ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
******************
"အခန်းနံပတ် 4"
အခန်းရဲ့နံပတ်ကို ကြည့်ပြီး လင်းရိပ်တစ်ချက်တွေခနဲဖြစ်သွားမိတယ်။အခြားသူတွေအတွက်တော့ မသိပေမဲ့ လင်းရိပ်အတွက်တော့ နံပတ် (၄) က ရုတ်တရက် ကံကောင်းစေတတ်သလို ရုတ်တရက် ကံဆိုးစေတဲ့ နံပတ်ဆိုရင်လည်း မမှားဘူး။
"ဒေါက်...ဒေါက်...ဒေါက်.."
တံခါးကို လင်းရိပ် မဝံ့မရဲခေါက်လိုက်တယ်။ မိနစ်အနည်းငယ်ကြာတဲ့အထိ တံခါးက ပွင့်မလာဘူး။ ဒုတိယအကြိမ်မြောက် တံခါးကို ထပ်ခေါက်ဖို့ လက်ကို ရွက်လိုက်တဲ့အချိန်မှာပဲ
" ကျွီ..."
အသံရှည်ဆွဲပြီး မြည်လာတဲ့ တခါးသံနဲ့အတူပျင်းတိပျင်းတွဲလေးပင်စွာပွင့်လာတဲ့ တံခါးကို ကြည့်ပြီး လင်းရိပ်ရင်ဘတ်အစုံက တံခါးနဲ့အပြိုင် နှေးကွေးလေးလံ အေးစက်စွာခုန်လှုပ်နေတယ်။ပွင့်သွားတဲ့တံခါးကနေ အခန်းထဲကို လင်းရိပ်ဖျတ်ခနဲ လှမ်းဝင်လိုက်တယ်။ခေါင်းကိုမော့ ရင်ကိုကော့ပြီး မျက်နှာအနေအထားရော ခန္ဓာကိုယ်ကိုပါ စွဲလမ်းတပ်မက်သွားစေအောင် ပြင်ဆင်ပြီး အခန်းထဲကို လင်းရိပ်၀င်လိုက်ချိန်မှာ မြင်ရလိုက်ရတဲ့မြင်ကွင်းကြောင့် ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားမိတယ်။ လင်းရိပ် အများဆုံးကြုံဖူးတာက ခပ်မှိန်မှိန် မီးအလင်းရောင်ရယ်၊မျက်နာရဲ့အရေးအကြောင်းတွေကို မိတ်ကပ်ထူလပျစ်တွေနဲ့ဖုံးထားတတ်တဲ့ ဆေးဆိုးပန်းရိုက်မျက်နာတွေရယ်၊ည ဝတ်ဂါ၀န်ရှည်ခပ်ပါးပါးကို ဝတ်ဆင်ထားတဲ့သူတွေကိုပဲ မြင်ဖူးခဲ့တာ။ အခုတော့ သူ့ရှေ့တည့်တည့်မှာရပ်နေတဲ့ အမျိုးသမီးရဲ့ပုံစံကိုကြည့်ပြီး ကြောင်တက်တက် နဲ့ ကြည့်နေမိတယ်။တစ်ခန်းလုံးထိန်ထိန်လင်းနေတဲ့ မီးရောင် အောက်မှာ အနက်ရောင်ရှပ်လက်ရှည်နဲ့ အနက်ကွက် ဒူးဖုံး ဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့သူမ။လှိုင်းတွန့်ဆံပင်ကောက်ကောက်တွေကို ဖားလျားချထားပြီး မျက်နှာက ပြောင်သလင်းခါနေတဲ့ သူမပုံစံက နည်းနည်းတော့ဖိုသီဖက် သိနိုင်လှတယ်။ပိုပြီးထူးဆန်းတာက သူမရဲ့ အသက်အရွယ်ပဲ။အသက်က သုံးဆယ်ကျော်ပုံမရသေးဘူး။ပြီးတော့ ဒီလို မပြင်မဆင်ပုံစံနဲ့တောင် ကြည့်ပျော် ရှုပျော်ရှိတဲ့ပုံထွက်နေတယ်လေ။အရပ်က ငါးပေကျော်တယ် ဆုံရုံလောက်ပဲရှိမယ်ထင်ရတယ်။ကိုယ်ခန္ဓာက ပုရိသတွေကို ဆွဲဆောင်နိုင်လွန်းတဲ့ကိုယ်လုံးမျိုး မဟုတ်ပေမဲ့ ပိန်ခြောက် ပြားကပ်နေတာမျိုး ၊ အဆီပိတ်ပြီး ၀ဖီးနေတာမျိုးလည်းမဟုတ်ပြန်ဘူး။ ဒီအသက်အရွယ် ဒီလိုပုံစံနဲ့မိန်းမမျိုးက သူလိုလူကို ခေါ်စရာ အကြောင်း မရှိတာတော့ သေချာတယ်။ လင်းရိပ် သူမကို သေသေချာချာကြည့်နေမိပြီး အိမ်များမှားတာလား ။ဒါမှမဟုတ် သူမက ကြားပွဲစားများလားလို့ တွေးလိုက်မိတယ်။သူမကလည်း ဘာတစ်ခွန်းမှမပြောဘဲ ခပ်စူးစူး ပြန်ကြည့်နေတာမို့ လန့်လာမိပြီး လက်ထဲက ဖုန်းကို ဖွင့်ပြီး ခေါ်ကြည့်လိုက်မိတယ်။
"...ဘယ်လိုဖြေရမလဲ....ပေါ့ပါးခြင်းနဲ့ ဘ၀...ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့..ခရီးသည်တစ်ဦးရဲ့ ညနေ့များ ...."
သာယာချိုမြတဲ့ ဂီတသံနဲ့အတူ သီချင်းသံက အခန်းထဲမှာ ထွက်ပေါ်လာတယ်။သူမက ခပ်တည်တည်ပဲ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နားမှာ ကပ်လိုက်တယ်။
"ဘာရပ်လုပ်နေတာလဲ...ထိုင်လေ"
တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တဲ့ သူ့မရဲ့ အသံကို နားထောင်ပြီး လင်းရိပ်ခပ်ကြောင်ကြောင်နဲ့ "ဟုတ်ကဲ့ "လို့ ပြန်ဖြေလိုက်ပြီး ခေါင်းကို ငြိမ့်ပြလိုက်မိတယ်။
" ကော်ဖီအပူသောက်မလား...အအေးသောက်မလား "
" ဟုတ်ကဲ့ ...ကျွန်တော်မသောက်တော့ပါဘူး..."
နှစ်ယောက်သားမျက်နှာချင်းဆိုင်အနေအထားနဲ့ ဖုန်းပြောနေကြတာ ကြောင်တောင်တောင်တော့နိုင်လှတယ်။ လက်ထဲက ဖုန်းကို ချပြီး လင်းရိပ်ခန္ဓာကိုယ်ကို မတ်နေအောင်ပြင် ထိုင်လိုက်တယ်။ မသိရင် ကိုယ့်ပုံစံက ခုမှ အစပျိုးတဲ့ ခပ်တုံးတုံးဘဲတစ်ပွေလို ဖြစ်နေပြီ။တကယ့်ကို ထိတ်ထိတ်ကြဲ မိန်းမတွေရှေ့မှာတောင် အေးဆေးတည်ငြိမ်စွာ ဖြတ်ကျော်ခဲ့တာ ဒီပုတုတု အမျိုးသမီးရှေ့မှာ ရုပ်ပျက်နေတဲ့အဖြစ်ကို စိတ်ထဲက နေမကျေမနပ်ဖြစ်သွားမိပြီး နားမှာ ကပ်ထားတဲ့ ဖုန်းကို ချလိုက်တယ်။သူမကလည်း လက်ထဲက ဖုန်းကို ချပြီး သူ့ရှေ့က ခုံမှာဝင်ထိုင်လိုက်တယ်။ပြီးတော့ အသံခပ်အေးအေးနဲ့ လှမ်းပြောတယ်။
"မသောက်လို့တော့ မရဘူး...သောက်ရမယ်...မသောက်ရင် စောစောစီးစီးအိပ်ပျော်သွားမှာပေါ့...ရှင်ဒီညအိပ်သွားလို့မရဘူး..."
" ဗျာ" လို့ ယောင်ယမ်းပြီးထွက်သွားတဲ့ ကိုယ့်ကိုယ်ကို လင်းရိပ်စိတ်တိုလာမိပြီ။ ဒီလိုနေရာ ဒီလိုအနေအထားမှာ ဒီစကားက ဘာမှ မထူးဆန်းဘူး။ ဒီထက်ပိုတဲ့ စကားတွေတောင် ကြားခဲ့ဖူးတဲ့ကောင်က ဒီစကားတစ်ခွန်းအတွက် ကယောင်ချောက်ချား ဖြစ်နေစရာအကြောင်းမရှိဘူးလေ။
" သောက်မယ်လေ... အပူပဲသောက်တော့မယ် "
ခဏတာပျောက်ဆုံးသွားတဲ့ ကိုယ့်ပုံစံကို ပြန်ရှာဖွေလိုက်ပြီး လင်းရိပ် ညှို့သံအပြည့်နဲ့ ပြောလိုက်တယ်။ လင်းရိပ်ဆိုတဲ့ကောင်က ဘယ်လိုအရာမျိုးကိုမှ ထူးပြီး တုန်လှုပ်တတ် တဲ့ ကောင်မဟုတ်တော့ဘူး။ လောကဓံကို အံတုရင်ဆိုင်နိုင်ဖို့အတွက် ဟိုအရင်က ရိုးရိုးအေးအေးနေတတ်တဲ့ လင်းရိပ် ဆိုတဲ့ လူရိုးလေး အဖြစ်က ပျောက်ဆုံးခဲ့တာကြာခဲ့ပြီလေ။
"သောက်မယ်ဆိုရင် ဟိုမှာ မီးဖိုခန်း တွေ့လား...အဲ့ဒီမှာ သွားဖျော်သောက်လိုက်...ရေခဲသေတ္တာထဲမှာ မုန့်တွေရှိတယ် ရှင်ကြိုက်တာယူစားလို့ရတယ်နော်...ဪ ကျွန်မအတွက်ပါ ကော်ဖီတစ်ခွက်လောက် ဖျော်ခဲ့ပေးအုံး"
လင်းရိပ် စိတ်ထဲကနေ သက်ပြင်းတစ်ချက်ကို ဟူးခနဲချလိုက်မိပြီး သူမလက်ညှိုးထိုးပြတဲ့ အခန်းဘက်ကိုလျှောက်ခဲ့တယ်။ဇာတ်လမ်းကတော့စပြီး ထင်တယ်။ကြည့်ရတာ သူမကို ပြုစုယုယပေးရမယ့် အနေအထားမျိုးဖြစ်နေတယ်။
******************
လင်းရိပ် ကုန်သွားတဲ့ ကော်ဖီခွက်ကို စားပွဲပေါ်ကို ချလိုက်ပြီး သူမရဲ့ဘေးနားကို တိုးကပ်ပြီး ထိုင်လိုက်တယ်။သူမက တစ်ချက်မော့ကြည့်လာတယ်။
"ဒီမှာ ...ဒီလောက် နေရာအကျယ်ကြီးကို ဘာလို့ အနားလာကပ်ထိုင်နေတာလဲ ...ဝေးဝေးမှာထိုင်စမ်းပါ "
"ဗျာ" သူမရဲ့တုန့်ပြန် စကားကြောင့် လင်းရိပ် အူကြောင်ကြောင်ဖြစ်သွားမိတယ်။ အနားကပ်မထိုင်နဲ့ဆိုတော့ သူကဘာလုပ်ရမှာလဲ။သူမက လင်းရိပ်ကို ဘာအတွက်ခေါ်ထားတာလဲ။ သူမအပြုအမူက ဈေးသည်ကိုခေါ်ပြီး ဈေးဗန်းကို မဖွင့်နဲ့လို့ပြောသလိုဖြစ်နေပြီ။ဘာပဲဖြစ်ဖြစ် ဒီလိုအနေအထားမျိုးကို လင်းရိပ်ဆိုတဲ့ကောင်က ပိုသဘောကျတာပေါ့။ ဘဝပေး အခြေအနေကြောင့်သာ ဒီအလုပ်ကို လုပ်နေရပေမဲ့ ဒီအလုပ်က လင်းရိပ်ရွံရှာစက်ဆုပ်တဲ့အလုပ်ပဲမဟုတ်လား။
"ရှင့်မှာ ချစ်သူရှိလား.."
ရုတ်တရက် ထမေးလိုက်တဲ့သူမရဲ့ စကားကြောင့် လင်းရိပ်စိတ်တိုသွားမိတယ်။တကယ်ဆို အစကတည်းက ပြောထားကြပြီးသားလေ တစ်ယောက် အကြောင်း တစ်ယောက် မစပ်စု ကြေးလို့။ လင်းရိပ်စိတ်ကို ထိန်းပြီး ပြန်ဖြေလိုက်တယ်။
"အလုပ်စပြောက တည်းက တစ်ယောက်အကြောင်း တစ်ယောက် မမေးကြေး မပြောကြေးလို့ ပြောထားတယ်လေ... ဒီမေးခွန်းကို မဖြေနိုင်တဲ့အတွက် တောင်းပန်ပါတယ် "
လင်းရိပ်ဖြေလိုက်တော့ သူမမျက်နှာတင်းခနဲ ဖြစ်သွားတာကိုတွေ့လိုက်ရတယ်။ပြီးတော့ သူ့ဘက်ကို မျက်နှာတည်ကြီးနဲ့ လှမ်းကြည့်ပြီး
"ဒါလေး ဖြေရတာကို ဘာများ ထိခိုက်သွားလို့လဲ ... ဒီနေ့အတွက် ရှင့်ကို စကားပြောဖို့ခေါ်လိုက်တာသိရဲ့လား...ကျွန်မမေးတာတွေကို ဖြေပြီး ကျွန်မပြောတာတွေကို နားထောင်ပေးရုံနဲ့ ရှင်ရနေကြ ဈေးထက် နှစ်ဆ ပိုပေးမှာကို မလိုချင်ဘူးလား "
သူမက ငွေစကားပြောလာတော့ စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွားမိတယ်။ ဒါပေမဲ့လည်း ဒီလိုအချိန် ဒီလိုနေရမှာ ဒေါသထွက်ခွင့်မရှိဘူးဆိုတာ လင်းရိပ် သိတယ်။ အဓိက,က သူမတို့ စိတ်ကျေနပ်ပျော်ရွှင်ဖို့သာ အဓိကမဟုတ်လား။ သိချင်စိတ်တွေ ပြင်းပြနေတဲ့ သူမရဲ့ အာရုံကို ပြောင်းနိုင်ဖို့ လင်းရိပ်ကြိုးစားကြည်လိုက်တယ်။
" ကျွန်တော့်မှာ ချစ်သူရှိတာမရှိတာ ဘာအရေးကြီးလို့လဲ .... မင်းရဲ့ ပျော်စရာ အချိန်တွေကို ဒီတိုင်း ဖြုန်းပစ်မလို့လား...မင်းစိတ်တိုင်းကျဖြစ်အောင် ကိုယ်ကူညီပေးနိုင်ပါတယ်.... "လင်းရိပ် အသံကို တတ်နိုင်သလောက် အချိုထည့်ပြီး ပစ်ကျွေးလိုက်တယ်။တော်ရုံမိန်းမမျိုးဆို ဒီလိုအခြေအနေ့မှာ လင်းရိပ်ဆီပစ်ကြွေ လာတာပဲ။ ဒါပေမဲ့ အခြေအနေက လင်းရိပ်ထင်သလိုဖြစ်မလာဘူး။ သူမက ထိုင်နေရာကနေ ဒေါသတကြီးထရပ်လိုက်ပြီး စားတော့ ဝါးတော့ မတတ်မျက်နှာမျိုးနဲ့
"အော်ဂလီဆန်စရာကောင်းတဲ့ပုံစံကြီး နဲ့ မပြောစမ်းပါနဲ့ ... ရှင်သိထားဖို့က ရှင့်ကိုခေါ်လိုက်တာက ရှင်နဲ့ ပျော်ပါးဖို့မဟုတ်ဘူး ... မဖြစ်မနေ ဒီညမှာ လူတစ်ယောက်နဲ့ စကားပြောနေမှ ဖြစ်မှာမလို့ခေါ်လိုက်တာ...ပြီးတော့ ကျွန်မက စာရေးဆရာမတစ်ယောက်ပဲ ရှင်တို့လို လူတွေရဲ့ အကြောင်းကိုဝတ္တု ရေးချင်လို့ ရှင့်ကို ခေါ်လိုက်တာ...အဲ့ဒါကြောင့် ရှင့်ရဲ့အပြုအမူတွေကို သတိထားနေပါ "
သူမရဲ့ စကားကြောင့် လင်းရိပ် ခဏတာ ကြောင်အသွားမိပြန်တယ်။ပြီးမှ သေချာတွေးကြည့်လိုက်တော့ ဒါဟာ စိတ်တိုစရာ စကားလား ဘာလားဆိုတာကို သေချာ မခွဲခြားနိုင်ဖြစ်နေမိတယ်။ ဒါပေမဲ့ ယောကျာ်း ဆိုတဲ့ မာနက ဟုန်းခနဲ ထတောက်လာတယ်။
" ဘာလဲ ခင်ဗျားတို့စိတ်ထဲ ကျုပ်တို့လိုကောင်တွေကို ငွေပေးလိုက်တာနဲ့ ခိုင်းတာလုပ်မယ်လို့ထင်နေတာလား ... ကျုပ်တို့ရဲ့အလုပ်က သေးသိမ် ရွံရှာစရာကောင်းနေပေမဲ့ ကျုပ်တို့ကလည်း မိသားစုအတွက်ဆိုတဲ့စိတ်နဲ့ ရုန်းကန်နေကြတာပဲ....အထင်သေးရှုံ့ချတဲ့ ပုံစံနဲ့တော့ မကြည့်နဲ့ "
လင်းရိပ် ဒေါသတကြီး တုံ့ပြန်ပြောလိုက်တာကို သူမက သေချာစိုက်ကြည့်နေတယ်။ပြီးတော့ ဖုန်းကိုဖွင့်ပြီးဟိုဒီလက်နဲ့ တို့ထိနေတယ်။ သူမရဲ့ပုံစံကိုကြည့်ပြီး သူမ အသံဖမ်းနေမှန်း လင်းရိပ် သိလိုက်တယ် ။
" ခင်ဗျား ..ဒါဘာလုပ်နေတာလဲ..."
လင်းရိပ်စိတ်တိုလာပြီး သူမကို လေသံမာမာနဲ့မေးလိုက်တယ်။သူမက ခပ်တည်တည်ပဲ ပြန်ဖြေလာတယ်။
"အသံဖမ်းနေတာလေ... ကျွန်မသိချင်တာက ဒါပဲ ...ရှင်တို့ ဒီအလုပ်ကို ဝါသနာအရလုပ်နေတာလား...ရှင်တစ်ကိုယ် ရေကောင်းစားဖို့လား...ဒါမှမဟုတ် မိသားစုအတွက်လား သိချင်ရုံပဲ...ပြီးတော့ ရှင်တို့လိုလူတွေဆီမှာရော ဖြူဖြူစင်စင် စိတ်နဲ့ ချစ်ရတဲ့သူရှိလားသိချင်လို့ ..."
"ခင်ဗျား ငွေရှိတယ်ဆိုပြီး ကျုပ်ကို ခေါ်ပြီး စော်ကားနေတာလား ...အလုပ်မဖြစ်ဘူးဆိုရင်လဲ ကျွန်တော်ပြန်တော့မယ်..."
လင်းရိပ် ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ပြန်ဖို့ပြင်လိုက်တော့ သူမလင်းရိပ်ရှေ့ကို ဖျတ်ခနဲ ရောက်လာတယ် "
"နေအုံး ...ရှင်ပြန်လို့မရဘူး...ကျွန်မ ရှင့်ကို ခေါ်ယူဖို့အတွက် အချိန်တွေအကြာကြီး စဉ်းစားခဲ့ပြီးမှ အရဲစွန့်ခေါ်ခဲ့ရတာ....ဒီလိုလုပ်ပါလား ....ရှင့်ရင်ထဲမှာလည်း မကျေနပ်ချက်တွေ ရှိမှာပဲ .. ကျွန်မရင်ထဲမှာလည်း မကျေနပ်တာတွေရှိတယ်...အဲ့ဒီတော့ ကျွန်မတို့အချင်းချင်း သူငယ်ချင်းတွေလို ရင်ဖွင့် စကားပြောကြမလား ...""
"ဘယ်လို ကြောင်တောင် တောင်မိန်းမများလဲ"လို့လင်းရိပ်စိတ်ထဲက တွေးလိုက်မိတယ်။သူမလိုလူမျိုးက ဘာစိတ်ညစ်စရာတွေရှိနေတာလဲ။လက်ရှိ လင်းရိပ် ရောက်နေတဲ့တိုက်ခန်းက သူမရဲ့အပိုင် မဟုတ်ရင်တောင် ဒီလိုတိုက်ခန်းမျိုးမှာ ငှါးနေနိုင်တဲ့အဆင့်ဆိုတာ တော်ရုံဝင်ငွေနဲ့တော့မရလောက်ဘူး။ ဒါမှမဟုတ် သူမလဲ ကိုင်းကြီးကြီးမှာနားနေတဲ့ ငှက်တစ်ကောင်လား။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် ရှူးဂါးဒယ်ဒီကြီးမရှိတုန်း အပျော် ရှာတာလား။ ဒါလဲ ဖြစ်တော့ မဖြစ်နိုင်ဘူး။ သူမပုံစံကြည့်ရတာအဲ့ဒီလို မိန်းမမျိုးနဲ့မတူဘူး။ ဒီလောကမှာ ကျင်လည်နေသူတစ်ယောက်အနေနဲ့ လင်းရိပ် လူရိပ်လူကဲလေးတော့ခတ်တတ်နေပါပြီ။ လင်းရိပ်တစ်ယောက်တည်း အတွေးများစွာနဲ့ရှုပ်ထွေးနေချိန်မှာ သူမက အခန်းထောင့် တစ်နေရာကိုလျှောက်သွားတယ်။ပြီးတော့ စာအိတ်တစ်အိတ်ကို ဆွဲထုတ်လာပြီး လင်းရိပ် ရှေ့ကိုပြန်လျှောက်လာတယ်။အနားရောက်တော့စာအိတ်ကို လက်နဲ့ ဟပြတယ်။စာအိတ်ထဲက တစ်သောင်းတန်အထပ်ကိုကြည့်ပြီး လင်းရိပ်ရံ့ အေးစက်နေတဲ့နှလုံးသားက ပူနွေးလှိုက်ဖိုလာတယ်။ငွေတွေ။ ဒီငွေတွေနဲ့လင်းရိပ် ဘဝကို လဲခဲ့တာကြာပြီပဲ။ မှတ်မှတ်ရရ ရန်ကုန်ကိုရောက်လာပြီး တစ်နှစ်ကျော်မှာ လင်းရိပ်ဟာ ငွေအတွက် အသက်ရှင်နေသူသက်သက်ဖြစ်ခဲ့တယ်လို့ပြောရမလားပဲ။
******************
လင်းရိပ် နှုတ်ကပြောလိုက်သမျှ စကားလုံးတိုင်းကို သူမက အသံဖမ်းတယ်။ပြီးတော့ ဘောလ်ပင်တစ်ချောင်းနဲ့လည်းရေးမှတ်နေလေရဲ့။ ဒါပေမဲ့ သူမစိတ်ထဲ ကျေနပ်နေပုံမရဘူး။ လင်းရိပ်ကို ခပ်စူးစူး တစ်ချက်ကြည့်ပြီး နှုတ်ခမ်းကို ကိုက်တယ်။ပြီးတော့ သူမရဲ့ ခေါင်းထက်က ကောက်ရိုးမျှင်တွေလို ရုပ်ပွနေတဲ့ ဆံပင်တွေကို လက်အစုံနဲ့ ထိုးဖွနေပြန်တယ်။
"ဟိုလေ ...ရှင်ပြောပြတဲ့ ဒီအလုပ်ရဲ့ လူ ရှာပုံနဲ့ ...အလုပ်ကို လက်ခံလိုက်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် ထားရမယ့် စည်းတွေ ဘောင်တွေကိုတော့ တော်တော်လေးနားလည်သွားပါပြီး...ဒါပေမဲ့လေ ဟို..ဘယ်လိုပြောရမလဲ.. ရှင့်ဘ၀အကြောင်းနဲ့ရှင့်ရဲ့မိသားစု ..ရှင့်အချစ်ရေးကို ရောပြောမပြချင်ဘူးလား ...ရှင်ဘာလို့ ဒီအလုပ်ကိုရွေးချယ်ခဲ့တာလဲ ဆိုတာကို သိချင်တယ် "
စပ်စပ်စုစုနိုင်လှတဲ့ သူမပုံစံကို ကြည့်ပြီး လင်းရိပ် စိတ်ထဲ အချဉ်ပေါက်လာတာမို့ မျက်နှာကိုတင်းပစ်လိုက်တယ်။
"ခင်ဗျား အတွက် ဒီမေးခွန်းက လွယ်လွယ်ကူကူ ထွက်လာပေမဲ့...ကျွန်တော့်အတွက်တော့ ဖြေဖို့ အခက်ဆုံးဆိုတာ စဉ်းစားမိရဲ့လား...ခင်ဗျားဟာက လွန်လာပြီ...အစကပြောတော့ လုပ်ငန်းခွင်အကြောင်းပဲဆို ခုတော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိုပါ သိချင်နေပြန်ပြီလား ... ဒါတော့ မပြောနိုင်ဘူး..."
လင်းရိပ် အသံခပ်မာမာနဲ့ပြောလိုက်တော့ သူမနှုတ်ဆိတ်သွားတယ်။ လင်းရိပ်လက်က နာရီကို ငုံ့ကြည့်လိုက်တော့ မနက် နှစ်နာရီကျော်နေပြီ။လင်းရိပ်အိပ်ချင်နေပြီ။ သူမပုံစံကြည်ရတာတော့ ဇီးကွက်တွေလို မျက်လုံးအပြူးသားနဲ့ အိပ်ချင်တဲ့ပုံလည်း မရဘူး။
"ခင်ဗျား ဒီည မအိပ်တော့ဘူးလားဟင် ...ကျွန်တော်အိပ်ချင်နေပြီဗျ...ပြီးတော့ ကျွန်တော် မနက်ကျရင် အလုပ်သွားရအုံးမှာမို့ ခဏလောက် အိပ်လို့ရမလား "
လင်းရိပ် အရဲစွန့်ပြီးမေးလိုက်တော့ သူမလှည့်မကြည့် ဘဲခေါင်းကို ငြိမ့်ပြတယ်။ သူမအဖြေကြောင့် လင်းရိပ်ဝမ်းသာသွားပြီး ဆိုဖာပေါ်မှာပဲ လှဲအိပ်ချလိုက်တယ်။ဘာပဲဖြစ်ဖြစ် အနည်းဆုံး နှစ်နာရီလောက်အိပ်လိုက်ရမှ မနက်ကို အလုပ်လုပ်နိုင်မှာမဟုတ်လား။ မဟုတ်ရင် မရှိမဲ့ရှိမဲ့ အလုပ်လေးပါပြုတ်သွားမှဖြင့် ရှေ့ဆက်မတွေးရဲဘူးဖြစ်သွားမယ်။ရန်ကုန်မြို့ လိုနေရာမှာ ဘွဲ့လက်မှတ်ပေါင်းစုံ မရှိဘဲ အလုပ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ။ အထူးသဖြင့် အသက် နစ်ဆယ့်ငါးနှစ်ကျော်ပြီဆိုရင်အလုပ်လျှောက်ရတာအခက်ဆုံးပဲ။ လုပ်ငန်းရှင်အများစုရဲ့ အလုပ်ခေါ်စာကို ကြည့်လိုက်ရင် အသက် (၂၅)နှစ် မကျော်ရဆိုတာချည်းပဲ။ လင်းရိပ်လို သာမန်ဘွဲ့လက်မှတ်လေးတစ်ခုနဲ့အသက်(၂၇)မှာ လင်းရိပ်လက်ရှိလုပ်နေတဲ့ အလုပ်မျိုးမှာ ရဖို့ဆိုတာ မလွယ်တော့ဘူး။
*******************
လင်းရိပ် ဖျတ်ခနဲ လန့်နိုးနိုးခြင်း လက်ကနာရီကိုကြည့်လိုက်တော့မနက် လေးနာရီကျော်နေပြီ။လင်းရိပ် ဆိုဖာပေါ်ကနေလူးလဲထလိုက်ပြီး သူမကို ကြည့်လိုက်တော့ စာရေးစားပွဲမှာ လက်တော့ တစ်လုံးနဲ့ အလုပ်များနေတုန်းပဲ။
"ကျွန်တော် ပြန်တော့မယ် "
လင်းရိပ်လှမ်းပြောလိုက်တော့ သူမလှည့်ကြည့်လာတယ်။
" ပြန်လေ ... စားပွဲပေါ်မှာ ရှင့်အတွက် စာအိတ်ထားပေးထားတယ် "
" ဟို....ကျွန်တော် ကိုယ်လက်သန့်စင်လို့ရမလား "
"အင်း " သူမက ဒါပဲပြောပြီး လက်တော့ ကိုပဲ အာရုံစိုက်နေပြန်တယ်။
သန့်စင်ခန်းထဲက လင်းရိပ် ပြန်ထွက် လာတော့ သူမကို စားပွဲခုံမှာ ထိုင်နေတာတွေ့လိုက်ရတယ်။လင်းရိပ် သူမကို ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်လိုက်တယ်။
"နောက်တစ်ခါ ခေါ်ရင်လာအုံးမှာလား "
သူမရဲ့လေသံမှာ ဇွဲမလျှော့တဲ့လေသံတွေပါဝင်နေလေတယ်။ လင်းရိပ်ခပ်လွယ်လွယ်ခေါင်းငြိမ့်ပြခဲ့ပြီး တိုက်ခန်းတံခါးကို ဖွင့်လိုက်တော့ သူမစကားတစ်ခွန်း လှမ်းပြောတယ်။
"အချစ်ကို မျက်စိမှိတ်ပြီး အကြွင်းမဲ့ မယုံကြည်နဲ့ ... အဲ့ဒါက ရှင့်ကို ဒုက္ခပေးလိမ့်မယ် "
ကြောင်တောင်တောင်နိုင်လှတဲ့ သူမရဲ့စကားကို လင်းရိပ် ကျောခိုင်းပစ်လိုက်တယ်။
*****************
မနက်လေးနာရီကျော်ပဲ ရှိသေးပေမဲ့ လမ်းပေါ်မှာလူတွေ ကားတွေ သွားလာလှုပ်ရှားနေကြပြီ။ ကားတွေ၊ အိမ်တွေ၊ အထပ်မြင့် တိုက်ခန်းကြီးတွေ နဲ့ ကြွယ်ဝလှတဲ့မြို့ကြီးပြကြီးမှာ လင်းရိပ် အတွက်ပိုင်ဆိုင်တာဆိုလို့ လက်ဆုပ်လက်ကိုင်ပြစရာဘာတစ်ခုမှကို မရှိဘူး။ အငှါးကား တစ်စီးကို လက်တားလိုက်ပြီး နေထိုင်ရာ အဆောင်ကို ပြန်ခဲ့လိုက်တယ်။
******************
လင်းရိပ် တက္ကစီပေါ်ကဆင်းခဲ့ပြီး သော့ခလောက်ခပ်ကြီးကြီးနဲ့ ခတ်ထားတဲ့ သံပန်းတံခါးကိုဖွင့်ပြီး ကျဉ်းပြီး မက်စောက်ချင်တဲ့ မှောင်မှောင်မည်းမည်းလှေကားတွေအတိုင်း စမ်းတဝါးဝါးနဲ့တက်ခဲ့လိုက်တယ်။တိုက်ခန်းက အရင်ခေတ်က ဆောက်ထားတာမို့ လှေကားတွေက ကျဉ်းမြောင်းတယ်။ပြီးတော့ မတ်ချင်တယ်။ ဒီထက်ဆိုးတာက နေ့နေ့ညည မီးထွန်းခွင့်မရှိတာဘဲ။လှေကားတစ်လျှောက်မှာ မီးလုံးတွေတပ်ထားပေမဲ့ မီးလုံးတွေက အလှပြထားတာပဲဖြစ်ပြီးထွန်းခွင့်မရဘူး။နေ့ဘက်မထွန်းတာထားပါတော့ ။ညဘက်ကို ညဆယ်နာရီလောက်ထိပဲထွန်းထားရုံနဲ့ မီတာ ခကသိန်း ချီကုန်သွားမှာတဲ့လား။ကြာတော့လည်း လင်းရိပ်တို့တွေ အမှောင်ထဲမှာ ကျင့်သားရစွာ လျှောက်တတ်ခဲ့ပါပြီ။
တက်နေကြဆိုပေမဲ့ အခန်းရှိရာနှစ်လွှာကို ရောက်တော့ လူက မောဟိုက်ချင်နေပြီ။မှောင်ကြီးမည်းမည်းထဲ တိုက်ခန်းသော့ကို စမ်းဖွင့်လိုက်တယ်။ပြီးတော့ တံခါးကို ပြန်ပိတ်ပြီး ကိုယ့်အခန်းရှိရာကို ခြေသံဖွဖွနင်းပြီးလျှောက်လာခဲ့တယ်။မိုးလင်းခါနီးနေပြီဖြစ်ပေမဲ့ အဆောင်တစ်ခုလုံး ဟောက်သံတွေထွက်နေတုန်းပဲ။ အဆောင်မှာရှိတဲ့သူတွေအားလုံး အဆောင်နဲ့နီးနိုးနားနားမှာပဲ အလုပ်လုပ်ကြတာမို့ အလုပ်သွားခါးနီမှ ရေအလုအယက်ချိုးကြ ။အိမ်သာကို အလုအယက်တက်ကြနဲ့ ပွက်လောရိုက်နေတတ်တာ။ လင်းရိပ်ကတော့ အဲ့ဒီဒုက္ခတွေ မခံရအောင် အခြားသူတွေ မနိုးခင် ထပြီး ရေမိုးချိုးထားလိုက်တယ်။ပြီးရင် ထမင်းတစ်လုံးတည်ပြီး ကြက်ဥကြော် ၊ လက်ဖက်သုတ်လောက်နဲ့ပဲ ဝမ်းဗိုက်ကို ဖြည့်လိုက်တာ များတယ်။
တစ်ပေသာသာရှိတဲ့ လမ်းကျဉ်းလေးအတိုင်း ခန္ဓာကိုယ်ကို ခပ်စောင်းစောင်းလျှောက်လာရင်း အခန်းရှေ့ရောက်တော့ သုံးချောင်းမြောက် သော့ကိုဖွင့်လိုက်တယ်။တံခါးပွင့်သွားပြီး အခန်းထဲကိုရောက်တော့မှလင်းရိပ် သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက်တယ်။ဒီလိုနေ့တိုင်း ၊ ဒီလိုညတိုင်း အဆောင်ကို ပြန်လာတဲ့အခါ လင်းရိပ် စိတ်ထဲမဝံ့မရဲ ဖြစ်မိတယ်။တကယ်တော့ ညဘက်တွေမှာ ညလုံးပေါက်နီးပါး အပြင်ထွက်တတ်တာ လင်းရိပ်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အားလုံးက ယောကျာ်းတွေချည်းပဲမို့ အကြောင်းပြချက်ကိုယ်စီနဲ့ ထွက်နေကြတာပဲ။ ဒါပေမဲ့ ကိုယ့်အခန်းနဲ့ ကိုယ့်ဘာသာ သော့ပိတ်ပြီးနေကြတာမို့ တစ်ယောက် အကြောင်း တစ်ယောက် မသိကြသလို သိလည်းမသိချင်ကြဘူး။ မိုးလင်းအလုပ်သွား။ မိုးချုပ် ပြန်လာပြီးအခန်းကျဉ်းလေးတွေထဲ ခေါင်းထိုးပြီးအိပ်လိုက်ကြတာပဲ။ အားလုံး ဆုံနိုင်တာဆိုလို့ မနက်ခင်းတစ်ချိန်လေးပဲ ရှိတာ။ကျန်တဲ့အချိန်တွေ ကိုယ့်ဘေးခန်းမှာ လူရှိမရှိစိတ်ဝင်တစား ဘယ်သူမှမရှိကြဘူး။ လင်းရိပ်သာ ကိုယ့်ဘာသာကိုယ် မလုံတဲ့အိုး ပွင့်ချင်နေတယ်ပဲပြောရလေမလား။ အလျားခြောက်ပေကျော် အနံလေးပေပဲကျယ်တဲ့အခန်းကျဉ်းလေးထဲ လင်းရိပ် ကျောတစ်ချက်ဆန့်ပြီးလှဲချလိုက်တယ်။ထုံးစံအတိုင်းမွန်ကြပ်မှုပေါင်းများစွာနဲ့ ပိတ်လှောင်ထားတဲ့ အထပ်သားနံရံကို ခေါင်းက သွားဆောင့်မိပြန်တယ်။ဖြစ်နိုင်ရင်ဒီအခန်းကျဉ်းလေးထဲကနေ အဝေးဆုံးကို ထွက်ပြေးသွားလိုက်ချင်တယ်။ ပြောရရင် လင်းရိပ်ဘ၀က ဆယ်နှစ်ပေ ပေခြောက်ဆယ်ကျယ်တဲ့တိုက်ခန်းထဲမှာ အခန်းဆယ်ခန်းဖွဲ့ထားတဲ့ တိုက်ခန်းထက် အဆပေါင်းများစွာမွန်းကြပ်ပိတ်လှောင်နေတယ်လို့ပဲ ပြောရလေမလား။
လင်းရိပ် လှဲနေရာက လူးလဲ ပြန်ထလိုက်ပြီး ရေသွားချိုးဖို့ပြင်လိုက်တယ်။မနက်ခြောက်နာရီကျော်မှဆိုရင် ရေချိုးခန်းနဲ့သန့်စင်ခန်းကို လုယက်သုံးရတော့မှာလေ။ အခန်းက ဆယ်ခန်း လူက ဆယ့်တစ်ယောက် အိမ်သာက တစ်လုံး ။ရေချိုးခန်းက တစ်ခန်းပဲရှိတော့ အလှည့်ကျ ဒုက္ခတော့ခံရတာပေါ့။
*******************
လင်းရိပ် ရေမိုးချိုးပြီး အခန်းထဲ ပြန်ရောက်တော့ ဖုန်းက ပွင့်လာတယ်။အဆောင်မှာက ည ဆယ်နာရီကနေ မနက် ခုနှစ်နာရီအထိ ဖုန်းသံကို ပိတ်ထားရတာမို့ ဖုန်းသံကတော့ ထွက်မလာဘူး။ လင်းရိပ်ဖုန်းကို ကောက်ယူကြည့်လိုက်တယ်။အိမ်က ဆက်လာတဲ့ ဖုန်းမို့ လင်းရိပ်ဖုန်းကို ကိုင်လိုက်ပြီး ခပ်တိုးတိုးထူးလိုက်တယ်။
"ဟယ်လို .."
"အစ်ကို....ဒီနေ့ပိုက်ဆံ ပို့မှာ မဟုတ်လားဟင်... ဒီနေ့ အမေလဲ ဆေးရုံသွားပြရမယ်...မောင်လေးကိုလဲ ကျောင်း စရိတ်ပေးရမယ် အစ်ကို "
ဖုန်းဖွင့်ဖွင့်ခြင်း ကြားလိုက်ရတာက ညီမငယ်ရဲ့ ပူပူပန်ပန်နဲ့ မေးလာတဲ့အသံ။ လင်းရိပ် ကျောပိုးအိတ်ထဲက စာအိတ်လေးကို လက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင် လိုက်မိပြီး
"အေး ..အေးပါ ဆိုင်တွေ ဖွင့်တာနဲ့ အစ်ကို ငွေလွှဲပေးလိုက်မယ်နော် ... အမေနဲ့ အငယ်ကောင်ကိုလဲ ဂရုစိုက်နော် ညီမလေး ... အစ်ကို ငွေပိုပြီးပို့လိုက်မယ်သိလား ...ညီမလေးလိုချင်တာရှိရင်လဲ ဝယ်နော်ကြားလား "
"ဟုတ်ကဲ့ အစ်ကို ...ညီမလေး အတွက် မလိုပါဘူးအစ်ကိုရယ် ...ဒါပဲနော် အစ်ကို ...အမေဆေးရုံသွားဖို့ ပြင်ဆင်ပေးရအုံးမယ် ..."
ညီမလေးက ပြောင်ပြောဆိုဆို ဖုန်းကို ချသွားတယ် ။လင်းရိပ်မှာသာ ရင်ထဲက အပူလုံးကြီးကို ကြိတ်မှိတ် မျိုသိပ်လိုက်ရတယ်။ လင်းရိပ်တို့မှာ အားကိုးစရာ အဖေက မရှိတော့။အမေက နှလုံးရောဂါသည်။မောင်နှမကသုံးယောက်။လင်းရိပ်က အကြီးဆုံး။အဖေဆုံးသွားပြီးကတည်းက လင်းရိပ်ကပဲ မိသားစုတာဝန်ကို လွှဲပြောင်းယူခဲ့ရတယ်။ လင်းရိပ်အောက်က အလတ်မလေးက ရောဂါသည် အမေ့ကို ပြုစုနေရတာနဲ့ အပြင်မှာ အလုပ်ထွက်လုပ်ခွင့် မရရှာဘူး။ ညီအငယ်ဆုံးကတော့ ခုမှ တက္ကသိုလ်တက်တုန်း။ ဘာပဲဖြစ်ဖြစ် အငယ်ကောင်ကျောင်းပြီးလို့ အလုပ်ရသွားရင် မိသားစုအတွက် အသက်ရှူပေါက်တစ်ပေါက် တိုးမယ်လို့တော့ လင်းရိပ် ယုံကြည်နေမိတယ်။ လင်းရိပ်ရဲ့ အဓိက ရည်ရွယ်ချက်က သိန်းငါးဆယ်လောက်ကုန်မယ်လို့ ပြောတဲ့ အမေ့ရဲ့ ခွဲစိတ်ကုသမှုအတွက် ငွေရဖို့နဲ့ နယ်မြို့လေးမှာ အမျိုးတွေ ခြံထဲခိုကပ်နေရတဲ့ မိသားစုကို ရန်ကုန်ကို ပြောင်းရွှေ့နေနိုင်ဖို့ပဲ။ အဲ့ဒါတွေ အဆင်ပြေသွားရင်တော့ ချစ်ရသူ့လေးအတွက် အရာအားလုံးကိုဖြည်ဆည်းပေးနိုင်ဖို့ လင်းရိပ်ကြိုးစားရမှာပေါ့။ခုချိန်မှာတော့ မျှော်လင့်ချက်တွေ ရင်မှာ ပိုက်ပြီး အဆောင် ခပ်ကျဉ်းကျဉ်းလေးထဲ အတောင်ပံတွေကို ဖြန့်နိုင်ဖို့အရေး အသေအကြေ ကြိုးစားနေရတာပေါ့။
အ၀တ်အစားလဲ ပြင်ဆင်ပြီးတော့ လင်းရိပ် အပြင်ထွက်ဖို့ပြင်လိုက်တယ်။အလုပ်သွားဖို့ စောသေးပေမဲ့ အိမ်ကို ငွေလွှဲပေးရမှာမို့ ခပ်စောစောပဲ ထွက်ခဲ့လိုက်တယ်။
******************
မှောင်မှောင်မည်းမည်းထဲမှာ လှေကားတွေကို စမ်းနင်းပြီးလျှောက်နေတုန်း ဖုန်းသံ ထွက်ပေါ်လာတာမို့ ကိုင်လိုက်တယ်။
" ဟယ်လို "
" ဘာဟယ်လို့လဲ ...ညက ဘာလို့စက်ပိတ်ထားတာလဲပြော ...မောင် ဘာတွေ လုပ်နေတာလဲ ....အသစ်တွေ့နေတာလား ...."
တစ်ဖက်မှ ဆူဆူအောင့်အောင့် အသံ နဲ့ပြောလာတဲ့ ချစ်ရသူကြောင့် လင်းရိပ် စိတ်ထဲ ပျာခနဲဖြစ်သွားမိတယ်။တကယ်တော့ ညဘက် အလုပ်ထွက် လုပ်တိုင်း ဆင်းကတ်ဟောင်းကို ပိတ်ပြီး အပိုထားတဲ့ ဆင်းကတ်ကိုပဲသုံးတာလေ။ညအလုပ်က ပြန်လာပြီဆိုမှ ကတ်ချင်းပြန်ချိန်း ထည့်ရတာလေ။
"မ ..မဟုတ်ပါဘူးချစ်ရဲ့ ...ညက မောင်တို့ဆီမှာ မီးပျက်နေလို့ ဖုန်းအား ကုန်နေလို့ပါ .... မောင် တောင်းပန်ပါတယ်နော် ချစ် "
###############
(အပိုင်း ၂) ဆက်ရန်
ဧကြည်ဖြူ