book

Index 12

အပိုင်း ( ၁၂ )

ဧကြည်ဖြူ


"ရင်ဘတ်ပေါ်ကနှင်းဆီ "


**************


"နီ ...မင်းဘာတွေ ပြောနေတာလဲ ... မင်းမဟုတ်တာတွေ စွပ်စွဲအုံး မလို့လား "

    

    သူက တစ်ပြန် ဒေါသတကြီးဖြစ်နေတဲ့ ကိုဘုန်းကို အနီရင့် နာကြည်း နာကျင်စွာကြည့်လိုက်မိတယ်။


"မစွပ်စွဲပါဘူး ...ကိုယ်တိုင်မြင်လိုက်ရပြီပဲ ... ပြီးတော့ ဆယ်နှစ်နီးပါးတောင် အညာခံနေရတော့ တော်သင့်ပြီးပေါ့...ကိုဘုန်းလည်း ဆန္ဒရှိတဲ့အတိုင်းနေပါ ...အနီရင့် ကိုယ့်လမ်းကိုယ် လျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ "


 "နီ ... မင်းစိတ်ထင်တိုင်း လုပ်လို့မရဘူးနော် ... မင်း အခု အဘွားဆီလာတာ မဟုလား ...အဘွားဆီ အရင်သွားလိုက် .....အပြန်ကျရင် ကိုယ်လိုက်ပို့ပေးမယ် "


****************

       အနီရင့်က ပိုက်ဆံ ထည့်ထားတဲ့စာအိတ်လေးအိတ်ကို လူကြီးတွေရဲ့ လက်ထဲကို ထည့်ပေးလိုက်ပြီး ထိုင်ကန်တော့လိုက်တယ်။ အဘွားက ဆုတွေတောင်းပေးနေပေမဲ့ နှလုံးသားထဲမှာ နာကျင်နေလွန်းလို့ ဆုတောင်းသံတွေကို အနီရင့်ရဲ့နားထဲမှာမကြားတစ်ချက် ကြား တစ်ချက်နဲ့ဖြစ်နေတယ်။


" သမီးတို့ မင်္ဂလာပွဲကို ဘယ်တော့လောက်လုပ်မယ်စိတ်ကူးထားကြလဲ .. "


     မမေးစဖူး ရုတ်တရက် ထမေးလိုက်တဲ့ အဘွားရဲ့အမေးကြောင့် အနီရင့် အဘွားကို ယောင်အအနဲ့ မော့ကြည့်လိုက်မိပြီး ပါးစပ်ထဲရှိရာကို ဖြေလိုက်မိတယ်။


" မတိုင်ပင်ရသေးဘူး အဘွား ...အနီရင့် အဖေဆီသွားလည်အုံးမလို့ ."


        အနီရင့်ရဲ့ အဖြေကြောင့် အဘွားတို့ အားလုံး နှုတ်ဆိတ်သွားကြတယ်။ဦးလေးရဲ့ ဇနီးဖြစ်တဲ့ မကေ ဇင်ရဲ့ မိခင်ဖြစ်သူက အနီရင့်ကိုကြည့်ပြီး လှစ်ခနဲပြုံး လိုက်တာကို အနီရင့်က တွေ့ဖြစ်အောင် တွေ့လိုက်မိတယ်။


******************


      ကိုဘုန်းကို ရှောင်တိမ်းပြီး အနီရင့် ကိုယ့်ဘာသာ အိမ်ကို ပြန်လာခဲ့တယ်။အနီရင့် ကိုဘုန်းနဲ့ မတွေ့ချင်တော့ပါ။ စကားချိုချိုလေးတွေပြောပြီး အပျော့ဆွဲ ဆွဲတတ်တဲ့ ကိုဘုန်းရဲ့အကျင့်တွေကို အနီရင့် သည်းမခံချင်တော့ဘူး။ အဆိုးရွားဆုံးကတော့ ခုလို ပေါ်ပေါ်ထင်ထင် လူမှုရေး ဖောက်ပြန်နေတာကိုလုံး၀လက်မခံနိုင်ပါ။အရင်ကတည်းက ကိုဘုန်းရဲ့ပုံစံပြောင်းလဲလာတာကိုသိခဲ့ပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်တာရော ငယ်သံယောစဉ်တွေကြောင့်ပါ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေခဲ့တာ။ ခုတော့ ဒီဒုက္ခတွေကို အနီရင့်မခံစားချင်တော့ဘူး ။ တစ်ယောက်တည်း အေးအေးဆေးဆေးပဲ နေချင်မိတော့တယ်။

    အနီရင့်ရဲ့ အိမ်ရောက်တာနဲ့ အိမ်မှာရှိတဲ့ ကိုဘုန်းရဲ့ ပစ္စည်းတွေရယ် ပြီးတော့ ကိုဘုန်းပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို အိတ်တစ်လုံးထဲ စုပြီးသိမ်းဆည်းလိုက်တယ်။


" ဒေါက် ..ဒေါက် "


  " အနီရင့် ....မင်း ခုချက်ချင် တံခါးဖွင့်ပေး...ကိုယ်ပြောနေတာ ကြားလား ...တံခါးဖွင့်ပေးလို့ ပြောနေတယ်လေ "


"ဒုန်း ...ဒုန်း "

         တံခါးကို တဒုန်းဒုန်းထုနေတဲ့ အသံတွေ။ကိုဘုန်းရဲ့ အော်ခေါ်နေတဲ့အသံတွေကို ကြားနေရပေမဲ့ အနီရင့် တုပ်တုပ်မလှုပ်ဘဲ ဆိုဖာပေါ်မှာ အသက်မဲ့သူလို ထိုင်နေမိတယ်။ပါးပြင်ပေါ်ကိုတပေါက်ပေါက်စီးကျလာတဲ့ မျက်ရည်တွေက တစ်ချက်တစ်ချက်မှာ လက်ဖမိုးပေါ်အထိ စီးကျလာတယ်။


" မိုးချုပ်နေလို့ ကိုယ်ပြန်တော့မယ် ... မနက် ကျင် ကိုယ်ထပ်လာခဲ့မယ် ..."


       လှေကားပေါ်က ဆင်းသွားတဲ့ ခြေသံကို ကြားလိုက်ရပြီးတဲ့ နောက်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားတယ်။

*******************


     အချိန်က မနက်ငါးနာရီကျော်ပဲ ရှိသေးတာမို့ လမ်းမပေါ်မှာ သွားလာသူ သိပ်မရှိသေးဘဲ တိတ်ဆိတ်နေဆဲပင်။အနီရင့်တစ်ယောက်တည်း လမ်းပေါ်မှာ အဓိပ္ပါယ်မဲ့လျှောက်သွားနေမိတယ်။ကိုဘုန်းကို မတွေ့ချင်လို့ ရှောင်ပြီး ထွက်လာခဲ့ပေမဲ့ ဘယ်ကို သွားလို့ သွားရမှန်းမသိ။ စောစောစီးစီး ဘုရားသွားရင်ကောင်းမလားတွေးခဲ့မိပေမဲ့ သွားချင်စိတ်က မရှိ ဘူး။အပူသောကတွေ တပွေ့တပိုက်နဲ့တော့ ဘုရားကို သွားချင်စိတ်မရှိတာမို့ အဓိပ္ပါယ်မဲ့လျှောက်သွားနေမိခြင်းပင်။


*******************

   "ဟူး "လင်းရိပ်မောပန်းလွန်းလှသဖြင့် လေပူတစ်ချက်ကို မှုတ်ထုတ်ပစ်လိုက်မိတယ်။မနက် ဆယ်နာရီလောက်ကတည်းက အိမ်ငှါးဖို့ လိုက်ကြည့်နေတာ အခုဆို နေ့ခင်း တစ်နာရီထိုးတော့မယ်။ အဆင်ပြေတဲ့အိမ်ကို မတွေ့သေးဘူး။လက်ထဲမှာ ငွေကြေးပြည့် ပြည့်စုံစုံ ရှိနေရင်တော့ လိုချင်တဲ့ အိမ်ကို အလွယ်တကူ ရနိုင်မယ်ထင်ပါတယ်။ခုဟာက ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ရတဲ့ အိမ်တွေက တစ်လုံးမှကို အဆင်ပြေတာ မရှိဘူး။ သဘောကျမိတဲ့အိမ်တွေကျတော့လည်း ဈေးကသိန်းကျော်တွေချည်း။ဒီကြားထဲ ခြောက်လတစ်နှစ်စာ စာချုပ်ခိုင်းကြတာမို့ အဆင်မပြေလှ။


"တစ်ခု အကြံပေးမယ်နော် ...မောင်လေးနိုင်လောက်မဲ့ ဈေးနဲ့ဆို မြို့သစ်ဘက်မှာ သွားကြည့်မလား ...အဲ့ဒီဘက်မှာတော့ လုံးချင်းလေးတွေကသိန်း မကျော်ဘူး"

     အိမ်လိုက်ပြပေးတဲ့ အစ်မရဲ့ စကားကြောင့် လင်းရိပ် သက်ပြင်း ထပ်ချလိုက်မိပြန်တယ်။မြို့သစ်ဆိုတာက ဆေးရုံနဲ့ အသွားအလာ ဝေးလွန်းတယ်။မတော် ညရေးညတာဆို လင်းရိပ်လည်းသွားခက်လာခက်။တော်ရုံ အငှားကားတွေက ညနေစောင်းပြီဆိုတာ မြို့သစ်တွေဘက်ကို အငှါး မလိုက်ချင်ကြတော့ဘူး။မြို့သစ်ဘက်မှာ ခြံလေး တစ်ကွက်လောက်ဝယ်ဖို့ သွားကြည့်တုန်းက မြို့သစ်ရဲ့ အခြေအနေတွေကို အကုန်နီးပါး သိခဲ့ရတယ်လေ။ ပြီးတော့ လူစုံစရိုက်စုံမို့ ရောဂါသည် မိခင်နဲ့ အဆင်မပြေမှာလည်း စိုးရိမ်ရပြန်တယ်။


*****************


         ဒီနေ့တော့ အိမ်ရအောင် ရှာဖို့တွေးထားတာမို့ လင်းရိပ် နောက် ရပ်ကွက်တစ်ခုကို ထပ်လာခဲ့လိုက်တယ်။မကြာခင် မိခင်လည်း ဆေးရုံက ဆင်းရတော့မှာမို့ အိမ်ကမဖြစ်မနေ ငှါးမှ ဖြစ်မှာ။အိမ်ငှားပြီးမှ ညီအငယ်ကောင်ကို နယ်ကနေလိုအပ်တဲ့ပစ္စည်းတွေပဲ သယ်လာခိုင်းပြီး ရန်ကုန်မှာပဲ အခြေချနိုင်ဖို့ လင်းရိပ်ကြိုးစားရမယ်။ညီအငယ်ကောင် ရန်ကုန်ရောက်လာရင် အလုပ်သွင်းပေးလိုက်ရင် အိမ်လခတော့ရပေလိမ့်မယ်။ကျန်တာကို လင်းရိပ်ပဲရှာရမှာပေါ့။ဘာပဲဖြစ်ဖြစ် ရန်ကုန်တစ်မြို့ထဲမှာဆိုတော့ လင်းရိပ်လည်း အချိန်မရွေး အိမ်ကို ပြန်ကြည့်လို့ရတယ်လေ။အဆောင်မှာဆက်နေပြီး ညဘက်အလုပ်ထွက်လုပ်ဖို့ကတော့ အကြောင်းပြချက်ရှာရမှာပေါ့။


********************


     လင်းရိပ်လိုင်းကားပေါ်က ဆင်းဆင်းချင်းမှာ ကားဂိတ်မှာထိုင်နေတဲ့ အနီရင့်ကို တွေ့လိုက်ရတာမို့ အံ့ဩသင့်သွားမိတယ်။


" အနီရင့် မင်းဘယ်သွားမလို့လဲ "


       အနီရင့်လည်း လင်းရိပ်ကို မြင်လိုက်ရတော့ အံ့သြသွားမိတယ်။။


"လင်းရိပ် ဘယ်သွားမလို့လဲ "


" ကျွန်တော်က အိမ်ငှားဖို့လိုက်ကြည့်နေတာ ..."


"ဟုတ်လား ... အနီရင့်က စာရေးလို့မရလို့ လျှောက်သွားနေတာ ...အတော်ပဲ လင်းရိပ် အိမ်ရှာတဲ့ဆီ အနီရင့်လိုက်လို့ ရမလား ...အနီရင့်လဲ အတွေ့အကြုံရတာပေါ့ "


    အနီရင့်က အဖြစ်မှန်ကို ဖုံးကွယ်ပြီးပြောလိုက်တယ်။ကိုယ့်အပူကို အခြားသူကို မကူးစေလိုပါလေ။


" လိုက်ခဲ့လေ ... ကျွန်တော် တောင် အဖော်ရသေး ...ဒါပေမဲ့ နေကပူပူနဲ့ ထီးလဲ မပါဘူး "


    လင်းရိပ်အပြောကြောင့် အနီရင့်ပြုံးလိုက်မိတယ်။ မနက်က ထွက်လာတုန်းကတော့ မိုးမလင်းသေးတော့ နေမှမပူတာကို ။ပြီးတော့ ဒီလို တစ်နေကုန်ရောက် ရာပေါက် ရာလျှောက်သွားနေရလိမ့်မယ်လို့မှမထင်ခဲ့တာ။ ခုက ကိုဘုန်းက ဖုန်းတွေ အဆက်မပြတ်ဆက်နေလို့ အိမ်ကို မပြန်ချင်တာနဲ့ တွေ့ရာ ကားတက်စီးရင်း ဒီဘက် ထိရောက်လာတာလေ။


" ကဲပါ...ရော့ ကျွန်တော် ဦးထုပ်ကို ဆောင်းလိုက် ဟုတ်ပြီလား "


     လင်းရိပ်ကခေါင်းပေါ်က ဦးထုပ်ကိုချွတ်ပြီး အနီရင့်ကို ကမ်းပေးလိုက်တယ်။


" ဟို ရပါတယ် ... မဆောင်းတော့ဘူး "


" ဆောင်းမှာသာ ဆောင်းစမ်းပါကွာ ...နေဒီလောက်ပူနေတာကို "


          လင်းရိပ်ပြောပြောဆိုဆိုနဲ့ လက်တခါခါနဲ့ ငြင်းနေတဲ့ အနီရင့် ရဲ့ ခေါင်းပေါ်ကို ဦးထုပ်ကို ဆောင်းပေးလိုက်တယ်။


"လာ သွားစို့ .... လမ်းတော့ လျှောက်ရမယ်နော် ....မင်းလျှောက်နိုင်ရဲ့လား "


" လူကို အထင်မသေးနဲ့နော် ...ကျိုက်ထီးရိုးဘုရားပေါ်ကို ခြေကျင်တက်တာ သိရဲ့လား...ပြီးတော့ ဇွဲကပင်တောင်လဲ တက်ဖူးတယ်နော် ....ဒီလောက်ကတော့ အပျော့ပဲ..."


     လေကြီးလေးကျယ်တွေပြောနေတဲ့ အနီရင့်ကိုကြည့်ပြီး လင်းရိပ်ပြုံးလိုက်မိသလို ချစ်သူနှင်းသီရိကိုလည်း သတိရသွားမိတယ်။လမ်းလေး နည်းနည်းလောက် လျှောက်ရတာနဲ့ ဂျီကျတတ်တဲ့ ချစ်သူနှင်းသီရိ ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ဒေါက်မြင့်ခုံမြင့်ဖိနပ်တွေပဲ စီးလေ့ရှိတော့ ဘယ်လို ဝေးဝေးလျှောက်နိုင်ပါ့မလဲ။ဒါပေမဲ့ ရှောပင်းစင်တာ လိုနေရာမျိုးမှာဆိုရင် တော့ ဘယ်လောက် လျှောက်ရ လျှောက်ရမညောင်းဘူးတဲ့လေ။လင်းရိပ် ချစ်သူ အကြောင်းကိုတွေးလိုက်မိတော့ လှစ်ခနဲ ပြုံးလိုက်မိတယ်။အနီရင့်ကတော့ တွေ့လိုက်တိုင်း ဘောင်းဘီရှည်နဲ့ ရှူးဖိနပ်နဲ့ ဆိုတော့ ကွာတော့ ကွာတယ်ပဲပြောရမှာပဲပေါ့။


" လင်းရိပ် ရှင် ဘာတွေ ပြုံးနေတာလဲ "

      အနီရင့်က လင်းရိပ်ရဲ့ပြုံးစစ မျက်နှာကိုကြည့်ပြီး မေးလိုက်မိတယ်။


" ဘာရယ်မဟုတ်ပါဘူး ....ကျွန်တော့် ကောင်မလေးအကြောင်း တွေးမိလို့ပါ "


" ဪ "

      အနီရင့် သက်ပြင်းကိုချလိုက်မိတယ်။အခြားသူတွေ အဆင်ပြေနေသလောက် အနီရင်ပဲ အဆင်မပြေဖြစ်နေတာလားလို့ပါ တွေးလိုက်မိတယ်။


******************


" ခုန အိမ်လေး အဆင်ပြေသားပဲ ...ဘာဖြစ်လို့လဲ "


          အနီရင့်က အိမ်လိုက်ပြပေးတဲ့ ပွဲစား မကြားအောင် လင်းရိပ်ကို ခပ်တိုး တိုးကပ်ပြောလိုက်တယ်။


" တစ်လတစ်သိန်းခွဲတောင်ကွ ... ရေဖိုးမီးဖိုးနဲ့ဆို တစ်လ နှစ်သိန်းလောက်သွားမှာ... အမေ့ဆေးဖိုးနဲ့ ကျွန်တော့် အဆောင်လခကက ရှိသေးတယ်လေကွာ "


         လင်းရိပ် ရှင်းပြတာကို  နားထောင်ပြီး ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သလ်ပြင်းကို အနီရင့်ချလိုက်မိပြန်တယ်။


*****************


" လင်းရိပ် လာသွားရအောင် ... မကြည့်နဲ့တော့ "


      လင်းရိပ်က အိမ်ပေါ်ကိုတက်ကြည့်ဖို့ ဟန်ပြင်လိုက်တုန်းမှာ အနီရင့်က လက်ကို ဆောင့်ဆွဲလိုက်တာမို့ အနီရင့် နားကပ်ပြီး "ဘာဖြစ်လို့လဲ "ဟု ခပ်တိုးတိုးမေးလိုက်တယ်။

     အနီရင့်က နှုတ်က မပြောဘဲ ဘေးအိမ်တွေကို မျက်စပစ်ပြတယ်။

    အနီရင့်ပြတဲ့မြင်ကွင်းကိုကြည်ပြီး လင်းရိပ်လန်.သွား မိတယ်။အိမ်လေးက သပ်သပ်ရပ်ရပ်နေချင်စရာလေးမို့ ဘေးပတ်ဝန်းကျင်ကို သတိမထားမိဘဲ အိမ်ကိုပဲ မဲနေမိတာ။ အနီရင့်ပြမှပဲ ဘေးအိမ်က အရက်သမား တစ်သိုက်ကို မြင်မိတော့တယ်။


********************


"မောလိုက်တာကွာ ...မင်းလဲကျွန်တော် ကြောင့် ဒုက္ခများနေပြီ အနီရင့် "


      လင်းရိပ်က အအေးပုလင်းထဲက ပိုက်ကို ထုတ်လိုက်ပြီး ပုလင်းလိုက်မော့သောက်ချလိုက်ပြီး အနီရင့်ကို ပြောလိုက်တယ် ။


" ဘာမှ မဖြစ်ဘူး ...အနီးရင့်အတွက်ပူမနေနဲ့ ... ဒီနေ့အတွက် လင်းရိပ်ကိုတောင် အနီရင့်က ကျေးဇူးတင်နေမိတာ "


"ဘာလို့ ...ထူးထူးဆန်းဆန်း "


" ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ "


       လင်းရိပ်နဲ့ အနီရင့်တို့ကြားမှာပြန်လည် တိတ်ဆိတ်သွားတယ်။


"ဒါနဲ့ လင်းရိပ် အလုပ်က ဘယ်တော့ ဆင်းရမှာလဲ "


" လာမယ့် တနင်္လာနေ့ပြန်ဆင်းရတော့မှာ ...အဲ့ဒါကြောင့် အိမ်ကို အမြန်ရှာနေရတာလေ "


          လင်းရိပ်ကို ကြည့်ပြီး အနီရင့် ခဏလောက် စဉ်းစားနေမိတယ်။


"ဒီလိုလုပ်ပါလား လင်းရိပ် .....နေမှာက သုံးယောက်တည်းမဟုတ်လား ....အဆင်ပြေတဲ့ အိမ်ရှာမရခင် အနီရင့်ရဲ့ စာအုပ်ဆိုင်မှာ နေမလား....ဆိုင်ဆိုပေမဲ့ အနီရင့်အရင်က အဲ့ဒီမှာ နေခဲ့တာမို့ အခန်းတစ်ခန်းလဲရှိတယ် ... ပြီးတော့ ထပ်ခိုး လဲပါတယ် .. ဆိုင်က လူလဲမရှုပ်ပါဘူး .... အရောင်းစာရေးမလေး တစ်ယောက်ပဲရှိတာ "


" ဟာ ..မဟုတ်တာ အနီရင့်ရယ် ... တော်ကြာ ကျွန်တော်တို့ကြောင့် အနီရင့်ရဲ့ ဆိုင် အရောင်းအသွားမှဖြင့် ...ပြီးတော့ တိုက်ခန်းပိုင်ရှင်ကရော လက်ခံပါ့မလား "


     လင်းရိပ် စကားကြောင့် အနီရင့်က ရယ်လိုက်ပြီး


"လင်းရိပ်ကလဲ အနိုရင့်ကို အထင်သေးပြန်ပြီး ...အဲ့ဒီအခန်းက အနီရင့်ရဲ့ကိုယ်ပိုင်အခန်းရှင့် အနီရင့် အဖေက စလုံးမှာ ဘောစိမမတစ်ယောက်နဲ့ ယူထားတဲ့ လုပ်ငန်းရှင်ပါနော် ... လင်းရိပ်တို့အဆင်ပြေမယ်ဆို လင်းရိပ်မိသားစုကို အဲ့ဒီမှာနေခိုင်းလိုက်ပါ ...ဒါနဲ့ ဒီအခန်းကို အနီရင့်ပိုင်တာကို အဘွားတို့ တောင်သိတာမဟုတ်ဘူး "


     လင်းရိပ် အနီရင့်ကို အားနာကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။


"ဒီလိုလုပ်ကွာ ...အလကား တော့ မနေချင်ဘူး ...တစ်လတစ်သိန်း လောက်ပေးမယ်လေ ... အဲဒီလိုနေရာမျိုးမှာ တစ်လတစ်သိန်းနဲ့ ဒါဘာခန်းတောင်ငှားလို့ မရမှန်း သိပေမဲ့ လောလောဆယ် ဒီလောက်ပဲနိုင်လို့ပါ "


" အင်း ...သဘောလေ ... လင်းရိပ် အဆင်ပြေသလိုပေးပေါ့ ..လောလောဆယ် ဆိုင်က စာအုပ်တွေကို နေရာ အရင် သွားချရမှာနော် "


." ဒီလောက် ကတော့ ကျွမ်းပါတယ်ကွာ "


        ပြောလို့ ဆိုလို့ ပြီးတော့ လင်းရိပ်တို့နှစ်ယောက်သား အအေးဆိုင်က ထွက်လာခဲ့ကြပြီး အနီရင့်ရဲ့စာအုပ်ဆိုင်လေးဆီကို ထွက်ခဲ့ကြတယ်။


*****************


" အနီရင့် မင်း ဒါဘယ်ကပြန်လာတာလဲ ....အဲ့ဒီကောင်က ဘယ်သူလဲ..."

  

      အနီရင့်နဲ့ လင်းရိပ် စာအုပ်ဆိုင်ထဲကို ၀င်လိုက်တဲ့အချိန်မှာပဲ မြတ်ဘုန်းရဲ့ ဒေါ်သတကြီးမေးလိုက်တဲ့အသံထွက်လာတယ်။


" ဟင် .....ဒီ...ဒီကောင်က ဟိုတစ်ခါတုန်းက ရှောပင်းစင်တာမှာ တွေ့တဲ့ ပိုင်းလုံးကောင် မဟုတ်လား ...ဘာလဲ အနီရင့်...မင်းက ဒီလိုကောင်နဲ့ တွဲနေလို့ ငါ့ကို အဖြစ်ရှာတာပေါ့လေ ဟုတ်လား "


" ကိုဘုန်း တော်တော့နော် ... မဟုတ်တာတွေ လာမပြောနဲ့ ... အနီရင့် ဆိုင်မှာ စကားကို ဆင်ခြင်ပြောပါ"


" ဘာကို မဟုတ်တာလဲ ... မင်းက ဒီလိုကောင်နဲ့ တွဲချင်နေလို့ ငါ့ကို အပြစ်ရှာနေမှန်း ခုမှ သိတယ် "


      လင်းရိပ်မှာ အနီရင်တို့ စုံတွဲကို ကြည့်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိတော့။နဂိုကတည်းက ဒီလိုကိစ္စနဲ့ပတ်သက်ရင် ထိတ်လန့်စိတ် အခံရှိတာမို့ လင်းရိပ်ကြားထဲကနေ တောင်းတောင်းပန်ပန်နဲ့ဝင်ပြောလိုက်တယ်။ 


" မ...မဟုတ်ပါဘူး အစ်ကို ....အစ်ကို အထင်မှားနေတာပါ ... ကျွန်တော်နဲ့အနီရင့်က ရိုးရိုးသားသား သူငယ်ချင်းတွေပါဗျာ "


" ဟေ့ကောင် မင်းပါးစပ်ပိတ်ထားစမ်း ... ဘာရိုးသားတာလဲ ...မင်းလို ပိုင်းလုံး ကြာကူလီကောင်ကရိုးသားတာလား ...အေး ... ဒီမှာအနီရင့် မင်းနဲ့ငါ ဒီနေ့ကစပြီး ပြတ်ပြီ သိရဲ့လား ...လူကြီးတွေကို ငါကိုယ်တိုင် ပြောလိုက်မယ် "


" ကိုဘုန်း သဘောပါ "

      မြတ်ဘုန်းက ဒေါသတကြီး ပြောဆိုပြီး ထွက်သွားတယ်။ လင်းရိပ်မှာ ကြားထဲက အနေခက်လှစွာ နေရာမှာပဲ ခြေစုံရပ်နေမိတယ်။အနီရင့်ကတော့ အံကိုတင်းတင်းကြိတ်လို့ လက်သီးကိုပါ ဆုပ်ထားတယ်။တော်သေးတာက စာအုပ်ဆိုင်ထဲမှာ ၀ယ်သူမရှိဘဲ အရောင်းစာရေးမလေးပဲရှိနေလို့သာပေါ့။ အားလုံးပြန်လည်တိတ်ဆိတ်သွားတော့ အနီရင့်ဆီက အသံထွက်လာတယ်။


"လင်းရိပ် အထဲဝင်ကြည့်လေ... "

      အနီရင့်က လင်းရိပ်ကို အထဲကို ခေါ်လိုက်ရင် စာရေးမလေးကိုပါ လှမ်းပြောလိုက်တယ်။


" နွယ်နွယ် ...အစ်မတိုက်ခန်းကို လူငှါးတင်မလို့လေ ...... လူတော့ သိပ်မများပါဘူး သုံးယောက်တည်းပါ ... နေ့ခင်ဆို အန်တီတစ်ယောက်နဲ့ မိန်းခလေးတစ်ယောက်ပဲရှိမှာ ...ကောင်လေးက နေ့ခင်း အလုပ်သွားပြီး ညမှ ပြန်အိပ်မှာတဲ့ ... အဲ့ဒါ နွယ်နွယ် အဆင်ပြေတယ် မဟုတ်လား "


" ဟုတ်...ဟုတ်ကဲ့ ပြောပါတယ် မမရဲ့ ...နွယ်လဲ အဖော်ရတာပေါ့ ... ဆိုင်လဲ ညဘက် လူစောင့် ရှိတော့ စိတ်ချရတာပေါ့"


**************^*


" ထပ်ခိုးဆိုပေမဲ့ နှစ်ယောက်လောက်တော့ အသာလေးနေလို့ရတယ်နော် ... လင်းရိပ် ပြန်လာတဲ့အခါ အိပ်လို့ရတာပေါ့ "


      အနီရင့်က ထပ်ခိုးပေါ်ကိုတက်ခဲ့ပြီး လင်းရိပ်ကို ဟန်မပျက် ရှင်းပြနေတယ်။လင်းရိပ်မှာတော့ အနီရင့်ကို ငေးကြည့်ပြီး စိတ်ထဲက နေမထိထိုင်မသာဖြစ်နေမိတယ်။


" ဟို ..ဟိုလေ ...မင်း အဆင်ပြေရဲ့လား "

     လင်းရိပ်က အနီရင့်ကို မဝံ့မရဲ့နဲ့ မေးလိုက်မိတယ်။


" ဘာကိုလဲ အဆင်ပြေပါတယ် လင်းရိပ် ... ခုနကိစ္စအတွက်ဆိုရင် ပူမနေနဲ့ လင်းရိပ်နဲ့ ဘာမှ မဆိုင်ဘူး ... အနီရင့်နဲ့ သူက မနေ့ကတည်းက ပြတ်သွားပြီ..."


" ဟင် ... ဟို ....ကျွန်တော်နဲ့ များ ပတ်သက်နေလား "


"ဘယ်ကသာ ဘာမှမဆိုင်ဘူး ...သူက ခြေရှုပ်နေလို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ .... မယူခင်တောင် ဒီလောက် ရှုပ်နေတာ ယူပြီးရင်လဲ ဒီလိုလုပ်နေမှာပဲ ....အဲဒါကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ"


    လင်းရိပ် အနီရင့်ကိုကြည့်ပြီး သက်ပြင်း ခိုးချလိုက်မိတယ်။


*********************


     လင်းရိပ်မှာ ဆေးရုံက တစ်ဖက်၊ အလုပ်က တစ်ဖက် ဒီကြားထဲ မိခင်ကြီးဆေးရုံကဆင်းရင် နေဖို့အတွက် အလုပ်များ နေရတာနဲ့ ချစ်သူနှင်းသီရိ ဆီကိုတောင် မရောက်ဖြစ်ခဲ့ဘူး။တစ်ရက်ကို တစ်ကြိမ်လောက် ဖုန်းခေါ်ဖြစ်ကြပေမဲ့ အရင်လို စကားတွေရွှန်းရွှန်းဝေအောင် မပြောဖြစ်ကြတော့ဘူး။ သာကြောင်း မာကြောင်းလောက်ပဲပြောပြီး ချစ်ကြောင်း ကြိုက်ကြောင်းတွေကိုတောင် မပြောနိုင်ကြတော့ဘူး။ဒီနေ့တော့ လင်းရိပ် ဖုန်းမဆက်ဘဲ ချစ်သူကို လာစောင်ကြိုနေလိုက်တယ်။မိသားစုအတွက် နေဖို့လည်း အပူတပြင်း ရှာစရာမလိုတော့သလို ခွဲစိတ်ဖို့ကလဲ လေးငါးလ အချိန်ရသေးတာမို့ လင်းရိပ်နည်းနည်းပါးပါး စိတ်သက်သာရာ ရခဲ့ပြီလေ။


        လင်းရိပ် ချစ်သူနှင်းသီရိအလုပ်လုပ်တဲ့ ပရိဘောဂဆိုင်ရဲ့ ဘေးက လက်ဖက်ရည်ဆိုင်မှာဝင်ထိုင်ပြီး ချစ်သူ့ရဲ့ဆိုင်ပိတ်ချိန်ကို စောင့်နေလိုက်တယ်။


      ညနေ (၆) နာရီထိုးပြီးသွားတော့ နှင်းသီရိတို့ အရောင်းစာရေးမလေးတွေ ဆိုင်ထဲကထွက်လာတာကို တွေ့လိုက်ရတယ်။ လင်းရိပ် ဆိုင်ထဲက ထပြီး ချစ်သူဆီကို သွားဖို့ ပြင်လိုက်တုန်းမှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကို ယောင်နနနဲ့ကြည့်နေမိတယ်။ချစ်သူနှင်းသီရိက ဆိုင်ထဲကထွက်လာပြီး ဆိုင်ရှေ့မှာ အသင့်စောင့်နေတဲ့ လူတစ်ယောက်နဲ့ဖက်လဲတကင်းစကား ပြောပြီး ကားပေါ်ကိုတက်သွားတယ်။အဲ့ဒီလူကို ကြည့်ပြီး လင်းရိပ် ချက်ချင်း မှတ်မိ သွားတယ်။ပြီးတော့ မယုံကြည်နိုင်ခြင်း၊ ယူကြုံးမရတဲ့ စိတ်နဲ့ နေရာမှာ တင် တောင့်တောင့်ကြီး ရပ်နေမိတယ်။နှင်းသီရိကတော့ မိုးမမြင်လေမမြင်နဲ့ လင်းရိပ် ကိုလည်း မြင်သွားပုံမရပါဘူး။ လင်းရိပ်မှာသာ နေရာမှာ အရူးကြီး တစ်ယောက်လို ရပ်နေမိဆဲပင်။


" နှင်းသီရိတို့ကတော့ စွံတယ်နော် ....တွဲလိုက်ရင်လဲ ချောရင်ချော .... မချော ရင်ထောမှ တွဲတာနော်"


" အံမယ် ...အားကျနေတာပေါ့လေ ဟုတ်လား......အားကျရင် ....ချောချောလေးကို သိမ်းပိုက်လိုက်တော့ နှင်းသီရိက ဒီတစ်ယောက်ကို အတည်တဲ့ အေ့ ....အဲဒီတော့ ကျန်တဲ့တစ်ယောက်ကို တို့တွေ ခွဲယူလိုက်ကြတာပေါ့  ခစ် ခစ် "


       ချစ်သူနှင်းသီရိရဲ့ သူငယ်ချင်းမလေးနှစ်ယောက်ဆီက စကားပြောသံနဲ့ ရယ်သံက လင်းရိပ်ရဲ့နားထဲကို အတိုင်းသားဝင်လာတယ်။ သူမတို့ကတော့ ဦးထုပ်ဆောင်းထားတဲ့ လင်းရိပ်ကို မှတ်မိပုံ မြင်ပုံမရကြဘဲ လင်းရိပ်အကြောင်းကို ရယ်ပွဲဖွဲ့နေကြတယ်။

     ကြားလိုက်ရတဲ့ စကားတွေကြောင့် လင်းရိပ် ဘဝကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားသလို ခံစားနေရတယ်။လူက စိတ်နဲ့ ကိုယ်မကပ်ဘဲ လမ်းပေါ်မှာ လျှောက်သွားနေမိတယ်။ဟိုလူ့ဝင်တိုက် ဒီလူ့ ၀င်တိုက်နဲ့ လင်းရိပ်ကိုကြည့်ပြီး လူတစ်ချို့က ဆဲဆိုသွားကြတယ်။


********************

            အနီရင့် ဆိုဖာပေါ်မှာ ခွေခွေလေးလှဲနေမိတယ် ။ခေါင်းတွေ တရိပ်ရိပ်မူးပြီး လူတစ်ကိုယ်လုံးလည်း နုံးချိနေတယ်။ဒီကြားထဲ ပျို့လိုက် အန်လိုက်နဲ့ ဘာဖြစ်လို့ ဖြစ်နေမှန်းလဲ မသိတော့ဘူး။အသည်းကွဲပြီး တစ်ပတ်လောက် စားမ၀င်အိပ်မပျော်တာနဲ့ ရောဂါပါရလာတယ်။ဒီလိုအချိန်မှာ တစ်ယောက်တည်း ဖြစ်နေတာကို အားငယ်သလိုလို ခံစားနေရတယ်။ဆေးခန်းသွားဖို့ပင် အဖော်မရှိတဲ့ ဘဝ။သုံးလွှာကနေ အောက်ကိုဆင်းဖို့ အတော်လေး အားယူမှရမယ့်အခြေအနေ။

      အနီရင့် အားယူ ထပြီး ဆေးခန်းသွားပြဖို့ ပြင်ဆင်လိုက်တယ်။


*****************


      ဆေးခန်းက ထွက်လာတဲ့အချိန်မှာ အနီရင့်တစ်ကိုယ်လုံး လေဟာနယ်ထဲမှာ လမ်းလျှောက်နေရသလို ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာယိမ်းထိုးနေတယ်။စိတ်တွေက အရပ်လေးမျက်နှာကို မျောလွင့်နေတယ်။လုံးဝ မမျှော်လင့်ထားတဲ့အချိန်မှာ ဆရာဝန်မလေးဆီက ကြားလိုက်ရတဲ့ "ရှင့်မှာ ကိုယ်ဝန်ရှိနေပြီ "ဆိုတဲ့ စကားက အနီရင့်ရဲ့ နှလုံးခုန်သံတွေကို ရပ်တန့်သွားစေသလို ခံစားလိုက်ရတယ်။စိတ်အလိုလိုက်ခဲ့မိတဲ့ အပြစ်။ချစ်သူကို အလိုလိုက်ခဲ့မိတဲ့အပြစ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားမိခဲ့တဲ့ အပြစ်တွေအတွက် အပြစ်ကြွေးကို ကြီးကြီးမားမားပေးဆပ်ရပေတော့မယ်။ အကာအကွယ်တွေရှိတယ်၊ဆေးတွေ ရှိတယ်ဆိုပြီး မိုက်လုံးကြီးခဲ့မိတာ။ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲ ၊ ဘာတွေ လုပ်ရမလဲ အနီရင့် မတွေးတတ်တော့ဘူး။ ဒီတစ်ပတ်အတွင်း ကိုဘုန်းဘက်ကလဲ ပြတ်သားလှစွာ အနီရင့်ကို မဆက်သွယ်ခဲ့သလို အနီရင့်ကလဲ ကိုဘုန်းရဲ့လုပ်ရပ်ကို ရွံရှာလှတာမို့ အပြီးတိုင် လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချပြီး နေခဲ့တာ။ အခုတော့ .....။


================


အပိုင်း (၁၃) ဆက်ရန်


‌ဧကြည်ဖြူ


rate now: