book

Index 3

အခန်း ၃

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ အခန်း  ၃ ♡ ==========


ခပ်ဖြေးဖြေးနဲ့တရွေ့ရွေ့သွားနေသောခြေလှမ်းလေးရဲ့ဟိုးတစ်ဖက်မှာ စောစောကလူရှိနေဦးမလားတော့မသေချာပါ။နေရာကအနည်းငယ်မှောင်နေတော့ ကြောက်စိတ်လေးလည်းဝင်လာသား။သို့နှင့် ချစ်ရိပ်ဆက်မသွားတော့ဘဲ ရပ်လိုက်ကာ...


``မသွားတော့ဘူးဟာ

သူနဲ့ငါကသိတာလည်းမဟုတ်၊တော်ကြာသူကလူဆိုးဆိုဘယ့်နှယ်လုပ်မလဲ?ငါလေးပဲ ဒုက္ခရောက်ဦးမယ်´´


ဒီလိုတွေးမိတော့ ခြေလှမ်းကိုနောက်ကြောင်းပြန်လှည့်လိုက်ပါ၏။သို့သော်လည်း မပြတ်သားသောစိတ်က ဝန်လေးသလိုနှင့်တစ်မျိုးကြီး။သိတဲ့အတိုင်းတစ်ယောက်ယောက်ဒုက္ခတွေ့နေရင် မြင်တဲ့လူကကူညီဖို့မှမရှိတာ။ညနေကပဲ ချစ်ရိပ်ရဲ့ကိုယ်တွေ့လေ။ဒီလူက ဒဏ်ရာတွေအများကြီးရနေတဲ့ဟာ၊တွေ့လျက်သားနဲ့မကယ်ရင်ရော...ရိုင်းရာကျမနေဘူးလား။ဒီလိုနဲ့သူလမ်းပေါ်မှာသေသွားခဲ့ရင် ချစ်ရိပ်ကို သရဲကြီးလာခြောက်ရင်ဒုက္ခ။


ဟင်း! ဘာတွေတုန်းဟာ...


ထိုနေရာ၌ခြေစုံလေးရပ်ပြီး အတွေးတွေကျပ်နေရင်းပဲမိုးလင်းတော့မည့်အလား။လမ်းကတစ်ဖက်ပိတ်ကြီးမို့ ဒီလူက ဒီအနီးအနားတင်ပျောက်နေတာပါ။သို့ကြောင့်ပဲ ချစ်ရိပ်မျက်လုံးလေးက ဟိုသည်စူးစမ်းလျက်လိုက်ကြည့်နေစဥ်...


``ဟင်!´´


အခုမှအောက်ငုံ့ကြည့်မိတော့ သူသွားရာလမ်းတစ်လျှောက်သွေးစတွေတစ်စက်စက်ကျနေခဲ့သည်ပဲ။သို့နှင့် ချစ်ရိပ်ထိုသွေးစက်တွေကိုခြေရာခံကာ တရွေ့ရွေ့ဆက်လျှောက်လာခဲ့၏။စူးစမ်းတတ်သူပီပီ သူဘာဖြစ်လာခဲ့မှန်းလည်းသိချင်ရပြန်ပြီ။


``အ!

ကျစ်! ကျစ်!´´


``သြော့! ဒီမှာကိုး´´


သွေးစတွေအတိုင်းလိုက်လာခဲ့ပြီးနောက်ဆုံးမှာတော့ ချစ်ရိပ်ထိုသူ့ကိုရှာတွေ့သွားခဲ့၏။သူက လမ်းထောင့်အကွယ်၌ ခွေခွေလေးထိုင်နေကာ မျက်နှာကလည်းအတော်အခြေအနေဆိုးနေပေမယ့် သတိကတော့ရှိလွန်းသည်။အခုလည်းလူရိပ်တစ်ခုသူ့အနားရောက်သည်နှင့် တိုက်ခိုက်တော့မည့်အနေအထားဖြင့်ဆတ်ခနဲထလေသည်မို့...


``ဟေ့လူ!

ချစ်ရိပ်ကရှင့်ရန်သူမဟုတ်ဘူးနော်၊ရှင်ဒဏ်ရာရနေတာတွေ့လို့...ကူညီချင်လို့´´


လွယ်လင့်တကူပင်မြန်မာစကားနဲ့လှမ်းပြောလိုက်၍ သူကလည်းချစ်ရိပ်ထံခပ်စူးစူးကြည့်နေပါသည်။သို့သော်ဘာမှတော့ပြန်မပြောပေ။


``အာ!သူက ထိုင်းလူမျိုးထင်တယ်

ငါ ပြောတာနားလည်မှာမဟုတ်ဘူး´´


``ပြောပါ၊ကိုယ်နားလည်တယ်´´


ဒီအတိုင်းကြည့်နေသည့်ရုပ်တည်ကြီးထံမှ မြန်မာစကားထွက်လာ၍ ချစ်ရိပ်အံ့သြဝမ်းသာလေးဖြစ်သွားရသည်။ဒုက္ခရောက်နေစဥ်တစ်လျှောက်လုံးမှာ လူမျိုးတူချင်းတွေ့မှမတွေ့မိလေပဲ။ကြည့်စမ်း!ငါလေး ကံကောင်းချက်။


``ရှင်အဆင်ပြေရဲ့လား´´


``မင်းဒီနားအထိဘာလာလုပ်တာလဲ

မင်းလိုမိန်းမငယ်လေးက ဒီအချိန်လမ်းပေါ်မှာနေတာ အန္တရာယ်များတယ်´´


``ဟိုဟာ!ချစ်ရိပ်လည်းဒုက္ခရောက်နေလို့ပါ

အခုတောင်ရဲစခန်းသွားမလို့၊ရှင်လိုက်မလားဟင်´´


သူမရဲ့အမေးကြောင့် သူ့မှာရယ်ရအခက်၊စိတ်ဆိုးရလည်းအခက်။လူကိုကူညီချင်ပါတယ်ဆိုပြီး ရဲစခန်းခေါ်နေသည်တဲ့။ဒီကဘာကောင်လဲ သူမဖြင့်မသိပါဘဲလေ။


``မင်းကဘာဖြစ်နေလို့လဲ´´


``ချစ်ရိပ်ရဲ့အိတ် အလုခံရလို့

အဲ့ထဲမှာပိုင်ဆိုင်သမျှအကုန်ပါတာ´´


``မင်းက မြန်မာလူမျိုးလား´´


``ဟုတ်!ခဏလေးခရီးထွက်လာရင်းအခုလိုဖြစ်တာ...ဒါနဲ့ ဒါနဲ့ရှင့်ဒဏ်ရာကဘယ်လိုရတာလဲ?ဘယ်သူကရှင့်ကိုဒုက္ခပေးလိုက်တာလဲ´´


``မင်းသိဖို့မလိုပါဘူး၊သွားတော့

ဒီမှာကြာကြာရှိနေရင်မင်းကိုကိုယ့်ဘက်ကလူလို့ထင်သွားလိမ့်မယ်´´


``ဘယ်သူကထင်မှာလဲ´´


``သိဖို့မလိုဘူးလို့ ကိုယ်ပြောနေတယ်လေ´´


``ဒါဖြင့် ရှင်ဆေးခန်းမသွားဘူးလား

ရှင့်မှာပိုက်ဆံပါလားဟင်?ရှင်အပြင်ထွက်လို့မရဘူးဆို ချစ်ရိပ်ဆေးသွားဝယ်လာခဲ့မယ်လေ´´


တကယ်ပင် စိတ်လိုလက်ရပြောနေသည့်ဟန်ပန်လေးက ရင်ထဲကလာတဲ့စကားမှန်းအသိသာ။သူဆိုတာ တစ်သက်နဲ့တစ်ကိုယ်တစ်ယောက်တည်းပဲရှင်သန်ရုန်းကန်လာခဲ့သူမို့ စိတ်ရင်းနဲ့ဆက်ဆံပေးတဲ့သူကိုလည်းတွေ့ခွင့်ရဖို့အတော်ရှားပါးခဲ့တာ။ထို့ကြောင့်ပဲ မျက်စိရှေ့ကအဖြူထည်ကလေးမလေးရဲ့စကားသံ၌ ခေတ္တမျှငြိမ်သက်သွားမိကာ ချစ်စဖွယ်မျက်နှာလှလှလေးထံငေးစိုက်ကြည့်နေမိ၏။ထို့နောက် လမ်းဘေးနံရံကိုကျောမီကာ ခပ်ဖြေးဖြေးပြန်ထိုင်ချလိုက်သည်။ခေါင်းကတရိပ်ရိပ်မူးနေပြီး တစ်ကိုယ်လုံးလည်းနာကျင်နေပြီ။


``ရှင့်ကြည့်ရတာအဆင်မပြေတဲ့ပုံပဲ´´


``မင်းသွားချင်တဲ့ရဲစခန်းက ဒီကနေတစ်နာရီလောက်လမ်းလျှောက်မှရောက်မယ်၊ကားငှားသွားလိုက်...ကိုယ်ပိုက်ဆံပေးမယ်´´


``မဟုတ်ဘူးလေ

ပိုက်ဆံပါတယ်ဆို ရှင့်ဒဏ်ရာအတွက် ဆေးအရင်...´´


``ကိုယ့်ကိုမကူညီနဲ့၊

မင်းသွားတော့´´


``ဒါပေမဲ့...´´


``ကျစ်!ဘာလို့ဒီလောက်ပြောရခက်တာလဲကွာ

မင်းဒီလောက်ကူညီချင်နေတာ ကိုယ်ကလူဆိုးမှန်း၊လူကောင်းမှန်း မင်းမမေးတော့ဘူးလား၊ဒီလိုအချိန် ဒဏ်ရာအများကြီးနဲ့ထွက်ပြေးလာတဲ့လူက ကျိန်းသေလူကောင်းမဟုတ်ဘူး...မင်းသွားတော့´´


``ဟင်!ဒါဖြင့် ရှင်ကလူဆိုးလား´´


အံ့သြသလိုလေးမေးမိတော့ သူကမျက်နှာတည်ဖြင့်ခေါင်းငြိမ့်၏။မဖြစ်နိုင်လိုက်တာ၊ချစ်ရိပ်အထင်အရ သူ့ပုံစံကလူဆိုးနဲ့မတူဘူးလားလို့။


``ဘာပဲဖြစ်ဖြစ်ပါ၊ရှင်ကလူဆိုးဆိုလည်းဒီအချိန်မှာဒဏ်ရာရနေတာဆိုတော့ အားနည်းသူပဲ၊ရှင့်ကိစ္စကချစ်ရိပ်နဲ့မှမဆိုင်တာ´´


သြော်!ပြောရလည်းခက်ပါ့။သူဆိုလိုတာက ကူညီဦးမှာပဲဆိုတဲ့သဘောပေါ့။တကယ်စိတ်ရှည်ဖို့ခက်တဲ့ကလေးမလေးပါလားနော်။ဒီက သူဒုက္ခရောက်မှာစိုးလို့ပြောနေတဲ့ဟာ။


``ကူညီချင်တာကျေးဇူးတင်ပါတယ်

ဒါနဲ့မင်းရဲ့နာမည်က ချစ်ရိပ်ပဲလား´´


``ဟုတ်! နာမည်အရင်းက ချစ်ရိပ်ဖန်...´´


``ရှူး!!´´


``ဒီမှာသဲလွန်စရှိတယ်

ဒီနားမှာပဲရှာ´´


နေရာချင်းအနည်းငယ်လှမ်းသေးပေမယ့်နားပါးလွန်းသည့်သူက အသံကိုဆတ်ခနဲကြားသည်။ထို့ကြောင့်သူမရဲ့နှုတ်ခမ်းလေးပေါ်လက်ဖြင့်ဖွဖွအုပ်လိုက်ပြီး အသံတိတ်ဖို့မျက်ရိပ်ပြလိုက်၏။သူမလေးလည်းအသံကိုကြားပုံရပြီး မျက်လုံးပြူးလေးဖြင့်လာကြည့်ကာ...


``လူဆိုးတွေရှင့်ကိုလာရှာတာလား´´


ပြောနေရင်းနဲ့ပဲခြေသံတွေနီးကပ်လာသည်မို့ သူချက်ချင်းထရပ်ပြီး သူမအရှေ့ကနေကာရပ်လိုက်မိ၏။ဘယ်လိုပဲဖြစ်ဖြစ်မသက်ဆိုင်တဲ့သူလေးကို ကြားညှပ်မထိခိုက်စေလိုပေ။သူဆိုတာ ဘဝအခြေအနေအရ လူဆိုးတစ်ယောက်ဖြစ်နေရပေမယ့်အပြစ်မဲ့သူတွေအပေါ် မရက်စက်တတ်တဲ့နှလုံးသားကတော့ မွေးရာပါပြီးသား။သို့သော် ဘဝရဲ့ရှင်သန်ဖြတ်သန်းမှုအတိုင်း လက်မရွံ့စွာလူသတ်ဝံ့တာလည်း မမှား။


ဟုတ်ပါတယ်၊ခပ်ကြမ်းကြမ်းပဲခေါင်းစဥ်တပ်ရရင် သူက....ကြေးစား။


``ဘယ်လိုလုပ်မလဲ

ရှင်ဒီပုံစံနဲ့သူတို့ကိုပြန်မခုခံနိုင်လောက်ဘူး´´


``သြော်!ဟော်! မင်းကဒဏ်ရာဗရပွနဲ့တောင်သာယာနေသေးတာကိုး´´


ပြောရင်းနဲ့ပဲ ခပ်တောင့်တောင့်bodyကြီးတွေနဲ့လူတစ်စုချစ်ရိပ်တို့ရှေ့ရောက်လာလေပြီ။ထိုလူတွေကထိုင်းလိုပြောနေ၍ချစ်ရိပ်နားမလည်တော့ပေ။သို့နှင့် သူ့ကိုပဲပြန်မော့ကြည့်နေမိစဥ်သူက ချစ်ရိပ်ရဲ့လက်ကောက်ဝတ်လေးထံဖျတ်ခနဲလှမ်းဆွဲလိုက်ပြီး...


``ကိုယ်တို့သွားမှဖြစ်မယ်´´


သူမကိုထားခဲ့လို့ကမဖြစ်တော့ပါ။နှစ်ယောက်တွဲလျက်ရှိနေတာမြင်သွားပြီမို့ သူမကိုလည်းသူနဲ့ပတ်သက်မှုရှိနေတယ်လို့ကျိန်းသေယူဆပြီး ပစ်မှတ်ထားတော့မှာ။ဒါကြောင့်ပြောတာပေါ့၊ဒီကလေးမကစကားမှနားမထောင်ချင်တာ။


``လူဆိုးကောင်တွေ

နင်တို့သူ့ကိုအနိုင်မကျင့်နဲ့နော်´´


``နှစ်ယောက်လုံးခေါ်လာခဲ့´´


``ဟင်! ရှင်တို့...ရှင်တို့နော်

အင်အားသုံးပြီးဒီလိုအနိုင်ကျင့်လို့မရဘူး´´


``ဟေ့!မအော်နဲ့တော့

သူတို့နားမလည်ဘူး၊လာ! ဒီကို´´


တစ်ယောက်တည်းပြေးရင်လွတ်ပါဦးမည်။သို့သော်  ယခုမှတွေ့ဆုံရသည့် သူရဲကောင်းမမလေးကိုထိခိုက်သွားမှာစိုး၍ အန္တရာယ်ဆီကိုယ်ပဲပြေးဝင်ရသည်။လက်လေးကိုလည်းမလွှတ်တမ်းကိုင်ဆွဲထားမိ၏။သူမကတော့ အခြေအနေအရှုပ်အထွေးကြား အသံစူးစူးလေးဖြင့်အော်ပြောရန်လုပ်နေလေရဲ့။တကယ်ပဲ ထင်ရာတွေလျှောက်လုပ်နေတဲ့ဒီကောင်မလေးနဲ့တော့ခက်တယ်။


သူမနဲ့ကျမှ လူဆိုးဖြစ်တဲ့ကိုယ်တောင် ရေရေလည်လည်အကာကွယ်ခံနေရတော့ လူမှာမာန်တောင်တက်ချင်လာသလိုပဲ။


``အ! သေပါပြီ

နာတယ်´´


သူကနဂိုကတည်းကဒဏ်ရာတွေနဲ့မို့ ထိုလူတွေကိုလည်းကြာကြာမခုခံနိုင်ပါ။သို့သော်ချစ်ရိပ်လက်ကိုတော့ဆွဲကာ ထိုနေရာမှအတင်းထွက်ပြေးသည်မို့ ချစ်ရိပ်လည်းဘာတွေဖြစ်မှန်းနားမလည်စွာသူခေါ်ရာနောက်ပါလာခဲ့ရ၏။ဘယ်လိုပဲဖြစ်ဖြစ်သူက လူရမ်းကားတစ်ယောက်မဟုတ်မှန်းချစ်ရိပ်အတည်ပြုပြီးပြီ။ဟိုလူတွေကသာ ဂိုဏ်းစတားတွေလိုကြောက်စရာပုံကြီးတွေမို့ ချစ်ရိပ်တစ်ယောက်တည်းတော့မနေခဲ့ရဲ။သို့နှင့် ကရောကပါးပြေးလိုက်လာရစဥ် အလေ့အကျင့််မရှိသောခြေထောက်က ခလုတ်တိုက်လဲလေသည်မို့...


``ရရဲ့လား´´


``ခြေထောက်နာတယ် ဟင့်!´´


``ပြေးလို့မရတော့ဘူးလား´´


``ပြေးလည်းလွတ်မှာမှမဟုတ်တော့တာ´´


ဟုတ်တယ်လေ၊ပြေးလည်းလွတ်ဖို့မလွယ်တာအသေအချာပါ။ခဏလေးရပ်မိသည်နှင့် ချစ်ရိပ်တို့အနားဝန်းရံလာပြန်သည်က ထိုအဖွဲ့။ဒုက္ခရေ!ချစ်ရိပ်တော့ ဒီနိုင်ငံမှာတင် ဘဝတုံးတော့မယ်ထင်ပါရဲ့။


``လာ!ခဏလေးအားတင်းထား´´


အို!...မပြေးနိုင်တော့ဘူးဆိုလည်း ဇွတ်တွေပြေးခိုင်းနေပါရောလား။တကယ်ဆို ချစ်ရိပ်ကသူနဲ့ဘာမှမသက်ဆိုင်တဲ့ လမ်းသွားလမ်းလာပါလေ။ဒါကိုဘယ့်နှယ်ကြောင့် သူနဲ့အတူထွက်ပြေးနေရသတုန်း။အဓိပ္ပာယ်မဲ့လိုက်တာ။တကယ်ကို စေတနာအမှားပါလား။အဲ့ဒါကြောင့်ရှေးလူကြီးတွေပြောကြတာ...လက်နှစ်ချောင်းမကယ်ကောင်း...အဲလေ!ခြေနှစ်ချောင်းမကယ်ကောင်းတဲ့!


``ဟေ့လူ၊ရှင်ဘယ်အထိအပြေးနေမှာတုန်း´´


``စကားမများနဲ့

ဟိုးရှေ့လမ်းဆုံရောက်ရင် မင်းညာဘက်ကိုပြေး၊ကိုယ့်နောက်မလိုက်နဲ့တော့...ကိုယ်သူတို့ကိုမြှားခေါ်မယ်၊မင်းကလုံခြုံတဲ့တစ်နေရာကိုရှာပြီး ပုန်း...သူတို့မတွေ့လောက်တော့ဘူးဆိုမှ ရဲစခန်းကိုဆက်သွား...ဒီမှာ ပိုက်ဆံ´´


ခြေထောက်ထော့နဲ့နဲ့ဖြစ်နေပေမယ့် မနားတမ်းပြေးရင်း ပါးစပ်ကလည်းချစ်ရိပ်ဘေးကင်းဖို့တဖွဖွမှာသည်။ပိုက်ဆံမရှိဘူးဆိုတာလည်းမမေ့မလျော့မှတ်ထားပြီး ငွေစက္ကူအခေါက်လေးကိုသူ့အိတ်ကပ်ထဲမှထုတ်ကာ ချစ်ရိပ်လက်ဖဝါးထဲထည့်ပေး၏။ကြည့်စမ်း!ဒီလိုအခြေအနေမှာတောင် သူများအတွက်စဥ်းစားပေးတတ်သေးသည့်ဒီလူက လူဆိုးတော့မဖြစ်တန်ရာ။ဒီလိုဆိုတော့ ဟိုအဖွဲ့ကသာလူရမ်းကားတွေဖြစ်မှာ။


``.....´´


ချစ်ရိပ်တွေးရင်း ပြေးနေရင်းကပဲသူပြောသည့်လမ်းဆုံသို့ရောက်လာ၏။ထိုစဥ်သူကချစ်ရိပ်ဘက်သို့တစ်ချက်လှည့်ကြည့်လာကာ တွဲထားသည့်လက်ကိုလွှတ်လိုက်ပြီး...


``ကိုယ့်ကိုကူညီလို့ကျေးဇူးပါပဲ

နောက်မှထပ်တွေ့မယ်၊အန္တရာယ်ကင်းပါစေ´´


ထိုစကားအသံဆုံး၌ သူကသွားတော့ဟူသောအမူအရာကိုမျက်လုံးဖြင့်ပြသည်မို့ ချစ်ရိပ်လည်းသူနဲ့ဆန့်ကျင်ဘက်လမ်းသို့အားကုန်ပြေးထွက်ခဲ့၏။သို့သော်ခြေထောက်တွေနာလှ၍သိပ်လည်းဝေးဝေးမရောက်ပါ။ဟိုအဖွဲ့ကလည်းအုပ်စုခွဲကာ စောစောကလူနောက်ပြေးလိုက်သူကလိုက်ပြီးချစ်ရိပ်ဘက်ပါလာသူကလည်းရှိသေးရဲ့။


``ငါ့နောက်မလိုက်ပါနဲ့

ငါနဲ့ဘာဆိုင်လို့လဲ´´


အော်ရင်းပြေးရင်း မျက်လုံးတွေကလည်းဝင်ပုန်းလို့ရမယ့်နေရာရှာနေစဥ်ခဏမှာတော့...


``အ! အား!´´


နောက်တစ်ခါချော်လဲကျသည့်အချိန်မှာ ချစ်ရိပ်ဘယ်လိုမှဆက်မပြေးနိုင်တော့ပေ။လိုက်လာသူတွေကလည်းချစ်ရိပ်ကိုမီသွားပြီမို့အနားမှာဝိုင်းလာကာ လက်တွေကိုနောက်ပြန်ဖိချုပ်ထားလေ၏။


``ရှင်တို့လွှတ်နော်´´


``....´´


``ကျမနဲ့ဘာဆိုင်လို့လဲ

ကျမသူနဲ့မသိဘူး၊ရှင်တို့ကိုလည်းမသိဘူး´´


ဘာအော်အော်လည်းအသုံးဝင်မည်မထင်ပါ။ချစ်ရိပ်စကားကိုသူတို့မှနားမလည်တာ။သေပြီ၊ချစ်ရိပ်ရေ!နင်တော့ အရှုပ်ထုပ်သံသရာထဲမျောပြီ။


``လွှတ်ပါ!

အားး!ကယ်ကြပါဦး´´


``ဟင်!´´


ပြေးနေရင်းပင် အဝေးမှအော်လိုက်သံသဲ့သဲ့ကြောင့် သူ့ခြေလှမ်းတို့တန့်ခနဲရပ်သွားရပါသည်။ဒါ...စောစောကကလေးမလေးရဲ့အော်သံမဟုတ်လား။ဧကန္တသူမ,လွတ်အောင်မပြေးနိုင်ခဲ့တာလား။


``ကျစ်!´´


အနောက်သို့ပြန်လှည့်ကြည့်ရင်း စိုးရိမ်သွားသည့်စိတ်ကြောင့်သူမဆီသွားဖို့ရွယ်မိလိုက်သေးသည်။သို့သော်လည်း အနောက်မှာလိုက်လာသူတွေကရှိသေးရဲ့မဟုတ်လား။ထို့ကြောင့် သူ့မှာနောက်ကြောင်းပြန်လှည့်ပြေးလို့ကမရ။မျက်လုံးကိုစုံမှိတ်ချ၍သာ ရှေ့ဆက်ပြေးခဲ့ရပြီး စိတ်ထဲအသေအချာတိုင်တည်ခဲ့သည်ကတော့...


``စိတ်ချ!ကိုယ်မင်းကိုပြန်လာရှာမှာ

ကိုယ့်ကိုစောင့်ပါ...ချစ်ရိပ်´´


~~~~~ 🍭🍭🍭🍭 ~~~~~


``ကျွန်တော်တို့ပြန်ရောက်ပါပြီ boss!´´


အခန်းတံခါးကိုဖွင့်ဝင်လိုက်သည်နှင့် ဆိုဖာထက်ခြေချိတ်လျက်ထိုင်နေသော သူ့ထံဦးညွှတ်ဖြေကြားလာပုံကတရိုတသေ။သူလှမ်းကြည့်လိုက်တော့ အဖွဲ့ထဲကတစ်ယောက်ရဲ့ပုခုံးထက်၌ပါလာသည်က ဖြူသွယ်သွယ်ခန္ဓာကိုယ်လေးတစ်ခုမို့ သူမျက်မှောင်ကျုံ့မိရပြီး...


``ဘာလဲ´´


မေးလိုက်လေမှ ပခုံးပေါ်ထမ်းလာသောထိုအရာလေးအား ကြမ်းပေါ်ပစ်ချလိုက်လေ၏။သူ့ခြေထောက်အနားသို့ဒလိမ့်ခေါက်ကွေးကျလာစဥ် အသေအချာငုံ့ကြည့်လိုက်တော့ ခေါ်လာသည်ကချာတိတ်ပေါက်စလေးတစ်ယောက်။ပြီးတော့ မျက်လုံးတွေမှိတ်ကာ သတိလစ်နေပုံရသည့်အနေအထားနှင့်...။


``စောစောကထွက်ပြေးတဲ့တစ်ယောက်နဲ့contactရှိနေတဲ့သူပါ boss´´


``ဒီချာတိတ်ကလား´´


``ဟုတ်ပါတယ်

သူတို့အတူထွက်ပြေးရင်း ဒီတစ်ယောက်ကိုပဲဖမ်းမိခဲ့တာပါ၊တစ်ယောက်ကိုလွတ်သွားပါတယ်´´


``ဘာပဲဖြစ်ဖြစ်သူ့ကိုမေးလည်းအကြောင်းစုံကိုသိရမှာပါ´´


``ဘာလို့ဒီလိုဖြစ်နေတာလဲ´´


``ကျွန်တော်တို့ဘာမှမလုပ်ပါဘူး

ဖမ်းရုံပဲဖမ်းလာတာပါ၊သူ့ဘာသာလမ်းမှာအော်ဟစ်ရင်းသတိလစ်သွားတာ၊ပြီးတော့ သူအော်နေတဲ့စကားတွေကိုလည်းကျွန်တော်တို့နားမလည်ပါဘူး´´


``ဘယ်လို!´´


``ဟိုကောင်နဲ့တော့သူတို့အချင်းချင်းစကားပြောလို့ရပါတယ်၊သူ့စကားကိုဟိုကောင်ကပြန်ပြောတတ်ပုံပဲ´´


``ရပြီ၊မင်းတို့သွားတော့´´


သွားခိုင်းလိုက်မှပဲအနားမှလူတွေထွက်သွားကြလေ၏။အခန်းထဲမှာတော့ သူ့ရဲ့ဘယ်ညာလက်ရုံးနှစ်ယောက်ကကျန်နေခဲ့ဆဲမို့ သတိမေ့နေသည့် ထိုချာတိတ်အားစူးစမ်းသလိုလာကြည့်ကြပြီးမှ...


``ငယ်ငယ်လေးပဲရှိသေးတယ်

ဘယ်လိုလုပ်အဲ့အဖွဲ့ထဲရောက်နေပါလိမ့်´´


``မေးကြည့်လေ

နှိုးလိုက်!´´


``ဟုတ်ကဲ့ boss!´´


သူ့စကားဆုံးသည်နှင့် davidကခပ်မြန်မြန်သွားကာ စားပွဲပေါ်ကရေဖန်ခွက်ကိုလှမ်းယူလာပြီးနောက်...


``ဖျန်း!´´


``အင့်! ဟင်း!´´


မျက်နှာသေးသေးလေးထံဦးတည်ပြီး ရေတွေဖျန်းခနဲပတ်လိုက်လျှင် ခန္ဓာကိုယ်လေးဆတ်ခနဲတုန်သွား၏။သို့သော်မျက်လုံးတွေကတော့ပွင့်မလာသေးဘဲ ကြမ်းပြင်ပေါ်လူးလိမ့်နေလေရဲ့။အံမယ်!ဒါက သူ့အိမ်သူ့ရာရောက်နေတယ်များထင်နေသလားပဲ။


သူမလူးလိမ့်နေသည်က သူ့ခြေရင်းကကြမ်းပြင်းပေါ်မှာမို့ အပေါ်စီးမှမြင်နေရသည့်ပုံရိပ်ထံအသေအချာငုံ့ကြည့်နေမိ၏။ရေတွေစိုရွှဲသွားသည့်မျက်နှာလေးက အတော်လေးတော့နုနယ်ကြည်စင်နေကာ ကလေးပေါက်စနီတာရဲလေးနှင့်တူသည်။နှုတ်ခမ်းဖူးဖူးလုံးလုံးလေးနဲ့နှာတံလုံးလုံးလေးက ဘယ်လိုပုံစံလေးမှန်းကိုမသိ။ရေစိုသွားသည့်ဆံပင်တွေကတော့ စိုကပ်ကပ်နဲ့ကြမ်းပေါ်ပုံလျက်သား။


အဝတ်အစားကလည်းပုံမှန်ဝတ်စားမှုလေးပဲဖြစ်ကာ ဂျင်းဘောင်းဘီအတိုလေးဝတ်ထားသည်မို့ သွယ်လျဖြူဝင်းသောပေါင်တံ၊ခြေတံတွေကပေါ်လွင်လို့နေ၏။ဒါကိုတော့ သူလည်းဆက်ကြည့်ဖို့မသင့်ဘူးဟုယူဆကာမျက်နှာလွှဲပစ်လိုက်ပြီး...


``နောက်တစ်ခွက်ထပ်လောင်းလိုက်´´


``ဟင်!´´


မူးနောက်နေသည့်အာရုံနှင့်အတူ မပွင့်တပွင့်မျက်ဝန်းတို့ကိုအားယူဖွင့်လိုက်စဥ် တည်ငြိမ်ပြီးသြဇာအပြည့်ရှိသောအသံတစ်ခုကနားထဲတိုးဝင်လာ၏။ဘာပြောလိုက်တယ်မသိပေမယ့် အသံလေးကချိုကြည်သြရှပြီး တည်ငြိမ်လေးနက်လိုက်တာ။အသံလေးကြားရတာတောင် ရင်ထဲအေးသွားသလိုပဲ။အဲ့ဒါနတ်သားလေးရဲ့အသံများလား?ချစ်ရိပ်က နတ်ပြည်ကိုတက်ပြေးမိတာလား...အဟိ!


``ကြည့်ရတာနိုးလာသလိုပဲ boss

မျက်နှာကကျိတ်ပြုံးနေတယ်´´


``အဟင်း!မနိုးသေးပါဘူး

ကလေးကအိပ်မက်မက်နေလို့ထင်တယ်

နောက်တစ်ခွက်လောင်းလိုက်´´


``ဟင်´´


ဒီတစ်ကြိမ်တော့ချစ်ရိပ်မျက်နှာလေးမဲ့သွားရပါသည်။အလန့်တကြားအတွေးနဲ့အတူ ဟိုဟိုဒီဒီမျောလွင့်ချင်နေသောစိတ်တွေလည်း ယခုမှလက်ရှိအသိဆီပြန်ရောက်သည်။ထိုနှင့်တစ်ပြိုင်နက် ကိုယ်ပေါ်မှာလည်းရေတွေစိုရွှဲနေသည့်အေးစက်စက်အထိအတွေ့ကိုခံစားလိုက်ရသည်မို့ လူကဆတ်ခနဲရုန်းထမိလျှင် မျက်စိရှေ့မြင်လိုက်ရတာက ခံ့ညားတည်ကြည်သောအသွင်နှင့် လူကြီးတစ်ယောက်...။


သူက ချစ်ရိပ်နဲ့အနီးကပ်ဆုံးရှိသောခုံပေါ်၌ခြေချိတ်လျက်ထိုင်နေပြီး စူးရဲတောက်ပသောအကြည့်နက်နက်ဖြင့်စိုက်ကြည့်နေလေ၏။စကားတစ်ခွန်းမှထပ်မဆိုသေးသော်လည်း ညှို့ဓာတ်ပြင်းလွန်းသည့် သူ့အကြည့်ကြောင့် ချစ်ရိပ်အသက်ရှုနှုန်းတွေမြန်လာကာ နှလုံးသားတစ်ခုလုံးလည်းလေထဲလွင့်ခါနေသလိုပင်။


``ခင်..ခင်ဗျားကဘာလဲ

လူ..လူ...လူဆိုးဂိုဏ်းခေါင်း..ခေါင်းဆောင်လား´´


တုန်ယင်နေသည့်နှုတ်ခမ်းပါးလေးအား ကြိုးစားဖွင့်ဟ၍မေးခွန်းထုတ်မိသော်လည်း သူကပြန်မဖြေပါ။ခပ်တည်တည်သာကြည့်နေရင်း နေရာမှထရပ်လိုက်ပြီးချစ်ရိပ်အနား၌လာရပ်ပြန်သည်။ပြီးတော့စိုက်ကြည့်နေသည့်မျက်ဝန်းတွေကလည်း တစ်ချက်လေးမှမလွှဲဖယ်ခဲ့ပေ။


``ခင်ဗျားနော်! လူ...လူကိုဘာလုပ်မလို့လဲ?´´


သြော်!မေးနေလည်းမထူးဘူးပဲ၊သူတို့ကချစ်ရိပ်စကားကိုနားမလည်မှန်းချစ်ရိပ်မေ့သွားတယ်။ဒါလည်းကောင်းတာပါပဲ။သူ့လက်ထဲမှာသေရမယ်ဆိုရင်တောင် အနည်းဆုံးတော့ကိုယ့်စိတ်ထဲရှိရာပြောသွားနိုင်တယ်လေ။


သည်လိုနဲ့ပဲ ထိုလူချောကြီးရှေ့ထိုင်နေရင်းမှ ချစ်ရိပ် မျက်နှာလေးကိုပင့်ချီထားလိုက်ပြီး...


``အရူး! အင်အားရှိတယ်ဆိုတိုင်းဘဝင်မြင့်မနေနဲ့သိလား´´


``အဟင်း!!´´


``ဘာမှနားမလည်ဘဲရယ်မနေနဲ့

ချစ်ရိပ်ရှင့်ကို ချီးကျူးနေတာမဟုတ်ဘူးနော်၊ဆဲနေတာ´´


သိသားပါပဲ။ကိုယ်ကသူ့စကားကိုနားမလည်ဘူးအမှတ်နဲ့ ပြောချင်ရာတွေပြောပြီး ဇွတ်တွေပွဲကြမ်းနေတဲ့ကလေးမကို ခိုက်ကတော့ရယ်ချင်လွန်းလို့သေတော့မယ်။တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှနှစ်နှစ်ကာကာအော်ဟစ်မရယ်ဖူးလေတော့ စိတ်ထဲဘယ်လိုပင်သဘောကျနေပါစေ နှုတ်ခမ်းဖျားထက်မှာတော့အပြုံးကခပ်ဖွဖွသာတင်လေရဲ့။တကယ်တော့ သူ့စိတ်ထဲမှာတော်တော်လေးအသည်းယားပြီးရယ်ချင်နေမိတာပါ။နှုတ်ခမ်းတထော်ထော်နဲ့မျက်စိရှေ့ကကလေးမရဲ့ပုံစံလေးက သတ္တိတွေအပြည့်နဲ့လေ...။ဖမ်းလာတဲ့သူကိုတောင် ပြန်ပြီးဆူဆဲရဲသေးသတဲ့!ကဲ...ဘုရားစူး!တရားခံလေးပါပဲ။


``လူဆိုးကောင်ကြီး!ခင်ဗျားကအားနည်းတဲ့သူအပေါ်အင်အားသုံးပြီးအနိုင်ကျင့်တတ်မှတော့ လူဆိုးအကြီးစားပဲဖြစ်ရမယ်၊မှန်မှန်ပြော...ခင်ဗျားက ဂိုဏ်းစတားလား?ဒါမှမဟုတ်မာဖီးယား??


``အဟင်း!တစ်ခုမှမဟုတ်ဘူး

ကိုယ်ကမင်းလိုချာတိတ်ပေါက်စသေးသေးလေးကို တစ်ခါတည်းဝါးစားပစ်နိုင်တဲ့ Monster!´´


``ဟင်!´´


ဒီတစ်ခါတော့ ထိုလူကြီးကချစ်ရိပ်ရှေ့၌ဒူးတစ်ဖက်ထောက်အနေအထားဖြင့်ထိုင်လိုက်ပြီး သန်မာလှသည့်လက်ချောင်းတို့ဖြင့် ချစ်ရိပ်ရဲ့မျက်နှာသေးသေးလေးအားမေးဖျားမှပင့်ကိုင်ကာပြောလာစဥ် ချစ်ရိပ်မျက်လုံးကြီးပြူး၍ကြောင်အနှုတ်ဆိတ်သွားရပြီး ကြမ်းပေါ်ထောက်ထားသည့်လက်လေးပါပျော့ခွေသွား၏။လူကယိုင်ခနဲဖြင့် ရင်ဘတ်တစ်ခုလုံးဆီသို့အပြင်စားဒိုင်းနမိုက်ကြီးတစ်ခုလာပေါက်ကွဲလိုက်သလို အုန်းခနဲ၊ဒိုင်းခနဲ။


ပီပြင်စွာပြန်ပြောလိုက်သည့်စကားသံကို ချစ်ရိပ်သေသေချာချာကြားလိုက်ရတာလေ။


``ဒီလူကြီးကမြန်...မြန်မာစကားနားလည်တယ်လား...မြတ်စွာဘုရား!!´´


``ဟာ!ချာတိတ်´´


ဟိုဘက်အဖွဲ့နဲ့ပတ်သက်ပြီးဘာမှတောင်မမေးရသေးပါ။သူ့နှုတ်ကစကားသံထွက်လိုက်သည်နှင့် ရန်စွာနေသည့်အသံလေးတိခနဲတိတ်ကျသွားကာ နီညိုရောင်မျက်ဝန်းလေး၌ ထိတ်လန့်သလို၊ကြောက်သွားသလိုအရိပ်အယောင်လေးတွေယှက်သန်းလာပြီးနောက် လူကိုယ်သေးသေးလေးက သူ့ရင်ခွင်ထဲယိုင်ခနဲလဲကျလာသည်မို့အလျင်အမြန်ဖမ်းထိန်းပေးလိုက်ရ၏။


အဟင်း!ကိုယ့်ကိုပြောချင်ရာတွေပြောပြီး အခုမှကြောက်လို့တော့မရဘူးလေ ချာတိတ်ရယ်...။


ထားတော့!မင်းနဲ့ကိုယ် ပြီးမှထပ်တွေ့မယ်။


``Dawn!သူ့ကိုမြေအောက်ခန်းမှာပိတ်ထားလိုက်´´


``ဟုတ်ကဲ့´´


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၄ဆက်ပါမည်။


ချစ်သည်းတို့အတွက်တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေသာရရှိစေရန်ရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)


rate now: