🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭
(Or)
ဂျစ်တူးရဲ့ `ဦး´
========== ♡ အခန်း ၈ ♡ ==========
``ဘာပြောတယ်
မင်းက ကိုယ့်ဆီမှာအစေခံလုပ်မယ်ဟုတ်လား?´´
ပြောထွက်လိုက်သောစကားလေးကမှန်သော်ငြား သူ့မှာနားကြားမှားမိသလားအထင်ဖြင့် နှစ်ခါပြန်မေးမိရပါသည်။ဂျစ်တူးတို့က ပြောလိုက်၊လုပ်လိုက်ရင် အဆန်းတွေချည်း။ဇွတ်တရွတ်တွေထွက်ပြေးချင်နေသူက အခုကျ ဘယ်နည်းဘယ်ပုံကြောင့် အစေခံလုပ်ချင်ရပြန်တယ်မသိ။သူမက...၊သူမလို နုနုနယ်နယ်ရွှေဘုံစံကလေးလေးကလေ တစ်ပါးသူထံအစေခံလုပ်မည်တဲ့လား။
မိဘတွေသာကြားရင်ဖြင့် သွေးဆောင့်တက်ပြီးနှလုံးခုန်ရပ်လို့ အသက်ကယ်ချိန်တောင်ရလိုက်မယ်မထင်ပါ။ဒီကလေးက စကားတွေပြောလို့လွယ်တိုင်း ဟုတ်တာရော၊မဟုတ်တာရောအကုန်ကိုပြောနေတော့တာ။
``ဟုတ်တယ်လေ ဦးရဲ့
ချစ်ရိပ်ကဒီနိုင်ငံမှာအသိမိတ်ဆွေလည်းမရှိဘူး၊စကားလည်းမတတ်ဘူး...ဟိုလူတွေလက်ကလွတ်အောင်မနည်းကြိုးစားပြီးထွက်ပြေးလာခဲ့ရတာ´´
``သြော်!´´
သံယောင်လိုက်သည့်အသံဟာအသက်မပါလှ။မှေးစင်းစင်းမျက်ဝန်းတွေဖြင့် ချစ်ရိပ်ထံငုံ့ကြည့်နေသည့်မျက်နှာက ပြောစကားတွေကိုယုံသည်လော၊မယုံသည်လော ဝေခွဲမရစွာ။သို့သော် ချစ်ရိပ်ကတော့ ပြောသမျှအကုန်သူယုံနေသည်ဟုသာ တထစ်ချသတ်မှတ်လိုက်ပြီး နှုတ်ခမ်းလေးတထော်ထော်ဖြင့်ဆက်ပြောလိမ်ညာမိသည်က...
``အဲ့နေ့ညကတောင် ချစ်ရိပ်ရဲစခန်းကိုလိုက်ရှာနေတာ။အဲ့မှာဟိုလူနဲ့ဆုံတော့ ရဲစခန်းဘယ်မှာရှိလဲလို့မေးနေတုန်း ဦးရဲ့လူတွေရောက်လာပြီး ချစ်ရိပ်ကိုဖမ်းခေါ်ခဲ့တာ´´
``တကယ်ပဲ မင်းသူ့ကိုမသိဘူးပေါ့´´
``ဟာ!မသိပါဘူး ဦးရဲ့
ဒါပေမဲ့လေ သူကချစ်ရိပ်လိုပဲမြန်မာစကားပြောတတ်တယ်´´
``ဟုတ်ပါပြီ၊ဒီလိုဆို ကိုယ်ယုံပေးလိုက်မယ်။ဒါနဲ့မင်းအိမ်ကိုမပြန်ချင်ဘူးလား?ဟိုမှာမင်းကိုစိတ်ပူနေမယ့်မိဘတွေရှိမှာပေါ့´´
``အာ! အိမ်...အိမ်ကပြန်လို့မရသေးဘူး
ချစ်ရိပ်ကပိုက်ဆံတွေအများကြီးရှာပြီးပြန်လာမယ်လို့ပြောခဲ့တာ...အခုပြန်လို့မရသေးဘူးလေ၊ပိုက်ဆံမရှိလို့´´
``ဒါကြောင့်ကိုယ့်ဆီမှာအလုပ်လုပ်ချင်တာလား
မင်းသိတဲ့အတိုင်း ကိုယ်ကမာဖီးယားကြီးတစ်ယောက်နော်၊ဒီတော့ ကိုယ့်အနားနေဖို့အတွက်မင်းသတ္တိရှိလို့လား?ကိုယ့်ကိုမကြောက်ဘူးလား?´´
ပြုံးစစဖြင့်ကြည့်ကာ ဆိုလာပါသည့် `သူ´။အနီးတကပ်ရှိလွန်းသောအနေအထားမှာ ချစ်ရိပ်သူ့မျက်နှာကို မျက်လုံးပြူးလေးဖြင့်ငေးမောကြည့်မိသွားရသည်။သူကလည်း လူကိုစူးစူးနစ်နစ်စိုက်ကြည့်နေတာများ ယခုပင်အရည်ပျော်ကျစေမည့်အတိုင်း။တိုစိပ်စိပ်မျက်တောင်လေးတွေဝန်းရံသော ညှို့အားပြင်းမျက်ဝန်းတစ်စုံဟာ တည်ငြိမ်နက်နဲပြီး မာန်အရှိန်အဝါအပြည့်ရှိသလို ရင်ဆိုင်ကြည့်မိသူအတွက် အန္တရာယ်များလှသည်။ပိရိသေသပ်တဲ့နှုတ်ခမ်းလွှာတို့က ခပ်ရဲရဲနဲ့သွေးရောင်လွှမ်းကာ ဆွဲဆောင်မှုပို၏။ပြေပြစ်သည့် မျက်နှာကျက ခက်ထန်ခြင်းသရုပ်ဘက်ပိုထင်ဟပ်ကာ ကြည့်လိုက်ရုံနှင့်ပင် သူ့နံဘေး၌အရှိန်အဝါတွေဖြာထွက်နေသယောင်။
``ကြောက်သင့်လား၊မကြောက်သင့်လားမသိတော့ဘူး´´
``ဟေ! ဘာလို့လဲကွ´´
``ချောလို့´´
တစ်စုံတစ်ရာသောပြုစားမှုထဲ ညှို့ငင်ခံလိုက်ရသလိုဖြင့် သူ့မျက်နှာကိုစိုက်ကြည့်ရင်း ချစ်ရိပ်စိတ်တွေခဏလွတ်သွားခဲ့ပုံပါ။ကိုယ့်ပါးစပ်ကဘာထွက်မိမှန်းပင်မသိလိုက်သည့်အခိုက် စိမ်းညို့ညို့မျက်ခုံးတန်းတို့ကတော့ ချက်ချင်းဆိုသလိုတွန့်ကုတ်သွားပုံက တစ်စက်လေးမှအလိုမကျနေသည့်အသွင်။
ဒီတော့မှ ချစ်ရိပ်လည်းကိုယ့်စကားကိုယ်ပြန်သတိရကာ မျက်လုံးကြီးပြူးသွားရသည်။
What??ဒီလူကြီးကို ငါဘာသွားပြောမိတာလဲ။
``ယောကျ်ားတစ်ယောက်ရဲ့မျက်နှာကိုဒီလိုရဲရဲတင်းတင်းစိုက်ကြည့်တတ်တာ အကျင့်ဆိုရင် ပြင်လိုက်တော့ ဂျစ်တူး...ကိုယ်မကြိုက်ဘူး´´
မျက်နှာထက်အပြုံးရိပ်တို့ပျောက်ကွယ်သွားကာ အတည်ကြီးပြောလာသည့်ပုံစံကကျောချမ်းဖွယ်။အကျင့်ရှိရင် ပြင်ဟုတ်လား?မပြင်နိုင်ပါဘူး၊ချစ်ရိပ်တို့က ချောတာ၊ဆင်တာလေးတွေ မျက်လုံးနဲ့autoတံဆိပ်ကပ်ပြီးသား။ဒီလိုတားရအောင် သူကချစ်ရိပ်ရဲ့ဒယ်ဒီလား?ဒယ်ဒီတောင် အခုလိုစကားမျိုးမပြောခဲ့တာကို...ဟွန့်!
စိတ်ကငြူငြူစူစူတွေးသလောက် နှုတ်ခမ်းလေးပါထော်ချင်လာရပြီ။သို့သော် စိတ်ကိုထိန်းကာမျက်နှာကိုငယ်၍ သူ့ထံသို့ပြန်မော့ကြည့်လိုက်ပြီး...
``ချစ်ရိပ်မှာအဲ့လိုအကျင့်မရှိပါဘူး
ဦးကိုက ရင်ထဲကနေအရမ်းအားကိုးလို့ကြည့်မိတာ´´
ဒီအဖြေကိုတော့သူသဘောကျသွားတယ်ထင်ရဲ့။နားလည်မလွယ်သော ခပ်တည်တည်မျက်နှာထက်ရုတ်တရက်ပဲ အကြည်ဓာတ်လေးယှက်သန်းသွားကာ ခပ်ပြည့်ပြည့်နှုတ်ခမ်းတွေက လှစ်ခနဲပြုံးတယ်။ထို့နောက် ချစ်ရိပ်ရဲ့နားရွက်ဖျားလေးအနားသို့ မျက်နှာငုံ့၍ခပ်တိုးတိုးဆိုလာသည်မှာ...
``ဒါဆို ကိုယ်မဟုတ်တဲ့သူစိမ်းယောကျ်ားကိုဒီလိုမကြည့်ရဘူး...ကြားလား´´
``ဟုတ်
ဒါဆို ချစ်ရိပ်ကိုအလုပ်ပေးမှာလားဟင်´´
``အဓိပ္ပါယ်မရှိတာကွာ
ဒီမှာကြည့် မင်းရဲ့အသားအရည်ဒီလောက်နုနုလေးနဲ့အဲ့ဒီ့အလုပ်ကိုဘယ်လိုလုပ်နိုင်မှာလဲ´´
``ဘာလို့လဲ ချစ်ရိပ်လုပ်နိုင်ပါတယ်´´
``အင်း!ဘာတွေလုပ်တတ်လဲ ပြောကြည့်ပါဦး´´
``အမ်း! ဘာလုပ်တတ်လဲဆို...အဲ့ဒါက...အဲ့ဒါက´´
နားထင်ပေါ်လက်ညိုးလေးဖြင့်ဖိထောက်၍ မျက်ဆံလေးထောင့်ကပ်သည်အထိ စဥ်းစားခန်းဝင်နေပုံလေးက အသည်းယားစရာ။တကယ်ပဲ၊ကိုယ်ဘာလုပ်တတ်မှန်း ဒီလောက်စဥ်းစားနေရပုံထောက်ရင်တော့ ဘာမှကိုမလုပ်တတ်တာထင်ရဲ့။သူမပြောသလိုသာ အလုပ်လုပ်ခိုင်းလိုက်ရင်တော့ အိမ်မှာဘာတွေများဖြစ်ကုန်မလဲပဲ။
``ချစ်ရိပ်ဟင်းချက်တတ်တယ်
ပန်းချီဆွဲတတ်တယ်...နော်..နော်...ချစ်ရိပ်အလုပ်လုပ်ပါရစေ´´
``ကဲ! အဲ့ဒါခဏထားဦး၊မင်းအစာစားပြီးဆေးသောက်ရမယ်လေ၊ဒီနေ့ဘာမှမစားထားဘူးဆို...ဟုတ်လား´´
``ဟုတ်!ဗိုက်ဆာနေပြီ အခု
ဒါပေမဲ့ ဘာမှမစားချင်ဘူး၊ချစ်ရိပ်ကို အလုပ်ပေးမယ်ဆိုမှစားမယ်´´
``အာ!အဂျစ်ကလေးပဲကွ
မင်းကမင်းလိုချင်တာကိုတော့တောင်းပြီး ကိုယ့်စကားကျနားမထောင်ချင်ဘူး´´
``ဘာဖြစ်လဲ´´
``အဲ့လိုကမမျှတဘူးဘေဘီ
ကိုယ့်ဆီကနေ ဘေဘီကြိုက်တာတောင်းချင်ရင် ကိုယ့်စကားကိုမင်းနားထောင်ရမယ်လေ´´
ဟင်!မလွယ်တဲ့လူကြီး။သူ့ဘက်ကအပေးရှိရင် သူကလည်းပြန်ယူမှာပဲဆိုတဲ့သဘောကိုသူဆိုလိုနေသည်ပဲ။ကြောက်စရာကောင်းလိုက်တာ။ချစ်ရိပ်သူ့လက်ကလွတ်ဖို့က တွေးထားသလောက်လွယ်ပါ့မလား။
အင်းလေ!သူကလူဆိုးဆိုမှဖြင့် ဒီလောက်တော့ကြောက်စရာကောင်းမှာပေါ့။မတတ်နိုင်ဘူး။နောက်ရေးနောက်ရှင်းပြီး မီးစင်ကြည့်ကရမှာပဲ..ဟူး!!
``ဒေါက် ဒေါက်´´
စကားပြောနေစဥ်မှာ တံခါးခေါက်သံနှစ်ချက်ထွက်ပေါ်လာ၏။သူက ဝင်လာဖို့ခွင့်ပြုလိုက်လျှင် အငွေ့တလူလူထွက်နေသော ပန်းကန်တွေကိုကိုင်လာသည့်မိန်းကလေးတစ်ချို့ဝင်လာပြီး သူ့ရှေ့၌ဦးညွှတ်၍...
``ခိုင်းတဲ့အတိုင်းပြင်ဆင်ပြီးပါပြီရှင်´´
``ဟုတ်ပြီ၊အားလုံးထားခဲ့လိုက်´´
သူ့စကားဆုံးသည်နှင့် မိန်းကလေးအားလုံးလှည့်ထွက်သွားလေ၏။ချစ်ရိပ်လှမ်းကြည့်လိုက်တော့ စားပွဲပေါ်တင်ထားပေးခဲ့သည်က စုံလင်လှသောအစားအသောက်တွေ။ဘာတွေရယ်တော့မသိ၊အရောင်တွေကဖျော့သည်။သို့သော်လည်း အနံ့တွေရဲ့ဆွဲဆောင်မှုကတော့မသေးတာမို့ ချစ်ရိပ်တံတွေးလေးကျိတ်မျိုချကာ ပြားကပ်နေသည့်ဗိုက်လေးပေါ်လက်ဖြင့် ဖိထားလိုက်သည်။
``ဗိုက်ဆာတယ်မဟုတ်လား
ဒီထဲကဘယ်တစ်ခုကြိုက်လဲ´´
``မကြိုက်ဘူး ဘာမှ´´
တမင်ကိုဂျစ်တတ်လွန်းသည့်ကလေးက စိတ်မရှည်ချင်စရာပင်။ပြင်ပေးထားသမျှ ဘာမှမကြိုက်ဘူးဆိုပြီး ဆံပင်တိုတိုလေးတွေ လွင့်ခနဲဝဲခါသွားသည်အထိ မျက်နှာလွှဲပစ်သော်လည်း တကယ်တမ်းသူမမျက်လုံးလေးဘယ်ပန်းကန်ဆီကြည့်သွားသည်ကို သူ အတတ်မြင်ပါ၏။ဘယ်လိုပင်ဆိုဆို ကလေးက ကလေးပဲလေ...။ဟန်ဆောင်ခြင်းအတတ်တွေ နားမှမလည်တာကိုး။သူစိတ်ထင်ရာလုပ်ပြီး လုပ်သမျှကိုလည်းဘယ်သူမှမသိဘူးထင်နေတော့တာ။
``အဟင်း!´´
ကြည့်!ရယ်ပြန်ပြီ။ဘာကြောင့်မှန်းမသိ ဒီလူကြီးကချစ်ရိပ်ဘာလုပ်လုပ်ရယ်ပဲရယ်သည်။ချစ်ရိပ်အပေါ်ဆက်ဆံတဲ့ သူ့ပုံစံက ကလေးလေးတစ်ယောက်အပေါ် လူကြီးတစ်ယောက်ကဂရုတစိုက်ရှိသလိုမျိုး။ပြီးတော့ လေသံအေးအေးနဲ့ကြောက်အောင်ပြောတတ်တာကလည်း ကလေးသေးသေးလေးတွေ အိပ်ပျော်ဖို့ခက်တဲ့အခါ ကြောင်ကြီးကိုက်လိမ့်မယ်ဆိုပြီးဟန့်တတ်သလိုမျိုးလေး။
တကယ်ပဲ သူကဘယ်လိုမာဖီးယားလဲ?
ချစ်ရိပ်ဖတ်ဖူးတဲ့Novelတွေ ficတွေမှာဆို မာဖီးယားတွေကအရမ်းရက်စက်တာ။အခုကျသူက လူကြီးဆန်ဆန်နဲ့ ကြွေချင်စရာdaddy typeကြီးဖြစ်နေပါရောလား။
``ဒါမဟုတ်လား
လာ! စားရအောင်...ကိုယ်ခွံ့ကျွေးမယ်´´
ပြင်ဆင်ထားတဲ့အထဲကမှ ထောင့်စွန်းဘက်ရှိဖန်ပန်းကန်လေးကို သူရွေးကာလှမ်းယူလိုက်လေတော့ ချစ်ရိပ်ထပ်ပြီးသာအံ့သြရသည်။အဲ့ဒါအဟုတ်ကို ချစ်ရိပ်မျက်စိကျလိုက်သောပန်းကန်လေး။ဒါလည်းသိလိုက်ပြန်တာပဲလား။ဘုရားရေ!ဒီလူကြီးက အံ့သြဖို့ကောင်းလိုက်တာ~
``ဒါက ပင်လယ်စာဆန်ပြုတ်နော်
မင်းမှာ Allergyတွေဘာတွေရှိလား´´
``ရှိဘူး´´
``ဟုတ်ပြီ
ဒါဆိုပါးစပ်ဟတော့´´
``ကိုယ့်ဘာသာစားလို့ရတယ်...ပေး´´
``ကျစ်!
မင်းလက်မှာ ဒဏ်ရာရှိတယ်လေ´´
``ရှိ ရှိ´´
``မင်းပြောတဲ့ကိစ္စကိုယ်စဥ်းစားပေးမယ်
Ok!´´
သည်လိုဆိုလိုက်မှ ပန်းကန်ကိုအတင်းဆွဲယူနေသည့်လက်လေး ရပ်တန့်သွားလေ၏။သို့နှင့်သူလည်း သဘောတကျပြုံးကာ ဆန်ပြုတ်လေးကိုဇွန်းဖြင့်ခပ်ဖြေးဖြေးမွှေပြီး ခွံ့ကျွေးသည်။တစ်နေကုန်ဘာမှမစားထားလေတော့ အခုမှပဲ ခွံ့ကျွေးသမျှကိုနှုတ်ခမ်းလေးတချွန်ချွန်ဖြင့် တရစပ်စားနေပုံက မွေးကင်းစကလေးလေးနို့ဗူးစို့သည့်ပမာ။
တကယ်ကိုအသည်းယားစရာအကြည်ဓာတ်လေးမို့ ခိုက် သူမမျက်နှာလေးထံစူးစူးနစ်နစ်ကြည့်နေမိ၏။ထိုအကြည့်က အသက်ဓာတ်တို့ကိန်းဝပ်ရာနှလုံးအိမ်ဆီမှ အစိမ်းလတ်လတ်ခွဲထုတ်ထားသည့် မြတ်နိုးခြင်းသင်္ကေတလေးကို ယုယုယယကြည့်မိသလိုမျိုး။ပြီးတော့ ကိုယ့်ရင်ခွင်မှာပျိုးသည့်ပန်းပွင့်ငယ်ကို တစိမ့်စိမ့်နဲ့ အရိပ်ကြည့်နေမိသလိုမျိုး။
``ဦး!´´
``ပြော´´
``ဒါကုန်သွားရင် ထပ်ပြီးစားလို့ရသေးလား´´
``အဟင်း!ရတာပေါ့ကွ´´
``ဒါဆို အခုတစ်ခါစားပြီးရင်ခဏနားမယ်
ရေချိုးပြီးမှဆက်စားမယ်လေ နော်´´
``အဲ့ဒါတော့မရဘူး´´
``ဟင်!ဘာလို့?´´
``အခုမင်းနေမကောင်းသေးဘူးလေ´´
``အာ!ဒီလောက်ကအပျော့လေးပါ
ဘာမှမဖြစ်ဘူး´´
``မရဘူးလို့ပဲ ကိုယ်ပြောမယ်နော်
ပြီးမှစိတ်မကောက်နဲ့၊ကိုယ်ချော့မှာမဟုတ်ဘူး´´
``ဟင့်!´´
အနည်းငယ်အသံမာလိုက်သည်နှင့် ငိုမဲ့မဲ့လေးကြည့်လာကာချက်ချင်းဆိုသလို ခုတင်ထက်လှဲချလိုက်ပြီး စောင်လေးကိုခေါင်းအထိလုံအောင်ဆွဲခြုံသွားလေသည်မို့...
``ဟေ့! ငဂျစ်
ဒီမှာဆေးသောက်ရဦးမယ်လေကွာ´´
``မသောက်ဘူး
ရှင့်ကိုစိတ်ဆိုးတယ် သွား
သူကျတော့ မွှေးနေအောင်လုပ်ပြီးသူများကိုကျရေမချိုးခိုင်းဘူး၊ဒီအင်္ကျီကလည်းဝတ်ထားတာနှစ်ရက်တောင်ရှိနေပြီကို...အဟင့်! ဟင့်!´´
ဒီလိုဆန္ဒပြတော့လည်း ကိုယ့်မှာမနေနိုင်ပြန်ပါ။သို့နှင့်စောင်အောက်ထဲလျှိုနေသည့် ခေါင်းလေးကိုအသာလှမ်းကိုင်၍ နဖူးပေါ်ဖွဖွစမ်းကြည့်တော့အပူငွေ့ကရှိနေဆဲ။ညနေကလည်းစောင်းပြီမို့ သက်ပြင်းကြီးသာချမိ၍...
``ဒီတစ်ညတော့ဆေးသောက်ပြီး အိပ်လိုက်!ဟုတ်ပြီလား?မနက်ဖြန်အဖျားကျသွားတဲ့အခါမှရေချိုးရမယ်´´
``ဒါပေမဲ့...´´
``ဒီလောက်လိုက်လျောတာကို ထပ်ပြီးအထွန့်မတက်ချင်နဲ့နော်၊တစ်သက်လုံးရေမချိုးခိုင်းဘဲနေလိုက်မှာ´´
``ဟာ! ရမလားအဲ့လိုတော့´´
``အေး!မရမှန်းသိရင် မဂျစ်နဲ့တော့
ကိုယ်သိပ်စိတ်မရှည်တတ်ဘူး´´
သူ့လေသံကတကယ်ပင်အလျှော့မပေးမည့်ပုံမို့ ချစ်ရိပ်ဇက်လေးပုကာငြိမ်နေလိုက်ရ၏။သိပ်ပြီးလည်းဂျစ်တိုက်နေလို့မရပါ။သူက ကိုယ့်ဒယ်ဒီလည်းမဟုတ်ဘူးလေ။တော်ကြာ စိတ်မရှည်လို့ထသတ်လိုက်မှဖြင့် တစ်ခါတည်းနတ်ပြည်ရောက်နေပါဦးမယ်။
``ပြီးရော!မနက်ဖြန်ဆိုလည်းမနက်ဖြန်ပေါ့´´
``ဟုတ်ပြီ၊ဒါဆိုပြန်ထ
ဆေးသောက်ရအောင်´´
လူကဖြင့်မထရသေး။သူ့လက်တစ်ဖက်က ချစ်ရိပ်ရဲ့ကျောပြင်အောက်လျှိုဝင်လာပြီး ပွေ့ထူလေတော့ ခန္ဓာကိုယ်လေးက သူ့လက်ပေါ်လွင့်ခနဲ၊မြောက်ခနဲ။
အလို!ဒီလူကြီးက တွေ့တာမကြာသေးတဲ့ကလေးတစ်ယောက်အပေါ် ရင်းနှီးသမှုပြုလှချည်လား။ဧကန္တမိန်းကလေးတွေတိုင်းကိုသူဒီလိုပဲဆက်ဆံနေကျလား?ဟွန်း!! တော်တော် အညှာလွယ်လိုက်ပုံများ။
ဒါမှမဟုတ် ချစ်ရိပ်ကအထူးတလည်ခံစားချက်ထားရမယ့်မိန်းကလေးလို့သူ,မသတ်မှတ်တာများလား?အင်း!ဟုတ်မှာပါ။ဒါပဲဖြစ်မှာ။ချစ်ရိပ်ကသူ့ထက်အသက်များကြီးငယ်တဲ့ ပိစိညှောင့်တောင့်လေးပဲဟာ...။
``အဟက်!ဘာတွေခေါင်းငြိမ့်နေတာလဲ
ကိုယ်ဘာမှမပြောရသေးဘူးလေ´´
ကိုယ့်ဘာသာအာရုံစိုက်တွေးရင်း ကျေနပ်လောက်စရာအဖြေရသွားမှ ခေါင်းလေးဆတ်ခနဲငြိမ့်မိတော့ သူကဟက်ခနဲရယ်ပါသေး၏။သို့နှင့်ချစ်ရိပ်မျက်စောင်းလေးဖြင့်ဝေ့ကြည့်မိသည့်အခါ နဖူးထိပ်ကဆံမြိတ်လေးတွေပေါ် လေငွေ့နွေးနွေးဖြင့်မှုတ်၍ကျီစယ်ပြန်သည်။
အို! ပြုစားနိုင်လွန်းတဲ့အကြည့်တွေ။လူကိုရူးခါသွားစေမလားတောင်မှတ်ရပါရဲ့။ဘယ်လိုတောင် ခမ်းနားလိုက်တဲ့ ပြည့်စုံခြင်းတွေကိုသူပိုင်ဆိုင်နေတာလဲ?
ဒီလူကြီး ချောလိုက်တာ၊ခံ့ညားလိုက်တာ ဆိုတာလောက်နဲ့ သူ့ရဲ့အကြောင်းကမပြည့်စုံနိုင်ပါ။ဘယ်လိုမှန်းမဖော်ပြတတ်လောက်အောင် ညှို့တတ်သော အကြည့်နဲ့အပြုံးတို့ကမျက်တောင်တစ်ချက်မခတ်စတမ်းငေးကြည့်ချင်စရာ။
အား!! ချောလိုက်တာ။
``ဘာလို့ကိုယ့်ကိုခဏခဏကြည့်နေတာလဲ
ဘာပြောချင်လဲ...ပြောလေ´´
``မကြည့်ပါဘူး
ဘယ်မှာကြည့်လို့လဲ´´
``ကဲ!ဟုတ်ပါပြီ
မကြည့်ဘူးဆိုလည်း မကြည့်ဘူးပေါ့
ဒီမှာဆေးတွေ´´
လက်ဖဝါးထဲသို့လာထည့်ပေးသောဆေးတွေကိုကြည့်လိုက်သည်နှင့် ချစ်ရိပ်မျက်လုံးကြီးပြူးလာပုံက လက်ဖဝါးထဲသို့ပင် မျက်လုံးပြုတ်ကျသွားမှာစိုးရပါ၏။
ဘယ့်နှယ်ဟာတွေတုန်း။နေမကောင်းလေးဖြစ်တာကို ဆေးတွေကလူသတ်လက်နက်တွေလို အတောင့်ကြီးတွေမှနည်းနည်းနောနောမဟုတ်။ချစ်ရိပ်က ငယ်ကတည်းကချူချာတဲ့ကလေးမို့ ဆေးတွေနဲ့အမြဲရင်းနှီးခဲ့သူပါ။ဒီလိုချူချာတဲ့ကျန်းမာရေးကြောင့်ပဲ ဒယ်ဒီနဲ့မာမီအပါအဝင် အဖိုးအဖွားတွေကအလိုလိုက်ဂရုစိုက်ခဲ့ခြင်းပင်။ဆေးတွေသောက်ရသလောက် ဆေးကလည်းအသေကြောက်တတ်သူဆိုပါတော့။
``ဆေးတွေကလည်းများလိုက်တာ
ရိုးရိုးဖျားတာတစ်လုံးလောက်ပဲသောက်ရင်မရဘူးလားဟင်´´
``မရဘူး´´
``ဦး!´´
``မရဘူးဆို မရဘူးပဲ´´
``ဟွန့်!ဒါဆို တစ်လုံးချင်းပဲသောက်မယ်´´
တကယ်ပင် ရှုံ့ရှုံ့မဲ့မဲ့မျက်နှာလေးဖြင့်ဆေးကိုတစ်လုံးချင်းမျိုချနေသော ဂျစ်တူးကြောင့် သူ့မှာရယ်ချင်နေရပြန်သည်။ပါးစပ်ထဲ ဆေးတစ်လုံးထည့်လိုက်၊ရေတစ်ငုံသောက်လိုက်ဖြင့်အလုပ်တွေရှုပ်နေသည့်ကလေးက ဘယ်လိုမာယာလက်နက်မှမသုံးဘဲ လူကိုအသည်းယားအောင်ပြုစားနိုင်လွန်း၏။
ဖြူဖျော့နေသည့်တိုင် ဆွဲဆောင်မှုပိုသော နှုတ်ခမ်းပါးလေးတွေ...
နီညိုရောင်သမ်းသည့်မျက်ဝန်းလေးတွေ...
ဆည်းလည်းလေးနဲ့တူတဲ့ ချိုလွင်လွင်စကားသံလေးတွေ...
အားလုံးဟာ သူ့ရင်ကိုအခါခါလှုတ်ခတ်နေသော ညှို့ဓာတ်ပြင်းသင်္ကေတ။
နောက်ကျနေပေမယ့် အမှန်တရားတစ်ခုကို သူယခုမှမျက်မြင်ရှာတွေ့ခဲ့ရတာ။ကမ္ဘာပေါ်မှာ ဤမျှအထိချစ်ဖို့ကောင်းတဲ့ကလေးလေးတစ်ယောက် မွေးဖွားရှင်သန်နေခဲ့တာပါလား။
``အဟွန်း!´´
ပြုံးမိရပြန်ပါပြီ။ထိုအခိုက်၌ ရင်ထဲတငြိမ့်ငြိမ့်စီးဆင်းနေသော ခံစားချက်တို့က အံ့သြဖို့ကောင်းစွာ ကဗျာဆန်နေခဲ့ပါ၏။ထို့နောက် မျက်စိရှေ့ကချစ်စဖွယ်အကောင်ပေါက်လေးကိုသာ မြတ်မြတ်နိုးနိုးစိုက်ကြည့်သည်။သူမကတော့ အသည်းယားစရာအမူအရာလေးနဲ့ ဆေးတွေတစ်လုံးချင်းသောက်နေလေရဲ့။
လာခြင်းကောင်းတဲ့ ကလေးငယ်ရယ်...
ကိုယ့်ရှေ့ကို ရောက်လာပေးလို့ကျေးဇူးတင်ပါတယ်။မင်းရဲ့မေမေနဲ့သာ တစ်နေ့တစ်ချိန်ဆုံဖြစ်ခဲ့ရင် သူ့ကိုလည်းကျေးဇူးတင်စကားလေးဆက်ဆက်ပြောလိုက်ချင်ပါရဲ့။
ဘာကြောင့်လဲလို့မေးရင်တော့`ချစ်ရိပ်ဂျစ်တူး´လေး...မင်းကို ဒီလောကကြီးထဲခေါ်လာပေးခဲ့တဲ့အတွက်လို့ဖြေမယ်။
ကိုယ်တော့ မင်းကြောင့်ချစ်တတ်ခဲ့ပြီထင်ပါတယ် ကလေးငယ်။
ဟုတ်တယ်၊ကိုယ်လက်ခံတယ်...။ပူလောင်တယ်လို့ဆိုရိုးရှိတဲ့ ချစ်ခြင်းနွံထဲ ကိုယ်စတင်တိုးဝင်မိတာ ဒီနေ့၊ဒီအချိန်ပဲ။
~~~~~ 🍭🍭🍭🍭 ~~~~~
အခန်း >>> ၉ဆက်ပါမည်။
ချစ်သည်းတို့အတွက်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာရည်ရွယ်ရေးသားသော...
WineSatt Cho(🍋Lëmoñ🍋)