🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭
(Or)
ဂျစ်တူးရဲ့ `ဦး´
========== ♡ အခန်း ၆ ♡ ==========
လေပြေအေးအေးလေးတွေ တဖြူးဖြူးတိုက်ခတ်နေသော ရပ်ဝန်းတစ်ခု၌ ခြေစုံလေးရပ်နေမိသူက ချစ်ရိပ်...။ဘေးပတ်ဝန်းကျင်သည်လည်း ငြိမ်သက်တိတ်ဆိတ်လျက်ရှိကာ ရေလှိုင်းတွေတဝုန်းဝုန်းရိုက်ခတ်နေသည့်အသံကို ခပ်လှမ်းလှမ်းတစ်နေရာဆီမှကြားနေရသည်။ဖိနပ်လည်းမပါသောခြေဖဝါးနုနုလေးတွေအောက်မှာရှိနေသည်က နွေးထွေးနူးညံ့သောသဲပွင့်ကလေးတွေ...။
``ဘုရားရေ!ချစ်ရိပ်ဘယ်နေရာကိုရောက်နေတာပါလိမ့်´´
စိမ်းသက်နေသည့်ပတ်ဝန်းကျင်အား မျက်လုံးပြူးလေးဖြင့်လိုက်ကြည့်နေမိရင်း ရေလှိုင်းသံတွေရှိရာဆီသို့ တရွေ့ရွေ့ဆက်လျှောက်လာခဲ့သည်။ထိုစဥ်ခပ်လှမ်းလှမ်းတစ်နေရာ၌တွေ့လိုက်ရသည်က လှပလွန်းသည့်ပင်လယ်ပြာကြီးတစ်ခု...။ပြီးတော့ ထိုပင်လယ်ရဲ့ရေလှိုင်းတွေထဲ ပျော်ရွှင်ဆော့ကစားနေသောပုံရိပ်လေးတွေကြောင့် ချစ်ရိပ်ခြေလှမ်းလေးရပ်တန့်လို့သွားမိ၏။
``သမီးလေး အရမ်းမပြေးရဘူးလေ
လာ! မာမီ့ဆီလာ´´
``မာမီ!!´´
တကယ်ပင် ချစ်ရိပ်တွေ့နေရသည့်ပုံရိပ်လေးကမာမီ။ထို့အပြင် မာမီရှေ့ကနေ တခစ်ခစ်ရယ်ရင်းပြေးလွှားဆော့ကစားနေသည့်ကလေးငယ်က ချစ်ရိပ်...။ဘာလဲ! ဘယ်လိုကြောင့် ချစ်ရိပ်သေးသေးလေးကဟိုမှာရှိနေတာလဲ?
နားမလည်စွာငေးကြည့်နေမိစဥ်မှာပဲ ပြေးလွှားနေသည့်ထိုနှစ်ယောက်ရဲ့အနောက်သို့ ပုံရိပ်တစ်ခုထပ်ရောက်လာပြီး...
``ပေါက်စလေးတွေ အရမ်းဆော့တာပဲကွာ
ဒီကိုလာဦး၊အုန်းရည်သောက်ရအောင်´´
``ဒယ်ဒီ!!´´
နံဘေးမှာရပ်နေသည့်ချစ်ရိပ်ကိုပင်မြင်ကြဟန်မတူပါ။အရင်လိုပျော်ရွှင်နေဆဲ ထိုမိသားစုလေးဟာ ချစ်ရိပ်နဲ့ဘာမှမသက်ဆိုင်သည့်အလား။
``ဟင့်! ဟင့်! မဟုတ်ဘူးလေ
ချစ်ရိပ်ကဒီမှာပါ´´
ကြည့်နေရင်းမှပင် ရင်ထဲလှိုက်တက်ဝမ်းနည်းလာရပါ၏။သို့နှင့် ထိုအနားလေးသို့ဆက်ပြေးသွားကာ ရင်ဘတ်ပေါ်လက်လေးဖြင့်ဖိရင်း အော်ပြောမိလည်း အသံကကျယ်ကျယ်မထွက်ဘဲ ပူလောင်ခြောက်သွေ့သောလည်ချောင်းဝ၌ ဆို့နင့်ပျောက်ကွယ်သွားခဲ့စဥ် ဒယ်ဒီနဲ့မာမီကလည်းကလေးလေးကိုနှစ်ယောက်အလယ်ထား၍ လက်တစ်ဖက်စီမှဆွဲကာ ချစ်ရိပ်ရှိရာဘက်ကိုကျောခိုင်းထွက်သွားလေ၏။
``ဒယ်ဒီ! သမီးကိုချစ်လား´´
``ချစ်တာပေါ့ဗျ၊ဟောဒီ့ကလေးပေါက်လေးကဒယ်ဒီ့ရဲ့အသည်းအသက်လေး´´
``ဒါဖြင့်အဆိုးကရော´´
``အင်း! ဟောဒီ့ကလေးလေးကတော့ ကိုကို့ရဲ့အချစ်ရဆုံး ချစ်သည်းရှင်လေးပါခင်ဗျာ´´
``အဟင်း! ဟင်း!
ချစ်ဖို့ကောင်းလိုက်တာတာရှင်´´
``ဟုတ်တယ်၊ဟုတ်တယ်
ချစ်ရိပ်ရဲ့ဒယ်ဒီကချစ်ဖို့ကောင်းတယ်´´
``အဟွန်း!လူလည်မလေးတွေ´´
ရယ်ကာမောကာပြောဆိုထွက်ခွာသွားသည့်ပုံရိပ်လေးတွေဟာ ချစ်ရိပ်နဲ့တဖြေးဖြေးဝေးကွာသွားခဲ့သည်။သို့လျှင်ပဲ အပြေးတစ်ပိုင်းခြေလှမ်းလေးဖြင့် ထိုပုံရိပ်တို့နောက် လိုက်ခဲ့မိရင်း ကျန်ခဲ့ရမှာစိုးသည့်စိတ်ကြောင့် ဝမ်းပမ်းတနည်းရှိုက်ငိုနေမိ၍...
``အဟင့်! ဟင့်!
ဒယ်ဒီ!...ဒယ်ဒီ! သမီးကိုမထားခဲ့ပါနဲ့...ဟင့်!´´
တိတ်ဆိတ်နေသောညနက်နက်ထဲငိုရှိုက်သံလေးပျံ့လွင့်လာ၍ သူ့မျက်လုံးတို့ ဆတ်ခနဲပြန်ပွင့်သွားရသည်။သူမရဲ့ခုတင်ဘေးဘောင်ပေါ်လက်ထောက်လျက်ခဏလေးမှေးမှိတ်အိပ်ပျော်သွားမိ၍ ခိုက် ယခုအချိန်ထိ သူမအခန်းကနေမပြန်ရသေးပေ။သို့နှင့် နံဘေး၌အိပ်ပျော်နေသည့်ကလေးထံငုံ့ကြည့်မိတော့ နိုးနေသည်လည်းမဟုတ်။အိပ်မက်ယောင်ရင်းငိုရှိုက်နေခြင်းပင်။
``ဟင့်!´´
ဘာတွေကိုအိပ်မက်မက်နေတယ်မသိ။သူမမျက်နှာလေးကတော့တကယ်ကို ဝမ်းနည်းနေသလိုမို့ သူ့မှာဘာလုပ်ပေးရပါ့။နှိုးလိုက်ရင်လည်း အိပ်နေတာလေးအနှောင့်အယှက်ဖြစ်ပြီး ပြန်အိပ်မပျော်မှာစိုးသည်။ဒီအတိုင်းထားရင်လည်း ဆက်ငိုနေမှာကို သူမကြိုက်။
အလို! သူဘာတွေဖြစ်နေတာပါလိမ့်။
ခက်ခဲရှုပ်ထွေးလှတဲ့စီးပွားရေးprojectတွေကို အမှားအယွင်းမရှိကိုင်တွယ်လာခဲ့သူက အိပ်မက်ယောင်နေသူကို နှိုးရမလား၊ဒီအတိုင်းထားရမလားဆိုသော အသေးအမွှားကိစ္စလေးတစ်ခုရှေ့ ဒီလိုဝေခွဲရခက်နေသည်တဲ့လား။အတွေးတွေဆိုတာလည်း အနုစိတ်နေလိုက်တာများ အံ့သြဖို့တောင်ကောင်းလေစွ။
``ငါဘာတွေဖြစ်နေတာလဲ
အလုပ်ပင်ပန်းလို့များ စိတ်တွေမူမမှန်တော့တာလား?မဖြစ်သေးဘူး...ဆရာဝန်နဲ့တိုင်ပင်ကြည့်ဦးမှပါ´´
မျက်မှောင်ကျုံ့၍တွေးလျက်မှ သူထိုနေရာကနေထရပ်လိုက်သည်။ချာတိတ်ကိုလည်းနှိုးမနေဘဲ ဒီအတိုင်းသာထားခဲ့လိုက်မည်ဟုတွေး၍ ကျောခိုင်းလှည့်ထွက်လာပြီးနောက် အခန်းတံခါးဝသို့အရောက်၌...
``အဟင့်!ဟင့်!အီး!ဟီး!
ချစ်ရိပ်ကြောက်တယ်...´´
ဒီတစ်ခါငိုသံလေးကတော့ ပို၍ပင်ကျယ်လောင်လာခဲ့ပြီမို့ သူ့ခြေလှမ်းတို့တုံ့ခနဲရပ်သွားရသည်။ဒီလောက်ငိုနေမှဖြင့်မချော့လို့က မရချေဘူးပဲ။ဟူး!! ကလေးပိစိတွေဟာ တကယ်ကိုအလုပ်ရှုပ်တယ်။
ငြီးငြီးငြူငြူလေးတွေးလိုက်မိပုံက ကိုယ်ပဲကလေးဖခင်လိုလို။ကိုယ်ဆိုတာအလုပ်ကိစ္စမဟုတ်ရင်ဘာမှစိတ်မဝင်စားခဲ့သူမို့ ကလေးတွေနဲ့လည်းအနေမနီးဖူးတဲ့သူ။ဒါကြောင့် ကလေးတွေရဲ့အထာကိုမနပ်ဘူးဆိုပါတော့။ငိုနေရင်တောင် စိတ်ပြေအောင်ဘယ်လိုလုပ်ပေးရမယ်မှန်းမသိခဲ့သူဆီ အခုလိုအငိုသန်ပေါက်စလေးတစ်ယောက် ရောက်လာခဲ့တော့ မခက်ပေဘူးလား။
``ကျစ်!
ဘယ်လိုချော့ရတာပါလိမ့်!´´
``ဟင့်! ဒယ်ဒီ´´
သူဘာမှမပြောရသေးဘဲ မျက်နှာလေးကိုသာဂရုတစိုက်ငုံ့ကြည့်နေမိသည့်အခိုက် သူမကရုတ်တရက်ဆိုခန္ဓာကိုယ်လေးစောင်းလှည့်လာကာ သူ့လက်အားဖမ်းဆုပ်ပြီးရင်ခွင်ထဲပိုက်ထားလိုက်လေ၏။
ဒါကဘာလုပ်ရပ်လဲ?ဒယ်ဒီခေါ်ပြီးချွဲ့ချွဲ့နွဲ့နွဲ့လုပ်နေပုံထောက် လူကိုသူ့အဖေနဲ့မှားနေသည်ထင်ရဲ့။ကြည့်ရတာအဖေချစ်သမီးလေးပဲ။
``မင်းရဲ့မိဘတွေကိုသတိရနေတာလား ကလေးရယ်´´
မိဘနဲ့ဝေးကွာရတဲ့ခံစားချက်ကိုသူလည်းပဲသိနေတာမို့ ဝမ်းပမ်းတနည်းငိုနေရှာသည့် သူမလေးအားရင်ထဲအတိုင်းမသိ သနားသွားရသည်။ဘာကြောင့်မိဘအရိပ်ကနေကွဲလာရသလဲတော့ သူမသိပါလေ။သို့သော် လက်ရှိခဏလေးမှာသာအငိုတိတ်အောင်နှစ်သိမ့်ပေးချင်၍ လက်ကိုပြန်မရုန်းတော့ဘဲ နောက်လက်တစ်ဖက်ဖြင့်သာ သူမကိုယ်လေးကိုပွေ့ယူပြီး ရင်ခွင်ထဲထည့်ထားလိုက်မိ၏။
``ဒယ်ဒီ!´´
ရင်ခွင်ထဲဖက်ထားလိုက်သည်နှင့် သူမကလည်းအလိုက်သင့်လေးတိုးဝင်ကာ ရင်ဘတ်ပေါ်သို့ခေါင်းလေးဖြင့်ပွတ်သီးပွတ်သပ်တိုးဝှေ့နေပုံက တကယ့်ကြောင်ပေါက်လေးပမာ။ဒီနေရာမှာသူမအဖေသာဆိုရင်တော့ ကိစ္စရှိပါ့မလားလေ။အခုကအဖေမဟုတ်တဲ့ သူစိမ်းလူဖြစ်နေလေတော့ သူမပါးပြင်လေးကပ်ထားသည့် ရင်ခွင်အောက်ကနှလုံးသားဟာ မူမမှန်ဖောက်ပြားမှုတွေစတင်လာခဲ့ရဲ့။
``ဒုတ်! ဒုတ်!´´
ခုန်နေတယ်...။
ခုန်နေတယ်...အဆက်မပြတ်ပဲ။
ကလေးသာသာအရွယ်ရှိသေးတဲ့ ဒီချာတိတ်မလေးရဲ့ပြုစားမှုမှာ တည်ငြိမ်တဲ့အနေအထားရှိခဲ့ပြီးသောနှလုံးသားက ယိမ်းယိုင်လှုပ်ရှားနေခဲ့တယ်။
ဟား!! ရှက်စရာကောင်းလိုက်တာ ခိုက်ရန်ရှင်းရယ်...။
``အဟင့်!´´
``အေး!အေး! ဒယ်ဒီရှိတယ်နော်
မငိုပါနဲ့တော့ကွာ´´
ဒယ်ဒီရှိတယ်လို့ပြောလေမှ ရှိုက်သံလေးလျော့သွားကာ လက်လေးကသူ့ရင်ဘတ်ပေါ်တရွေ့ရွေ့လိုက်စမ်းနေပြန်၏။ထိုစဥ် လက်ဖဝါးနုနုလေးထဲ၌ အနီရောင်အစင်းကြောင်းရာတွေမြင်လိုက်ရသည်မို့ သူမျက်မှောင်ကြီးကျုံ့သွားမိရပြန်ကာ ထိုလက်လေးအားဖမ်းဆုပ်လျက် ဒဏ်ရာကိုအသေချာကြည့်လိုက်သည်။
အခန်းထဲအပိတ်ခံထားရစဥ်က တံခါးကိုဇွတ်အတင်းထုရိုက်ပြီး ငိုနေခဲ့ပုံပါပဲ။လက်ဖဝါးနုနုလေးမှာတချို့နေရာတွေလည်း ပွန်းပဲ့ပြီးတစ်ချို့ကညိုမဲဒဏ်ရာလေးတွေရှိနေ၍ လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း မျက်လုံးတို့ကတော့ ဒဏ်ရာလိမ်းဆေးရှာနေမိပြန်ပြီ။
ခုတင်းခေါင်းရင်းအံဝှက်ထဲမှလိမ်းဆေးTubeတောင့်လေးရှာတွေ့တော့ သူမလက်လေးပေါ်ဖွဖွလိမ်းပေးလိုက်ရင်း စိတ်ထဲလည်းမကောင်းမိ။တကယ်တော့ ဒါတွေဟာကိုယ့်ကြောင့်ပါပဲ။ဘာမှဆင်ခြင်တွေးဆခြင်းမရှိဘဲ ကလေးငယ်ငယ်လေးကို အမှောင်ခန်းမှာပိတ်ထားမိခဲ့သည်လေ။
``ဖြစ်ရလေကွာ၊မင်းကအရမ်းကိုနုနုယ်တဲ့ကလေးပဲကွ´´
``အင့်!´´
ကြည့်!အိပ်ပျော်နေရင်းတောင် ဂျစ်တိဂျစ်ကန်လုပ်တတ်သော ချာတိတ်က နာသွား၍လားမပြောတတ်၊ဆေးလိမ်းပေးနေသည့်လက်လေးကိုဆတ်ခနဲရုန်းလေ၏။
``နာသွားလို့လား? sorry´´
``.....´´
``ကျစ်!မဆိုးရဘူးလေကွာ
ခဏလေး! ခဏလေးနော်...ဒီနားလေးကိုတစ်ချက်လိမ်းမယ်´´
ဒီလိုနှင့်ပဲ တရှုံ့ရှုံ့ငိုနေသည့်ကလေးငယ်ကိုထွေးပိုက်ချော့မြူရင်း...၊ဒဏ်ရာကိုဆေးထည့်ကာအလုပ်တွေရှုပ်နေရင်းဖြင့် ထိုတစ်ညတာအားကုန်ဆုံးစေခဲ့၏။တကယ်ဆိုသူတို့နှစ်ဦးက ဆုံတာမကြာသေးသည့်သူစိမ်းတွေပါလေ။ဘာရယ်ကြောင့်များ အချိန်တိုအတွင်း ဒီကလေးလေးပေါ်နွေးနွေးထွေးထွေးပြုမူမိပြီး သူစိမ်းတစ်ယောက်လိုခံစားချက်မျိုးရှိမနေတာပါလိမ့်။လိမ္မာတဲ့အမျိုးလေးလည်းမဟုတ်ပါဘဲ ဂျစ်တိဂျစ်ကန်ပြောဆိုတတ်ပြီး၊စိတ်မထင်တိုင်းလည်းအော်ငိုတတ်တဲ့အပြင် ကိုယ့်ကိုပါမာဖီးယားအရူးရယ်လို့ ကျိန်ဆဲတတ်တဲ့ဂျစ်တူးလေးကိုမှ ဒီလိုသဲသဲလှုပ်ဂရုစိုက်မိသွားတဲ့အဖြစ်ဟာလည်း ရယ်တော့ရယ်ချင်စရာ။
ဒါတွေကို သူများတွေသိဖို့မပြောနဲ့၊လက်အောက်က ဟိုနှစ်ကောင်သိရင်တောင် တည်ကြည်ပြတ်သားလှပါတယ်လို့ခံယူထားတဲ့ ခိုက်ရန်ရှင်းရဲ့ဂုဏ်သိက္ခာတွေရေစုန်မျောတော့မှာ...။
ဟုတ်ပါတယ်၊ဒီပုံစံအတိုင်းနဲ့ဆို သူတော့ မကြာခင်မှာ လက်အောက်ငယ်သားတွေရဲ့တံတွေးခွက်ထဲ မှောက်လျက်မျောတော့မယ်ထင်ပါရဲ့။
~~~~~ 🍭🍭🍭🍭 ~~~~~
နံနက်ခင်းနေခြည်နွေးနွေးလေး မျက်နှာထက်ဖြာထွက်ကျဆင်းလာမှ မှိတ်ယှက်ထားသောမျက်ခွံလေးတွေလှုပ်လီလှုပ်လဲ့ပွင့်လာခဲ့၏။အနီးဝန်းကျင်ကိုသတိထားမိတော့ ချစ်ရိပ်က ခုတင်ကြီးတစ်ခုပေါ်၌ရှိနေခြင်းဖြစ်ပြီး လူတစ်ကိုယ်လုံးလှုပ်မရဘဲ ခပ်နွေးနွေးရပ်ဝန်းတစ်ခု၌ပိတ်မိနေသည့်ခံစားချက်က တစ်မျိုးကြီး။သို့နှင့် ချစ်ရိပ်ခေါင်းလေးထောင်ကာ ဟိုသည်လိုက်ကြည့်ရင်းမှ အပေါ်ဘက်သို့မော့ကြည့်မိလျှင်...
``ဟင်!´´
ရင်တွေပေါက်ကွဲမတတ်အခုန်မြန်သွားရသည်မှာ ခုတင်ခေါင်းရင်းဆီမီ၍ ချစ်ရိပ်ကိုထွေးဖက်အိပ်စက်နေသော ထိုလူကြီး၏မျက်နှာကြောင့်ပင်။
ဗုဒ္ဓေါ!
ဘာတွေဖြစ်ကုန်တာပါလဲ အရှင်ဘုရား။
တပည့်တော်ဂျစ်တူးကို ကံဆိုးစေချင်ရင်လည်းတော်ရုံပဲကောင်းပါရဲ့နော်။အသက်ကိုရင်းပြီး အခုလိုမျိုးမာဖီးယားရဲ့ရင်ခွင်ထဲအိပ်ခိုင်းရတယ်လို့...။
ဟူး!ကံကောင်းလို့ မိုးလင်းတာမြင်ရသေးတယ်။ဒါနဲ့နေပါဦး...ချစ်ရိပ်ကဟိုအခန်းကြီးထဲမှာရှိနေခဲ့တာမဟုတ်ဘူးလား။ဘယ်လိုလုပ်ပြီး ဒီလူကြီးကအနားရောက်နေပြန်တာလဲ?ပြီးတော့ လူကိုလာဖက်ထားလိုက်သေးရဲ့။ဒါဘယ်လိုတောင် အတင့်ရဲနေမှုကြီးလဲ?
နေနှင့်ဦးပေါ့၊နိုးလာမှ ချစ်ရိပ်ဖန်ဆင်းအကြောင်းကောင်းကောင်းသိရစေ့မယ်။
``ဟွန့်!´´
စိတ်ထဲမကျေမချမ်းတွေးလျက် သူ့ရင်ခွင်ထဲမှရုန်းထရန်ပြင်မိစဥ်မှာတော့ လက်တွေ့ကစိတ်ကူးလောက်အဆင်မချောခဲ့။ခပ်တင်းတင်းဖက်ထားသောသူ့လက်အားကို ချစ်ရိပ်ရဲ့အားသေးသေးလေးနဲ့ရုန်းမရသလို လူကအားနည်းပြီးလည်ချောင်းတစ်လျှောက်ခြောက်ကပ်ပူလောင်နေသည်။သို့သော်လည်း အလျှော့မပေးလိုသောစိတ်ဖြင့် သူ့ရင်ဘတ်ကြီးကို အတင်းထုရိုက်ရုန်းဖယ်မိ၏။
ဘယ်လိုပဲကြိုးစားပါစေ၊ရုန်းလို့ကလည်းမရပါ။ရရိုးရောရှိမလား?လူကိုစောင်ထုပ်ထဲထည့်လုံးထားတာက လုံလုံခြုံခြုံရယ်လေ...။ခြေဖျားကနေ ခေါင်းပေါ်အထိ လသားကလေးအနှီးထုပ်သလိုအလုံထုပ်ထားပြီး ထိုအပေါ်မှသူ့လက်တံရှည်ကြီးနဲ့သိမ်းဖက်ထားလေတော့ ဒီလူကောင်သေးသေးလေးက ထက်ပိုင်းပဲကျိုးတော့မယောင်နဲ့...။တကယ်ပဲ...သူ့ကိုယ်သူ ကိုယ်ဝန်သည်ကြီးမီးဖွားထားတယ်များမှတ်နေလား?ဘေးကကလေးပျောက်မှာ အဲ့လောက်ကြောက်နေတာ~
``အသားယူတဲ့လူကြီး
ဖယ်လို့ဆို´´
``....´´
``အား! ဒီလူကိုအော်ရတာလည်းခေါင်းကိုက်လိုက်တာ´´
နိုးလာသည်နှင့်အငြိမ်မနေစွာ အမျိုးစုံအောင်ပြောဆိုအော်ဟစ်နေသည့်ပေါက်စလေးအား ခိုက်ရယ်သာရယ်နေချင်သည်။ဘယ်လိုဖြစ်တယ်မသိ၊ဒီကောင်မလေး ဘာလုပ်လုပ်၊ဘာပြောပြော...နောက်ဆုံးကိုယ့်ကိုပဲကျိန်ဆဲနေသည့်တိုင် သူဘယ်လိုမှစိတ်ဆိုးမရပေ။ခါတိုင်းဆို ခိုက်ရန်ရှင်းကသည်လိုလူစားမဟုတ်ခဲ့ပါ။ဒီလိုကြမ်းတမ်းတဲ့အသုံးတွေ အပြောခံဖို့မဆိုထားနဲ့...အဆင့်မတူသူတွေက မျက်လုံးချင်းတောင်ဆုံအောင် ရင်မဆိုင်ရဲခဲ့တာလေ။
``လူဆိုးကောင်ကြီး
မထသေးဘူးလား?သေနေတာလား?´´
``ဖြေးဖြေးနှိုးပါကွာ
စောစောကမသေဘူး၊မင်းအော်မှလန့်ပြီးသေတော့မှာ...မင်းကအရမ်းအော်တာပဲ ဂျစ်တူးရာ´´
``မအော်စေချင်ရင် အခုဒီလက်တွေကိုလွှတ်´´
လွှတ်ဆိုပြီးရုန်းကန်နေတော့လည်း မျက်နှာကြီးပြုံးစစဖြင့် အသာတကြည်ပင် လက်တွေကိုဖြေလျော့ပေးလေ၏။သို့လျှင်ပဲ ချစ်ရိပ် စောင်ထဲပိတ်မိနေသည့် လက်လေးတွေထုတ်၍သူ့ထံ အားပါးတရရိုက်ပစ်ရန်ရွယ်လိုက်စဥ်...
``ဟင်!´´
မျှော်လင့်ထားသလို လက်ချောင်းလေးတွေမမြင်ရဘဲ လက်ထိပ်၌အဖြူရောင်အထုပ်ကြီးဖြစ်နေ၍ ချစ်ရိပ်မျက်လုံးလေးတွေဝိုင်းသွားရကာ...
``ဟိတ်လူ! အရူးမာဖီးယား
ဒါ...ဒါဘာတွေလုပ်ထားတာလဲ
ချစ်ရိပ်လက်တွေကိုဖြတ်ပစ်လိုက်တာလားဟင်´´
ရှင်းပြမယ့်စကားကိုပင်နားမထောင်။သူ့လက်တွေကိုပြန်ကြည့်ကာ မျက်နှာကငိုမဲ့မဲ့လေးဖြစ်လာပြန်၏။ကဲ!အမြဲတမ်း ငိုနေရမှကျေနပ်သူပဲထင်ပါရဲ့။ဒီလိုဆိုတော့ စေတနာပိုစွာပတ်တီးစည်းပေးထားမိတဲ့ကိုယ့်ကိုကိုယ်သာ အပြစ်တင်ချင်သွားမိတယ်။
ဟင်း! မင်းကတကယ်ကိုမလွယ်တာပဲ ဂျစ်တူးရယ်...။
``ဟင်လို့...
ဟိတ်လူ! မြန်မြန်ပြောလို့...ချစ်ရိပ်ရဲ့လက်လှလှလေးဘယ်ရောက်သွားလဲ´´
``အဟက်!အရူးပေါက်စလေး
မင်းလက်ကမင်းဆီမှာမရှိလို့ ဘယ်ရောက်ရမှာလဲ´´
``ဒါပေမဲ့ ဒီမှာမရှိဘူးလေလို့
အထုပ်ကြီးပဲရှိတယ်´´
``အဲ့ဒါမင်းလက်လေးဒဏ်ရာရနေလို့ ကိုယ်ပတ်တီးစည်းပေးလိုက်တာ...တစ်ခါမှမလုပ်ဖူးလို့နည်းနည်းမသပ်ရပ်ဘူးဖြစ်သွားတယ်´´
သူပြောမှ ချစ်ရိပ်ကိုယ့်လက်ကိုပြန်ကြည့်မိရပါ၏။ပတ်တီးစည်းထားတာတဲ့လား။ဒီလိုမျိုးလက်တစ်ခုလုံး ကောက်ညှင်းထုပ်လိုတုံးတိကြီးထုပ်ထားတာက ပတ်တီးစည်းတာ??
အမလေး!ဘုရားစူး ပတ်တီး...၊အကျိုးနည်းပတ်တီး။
``ဟင့်အင်း၊မလိုချင်ဘူး
ပြန်ဖြေပေး´´
``ထားလိုက်ပါကွာ´´
``မထားပါဘူး၊ဒီလက်တွေလွတ်မှရှင့်ကိုရိုက်ပစ်နိုင်မှာ´´
``ဒါဆိုပိုပြီးတောင်မလွှတ်ပေးသေးတယ်´´
``အေး!ရတယ်လေ
လက်မရှိလည်း...လာထား!´´
``ခွပ်!!´´
``အ!´´
တကယ်ကိုမထင်မှတ်လိုက်သောတိုက်ကွက်ပါပင်။လက်တွေမလွှတ်ပေးဘူးဆိုသည်နှင့် ခန္ဓာကိုယ်လေးကထိုင်နေရာမှဆတ်ခနဲကြွလာပြီး သူ့မေးဖျားဆီသို့ခေါင်းဖြင့်ဝင်ဆောင့်လေ၏။ရုတ်တရက်မို့ရှောင်တိမ်းချိန်မရလိုက်၍ ဒီကလေးငယ်ရဲ့အကွက်မှာအစင်းသားကြီးခံလိုက်ရသည့်အဖြစ်။
``ကျစ်!မင်းဘယ်လိုလုပ်လိုက်တာလဲ´´
``မှတ်ပြီလား
ချစ်ရိပ်ကလေ ကိုယ့်ကိုလာထိတဲ့သူမပြောနဲ့၊ကိုယ့်သူငယ်ချင်းကိုထိရင်တောင် အဲ့လူကိုခေါင်းရိုက်ခွဲပြီး ရဲစခန်းထိသွားဖူးတဲ့ သူ´´
``ကဲ!ကိုယ်ရည်တွေသွေးမနေပါနဲ့ကွာ
လာ...ကိုယ့်ကိုပြဦး၊ခေါင်းကနာသွားလား?
မူးသွားတော့မှာပဲ၊နေမကောင်းဘဲနဲ့...´´
``အမ်!´´
ဘယ်လိုပင်သူ့ကိုအော်အော်၊နာကျင်အောင်ပဲလုပ်လုပ် တစ်ချက်ကလေးမှစိတ်ဆိုးဟန်မပြတဲ့လူကြီးကြောင့် ချစ်ရိပ်အနည်းငယ်တော့အံ့သြသွားကာ သူ့မျက်နှာချောချောထံငေးနေမိ၏။ယခုလည်း သူ့ကိုနာကျင်အောင်လုပ်လိုက်သည့်တိုင် ချစ်ရိပ်ကိုပဲစိုးရိမ်တကြီးဖြင့် နဖူးပေါ်သို့လက်ဖြင့်ဖွဖွပွတ်ပေးနေလေရဲ့။
ဒီလိုပုံစံမျိုးက မာမီ့အပေါ်ဒယ်ဒီဆက်ဆံနေကျလိုမျိုးပဲ။ဒယ်ဒီက မာမီ့ကိုအရမ်းချစ်တာလေ...။ချစ်လို့အဲ့လိုအစစအရာရာဂရုစိုက်တာမဟုတ်လား။ဒါဆို ဒီလူကြီးကရောငါ့ကိုချစ်လို့လား??
ဟက်!စိတ်ကူးယဥ်မနေနဲ့
ရှင့်လိုမာဖီးယားအစုတ်ပလုပ်ကများ...
``ဘာတွေတွေးနေတာလဲ
ဗိုက်ဆာလို့လား´´
``ရှင်နာသွားသေးလား´´
``မနာပါဘူးကွာ
ထ! မျက်နှာသစ်လိုက်ဦး´´
``ဒါနဲ့ရှင့်ကိုမေးချင်တာရှိလို့´´
``အင်း! မေးလေ´´
``ရှင်...ချစ်ရိပ်ကိုစိတ်ဝင်စားနေတာလား´´
``အင်း!ဆိုပါတော့´´
မဆိုင်းမတွခေါင်းငြိမ့်ဖြေသည်မို့ ချစ်ရိပ်ဒေါသစိတ်လေးအကြီးအကျယ်ပေါက်ကွဲသွားရပါ၏။ကြည့်စမ်း!လွယ်ကူလိုက်တဲ့ ပုံစံ။လူကိုဘယ်လိုများသဘောထားနေတာလဲ။မရမကဖမ်းခေါ်ထားပြီး သူလိုရာအသုံးချဖို့ကြံနေတယ်ပေါ့လေ။
``ဘာဖြစ်လို့လဲ
ကိုယ်ကsingleပါ´´
``လာပြီးကြော်ငြာမနေနဲ့
ချစ်ရိပ်တို့ကအပေါစားတွေမဝယ်ဘူး၊ဟမ်း! တွေ့တာမှမကြာသေးတဲ့ ကလေးတစ်ယောက်ကိုစိတ်ဝင်စားနေတယ်ဆိုကတည်းက ရှင်ဆိုသည်မှာအညှာလွယ်လွန်းတယ်´´
``ဘာရယ်!!´´
``ဟုတ်တယ်လေ
ရှင့်လိုအသက်ကြီးတဲ့လူကြီးကိုများ ချစ်ရိပ်လိုနုနုငယ်ငယ်လေးကချစ်စရာလား၊ကြိုက်စရာလား...တကယ်ပဲ၊တော်တော်အညှာလွယ်တဲ့မာဖီးယား´´
``မင်း! မင်းသိပ်လွန်သွားပြီနော်ဂျစ်တူး
ဒီလိုရိုင်းစိုင်းတဲ့အပြောတွေကိုမင်းပါးစပ်ကထွက်လို့ကိုယ်သည်းခံပေးနေတာ...စိတ်မရှည်ချင်တော့အောင်လာမဆွနဲ့´´
ထိုစကားနှင့်အတူ သူကချစ်ရိပ်ရဲ့မျက်နှာအနားသို့တိုးကပ်လာပြန်ကာ မျက်လုံးချင်းဆုံစေလိုက်ပြီးနောက် သွေးရောင်လွှမ်းသောနှုတ်ခမ်းဖျားထက်မှ တစ်ခွန်းချင်းထပ်ဆိုလာသည့်စကားက...
``နားထောင်!
ကိုယ်အခုပဲဆုံးဖြတ်တယ်၊ကိုယ်ခွင့်မပြုဘဲ မင်းဒီအိမ်ကနေခြေတစ်လှမ်းတောင်အပြင်ထွက်ဖို့မစဥ်းစားနဲ့။မင်းက ကိုယ့်လိုအသက်ကြီးတဲ့လူကြီးတစ်ယောက်ကိုမချစ်နိုင်ဘူးလို့ဆိုလာမှတော့...ဟုတ်ပြီ၊ကြိုက်တယ်၊အဲ့ဒီစိန်ခေါ်မှုကို ကိုယ်လက်ခံတယ်´´
``ရှင်! ရှင်
ရှင်မညစ်နဲ့နော် ဦးမာဖီးယား´´
``သေချာတယ်
ကိုယ်ရွေးမယ့်သတို့သမီးက မင်းပဲ
မင်းဘယ်သူပဲဖြစ်ဖြစ်ရတယ်...ကိုယ့်ကိုမချစ်နိုင်ဘူးလို့ပြောတဲ့အတွက်ကို ပိုပြီးအပိုင်ရချင်တယ်၊စိတ်ချ!တစ်နေ့မှာ မင်းကိုယ့်လက်ကိုကျိန်းသေတွဲရမယ်´´
ထိုစကားကိုပြောပြီးနောက် သူကချာခနဲလှည့်ထွက်သွားလေ၏။တံခါးကိုလည်းဆောင့်ပိတ်သွားသည်မို့ အသံကျယ်ကြီးကြောင့် ချစ်ရိပ်ကိုယ်လေးလန့်တုန်သွားရသည်။သူ့ပုံစံကခါတိုင်းလိုမဟုတ်။ဒေါသထွက်နေတာတော့သေချာသည်။မျက်လုံးတွေကလည်း စူးစူးရဲရဲကြီးနှင့်ကြောက်ဖို့ကောင်း၏။
အယ်!အယ်! ဒီလူကြီးဒေါသထွက်နေတယ်။မဟုတ်မှ သူတကယ်ကြီးချစ်ရိပ်ကိုစိတ်ဝင်စားနေတာပဲ။အဟိ!ငါလေးစွံချက်ကွယ်၊မာဖီးယားဆီအဖမ်းခံထိတာတောင် သူကငါ့ကိုမရက်စက်နိုင်ဘဲကြွေနေသကိုး။
ဒါဆိုရင်တော့ ကိစ္စအားလုံးလွယ်ကူသွားပြီ။ဒီအိမ်ထဲကလွတ်မြောက်ဖို့ကို အကြမ်းနည်းသုံးစရာမလိုတော့ဘူးပဲ။
``အဟင်း!´´
ကိုယ့်အတွေးနှင့်ကိုယ်ကျိတ်ပြုံးမိပြန်ပါသည်။ကိုယ်ခွင့်မပြုရင် အိမ်ကမထွက်ရဘူးဟုတ်လား?ရှင်စောင့်ကြည့်လိုက်ပေါ့ ဦးမာဖီးယားရယ်...။ချစ်ရိပ်အပေါ်မကြမ်းတမ်းရက်တာကိုကရှင့်ရဲ့အရှုံးပဲ။ဒီအိမ်ကြီးကနေထွက်ပြေးနိုင်ဖို့နည်းကို ချစ်ရိပ်ကျိန်းသေရှာပြမယ် ဟွန့်!
~~~~~ 🍭🍭🍭🍭 ~~~~~
အခန်း >>> ၇ဆက်ပါမည်။
ချစ်သည်းတို့အတွက်တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာရည်ရွယ်ရေးသားသော...
WineSatt Cho(🍋Lëmoñ🍋)