book

Index 9

အခန်း ၉

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ အခန်း  ၉ ♡ ==========


``အင်း!

ဟင်း!´´


စောင်ထုပ်ကလေးထဲ နွေးထွေးလုံခြုံစွာကွေးအိပ်နေရင်းမှ ခန္ဓာကိုယ်လေးလူးလွန့်ရင်း တစ်ရေးနိုးလာခဲ့၏။အိပ်မှုန်စုံမွှားမျက်လုံးလေးဖြင့်ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်မိတော့ အပြင်မှာအလင်းရောင်တွေဖြာထွက်လို့နေချေပြီ။


``ဟင်း!မိုးလင်းမိုးချုပ် ငါဒီအိမ်ကြီးထဲဘယ်အထိနေရဦးမှာလဲ?ဒီလူကြီးကငါ့ကိုဘာလို့မလွှတ်ပေးသေးတာပါလိမ့်!´´


စိတ်ပျက်လက်ပျက်လေးတွေးရင်း ဝတ်ထားတာသုံးရက်ကျော်ပြီဖြစ်သောအင်္ကျီဖြင့်သာအိပ်ရာထခဲ့ရပါသည်။နေလို့တော့အနည်းငယ်ကောင်းသွားပေမယ့် စိတ်ကမကြည်။လွတ်လပ်မှုတွေဆုံးရှုံးမှာကြောက်ပြီး တိမ်ဝဠာစံအိမ်ဆီမသွားဘဲထွက်ပြေးခဲ့သူက အခုတော့ဖြင့်ဘာမှန်းမသိသော သူစိမ်းပိုင်နက်ကြီးမှာပိတ်မိနေပြီပဲ။ဘာများထူးလို့ပါလဲ။


ရောဂါမတူတာပဲရှိမယ်

သေတာချင်းတော့အတူတူပဲ...ဟွန့်!


``ဒေါက် ဒေါက်!´´


နှုတ်ခမ်းလေးစူလျက်တွေးနေမိစဥ် တံခါးခေါက်သံကထွက်ပေါ်လာပြန်သည်။ထို့နောက်အခန်းဆီဝင်လာသူက အမျိုးသမီးတစ်ဦး...။ပြီးတော့ သူ့အနောက်မှာက နောက်ထပ်မိန်းကလေးတစ်ဦး။ဒီအိမ်မှာ ဦးရဲ့မျက်နှာကလွဲရင် ကျန်တဲ့သူတွေကိုစိမ်းတာမို့ ချစ်ရိပ်လည်းလှမ်းကြည့်နေစဥ်...


``ဒေါက်တာ လာတာပါရှင့်

စမ်းသပ်ခံပြီးအဖျားကျတယ်ဆိုမှ ရေချိုးဖို့ပြင်ဆင်ပေးပါမယ်ရှင်´´


ပြောလေ့မရှိသောမြန်မာစကားလေးကို ချစ်ရိပ်နားလည်စေဖို့ကြိုးစားပြောသွားရှာသည်က ဒီစံအိမ်ရဲ့အစေခံလေးတစ်ယောက်ပင်။ပုံစံကိုကြည့်ရင်လည်းသိသာသည်။ချစ်ရိပ်ကအခန်းထဲကခြေတစ်လှမ်းမထွက်ရပေမယ့် တစ်ခါတစ်လေအစေခံတွေဒီကိုဝင်လာတိုင်းမြင်ဖူးသည်က တူညီတဲ့ဝတ်စုံတွေ။ကတ္တီပါစကိုသုံးထားပြီး နီညိုရောင်ရင်ပြတ်အင်္ကျီခါးတိုလေးနဲ့နီညိုရောင်စကပ်ရှည်လေးတွေကိုသာဝတ်ဆင်ကြသောထိုမိန်းကလေးတွေရဲ့ပုံစံက ကျော့ကျော့ရှင်းရှင်းနှင့်...။ပြီးတော့ အရပ်အမောင်းနဲ့ဆံပင်ထုံးဖွဲ့ပုံကအစအားလုံးတထေရာတည်း။ဒါကြောင့်လည်း ချစ်ရိပ်သူ့ဆီကနေ ဒီအလုပ်ကိုမရမကတောင်းနေခြင်းပင်။


စံအိမ်ကကြီးသလောက် အစေခံတွေကလည်းများမှာသေချာသည်။သူ့အကန့်နဲ့သူတာဝန်ယူရပြီး အိမ်တစ်ခုလုံးထဲလွတ်လွတ်လပ်လပ်လည်းသွားလာလို့ရသည်။ဒါမှ သူတို့နဲ့ပုံမှားရိုက်ပြီးချစ်ရိပ်ထွက်ပြေးလို့ရမှာလေ။


``အဖျားကကျသွားပါပြီ

ရေချိုးချင်ရင် ခပ်နွေးနွေးရေလေးနဲ့ချိုးလို့ရပြီနော်...ပြင်ဆင်ပေးလိုက်ပါ´´


``ဟုတ်ကဲ့´´


နှစ်ယောက်သားဘာတွေပြောတယ်တော့မသိ။ဆရာဝန်ဆိုသူကအခန်းပြင်ပြန်ထွက်သွားလေ၏။ထို့နောက် အခန်းထဲနောက်ထပ်မိန်းကလေးတစ်ချို့ဝင်လာပြန်ကာ ရေချိုးခန်းဘက်ထွက်သွားကြသည်။သူတို့ရဲ့နွဲ့နွဲ့နှောင်းနှောင်းလှုပ်ရှားဟန်လေးတွေကိုလိုက်ကြည့်ရင်း ချစ်ရိပ်မှာတော့မျက်လုံးလေးအပြူးသားနှင့်။ရုပ်ရည်နဲ့ကိုယ်လုံးကိုယ်ပေါက်၊အရပ်အမောင်း၊အသားအရည် ဘာဆိုဘာမှအပြစ်ဖွဲ့ရန်မလိုသော အလှလေးတွေ...။ဘုရားစူး! ဒါတောင် အိမ်မှာအလုပ်လုပ်တဲ့အစေခံတွေပါတဲ့!


ဝွန်း! ဘယ်လိုတောင်အလှကြိုက်တဲ့လူကြီးလဲနော်

အမြင်ကပ်ဖို့ကောင်းလိုက်တာ~


``ရေချိုးဖို့အဆင်သင့်ဖြစ်ပါပြီ မိန်းကလေး

ကြာချိန်၁၅မိနစ်ပဲရှိရပါမယ်...စံအိမ်သခင်ရဲ့အမိန့်ပါ´´


ရေချိုးခန်းမှာ နာရီဝက်နီးပါးကြာအောင်ဝင်ချည်ထွက်ချည်ပြင်ဆင်ပြီးနောက် အနားသို့ရောက်လာပြန်ကာ တရိုတသေဦးညွှတ်၍ပြောလေ၏။ပြောနေကျမဟုတ်သောစကားအသံထွက်က မပီပြင်လှသော်လည်း နားလည်ရုံအဆင့်တော့ရှိသည်မို့ ချစ်ရိပ်ခေါင်းလေးငြိမ့်ပြလိုက်လျှင် သူတို့ကတစ်ညီတစ်ညာတည်းအခန်းပြင်သို့ပြန်ထွက်သွားလေရဲ့။


ချစ်ရိပ်ကတော့ သူတို့ကိုကြည့်ရင်း မျက်နှာကြီးစူပုပ်သထက်စူပုပ်လာတယ်။


အဟင့်!သူတို့က ဘာလို့လှနေရတာလဲ??


ငြူငြူစူစူကြီးတွေးမိကာ နေရာမှဆတ်ခနဲထရပ်ပြီးဆောင့်ဆောင့်အောင့်အောင့်လေးဖြင့် ရေချိုးခန်းဆီထွက်လာခဲ့၏။ဘာလို့စိတ်ထဲမကျေနပ်သလိုကြီးဖြစ်နေရတယ်မသိပါ။သူ့အိမ်က အစေခံတွေလှတာ ချစ်ရိပ်ရဲ့အပူပါသလား?တကယ်ပဲ ရေမချိုးတာကြာလို့စိတ်တွေပုံမှန်မဟုတ်တော့ဘူးထင်ပါရဲ့။


မြန်မြန်ရေချိုးမှပဲ...။


မဆီမဆိုင်ကိစ္စနှစ်ခုအား မရမကညှိယူလိုက်ပြီး ရေချိုးခန်းတံခါးလေးကိုဖွင့်ဝင်ခဲ့ပါ၏။ထိုစဥ် အရင်ဆုံးခံစားမိလိုက်သည်က မွှေးပျံ့လွန်းနေသည့်ရနံ့တစ်ခု။


``oh! မွှေးလိုက်တာ´´


ချက်ချင်းဆိုသလိုပင် အာရုံကိုကြည်လင်သွားစေသည့်နှစ်လိုဖွယ်ရနံ့လေးကြောင့် လူကလည်းချက်ချင်းပင်လန်းဆန်းသွားသည့်နှယ်...။ချစ်ရိပ်သိပါတယ်၊ဒါ လာဗင်ဒါရဲ့ရနံ့။ဒီအိမ်ကြီးမှာ လာဗင်ဒါပန်းရဲ့အငွေ့အသက်တွေအမြဲရှိနေတာပါပဲလား။


သဘောတကျဖြင့်မွှေးရနံ့လေးခံစားရင်း အကျင့်ပါနေသောလက်က တံခါးlockကိုပိတ်မိလိုက်၏။ဟုတ်တယ်လေ၊မလုံခြုံတဲ့နေရာမှာရေချိုးရတာဆိုတော့ သတိလေးရှိမှ...။


ထို့နောက် ခပ်သွက်သွက်ခြေလှမ်းတို့က အသင့်ပြင်ပေးထားသောကြွေရေကန်ဘက်ဆီလျှောက်လာခဲ့သည်။အငွေ့လေးတွေထနေဆဲဖြစ်သော ရေပြင်ကငြိမ်သက်နေပြီးထိုအပေါ်၌ ပန်းပွင့်ဖတ်လေးတွေ ကျဲပြန့်လို့နေသည်။မွှေးသောရနံ့ကလည်း လူကိုစွဲဆောင်နေ၍ ချစ်ရိပ်အဝတ်အစားတွေပင်မချွတ်မိဘဲ ရေကန်လေးထဲသို့ ဝုန်းခနဲခုန်ဆင်းပစ်လိုက်တော့...


Wow! နွေးသွားလိုက်တာ။


တကယ်ကောင်းတဲ့ခံစားမှုလေး။လာဗင်ဒါအဆီကိုရေထဲထည့်ထား၍ပဲထင့်၊တစ်ကိုယ်လုံးကအကြောတွေပြေလျော့သွားသလို အရမ်းပဲluxuryဖြစ်လွန်းသည့်ခံစားချက်ကြောင့် မျက်ဝန်းလေးတွေပါမှေးမှိတ်လျက် ရေနွေးနွေးထဲတစ်ဝကြီးစိမ်နေပစ်လိုက်၏။ဒီနိုင်ငံကိုရောက်စဥ်က ဒယ်ဒီရှာတွေ့မှာကြောက်လို့ဆိုပြီး ဟိုတယ်အညံ့စားလေးမှာသာတည်းခဲ့ရတော့ ဒီလိုဇိမ်ကျတဲ့ခံစားချက်လေးက မရတာကြာနေပြီလေ။


အဟိ!သဘောကျလိုက်တာ။


``ဗွမ်း!´´


ခြေထောက်လေးယက်လိုက်၊လက်လေးခတ်လိုက်ဖြင့် အိုင်တွေ့သည့်ငါးလေးလိုတပျော်တပါးလူးလိမ့်ဆော့နေမိတာ အချိန်အားဖြင့်အတော်ကြာလာခဲ့ပေမယ့် လူကရေချိုးတဲ့ဆီလည်းမရောက်။ပန်းပွင့်ဖတ်လေးတွေကို တစ်ခုချင်းလိုက်ဆယ်ကာ ကိုယ်ပေါ်တင်ဆော့ရင်း အနည်းငယ်ကြာလာတော့လူက မျက်လုံးတွေတောင်ပြန်မှေးစင်းချင်လာရသည်။သို့နှင့် မြန်မြန်ပဲရေလေးချိုးလိုက်မည်တွေးကာ ဟိုပက်ဒီပက်လျှောက်ဆော့ထား၍ ရေလျော့သွားသည်ကိုပြန်ဖြည့်ရန် ခြေရင်းဘက်ကရေပိုက်ခေါင်းလေးအားလှမ်းဖွင့်လိုက်ပြီး ခန္ဓာကိုယ်လေးကိုတော့ရေကန်ဘောင်လေး၌ကျောကပ်မီထားလိုက်သည်။


လူကလည်းတကယ်ကိုပြန်အိပ်ငိုက်လာရပါသည်။ရေစောင့်နေရင်းနဲ့ကို မျက်လုံးကစင်းကျလာရတော့ လူကလည်းခေါင်းလေးဆတ်ခနဲလည်ကျသွားရစဥ်အခိုက်...တရိပ်ရိပ်တက်လာသောရေတွေကချစ်ရိပ်ရဲ့ရင်ဘတ်အထက်မှတစ်ဆင့် လည်တိုင်စပ်လေးအထိမြင့်တက်လာနေခဲ့လေတော့...။


~~~~~ 🍭🍭🍭🍭 ~~~~~


``မြေးလေးက ဘယ်လိုဖြစ်တာလဲ မောင်လင်းညရယ်...အခုရောဘာသတင်းကြားရသေးလဲ?´´


စိတ်ပူစွာမေးနေသည့်စကားကြောင့် သူလည်းသက်ပြင်းကိုသာချမိ၏။တော်လောက်ပါပြီ။ဒီလိုဝေဒနာမျိုးကို နွဲ့ဆိုးတုန်းကလည်းသူကြုံခဲ့ရပြီးပြီ။ရုတ်တရက်ကြီးပျောက်သွားလိုက်တာများ ဘယ်ဆီမှာမှအစအနမရှိ။အခုတော့ သမီး...။ဘာလို့များဒီကလေးတွေ သူ့ကိုဒီလောက်နှိပ်စက်ကြတာပါလိမ့်။


``ဟူး!!´´


``ဒါနဲ့အန်တီထိပ်ထားတို့ကိုအားနာပါတယ်

သမီးကိစ္စကြောင့်နဲ့ ရန်ကုန်အထိလာခဲ့ကြတာလား´´


``ဒါတော့ဒါပေါ့၊အရမ်းလည်းအားမနာပါနဲ့ ရှင်ရှင်လေးရယ်...ကိုယ့်ကျန်းမာရေးကိုလည်းဂရုစိုက်၊နေမကောင်းဘူးဆိုလို့ မမအရမ်းစိတ်ပူသွားတာ၊အဲ့ဒါနဲ့ဒီကိုချက်ချင်းရောက်လာရော!´´


ဒေါ်မြတ်သောခင်ရဲ့စကားကြောင့် နွဲ့ဆိုးကတော့ပြုံးရုံးလေးသာပြုံးနေ၏။သို့သော် အင်အားမပါလှသည့်အပြုံးကြောင့် လင်းညလည်းအတော်လေးစိတ်မကောင်းဖြစ်ရသည်။သမီးပျောက်နေတဲ့ရက်တွေတစ်လျှောက် နွဲ့ဆိုးကမစား၊မအိပ်နဲ့အရမ်းလည်းငိုနေခဲ့တာကြောင့် အခုတော့အိပ်ရာထဲကိုလဲနေပြီ။ဒီလိုဆိုတော့ ဇနီးရဲ့ကျန်းမာရေးတစ်ဖက်၊သမီးကိုရှာရတာတစ်ဖက်နဲ့ ပိုပြီးဖိစီးမှုတွေများရသူက လင်းညသည်သာ။


``အရမ်းကြီးစိတ်မပူပါနဲ့

သမီးလေးအန္တရာယ်ကင်းမှာပါ မြတ်သောတို့ဘက်ကလည်းတတ်နိုင်သမျှကူညီပေးမယ်နော်...လိုအပ်တာရှိရင်ပြောပါ´´


``ကျေးဇူးတင်ပါတယ် မမမြတ်သောရယ်

တကယ်တော့ ဒါတွေကရှင်ရှင့်ကြောင့်ပါ၊သမီးလေးကိုဆုံးမသင့်တာမဆုံးမဘဲ အရမ်းအလိုလိုက်ခဲ့မိတာ...အခုတော့...အဟင့်! ဟင့်!´´


``ကျစ်!မငိုပါနဲ့တော့ ကလေးရယ်

နေကောင်းတာလည်းမဟုတ်ဘဲ

ကိုကိုရှာပေးမယ်နော်...သမီးကိုမကြာခင်ပြန်တွေ့ရမယ်´´


အားလုံးဝိုင်းပြီးနှစ်သိမ့်လည်း နွဲ့ဆိုးစိတ်ကမရပါ။ငယ်ကတည်းက ဒီကောင်မလေးအရမ်းအငိုသန်တာလင်းညပဲသိရဲ့မဟုတ်လား။တကယ်တော့ သမီးကိုအလိုလိုက်ခဲ့တယ်ဆိုရာမှာ လင်းညလည်းထူးမခြားနား။ပထမဦးဆုံးရင်သွေးလေးမှာ လွဲချော်ပျက်ယွင်းခဲ့ဖူး၍ နောက်ထပ်ရင်သွေးလေးရလာတော့ နှစ်ယောက်စလုံး အရိပ်တကြည့်ကြည့်နဲ့ဖူးဖူးမှုတ်ထားခဲ့မိတာ။နွဲ့ဆိုးကိုယ်တိုင်ကလည်း မတော်တဆကြောင့် ခန္ဓာကိုယ်ထိခိုက်မိဖူးတာရော၊ပထမသန္ဓေပျက်ဖူးတာရောကြောင့်  ကိုယ်ဝန်ဆောင်စဥ်ကျန်းမာရေးက အရမ်းပဲချူချာခဲ့တော့ ဒီကလေးပါထပ်ပြီးမှားယွင်းသွားခဲ့ရင်...၊ဆုံးရှုံးခဲ့ရရင်ဟူသောအတွေးတွေနဲ့ နွဲ့ဆိုးရဲ့ဗိုက်ထဲ ကိုယ်ဝန်စရှိကတည်းက အစစအရာရာအမြတ်တနိုးဂရုစိုက်ခဲ့ရတာပါ။


မွေးလာတော့လည်း သမီးကတခြားသောကလေးတွေလို အရမ်းကြီးကျန်းမာနေတဲ့သူမဟုတ်ခဲ့။မွေးရာပါ နှလုံးရောဂါနဲ့။စသိသိချင်းမှာဆို နွဲ့ဆိုးရော၊သူပါ မျက်ရည်တွေကျလိုက်ရတာမပြောပါနဲ့။အရမ်းကြီးမပြင်းထန်ပေမယ့် ပိုးလေးတယုတယမွေးသလို တော်တော်ဂရုစိုက်ခဲ့ကြရတယ်။ဒါပါပဲ...၊ဒါတွေဟာ ချစ်ရိပ်ဖန်ဆင်းလေးကိုသူတို့ဘာကြောင့် ဤမျှအလိုလိုက်ခဲ့သလဲနဲ့ သူမလေးဘာကြောင့်ဒီလောက် ဆိုးနေသလဲဆိုတာတွေအတွက်လျှောက်လဲချက်အဖြေပဲ။


``ကိုကို´´


``ဟင်´´


``ဟိုမှာ မမမြတ်သောနဲ့အန်တီကပြန်တော့မယ်တဲ့´´


``သြော်! Sorry

ကျွန်တော်သမီးအကြောင်းအတွေးလွန်သွားလို့ပါ´´


``ရပါတယ်ရှင်

မြတ်သောတို့နားလည်ပါတယ်´´


အေး၍ချိုသာလှသောလေသံဖြင့်ပြောလာသူထိုအမျိုးသမီးရဲ့အသွင်သည် ညင်သာပျော့ပျောင်းမှုအပြည့်၊ထည်ဝါခံ့ညားခြင်းနဲ့ ဂုဏ်ကျက်သရေအပြည့်။နက်မှောင်တောက်ပသောဆံကေသာတို့ကိုနှစ်ပတ်လျှိုဆံထုံးထုံးထားကာ ခြေမျက်စိထိဖုံးအောင်ရှည်သော ချိတ်လုံချည်အနက်ရောင်နှင့်အနီရောင်ရင်ဖုံးကိုတွဲဖက်ဝတ်ဆင်ထားပြီး မျက်နှာထက်မှာလည်း မာန်အရှိန်အဝါအပြည့်နှင့် တောက်ပသည်။ကြည့်လိုက်ရုံနှင့်ပင် အိန္ဒြေသိက္ခာနှင့်ပြည့်စုံသောအမျိုသမီးတစ်ယောက်ရဲ့အသွင်။


အင်းပေါ့လေ...။သူမက တခြားလူမှမဟုတ်ခဲ့တာ။မျိုးရိုးဂုဏ်မြင့်မားပြီး သိမ်မွေ့ယဥ်ကျေးသည်ဟုလူသိများသော တိမ်ဝဠာစံအိမ်ရှင်ကိုး။သူ့ဘေးမှာရှိသည့်အမျိုးသမီးကြီးကတော့ အသက်၈၀နီးပါးအရွယ်ရှိပြီဖြစ်သော သူမရဲ့မိခင်။နှစ်ဦးစလုံးဟာ သမီးလေးရဲ့ကိစ္စကြောင့်ဒီအထိရောက်လာခဲ့ခြင်း။ဒီလောက်အနေအထားဆိုရင်ဖြင့် မိသားစုနှစ်ခုရဲ့ရင်းနှီးပတ်သက်မှုအနေအထားကို ထပ်ပြီးရှင်းချက်ထုတ်ဖို့လိုတော့မယ်မထင်ပါလေ။


``ဒါဆို ပြန်ခွင့်ပြုပါဦး

သမီးလေးအကြောင်းသိရရင်လည်း ပြောပါဦးနော်

မြတ်သောတို့ရန်ကုန်မှာပဲဆက်ရှိဦးမှာပါ´´


``ဟုတ်ကဲ့၊ကောင်းပါပြီ

အောက်ထပ်အထိကျွန်တော်လိုက်ပို့ပေးပါမယ်´´


``Ring Ring´´


ဧည့်သည့်နှစ်ယောက်ကိုလိုက်ပို့ပေးပြီးမှ အပေါ်ထပ်သို့ပြန်တက်ရန်ခြေဦးအလှည့်၌ ဖုန်းထံမှအချက်ပေးသံမြည်လာ၏။ဖုန်းခေါ်နေခြင်းတော့မဟုတ်ပါ။Local ID codeမဟုတ်သည့် adressတစ်ခုမှ E-mailဝင်လာခြင်းပင်။သို့နှင့် သူလည်းအသေအချာဖတ်ကြည့်မိတော့ နှလုံးခုန်နှုန်းတွေ ဝုန်းခနဲဆောင့်တက်သွားရသည်။


ထိုE-mail၌ပါဝင်သည့် စာသားအကြောင်းအရာတို့ကတော့...


``......´´


~~~~~ 🍭🍭🍭🍭 ~~~~~


``ဒေါက်! ဒေါက်´´


Laptopထံသို့ အာရုံတစိုက်ကြည့်ကာ လုပ်လက်စကိုအပြီးသတ်နေစဥ် တံခါးခေါက်သံခပ်ဆတ်ဆတ်ကိုကြားလိုက်ရသည်။နားထောင်ရသလောက်တော့ အတော်လေးအရေးကြီးနေသည့်ပုံစံပင်။သို့သော် သူကဖြင့် ခပ်အေးအေးဖြင့်သာ Laptopကိုပိတ်လိုက်ပြီးမှ...


``come in´´


``boss!! boss!!´´


တံခါးချပ်ပွင့်လာသည်နှင့် အရေးတကြီးဟန်တွေဖြင့်အခန်းထဲပြေးဝင်လာသူတွေက Dawnနဲ့David။


``ဘာဖြစ်လို့လဲ´´


``ဟိုကောင်မလေးအခန်းမှာပြသာနာတက်နေပါတယ်´´


``ဘာ!´´


ဟိုကောင်မလေးဆိုသည်နှင့် တည်ငြိမ်အေးစက်နေသောအသွင်တို့ဟာ ချက်ချင်းကိုဆန့်ကျင်ဘက်အနေအထား။လူကထိုင်နေရာမှ ဝုန်းခနဲထရပ်မိပြီး ခြေလှမ်းကျဲကြီးများကလွှားခနဲဆို အခန်းပြင်ရောက်ရပြီ။


``ဘာဖြစ်တာလဲ´´


``သူ့ကိုဒီမနက်ရေချိုးဖို့ပြင်ပေးထားတာပါ

ကြားတာတော့သူက အဲ့အခန်းထဲဝင်သွားပြီးတံခါးlockချထားတယ်တဲ့။အဲ့ဒီနောက်အခန်းကနေရေတွေအများကြီးလျှံကျလာနေလို့´´


``ကျစ်! ဖွင့်လေ

Lockကိုဖွင့်ခိုင်း...အခုချက်ချင်း´´


ကျယ်လောင်စွာအော်လိုက်သောအသံဟာ စံအိမ်တစ်ခုလုံးပင်ကွဲထွက်စေမည့်အလား။ဖြတ်လာသမျှလမ်းတစ်လျှောက်ရှိ တခြားအစေခံတွေဟာလည်းအခြေအနေကိုနားမလည်စွာငေးကြည့်နေကြလေရဲ့။စံအိမ်ကအကျယ်ကြီးမို့တစ်ဆောင်နဲ့တစ်ဆောင်ဘယ်နေရာဘာဖြစ်မှန်းသိဖို့မလွယ်ပါ။ပြီးတော့ သူမကိုလည်းအခန်းထဲကပင် ပေးမထွက်တာမို့ ဘယ်သူမှမမြင်ဖူးကြ။ဒီအိမ်မှာ ကိုယ့်အမိန့်မရရင်ဘာမှမလုပ်ရဲကြတာလည်း တစ်ပြသာနာ။


ခက်ပါရောလား?

ဒီကလေးတစ်ယောက်ကဘာတွေဇွတ်တရွတ်ကြံစည်နေပြန်ပါလိမ့်ကွာ။


``တောက်!´´


စိုးရိမ်ဒေါသတွေဟာ ရင်မှာတဟုန်းဟုန်းတောက်လောင်လို့နေသည်။သူမရှိရာအခန်းဆီရောက်တော့ကြိုရောက်နှင့်သောအမိန့်ကြောင့် အလုပ်သမားအချို့ကပျားပန်းခတ်ပြေးလွှားကာ တံခါးlockကိုဖွင့်နေလေပြီ။


ဒါလည်းသူစိတ်မရှည်ပါ။ရှုပ်နေသည့်လူတွေကို အတင်းတွန်းဖယ်ပစ်လိုက်ပြီး အားပြင်းလှသည့်ကန်ချက်ဖြင့် တံခါးကိုကန်ပစ်လေလျှင်...


``ဒုန်း!´´


ကျယ်လောင်လှသည့်အသံနှင့်အတူ အရှိန်ပြင်းစွာပွင့်ထွက်သွားပြီဖြစ်သောတံခါးချပ်။ထိုမှ သူအခန်းထဲသို့အပြေးအလွှားဝင်ကာ ကြွေပြားချပ်ပေါ်စီးကျရွှဲအိုင်နေသော ရေတွေကိုခပ်ကြမ်းကြမ်းနင်းဖြတ်၍ မျက်လုံးတို့ကလည်း ကလေးငယ်ရှိမည့်နေရာဆီစိုးရိမ်တကြီးဦးတည်လိုက်မိစဥ်...


``ကလေး!!´´


တွေ့လိုက်ရသည့်မြင်ကွင်းက အမှန်တကယ်ပင်သူ့နှလုံးသားကိုတုန်လှုပ်သွားစေပါ၏။ရေတွေပြည့်အိုင်နေသည့်ကြွေရေကန်ထဲဝယ် လူတစ်ကိုယ်လုံးမြုပ်နေလေသော သူမ...။ကံကောင်း၍မျက်နှာလေးတော့မြင်ရသေးသည်မို့ ခိုက် ထိုအနားသို့ခပ်မြန်မြန်ပြေးသွားကာ ရေထဲနစ်နေသည့်ကိုယ်လုံးသေးသေးလေးအား ဆွဲထူပွေ့ယူကာရင်ခွင်ထဲထည့်ဖက်ထားလိုက်ပြီး...


``ကလေး!

Baby!! ကိုယ်ခေါ်နေတယ်လေ

ကိုယ့်ကိုကြည့်ပါဦး´´


စိုးရိမ်တကြီးဖြင့်ပါးလေးထံကိုင်လှုပ်ရင်းခေါ်သော်လည်းမရ။တစ်ခုခုဖြစ်သွားမှာစိုးရိမ်စိတ်ဖြင့် ရင်ထဲမီးတွေတောက်နေလိုက်တာများ သူမကလွဲ၊ဘာတစ်ခုမှကိုမမြင်နိုင်တော့သည့်နှယ်ပါ။ခဏလေးမျက်နှာလွှဲလိုက်မိတာကိုပင် သူ့မှာယူကျုံးမရ။


ကိုယ့်ကြောင့်လား?မင်းကို ကိုယ်ကသက်မဲ့ပစ္စည်းတစ်ခုလိုပိတ်လှောင်ထားခဲ့မိလို့ မင်းဒီလိုပုံစံနဲ့ကိုယ့်ကိုလက်စားချေပြတာလားကွာ။


``ကလေး!´´


``အင့်!´´


ကျယ်လောင်စွာအော်ဟစ်ခေါ်နေသံလေးနားထဲတိုးဝင်လာမှ ချစ်ရိပ်ကိုယ်လေးတွန့်ကာဆတ်ခနဲလန့်နိုးသွားရသည်။ပြီးလျှင် ဘေးဘီဝဲယာကိုမျက်လုံးပြူးလေးဖြင့်ဝေ့ကြည့်လိုက်မိတော့...


ဟယ်!ရေတွေလျှံကုန်ပြီ။တံခါးဝအရှေ့မှာရပ်နေသည့်လူတွေလည်းအများကြီး။ပြီးတော့ ``ဦး´´။ချစ်ရိပ်ကိုရင်ခွင်ထဲတင်းတင်းကျပ်ကျပ်ထည့်ဖက်၍ စိုးရိမ်တကြီးဖြင့်ငုံ့ကြည့်နေပါသည့် သူ့မျက်ဝန်းတို့က နီရဲနေကာမျက်ရည်ကြည်များပင်ရစ်သိုင်းနေသည့်အလား။


မြတ်စွာဘုရား!!

ချစ်ရိပ်ရေဆော့ရင်းမောလို့ ခဏလေးအိပ်ပျော်သွားမိတာကို ဘာတွေဘယ်လိုဖြစ်ကုန်ကြပြီး ဦးကရောဘယ်လိုတွေထင်နေတာပါလိမ့်!


``ဦး´´


``အင်း

Babyဒီကိုကြည့်၊ကိုယ့်ကိုမြင်ရလား

အဆင်ပြေရဲ့လား´´


``ဟုတ်´´


``ကျစ်!မင်းဘာတွေလျှောက်လုပ်နေတာလဲကွာ

ဘာတွေလုပ်ဖို့စဥ်းစားနေတာလဲ?ဒါအန္တရာယ်များတယ်၊မင်းတကယ်သေသွားရင်ဘယ်လိုလုပ်မလဲ´´


ဟင်! သေသွားမယ်တဲ့လား?

ပေါက်ပေါက်ရှာရှာတော်!

အခုမှငယ်ငယ်လေးရှိသေးတာကိုသေစရာလား?ဒီလူကြီးဘာတွေအထင်မှားနေတာပါလိမ့်!


``အို့!´´


အတွေးလေးမှမဆုံးသေးခင် သူကချစ်ရိပ်ရဲ့ကိုယ်လေးကို ပွေ့ချီလိုက်ပြီးထိုရေကန်ထဲမှခေါ်ထုတ်ခဲ့၏။လက်ရှိအနေအထားက သူ့လက်ပေါ်မှာ အရုပ်မလေးလိုပျော့ခွေ၍ပါလာသည်မို့ ချစ်ရိပ်ရဲ့ပါးပြင်လေးကသူ့ရင်ခွင်ကျယ်ကြီးပေါ်အပ်လျက်သား။ဒီတော့ တဒုန်းဒုန်းအခုန်မြန်လှုပ်ရှားနေသောသူ့နှလုံးခုန်သံအား အတိုင်းသားကြားနေရ၏။


သူ...၊သူစိတ်တွေအရမ်းလှုပ်ရှားနေတာပဲ။ချစ်ရိပ်သဘောပေါက်ပြီ။ခုနကအနေအထားကိုကြည့်ပြီး ချစ်ရိပ်ကကိုယ့်ကိုကိုယ်သေကြောင်းကြံနေတယ်လို့ သူတို့ထင်နေကြသည်ပဲ။အမှန်တော့ ချစ်ရိပ်ကဇိမ်ခံပြီးအိပ်ပျော်သွားတာပါလေ။


ဘယ့်နှယ်!!သေကြောင်းကြံရမှာတုန်း။


``ကလေး...အဆင်ပြေရဲ့လား

ဘယ်လိုနေသေးလဲ´´


မွေ့ယာအိအိထက်ညင်သာစွာပြန်တင်ပေးရင်း ရေစိုဆံနွယ်လေးတွေကို လက်ဖြင့်ဖွဖွသပ်ခါပေး၍မေးလာပြန်ပါသည်။ထိုစဥ် ချစ်ရိပ်လည်းအကြံတစ်ခုချက်ချင်းရလိုက်၏။


ဒီအချိန်ပဲ၊သူ့စိတ်တွေပျော့ပျောင်းနေတဲ့ဒီအချိန်ဟာ အကောင်းဆုံးအခွင့်အရေးပဲ...အဟင်း!


ညစ်ကျယ်ကျယ်အတွေးလေးနှင့်ရင်ထဲကျိတ်ပြုံးလိုက်ကာမျက်နှာကိုတော့ ငယ်ထားလိုက်ပုံက ယခုပဲသေရွာမှပြန်လာသူအစစ်အမှန်လိုနှယ်...။ထို့နောက် ခေါင်းလေးကိုငုံ့ချလိုက်ပြီး သူ့လက်ထဲဆုပ်ကိုင်ခံထားရသည့်လက်ဖဝါးလေးတစ်ဖက်အား ဆတ်ခနဲဆောင့်ရုန်း၍...


``အခုမှစိုးရိမ်ပြမနေပါနဲ့

သေချင်ပါတယ်ဆိုတဲ့လူကိုပေးသေလိုက်ရင်ပြီးပြီပဲ...ဦးအတွက်ဘာအသုံးဝင်လို့လဲ´´


``မင်းဘယ်လိုပြောလိုက်တာလဲ ဂျစ်တူး

ဘာတွေကိုလျှောက်စဥ်းစားနေတာလဲ...မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား´´


``ထင်နေတယ်

ချစ်ရိပ်ဘာဖြစ်ဖြစ် ဦးဂရုမစိုက်လည်းရတယ်

ဦးကချစ်ရိပ်ကိုအမြဲတမ်းမယုံသင်္ကာဖြစ်နေတာမဟုတ်လား...ဟိုလူဆိုးနဲ့ပတ်သက်နေတဲ့သူလို့ထင်တယ်မဟုတ်လား၊အဲ့ဒါကြောင့်ဒီအခန်းထဲမှာပဲအမြဲလှောင်ပိတ်ထားတာ´´


``မဟုတ်ဘူး၊အဲ့လိုမဟုတ်ဘူး

မင်းတစ်ယောက်တည်းအပြင်မှာလျှောက်သွားနေရင်အန္တရာယ်တွေတွေ့မှာစိုးရိမ်လို့၊ ကိုယ် မင်းကိုစိတ်မချလို့ပါကွာ´´


``အဲ့ဒါဆို ဒီအိမ်ထဲမှာပဲနေရမယ့်အလုပ်ကိုတောင်းတော့လည်း ဦးက မပေးဘူးလေလို့...အဟင့်!ဟင့်!´´


``ကလေးရယ်..အဲ့ဒါက´´


``အခန်းကြီးထဲမှာပဲပိတ်လှောင်ထားရအောင်ချစ်ရိပ်ကဦးပိုင်တဲ့အရုပ်လေးလည်းမဟုတ်ဘူး၊ဦး မွေးထားတဲ့ခွေးပေါက်လေးလည်းမဟုတ်ဘူးလေ´´


တကယ်ကိုခံစားချက်အပြည့်နှင့်ဝမ်းပန်းတနည်းငိုပြောလေတော့ သူ့မှာရင်ထဲအဆင်မပြေလှ။သူမလေးငိုနေရင်ကို သူ,မနေတတ်တာပါ။ဘယ်လောက်တောင်မွန်းကျပ်သွား၍လည်းမသိ၊ကလေးငယ်ငယ်လေးက သေဖို့တောင်တွေးပစ်နေတာ။သူမမိဘတွေသာသိသွားရင်ဖြင့် ဒီလူသားရဲ့မျက်နှာဘယ်သွားထားရပါ့။


တော်သေးတာပေါ့။

တကယ်ကိုတော်သေးလို့သူမအနားအချိန်မီရောက်သွားနိုင်ခဲ့တာ။ဒီအတိုင်းဆက်ထားလို့တော့မဖြစ်ပါ။ဆက်ပြီးဝမ်းနည်းငိုကြွေးနေမှာကိုသူဘယ်လိုမှ မလိုလားနိုင်ဘူးလေ။သို့နှင့် သူမရဲ့ဆန္ဒလေးအားလိုက်လျောပေးဖို့ကိုသာဆုံးဖြတ်လိုက်မိ၍ ပါးပြင်နုနုလေးပေါ်သို့ လက်ဖြင့်ဖွဖွအုပ်ကိုင်လျက်မှ...


``မငိုပါနဲ့တော့ကွာ

ကိုယ်တောင်းပန်တယ်၊အရှုံးပေးပါတယ်

မင်းလုပ်ချင်တဲ့အလုပ်အတွက် ကိုယ်ခွင့်ပြုမယ် ဟုတ်ပြီလား´´


``ဟင်! ဦး...

ဦးတကယ်ပြောတာလား??´´


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း>>>၁၀ဆက်ပါမည်။


ချစ်သည်းတို့အတွက်တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာ ရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)


rate now: