book

Index 7

အခန်း ၇

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ အခန်း  ၇ ♡ ==========


``တောက်!!´´


Companyသို့ရောက်လာသည့်တိုင် အလုပ်ဆီစိတ်မရောက်နိုင်ဘဲ မျက်မှောင်ကြီးကျုံ့ကာထိုင်နေရင်းမှ မကျေမချမ်းတက်ခေါက်သံကြီးကလည်းခဏတိုင်းလိုလိုထွက်ပေါ်နေခဲ့၏။စိတ်တွေဆိုတာလည်းနည်းနည်းမှမကြည်။ဖြစ်နိုင်ရင်လူပါသတ်ချင်သည်။ကမ္ဘာပေါ်မှာရှိတဲ့ ကိုယ့်ထက်ငယ်နေသမျှအကောင်တွေတိုင်းကိုအကုန်သတ်ပစ်လိုက်ချင်၏။


တွေးမိပြီးတော့လည်းကိုယ့်ကိုကိုယ်အကြီးအကျယ်အံ့သြရပြန်သည်။`ရှင့်လိုအသက်ကြီးတဲ့လူကြီးကိုချစ်စရာလား´တဲ့! အဲ့ဒီ့ကလေးလေးပြောလိုက်တဲ့ ဘာရယ်မဟုတ်သောထိုစကားလေးအတွက် သူဤမျှအထိစိတ်တွေယောက်ယတ်ခတ်နေရသတဲ့လား။နေ့စဥ်နေ့တိုင်း အလုပ်စီမံကိန်းတွေကြားခေါင်းစိုက်နေခဲ့သူက ဒါမျိုးတွေလည်းတွေးတတ်ကုန်ပြီပေါ့။


OMG!ခိုက်ရန်ရှင်းရဲ့ပုံမှန်နေ့စဥ်ဘဝဟာ ချစ်ရိပ်ဂျစ်တူးနဲ့တွေ့မှ ကမောက်ကမတွေဖြစ်ကုန်ပါရောလား။


ချစ်တာတွေဘာတွေရဲ့ ဆန်းကြယ်နက်ရှိုင်းခြင်းဘာသာရပ်ကို သူနားမလည်ခဲ့ရိုးတော့အမှန်ပါ။လူတစ်ယောက်ကို ချစ်တယ်ဆိုတာဘယ်လိုခံစားချက်မျိုးမှန်းလည်း သူမသိခဲ့။ဖခင်ဖြစ်သူရဲ့အလိုကျအတိုင်း ပုံသေအသားကျခဲ့တဲ့ဘဝတစ်ခုမှာ သူသိခဲ့တာသည် ဂုဏ်သိက္ခာ၊ပညာနဲ့ဥစ္စာ...ပြီးတော့ ဘောင်ဝင်တဲ့လူမှုဆက်ဆံရေးကောင်းတစ်ခုရှိစေဖို့၊အားလုံးဦးညွှတ်ရိုသေရမယ့် စံပြလူတစ်ဦးဖြစ်ဖို့၊အထက်တန်းဆန်ဆန် အုပ်စီးမင်းမူနိုင်စေဖို့...ဒါတွေချည်းသာ။


ဒီတော့ သူ့လမ်းစဥ်ဟာအချစ်နဲ့နီးစပ်ဖို့ လားလားမှမသက်ဆိုင်ခဲ့သလို အမြဲတမ်းလည်းဆန့်ကျင်ဘက်။သူလည်း ဒီပုံစံအတိုင်းအသားတကျရှင်သန်ခဲ့တာပါပဲ။သို့သော်...


သို့သော်...အခုသူဘာဖြစ်ခဲ့သလဲ?

အသက်(၁၁)နှစ်တိတိကွာဟနေတဲ့ ထိုကလေးငယ်ကိုတွေ့ပြီးမှ သူ့နှလုံးသားဘာတွေမှားယွင်းကုန်တာလဲ?


မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ရင်ဆိုင်ကြည့်မိချိန်တိုင်း ဝဲဘက်ရင်အုံဆီကနေ နွေးထွေးခြင်းကိုခံစားမိပြီး သူမဆီကအသံသေးသေးလေးစကြားရစဥ်မှာဆို ရင်ထဲဗြောင်းဆန်သွားလိုက်တာများ အသက်ရှူနှုန်းများတောင်ရပ်တန့်သွားခဲ့သလိုပါပဲ။ဟန်ဆောင်ခြင်းတွေမရှိ၊ပရိယာယ်မာယာကင်းလွန်းတဲ့ ကလေးမို့လည်းပိုပြီးသဘောကျတယ်။သူ့တစ်သက်တွေ့ခဲ့သမျှမိန်းကလေးတိုင်းဟာ မာယာတစ်ထောင်နဲ့အကွေ့အကောက်များလွန်းတဲ့ မြစ်တွေပဲမဟုတ်လား။


ဂျစ်တူးကမှ အားလုံးထဲကခွဲထွက်နေတဲ့ ဂြိုလ်သူမလေးပါလေ။


ဒါပေမဲ့လည်း သူမလေးကို ချစ်နေတာလားလို့မေးရင်တော့ သူမဖြေတတ်။အနားကနေပျောက်သွားမှာစိုးတာတော့သေချာသည်။သူမ ဘယ်သူပဲဖြစ်နေနေ၊ဘာအကြောင်းနဲ့ပဲ ကိုယ့်ဆီရောက်လာပါစေ သူဂရုမစိုက်ချင်။ဘယ်သူ့ကိုမှပြန်မပေးနိုင်အောင် သူပဲအပိုင်လိုချင်တာအမှန်ပင်ဖြစ်၏။


``ဟင်း!´´


စိတ်ရှုပ်ထွေးစွာပင် သက်ပြင်းကြီးချမိရပြန်ပါပြီ။


ဂျစ်တူးက တစ်ခြားတစ်နေရာကနေ မင်းဆီလမ်းမှားလာခဲ့တဲ့ ကလေးမှန်းသိလျက် မင်းဘာလို့လောဘတက်နေတာလဲ ခိုက်ရန်ရှင်းရယ်...။


ရလိုစိတ်များတဲ့စီးပွားရေးသမားဆိုပေမယ့်လည်း သက်ရှိလူလေးကိုတော့မရမကပိတ်လှောင်ထားလို့မဖြစ်ဘူးလေကွာ...။


``ဟူးး!´´


``ဒေါက်! ဒေါက်!´´


ကိုယ့်ကိုကိုယ်သတိပေးချက်တွေထုတ်၍ လေပူတစ်ချက်ကိုပါမှုတ်ထုတ်လိုက်စဥ် အခန်းတံခါးခေါက်သံကြောင့် ခိုက် ချက်ချင်းပင်မျက်နှာအနေအထားကိုပြောင်းလဲပစ်လိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် သူကအရွယ်ရောက်ပြီး တည်ငြိမ်ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်မို့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုရောထွေးလို့မဖြစ်မှန်းတော့ နားလည်နေပြီးသား။သို့ကြောင့်လည်း အခန်းထဲဝင်လာသူထံ ခပ်အေးအေးသာလှမ်းကြည့်လိုက်ပြီး...


``ပြော´´


``ပြောထားတဲ့ကိစ္စ စုံစမ်းလို့ပြီးပါပြီboss´´


``ဂျစ်တူးအကြောင်းလား´´


``ဟုတ်ပါတယ်´´


``ဆက်ပြော´´


``သူ့နာမည်အရင်းက ချစ်ရိပ်ဖန်ဆင်းပါ

အသက်ကဒီလမှ၁၈နှစ်ပြည့်ထားတာ...ပြီးတော့ သူကမြန်မာနိုင်ငံမှာ ထိပ်တန်းHotelလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Moonlight Group Presidentဦးလင်းညရိပ်ရဲ့တစ်ဦးတည်သောသမီးတဲ့´´


``....´´


``သူ့အမေ ဒေါ်ချစ်သည်းရှင်ကလည်း မြန်မာနိုင်ငံမှာTop Construction စာရင်းဝင်တဲ့ Olive Groupရဲ့ဒုတိယမြောက်သမီးဆိုတော့ အဲ့ဒီ့ကလေးရဲ့မိသားစုpowerကတော်တော်ကိုမသေးတာပါ´´


ပြောစကားများကိုအလေးအနက်နားထောင်နေရင်းမှ ခေါင်းကိုငြိမ့်လိုက်မိ၏။ဟုတ်ပေသားပဲ၊Moonlightနဲ့Oliveဆိုတာ မြန်မာနိုင်ငံဘက်မှာအတော်လေးပျံ့ပျံ့နှံ့နှံ့အောင်မြင်တဲ့ လုပ်ငန်းစုတွေလေ...။သူမသိဘဲရှိပါ့မလား။ပြီးတော့ နိုင်ငံရပ်ခြားအထိပါ တိုးချဲ့ထားတဲ့projectပေါင်းကလည်းများစွာ။လုပ်ငန်းပိုင်းချင်းမတူညီလို့ မဆုံဖြစ်ကြသော်ငြား ဒီနာမည်တွေကိုကြားရုံမျှနဲ့ ခိုက် ရင်းနှီးနေပြီးသား။


ဒီလိုဆိုတော့ နာမည်ကြီးလုပ်ငန်းစုနှစ်ခုရဲ့သားနဲ့သမီးပေါင်းစပ်ပြီးရလာတဲ့ ကလေးကလည်းလုံးဝကိုအချစ်ခံဘေဘီလေးပဲပေါ့၊ဒါတွေးကြည့်စရာတောင်မလိုတဲ့အမှန်တရား။လိုတိုင်းတ,ရပြီး ဦးစားပေးခံရမှုတွေနဲ့နေသားကျခဲ့လို့ပဲထင့်၊ဒီရောက်တော့ သူစိတ်မကြည်တာနဲ့ အော်အော်ငိုနေတော့တာလေ။


``ချစ်ရိပ်ဖန်ဆင်းတဲ့လား

ကိုယ့်အတွက်ကတော့ ဂျစ်တူးဆိုတဲ့နာမည်လေးကပိုချစ်ဖို့ကောင်းသလိုပဲ...အဟင်း!!´´


``ပြီးတော့ နောက်တစ်ခုရှိပါသေးတယ်boss

သူတို့က မြန်မာနိုင်ငံ၊မန္တလေးမြို့ကတိမ်ဝဠာစံအိမ်တော်နဲ့ပတ်သက်မှုရှိပါတယ်´´


ဒီတစ်ကြိမ်ကြားလိုက်ရသောစကားကတော့ သူ့ရင်ကို ဒိန်းခနဲတိုးခုန်သွားစေသည်။ထို့နောက် တည်ကြည်လေးနက်နေသော မျက်ဝန်းအကြည့်တို့ချက်ချင်းဆိုသလိုပြောင်းလဲသွားသည်က အေးစက်မာကျောခြင်းသရုပ်သဏ္ဌာန်တို့ဆီ...။


``တောင်းပန်ပါတယ်

ကျွန်တော်ဒါကိုမပြောချင်ပေမယ့် ကလေးမလေးနဲ့သက်ဆိုင်တဲ့အချက်မို့...´´


``ကိစ္စမရှိဘူး၊ဆက်ပြော´´


``သူတို့ကသာမန်ပဲရင်းနှီးပတ်သက်တာပါ

မကြာသေးခင်က Clubတစ်ခုမှာ ချစ်ရိပ်ဖန်ဆင်းနဲ့လူတစ်စုပြသာနာတက်ခဲ့ပါတယ်၊သူက အဲ့အဖွဲ့ထဲကတစ်ယောက်ရဲ့ခေါင်းကိုရိုက်ခွဲလိုက်တာ...အဲ့ဒီကိစ္စနောက်ပိုင်း သူအိမ်ကနေပျောက်သွားတာပါပဲ´´


``တိမ်ဝဠာစံအိမ်နဲ့ဘယ်လိုပတ်သက်နေတာလဲ´´


``အဲ့ဒီ့ကလေးကိုစံအိမ်မှာခဏနေခိုင်းဖို့စီစဥ်ခဲ့ပုံပါ၊အခုအနေအထားအရတော့ သူပျောက်နေတာမလို့တော်တော်လေးစိတ်ပူနေကြတယ်၊လုပ်ငန်းပိုင်းနဲ့ဂုဏ်သိက္ခာကြောင့် အပြင်ကိုမပေါက်ကြားအောင်ထိန်းပြီး အတွင်းပိုင်းကပဲစုံစမ်းနေတယ်´´


အကြောင်းအရာတွေအလုံးစုံမသိရသည့်တိုင် အနည်းငယ်လေးဆက်စပ်တွေးကြည့်ရုံမျှနဲ့ သူအားလုံးနီးပါးသဘောပေါက်လိုက်ပါပြီ။သဘောပေါက်လို့လည်း အသည်းယားစွာရယ်ချင်မိသွားရသည်။တိမ်ဝဠာစံအိမ်မှာမနေချင်လို့ မင်းဒီလို နိုင်ငံရပ်ခြားအထိရောက်လာခဲ့တာလား ကလေးရယ်...။


မင်းကတော့လေ...။


``အဟင်း!´´


``bossရယ်ပြန်ပြီ

ဘာ...ဘာဖြစ်လို့လဲဟင်´´


ကျောချမ်းဖွယ်ရာထိုအပြုံးကြောင့် davidတကယ်ကိုနားမလည်၍မေးမိခြင်းပင်။ပုံမှန်ဆို bossကနားလည်ရသိပ်ခက်သည်။သူဘာလုပ်ချင်မှန်း ခန့်မှန်းရမလွယ်တာမျိုး။ပြီးတော့ မျက်နှာအရမ်းတည်သည်။အခု ဒီကလေးမနဲ့ဆုံပြီးမှပဲပြုံးခဲသောမျက်နှာက မကြာခဏဆိုသလိုပြုံးတတ်နေ၏။တကယ်တော့ တိမ်ဝဠာစံအိမ်နာမည်ကိုကြားလိုက်တာနဲ့ bossစိတ်အနှောင့်အယှက်ဖြစ်သွားမယ်ထင်ခဲ့တာပါ။ဒါကြောင့်လည်းပြောသင့်၊မပြောသင့်တောင် သူ့မှာအကြိမ်ကြိမ်စဥ်းစားခဲ့ရတာ။အခုတော့ဖြင့် bossရဲ့ပြောင်းလဲနေမှုကြီးကအံ့သြစရာပါလား။မဟုတ်မှလွဲရော...$500ဆုံးပြီထင်ပါ့။


``ဒါဆို ကလေးဆိုးလေးကတကယ်ပဲအိမ်ပြေးလာတာပေါ့´´


``ဟို! အခုသူ့အကြောင်းသိရပြီဆိုတော့ သူ့မိဘတွေဆီကျွန်တော်တို့ဘက်ကအကြောင်းကြားပေးရမယ်မဟုတ်လား?ကျွန်တော်စီစဥ်လိုက်ပါမယ်´´


``ခဏလေး!!

အဲ့လိုလုပ်ဖို့မလိုဘူး´´


``ဗျာ´´


``ငါစဥ်းစားလိုက်ဦးမယ်

မင်းသွားလို့ရပြီ´´


နားမလည်မိတော့ပါ။bossရဲ့အသိရခက်သောလုပ်ရပ်တွေကို သူဘယ်လိုမှလိုက်မမီတော့။အိမ်ပြေးလာတဲ့ကလေးကို မှားပြီးခေါ်ထားမိတာမို့ သူ့လာရာဇစ်မြစ်ကိုစုံစမ်း၊မိဘလက်ထဲပြန်အပ်ရင်ပြီးပြီပဲ။bossကဘာကိုစဥ်းစားဦးမှာလဲ။


Bossနော်! Boss

ဒီချာတိတ်လေးနဲ့ပတ်သက်ရင် ရိုးကိုမရိုးတာ။ငါ့နှယ်! $500ဆုံးပါပြီ။


``သွားတော့လေ´´


``ဟုတ်

ဟုတ်ကဲ့´´


ဘာတွေတွေးနေတယ်မသိသော davidကတော့ ခပ်ဆတ်ဆတ်အော်သံကြားမှသာ အခန်းထဲမှပြေးထွက်သွားလေ၏။


သူလည်းယခုမှသက်ပြင်းတစ်ချက်လေးတွဲတွဲချမိကာ စီးကရက်တစ်လိပ်ကိုထုတ်ယူ မီးညှိပြီး ခပ်ပြင်းပြင်းရှိုက်ဖွာလိုက်မိ၏။နှုတ်ခမ်းဝမှတစ်ဆင့် မှုတ်ထုတ်လိုက်သော ခပ်ငွေ့ငွေ့အဖြူတန်းတို့ဟာ လေထဲပုံစံမမှန်စွာ လွင့်မျောနေသလောက် သူ့ရဲ့စိတ်ဝိညာဥ်သည်လည်း လွန်ခဲ့သောအတိတ်ကာလတစ်ခုဆီမျောပါသွားသလိုပင်။


မဟုတ်ဘူး။


မတွေးချင်ဘူး...။


သူနဲ့တိမ်ဝဠာစံအိမ်တော်ဟာ ဘာဆိုဘာမှမသက်ဆိုင်တော့ပါဘူး။


ချက်ချင်းပင်အတွေးကိုရပ်ပစ်လိုက်ပြီး အခိုးအငွေ့တို့ကိုသာ ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပါ၏။ပြီးတော့ လွင့်တက်လာသည့်အငွေ့တွေကို အဓိပ္ပာယ်မဲ့စွာကြည့်ပြီး ဟက်ခနဲတစ်ချက်ရယ်မိသည်။ပုံမှန်ဆိုရင်တော့ စီးကရက်ကိုသိပ်ပြီးနှစ်နှစ်ခြိုက်ခြိုက်သောက်လေ့မရှိပါ။စိတ်ထဲခံစားချက်တစ်ချို့အပြင်းအထန်လှုပ်ရှားမှသာ...၊ပြီးတော့အဲ့ဒီ့ခံစားချက်ဟာလည်း ဆိုးသောဘက်ကိုဦးတည်နေမှ...သူဒီလိုအပြုအမူမျိုးလုပ်တတ်တာပါ။


တိမ်ဝဠာစံအိမ်တော်...။သူ အမုန်းကြီး မုန်းခဲ့ရပါသော`အမည်´။နာကျင်ခဲ့ရခြင်းအပိုင်းအစတစ်ချို့ကိန်းဝပ်ရာ `အမည်´။ထိုနာမည်အကြောင်း သူမတွေးဖြစ်တာပင်ကြာခဲ့ပြီ။


တွေးဖို့လည်းမလိုတော့သလို အရာအားလုံးအဆုံးသတ်ခဲ့တာလည်း ကြာပါပြီလေ...။


~~~~~ 🍭🍭🍭🍭 ~~~~~


``ဘာ! မင်း မနေ့ညကWinnerစံအိမ်ထဲခိုးဝင်ခဲ့တယ်ဟုတ်လား´´


``အင်း´´


မဆိုင်းမတွပင်ခေါင်းငြိမ့်ဖြေတော့ သူငယ်ချင်းဖြစ်သူမှာမျက်လုံးပြူးကြီးနှင့်။


``အဲ့တော့ ဟိုကလေးကိုရှာတွေ့လား´´


``မတွေ့ဘူး´´


``ဘယ်တွေ့မလဲ

မင်းရူးနေလို့သာအဲ့ကိုသွားတာ။Winnerစံအိမ်ကအကြီးကြီးကွ...လျှို့ဝှက်ခန်းတွေ၊မြေအောက်ခန်းတွေလည်းကျိန်းသေရှိမှာ။ဖမ်းထားတဲ့လူတစ်ယောက်ကိုလွယ်လွယ်ကူကူနေရာမှာထားပါ့မလား´´


ဒါတော့ဟုတ်ပါသည်။နန်းတော်တမျှခမ်းနားလွန်းတဲ့ စံအိမ်ကြီးတစ်ခုလုံးမှာ အဆောင်တွေ၊အခန်းတွေလည်းများသည်။မကျွမ်းဝင်တဲ့နေရာမှာ ပိုက်စိပ်တိုက်လိုက်ရှာဖို့လည်းသူမစွမ်းနိုင်။အစောင့်အကြပ်ကလည်းများသေးရဲ့။မနေ့ကသာကံကောင်းလို့ခြံဝန်းထဲရောက်တယ်။တစ်ခြံလုံးကိုအမှောင်ချထားပေမယ့် ခြံပတ်လည်မှာအစောင့်ခွေးတွေအများကြီးချထားပုံရ၏။ထိုအကောင်တွေက လူနံ့ရတာနဲ့ကို ကိုက်ဖို့ခဲဖို့ပြင်နေပြီလေ။ဒီလိုဆိုတော့ နောက်တစ်ကြိမ်ထပ်ဝင်ဖို့ဆိုတာမလွယ်လှ။မနေ့ကတင် စံအိမ်ထဲရုတ်ရုတ်သဲသဲဖြစ်စေခဲ့တာမဟုတ်လား။ဒီတော့ သံသယများပြီး မာယာများလှတဲ့ခိုက်ရန်ရှင်းက ကျိန်းသေအကွက်ဆင်ထားတော့မှာ။


ဟား!!မင်းဆီလာဖို့ကလည်းမလွယ်ပါလား ချာတိတ်ရာ...၊မင်းအဆင်ရောပြေနေရဲ့လား?


``ဒါနဲ့ မင်းအကောင်းအတိုင်းပြန်ထွက်လာနိုင်တာအံ့သြစရာပဲ၊ဟိုကမင်းကိုဘာမှမလုပ်လိုက်ဘူးလား´´


``မလုပ်ဘဲတော့ရှိမလား

သူ့ကောင်တွေအများကြီးဝိုင်းအုံလာသေးတယ်၊ငါလည်း ရေလည်ဖိုက်ရပြီထင်တာ...ဒါပေမဲ့ဘာလို့လည်းမသိဘူး၊ရုတ်တရက်ကြီး သူ့လူတွေကိုသိမ်းလိုက်တယ်´´

(သူ့ဘေဘီဂျစ်တူးအိပ်နေတာအနှောင့်အယှက်ဖြစ်လို့တဲ့!😑)


``တော်သေးတာပေါ့ကွာ

အသက်ရှင်လျက်ပြန်လာရလို့၊အခုပထမဆုံးအကြီမ်ကံကောင်းပြီးပြီနော်၊နောက်ထပ်တော့ခြေဦးမလှည့်နဲ့´´


သူငယ်ချင်းဖြစ်သူကိုကြည့်ရတာတော့ အတော်ကိုခြောက်ခြားနေသည့်ပုံစံပင်။ဟိုအိမ်ထဲကိုသာခြချမိရင်ဖြင့် ချက်ချင်းကိုမူးမေ့လဲပြီး အသက်ပါပျောက်မယ့်ဒီဇိုင်းနှင့်။


အန္တရာယ်များမှန်းတော့ သူလည်းသိပါသည်။သို့သော်ထိုအန္တရာယ်ရပ်ဝန်းထဲ ကိုယ့်ကြောင့်ရောက်သွားသည့်ကောင်မလေးကိုပိုပြီးစိုးရိမ်မိ၏။ပထမတစ်ကြိမ်ကံကောင်းလို့လွတ်မြောက်လာတယ်ပဲဆိုပါစေ၊သူလက်မလျှော့ပါ။ထိုရပ်ဝန်းဆီ ကျိန်းသေထပ်သွားဦးမှာ။


ဆုံးဖြတ်ချက်ကခိုင်ခိုင်မာမာရှိခဲ့ပြီးသား။


~~~~~ 🍭🍭🍭🍭 ~~~~~


ဦးမာဖီးယားထွက်သွားတာအတော်ကြာသည့်တိုင် ချစ်ရိပ်ခုတင်ဘေးနေရာလွတ်လေးမှာသာ ခပ်ကျုံ့ကျုံ့ထိုင်နေမိ၏။အနားမှာတော့ စားရမည့်စားစရာတွေတစ်ပုံကြီးနှင့်သောက်ရမယ့်ဆေးတွေလည်းရှိသည်။သို့သော် ချစ်ရိပ်လက်ဖျားလေးနှင့်ပင်မတို့ထိဘဲ တမင်ကိုဆန္ဒပြနေခြင်းပင်။


အစေခံဟုထင်ရသည့်အမျိုးသမီးတွေကတော့ အနားကိုရောက်လာကာ သူတို့ပြင်ပေးတာတွေစားဖို့ကိုပြောနေတယ်ထင်ရဲ့။ချစ်ရိပ်ကတော့နားမလည်သည်မို့ သူတို့မျက်လုံးနဲ့မျက်နှာအရိပ်ကိုကြည့်ပြီးသာ အကဲခတ်ရတယ်။ဗိုက်တွေလည်းဆာပါတယ်။အစားအသောက်အနံ့လေးတွေကလည်း မွှေးလွန်းတယ်။


ဒါပေမဲ့စားလို့တော့မဖြစ်သေးဘူးလေ

ဒီလူကြီးကိုဆန္ဒပြရမယ် ဟွန့်!


ညစ်ကျယ်ကျယ်အတွေးလေးနဲ့ပဲချစ်ရိပ်ထိုနေရာလေးမှထရပ်လိုက်ပါ၏။လူကနေမကောင်းသည်ကိုအစာမစား၊ဆေးမသောက်၍ တော်တော်တော့အခြေအနေမဟန်။တစ်ကိုယ်လုံးအားနည်းပျော့ခွေကာ ခေါင်းကတရိပ်ရိပ်နဲ့မူးနေသည်။သို့သော် ချစ်ရိပ်တို့ကဂျစ်ပြီဆို ဘယ်သူမှလိုက်မမီအောင်ဂျစ်တတ်သူမို့ တမင်တကာကိုအရွဲ့တိုက်ပြနေခြင်းဖြစ်၏။ဘာလို့ရယ်မသိ၊ချစ်ရိပ်တစ်ခုခုဖြစ်ရင် အဲ့ဒီ့လူကြီးကပစ်ထားမှာမဟုတ်မှန်းတော့ ယုံသည်။


အင်း!လူဆိုးတစ်ယောက်ကိုမှယုံနေမိတာ ချစ်ရိပ်ကပဲသတ္တိရှိလွန်းသည်လား။ထိုလူဆိုးကပဲ ယုံချင်စရာကောင်းလောက်အောင်တည်ကြည်နေတာလားတော့မသိပါချေ။


``Wow! မာဖီးယားရဲ့အိမ်ကနန်းတော်ကြီးလိုပဲ

ခမ်းနားလိုက်တာ´´


မှန်ချပ်ကြည်ကြည်လေးမှတစ်ဆင့်မြင်နေရသော နေရာတွေကြောင့် ချစ်ရိပ်တကယ်ပင်မျက်လုံးဝိုင်းလေးဖြင့်ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ချစ်ရိပ်ရှိနေသည်က တိုက်အမြင့်တစ်နေရာရှိ အခန်းကျယ်ဖြစ်ပြီး ဟိုးအရှေ့မှာမျက်စိတစ်ဆုံးမြင်နေရသည်က Lavenderပန်းခင်းကြီး။


``အယ်! အဲ့ဒါLavenderပန်းမဟုတ်လား

လှလိုက်တာ၊အရမ်းလှတယ်´´


မျက်လုံးလေးတွေအရောင်တောက်ကာ ဝမ်းသာအားရဖြင့်လက်ခုပ်လေးတောင်တီးမိရသည်က ချစ်ရိပ်ပါပင်။ချစ်ရိပ်ကLavenderပန်းကိုရော၊ခရမ်းရောင်ကိုပါ အရမ်းကြိုက်သည်။ထို့ကြောင့်မမျှော်လင့်ဘဲတွေ့လိုက်ရသောထိုပန်းခင်းကြီးထံအပြေးသွားကြည့်ချင်၍ အခန်းတံခါးဆီအပြေးသွားကာဖွင့်လိုက်တော့ တံခါးကဖွင့်မရပေ။


``ဟင်!ရလည်းမရဘူး´´


မကျေမနပ်ဖြင့်နှုတ်ခမ်းလေးစူမိကာ ခြေထောက်လေးကစောစောကမှန်ချပ်လေးအနားသို့ပြန်ဦးတည်လိုက်၏။အသေအချာပြန်ကြည့်မိတော့ ခြံကျယ်ကြီးထဲမှာ အစောင့်တွေလည်းများသည်။ခြံကြီးက တမျှော်တခေါ်ခမ်းနားနေ၍ဘယ်နေရာစပြီး ဘယ်မှာဆုံးတယ်မသိ။ခြံတံခါးဆိုတာလည်းဘယ်မှာရှိသည်မသိ။အိမ်ကိုပတ်လည်ကာရံထားသည့် အုတ်တံတိုင်းကြီးကလည်း မြင့်လွန်းသည်။ပြောရရင် ဒီနေရာကအပြင်ဘက်လောကနဲ့စည်းခြားထားသည့် သီးခြားနယ်နိမိတ်တစ်ခုလိုပင်။ချစ်ရိပ်ရှိနေသည့်ဘက်နှင့်ဆက်လျက်မှာတိုက်ကြီးတစ်ခုထပ်ရှိပြီး ရှေ့ဘက်မှာတော့စောစောကပန်းခင်းကြီးကိုသာမြင်ရသည်။သေချာတာကတော့ ဒီနေရာဟာ ရဲတိုက်ကြီးတမျှခမ်းနားလွန်းပါသည်။


``အာ! မူးလိုက်တာ

ငါ့ကို ဘယ်နှဆင့်မှာများထားတာလဲ

ရှေးခေတ်ပုံပြင်တွေထဲကလို ခုနစ်ဆောင်တိုက်ခန်းများရောက်နေသလားပဲ´´


မဖြစ်သေးဘူး။ဒီနေရာကဘယ်လောက်ပဲ လှပခမ်းနားပါစေ...ဒီမှာအချိန်ကုန်ခံလို့တော့မဖြစ်ပါ။ဒီနေရာကနေ ချစ်ရိပ်ကျိန်းသေလွတ်မြောက်မှဖြစ်မှာ။သူကလွယ်လွယ်နဲ့လွှတ်ပေးဖို့လမ်းမမြင်မှတော့ ကိုယ့်ဘာသာပဲကြံဖန်ရမှာပေါ့။


ကြံစမ်း! ကြံစမ်း!

ငါဘာလုပ်ရမလဲ?


မေးစေ့လုံးလုံးလေးကိုလက်ဖြင့်ပွတ်ကာ ဖြူဖျော့နေသောနှုတ်ခမ်းပါးလေးအား ခပ်နာနာဖိကိုက်၍အကြံတွေထုတ်နေမိပါသည်။မဟုတ်မဟပ်ပေါက်တတ်ကရအကြံမှန်သမျှ ချစ်ရိပ်ဖန်ဆင်းရဲ့ဦးနှောက်ကအလိုလိုထွက်သည်။ဒီတစ်ခါကတော့ ဘဝနဲ့ဆိုင်သည်မို့ အသေအချာတွေးဖို့လိုသည်။


``ထွက်ပြေးတာတော့ဟုတ်ပါပြီ

ငါ့မှာပိုက်ဆံလည်းမရှိတော့ဘူး၊ရဲသွားတိုင်ရင်တောင် ရဲစခန်းသွားစရာစရိတ်မရှိဘူး...အီး!ဟီး!ငါလေးသနားဖို့ကောင်းလိုက်တာ´´


``.....´´


``မဖြစ်ဘူး၊မဖြစ်ဘူး

အရင်ဆုံးပိုက်ဆံရှာရမယ်၊ဒါနဲ့သူ့လူတွေဆီကကပ်တောင်းလည်း ပေးမှာမဟုတ်လောက်ဘူးရယ်...

ဒီလူကြီးရဲ့အခန်းကဘယ်မှာပါလိမ့်´´


လူကတထိုင်တည်းနဲ့ကိုအတွေးပေါင်းစုံပတ်ချာလည်နေ၏။ချစ်ရိပ်ဒီအိမ်ကအန္တရာယ်ကင်းကင်းထွက်သွားနိုင်ဖို့အတွက် အရငိဆုံးဟိုလူကြီးရဲ့ယုံကြည်မှုကိုရမှဖြစ်မည်။သူ့ယုံကြည်မှုကိုရမှ ဒီအိမ်ထဲမှာလွတ်လွတ်လပ်လပ်သွားလာလို့ရမည်မဟုတ်လား။ဒါမှလည်း ချစ်ရိပ်ပိုက်ဆံရှာလို့ရမှာလေ။အဲ့တော့ ဒီအိမ်ထဲမှာ ထင်သလိုသွားလာနိုင်မယ့်အလုပ်ကဘာလဲ??ဘာဖြစ်မလဲ??


ခေါင်းလေးစောင်းငဲ့ကာအသေအချာစဥ်းစားနေပြီးနောက် အကြံတစ်ခုကလက်ခနဲခေါင်းထဲရောက်လာစဥ် ပါးချိုင့်လေးခွက်ဝင်သည်အထိ နှစ်နှစ်ကာကာပြုံးလိုက်မိ၏။


``အိုခေ! ဟုတ်ပြီကွ´´


~~~~~ 🍭 ~~~~~


``တီ!´´


မြင့်မားလှသည့်သံတံခါးအနက်ရောင်ကြီးရဲ့ရှေ့၌ကားရပ်သည်နှင့် Auto Controlစနစ်ရှိသောတံခါးနှစ်ချပ်ကပွင့်သွားခဲ့၏။ထို့နောက် အနက်ရောင် ကားသုံးစီးကဆက်တိုက်ဆိုသလိုမောင်းဝင်လာခဲ့ပြီး အလယ်နေရာရှိကားမှ ဆင်းလာသည့်သူ့အား အိမ်ရဲ့အစေခံနဲ့တာဝန်အသီးသီးရှိသူအကုန်လုံး ဦးညွှတ်နှုတ်ဆက်လေ၏။


သူကတော့ ဘယ်ကိုမှမကြည့်ဘဲအိမ်ထဲဘက်သို့သာလှမ်းဝင်လာခဲ့ပြီးနောက် အရင်ဆုံးသတိတရမေးမိသည်က...


``ကလေးအဆင်ပြေရဲ့လား

ကိုယ်ပူတာရောဘယ်လိုနေလဲ´´


``သူကနည်းနည်းခေါင်းမာပါတယ်

ကျမတို့ဘယ်လိုပဲချော့ချော့ တစ်နေကုန်ဘာမှစားမထားပါဘူး၊ဆေးလည်းမသောက်ဘူး´´


``ဘာ!!´´


ကြားလိုက်ရသည့်စကားကြောင့် အကြည့်စူးစူးတို့ကထိုမိန်းကလေးဆီကျရောက်သွားရသည်။


``ကလေးတစ်ယောက်ကိုတောင်အဆင်ပြေပြေမချော့နိုင်ဘူးလား၊မင်းတို့တော်တော်အသုံးမကျတာပဲ´´


``ဟို! သူကလည်း ကျမတို့စကားကိုမပြောတတ်ဘူးထင်တယ်...အဲ့...အဲ့ဒါကြောင့်´´


``ထားလိုက်တော့

အခုစားစရာအသစ်သွားယူပြီး နောက်ကလိုက်ခဲ့´´


ပြောပြီးသည်နှင့်သူ့ခြေလှမ်းတို့က ဂျစ်တူးရှိရာအခန်းဆီသို့ပဲဦးတည်လိုက်သည်။နေလည်းမကောင်းဘဲ အခုချိန်အထိအဆာခံကာဂျစ်နေသည့်ကလေးငယ်ကို စိတ်တွေလည်းတိုပါသည်။လူကဒီလောက်ဖျားနေတာ ဆေးမသောက်ရင်မဖြစ်တာကိုကွာ...ဒီကလေးကတော့...


``ဂျစ်တူး´´


စိုးရိမ်တကြီးခေါ်သံနဲ့အတူအခန်းတံခါးကိုဖွင့်ဝင်လိုက်တော့ ခုတင်ထက်ဒူးလေးပိုက်ကာထိုင်ပြီး ထိုဒူးပေါ်သို့မျက်နှာလေးပါမှောက်တင်၍ငြိမ်သက်နေသည့် သူမ...။ပထမတော့ သူဒီအတိုင်းသာမန်ကြည့်လိုက်ပြီး နောက်မှသတိထားမိသည်က တစ်ချက်တစ်ချက်မှာ သူမရဲ့ကျောပြင်သေးသေးလေး တသိမ့်သိမ့်လှုပ်ခတ်နေသည်ကိုပင်။


မဟုတ်မှ...၊ဒီကလေးငိုနေပြန်တာလား။


``ကလေး!´´


ခါတိုင်းနှင့်မတူ၊နူးညံ့စွာခေါ်လာသည့်နာမ်စား ကလေးတဲ့!ထို့နောက် ခပ်သင်းသင်းနဲ့ပြင်းရှတဲ့ကိုယ်သင်းနံ့ကချစ်ရိပ်ရဲ့အနီးသို့ရောက်လာကာ မွေ့ယာဘေးနေရာလွတ်က အိခနဲဖြစ်သွားသည်ကိုခံစားရသည်။သို့သော်လည်း ချစ်ရိပ်မျက်နှာလေးကိုတော့ သူမမြင်အောင်ဝှက်ထားကာ ကျိတ်ပြီးရှိုက်နေလိုက်၏။ထိုစဥ် သူ့လက်တစ်ဖက်ကချစ်ရိပ်ရဲ့ဆံနွယ်လေးတွေပေါ်ဖွဖွပွတ်သပ်ပေးလာပြီး...


``ငို နေ တာလား

ဘာဖြစ်လို့လဲကွာ

ခေါင်းတွေကိုက်လို့လား?

ကိုယ့်ကိုကြည့်! ဒီကိုကြည့်ပါဦးကွ´´


``အဟင့်!ဟင့်!´´


မျက်နှာလေးကိုလိုက်ငုံ့ကြည့်ကာ အသာယာဆုံးလေသံဖြင့်ချော့ပြောလေမှအီခနဲငိုချလိုက်တာမို့ ဒီလူကြီးမှာထိတ်ထိတ်ပျာပျာ။တစ်သက်နဲ့တစ်ကိုယ် ကလေးမချော့ဖူးပါဘူးဆိုခါမှ တစ်ခါချော့မိရုံနဲ့ပိုငိုပြရသလား။


ချော့တဲ့နည်းကမှားသွားတာလား??


Oh God! ဒီဂျစ်တူးလေးကိုနားလည်ဖို့က စီးပွားရေးprojectပေါင်းများစွာထက် ပိုခက်ခဲလေစွ။


``ဘာဖြစ်လို့လဲ

ကိုယ့်ကိုပြောလေ၊ဒါမှကိုယ်သိရမှာပေါ့´´


``ဦး!´´


နားကြားတွေမှားသလားတောင်ထင်ရပါသည်။ကိုယ့်စကားဆုံးသည်နှင့် ဆတ်ခနဲဆိုမျက်နှာလေးမော့လာကာ မျက်ရည်အရွှဲသားပြည့်အိုင်နေသည့်မျက်ဝန်းလေးဖြင့်ကြည့်ရင်း ခေါ်လာသည့်နာမ်စားက `ဦး´ဆိုပဲ။ဒီလိုအားကိုးတကြီးခေါ်ငင်မှုကိုခံရတာ ဒါဒုတိယမြောက်အကြိမ်။အသည်းအိမ်တစ်ခုလုံးဝယ် နွေးပျသောခံစားမှုလေး တငြိမ့်ငြိမ့်၊တသိမ့်သိမ့်ဖြတ်စီးလာပြန်သည်ကလည်း ဒုတိယအကြိမ်။သူမနှုတ်ဖျားလေးမှ ထိုနာမ်စားခေါ်ထွက်သည်နှင့်ဒီရင်မှာကြည်နူးမှုတစ်သိန်းဖြာဝေနေလေပြီ။


ဟော!နှုတ်ခမ်းတွေကပါ မစေခိုင်းရပါဘဲ သူ့အလိုလိုကွေးညွှတ်ကုန်၏။


ရူးနေပြီ...။

ခိုက်ရန်ရှင်း မင်းရူးနေပြီ။


အသက်၃၀နီးပါးဒီအရွယ်မှာတောင် ခံစားချက်ကိုအထိန်းအကွပ်မဲ့စွာထုတ်ပြမိနေတာ တကယ်လွန်ပါပြီ။


``အဟင့်!ဦးသိလား

စောစောကလေ...ဦးပြန်မလာခင်တုန်းကချစ်ရိပ်ကြောက်ဖို့ကောင်းတဲ့အိပ်မက်မက်ခဲ့တယ်´´


``ဟုတ်လား

အဲ့ဒါကကွာ...ကလေးကနေမကောင်းတော့ဒီလိုပဲစိတ်ထင်ရာတွေအိပ်မက်ထဲရောက်တတ်တာမျိုးပါ။ရေရောသောက်ပြီးပြီလား´´


``ဟုတ်

ဒါပေမဲ့အဲ့ဒါအိပ်မက်မဟုတ်ဘူး ဦးရဲ့

ချစ်ရိပ်တကယ်ကြုံခဲ့တာတွေ´´


``ဘယ်လို´´


``ဟုတ်တယ်

ဦး ချစ်ရိပ်အကြောင်းဘာမှမသိပါဘူး´´


``အင်းလေ မသိလို့ကိုယ်မေးခဲ့သားပဲ

မင်းမှမပြောပြတာ´´


``ဒါဆိုအခုပြောပြမယ်

ဦးသိချင်သေးလားဟင်´´


မျှော်လင့်တကြီးမျက်ဝန်းလေးဖြင့်ကြည့်ကာမေးလာစဥ် သူ့ရင်တွေလည်းတဒိတ်ဒိတ်ခုန်သွားခဲ့ရ၏။သူမရဲ့ဘဝအကြောင်းကို နောက်ကွယ်ကနေမသိအောင်စုံစမ်းခဲ့တာထက် သူမလေးကိုယ်တိုင်ပြောပြတာကို သူနားထောင်ချင်သည်။ဒီလူကြီးကိုအရေးတယူလုပ်ကာ ခေါင်းမာမာနဲ့လျှို့ဝှက်ထားခဲ့သော သူ့အကြောင်းတွေကိုပြောပြမယ်ဆိုလာ၍ ကျေနပ်စွာပြုံးရင်း ခေါင်းကိုဆတ်ခနဲညိတ်ပြလိုက်လျှင် သူမကချက်ချင်းဆိုသလိုမျက်နှာလေးညိုးကျသွားကာ သူ့လက်မောင်းပေါ်သို့နဖူးလေးဖြင့်လာထိ၏။ပြီးနောက် သနားစဖွယ်အသံလေးဖြင့်ပြောလာသည်က...


``တကယ်တော့ချစ်ရိပ်ကအရမ်းသနားဖို့ကောင်းတဲ့ကလေးတစ်ယောက်ပါ´´


``သြော်!ဟုတ်လား´´


စကတည်းကလွဲနေသလိုပင်။ထားပါ၊ဆက်ပြီးနားထောင်ကြည့်တာပေါ့။


``ချစ်ရိပ်ကအရမ်းကိုနွမ်းပါးတဲ့မိသားစုကနေလာခဲ့တာလေ၊ဘဝကအရမ်းခက်ခဲလွန်းလို့ ရသမျှအလုပ်လေးတွေလုပ်ရင်းကျောင်းတက်နေရတာ´´


ထပ်ပြောလာသည့်စကားတွေကြောင့် ခိုက်မျက်မှောင်ကြီးကျုံ့သွားရပြန်သည်။လွဲနေပြီ...။သူမ သူ့ကိုထပ်ပြီးလိမ်ပြန်လေပြီ။သူမအကြောင်းကိုကြိုမသိထားခဲ့ရင်တောင် ခြေဖဝါးနုနု၊လက်ဖဝါးနုနုနဲ့ နည်းနည်းမှအကြမ်းမခံဘဲ တစ်ကိုယ်လုံး နို့ခဲလေးလိုနုဖတ်ဖြူဥနေတဲ့ဒီပုံစံ၊ဒီအနေအထားဟာ သူမရဲ့ဇာတ်ညွှန်းနဲ့နည်းနည်းမှမကိုက်ညီ၍ယုံချင်စရာကိုမရှိ။အခုကျ ကိုယ်ကလည်းသူမအကြောင်းသိထားခဲ့ပြီးပြီမို့ ရင်ထဲအသည်းတွေကလိကလိနဲ့ လူလိမ်ပေါက်စနကို ခပ်ကြမ်းကြမ်းနမ်းပြီးသာ ပညာပေးပစ်လိုက်ချင်၏။


ထားပါလေ။ဒီလိုလိမ်ညာနိုင်ဖို့သူမလေးတစ်နေကုန်အကြံထုတ်ကာ တွေးထားရသည်မဟုတ်လား။


စိတ်ချမ်းသာပါစေတော့...။

သူမလေးကျေနပ်ပြီးစိတ်သက်သာနေမယ်ဆိုရင် ကိုယ်ကလည်းပျော်ပျော်ကြီးအလိမ်ခံပေးလိုက်မှာမို့...။


သိတယ်မဟုတ်လား။ဒီလူသားကဘဝတစ်လျှောက်နှစ်၃၀နီးပါးတည်ငြိမ်ခဲ့သလောက် အခုရက်ပိုင်းမှာမှ ပိုးစိုးပက်စက်ရူးသွားတာလေ။


``ဟင့်!´´


``အေး! အေး!မငိုပါနဲ့ကွာ

ကိုယ့်ကိုဆက်ပြောပြပါဦး´´


``အဲ့ဒါချစ်ရိပ်အလုပ်တစ်ခုရှာနေရင်း လူလိမ်တစ်ချို့နဲ့ဆုံခဲ့တယ်၊တကယ်တော့ ချစ်ရိပ်ကဒီနိုင်ငံကိုလာချင်လို့လာခဲ့တာမဟုတ်ပါဘူး´´


``ဒါဆိုဘယ်လိုလုပ်ပြီးရောက်လာခဲ့တာလဲ´´


``လူကုန်ကူးခံရလို့ရောက်လာခဲ့တာပါ´´


``ဘယ်လို!!´´


အသည်းယားလွန်းပြီး ဟက်ခနဲရယ်မိတော့မည့်နှုတ်ဖျားကိုမနည်းကြိုးစားထိန်းချုပ်လိုက်ရ၏။သူမလေးကတော့ သနားစဖွယ်ဖျော့တော့သောအသံလေးဖြင့် ဘဝဇာတ်ကြောင်းကိုတခုတ်တရရှင်းပြလို့နေသည်။


အဟင်း!ဖြစ်ရလေ ဘေဘီရယ်၊မျိုးစုံကိုတတ်နိုင်လွန်းပါပေတယ်။မင်းက တကယ်ကို ဆိုးလွန်းတဲ့ကလေးလေးပဲကွ။


``အဲ့တော့ ဦးပြောကြည့်လေ

ချစ်ရိပ်လေးကသနားဖို့ကောင်းလား၊မကောင်းဘူးလား´´


လက်မောင်းကအင်္ကျီစလေးကိုတလှုပ်လှုပ်လာဆွဲကာ မေးနေရင်းသနားစဖွယ်မျက်လုံးလေးဖြင့်လည်း လူကိုမော့ကြည့်သေး၏။သို့နှင့် သူလည်း ရယ်ချင်ပက်ကျိရုပ်ကိုအဖတ်ဆယ်လျက် ချစ်စဖွယ်မျက်နှာသေးသေးလေးထံငုံ့ကြည့်၍ ပြန်ဖြေပေးခဲ့သည်မှာ...


``အင်း!ဟုတ်ပါ့

ချစ်ရိပ်ဂျစ်တူးလေးက သနားဖို့ကောင်းလိုက်တာကွာ´´


တကယ်ပင်သနားသလိုလေးငုံ့ကြည့်ကာဆိုလာသည်မို့ ထိုအပြုအမူကြောင့်ချစ်ရိပ်ကတော့မျက်လုံးလေးအရောင်တောက်သွားရသည်။


ဟုတ်ပြီ။အောင်မြင်ပြီ။

အဟင်း!တစ်ခုပြီးပြီဆိုတော့ နောက်တစ်ဆင့်တက်ရမှာပေါ့။


သို့နှင့် ကိုယ့်ပြောစကားကို သူတကယ်ယုံသွားပြီအထင်ကြောင့် ချစ်ရိပ်ဝမ်းသာအားရဖြင့်ထိုလူကြီး၏လက်ဖဝါးတစ်ဖက်ဆီ အားကိုးတကြီးဆုပ်ကိုင်လိုက်ကာ ထပ်၍အဆင့်တက်ပူဆာခဲ့သည်က ဤရွေ့ဤသို့...။


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၈ဆက်ပါမည်။


ချစ်သည်းတို့အတွက်တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)


rate now: