book

Index 11

အပိုင်း ( ၁၁ )

ဧကြည်ဖြူ


"ရင်ဘတ်ပေါ်က နှင်းဆီ "


******************

" ဒါလေးနဲ့အပန်းမကြီးပါဘူးရှင် "


   အနီရင့် ပြောလိုက်တော့ လင်းရိပ် အားနာနာနဲ့ အနီရင့်ကိုကြည့်လိုက်မီတယ်။


" ကူညီပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ ... မင်းအတွက် အဆင်မပြေဖြစ်ရင် အားမနားနဲ့နော် "


"ရှင်ကလဲ စကားတွေများလိုက်တာ...ကျွန်မအိမ်မှာ အခန်းပိုရှိပါတယ် ... ဧည့်သည်တစ်ယောက် ရောက်လာလို့ ဘာအလုပ်မှ မရှုပ်ပါဘူး ... တစ်ခါတလေ ဧည့်သည်လာစေချင်လွန်းလို့ ငွေပေးပြီးတောင် ခေါ်ရတာရှိသေးတယ်လေ...."


    အနီရင့် စကားကြောင့် လင်းရိပ် အနီးရင့်ကို ဖျတ်ခနဲ မော့ကြည့်လိုက်မိတယ်။အနီရင့်ကလည်း လင်းရိပ်ကို ပြန်ကြည့်ပြီး ပြုံးပြလိုက်တယ်။ သူမရဲ့ အပြုံးက လင်းရိပ် ရင်ထဲက မွန်းကြပ် သိမ်ငယ်မှုတွေကို လျော့ပါးသွားစေသလို ခံစားရစေတယ်။


" ဆေးရုံတက်နေရတာကြာပြီလား "


" အင်း မင်းနဲ့ ဟိုတစ်ခါ ရှောပင်းစင်တာမှာ ဆုံခဲ့ကြတာမှတ်မိလား ...အဲဒီအရင်ရက်တွေကတည်းကပေါ့ "


" ဪ "


      အနီရင့် လင်းရိပ်မျက်နှာကို ကြည့်ပြီး သက်ပြင်းကိုချလိုက်မိတယ်။


*******************


" အန်တီ နေသာရဲ့လား ဟင် " 


      အနီရင့် နှုတ်ဆက်လိုက်ပြီး လူနာခုတင်နားမှာရပ်လိုက်တယ်။


  " ကျွန်မက လင်းရိပ်ရဲ့သူငယ်ချင်းပါ ....ဒီည ညီမလေးကို ကျွန်မအိမ်ကို ခေါ်သွားခွင့်ပြုပါ အန်တီ...ညီမလေး အတွက် ဘာမှမပူပါနဲ့နော် 


      လင်းရိပ် အမေက အနီရင့်ကို မော့ကြည့်ပြီး ခေါင်းကို အသာငြိမ့်ပြတယ်။အနီရင့်မှာ လင်းရိပ်ရဲ့ မိခင်ကို ကြည့်ပြီး ဆုံးပါးသွားပြီဖြစ်တဲ့ မိခင်ကို သတိရသွားမိတယ်။ပြီးတော့ လင်းရိပ်တို့မောင်နှမကိုလည်း ကရုဏာသက်သွားမိတယ် ။အိမ်တစ်အိမ်မှာ လူတစ်ယောက်မကျန်းမမာ ဖြစ်ပြီဆိုရင် ကျန်တဲ့သူတွေမှာ စိတ်သောက အပူအပင်တွေများရတာကို အနီရင့်ကကိုယ်တွေ့ကြုံခဲ့ရဖူးလို့ သိနေတယ်လေ။ အဲ့ဒီလိုအချိန်တွေမှာ ဘယ်လောက်ပဲ စိတ်ဓါတ်ကြံ့ခိုင်ပါစေ အားငယ်စိတ်ကတော့ ဝင်လာတတ်စမြဲပဲမဟုတ်လား။


******************

" ကျေးဇူးပါနော် ....မင်းရဲ့ ကျေးဇူးတွေက ကိုယ့်အပေါ်မှာ အရမ်းများနေပါပြီ "


     အနီရင့်တို့ ပြန်ခါနီးမှာ လင်းရိပ်က အနီရင့်နားကို ကပ်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။အနီရင့်က လင်းရိပ်ရဲ့ချောင်ကျသွားတဲ့ မျက်နှာကိုကြည့်ပြီး စိတ်ထဲမကောင်းဖြစ်သွားမိတယ်။


" သူငယ်ချင်းတွေပဲ ဒါတွေ ပြောဖို့မလိုပါဘူး ...ဒါနဲ့ ရှင်ရော အိပ်ရောအိပ်ရရဲ့လားဟင် ...ရှင်လဲ တစ်နေ့လောက် ကောင်းကောင်း အနားယူ သင့်တယ် ..."


       အနီရင့် အပြောကို လင်းရိပ်က ခေါင်းကို အသာငြိမ့်ပြလိုက်တယ်။


***************


"ဒါဆို အန်တီရောဂါက ခွဲစိတ်ကုသမှ ရတော့မယ့် အခြေအနေပေါ့ ဟုတ်လားညီမ "


      အနီရင့်တို့နှစ်ယောက်သား အိမ်ကို ရောက်ပြီး ရေမိုးချိုး စားသောက်ပြီးတာနဲ့ စကားထိုင်ပြောနေကြတုန်း အနီရင့်က လင်းရိပ်တို့ မိခင်ရဲ့ အခြေအနေကို မေးလိုက်တယ်။ လင်းရိပ်ရဲ့ ညီမလေး ပြောပြတဲ့ သူတို့မိခင်ရဲ့ရောဂါ အခြေအနေကို သိလိုက်ရတော့မှ လင်းရိပ်ရဲ့ ရပ်တည်မှုကို အနီရင့် နားလည်သဘောပေါက်လာမိတယ်။


"အဖေရှိတုန်းကတော့ ဒီလောက် အခြေအနေမဆိုးပါဘူးမမရယ်....အဖေမရှိတော့ အစ်ကို့ တစ်ယောက်တည်းလုပ်စာနဲ့ အိမ်နဲ့ခြံကိုပါရောင်းလိုက်ရတော့ အမေလဲ စိတ်ဓါတ်ပိုကျသွားတယ်ထင်တယ်....ဦးလေးတို့ခြံမှာ ပြောင်းနေပြီးကတည်းက ရောဂါကပိုဆိုးလာတော့တာပဲ...ညီမတို့လဲ အစ်ကို့ကို သနားလှပါပြီ "


        အနီရင့် လင်းရိပ်တို့ မိသားစုအကြောင်းကိုသိလိုက်ရတော့ စိတ်မကောင်းဖြစ်သွားမိသလို လင်းရိပ်နေရာကနေ ၀င်ပြီး ခံစားကြည့်လိုက်တော့ ရင်ထဲပါ မွန်းကြပ်လာသလိုလိုခံစားလိုက်ရတယ်။


******************


" ဟို ....မအားလို့နော် မောင် ....အခုတလော အမေက ကျန်းမာရေး နည်းနည်း ချူချာနေလို့ ပိတ်ရက်တွေဆို အိမ်အလုပ်တွေကို နှင်းပဲ လုပ်နေရတယ်လေ .... ဆေးရုံကိုလာဖို့ တောင် နှင်းမှာ မအားနိုင်ဖြစ်နေလို့ မောင့်ကို အားနာနေမိတာ... ညနေကျရင်တော့ အချိန်လုပြီး ဆေးရုံကို ရအောင် လာခဲ့ပါမယ် မောင်ရယ်...."


        လင်းရိပ်လက်ထဲက ဖုန်းကို ချပြီးတော့ ငိုင်တွေ သွားမိတယ် ။ချစ်သူနဲ့မတွေ့ရတာကြာပြီမို့ လွမ်းလွန်းလို့ ပိတ်ရက်မှာတွေ့ရအောင် ဖုန်းဆက်လိုက်တော့ ချစ်သူရဲ့ မအားဘူးဆိုတဲ့ စကားကြောင့် လင်းရိပ် စိတ်ဓါတ် ပင်ကျသွားမိတယ်။သူ့မှာချစ်သူနဲ့တွေ့ချင်လွန်း၍ အလုပ်များကိုပင် ရက်ရွှေ့ဆိုင်းခဲ့ရတာ။ တကယ်ဆို တနင်္ဂနွေနေ့ဆိုတာ လင်းရိပ် အတွက် ဧည့်သည်တွေပြည့်နေတဲ့နေ့မျိုး မဟုတ်လား။


*********************


      ပျော့တွဲချင်နေပြီဖြစ်တဲ့ မျက်နှာပြပေါ်မှာ မိတ်ကပ်တွေက ထူလပျစ်ထလို့။ရေမွှေးနံ့ကလည်း အကောင်းစားဟော်တယ်ခန်းမှာသုံးထားတဲ့ မွှေးရနံ့ ချိုချိုအီအီတွေကိုပါ ဖုံးလွှမ်းနိုင်လောက်အောင်အထိ အနံ့ကပြင်းလွန်းလှတယ် ပြောရလေမလား။ လင်းရိပ် အိပ်ရာပေါ်ကထလိုက်ပြီး နာရီကို ကြည့်လိုက်တယ်။ လင်းရိပ်နာရီကြည့်နေတုန်း အန်တီကြီးက နောက်ကျောကနေ လင်းရိပ်ကိုသိုင်းဖက်လာတယ်။


"ပြန်တော့ မလို့လား မောင်လေး .. အချိန်က ပြည့်သွားပြီလား .... အချိန်ကလဲမြန်လိုက်တာ"


      အန်တီကြီးက ပြောရင်းနဲ့လင်းရိပ် ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်နဲ့ ပွေ့ဖက်လိုက်ပြန်တယ်။


" ဟုတ်တယ် မမ ...အချိန်တွေကလဲ မြန်လိုက်တာနော် ..ပျော်လို့ တောင် မဝသေးဘူး "


     လင်းရိပ်ညှို့သံမြူသံ အပြည်နဲ့ ပြန်ပြောလိုက်ရတယ်။သူမရဲ့အသက်အရွယ် ၊ အလှအပက လင်းရိပ် အတွက် အရေးပါတာမှမဟုတ်တာ ။လင်းရိပ် အတွက် လိုအပ်နေတာကငွေကြေးပဲ။အန်တီကြီးက ငွေကြေးချမ်းသာတယ်။ နာရီပိုင်းစာအတွက်တောင် အကောင်းစားဟိုတယ်ခန်းကိုပဲ သုံးတဲ့သူမျိုး။လင်းရိပ် အတွက်ဆိုရင်လည်း နှမြောမရှိတဲ့သူမျိုးလေ။


         ပြန်ဖို့ပြင်ကြတော့ အန်တီကြီးက လင်းရိပ်ရဲ့ အိတ်ထဲကို အပိုဆုအနေနဲ့ ငွေတစ်ထပ် ထပ်ပြီး ထည့်ပေးလိုက်တယ်။ လင်းရိပ်သိပ်ပြီး ပျော်သွားတာပေါ့။ ဒီငွေတွေ ။ဒီငွေတွေဟာ မိခင်ရဲ့ အသက်ကို ဆက်ပေးမယ့်ကြိုးတွေပဲ မဟုတ်လား။


***********************

      လင်းရိပ် အန်တီကြီးကို ကားပေါ်တင်ပေးလိုက်ပြီး ကားပါကင်ကနေ ပြန်ထွက်ဖို့လုပ်နေတုန်း ကားတစ်စီးဝင်လာတာမို့ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်ပြီး ဘာရယ်မဟုတ်မလုံမလဲ စိတ်နဲ့ ရပ်ထားတဲ့ကားတစ်စီးရဲ့ နောက်မှာ ကွယ်ပြီး ၀င်ရပ်လိုက်မိတယ်။ထုံးစံအတိုင်း မကောင်းတာလုပ်ထားတဲ့သူဆိုတော့ အရာရာကို ထိတ်လန့်ပြီး မလုံမလဲဖြစ်နေမိတာမျိုးပေါ့။


        ဝင်လာတဲ့ ကားက လင်းရိပ်ရဲ့ခပ်လှမ်းလှမ်းမှာ ပါကင်ထိုးလိုက်တယ်။ပြီးတော့ ကားပေါ်က အမျိုးသားတစ်ယောက် ဆင်းလာပြီး တစ်ဘက်ခြမ်းက ကားတံခါးကို အပြေးအလွှား ဖွင့်ပေးရင်း ကားထဲက အမျိုးသမီးကိုလက်တစ်ဖက်ကမ်းပေးလိုက်တယ်။


        ဒီမြင်ကွင်းကို လင်းရိပ် ဘာရယ်မဟုတ်ကြည့်နေမိတယ်။


"ဟင် " ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးကို ကြည့်ပြီး လင်းရိပ် နွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရတယ်။

" နှင်း .....နှင်း " လင်းရိပ်ချစ်သူ့ရဲ့ နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်တယ်။ ဒါပေမဲ့ အသံက အပြင်ကို ထွက်မလာဘဲ လည်ချောင်းဝကနေ ရင်ဘတ်ထဲမှာပဲ တုန်ဟီးရိုက်ခတ်သွားတယ်။ ဝဋ်ဆိုတာ လည်တတ်တာများလားလို့ လင်းရိပ်တွေးလိုက်မိတယ် ။ချစ်သူနှင်းကပါ သူ့လို ဘ၀မျိုး ရောက်နေတာကိုတွေ့လိုက်ရတော့ လင်းရိပ် ထိတ်လန့် ချောက်ချားသွားမိပြီး နေရာမှာတင် အသက်မဲ့သွားသူလို တောင့်တောင့်ကြီးရပ်နေမိတယ်။ နှင်းနဲ့ လူစိမ်း အမျိုးသားတို့ရဲ့ခြေသံတွေက လင်းရိပ်ရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းနေသလို နာကျင်ခံရခက်လှတယ်။" နှင်း "လို့ လင်းရိပ် ထပ်ခေါ်လိုက်တယ်။ အသံက ထွက်မလာ ပြန်ဘူး။ သူမတို့ နှစ်ယောက်ကလင်းရိပ်နဲ့ တဖြည်းဖြည်း ပိုမိုဝေးကွာသွားတယ်။ လင်းရိပ် အကို တင်းတင်းဖိကိုက်ထားရင်းကနေ နှုတ်ခမ်းထောင့်ကနေ ငန်ကျိကျိအရသာမျိုးကိုခံစားလိုက်ရတယ်။


********************


     ဆေးရုံထဲကို လှမ်းဝင်လာတဲ့ နှင်းရဲ့ခြေလှမ်းတွေကို ကြည့်ပြီး လင်းရိပ် နှလုံးခုန်သံတွေ အဆမတန်မြန်ဆန်လာတယ်။နှင်းက လင်းရိပ်ကို လှမ်းပြုံးပြတယ်။ လင်းရိပ် ချစ်သူကို အကြောင်သားငေးကြည့်နေမိတယ်။စိတ်ထဲမှာ တော့ မဆုံးနိုင်တဲ့ မေးခွန်းတွေ တသီကြီးနဲ့ပေါ့။


"မောင် ဘာကြည့်နေတာလဲ ...နှင်းကို မမြင်ဖူးတာကျနေတာပဲ ..."

    

     အနားကို ရောက်လာတဲ့ နှင်းက လင်းရိပ်ရဲ့လက်ကိုလှမ်းဆွဲတယ်။ လင်းရိပ်ကတော့ စိတ်နဲ့ လူမကပ်သလိုဖြစ်နေတုန်းပဲ စိတ်ထဲမှာ မနေ့က မြင်းကွင်းကိုး မြင်ယောင်နေမိတယ်။ လင်းရိပ် နှင်းရဲ့လက်ကို ပြန်ဆွဲယူလိုက်ပြီး လူရှင်းတဲ့နေရာကို ဆွဲခေါ်လာခဲ့မိတယ်။


"မောင် ဘယ်သွားမလို့လဲ ... အန်တီဆီကို သွားမယ်လေ...."


" ခဏ..ခဏလေးပါနှင်း ..."


"ဘာဖြစ်လို့လဲ မောင် ..."


" နှင်းကို မေးစရာရှိတယ် ...နှင်း အမှန်အတိုင်း ပြောပါနော် "


     လင်းရိပ်ရဲ့ စကားကြောင့် နှင်းသီရိက ပျက်ယွင်းသွားတဲ့ မျက်နှာကို ဟန်မပျက်အောင် ထိန်းလိုက်တယ်။


" ဘာ..ဘာကို လဲ မောင်.."


      တကယ်တမ်းပြောရမယ်ဆိုတော့လည်း လင်းရိပ် နှုတ်ကပြောမထွက်ပြန်ပါလေ။


" ဟို..ဟိုလေ နှင်းတို့အိမ်မှာ အဆင်ပြေလား "


" ဟင် ..ဘာဖြစ်လို့ မေးတာလဲ မောင် "


    နှင်းသီရိက လင်းရိပ်ရဲ့ အမေးကို ကြောင်တောင် တောင်နဲ့ ပြန်မေးလိုက်တယ်။


" အယ် ... ဘာမှတော့ မဟုတ်ပါဘူး ...နှင်း ငွေတွေ ဘာတွေ လိုရင်မောင့်ကို ပြောနော် ... မောင်မချမ်းသာပေမဲ့ ကိုယ့်ချစ်သူကိုတော့ တာဝန်ယူနိုင်တဲ့ ယောကျာ်းတစ်ယောက်ပါ "


     နှင်းသီရိမှာ လင်းရိပ်ဆီက စကားကို ကြားမှ သက်ပြင်း ခပ်ယဲ့ယဲ့ ချလိုက်နိုင်သလို၊ လင်းရိပ်မှာလည်း နှင်းသီရိလက်ကို ဆွဲပြီး အိပ်မက်ထဲလမ်းလျှောက်နေသူလို ယောင်နနနဲ့ ဆေးရုံဘက်ကို ပြန်လျှောက်လာခဲ့မိတယ်။


********************


     အနီရင့် ဘတ်စ်ကားပေါ်ကဆင်းပြီးတော့ ရပ်ကွက် လမ်းမအတိုင်း လမ်းလျှောက် ဝင်လာခဲ့တယ်။ခါတိုင်းဆို အဘွားတို့အိမ်ရှေ့ အထိ အရောက် ကားငှားစီးလာနေကြဖြစ်ပေမဲ့ဒီနေ့တော့ စာရေးဖို့အတွက် ကုန်ကြမ်းလေးရလိုရငြား လိုင်းကားပဲစီးလာခဲ့တာ ။လိုင်းကားပေါ်မှာလူစုံတော့ ဇာတ်လမ်းစုံး ၊ စကားစုံကြားရတတ်တယ်။သူတို့ပြောသမျှလေးတွေကို လေ့လာမှတ်သားရင်းနဲ့ပဲ ဇာတ်လမ်းတစ်ပုဒ်၊ ဇာတ်ကောင်တစ်ယောက်ကို ခံစားပုံဖော်ပြီး ရေးသားရတာပဲပေါ့။တဖြည်းဖြည်း လျှောက်လာရင်း အဘွားတို့အိမ်နဲ့ နီးလာလေလေ အနီရင့် စိတ်ထဲမသွားချင် လေလေဖြစ်လာမိတယ် ။ဒီလကျမှ ဖခင်ဖြစ်သူကလည်း ထူးထူးဆန်းဆန်း အဘွားဆီကို ငွေလွှဲတာ ကိုယ်တိုင်မပို့ဘဲ့ အနီရင့်ဆီကို ပို့ပေးပြီး အဘွားနဲ့ ကြီးတော်ရယ်ဦးလေးကို ကန်တော့ခိုင်းတာလေ။ကြည့်ရတာ အဖေက အနီရင့်ကို အဘွားတို့နဲ့ အဆင်ပြေစေချင်ပုံရတယ်။ တကယ့်လက်တွေ့မှာ အဘွားတို့ မိသားစုက အနီရင့်အပေါ် ဘယ်လောက်သူစိမ်းဆန်လဲ ဆိုတာ အနီရင့်ပဲအသိဆုံးမဟုတ်လား။


   အဘွားတို့ ခြံ၀နားရောက်တော့ အနီရင့်အိမ်ထဲကို လှမ်းခေါ်ဖို့ပြင်လိုက်တဲ့ အချိန်မှာ ခြံထဲမှာရှိတဲ့ ဒါန်းပေါ်က မြင်ကွင်းကိုကြည့်ပြီး အနီရင့် ထိတ်လန့်တုန်လှုပ်သွားမိတာမို့ လက်ထဲက ပန်းသီးထုတ်က မြေပြင်ပေါ်ကို ဘုတ်ခနဲပြုတ်ကျသွားတယ်။မြင်ကွင်းက အနီရင့် လုံးဝမထင်မှတ်ထားတဲ့ မြင်ကွင်း။ကိုဘုန်းနဲ့မကေဇင်တို့ ဒါန်းပေါ်မှာ နှစ်ယောက်သား ပျော်ရွှင်ကြည်နူးနေကြတာ။ကိုဘုန်းက မကေဇင်ရဲ့ ပခုံးလေးကို ဖက်ထားသလို မကေဇင်ကလည်း ကိုဘုန်း ရင်ခွင်ထဲမှာမှီနွဲ့လို့ နှစ်ယောက်သား တစ်လောကလုံးကို မေ့နေကြပုံရတယ်။အနီရင့် လုံးဝမထင်ထားခဲ့ဘူး။ အရင်တုန်းက ကိုဘုန်းကို သဝန်တိုပြီး စိတ်တိုတိုနဲ့သာ လျှောက်ပြောခဲ့တာ နောက်ကွယ်မှာ ဒီလို ဖောက်ပြန်နေကြလိမ့်မယ် လုံးဝကို မထင်ခဲ့မိတာ။ ကိုဘုန်းက နေလာခဲ့တဲ့ တောက်လျှောက်မှာ မကေဇင်ကို အိမ်နီနားချင်း တစ်ယောက်ထက်ပိုပြီး စကားဟဟ တောင်ပြောခဲ့တာ မဟုတ်ဘူးလေ။မကေဇင်ကလည်း ရိုးရိုးအေးအေးနဲ့ ဒီလို လုပ်လိမ့်မယ်လို့ လုံးဝကို မထင်ရတဲ့ပုံခံမျိုးလေ။အခုတော့ အနီရင့်နဲ့ ကိုဘုန်းအကြောင်းကို တစ်ဆွေ တစ်မျိုးလုံး သိနေကြမှန်း သိသိနဲ့ နှစ်ယောက်သားလုပ်ရက်လိုက်ကြတာ။ကိုဘုန်းတို့နှစ်ယောက်ကိုကြည့်ပြီး အနီရင့် ဒေါသတွေတလိမ့်လိမ့်ထွက်လာမိတယ်။ စိတ်ရှိတိုင်းသာဆို ခြံတံခါ ကိုဆောင့် တွန်းဖွင့်ပြီး နှစ်ယောက်လုံးကို ပြေးပြီး ရိုက်နှက်ပစ်လိုက်ချင်တာ။ အနီရင့် အံကိုတင်းတင်းကြိတ်ပြီး နှစ်ယောက်လုံးကို စက်ဆုပ်ရွံ့ရှာစွာ ကြည့်ပစ်လိုက်ပြီ တံခါးသံတိုင်က သော့ခလောက်ကို သံတိုင်နဲ့ ခေါက်ပစ်လိုက်တယ်။ 


    အသံကြောင့် ကိုဘုန်းနဲ့မကေဇင်တို့ အနီရင့်ရှိရာ ခြံတံခါ တကို လှမ်းကြည့်ကြတယ်။ပြီးတော့ နှစ်ယောက်သား အနီရင့်ကို မြင်တော့ မျက်စိမျက်နှာပျက်သွားကြတယ်။ အနီရင့်ကတော့ မျက်နှာကို ခပ်တည်တည်ထားပြီး ရပ်နေလိုက်တယ်။


" နီ ....လာလည်တာလား ...လာလည်မယ်ဆို ကိုယ့်ကို ပြောရင်း ကိုယ် လာကြိုမှာပေါ့ "


    ကိုဘုန်းက ပြောရင်း ခြံတံခါးနားကိုလျှောက်လာတယ်။ပြီးတော့ ခြံတံခါဂျလက်ကို ဖွင့်လိုက်တယ်။မကေဇင်ကတော့ ဒါန်းပေါ် ကထသွားပြီး အိမ်  ထဲကို ဝင်သွားတယ်။


" အဘွားရှိလား "


     အနီရင့် ကိုဘုန်းကို အသံခပ်မာမာနဲ့ မေးလိုက်တယ်။


" ရှိ ..ရှိတယ်လေ နီ .." ကိုဘုန်းက ဖြေရင်းနဲ့ အနီရင့်လက်ကို လှမ်းဆွဲတယ်။ အနီရင့်က ကိုဘုန်းရဲ့ လက်ကို ဆတ်ခနဲ ခါထုတ်ပစ်လိုက်တယ်။ပြီးတော့ ကိုဘုန်းကို စူးစူးရဲရဲ တစ်ချက်စိုက်ကြည့်ပစ်လိုက်ပြီး အနားကို ကပ်ပြောလိုက်တယ်။


" လာမထိနဲ့ ရွံတယ်...ခုချိန်ကစပြီး ကိုဘုန်းနဲ့ ကျွန်မ ရဲ့ ဇာတ်လမ်းပြီးသွားပြီ"


#################


အပိုင်း (၁၂ ) ဆက်ရန်


ဧကြည်ဖြူ


rate now: