book

Index 7

( နိဂုံး )

    ဒီနေ့ လခရမယ့်ရက်မို့ အန်တီကြီးတွေပျော်နေကြသလို ကျွန်မလည်းမျှော်နေမိတယ်။လခရပြီးရင် အဖေနဲ့အမေ့အတွက် ဘုရားမှာဆီမီးလေးပန်းလေးသွားလှူပြီး အလှူငွေလေးဘာလေးသွားထည့်ဖို့ တွေးထားတယ်။ပို့တဲ့ငွေကိုတော့စုထားရမှာပေါ့။တစ်လရှစ်သောင်းနဲ့မသုံးမစွဲပဲနေရင် နောက်လေးငါးနှစ်လောက်ဆိုရင် အဖေ့အမျိုးတွေရှိတဲ့ရွာမှာဖြစ်ဖြစ်ခြံလေးတစ်ကွက်လောက်တော့ ဝယ်နိုင်မယ်ထင်ပါရဲ့။အဲ့ဒီအချိန်ဆို ကျွန်မအသက်လည်းနှစ်ဆယ်ကျော်နေပြီမို့ သွားရဲလာရဲနေရဲထိုင်ရဲနေလောက်ပါပြီလေ။တစ်ခုပဲစိုးရိမ်မိတာက ဒီကြားထဲကျန်တဲ့မျက်လုံးတစ်ဖက်ပါ မမြင်ရတော့မှာကိုစိုးရိမ်မိတာပါပဲ။


     ဆရာမလေးတွေရဲ့အလှည့်ပြီးသွားတော့ ကြိုပို့ကားမောင်းသူတွေ၊စာရေးမတွေအလှည့် ။သူတို့အားလုံးပြီးတော့မှထမင်းချက်၊ လုံခြုံးရေးတွေနဲ့ကျွန်မတို့သန့်ရှင်းရေးတွေအလှည့်။ကျွန်မ လစာထုတ်ဖို့ထိုင်စောင့်​နေရင်း ရင်တွေတဒိန်းဒိန်းခုန်နေမိတယ်။ကျွန်မတစ်သက်နဲ့တစ်ကိုယ် ဒါက ကျွန်မပထမဆုံးရတဲ့လုပ်အားခမဟုတ်လား။ပြီးတော့ ငွေရှစ်သောင်းဆိုတာလည်း ကျွန်မဘဝမှာ ပထမဆုံးကိုင်ဖူးမှာလေ။


"ဒေါ်တင်ရီ... လစာလာထုတ်ပါ "


"ဒေါ်သက်မာ...လစာလာထုတ်ပါ "


     တစ်ယောက်ပြီးတစ်ယောက်အားလုံးပြီးသွားပေမယ့် ကျွန်မနာမည်ခေါ်သံမကြားမိဘူး။သူဌေးနဲ့စာရေးမလေးကလည်းပြန်ဖို့ပြင်နေပြီ ကျွန််မရင်ထဲစိုးရိမ်ပူပန်လာမိတယ်။ကျွန်မက လူသစ်မို့သူတို့မေ့ကျန်သွားတာများလား။စိုးရိမ်ပူပန်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီး ငွေရှင်းနေတဲ့နားကို မဝံ့မရဲနဲ့သွားမေးလိုက်တယ်။


" ဟို...ဟို...ဆရာမ ၊ကျွန်မလစာမရသေးဘူးရှင့် "


     အထစ်ထစ်အငေါ့ငေါ့ထွက်သွားတဲ့ ကျွန်မရဲ့စကားအဆုံးမှာ စာရေးမက စာအုပ်ကိုလှန်ကြည့်လိုက်ပြီး

"နာမည်ဘယ်သူလဲ..."လို့မေးလာတယ်။


"  ဟို...ဟို...သန့်ရှင်းရေးကသူသူအောင်ပါရှင် "


     ကျွန်မနာမည်ပြောလိုက်တော့ စာရေးမက စာအုပ်ကြည့်နေရင်းက သူဌေးဘက်ကိုလှမ်းကြည့်လိုက်သေးတယ်။ပြီးတော့မှ ကျွန်မဘက်လှည့်လာပြီး


"သန့်ရှင်းရေးက သူသူအောင်ရဲ့လစာကို ...သူသူအောင်အမေက တစ်နှစ်စာကိုးသိန်းခြောက်သောင်းကြိုထုတ်သွားပြီလေ၊ဒီတစ်နှစ်အတွင်း သူသူအောင်ကအိမ်လည်းမပြန်ရဘူး၊အပြင်လည်းမထွက်ရဘူးဆိုတာ အမေကမပြောခဲ့ဘူးလား"


"ရှင် "

************

       ကျွန်မရှေ့တည့်တည့်မှာ ခိုင်ခန့်လုံခြုံလှတဲ့သံတံခါးကြီးရှိနေပါတယ်။ဒီတံခါးပေါက်ကနေ တစ်နေတစ်နေ့ လူတွေထွက်လိုက်ဝင်လိုက်လုပ်နေကြပေမယ့် ကျွန်မကတော့ သံတံခါးကြီးနားမှာလှည်းကျင်းသန့်ရှင်းရေးလုပ်နေရင်းတောင် ယောင်လို့မှ  တံခါးပေါက်ကိုလှည့်မကြည့်ဖြစ်တော့ပါဘူး ။


================

ဧကြည်ဖြူ


rate now: