ဧကြည်ဖြူ
"ရင်ဘတ်ပေါ်ကနှင်းဆီ "
*************************
လင်းရိပ်နဲ့နှင်းသီရိ တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဆွံ့အနေမိကြတယ်။နှစ်ယောက်သား ခိုးထုပ်ခိုးထည်နဲ့အတူ မျက်နာချင်းဆိုင်မိနေကြတဲ့အနေအထားမျိုးမို့ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောကြဘဲ မျက်လုံး အကြည့်တွေနဲ့ပဲ ကြည့်နေမိကြတယ်။နှင်းသီရိရဲ့ မျက်လုံးတွေက မီးထတောက်တော့မယ့် ဟန်လို စူးစူးရဲရဲရှိလှတယ်။ လင်းရိပ်ရဲ့ မျက်ဝန်းအစုံမှာလည်း ကြွေကွဲ ယူကျုံးမရတဲ့ အကြည့်တွေနဲ့။ကောင်တာမှာ ကျသင့်ငွေကိုရှင်းနေကြတဲ့ ကိုထက် ခေါ်ရဲမင်းထက်နဲ့ ဝတ်ကောင်းစားလှတွေ ဆင်မြန်းထားတဲ့ မမလှလှကတော့ လင်းရိပ်နဲ့နှင်းသီရိတို့ရဲ့ အဖြစ်ကို မသိရှိ မရိပ်မိကြပါဘူး။
ပြီးတော့ လေးဦးသား သော့တစ်ချောင်းစီယူလို့ ကိုယ့်အခန်းကိုယ် ထွက်ခွါလာခဲ့ကြတယ်။
*************************
" ဖြန်း "
မြှောက်တက်လာတဲ့ နှင်းသီရိရဲ့လက်တစ်ဖက်နဲ့အတူ လင်းရိပ်ရဲ့ပါးတစ်ဖက်က ပူခနဲဖြစ်သွားတယ်။
"ထွီ ....ရှင်လိုလူမျိုးကို နှင်းက ချစ်သူတော်မိခဲ့တာပေါ့လေ ..ရှက်စရာကောင်းလိုက်တာ ...ရှင့်မှာ တခြား လုပ်စရာအလုပ်မရှိဘူးလား ဟင် ....အောက်တန်းကျလိုက်တာ "
နှင်းသီရိက ကိုယ့်အပြစ်ကို မမြင်နိုင်တော့ဘဲ လင်းရိပ်ကိုပဲစက်ဆုပ်ရွံရှာနေမိတယ်။တစ်လျှောက်လုံး အလိမ်ခံခဲ့ရတယ်ဆိုတဲ့ စိတ်က နှင်းသီရိရဲ့ ဒေါသကို ပိုဆွပေးသလိုဖြစ်နေတယ်။ပြီးတော့ လင်းရိပ်ကို ငဲ့ပြီး ကိုထက်နဲ့ ခိုးကြောင်ခိုးဝှက်နဲ့ တွေ့နေရတာကို ပြန်တွေးမိတော့ ဒေါသက ပိုမိုဖြစ်လာမိတယ်။
" ရှေ့လျှောက် ... လမ်းမှာ တွေ့ရင်တောင် မခေါ်ပါနဲ့ ...ရှင်တို့လို လူမျိုးတွေကို သိပ်ကို ရွံတာသိရဲ့လား "
နှင်းသီရိက ပြောပြီး ချာခနဲ ကျောခိုင်းထွက်ခဲ့တယ်။
လင်းရိပ်မှာ နေရာမှာ တင် ကျောက်ရုပ်ကြီးလိုမလှုပ်မယှက် ငြိမ်သက်စွာရပ်ပြီးကျန်နေခဲ့မိတယ်။ လင်းရိပ် ယုံကြည်ကိုးကွယ်ခဲ့တဲ့အချစ်က ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပြီထင်ပါတယ်။
***************************
အနီရင့် ကိုဘုန်းရဲ့ မျက်နှာကို မျှော်လင့်တကြီးနဲ့ ကြည့်နေမိတယ်။ဒီစကားတွေကို ပြောဖို့ အနီရင့် မနည်း အားမွေးခဲ့ရတာ။ ကိုယ့်စိတ်နဲ့ကိုယ်သာဆိုရင် ကိုဘုန်းနဲ့ဘယ်တော့မှ ပြန်ပတ်သက်မိမှာ မဟုတ်ပေမဲ့ လူရယ်တောင် မပီပြင်သေးတဲ့ ကလေးလေးအတွက် တွေးပြီး အနီရင့်ရဲ့ မာနတွေ ၊ သိက္ခာတွေကို ခဝါချပြီး ကိုဘုန်းရှေ့ကို ရောက်နေခဲ့တာ။ ချစ်ခဲ့ရသူ။ ပြီးတော့ငယ်ချစ်ဦးမို့လည်း ယုံကြည်အားကို မိတဲ့စိတ်လေးနဲ့ရောက်လာခဲ့တယ်ပဲပြောရမလား။ မိခင်တစ်ယောက်ဖြစ်လာပြီဆိုတဲ့ အသိစိတ်က ကိုယ့်ရဲ့စိတ်ဆန္ဒထက် ကလေးလေးအတွက်ပဲ ပိုတွေးခဲ့မိတာလည်းပါတယ်။
" ဟိုကောင်က တာဝန်မယူနိုင်ဘူးတဲ့လား ...ဒါနဲ့ ကိုယ်နဲ့ ရတာရော သေချာရဲ့လား "
" ဘာ "
"ဖြန်း "
ကိုဘုန်းရဲ့ စကားအဆုံးမှာ အနီရင့် လက်တစ်ဖက်ကို မြှောက်ပြီး ကိုဘုန်းရဲ့ပါးကို အားကုန်လွှဲရိုက်ချပစ်လိုက်တယ်။
" ကျွန်မနဲ့ ဘယ်တော့မှ လာမပတ်သက်နဲ့တော့ ...စိတ်ချ ကိုဘုန်းဆီက အကူအညီ မယူဘဲ ဒီကလေးကို မွေးပြမယ် ...နောက်နောင် လာမပတ်သက်ပါနဲ့ ...ဒီကလေး ရှိနေတာကို ရှင့် မိသားစုလဲ မသိပါစေနဲ ရှင်တို့မိသားစုတွေ ကျွန်မရဲ ကလေးကို လာပတ်သက်နေမှာကို မလိုချင်ဘူး ...ကိုဘုန်းရဲ့လုပ်ငန်းထဲမှာ ထည့်ထားတဲ့ အနီရင့်ရဲ့ငွေတွေကို တစ်ပတ်အတွင်းပြန်ထုတ်ပေးပါ..."
အနီရင့် ပြောပြီးတာနဲ့ ကိုဘုန်းကို ကျောခိုင်း ထွက်ခဲ့လိုက်တယ်။အချစ်ကို ယုံကြည်ကိုးကွယ်ခဲ့မိတဲ့ အတွက် ဒီပြစ်ဒဏ်ကို ခံယူဖို့ အနီရင့်သတ္တိရှိရှိရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
အနီရင့် ထွက်ခွါသွားပြီးတဲ့နောက်မှာ မြတ်ဘုန်းနေရာမှာ ငူငူကြီး ရပ်နေမိခဲ့တယ်။သူ အနီရင့်ကို မယုံကြည့်ဘူးလားဆိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ သူ့မှာ အနီရင့် ပြဿနာထက်ဆိုးတဲ့ မထွေးနိုင် မအန်နိုင် ပြဿနာကြီးက ရှိနေခဲ့ပြီလေ။ခပ်ပေါ့ပေါ့ပါဆိုပြီး မြတ်ဘုန်း ကျူးလွန်မိခဲ့တဲ့အပြစ်က အခုချိန်မှာ မြတ်ဘုန်းရဲ့ ဘဝကို ရိုက်ချိုးဖို့ အသင့်စောင့်နေခဲ့ပြီလေ။" ကေဇင်မှာ ကိုယ်ဝန်ရှိနေပြီ ကိုဘုန်း ... ဒီကိစ္စကို မေမေလဲ သိသွားပြီ ...ကိုဘုန်း တာဝန်မယူဘူးဆိုရင် သက်ဆိုင်ရာနဲ့ တိုင်မယ်တဲ့ ..." လွန်ခဲ့တဲ့ရက်ကကေဇင်ကျော်ဆီက ကြားခဲ့ရတဲ့ စကားတွေကိုပဲ မြစ်ဘုန်း နားထဲမှာ ကြားယောင်နေမိတယ်။ကေဇင်ကျော်တို့ဘက်က နောက်လထဲမှာ မင်္ဂလာပွဲလုပ်ဖို့အတွက်လည်း ဖိအားပေးနေကြပြီ။ တကယ်တမ်း ဒီလိုတွေဖြစ်လာတော့ မြတ်ဘုန်း အနေနဲ့ ချစ်သူအနီရင့် အကြောင်းကိုပဲတွေးနေမိတယ်။ မိခင်လည်းဆုံးရှုံးရတဲ့အပြင် ဖခင်ကပါ တိုင်းတပါးမှာ အိမ်ထောင်ပြုလိုက်တဲ့အခါ တစ်ယောက်တည်း အထီးကျန်ခဲ့ရတဲ့ သူမ ။သွေးသားရင်းချာတွေဖြစ်တဲ့ ဘွားအေးလုပ်သူရယ် ကြီးတော်နဲ့ ဦးလေး မီသားစုဆီက နွေးထွေးတဲ့မေတ္တာကို မရတဲ့အခါ မြတ်ဘုန်းကို ချစ်ခင်တွယ်တာခဲ့တဲ့ကောင်မလေး။သေချာတာက မြတ်ဘုန်းလည်း သူမကို ချစ်ခဲ့ပါတယ်။ အခုထိလည်း ချစ်နေတုန်းပါပဲ။ ဒါပေမဲ့ မြတ်ဘုန်းက မိုက်မဲစွာ ကိုယ့်ကိုယ်ကို ပိုချစ်နေမိခဲ့တယ်။ အပျော်အပါးတွေကိုမက်ခဲ့မိတယ်။တဒဂ် သာယာမှုတွေနောက် လိုက်ခဲ့မိတယ်။ ဒီအတွက် အခုချိန်မှာ မြတ်ဘုန်းပေးဆပ်ရတော့မယ်ဆိုတာကို နောက်ကျစွာ သိလိုက်ရတယ်။ နောင်တဆိုတာမျိုးက နောင်မှ ရတယ်ဆိုတဲ့ စကားက မြတ်ဘုန်း အတွက် သိပ်ကိုမှန်နေခဲ့တယ်။
***************************
"အမေ နေလို့ အဆင်ပြေရဲ့လား "
ပက်လက်ကုလားထိုင်မှာလှဲနေတဲ့ မိခင်ကို လင်းရိပ်က မေးလိုက်တယ်။
"နေသာပါတယ် သားရဲ့ .. "
" ခဏလောက်တော့ သည်းခံနေလိုက်ပါနော် အမေ ... အဆင်ပြေမဲ့ အိမ်ကို သား စုံစမ်းနေပါတယ် "
"ရပါတယ် သားရယ် ... ဆိုင်ဆိုပေမဲ့လူမှမရှုပ်တာ ...မင်းညီမနဲ့မင်းညီ တော့ စာအုပ်တွေဖတ်နေရလို့ ပျော်နေတာပဲ "
" တော်သေးတာပေါ့ အမေရယ် ....အမေတို့ နေရတာ အဆင်မပြေ ဖြစ်နေမှာကိုပဲ စိုးရိမ်နေတာ "
************************
" အလတ်မ နင့်မမနီ အခုတလော ဆိုင်ဘက်ကို လာရဲ့လား ....အစ်ကို ဖုန်းဆက်တာ ဆက်မရ ဖြစ်နေလို့ "
" မလာဘူး အစ်ကို ...မနွယ်လည်း ပြောတယ် မမနီ ငွေလဲ လာမသိမ်းဘူးတဲ့ "
" ဟုတ်လား .... သူ့အိမ်ကို အစ်ကို လိုက်သွားကြည့်ရင် ကောင်းမလား "
" သွားကြည့်ပါလား အစ်ကို ... နေမကောင်း တွေဘာတွေများ ဖြစ်နေလား မသိဘူး ...ညီမလေးက အမေ့ကို ထားခဲ့ရမှာ စိတ်မချလို့ မသွားတာ "
*************************
လင်းရိပ် ထွက်မယ့် သာထွက်လာခဲ့ရတာ စိတ်ကတထင့်ထင့််နဲ့။မတော် အနီရင့်ရဲ့ချစ်သူနဲ့ ဆုံမှာကို ကြောက်နေမိတယ်။အခုဆို လင်းရိပ်နဲ့ အနီရင့်မတွေ့ရတာတောင် ကြာနေပြီလေ။အမေတို့ ပြောင်းလာပြီး နောက်ပိုင်း ထပ်မတွေ့ရသေးဘူး ။ လင်းရိပ်လည်း ကိုယ့်သောကနဲ့ကိုယ် ဗျာများနေရတာနဲ့ အနီရင့်ကို သတင်းမမေးနိုင်ဖြစ်နေတာ။ပြီးတော့ အနီရင့်ရဲ့ ချစ်သူ အထင်လွှဲစေမယ့် ကိစ္စမျိုး ထပ်မဖြစ်စေချင်တာကြောင့်လည်း အနီရင့်နဲ့ သိပ်မဆက်သွယ်ဖြစ်ဘူး။ လင်းရိပ်ကြောင့် အနီရင့်ရဲ့ အချစ်ရေးကို ထိခိုက်သွားမှာကို လင်းရိပ်မလိုလားပါ။ အနီရင့်က လင်းရိပ်တို့အတွက် ကျေးဇူးရှင်တစ်ယောက်ပဲ မဟုတ်လား ။
*****************************
" ဒေါက် ....ဒေါက် ....ဒေါက် "
" အနီရင့် ... မင်းရှိလား "
တံခါးခေါက်သံနဲ့အတူ အနီရင့် နာမည်ကို ခေါ်တဲ့ အသံကို ကြားလိုက်ရတာမို့ အနီရင့် စိတ်ထဲဖြုန်းခနဲ ဝမ်းသာသွားမိပေမဲ့ ချက်ချင်လိုလို ရှက်ရွံ့သိမ်ငယ်စိတ်တွေ၀င်ရောက်လာပြန်တယ်။လက်တလောအချိန်အတွင်းမှာ အနီရင့် ဘယ်သူနဲ့မှမတွေ့ချင်ဘူး။ တစ်ယောက်ယောက်ကများ အနီရင့်ရဲ့အဖြစ်ကို သိသွားမလား၊ရိပ်မိသွားမလားဆိုတဲ့ အတွေးတွေက အနီရင့်ကို ခြောက်လှန်နေတယ်။ချစ်သူနဲ့ အတူပျော်ခဲ့စဉ်က မိုမမြင်လေမမြင် ဖြစ်ခဲ့သလို အခုလို အချိန်မှာလည်း ဘယ်သူမှ မမြင်နိုင်အောင် ပျောက်ရှသွားချင်မိတယ်။ပျော်ခဲ့တုန်းက အတူပျော်ခဲ့ပြီး မဖုံးနိုင်မဖိနိုင် ဒုက္ခတွေကို ခံစားရတော့ ကိုယ်တစ်ယောက်တည်း။ဒါတွေက ဘယ်သူ့အပြစ်တွေလဲ။တကယ်တော့ အနီရင့်ရဲ့ အပြစ်တွေပါပဲ။အယုံလွယ်လွန်းတဲ့ အပြစ်။ကိုယ်ကိုယ်ကို တန်ဖိုးမထားခဲ့မိတဲ့ အပြစ်တွေပဲပေါ့။
" အနီရင့် ....အနီရင့် ...မင်း အထဲမှာ ရှိတယ် မဟုတ်လား ...မင်း ဘာတွေဖြစ်နေတာလဲ ...တံခါး ခဏလောက် ဖွင့်ပေး..."
အနီရင့် အိပ်ရာထဲမှာ ခွေခွေလေးလှဲနေရင်းနဲ့ လင်းရိပ်ရဲ့ အသံမှန်း သိလိုက်ရတာမို့ ထိတ်ခနဲ၀မ်းသာသွားမိတယ်။အိပ်ရာထဲက လူးလဲ အားယူပြီး ထလိုက်တဲ့ အချိန်မှာ လူက အားမရှိတာကြောင့် အိပ်ရာပေါ် ပြန်ပြီး ယိုင်လဲ ကျသွားတယ်။ရက်များစွာ အစားကို ကောင်းကောင်းမစားခဲ့တော့ လူတစ်ကိုယ်လုံး အင်အားတစ်စက်မှမရှိသလို နုံးချိနေတယ်။ပြီးတော့လည်း ခါးစပ်ဆီက လိုလို ဗိုက်ထဲကလိုလို တစ်ချက်တစ်ချက် ဆစ်ခနဲ ဆစ်ခနဲ ကိုက်ခဲ့ချင်နေတယ်။
" အနီရင့် ...အနီရင့် "
အနီရင့် တံခါး၀ဆီကို အနိုင်နိုင်အားယူပြီး ထလာခဲ့လိုက်တယ်။
*************************
သစ်သားတံခါးမကြီးကို ဖွင့်လိုက်ပြီး သံပန်းတံခါးသော့ကို ဖွင့်နေတဲ့ အနီရင့်ကို ကြည့်ပြီး ရုတ်တရက် လင်းရိပ် ထိတ်လန့် တုန်လှုပ်သွားမိတယ်။မတွေ့ရဲတဲ့ရက်တွေမှာ ယူပစ်လိုက် သလို ပိန်ကျသွားတဲ့ အနီရင့်။တစ်ကိုယလုံးလည်း တုန်တုန်ယင်ယင်နဲ့ ကြည့်ရတာ အကြီးအကျယ် ရောဂါဖြစ်နေသူတစ်ယောက်လိုပါပင်။
" မင်း နေမကောင်းဘူးလား အနီရင့် ....မင်း ဘာတွေဖြစ်နေတာလဲ ..."
တံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် လင်းရိပ် အလောတကြီးနဲ့ မေးလိုက်မိတယ်။
" ဘာ ...ဘာမှမဖြစ်ပါ.. ပါ....အ ..."
" ဟာ ... အနီရင့် သတိထားလေ "
အနီရင့်က စကားပင် ဆုံးအောင် မပြောနိုင်ဘဲ ခွေခနဲ လဲကျသွားတာမို့ လင်းရိပ်မှာ အချိန်မီ ဆွဲဖမ်းလိုက်ရတယ်။
အနီရင့်ရဲ့ ခန္ဓာကိုယ်ကို ဆိုဖာခုံအထိ ထိန်းဖက် ဆွဲခေါ်လာခဲ့ရင်းနဲ့ လင်းရိပ်မှာ အိမ်ထဲက မြင်ကွင်းကိုကြည့်ပြီး မျက်လုံးပြူးနေမိတယ်။တစ်အိမ်လုံး ရှုပ်ပေပွနေတယ်။အစားအသောက် မှာစားထားပုံရတဲ့ ဖော့ဘူးတွေကလည်း ဆိုဖာခုံတွေ့ အလယ်က စားပွဲခုံပေါ်မှာ ရှုပ်ပေပွလို့။ရေသန့်ဘူးခွံတွေ ။အအေးဘူးခွံတွေရော တစ်အိမ်လုံးအနှံ့ ပျံ့ကြဲလို့။
" မင်း ဘာတွေဖြစ်နေတာလဲဟင် ... မင်းရဲ့ ချစ်သူနဲ့ အဆင်မပြေသေးဘူးလား ...ဒါနဲ့ပဲ ဒီလိုနေတော့မလို့လား ...ထပါ ဆေးခန်း အရင်သွားရအောင် "
လင်းရိပ် စိတ်မကောင်း လှစွာ အနီရင့်ရဲ့ နဖူးပေါ်ကို လက်တစ်ဖက် မဝံ့မရဲတင်ရင်းပြောလိုက်မိတယ်။
" ဟင့်အင်း ...မသွားချင်ဘူး "
တိုးတိုးဖျော့ဖျော့ ထွက်လာတဲ့ ငြင်းသံကို နားထောင်ပြီး လင်းရိပ်အားမရမိ။အနီရင့်ကို ကြည့်ရတာ လုံးဝ အားမရှိတဲ့ပုံမျိုး ။ ဒီတိုင်း ဆက်ထားရင် အသက်အန္တရာယ်ပင် ရှိနိုင်တဲ့ အနေအထားမို့ လင်းရိပ် သူမကို ဆေးခန်းပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မတော် အနီရင့်ရဲ့ချစ်သူနဲ့ ဆုံခဲ့ရင်လည်း နောင်ခါလာနောင်ခါဈေးလို့ပဲ တွေးလိုက်မိတယ်။
" မသွားလို့မရဘူး ...ဒီအတိုင်း ဆက်နေရင် မင်း သေသွားလိမ့်မယ်ကွ သိရဲ့လား ... ဒါမှမဟုတ် မင်းရဲ့ချစ်သူကို ဖုန်းခေါ်လိုက်လေ "
" ဟင့်အင်း မခေါ်ဘူး ...ဆေးခန်းလဲမသွားဘူး "
" ဟာကွာ ...မင်းဘာဖြစ်နေတာလဲ ...ဆေးခန်း မသွားလို့တော့ မရဘူး ... မင်းမထရင် ငါထမ်းခေါ်သွားမှာနော် "
ပေကပ်ကပ်နိုင်လှတဲ့ သူမကို လင်းရိပ် အသံမာမာနဲ့ ပြောလိုက်တယ်။နှစ်ရှည်လများ လူမမာမိခင်နဲ့ နေခဲ့ရတာမို့ မကျန်းမမာ ဖြစ်နေတဲ့ လူရဲ့စိတ်ကို လင်းရိပ်က နားလည်တယ်။
"မ ... မသွားချင်ဘူး ....ဆေးခန်းကို မသွားချင်ဘူး လင်းရိပ်ရယ် ...အီး...ဟီး ..ဟီး ..."
ငြင်းဆန်သံနဲ့အတူ ဟီးခနဲ ငိုချလိုက်တဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ပျာယာခတ်သွားမိတယ်။
" မင်း ...မင်း ဘာဖြစ်လို့ လဲ "
အနီရင့်က လင်းရိပ်မေးတာကို မဖြေဘဲ ရှိုက်ကြီးတငင်ကို ငိုနေတာမို့ လင်းရိပ်လည်း ဘာမှ ဆက်မမေးတော့ဘဲ အနီရင့်ရဲ့ပခုံးတစ်ဖက်ကို လက်နဲ့ ပုတ်ပေးရင်း နှစ်သိမ့်နေမိတယ်။ လင်းရိပ် ကိုယ်တိုင်ကလည်း ကိုယ့် ဝေဒနာနဲ့ ကိုယ်မို့ အနီရင့် ဇိုနေတာကို ကြည့်ပြီး လင်းရိပ် ရင်ထဲကပါ ဝမ်းနည်းလာသလို ခံစားနေရတယ်။
မိနစ်အတော်ကြာ ငိုပြီးတဲ့နောက်မှာ အနီရင့်အငိုရပ်သွားတယ်။ပြီးတော့ မျက်နှာလေး ရှုံ့မဲ့ပြီး လင်းရိပ်ကို ပြောလိုက်တယ်။
" တစ်ချက် တစ်ချက် ဗိုက်ထဲကအောင့်တယ် ..."
လင်းရိပ် အနီရင့်ကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်မိတယ်။
" မင်းကိုကြည့်ရတာ အနီရင့်နဲ့ မတူလိုက်တာကွာ ....မျက်နှာမှာလဲ သွေးမရှိသလိုပဲ ... ဒီတိုင်းနေလို့ ဖြစ်မှာ မဟုတ်ဘူး "
လင်းရိပ် ပြောလိုက်တော့ အနီရင့် ခေါင်းကို
ငုံ့လိုက်ပြီး မပွင့်တပွင့်ပြောလိုက်တယ်။
" အနီရင့်မှာ ကိုယ်ဝန်ရှိနေပြီးတဲ့ ..."
" ဗျာ ...."
အနီရင့်ရဲ့ စကားကြောင့် လင်းရိပ် ခဏတော့ ကြောင်အသွားမိတယ်။ပြီးမှ အကျိုးအကြောင်းကို သေချာမေးလိုက်တယ်။
" မင်းရဲ့ ချစ်သူရော သိလား ... သူ့ကို ပြောပြီးပြီလား "
လင်းရိပ်မေးလိုက်တော့ အနီရင့်က တွေတွေငေးငေးနဲ့ ထိုင်နေတယ်။ပြီးတော့မှ အံလေးကြိတ်ပြီးပြန်ဖြေတယ်။
" သူက ဒီလကုန်မှာ အနီရင့်ရဲ့ အစ်မတစ်ဝမ်းကွဲနဲ့ လက်ထပ်တော့မှာတဲ့ "
" ဘာ ...ဘယ် ...ဘယ်လို "
လင်းရိပ် မယုံကြည်နိုင်စွာ အနီရင့်ရဲ့ မျက်နှာကိုကြည့်ပြီး အလန့်တကြား မေးလိုက်မိတယ်။
" တ...တကယ်လား ... မြန်လှချည်လားကွာ ...မင်းအစ်မကလဲ ..ဘာလဲကွာ ...မင်းတို့ နှစ်ယောက် ချစ်သူတွေဖြစ်နေတယ်ဆိုတာကို သူမသိဘူးလား "
လင်းရိပ် စိတ်တိုတိုနဲ့ ပြောလိုက်ပြီးမှ အနီရင့် မျက်နှာကို ကြည့်လိုက်မိတယ်။
" အဲ့ဒီ့တော့ ...မင်းဘာလုပ်မယ် ထွေးထားလဲ ...ဘာပဲဖြစ်ဖြစ် အခုတော့ ဆေးခန်းသွားရအောင် ... ခပ်ဝေးဝေးဆေးခန်းကိုသွားကြတာပေါ့ "
**************************
" ဒီမှာ ...ရှင်က အနီရင့်ရဲ့ ခင်ပွန်း မဟုတ်လား ..ဆရာမခေါ်နေတယ် အထဲဝင်ခဲ့အုံး "
" ဗျာ ....ဟုတ် ... ဟုတ်ကဲ့ "
သူနာပြု ဆရာမရဲ့ စကားကြောင့် ပထမတော့ လင်းရိပ်ကြောင်တောင်တောင် ဖြစ်နေပြီးမှ ယောင်ဝါးဝါးနဲ့ လူနာခန်းထဲကိုဝင်လိုက်ရတယ်။
" ကဲ ...ထိုင်ပါအုံး ... ကလေးအဖေ ...မိန်းမကို ဂရုမစိုက်ဘူးလားပြော ... ဗိုက်ထဲမှာ ကလေးနဲ့ရှင် ...တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ...ခုချိန်ကစပြီး ကိုယ့်မိန်းမကိုယ်ဂရုစိုက် ကြားလား "
လင်းရိပ် ကြောင်တိကြောင်တောင်နဲ့ဆရာ၀န်မကို ခေါင်းတွေ ဇွတ်ညွှတ်ပြနေမိတယ်။အနီရင့်ကို လှမ်းကြည့်တော့လည်း ခုတင်ပေါ်ကနေ အားနာရှက်ရွံ့နေတဲ့ မျက်နှာနဲ့ လှမ်းကြည့်နေတာမို့ လင်းရိပ်မှာအားတင်းပြီး ပြုံးပြလိုက်ရတယ်။
*************************
" ဆေးခန်းက ကိစ္စ ....တောင်းပန်ပါတယ် လင်းရိပ်ရယ် ... သူနာပြုဆရာမက ရှင်ပါလာတာမြင်တော့ ဇွတ်ကို ထွက် ခေါ်တာ ...ပြောချိန်တောင် မရလိုက်ဘူး "
အနီရင့်က ဆိုဖာပေါ် မှာ လှဲချလိုက်ရင်း လင်းရိပ်ကို လှမ်းပြောလိုက်တယ်။
" ထားလိုက်ပါကွာ ...ဒါက ဘာအရေးကြီးလို့လဲ ...အခု အရေးကြီးတာက မင်း ဒီည တစ်ယောက်တည်းနေလို့ ဖြစ်ပါ့မလား "
လင်းရိပ်က အိမ်ထဲက ရုပ်ပွနေတာတွေကို လိုက်ရှင်းနေရင်းကနေ အနီရင့်ကို စိတ်ပူပြီး လှမ်းပြောလိုက်တယ်။
" ရပါတယ်... အနီရင့် တစ်ယောက်တည်း နေနေကျပဲဟာ .....ဘာမှမဖြစ်ပါဘူး "
အနီရင့်ရဲ့ စကားကြောင့် လင်းရိပ် သက်ပြင်း မသိမသာ ချလိုက်မိပြီး
" ဒီလိုလုပ်ရအောင် ..... ကျွန်တော်က ဒီည အမေနဲ့အိပ်လိုက်မယ် ...ညီမလေးကို မင်းဖျားနေတယ်လို့ ပြောပြီး လွှတ်လိုက်မယ် "
" မဟုတ်တာ ...ရပါတယ် ...အနီရင့် တစ်ယောက်တည်း ရပါတယ် "
" ဒီတစ်ခါတော့ ကျွန်တော်ပြောတာ နားထောင်ပါ ... နေမကောင်းဖြစ်နေတဲ့ အချိန် တစ်ယောက်ယောက် အနားမှ ရှိမှ အဆင်ပြေမှာပေါ့ ...တစ်ယောက်တည်းနေလို့ ဖြစ်မလား "
*************************
" သားရယ် မင်းကို ကြည့်ရတာလဲ မရွှင်မလန်းနဲ့ ... မင်္ဂလာပွဲနီးမှ ဘာတွေဖြစ်နေတာလဲ ... တော်ကြာ သမီးလေးကေဇင် စိတ်မကောင်းဖြစ်နေပါအုံးမယ် "
မိခင်ဖြစ်သူရဲ့ စကားကြောင့် မြတ်ဘုန်း မချိပြုံး ပြုံးလိုက်မိတယ်။
" အမေ ... တကယ်လိုများ ခုချိန်မှ သားဘက်က မင်္ဂလာပွဲကိုဖျက်ရင် ... ဘာတွေဖြစ်လာနိုင်လဲဟင် "
မြတ်ဘုန်း အရဲစွန့်ပြီး မိခင်ကို မေးလိုက်မိတယ် ။
" ဘာ ... ဘာပြောတယ် ...မင်းရူးနေလား ...မင်း ထောင်ကျမှာပေါ့ .. နှစ်ဘက်လုံးလည်း အရှက်ကွဲမှာပေါ့ ...ဘာလဲ အနီရင့်ဘက်က ပြဿရှာမယ်လို့ ပြောနေလို့လား ...ဒါမှမဟုတ် မင်းကိုယ်တိုင်က သူ့ကို မပြတ်နိုင်တာလား "
" အဲ့ ... အဲ့ဒါက "
မြတ်ဘုန်းက မိခင်စကားကို နားထောင်တတ်သူပီပီ အထစ်ထစ်အငေါ့ငေါ့ ဘာပြောရမှန်းမသိဘဲဖြစ်နေမိတယ်။ အနီရင့်ရဲ့ အဖြစ်မှန်ကို မိခင်ကို ပြောရင် ကောင်းမလား တွေးမိပေမဲ့ နှုတ်က မထွက်ရဲဘူးဖြစ်နေတယ်။ ဒီဘက်မှာလဲ ကေဇင်ကျော်တို့ကို မလွန်ဆန်ရဲဘဲဖြစ်နေမိတယ်။တစ်သက်လုံး လူရိုသေ ရှင်ရိုသေနေလာပြီးမှ မိန်းမကိစ္စကြောင့်နဲ့တော့ ထောင်ထဲမဝင်လို ။
" ခုချိန်မှတော့ မဟုတ်တာတွေ တွေးမနေနဲ့တော့ ငါ့သား ....ပြီးတော့ အနီရင့်နဲ့ ကေဇင်လေးက ဝတ်ပုံစားပုံက အစ တခြားစီ ...ကေဇင်လေးဆိုတာ မိစုံဖစုံနဲ့ ဗိုင်းကောင်းကျောက်ဖိ နေလာတဲ့ မိန်းခလေး ....အိမ်တွင်းမှုလဲ နိုင်တယ် ....အလုပ်အကိုင် ကလဲ လူတကာလေးစားရတဲ့ ရုံးက အရာရှိမလေး ...ပြီးတော့ ခုနေနေတဲ့ ခြံနဲ့ တိုက်ကလဲ နောက်ဆုံးတော့ သမီးကေဇင်တို့ မောင်နှမပဲ ရမှာ...မရေရာတဲ့ လမ်းကို မလျှောက်ချင်ပါနဲ့ ငါ့သားရယ် "
မိခင်ရဲ့ စကားအဆုံးမှာ မြတ်ဘုန်း ခေါင်းကို ငိုက်စိုက်ချထားမိတယ်။မထင်မှတ်တာတွေ ဖြစ်လာတဲ့ ဘ၀မှာ မြတ်ဘုန်း ဘာကိုမှ မစဉ်းစားနိုင်တော့။စိတ်သာယာမှု နောက်ကို လိုက်ခဲ့မိတဲ့ အပြစ်တွေအတွက် မြတ်ဘုန်း ကိုယ်တိုင်လည်း မဖြေရှင်းနိုင်တော့တဲ့ အခြေအနေတွေအထိ ဖြစ်လာခဲ့ပြီလေ။
========================
အပိုင်း (၁၄ ) ဆက်ရန်
ဧကြည်ဖြူ