book

Index 1

( နိဒါန်း )

      ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ ထုနဲ့ထည်နဲ့တည်ဆောက်ထားတဲ့ အုတ်နံရံတံတိုင်းကြီးကခန့်ခန့်ညားညားဝင့်ဝင့်ကြွားကြွားရှိနေတဲ့ အပြင် အချိန်ပြည့်လူတစ်ယောက်စောင့်နေတဲ့ ခြံရှေ့ကသံတံခါးကြီးကလည်းခိုင်ခံ့လုံခြုံလွန်းလှပါတယ်။ခြံထဲကလူပဲဖြစ်ဖြစ်၊ခြံပြင်ကလူပဲဖြစ်ဖြစ် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရဘဲ ခွင့်ပြုချက်ရတဲ့သူသာ အလွယ်တကူဝင်ထွက်သွားလာလိုရတဲ့ စည်းကမ်းတင်းကြပ်တဲ့နေရာတစ်ခုမှာ ကျွန်မရောက်နေခဲ့တာပါ။ဒီလိုဆိုလိုက်တော့ ကျွန်မရောက်နေတဲ့နေရာက ကျွန်မတစ်ဦးတည်းအတွက်ထောင်တစ်ခုနဲ့ မခြားလှပါဘူး။လူတကာအလွယ်တကူသွားလာဝင်ထွက်နေတဲ့ ဒီနေရာမှာ ကျွန်မတစ်ယောက်တည်း ဝင်ထွက်သွားလာခွင့်မရတဲ့နေရာပေါ့။တကယ်လို့များ ဝင်ထွက်သွားလာခွင့်ရခဲ့မယ်ဆိုရင်တောင်မှ ကျွန်မအနေနဲ့သွားဖြစ်မယ်မထင်ပါဘူး။အဲ့ဒီလို သွားဖို့အတွက်သတ္တိခွန်အားတွေလည်း ကျွန်မမှာ မရှိပါဘူး။တကယ်တမ်း ကျွန်မစိတ်တိုင်းကျသတ္တိရှိရှိသွားရဲလာရဲတာဆိုလို့ ခြံအလယ်က ခမ်းနားထည်ဝါလှတဲ့ နှစ်ထပ်တိုတ်ကြီးရဲ့ အိမ်သာ​တွေ ၊ရေချိုခန်းတွေနဲ့ ခြံရဲ့အနောက်ချောင်မှာဆောက်ထားတဲ့သုံးခန်းတွဲသစ်သားတန်းလျားလေးရယ်ပါပဲ။တကယ်တမ်းတော့ ဒီနှစ်နေရာကပဲ ကျွန်မအတွက်ကမ္ဘာကြီးတစ်ခုဖြစ်နေခဲ့ပါပြီ။


*****************

           (    ၁     )


        ကျွန်မနာမည် အပြည့်အစုံကသူသူအောင်ပါ။အများကတော့ မှုန်ကြီးလို့ပဲခေါ်ကြတယ်။ကျွန်မဆယ်နှစ်ကျော်အရွယ်မှာ အမေဆုံးသွားခဲ့ပြီး ကျွန်မဆယ့်ငါးနှစ်ပြည့်ချိန်မှာပဲ အဖေလည်းဆုံးသွားခဲ့တယ်။အဖေဆုံးသွားတော့ အိမ်ထောင်သည် အစ်ကိုနှစ်ယောက်ရဲ့အိမ်မှာ အလှည့်ကျနေထိုင်းရင်း အစ်ကိုတွေနဲ့ယောင်းမတွေရဲ့အငြူအစူတွေအောက်မှာ ဝမ်းဝဖို့အရေး ရုန်းကန်လှုပ်ရှားခဲ့ရတယ်။

     တကယ်တော့အသက်ဆယ့်ငါးနှစ်ကျော်ဆိုတာ ကလေးလည်းမဟုတ်တော့သလို လူကြီးလည်းမဟုတ်သေးပေမယ့် ကိုယ့်တစ်ဝမ်းတစ်ခါးအတွက်လောက်တော့ ရှာဖွေစားသောက်နိုင်တဲ့အရွယ်ပါ။ဒါပေမဲ့ ကျွန်မလို သန်စွမ်းတယ်လည်းပြောမရသလို အပြည့်အဝဒုက္ခိတမဟုတ်တဲ့သူအတွက်ကတော့ အရာရာကခက်ခဲလွန်းခဲ့ပါတယ်။


"ကိုဌေး... ရှင့်ညီမကို...ရှင့်အစ်ကိုကြီးကမခေါ်ထားတော့ဘူးလား...ဘာလဲတစ်သက်လုံး ကျွန်မတို့ပဲကျွေးမွေးထားရမှာလား"


    ယောင်းမဖြစ်သူရဲ့ အသံက ကျယ်တာမဟုတ်ပေမယ့် မတိုးတာကတော့ သေချာတယ်။ကျွန်မ မရှိဘူးထင်ပြီး​ပြောနေတာလား။ကျွန်မရှိတာ သိသိနဲ့တမင်ပြောနေတာလားမသိပေမယ့် ကျွန်မအကုန်အတိုင်းသားကြားနေရတယ်။


"မမြင်မစမ်းမျက်လုံးနဲ့ဘာမှခိုင်းလို့မရဘူး၊အပြင်တစ်ခါခိုင်းလိုက်ရင်စက်ဘီးနဲ့တိုတ်မိရတာနဲ့ချောလဲရတာနဲ့ အိမ််မှာကျတော့လည်း ဟိုဟာဒီဟာလေးကူရှာခိုင်းဖို့တောင်အဖော်မရဘူး၊ ရှင့်ညီမကို မျက်မမြင်ကျောင်းသွားပို့ကြရင်ကောင်းမလား ယောက်ျား"


"ဟ...ပို့လို့ရလို့လားဟ၊သူမျက်လုံးတစ်ဖက်ကနည်းနည်းမြင်ရသေးတယ်လေဟာ "


     ကြားရတဲ့စကားသံတွေကြောင့် ကျွန်မအံကိုတင်းတင်းကြိတ်ထားမိတယ်။ဖြစ်နိုင်ရင် သူတို့ပြောနေတဲ့ မျက်မမြင်ကျောင်းဆိုလား ။အဲ့ဒီနေရာကိုသာ သွားချင်လိုက်တော့တယ်။ခက်တာက သူတို့ပြောသလိုပဲ ကျွန်မမျက်လုံးတွေကနှစ်ဘက်လုံးမမြင်ရတော့တာ မဟုတ်ဘဲ တစ်ဖက်ကနည်းနည်းပါးပါးမြင်နေရသေးတယ်လေ။ကျွန်မငယ်ငယ်ကတော့မျက်လုံးနှစ်ဘက်လုံးမြင်ရပါတယ်။ဒီတိုင်းတော့မြင်ရတာ မဟုတ်ဘူးပေါ့။အများအခေါ် ပုလင်းဖင်လောက်ထုရှိတဲ့ မျက်မှန်ကြီးကိုတပ်မှမြင်ရတာ။မျက်မှန်မတပ်ရင်ဘာမှသဲသဲကွဲကွဲမမြင်ရဘူး။မျက်မှန်တပ်တာတောင် လူတွေရဲ့မျက်နှာပြင်ကိုသဲသဲကွဲကွဲမမြင်ရပါဘူး။နည်းနည်းများလှမ်းရင် ယောကျာ်း၊မိန်းမ မကွဲဘူး။ ဒါနဲ့ အနီးကပ်ကျပြန်တော့လည်း ယောကျ်ား၊မိန်းမပဲခွဲခြားနိုင်ပြီးဘယ်သူဘယ်ဝါးတပ်အပ်မပြောနိုင်ပြန်ဘူး။မျက်လုံးကမှုန်နေလို့ သေချာမမြင်တာရယ်။စွေနေတဲ့မျက်လုံးကြောင့် သေချာမကြည့်ရဲတာတွေကြောင့် အဖေအမေနဲ့သွေးသားရင်းချာတွေကလွဲလို အခြားသူတွေကို မြင်ရုံနဲ့မမှတ်မိနိုင်ဘူး။သွေးသားရင်းချာတွေတောင် ကိုယ်ဟန်အမူအရာတွေကိုစွဲမြဲမှတ်မိနေလို့သာပါ။

     ဒီလိုနဲ့ အမေဆုံးပြီးကာစမှာ ကျွန်မမျက်လုံးတစ်ဖက်က အလင်းစူးစူးတွေမြင်လိုက် ၊မီးခိုးမျှင်တန်းလေးတွေလိုမြင်လိုက်တစ်ခါတလေ အဖြူရောင်အကွက်ကြီးတွေကိုမကြာခဏမြင်လိုက်နဲ့ညဘက်မျက်လုံးမှိတ်လိုက်ရင် သိသိသာသာနဲ့ကို အလင်းကွက်တွေအလင်းစူးစူးတွေမြင်နေရာကနေ တစ်နေ့ကျတော့ မျက်လုံးတစ်ဖက်က ဘာကိုမှမမြင်တော့ဘဲ မျက်စိရှေ့ပုဝါထူထူတစ်ထည် အုပ်ခံထားရသလို အလင်းရောင်တောက်တောက်နဲ့မျက်လုံးကိုတည့်တည့်ထိုးကာမှ မှုန်ဝါးဝါးအလင်းစကိုပဲ မြင်ရတော့တယ်။ကျွန်မအဲ့လိုဖြစ်သွားတော့ အဖေကစိုးရိမ်ပြီးမျက်စိဆေးရုံကြီးလိုက်ပြပေးရှာပါတယ်။ဆေးရုံရောက်တော့ အမြင်လွှာကွာတာမို့ခွဲစိတ်ရမယ်တဲ့။အဖေ့ခမျာ မရှိရှိတာလေးနဲ့ရှာဖွေပြီး ကျွန်မမျက်လုံးကိုကုသပေးခဲ့ရှာပါတယ်။ဒါပေမယ့် ကျွန်မကံကပဲနည်းလွန်းလို့လား မသိ ခွဲစိတ်မှုကမအောင်မြင်ခဲ့ဘဲမျက်လုံးတစ်ဖက်ကွယ်ခဲ့ရတယ်။အဲ့ဒီမျက်လုံးကြောင့်ပဲ ကျွန်မရဲ့ပညာရေးကလည်းအလယ်တန်းအဆင့်မှာပဲရပ်တန့်ခဲ့ရပါတယ်။

      ဒီလောက်ဒုက္ခတွေကြားကပဲ ကံဆိုးမသွားရာမိုးလိုက်လို့ရွာလေသလားထင်ရအောင် အဖေကလည်းဆုံးပါးသွားခဲ့ပြန်တယ်။

     အမေရောအဖေရောမရှိတော့တဲ့ ကျွန်မဘဝက အစ်ကိုကြီးအိမ်မှာကပ်နေရမလိုအစ်ကိုလတ်နဲ့ပဲနေရတော့မလိုနဲ့ ဘောလီဘောတစ်လုံးလိုဘဝရောက်ခဲ့ရတော့တယ်။

******************


rate now: