book

Index 4

( ၄ )

      အဝတ်အစားတွေထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်လေးကို ပေါင်ပေါ်တင်ထားရင်း ကျွန်မကားဂိတ်ကခုံတန်းမှာထိုင်နေမိတယ်။နေ့လယ်နေ့ခင်းလူရှင်းချိန်မို့ ကားဂိတ်မှာလူအတော်လေးရှင်းနေတယ်။ကျွန်မမှာအဝတ်ထုတ်ပိုက်ပြီး အစ်ကိုလတ်အိမ်ကိုပြန်သွားဖို့အရေး သွားချင်စိတ်မရှိတာမို့ စိတ်ညစ်ညစ်နဲ့ထိုင်နေမိတာ။ကျွန်မထိုင်နေတုန်းမှာပဲ ကားမှတ်တိုင်ရဲ့တိုင်မှာ မိန်းမတစ်ယောက်စာရွက်လေးတွေလာကပ်နေတယ်။ကျွန်မလည်း စာရွက်တွေကပ်နေတဲ့မိန်းမနားကိုသွားရပ်ကြည့်လိုက်မိတယ်။


"အလုပ်ခေါ်စာလားရှင် ...သန့်ရှင်းရေးလေးဘာလေးမခေါ်ဘူးလား"


"သမီးက... သန့်ရှင်းရေးလုပ်ချင်လို့လား " 

   

     ကျွန်မအမေးကိုအရေးတယူပြန်ဖြေလာတာကြောင့်ကျွန်မအရမ်းကိုဝမ်းသာသွားမိတယ်။


"ဟုတ်ပါတယ်အန်တီ....သမီးကမျက်လုံးမကောင်းတော့သန့်ရှင်းရေးပဲလုပ်နိုင်လို့ပါ ၊သန့်ရှင်းရေးတောင်ဆံပင်ညှပ်အလှပြင်ဆိုင်လိုမျိုးဆို သမီးမလုပ်နိင်ပါဘူးအန်တီရယ်၊ သမီးမျက်လုံးတွေက ဆံပင်မွှေးအစအနတွေကိုမမြင်ရဘူးလေ "


"သြော်...သမီးမျက်လုံးတွေက သိပ်မမြင်ရဘူးလား...စိတ်မကောင်းလိုက်တာကွယ်၊အန်တီသွင်းပေးလို့ရတဲ့အလုပ်တွေတော့ရှိတယ်ကွဲ့...သမီးကလုပ်နိုင်ပါ့မလား"


"သန့်ရှင်းရေးဆို သမီးလုပ်နိုင်ပါတယ် အန်တီ၊လခရလို့ မျက်မှန်အသစ်လုပ်လိုက်ရင် သမီးပိုတောင်လုပ်နိုင်ပါတယ် "


     ကျွန်မအန်တီကြီး ခေါ်ရာနောက်ကို ယုံယုံကြည်ကြည်နဲ့ပဲလိုက်ခဲ့တယ်။ကျွန်မလို မျက်စိကစွေစွေစောင်းစောင်း နဖူးကပြောင်ပြောင် သွားခေါခေါမိန်းခလေးကို ရုပ်ရှင်တွေထဲကလို အန်တီကြီးခိုင်းစားလို့မရဘူးဆိုတာကျွန်မသိတယ်လေ။အစ်ကိုတွေနဲ့ယောင်းမတွေလည်း ကျွန်မ မရှိတော့ စိတ်ချမ်းသွားမယ်ထင်ပါရဲ့။ 

***************      


rate now: