ကို ပြော လေ..."
ဖုန်းထဲက ညီမဖြစ်သူရဲ့ အသံကို ကြားလိုက်ရတော့ လင်ရိပ် ဖြန်းခနဲ ဘာပြောရမှန်းမသိ ဖြစ်သွားမိတယ်။
"အယ် ...ဟို ...အမေ နေလို့ သက်သာတယ် မလား .. သွေးပေါင်တွေ ဘာတွေ တိုင်းတယ် မဟုတ်လား "
အမေနေရတာ မသက်သာရင် သူ့ဆီကို အလတ်မက ဖုန်းဆက်တတ်မှန်းသိသိနဲ့ လင်းရိပ် မေးလိုက်မိတယ်။
" သက်သာပါတယ် အစ်ကိုရဲ့ ... သွေးပေါင်လည်း ပုံမှန်ပါပဲ ..."
" ဪ အေး ...အေးပါ ...ဒါနဲ့ ...နင်မမနီ ဒီနေ့ ဆိုင်ကို လာသေးလား ..."
" မလာဘူး အစ်ကို "
" မလာဘူးလား .. အိမ်မှာ ဘာချက်လဲ အလတ်မ .. နင့် မမနီကို ဟင်းသွားပို့ပေးလိုက်ပါလား ...အမေ့ကို ဆိုင်က စာရေးမလေးနဲ့ ခဏထားခဲ့လို့ရတယ် မဟုတ်လား "
" ဟုတ်ကဲ့ အစ်ကို ... ရပါတယ် ..ညီမလေးသွားလိုက်မယ် "
ညီမဖြစ်သူဆီက ဖုန်းချသွားတော့ လင်းရိပ်တွေဝေနေမိတယ်။တကယ်ဆိုအနီရင့် အကြောင်းကို သိနေတဲ့ လင်းရိပ် ကိုယ်တိုင်သွားသင့်မှန်း သိပေမဲ့ အလုပ်ကလည်း တစ်ဖက် ပြီးတော့ အနီရင့်ဆီ ခဏခဏ သွားရတာကို စိတ်ထဲမှာ အားတုံ့အာနာဖြစ်နေရတာကြောင့်လဲပါတယ်။ သူလိုလူ ကြောင့် အနီရင့်ကို ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချမှာမျိုးကို လင်းရိပ်မလိုလားပါ။ သူ့ဘဝကတော့ မိသားစုအတွက်ဖြစ်လာတာမို့ပေါက်တဲ့နဖူး မထူးပါလေတော့။ချစ်ရသူကလည်း စွန့်သွားခဲ့ပြီးမို့ ရှိသမျှ အချစ်တွေနဲ့ အချိန်တွေကို မိသားစုဆီကို လုံးလုံး ပေးအပ်နိုင်ဖို့ပဲ လင်းရိပ်တွေးထားမိတော့တယ်။အဓိက က မိခင်နှင့်တကွ မိသားစုကို သက်ဆုံးတိုင် စောင့်ရှောက်နိုင်ရေးအတွက် ရောဂါဆိုးတွေ မကူးစက်ဖို့ကိုပဲ ရှောင်ရှားကာကွယ်နိုင်ဖို့ လင်းရိပ်တွေးထားတော့တယ်။ကျန်တဲ့ အပိုင်းမှာ တော့ လင်းရိပ်အတွက် အရှက်သိက္ခာထက် မိသားစုကပဲ ပိုအရေးကြီးတယ်လေ။
ဝယ်သူတစ်ယောက်ကို ရှင်းပြပြောဆိုပြီး ရောင်းချပြီးချိန်မှာ ဖုန်းမြည်လာတာမို့ လင်းရိပ်ကောက်ကိုင်လိုက်တယ်။
" ဟယ်လို အလတ်မ ပြောလေ "
" အစ်ကို ..အစ်ကိုရေ ...မမနီဘာဖြစ်နေတာလဲ မသိဘူး ညီမလေးနဲ့ စကားပြောရင်း မူးလဲသွားလို့လေ မျက်တွင်းတွေကလည်း ဟောက်ပက် နဲ့ ညဘက်တွေ မအိပ်ဘဲ စာပဲရေးနေတာထင်တယ် "
" ဟင် ..ဟုတ်လား ...အ ...အခုရော "
ညီမဖြစ်သူကို လင်းရိပ် စိုးရိမ်တကြီးနဲ့မေးလိုက်မိတယ်။
" အခု အိပ်ရာထဲမှာ အစ်ကို ...ညီမလေး ဘာလုပ်ရမလဲ ဟင် ...မမနီကို ဆေးခန်းသွားရအောင် ပြောတော့လဲ မသွားဘူးတဲ့လေ ...ညီမလေးကလဲ အကြားချည်း နေလို့ မာဘူးလေ အစ်ကို ...အမေ့ကို စိတ်မချဘူး ...မမနွယ်ကိုလဲ အားနာတယ် "
" အေး ...အေးပါ ... သူ့ကို့ စားစရာ ပြင်ပေးထားခဲ့ပြီး နင်ပြန်လိုက်တော့လေ အလတ်မ "
ဖုန်းချပြီးတဲ့နောက်မှာ လင်းရိပ်စိတ်ထဲ နောက်ကျိ ရှုပ်ထွေးနေမိတယ်။ မတော်တဆ သူမ မကောင်းတာ တစ်ခုခုများကြံစည်လိုက်မလားလို့လဲတွေးနေမိတယ်။သာမာန်ဆို အနီရင့်က စိတ်ဓါတ် မာကြောခိုင်မာသူဆိုတာကို လင်းရိပ်သိပေမဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ အမျိုးသမီး တွေရဲ့ စိတ်က သူ့အလိုလို အလိုမကျတာတွေ၊စိတ်တိုတာတွေနဲ့စိတ်အားငယ်ပြီး မကောင်းတာတွေကို တွေးတတ် လုပ်တတ်တယ်လို့ စာထဲမှာ လင်းရိပ်ဖတ်ထားဖူးတယ်။ အနီရင့်ကိုတော့ ဒီလို မဖြစ်စေလို မိပေ။လင်းရိပ် နာရီကို ကြည့်လိုက်တော့ အချိန်က တစ်နာရီပင် မထိုးတတ်သေး။ပြောပြီး ပြန်ဖို့ဆိုတာလုံး၀ မဖြစ်နိုင် ။ဘာပဲဖြစ်ဖြစ် ညနေ ဆိုင်ပိတ်ချိန်အထိ စောင့်ဆိုင်းရမှာပါပင်။ ဒီကြားထဲ အနီရင့် ဘာမှမဖြစ်ဖို့ ကိုပဲ လင်းရိပ် ဆုတောင်းနေမိတယ်။
********************* ***
" ဟို ...မမ ... ကျွန်တော်တို့ ဒီည ချိန်းထားတာကို မနက်ဖြန် ကို ရွှေ့လိုက်လို့ အဆင်ပြေမလား ဟင် မမ ...ဒီနေ့ ကျွန်တော် နေသိပ်မကောင်းချင်လို့ပါ "
တစ်ဖက်က သဘောတူညီမှုရပြီးတဲ့အချိန်မှာ လင်းရိပ်ဖုန်းကို ချလိုက်ပြီး အနီရင့်ရဲ့တိုက်ခန်းဆီကို အမြန်ဆုံးထွက် လာခဲ့မိတယ်။ တကယ်ဆို ဒီနေ့ည ချိန်းထားတဲ့ မမကြီးက အပေးအကမ်းရက်ရောလှတယ်။ သူမနဲ့ တစ်ခါ ချိန်းရင် အမေ့အတွက် တစ်လစာ ဆေးဖိုးလောက်ကို ရတတ်တာ။ ဒါပေမဲ့လည်း ဘယ်လိုလုပ်မလဲ ဒီညအဖို့မှာ အနီရင့်တစ်ယောက်တည်းထားရမှာကို လင်းရိပ်က ဘာမဆိုင်ညာမဆိုင် စိတ်ထဲ ပူပန်နေမိတယ်လေ။လင်းရိပ် စိတ်ထဲ အနီရင့်ကို ကိုယ့်ညီမလေးသာ ဖြစ်ရင် ဆိုတဲ့ အတွေးတွေပဲ စိတ်ထဲ ၀င်ရောက်နေမိတယ်။
************************
လင်းရိပ် တိုက်ခန်းထဲကို ၀င်လိုက်ချိန်မှာ တိုက်ခန်း တစ်ခုလုံး အ၀င်အထက်တံခါးနားက မီးလေး တစ်လုံးပဲထွန်းထားတာမို့ အထဲမှာ အလင်းက မှုန်ပျပျသာလင်းနေတယ်။ဘာပဲဖြစ်ဖြစ် အနီရင့်ကို မြင်လိုက်ရတော့မှ လင်းရိပ်လည်း အသက်ဖြောင့် ဖြောင့် ရှူနိုင်တော့တယ်။
" မင်းနေကောင်းရဲ့လား '
တံခါးဖွင့်ပေးပြီး ယိုင်တိယိုင်တိုင်နဲ့လျှောက်သွားတဲ့ အနီရင့်ကို လင်းရိပ်လှမ်းမေးလိုက်တယ်။ အနီရင့်က နှုတ်က မဖြေဘဲ ခေါင်းပဲ ငြိမ့်ပြပြီး ဆိုဖာခုံမှာ အရုပ်ကြိုးပြတ် ဝင်ထိုင်လိုက်တယ်။ လင်းရိပ်လည်း အနီရင့်ရဲ မျက်နှာချင်းဆိုင်ခုံမှာဝင်ထင်လိုက်တယ်။
"နေလို့ မကောင်းရင် ဆေးခန်းသွားပါလားကွာ ....မင်းဒီလိုပဲ နေတော့မှာလား...မင်းကိုယ်မင်း ဂရုမစိုက်တော့ဘူးလား ...ကလေးကိုရော ထည့်မတွေးတော့ဘူးလား ...မင်းပြောတော့ သူ့ကိုမေ့နိုင်တယ်ဆို...မင်းဘ၀မင်းတည်ဆောက်နိုင်တယ်ဆို "
လင်းရိပ်ရဲ့ စကားက သူမရဲ့ မာနကို ထိပါသွား၍ထင်ပါရဲ့ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးက ဆတ်ခနဲ မတ်ထောင်လာတာကို လင်းရိပ်တွေ့လိုက်ရတယ်။ လင်းရိပ် ဆက်ပြီးတော့ သူမရဲ့ မာနစိတ်ကိုနှိုးဆွလိုက်တယ်။
" အခန်းကို အမှောင်ချသလို .. အချစ်အတွက်နံ့ မင်းဘ၀ကိုပါ အမှောင်ချမလို့လား "
" လင်းရိပ် .ရှင် တော်တော့နော် "
အနီရင့်က ဒေါသသံလေးနဲ့ လင်းရိပ်ကို ပြောလိုက်တယ်။
" ကျွန်တော် ပြောတာ လွန်လို့လား ....အစားလဲမစား ...အိပ်လဲ မအိပ်နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာလား "
လင်းရိပ် ထပ်ပြောလိုက်တော့ သူမဆီက ရှိုက်သံသဲ့သဲ့ထွက်လာတာကို လင်းရိပ်ကြားလိုက်ရတာမို့ စိတ်ထဲမကောင်းတော့ဖြစ်မိသွားတယ်။
" ကျွန်တော်ပြောတာ လွန်သွားရင် တောင်းပန်ပါတယ်..မင်းကို ဒီလိုပုံစံနဲ့ မမြင်ချင်ဘူး "
" ရှင် ပြောတာ မလွန်ပါဘူး လင်းရိပ်ရယ် .... ဒါပေမဲ့ရှင်ထင်သလို အချစ်ကြောင့် ခံစားနေရတာမဟုတ်ဘူး ...အနီရင့်ရဲ့ လက်တွေ့ဘဝကို စဉ်းစားမိလိုက်တိုင်း ရှက်ကြောက်နေမိတယ်...ခုလို လူမသူမသိအခြေအနေမှာ တောင် လူတွေနဲ့ မတွေ့ ရဲလောက်အောင် ဖြစ်နေမိတာ တကယ်လိုများ နောက်သုံးလေးလ ဆိုရင် ဘယ်လိုလုပ်ရမလဲ မတွေးရဲဘူး ...သတ္တိ ဘယ်လောက် ရှိတယ်ပဲ ပြောပြော တကယ်တမ်းကြုံလာရတော့ အရမ်း ကြောက်နေမိတယ် "
အနီရင့်ရဲ့ စကားအဆုံးမှာ နှစ်ယောက်သားပြန်လည်တိတ်ဆိတ်နေမိကြတယ် ။တိတ်ဆိတ်မှုကို လင်းရိပ်ကပဲ စတင်ဖြိုခွင်းလိုက်တယ်။
"ဒီလိုသာဆို ရှေ့ဆက်ဘယ်လိုလုပ်မလဲ ... ဒီကလေးကို မမွေးဘဲ နေမှာလား "
" အို လင်းရိပ် ...ရှင်ဘယ်လိုပြောလိုက်တာလဲ "
" မင်းစိတ်ဆိုးတယ်မဟုတ်လား ...ဒါဆို ...သတ္တိရှိရှိရင်ဆိုင်ပစ်လိုက်လေ ..ခုလို လုပ်တာက မင်းရော ကလေးအတွက်ပါ အန္တရာယ်များတယ်သိရဲ့လား "
အနီရင့်ဆီမှ စကားသံထွက်မလာ။
" မီးဖွင့်လိုက်ရမလား "
လင်းရိပ်မေးလိုက်တော့ အနီရင့်မှာ တိတ်ဆိတ်နေဆဲ။ လင်းရိပ်က သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း အလင်းမှိန်မှိန်အောက်မှာ ဝိုးတဝါး မြင်နေရတဲ့ အနီရင့်ကို လေးလေးနက်နက် စကားဆိုလိုက်တယ်။
" မင်းကို ကျွန်တော်ပြောချင်တာရှိတယ်...ကျွန်တော့် စကားကို ကြားပြီး တစ်မျိုးတော့ မထင်စေချင်ဘူး "
လင်းရိပ်ရံ့ လေးနက်တည်ကြည်တံ့ လေသံကြောင့် အနီရင့်က ငိုနေတာကို ရပ်ပြီး လင်းရိပ်ကို ကြည့်လိုက်တယ်။
" ပြောပါ လင်းရိပ် ...ဒီအချိန်မှာ အနီရင့်အတွက် တိုင်ပင်လို့ရတာ လင်းရိပ်တစ်ယောက်ပဲရှိတာလေ ...အနီရင့် စိတ်မဆိုးပါဘူး "
အနီရင့်ရဲ့ စကားဆုံး တော့ လင်းရိပ်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လိုက်ပြီး ပြောချင်တာကို တစ်လုံးချင်း ပြောလိုက်တယ်။
" ဒီစကားပြောလို့ အထင်တော့ မလွှဲစေချင်ဘူး ...မင်းကို ကူညီနိုင်တာ ဒိတစ်နည်းပဲ ရှိလို့ပါ ... ကျွန်.... ကျွန်တော် .. မင်းကို လက်ထပ်ပါရစေ "
" ရှင် ...ဘာ .ဘာပြောတယ် လင်းရိပ် "
အနီရင့်အလန့်တကြားနဲ့ လင်းရိပ်ကို ပြန်မေးလိုက်မိတယ်။
" ဟုတ်တယ် ... အများ အမြင်မှာ ကျွန်တော်တို့လက်ထပ်လိုက်ပြီလို့ ပွဲအသေးလေးတစ်ခုလောက်လုပ်ပြီး ကြေငြာလိုက်မယ် ...ဒါပေမဲ့ ကျွန်တော်တို့ လက်ထပ်စာချုပ်လဲမချုပ်ဘူးလေ... ကလေးမွေးတဲ့ အထိ ဖခင်အမည်ခံပြီး စောင့်ရှောက်ပေးမယ် ...ကျန်တဲ့ အပိုင်းကို ကလေးမွေးဖွားပြီးမှ ဆက်စဉ်းစားကြတာပေါ့ ... သေချာတာတစ်ခုက မင်းရဲ့ ငွေကြေးစည်းစိမ်နဲ့ မင်းကို စိတ်နဲ့ တောင် မပြစ်မှားဘူးလို့ ကျွန်တော် ကတိပေးတယ်..."
လင်းရိပ်ရဲ့ စကားတွေအဆုံးမှာ အနီရင့် အံ့သြမင်သက်ပြီး အသက်ရှူဖို့တောင် မေ့နေမိတယ်။ ပြီးတော့ မဝံ့မရဲနဲ့လင်းရိပ်ကိုမေးလိုက်မိတယ်။
" ရှင် ...ရှင့်ရဲ့ ချစ်သူကိုရော ...ရှင် အဲ့ဒါတွေ တွေးမိရဲ့လား "
" ကျွန်တော်တို့ လမ်းခွဲလိုက်ကြပြီး ....ကျွန်တော် အကြောင်းကို သူသိသွားတယ် ...ပြီးတော့ သူ့မှာ နောက်ထပ် ချစ်ရသူလဲ ရှိနေတယ်လေ( ... အနီရင့်သာ ကျွန်တော်လိုလူကို မရွံရှာဘဲ လက်ခံနိုင်တယ်ဆိုရင် .. ကျွန်တော် ကလေးရဲ့ ဖခင်အဖြစ် အမည်ခံပေးပါ့မယ် "
" အနီရင့် ရှင့်ဘဝကို မရွံပါဘူး အထင်လဲ မသေးဘူး...ဒါ ...ဒါပေမဲ့ ဒီကိစ္စက လွယ်လွယ်နဲ့ ဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ဘူး ...ရှင်လဲ သေချာပြန်စဉ်းစားပါ ... အနီရင့်လဲ စဉ်းစားကြည့်ပါ့မယ် ...ဒီလိုပြောလို့ လင်းရိပ်ကိုလဲ တကယ် ကျေးဇူး တင်ပါတယ် "
စကားဝိုင်းက ပြန်လည် တိတ်ဆိတ်သွားတယ်။ လင်းရိပ်က ထိုင်နေရင်း အသက်ရှူမွန်းကြပ်လာသလို ခံစားရတာကြောင့် မီးဖိုခန်းဘက်ကို ထလာခဲ့ပြီး မီးဖိုခန်းထဲက ရှုပ်ပွနေတာတွေကိုရှင်းနေလိုက်တယ်။ပြီးတော့ အနီရင့်ကို စကားလှမ်းပြောလိုက်တယ်။
" ကျွန်တော် ဒီည ... ဒီမှာ အိပ်လို့ ရတယ် မဟုတ်လား "
အနီရင့်က လင်းရိပ် အမေးကို ကြားပေမဲ့ ပြန်မဖြေမီ။ဒီနေ့ ကိုဘုန်းနဲ့ မကေဇင်တို့ရဲ့ မင်္ဂလာပွဲနေ့ ဖြစ်လို့ အနီရင့်ကို လင်းရိပ် စိတ်ပူနေမှန်း အနီရင့် ရိပ်မိနေတယ်လေ။
***************************
မနက် (၉) နာရီကျော်က ခန်းမမှာ မင်္ဂလာပွဲ ကျင်းပခဲ့ပြီး ညနေ နေဝင်ရီတရော အချိန်ကစလို့ မြတ်ဘုန်းတို့ ခြံနဲ့ ကေဇင်ကျော်တို့ရဲ့ ခြံထဲမှာ ဧည့်ခံပွဲလေးတစ်ခု ထပ်ကျင်းပကြတယ်။ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ သတိုးသားနဲ့သတို့သမီးရဲ့ ရင်းနှီ ခင်မင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုပဲ ဖိတ်ပြီး ကျင်းပတဲ့ လူပျို၊ အပျို နောက်ဆုံး ညပွဲပေါ့ ။ဒါပေမဲ့ မြတ်ဘုန်းအတွက် အဓိပ္ပါယ်ကတော့ အရင်လို လွတ်လွတ်လပ်လပ် နေခွင့်မရှိတော့ဘူးဆိုတဲ့ ပွဲတစ်ခုပဲဖြစ်တယ်။
"သားကြီး ...လာအုံး "
မြတ်ဘုန်း တစ်ယောက် သောက်ထားတဲ့ အရက်ရှိန်နဲ့ ပွဲခင်းထဲမှာ ရီဝေဝေဖြစ်နေတုန်းမှာ မိခင်ဖြစ်သူက လာရောက်ဆွဲခေါ်သွားတာမို့ မြတ်ဘုန်းမှာ မိခင်းကြီးနောက်ကို ယိမ်းတိမ်းယိုင်တိုင်နဲ့လိုက်ပါသွားရတယ်။
***************************
" ဘာဖြစ်တာလဲ အမေရာ ...ဟိုမှာ သားသူငယ်ချင်းတွေနဲ့ စကားပြောနေတာကို "
" သားကြီး ...ကေဇင်တို့က ဘာအချိုးချိုးတာလဲ ....အမေတို့ဘက်က တင်တောင်းငွေပေးထားတာ ကိုတောင် မနက်က ရတဲ့ လက်ဖွဲ့တွေကို သူတို့က အကုန်သိမ်းသွားပါလား ဟင် ....အမေတို့က လိုချင်လို့ ပြောတာမဟုတ်ဘူး... နည်းနည်းပါးပါး အကျိုးအကြောင်းလေးတောင် မဟဘူးလေ ... လက်ဖွဲ့တွေ တင်သွားတဲ့ ကားကို သူတို့အိမ်ကို တန်းမောင်းခိုင်းပြီး အမေတို့ကို ဘာမှကို မပြောဘူး "
" မသိဘူးလေ အမေရာ ...အမေတို့စီစဉ်ကြတဲ့ ကိစ္စလေ ... သား ဘာမှမသိဘူး ...အမေသိချင်ရင် သူတို့ကိုသာ သွားမေးလိုက်တော့ ...သားသွားသောက်လိုက်အုံးမယ် "
***************************
မြတ်ဘုန်းက ပွဲခင်းရဲ့ အလယ်မှာထိုင်ရင်း အရက်တွေ တစ်ခွက်ပြီး တစ်ခွက် သောက်နေမိတယ်။ ဒီနေ့အဖို့ မြတ်ဘုန်း မူးပြီး မှောက်သွားချင်တာပဲသိတယ်။
ကေဇင်ကျော်က မြတ်ဘုန်းကို ကြည့်ပြီး ဒေါသတွေ ထွက်နေမိတယ်။မနက် မင်္ဂလာပွဲပြီးကတည်းက မြတ်ဘုန်း အရက်တွေ သောက်နေတာကို တွေ့နေရပေမဲ့ လူအများရှေ့မို့ ကေဇင်ကျော်မှာ ပြောခွင့်မသာခဲ့။ ဒီကြားထဲ မိခင်ဖြစ်သူကလည်း " ဘယ်လိုဖြစ်နေတာလဲ မိကေဇင် ....သူဘာသာ သောက်တာ ဘာဖြစ်လဲ ... လွှတ်ထားလိုက်စမ်းပါအေ " ဒီစကားကို မိခင် ဘာလို့ ပြောလဲ ကေဇင်ကျော် သိတာပေါ့။ မြတ်ဘုန်း မူးနေတော့ မိခင်က သူ့စိတ်ကြိုက် စီမံခန့်ခွဲနေတာလေ။ ဒါပေမဲ့ မိခင်ကို ကေဇင်ကျော်အပြစ် မပြော ။အစကတည်းက ဒီယုန်မြင်၍ ဒီခြုံထွင်ခဲ့တာမို့ မြတ်ဘုန်းပိုင်သမျှက ကေဇင်ကျော်တို့တွေ အပိုင်လို့ သက်မှတ်ပြီးသားပဲလေ။
" ညည်း မျက်နှာကို ပြင်ထားစမ်း ကေဇင် ..တော်ကြာ ကေသီက ခုကတည်းက သူ့သားကို နိုင်စားတယ် ထင်နေမယ် .."
" လက်ဖွဲ့ ထုတ်ကားကို သမီးတို့အိမ်ကို မောင်းလာခိုင်းကတည်းက အန်တီကေသီ မျက်နှာ သိပ်မကောင်းဘူးလို့ သမီး တော့ ထင်တာပဲ အမေ "
" ထားလိုက်စမ်းပါ အေ...လက်ဖွဲ့တွေက ညည်းတို့အတွက်ပဲဟာ သူက လိုချင်နေတာလား ...အံ့ပါရဲ့ "
မယူခင်က တစ်မျိုး။ယူပြီးတော့ ကိုယ့်အပိုင်ဖြစ်သွားပြီးမို့ ကေဇင်ကျော်ရဲ့ မိခင် ဒေါ်ဌေးဌေးမူက အချိုးပြောင်း လေပြီ။ပြောရရင် ဒေါ်ဌေးဌေးမူက အနီရင့်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြတ်ဘုန်းကိုသိပ်ပြီး ကြည့်ရခဲ့တာမဟုတ်ဘူး။ မြတ်ဘုန်းက သူ့ကို ကြိတ်ပြီး သဘောကျနေရှာတဲ့ သမီးဖြစ်သူကို ကေဇင်ကျော်ကိုကျတော့ ဖုတ်လေသည့် ငပိ ရှိတယ်မထင်ဘဲ အနီရင့်မှ အနီရင့် ဖြစ်နေတာကို နည်းနည်းလေးမှ ကို ကြည့်ရခဲ့တာမဟုတ်ဘူး။ ဒီကြားထဲ မြတ်ဘုန်းက ဘွဲ့မရခင်ကတည်းက ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အောင်မြင်လာတော့ အနီရင့် အပေါ်ထားတဲ့ ဒေါ်ဌေးဌေးမူရဲ့ မကျေနပ်မှုက ပိုပြီးကြီးထွားတယ်။ဘယ်နှယ့် ဖိတ်ချင်ဖိတ် ကိုယ်အိတ်ထဲပဲဖိတ်ရမှာပေါ့လို့ ဒေါ်ဌေးဌေးမူ အတွေးဝင်ခဲ့တယ်။ ဒါနဲ့ပဲ ဒေါ်ကေသီကို အနီရင့်ရဲ့ မကောင်း သတင်းတွေကိုလုပ်ကြံပြီးသတင်းပို့ရတာပေါ့။အနီရင့်က အိမ်မှာ ဘယ်လိုရိုင်းကြောင်း ၊ လူကြီးတွေကို ပြန်ခံပြောတဲ့အကြောင်း ၊ အပျင်းကြီးတဲ့ အကြောင်းတွေကို လုပ်ကြံပြီး သတင်းပို့ရတာပေါ့။ဒေါ်ကေသီဆိုတာကလည်း သူ့အိမ်ကလွဲပြီး အခြားအိမ်ကို အကူးအသန်းမရှိတော့ ဒေါ်ဌေးဌေးမူရဲ့ အကွက်ထဲကို၀င်တာပေါ့ ။တစ်ခါက နှစ်ခါပြောရင်း မသိသာပေမဲ့ ဒေါ်ဌေးဌေးမူက အနီရင့်အကျင့်မကောင်းကြောင်းတွေကို နှစ်ချီပြီး ပြောခဲ့တာလေ။ကုန်ကုန် ပြောရရင် ဒီလိုမင်္ဂလာပွဲ ဖြစ်လာအောင်လည်း ဒေါ်ဌေးဌေးမူပဲ ဇာတ်ကွက်ကို အစီအစဉ်ချခဲ့ရတာပေါ့။တမင်ကို မြတ်ဘုန်း အပြင်ထွက်ရင် သမီးဖြစ်သူ ကေဇင်ကို ကားကြုံလိုက်ခိုင်းရ။" အိမ်မှာ သမီးတစ်ယောက်တည်းမို့ အဖော်လာနေပေးပါအုံး " ဆိုတဲ့ ဇာတ်မျိုးတွေဖန်တီးခဲ့ရတာပေါ့။တစ်ခုတော့ရှိတာပေါ့။ကာယကံရှင်ကိုယ်တိုင်က နဲ့တဲ့တဲ့ ဖြစ်နေတော့လည်း နှဲ့ရတာတော့ ပိုလွယ်ကူသွားတာပေါ့။
" ကြိုပြောထားမယ်နော် ...မိကေဇင် ... ညည်းယောကျာ်းကို အလိုလိုက်အလျှော့ပေးပြီး ညည်း ယောက္ခမ အကြိုက်လိုက်မယ်တော့ မကြံနဲ့နော် ... ညည်းအဖေရဲ့ လုပ်ငန်းတွေကလဲ ကောင်းတော့တာမဟုတ်ဘူး ... ဒီအိမ်နဲ့ ဒီခြံကလဲ ပေါင်နှံထားရတယ်ဆိုတာသိတယ်မဟုတ်လား ....အေး ညည်း ယောကျာ်းဆီက ရသမျှကိုသဲ့ယူဖို့ပဲတွေးထား ကြားရဲ့လား "
" သမီး သိပါတယ် အမေရယ် ...ဒါတွေပြောမနေပါနဲ့ ... တစ်ယောက်ယောက်ကြားသွားမှဖြင့် "
ကေဇင်ကျော်က မိခင်ဖြစ်သူကို ခပ်တိုးတိုးပြန်ပြောလိုက်ပြီး ခင်ပွန်းလောင်းရှိရာကို ထွက်လာခဲ့တယ်။
***********************++=
" ကိုဘုန်း ...ကိုဘုန်း သတိထားအုံးလေ ..."
ကေဇင်ကျော်က မြတ်ဘုန်းရဲ့ ခန္ဓာကိုယ်ကြီးကို မနိုင်မနင်း တွဲရင်း အပေါ်ထပ်အိပ်ခန်းရှိကို တက်လာခဲ့တယ်။ အားအားလုံးက တစ်နေကုန်ပင်ပန်းထားကြတာမို့ အိပ်ကုန်ကြပြီ။ ကေဇင်ကျော်မှာသာ မူးပြီးရငစ်နေတဲ့ ကိုဘုန်းနံ့ သူ့ရဲ့ သူငယ်ချင်းတွေကြောင့် အခုချိန်ထိ အနားမရနိုင်သေးဘူး။
"နီ ...ကိုယ် တောင်းပန်ပါတယ်ကွာ...အားလုံး ကိုယ့်အဖြစ်တွေပါ အချစ်ရယ် ...."
မူးမူးနဲ့ ဗလုံးဗထွေး ပြောနေတဲ့ ကိုဘုန်းကို ကြည့်ပြီး ကေဇင်ကျော် ဒေါသတွေထွက်လာမီ တာကြောင့် ကိုဘုန်ရဲ့ ကျောပြင်ကို စိတ်ရှိလက်ရှိ ထုရိုက်ပစ်လိုက်မိတယ်။ကေဇင်ကျော် ဒီလောက် ထုရိုက်နေတဲ့ကြားကနေ ကိုဘုန်းက တနီနီနဲ့ မြည်တမ်းနေတာမို့ ကေဇင်ကျော် မင်္ဂလာဦးညမှာပဲ ချုံးပွဲချ ငိုလိုက်မိတယ်။
**********************+
" သား ဒီည ဒီမှာအိပ်မှာလား ..."
" ဟို ...အယ် ... အိပ်လို့မရဘူး အမေ ... မနက် အလုပ်ကို စောစောသွားရမှာမို့ပါ "
လင်းရိပ်က ခေါက်ဆွဲကြော်ထုတ်တွေကို ညီမဖြစ်သူကို ကမ်းပေးလိုက်ပြီး မိခင်ကြီး အမေးကို ဖြေလိုက်ပြီး မလုံမလဲနံ့ ခေါင်းကို ငုံ့ထားလိုက်မိတယ်။တကယ်တော့ ဒီည ချိန်းထားတဲ့ ဧည့်သည်မရှိပါ။ဒါပေမဲ့ အနီရင့်နဲ့ ချိန်းထားတာမို့ ဒီကအပြန်မှာ အနီရင့်ရဲ့ အိမ်ကို သွားရမှာပင် ။
"သားကြီးလဲ အမေတို့ကြောင့် ပင်ပန်းလှပါပြီကွယ် ...အမေ့အတွက် သိပ်မပူပါနဲ့သားရယ် ... အမေလဲ နေရတာ သက်သာပါတယ်...ပြီးတော့ သားရဲ့ ညီမက အထည်တွေ ယူချုပ်မလို့တဲ့လေ နွယ်နွယ်လေးက ကူညီပေးရှာတယ်...သားက ခွင့်ပြုလိုက်နော် "
မိခင်ရဲ့ စကားကြောင့် လင်းရိပ်က ညီမဖြစ်သူကို လှမ်းပြောလိုက်တယ်။
" မချုပ်ပါနဲ့ ငါ့ညီမရယ် ...နင့်မှာ အမေ့ကိုလဲကြည့်ရ ...ချက်ရပြုတ်ရ နဲ့ ပင်ပန်းလှပါတယ်... အစ်ကို လောက်ငှအောင် ရှာပေးနိုင်ပါတယ် "
**************************
လင်းရိပ်နဲ့ အနီရင့်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဘယ်ကစပြောလို့ ပြောရမှန်းမသိကြဘဲ ခေါင်းတွေ ငုံ့ထားမိကြတယ်။ လင်းရိပ်ကလည်း စပြောဖို့ မဝံ့ရဲသလို အနီရင့်ကလည်း စပြောဖို့ နှုတ်မရဲ ဖြစ်နေမိတယ်။
" ဟို ...မင်း ဘာစားပြီးပြီလဲ "
နောက်ဆုံးတော့ လင်းရိပ်ကပဲ စတင်ပြီး စကားစလိုက်ရတယ်။
" ခေါလ်ဆွဲပြုတ် စားထားတယ် "
" ....ခေါက်ဆွဲပြုတ်ပဲလား "
အနီရင့်ရဲ့ အဖြေကြောင့် လင်းရိပ် ဟူးခနဲ သက်ပြင်းချလိုက်မီပြန်တယ်။
" ဟို ... လင်းရိပ် ပြောသလို လုပ်မယ်ဆိုရင် ...လင်းရိပ်က ဒီမှာ လာနေမှာပေါ့နော် "
" ဗျာ '" လင်းရိပ်မှာ မီးဖိုခန်းဘက်သွားပြီး အနီရင့်အတွက် အိုဗာတင်း တစ်ခွက်လောက် သွားဖျော်ပေးဖို့ ထထွက်လိုက်တဲ့အချိန်မှာ အနီရင့်ရဲ့ မေးသံကြောင့် ကြောင်တောင်တောင်နဲ့ လှည့်ကြည့် လိုက်ပြီးမှ အနီရင့်ရဲ့ မေးခွန်းကို သဘောပေါက်သွားရပြီး ပြန်ဖြေလိုက်တယ်။
" အင်း ... ညရေးညတာ မင်းတစ်ယောက်တည်း ဖြစ်နေတာကို စိတ်ပူလို့ ဒီမှာတော့ လာနေချင်တယ် ...ဒါပေမဲ့ မင်းအဆင်မပြေရင် မနေဘူးလေ ... ကျွန်တော့်မှာလဲ တစ်ခါတစ်လေ ညဘက် အလုပ်ရှိ တယ်လေ ...မင်းသဘောပဲပေါ့ "
လင်းရိပ်ဖြေလိုက်တော့ အနီရင့်က ပြန်လည်တိတ်ဆိတ်သွားတယ်။အတော်လေးကြာမှ
" လင်းရိပ် ခဏထိုင်အုံး ...အနီရင့်တို့ စကား သေချာ ပြောရအောင် "
လင်းရိပ် ခုံမှာပြန် ၀င်ထိုင်လိုက်တယ်။
" လင်းရိပ် မိဘတွေကိုရော ... ဘယ်လိုပြောမှာလဲ ...သူတို့က လင်းရိပ်ရဲ့ချစ်သူကိုလဲ မြင်ဖူးကြတယ်မဟုတ်လား "
" အဲ့ဒါတွေ ထားလိုက်ပါကွာ .. အရေးကြီးတာက ကိုယ်ဝန်ကိစ္စကို မင်းရဲ့ချစ်သူရယ် ... ကျွန်တော် ရယ်ပဲ သိတာလေ ... အဲ့ဒီကိစ္စကို ကျွန်တော့်မိသားစုတွေပါ မသိစေနဲ့...ဒါဆိုရပြီ "
လင်းရိပ်ပြောလိုက်တော့ အနီရင့်ခေါင်းကို ငုံ့ထားလိုက်မိတယ်။
" အနီရင့် ပြောစရာ ရှိသေးတယ်...လင်းရိပ်ရဲ့ ညဘက်အလုပ်ကို မလုပ်စေချင်ဘူး "
ဒီတစ်ခါငိုင်တွေ သွားရသူက လင်းရိပ်ပါ။လင်းရိပ်လည်း ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး။ တကယ်ဆို ချစ်သူဆိက အထင်အမြင်သေး စွန့်ပစ်တာကို ခံခဲ့ရပြီးကတည်းက ဒီအလုပ်ကို စွန့်လွှတ်ချင်ခဲ့တာ ။ အစကတည်းကလည်း ပျော်မွေ့ လို့ လုပ်ခဲ့တဲ့ အလုပ်မှမဟုတ်တာ။ဘဝပေး အခြေအနေအရမို့ မလုပ်ချင်ဘဲ လုပ်ခဲ့ရတဲ့အလုပ်လေ။
" ဒါ ...ဒါကတော့ ....ကျွန်တော့် ဘဝကိုလဲ မင်းသိသားနဲ့ ...ဒီအလုပ်ကို လုပ်ချင်လွန်းလို့ လုပ်နေတာမဟုတ်ဘူးလေ...."
လင်းရိပ် ခေါင်းကိုငုံ့ပြီး ခပ်တိုးတိုးပြောလိုက်တယ်။
" အနီရင့် သိပါတယ် ... လင်ရိပ်ရဲ့အမေအတွက် ဆေးဖိုးနဲ့ ခွဲစိတ်ဖို့ ငွေလိုနေတယ် မဟုတ်လား ..အဲ့ဒီအတွက် အခြားလုပ်ငန်းတစ်ခုကို လုပ်ရအောင် ..."
လင်းရိပ် အနီရင့်ကို ဖျတ်ခနဲ မော့ကြည့်လိုက်မိတယ်။
" ဟုတ်တယ် လုပ်ငန်း တစ်ခု လုပ်ရအောင် ...အနီရင့်က ငွေစိုက်မယ် လင်းရိပ်က လုပ်အားစိုက်ပေါ့ ... အနီရင့်က စာရေးတာနဲ့ စာဖတ်တာကလွဲရင် ဘာမှ မလုပ်ချင်ဘူး .."
" မဖြစ်နိုင်ဘူး ... မင်းလုပ်ပုံက ကျွန်တော့်ကို ပိုင်းလုံးကောင် ဖြစ်အောင် လုပ်နေသလိုပဲ "
" လင်းရိပ် ...ရှင် ဘာတွေ အတွေးချော်နေတာလဲ ... ကျွန်မက ငွေစိုက်ထုတ်ပေးတယ် ...ရှင်က အလုပ်လုပ်ပေး ...ရတဲ့ အကျိုးအမြတ်ကို ခွဲယူကြမယ် ...အဲ့ဒါနဲ့ ဘယ်လို ပိုင်းလုံး ဖြစ်မှာလဲ ...တကယ်ဆို လင်းရိပ်ကသာ နစ်နာသူ ဖြစ်မှာပါ ... အနီရင့်ရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ်ပေးတဲ့အတွက် ဒီထက်မက ထိုက်တန်ပါတယ် "
" အဲ့ဒီလို မပြောနဲ့ အနီရင့် ... မင်းပြောတာက ...ကျွန်တော်ရဲ့ စေတနာကို ငွေနဲ့ တန်ဖိုးဖြတ်သလို ဖြစ်သွားမယ် "
" ဟို ..အနိုရင့် စကားပြောမှားသွားရင် တောင်းပန်ပါတယ် ... လင်းရိပ်ရဲ့ စေတနာကို နားလဲပါတယ်...အနီရင့်တို့ အလုပ်တူတူလုပ်ကြမယ်လေ သဘောတူတယ် မဟုတ်လား "
အနီရင့်ရဲ့ စကားအဆုံးမှာ နှစ်ယောက်သားကြားမှာ ပြန်လည် တိတ်ဆိတ်သွားတယ်။
***************************
မကိုင်တဲ့ဖုန်းကို နှင်းသီရိ အခါခါ ခေါ်နေမိတယ်။လွန်ခဲ့တဲ့တစ်ပတ်ကစပြီး ကိုထက်တစ်ယောက်ခရီးထွက်သွားခဲ့တာ။ သွားသွားချင်းရက်တွေက ကိုထက်နဲ့ ဖုန်းအဆက်အသွယ် ရခဲ့ပေမဲ့ နောက်ရက်တွေက စပြီး ကိုထက်ဖုန်းကို ဘယ်လို ခေါ်ခေါ် ဖုန်းကိုင်ခြင်းမရှိတော့ပါ။
======================
အပိုင်း ( ၁၅ ) ဆက်ရန်
ဧကြည်ဖြူ