book

Index 10

အပိုင်း (၁၀)

ဧကြည်ဖြူ


"ရင်ဘတ်ပေါ်က နှင်းဆီ "


****************


     ကျောခိုင်းသွားတဲ့ လင်းရိပ်ကို ကြည့်ပြီး အနီရင့်ရဲ ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားမိတယ်။အနီရင့် မေးတုန်းကတော့ ဒီအလုပ်ကို နေ့ခင်းဘက်မလုပ်ပါဘူးလို့ပြောသွားခဲ့တယ်လေး။ဒီလိုနဲ့ အမျိုးသမီးကြီးရဲ့ ဆွေမျိုးသားချင်း တစ်ယောက်ယောက်နဲ့ တွေ့ရင် ဘယ်လိုများလုပ်လေမလဲ။နေ့ခင်းကြောင် တောင်ကြီးမို့ အလွတ်ရုန်း၍ တော့ ရမယ်မထင်။အနီရင့် ကိုယ့်ဘာသာတွေးနေရင်း သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်မိတယ်။


"နီ မင်းဘာကြည့် နေတာလဲ ... အဲဒီလိုကောင်ကို ရုပ်ချောတယ်ဆိုပြီး သွားကြည့်မနေနဲ့ ...တွဲလာတဲ့ သူက အဘွားကြီး သေချာတယ် အဲ့ဒီကောင် ချူစားနေတဲ့ပိုင်းလုံး ဆိုတာ "


   ကိုဘုန်း စကားကြောင့် အနီရင့် စိတ်ပျက် သွားမိတယ်။ လင်းရိပ် ပိုင်းလုံး ဟုတ်တာ မဟုတ်တာက အနီရင့်နဲ့ မဆိုင်။ဒါပေမဲ့ အနီရင့် ချစ်ရတဲ့သူက ဒီလိုမျိုး တစ်ဖက်သားကို ပြောဆိုတတ်တဲ့ အကျင့်ရှိတာကို သဘောမကျပါ။


****************


"ရတယ် ကိုဘုန်း အနီရင့် ပဲသယ်သွားလိုက်တော့မယ် . ..."


    အနီရင့်က ကားပေါ်မှ ဆင်းလိုက်ပြီး ကိုဘုန်းကို ပြောလိုက်တယ်။ကိုဘုန်းက ကားတံခါးကို ဖွင့်ဆင်းလာပြီး


" ဘာရတာလဲ ... ကိုယ့်ကို အိမ်ကို မခေါ်ချင်တဲ့ သဘောလား "


"အဲ့ဒီလို မဟုတ်ပါဘူး ...ကိုဘုန်းမအားမှာစိုးလို့ ပါ .."


" အားတယ် ... ဒီနေ့ ကိုယ့်ချစ်သူ့အတွက် အချိန်ယူထားတယ် "


    ပြောပြီး ကို ဘုန်းက အထုတ်တွေကို ဆွဲပြီး အနီရင့်လက်ကိုပါ ဆွဲလိုက်ပြီး တိုက်ခန်း လှေကားတွေအတိုင်း ရှေ့က တက်သွားတယ်။ ကိုဘုန်းရဲ့ အပြူအမူကြောင့် အနီရင့်ရဲ့ အမှတ်မရှိတဲ့နှလုံးသားက တထိတ်ထိတ် ခုန်လှုပ်လာပြန်တယ်။


*****************

" ကိုဘုန်း ထမင်းစားမလား ... ချက်လိုက်မယ်လေ "


" ပင်းပန်းပါတယ်ကွာ .... မချက်နဲ့ ဆိုင်မှာ သွားစားကြတာပေါ့ ...ဒီမှာလာထိုင်နေပါကွာ ... မျက်စိကို နောက်နေတာပဲ "


     မြတ်ဘုန်းက ပြောရင်းအနီရင့်လက်ကို ဆောင့် ဆွဲလိုက်တာမို့ အနီရင့်ခန္ဓာကိုယ်ပေး မြတ်ဘုန်း ဘေးကို စွေ့ခနဲ ရောက်သွားတယ်။ အနီရင့် မသိမသာလေး သူမရဲ့ခန္ဓာကိုယလေးကို ဆတ်ခနဲ ကျုံ့လိုက်မိတယ်။ပြီးတော့ ကိုဘုန်းရဲ့လက်တွေက အနီရင့်ကိုယ်လုံးလေးကို ဆွဲဖက်လိုက်တယ်။ အနီရင့် ဖျက်ခနဲ ရုန်းထွက်လိုက်မိပြီး အယောင်ယောင် အမှားမှားနဲ့ ပြောလိုက်မိတယ်။


" ခဏလေး ကိုဘုန်း ... အနီရင့် ရေသောက်ချင်လို့ပါ "


     အနီရင့် တလှပ်လှပ်ခုန်နေတဲ့ ရင်ကို လက်လေးနဲ့ အသာဖိပြီး ရေခဲသေတ္တာ ရှိရာကို လျှောက်လာခဲ့တယ်။အနီရင့် ဘဝကို နစ်မွန်းစေမဲ့ အမှားမျိုးတွေ နောက်ထပ် နောက်ထပ် မမှားချင်တော့ဘူး။အနီရင့်ရဲ့အသက်အရွယ်နဲ့ ဆို တင့်တင့်တယ်တယ် အိမ်ထောင် ပြုသင့်ရပြီလေ။


    အနီရင့် ကိုဘုန်းအတွက်ပါ အအေးတစ်ဘူး ယူခဲ့လိုက်ပြီး ကိုဘုန်းရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။


" ကိုဘုန်းကို ပြောစရာရှိတယ် "


" ပြောလေ ... စကားပြောတာများ အထူးအဆန်း လုပ်သေးတယ် "


" အနီရင့်တို့ ဒီနှစ်ကုန်မှာလက်ထပ်ကြမလား ကိုဘုန်း ... အဖေ့ကို အကြောင်းကြားလိုက်မယ်လေ "


    ရုတ်တရက် ပြောလိုက်တဲ့ အနီရင့်ရဲ့စကားကြောင့် မြတ်ဘုန်း အံ့ဩသွားတယ်။


" ဘာ.... ဘာပြောတယ် နီ .... ရုတ်တရက်ကြီး ဘာလို့လဲ ..ဘာမှလဲ မပြင်ဆင်ရသေးဘဲ "


     ကိုဘုန်းရဲ့ စကားကြောင့် အနီရင့် စိတ်တိုသွားမိပြီး လေသံမာမာနဲ့ ပြောလိုက်တယ်။


" ဘယ်လို ရုတ်တရက်လဲ ကိုဘုန်းရဲ့ ... ကိုဘုန်းနဲ့နီတွဲလာတာ ဆယ်နှစ်ပြည့်တော့မယ်လေ...ပြီးတော့ ဘာပြင်ဆင်စရာလိုသေးလို့လဲ....ခန်းမတစ်ခုငှါးပြီး အသိမိတ်ဆွေနည်းနည်း ဖိတ်လိုက်လဲ ရတာပဲ ..."


"  ဟာကွာ ....မင်းပြောပုံက ကလေးကစားနေတာကျနေတာပဲ လွယ်လိုက်တာ နီရယ်... မိဘတွေကို အရင်တိုင်ပင်ဖို့ မတွေး ဘူးလား "


" တိုင်ပင်လေ ....မိဘတွေလဲ သိနေတာပဲ...အဓိက က ကိုဘုန်းအိမ်ကိုပြောလိုက်ပေါ့ "


" ဒါနဲ့ ဘာလို့ လောနေတာလား ... ဒီတိုင်းနေတာ ဘာပြဿနာရှိလို့လဲကွာ... ခုလဲ ကိုယ်တို့တွေ့ချင်တဲ့အချိန် အေးဆေးတွေ့လို့ရတာပဲ ...ကိုယ်တော့ ကိုယ်ပိုင်အိမ် ခြံလေးရမှ လက်ထပ်ဖို့တွေးထားတယ်..."


    ကိုဘုန်းရဲ့ စကားကြောင့် အနီရင့်စိတ်ထဲ ဒေါသတွေ တလိပ်လိပ်ထွက်လာတယ်။


" တော်တော့ ကိုဘုန်း ... လက်ထပ်ပြီးရင် ဒီမှာ နေတော့ ဘာဖြစ်လို့လဲ ...ကိုဘုန်းကိုရှင်းရှင်းပဲ မေးမယ် ... အနီရင့်ကို လက်ထပ်ဖို့ စိတ်ကူး မရှိဘူးလား ..."


" ဟာ ..ဘာပြောလိုက်တယ် နီ ...မင်း ဘာဖြစ်နေတာလဲ ...ဘယ်သူက လက်မထပ်ချင်ဘူး ပြောလို့လဲ ခဏလောက်စောင့်ဖို့ပဲ ပြောတာလေ "


" စောင့်ရအောင် ဘာကိုစောင့်ရမှာလဲ ...ဒီထက်ပိုပြီး ဘာကို စောင့်ရမှာလဲပြော ... ပတ်ဝန်းကျင်ကလဲ အနီရင့်တို့ကို မေးငေါ့ချင်နေပြီ "


" ပတ်ဝန်းကျင်ဟုတ်လား ....မင်းက ဘယ်တုန်းကများ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖူးလို့လဲ ...မင်းနေချင်သလို နေနေတာကို ဘာအခုမှ ပတ်ဝန်းကျင်လဲ..."


" ကိုဘုန်း "


      အနီရင့် စိတ်တိုတိုနဲ့ ကိုဘုန်းကို အော်ပစ်လိုက်တယ်။


"တော်ပြီကွာ စိတ်ရှုပ်လာပြီး ကိုယ်ပြန်တော့မယ် "


    ပြောပြီးတာနဲ့ မြတ်ဘုန်း ခြေလှမ်းကျဲကြီး တွေနဲ့ တိုက်ခန်းအပြင်ကိုထွက်ခဲ့လိုက်တယ်။


      အနီရင့်ဆိုဖာခုံပေါ်မှာ ထိုင်ရင်းကနေ အံကိုတင်းတင်းကြိတ်ထားမိတယ်။အနီရင့်တို့ လက်ထပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နိုင်တယ်ဆိုတာကို စိတ်ထဲက တွေးခဲ့မိပေမဲ့ ဒီလိုကြီး လက်တွေ့ကြုံလိုက် မယုံကြည်နိုင်လောက်အောင် ခံစားလိုက်ရတယ်။


*******************

" အမေ နေသာရဲ့လား ..."


   လင်းရိပ်က လူနာစောင့်ခုံမှာဝင်ထိုင်လိုက်ရင်း အမေ့ကို မေးလိုက်တယ်။အမေက လင်းရိပ်ကိုကြည့်ပြီး ခေါင်း အသာငြိမ့် ပြပြီး လေသံခပ်ယဲ့ယဲ့နဲ့ ပြန်ဖြေတယ်။


" သက်သာပါတယ် သားရယ် ... သားရော ပင်ပန်းနေပြီလား "


" မပင်ပန်းပါဘူး အမေရယ် ... သားတို့အတွက် ဘာမှမပူနဲ့ ...အမေကျန်းမာအောင် နေပါနော် "


   လင်းရိပ် အမေ့ကို ပြန်ဖြေလိုက်ရင်း ညီမဖြစ်သူကို ကြည့်လိုက်မိတယ်။ညီမလေးခမျာ နေ့နေ့ညည လူနာစောင့်ခုံတန်းလေးပေါ်မှာပဲ နေနေရတော့ အအိပ်မမှန် ၊ အစားမမှန် ဖြစ်နေပုံရတယ် ။ ညီမလေးကိုကြည့်ရတာ အတော်လေး ပိန်သွားတာမို့ လင်းရိပ် စိတ်မကောင်းဖြစ်သွားမိတယ်။တစ်ရက်လောက် ညီမလေးကို စိတ်အေးလက်အေးနဲ့ ခြေဆန့်လက်ဆန့်အိပ်ရေးဝဝအိပ်စေချင်မိတယ်။ရန်ကုန်မှာက ဆွေမျိုးလဲ မရှိ။လင်းရိပ်ရဲ့ အဆောင်ကိုလဲ ခေါ်သွား လို့က မရပြန်။ လင်းရိပ် ညီမဖြစ်သူကို ကြည့်ရင်း စဉ်းစားနေမိတော့ ခေါင်းထဲကို အရင်ဆုံးပေါ်လာတာက ချစ်သူနှင်းသိရိပဲ ။ချစ်သူကို ပြောကြည့်ရကောင်းလားလို့ လင်းရိပ် တွေးနေမိတယ်။


" အစ်ကို ...ဘာဖြစ်လို့လဲ "


        လင်းရိပ်ရဲ့ ညီမဖြစ်သူက သူမကို စိုက်ကြည့်နေတဲ့ အစ်ကိုဖြစ်သူကို မေးလိုက်တယ်။


" မဟုတ်ပါဘူး ညီမလေးရယ် ... ညီမလေးကို တစ်ညလောက် အိမ်မှာ အိပ်ရေးဝအိပ်စေချင်လို့ပါ ညဘက် အစ်ကို တစ်ယောက်တည်း စောင့်လို့ရပါတယ်..."


" ရပါတယ် အစ်ကိုရယ် ... ဒီမှာလဲ အိပ်ဖြစ်ပါတယ် "


    လင်းရိပ် သက်ပြင်းမောကို ချလိုက်ပြီး ခပ်လှမ်းလှမ်းကို ထွက်လာခဲ့လိုက်တယ်။တော်ကြာ ညီမဖြစ်သူပါ လဲသွားရင် ဒုက္ခများပေလိမ့်မယ်။ အငယ်ကောင်ကို ခေါ်ဖို့ကျတော့လည်းမဖြစ်နိုင် အခုတောင် ညီမလေးမှာ လင်းရိပ် ရောက်လာရင် ထိုင်စရာနေရာ ရှိလာမဟုတ်ဘူး။ ဖြစ်နိုင်ရင် နားနားနေနေ နေ့လို့ရအောင် သီးသန့်ခန်း ငှားပေချင်ပေမဲ့ ဆေးရုံမှာရက်ရှည်လများ နေ့ရမှာမို့ ဆေးရုံစရိတ်ကို တတ်နိုင်သမျှချွေတာနေရတာပင်။ လင်းရိပ် စဉ်းစားတွေးနေမိရင်း ချစ်သူဆိကို ဖုန်းခေါ်လိုက်မိတယ်။


"ဟယ်လို"


    မတွေ့ရတာကြာပြီ ဖြစ်တဲ့ ချစ်သူရဲ့ အသံချိုချိုလေးကို ကြားလိုက်ရတော့ လင်းရိပ်ပျော်သွားမိတယ်။


"ဟယ်လို  နှင်း ..နေကောင်းတယ်မဟုတ်လားဟင် ...နှင်းကို မောင် အရမ်းသတိရတာပဲ "


     လင်းရိပ်ဘက်က ပြောနပေမဲ့ တစ်ဖက်မှ ချစ်သူရဲ့ အသံက တိတ်ဆိတ်နေတာမို့ လင်းရိပ်မေးလိုက်တယ် ။


 "ဟယ်လို နှင်း ...မောင် ပြောတာကြားလား ....နှင်းနေကောင်းရဲ့လား ဟင် "


     လင်းရိပ် ထပ်မေးလိုက်မှ နှင်းသီရိရဲ့ အသံက ထွက်လာတယ်။


" နေကောင်းပါတယ် ... ပြောလေ ..ဘာပြောမလို့လဲ "


       တကယ်တမ်း ရှင်းသိရိ မေးလိုက်တော့ လင်းရိပ်ရဲ့ နှုတ်တွေ ဆွံ့အသွားရပြီး နှင်းကို တော်တော်နဲ့ ပြောမထွက်ပြန်။ အတော်လေးကြားမှာ လင်းရိပ် သတ္တိုမွေးပြီး ထုတ်ပြောလိုက်တယ်။


" ဟို ... ဟိုလေ နှင်းကို အကူအ

ညီလေး တစ်ခုလောက် တောင်းချင်လို့ပါ....ဒီ...ဒီလိုပါ ....မောင့်ရဲ့ ညီမလေးကို နှင်းတို့အိမ်မှာ တစ်ညလောက် အိပ်ခွင့်ပေးလို့ ရမလားလို့ ...ညီမလေးကို ကြည့်ရတာ အိပ်ရေးတွေပျက်ပြီး အရမ်းပင်ပန်းနေတဲ့ပုံပေါက်နေလို့ ..."


     လင်းရိပ်ရဲ့ စကားဆုံးတော့ နှင်းသီရိဘက်က အတန်ကြာတိတ်ဆိတ်သွားတယ်။ပြီးတော့မှ နှင်းသီရိက အသံခပ်တိုးတိုးလေးနဲ့ ပြန်ပြောတယ်။


" အားနာလိုက်တာ မောင်ရယ် ...အိမ်မှာက မောင်လေးရဲ့ သူငယ်ချင်း တစ်ယောက်လဲ ရောက်နေလို့ပါ...ဟိုလေ နှင်း ဘယ်လို ကူညီရ မရဲ စဉ်းစားလိုက်ပါအုံးမယ် "


    နှင်းသီရိရဲ့စကားကြောင့် လင်းရိပ်စိတ်မကောင်းဖြစ်သွားမိပေမဲ့ ချစ်သူစိတ်ညစ်သွားမှာစိုးလို့ အမြန်ပြန်ပြောလိုက်ရတယ်။


" ရပါတယ် နှင်းရဲ့ ... ဘာမှစိတ်မကောင်း မဖြစ်နဲ့ ဟုတ်ပြီလား ..အလုပ်ထဲက အစ်မအိမ်မှာ အိပ်လို့လဲရတယ် ... မောင်က တမင် ညီမလေး ကို နှင်းနဲ့ တွေ့စေချင်လို့ အကြံအဖန်လုပ်လိုက်တာပါ "


     လင်းရိပ် ချစ်သူကို ရယ်ရယ်မောမောနဲ့ ပြောပြီး ဖုန်းကို ချလိုက်တယ်။ကျောလေး တစ်နေရာစာချဖို့ ခက်ခဲလိုက်တဲ့မြို့။ငွေရှိရင် ကြိုက်တဲ့တည်းခိုခန်း သွားတည်းလို့ရပေမဲ့ ညီမဖြစ်သူကို လင်းရိပ်စိတ်မချနိုင်။ လင်းရိပ်ခေါင်းတွေ ပူအောင် စဉ်းစားနေမိရင်း တစ်စုံတစ်ယောက်ကို စဉ်းစားလိုက်မိတယ်။ သူမကတော့ သူငယ်ချင်းတွေအဖြစ်ခင်မင်ရအောင် ပြောခဲ့ဘူးတယ်။ အကူအညီ တောင်းလို့ ရနိုင် ၊မရနိုင်တော့ လင်းရိပ် မသိ။ သေချာတာက သူမရဲ့အိမ်မှာ သူမတစ်ယောက်တည်းနေတာ ။ပြီးတော့ သူမက ယုံကြည်စိတ်ချလို့ရတဲ့သူတစ်ယောက်။လင်းရိပ် ဘာမှတွေးတော မနေတော့ဘဲ သူမဆီကို ဖုန်းခေါ်လိုက်တယ်။


" ဟယ်လို "


    သူမရဲ့ ထူးသံကိုကြားတော့ လင်းရိပ် ဘာပြောရမှန်းမသိ တွေဝေနေမိပြန်တယ်။


" ဟယ်လို ...ဘယ်သူပါလဲ ရှင် "


    ဒုတိယ အကြိမ်မြောက် သူမရဲ့ မေးသံ အဆုံးမှာ လင်းရိပ် အရဲစွန့်ပြီး ထူးလိုက်ရတယ်။


" ဟို ... ဟို ကျွန်တော် လင်းရိပ်ပါ အနီရင့် "


    လင်းရိပ် စကားဆုံးတော့ သူမရဲ့အသံကိုထပ်ကြားလိုက်ရတယ်။


" ဪ ရှင်ကို ...ဖုန်းနံပတ် ပြောင်းနေလို့ ...ဒါနဲ့ ထူးထူးဆန်းဆန်း အနီရင့်ကို ဖုန်းဆက်တော့ ...ကိစ္စရှိလို့လားဟင် ..ပြောလေ ... ပြောပါ "


" ဟို ..ဟို ....ဒီလိုပါ ...မင်းဆီမှာ အကူအညီလေးတောင်းချင်လို့ ......."


      လင်းရိပ်က အားတင်းပြီး အနီရင့်ကို ပြောပြ အကူအညီတောင်းလိုက်တယ်။ လင်းရိပ် စကားဆုံးတော့ သူမဘက်က ချက်ချင်း စကားသံထွက်လာတယ် .."


" ရပါတယ် လင်းရိပ်ရဲ့ ...ရှင်ကလဲ အစကတည်းက  အနီရင့်ကို ပြောတာမဟုတ်ဘူး ရှင်နဲ့ ကျွန်မက သူငယ်ချင်းတွေ ဖြစ်နေပြီလေ...တစ်ယောက်အခက်အခဲကို တစ်ယောက်နိုင်သလောက် ကူညီပေးကြပါမယ်ဆို ...ကဲပါ ...ရှင်ညီမလေးကို ကျွန်မလာခေါ်မယ် ဟုတ်ပြီလား ...ဆေးရုံကပဲ စောင့်နေ "


     အနီရင့်နဲ့ ဖုန်းပြောပြီးသွားတော့ လင်းရိပ် တော်တော်လေး ဝမ်းသာသွားမိတယ်။စိတ်ထဲမှာလဲ တော်တော်လေး ပေါ့ပါးသွားရတယ် ။


*****************

 

" အစ်ကိုရယ် ညီမက အဆင်ပြေပါတယ် ... ဒီမှာ အိပ်ရတာ အိပ်ရေးဝပါတယ် အစ်ကိုရဲ့ "


    ညိမဖြစ်သူကို ကြည်ပြီး လင်းရိပ်က ပြောလိုက်တယ်။


" ကဲပါ အလတ်မရယ် ... အစ်ကို ပြောတာနားထောင် ဟုတ်လား ... အစ်ကို့သူငယ်ချင်းက မိန်းခလေးပါ ...ပြီးတော့ တစ်ယောက်တည်းနေတာ ... နင့်အတွက် စိတ်ချရပါတယ် ...သူ့အိမ်မှာ တစ်ညလောက် လိုက်အိပ်လိုက် ဟု ဇာပြီလား ... မနက်ကျရင်လဲ အေးဆေးမှာ လာ ... ကဲပါ  ထ ...သူလာခေါ်ရင် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားတော့ "


*************** **


     အနီရင့် ကားပေါ်ကဆင်းလိုက်ပြီး ကားဆရာကို အပြန်ပါ စောင့်နေဖို့ မှာလိုက်တယ် ။ပြီးတော့ လမ်းမှာဆင်းဝယ်လာခဲ့တဲ့ အသီးအနှံနဲ့မုန့်ထုတ်တွေကို ယူလိုက်တယ်။ဆေးရုံပေါ်တီကိုအောက်မှာ အဆင်သအဆင်သင့်စောင့်နေတဲ့ လင်းရိပ်က အနီရင့်ကို မြင်တော့ ခြေလှမ်းစပ်ကျဲကျဲ လျှောက်လာပြီး နှုတ်ဆက်လိုက်တယ်။


" ဘာတွေ ဝယ်လာတာလဲ...ဘာမှမဝယ်လာပါနဲ့ ဆို "


##############


အပိုင်း ၁၁ ဆက်ရန်


ဧကြည်ဖြူ


rate now: