🍭~`ချစ်တတ်ခြင်းက မင်းနဲ့မှ...´~🍭
(Or)
ဂျစ်တူးရဲ့ `ဦး´
========== ♡ အခန်း ၁၇♡ ==========
``ဦး!´´
ကောင်းစွာပွင့်မလာသေးသော ခပ်မှေးမှေးမျက်ဝန်းလေးတွေဖြင့်ကြည့်ကာ ခေါ်လာပါသည့်အသံလေးကြောင့် ခိုက်ရန် ချက်ချင်းပင်လက်ဖျားတွေအေးစက်သွားရသည်။အိပ်နေတာတောင်အခွင့်အရေးယူရက်လေခြင်းဆိုပြီး အထင်လွဲစိတ်ဆိုးသွားမှာကိုလည်းအကြီးအကျယ်စိုးရိမ်မိ၏။တစ်သက်နဲ့တစ်ကိုယ်ဘယ်အရာကိုမှမစိုးရိမ်ခဲ့သလို အကြောက်တရားရဲ့လွှမ်းမိုးခြင်းလည်းမရှိခဲ့ဖူးသည့် `သူ´။အခုမှ ဒီကလေးလေးဆီကအထင်လွဲခံရမှာကို သေမလောက်ပူပန်နေမိတာ normalတော့မဟုတ်။အချစ်ရူး,ရူးပြီး အချစ်မှိုင်းမိနေတာပဲဖြစ်မည်။
``ဟင့်!ဦးကဘယ်လိုလုပ်ချစ်ရိပ်ဆီရောက်နေတာလဲ´´
``Baby!ကိုယ်...´´
``ချစ်ရိပ်အိပ်မက်မက်နေပြန်ပြီ အဟီး!
အိပ်မက်ထဲမှာအမြဲတမ်းဦးကိုမြင်ရတယ်´´
ကိုယ့်ပါးပြင်ပေါ်လက်ဖဝါးနွေးနွေးလေးဖြင့်လာထိကာပြောနေပေမယ့် မျက်လုံးလေးတွေကပီပြင်အောင်မပွင့်သေးပေ။
သိလိုက်ပြီ၊ဒီကလေးလေး အိပ်ရာကနေမနိုးသေးဘူးပဲ။အခုကိုယ်အနားရှိနေတာကိုတောင် အိပ်မက်ထင်နေလေရဲ့။Oh God! တော်ပါသေးတယ်၊ဒါဘယ်လိုကံကောင်းမှုကြီးလဲ။ကိုယ့်မှာဖြင့် မိသွားပြီထင်နေတာ။စိတ်ကောက်ပြီးငိုရင်တောင် ချော့မော့ဖို့အသင့်အနေအထား။ဟူး!!ကလေးလေးကိုချစ်ရတာလည်း တကယ်သည်းထိတ်ရင်ဖိုပါပဲလား။
တွေးနေရင်းနှင့်ပင် ကြည်ကြည်နူးနူးပြုံးမိသွားရပြန်ကာ လူကြီးပီပီ ကလေးလေးကိုပြန်ညာချလိုက်သည်က...
``ဟုတ်တယ်
ဘေဘီလေးအိပ်မက်မက်နေတာ
အိပ်မက်ထဲမှာကိုယ်ရောက်နေတာလေ´´
ဒီလိုဆိုတော့သူမကမျက်လုံးလေးတွေမှေးမှိတ်သွားသည်အထိပြုံးရယ်ရင်း ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြပြန်ရင်းမှ...
``ဦး!´´
``ဗျာ!´´
``ချစ်ရိပ်ice creamစားချင်တယ်´´
``အဟင်း!ဒီအချိန်ကြီး ဘာကိုice creamလဲ´´
``ice cream´´
ဒီတစ်ခါမှာတော့ ကိုယ့်နှုတ်ခမ်းပေါ်သို့လက်ညိုးလေးဖြင့်ဖွဖွလာတို့ထိနေရင်းမှ ရုတ်တရက်ဆိုသလိုပဲ နီးစပ်လွန်းသည့်အနေအထား၌ရပ်တန့်နေသောမျက်နှာနှစ်ခုရဲ့အကွာအဝေးကို သူမလေးဘက်မှအရင်ရှေ့တိုးလိုက်လေ၏။အိပ်မက်ယောင်၍ခပ်ပြုံးပြုံးရှိနေသည့်နှုတ်ခမ်းလေးတွေက ရုတ်တရက်ပင် ကိုယ့်နှုတ်ခမ်းပေါ်လှမ်း၍ထိကပ်လာကာ စေ့ပိတ်ထားသောနှုတ်ခမ်းနှစ်လွှာအား သွားချွန်လေးတွေဖြင့်ဖိကိုက်ပစ်သည်မို့...
``အ!´´
``အဟီး!!
ဒီမှာIce cream´´
မမျှော်လင့်စွာပြုမူလိုက်သောထိုလုပ်ရပ်လေးက အသည်းအိမ်တစ်ခုလုံး လှိုက်ခနဲနွေးထွေးရှိန်းမြသွားစေသည်။ဒီကလေးကမှားစရာရှားလို့ ကိုယ့်နှုတ်ခမ်းနဲ့ice creamမှားနေသည်ပဲ။
``ဟွန့်!ဒီရေခဲမုန့်ကချိုလည်းမချိုဘူး
နွေးပြီးအိနေတယ်´´
``ဟုတ်လား
ဒါဆို သေချာပြန်စားကြည့်လေ
ချိုသွားအောင်ကိုယ်လုပ်ပေးမယ်´´
``ဟင့်! ဟင့်! မချိုဘူး၊မချိုဘူး
အီး! ဟီး!!´´
``.....´´
``အွန့်!´´
မျက်လုံးကိုစုံမှိတ်လျက်လူးလွန့်ဂျီကျနေသည့်ကလေးငယ်အား သူအသည်းယားလွန်းစွာပင် နှုတ်ခမ်းနုနုလေးတွေပေါ် နောက်တစ်ကြိမ်ကျူးကျော်မိပြန်၏။အခုမှတကယ်လန့်နိုးသွားမှာစိုး၍ အကြင်နာအနမ်းတို့ကိုညင်ညင်သာသာခြွေမိသော်လည်း နှုတ်ခမ်းလေးများချင်း ပွတ်တိုက်ဆွဲငင်သောအထိအတွေ့ချိုချို၌ ယစ်မူးပျော်ဝင်မိခဲ့တော့ တစ်စတစ်စမွတ်သိပ်ကြမ်းတမ်းကုန်သောအနမ်းများအောက်ဝယ် ရင်ခုန်သံလှိုင်းများလည်းတဝုန်းဝုန်းရိုက်ခတ်သက်ဝင်နေခဲ့ရဲ့။
ချစ်ခြင်းဆိုတာ ဘယ်လိုဆန်းကြယ်မှုမျိုးလဲ အငယ်! လောကကြီးထဲကအရာရာကိုသိနားလည်ခဲ့လျက်နဲ့ဒီမေးခွန်းလေးကိုတော့ ကိုယ်မဖြေနိုင်ခဲ့သေးတာ ဝန်ခံတယ်။
ဒါပေမဲ့ အခုအချိန်မှာကိုယ်သိတဲ့အချစ်က...`ချစ်ရိပ်ဖန်ဆင်း´...မင်းပဲ။
ဟုတ်တယ်။ကိုယ်မင်းကိုသိပ်ချစ်တယ် ကလေးငယ်...။
ပထမဆုံး...
ပြီးတော့နောက်ဆုံး...
ဒီဘဝ၊ဒီတစ်သက်လုံး မင်းတစ်ယောက်ကိုပဲချစ်မယ်။
``.....´´
စိတ်ထဲ၌ခိုင်မာမှုတွေအထပ်ထပ်နှောင်ဖွဲ့ရင်း နှုတ်ခမ်းဖျားထက်ကချိုမြိန်ရှတခြင်းတို့သည်လည်း မရပ်စဲနိုင်သေးပေ။ဂျစ်တူးလေးကတော့ သူ့ကိုယ်သူတကယ်ပဲice creamစားနေတယ်ထင်မှတ်မှားနေ၍ပဲထင့်၊ထိကပ်စုပ်ယူထားသောနှုတ်ခမ်းလွှာလေးများကိုဖယ်ခွာခြင်းမပြုဘဲ တုံ့ပြန်မှုတချို့ရှိနေ၏။အခွင့်အရေးရလျှင်လည်း ကိုယ့်နှုတ်ခမ်းပေါ်သို့လျှာလေးဖြင့်လိုက်တို့နေပြီး သွားချွန်လေးတွေကဆတ်ခနဲကိုက်တတ်သေးရဲ့။
ချိုမြိန်သောတုံ့ပြန်ခြင်းတွေကြောင့် ချစ်စိတ်ဒီဂရီတို့ပြင်းထန်နေသည့်နှလုံးသားကလည်း ပြင်ပတစ်နေရာသို့ပေါက်ထွက်လွင့်စင်တော့မည့်အလား ဒုန်းစိုင်းခုန်ပေါက်နေရင်း မွေ့ယာထက်ကပျော့ပျောင်းသည့်ခန္ဓာကိုယ်လေးအား ဆွဲယူပွေ့ပိုက်၍ ရင်ခွင်ထဲဖက်ထားလိုက်ရင်း နွေးမြသောအကြင်နာအနမ်းတို့ကို မေ့မေ့မူးမူးဖြန့်ခင်းနေမိ၏။
Ice cream!
Ice cream!
ချိုမြိန်လိုက်တဲ့ Ice creamလေးပါပဲလား။
``ဟင်!´´
အိပ်မှုန်စုံမွှားလေးဖြစ်နေသောချစ်ရိပ်...၊အခုမှလက်ရှိအသိတို့ဝင်ရောက်လာခဲ့၏။လူကနိုးတစ်ဝက်၊အိပ်တစ်ဝက်ဖြင့် အိပ်မက်ထဲလမ်းပျောက်နေတယ်ဟုသာချစ်ရိပ်ထင်မှတ်ခဲ့ပါသည်။အိပ်မက်ထဲမှာလည်း အရမ်းချစ်ဖို့ကောင်းတဲ့ရေခဲမုန့်လေးကိုစားနေရတယ်လို့မက်သည်။သို့သော် တစ်စတစ်စနဲ့လူကအသက်ရှူတွေကျပ်လာပြီး ဝင်သက်တွေကနှေးသွားလိုက်မြန်သွားလိုက်နဲ့ ခပ်ပြင်းပြင်းခံစားချက်တွေမင်းမူနေသည်။ရင်ဘတ်ထဲမှာလည်း တဒိန်းဒိန်းအသံတွေဆူညံလို့နေ၏။လဲလျောင်းနေသည့်ခန္ဓာကိုယ်လေးကတော့ နွေးထွေးနေသည့်ရပ်ဝန်းတစ်ခုဆီ ပွေ့ဖက်ချုပ်နှောင်ခံရသလို လှုပ်မရ၊ရုန်းမရနှင့်...။
အို!ဘုရားရေ...ချစ်ရိပ်ဘာတွေဖြစ်နေတာပါလိမ့်။
မျက်လုံးကမဖွင့်နိုင်ဘဲ အလန့်တကြားလေးတွေးနေမိစဥ် တစ်စုံတစ်ရာသောအနံ့လေးကိုခံစားလိုက်ရပြန်သည်။
လာဗင်ဒါရဲ့ ရနံ့...။
တစ်နည်းအားဖြင့် ဦးဆီကရနေကျကိုယ်သင်းရနံ့။ဒီရနံ့လေးချစ်ရိပ်နံဘေးမှာဝန်းရံနေတယ်ဆိုတော့...
`ဦး´...။ချစ်ရိပ်အနားမှာ ဦးရှိတယ်။
တုန်တုန်လှုပ်လှုပ်တွေးကာ မှိတ်ယှက်ထားသောမျက်ဝန်းလေးတွေကို ဖျတ်ခနဲဖွင့်ကြည့်လိုက်မိ၏။အမှန်ကိုပဲ အနီးကပ်ဆုံးတွေ့လိုက်ရသည်က ဦးရဲ့ချောချောမောမော မျက်နှာ...။ပြီးတော့ နှုတ်ခမ်းတွေချင်းက ထိကပ်လျက်သားနှင့်မို့ ချစ်ရိပ်ရဲ့မျက်လုံးလေးပြူးကျယ်ဝိုင်းစက်လာရကာ လက်ချောင်းလေးတွေဖြင့် သူ့ရင်ဘတ်ကြီးအားကုတ်ဖဲ့တွန်းဖယ်နေမိတော့ သူကအသာတကြည်ပင်လွှတ်ပေး၍ နှုတ်ခမ်းတွေကွေးညွှတ်အောင်ပြုံးရင်း ချစ်ရိပ်ရဲ့မျက်နှာကိုငုံ့ကြည့်နေလေ၏။
ချစ်ရိပ်မှာတော့ လူတစ်ကိုယ်လုံးအငွေ့ပျံမတတ်ပူထူသွားရကာ ပါးပြင်လေးနှစ်ဖက်လည်း ရဲတွတ်နေလျက်ဖြင့်...
``လူယုတ်မာကြီး
ရှင်! ရှင်! ဒါဘာလုပ်တာလဲ´´
``baby ကိုယ်ရှင်းပြမယ်´´
``တော်ပြီ၊ဘာမှမကြားချင်ဘူး
ရှင် ဒီအခန်းထဲဘယ်လိုဝင်လာခဲ့တာလဲ´´
``ဒါကိုယ့်အိမ်ပဲကွာ
ကိုယ်ဝင်ချင်တဲ့နေရာဝင်မှာပေါ့´´
သည်လိုဖြေတော့ မျက်လုံးဝိုင်းလေးဖြင့်ကြည့်ကာငြိမ်သက်သွားလေတဲ့ ကလေးမ။ထို့နောက်မှ မျက်လုံးထဲမျက်ရည်လေးတွေအိုင်လာပြန်ရင်း...
``အဟင့်!ဟင့်!အီး!ဟီး!
အခွင့်အရေးသမား၊မုန်းဖို့ကောင်းတဲ့လူကြီး´´
``Ice creamလေ ဘေဘီရဲ့´´
``ဘာIce creamလဲ
မုန်းတယ်၊မုန်းတယ်...အီး! ဟင့်!´´
``မမုန်းပါနဲ့ကွာ
ကိုယ်ကလေ...မနက်ဖြန်ကျရင်...´´
``လူယုတ်မာ!!
ကျမအနားမကပ်နဲ့´´
စကားလေးကိုပင်အဆက်မခံတော့။ထွေးဖက်မလိုဟန်ပြင်ကာ လှမ်းသည့်လက်ကိုပုတ်ထုတ်လိုက်ပြီး အားနွဲ့သောလက်လေးက ကိုယ့်ရင်ခွင်ကို ခါးခါးသီးသီးတွန်းဖယ်ပစ်လေ၏။ထို့နောက်လူလေးကလည်းအတင်းလူးလွန့်ရုန်းကန်ကာ ခုတင်ခေါင်းရင်းဘက်သို့တိုးကပ်သွားပြီး လက်လေးနှစ်ဖက်ကိုလည်း ကြက်ခြေခတ်သဏ္ဌာန်ယှက်ကာ ကွယ်ထားသေးရဲ့။
ကြည့်!ဒီကလေးလေးလုပ်နေပုံက မသိရင်ကိုယ်ကပဲ အန္တရာယ်ကောင်ကြီးလိုလိုနဲ့...။စောစောကဖြင့် နှစ်ယောက်လုံးအတူတူ ရေခဲမုန့်စားခဲ့ကြတာကိုများ...။
``အဟွန်း!´´
တွေးရင်းမှစောစောကအခိုက်အတန့်လေးကိုပြန်သတိရမိသွားရတော့ ရင်ထဲကြည်တနူးနူးဖြင့်ပြုံးနေမိပြန်၏။သို့သော် သူမလေးကဖြင့်ဝမ်းပန်းတနည်းငိုနေသည်မို့ မျက်ရည်တွေရွှဲကာနီရဲနေသည့်မျက်နှာလေးအားလိုက်ငုံ့ကြည့်၍ မျက်ခွံမို့မို့လေးပေါ် ထပ်နမ်းလိုက်ပြီး...
``ကိုယ်တောင်းပန်ပါတယ်ကွာ
မငိုနဲ့တော့နော်၊ကိုယ်အခုပဲသွားပါ့မယ်´´
``သွား သွား...မြန်မြန်သွား´´
``ဒါဆိုကိုယ်တို့နှစ်ရက်လောက်ခွဲရမယ်နော်
မနက်ဖြန်ကိုယ်ခရီးသွားရမှာ´´
``ဟင်!´´
ထင်မှတ်မထားသောစကားကြောင့် သူ့မျက်နှာဆီငေးခနဲကြည့်မိရပြန်သည်။ဒါဆို ချစ်ရိပ်ကသူမရှိတဲ့ဒီအိမ်ကြီးမှာတစ်ယောက်တည်းနေခဲ့ရမှာပေါ့။ဒီလိုဆိုတော့လည်း ချစ်ရိပ်သူ့ကိုမသွားစေချင်ပြန်ပါ။လစ်ရင်လစ်သလိုအခွင့်အရေးယူတတ်တဲ့ အခွင့်အရေးသမားလူလည်ကြီးဆိုလည်းပဲ ချစ်ရိပ်ကသူ့ကိုမုန်းမှမမုန်းနိုင်တာ။
``ဟို!...ဦးက ဘယ်ကိုသွားမလို့လဲ´´
``အလုပ်ကိစ္စရှိလို့ကွ
သိပ်မကြာဘူး၊နှစ်ရက်ပဲ´´
``ဟင့်!ဟင့်!´´
စကားဆုံးသည်နှင့်ရှိုက်ငိုသံလေးကထွက်လာပြန်သည်။ပါးပြင်ပေါ်၌လည်းမျက်ရည်ကြည်လေးတွေနေရာယူလာပြန်တော့ သူ့မှာပျာပျာသလဲဖြင့် သူမအနားလေးသို့တိုးကပ်သွားမိကာ လက်ဖျားလေးတွေတယုတယဆုပ်ကိုင်ဖျစ်ညှစ်နေမိရင်း...
``ကလေးလေး ဘာလို့ငိုတာလဲကွာ
မငိုရဘူးလေ´´
``ဦးက အဝေးကြီးသွားမှာ
ချစ်ရိပ်ကိုပြောလည်းမပြောဘူး´´
``အာ! အဲ့လိုမဟုတ်ရပါဘူးကွာ
ကိုယ်အခုပြောပြနေပြီပဲ...
လာ! ဘေဘီပိစိလေးကိုယ့်ဆီလာပါဦး´´
``မလာဘူး´´
``အဟင်း! မင်းကလေ တကယ့်ဂျစ်တူးလေး´´
``.....´´
``ကိုယ့်ကိုစိတ်မကောက်ပါနဲ့ကွာ
အခုစောစောလေးပြန်အိပ်လိုက်ဦးနော်၊မနက်နိုးလာရင် ကိုယ်ရှိမှာမဟုတ်ဘူး။အိမ်မှာကောင်းကောင်းနေ၊ပြသာနာမရှာနဲ့ ကြားလား´´
ကိုယ်လုံးသေးသေးလေးကိုပြန်ပွေ့ယူကာ ရင်ခွင်ထဲထွေးဖက်ရင်း ချော့မော့နေမိပြန်ပါသည်။သို့သော်ဘယ်လိုပြောပြောခေါင်းမငြိမ့်၊ခေါင်းမခါနဲ့ နှုတ်ခမ်းလေးစူပြီးငြိမ်နေလေတော့ လူမှာဘာလုပ်ရမှန်းပင်မသိ။ရော်!ခက်ပါ့၊ဒါက ဘယ်လိုအခြေအနေမျိုးမှာဖြစ်တတ်တဲ့အမူအရာလေးပါလိမ့်။
ကိုယ်မရှိမှာမို့လို့ ကျိတ်ပျော်နေတာလား။
ဒါမှမဟုတ် သူ့ကိုမပြောပြလို့ဝမ်းနည်းသွားတာလား။
(ငတုံးကြီး😒)
``ကလေးရယ်
ကိုယ့်ကိုကြည့်ပါဦး´´
``မကြည့်ဘူး
သွားချင်လည်းသွားတော့
ချစ်ရိပ်အိပ်ချင်ပြီ´´
``ဟုတ်ပြီ၊ဟုတ်ပြီ
ကိုယ့်ကလေးလေးအိပ်တော့နော်
ကိုယ့်ကိုစိတ်မဆိုးပါနဲ့၊ကိုယ်တောင်းပန်တယ်...နော်´´
ဘာမှကိုပြန်ဖြေဖော်မရတော့ပေ။လူပေါ်ကနေလှိမ့်ဆင်းသွားကာ ခရုကောင်လေးအခွံထဲဝင်သလို စောင်ထုပ်လေးထဲပြန်တိုးဝင်သွားလေရဲ့။ဒါကိုလည်းပြုံးပြုံးကြီးကြည့်နေမိရင်း စောင်လေးကိုအသေအချာနေရာချပေးလိုက်ပြီး နဖူးလေးထံတစ်ချက်နမ်း၍ အခန်းထဲမှထွက်လာခဲ့လိုက်၏။
သေချာတာပေါ့၊ဂျစ်တူးလေးကစိတ်ဆိုးနေလိမ့်ဦးမည်။သို့သော် တဖြေးဖြေးတိတ်ဆိတ်လာတဲ့ညနက်ထဲ ဒီကလေးငိုတိုင်း၊ချွဲတိုင်း စိတ်တိုင်းကျချော့မြူနေမိရင် ရေခဲမုန့်ထက်အခြေအနေဆိုးကုန်တော့မှာ ကိုယ့်ကိုကိုယ်သိသည်။သိလို့လည်း ကိုယ့်စိတ်ကိုယ်သတိပေးဘောင်ခတ်ရင်းနောက်ဆုတ်လှည့်ပြန်လာခဲ့ခြင်းပင်။
ခရီးကပြန်လာမှပဲဆက်ချော့ရဦးမှာပေါ့။
ဘယ်လိုပဲ ကိုယ့်အပိုင်ဖြစ်ဖို့လျာထားချက်ရှိတဲ့ဇနီးလေးဆိုဆို အပြည့်အဝမပိုင်ရခင်အထိတော့ စည်းတစ်ခုခြားပြီးစောင့်ထိန်းပေးသင့်ပါတယ်လေ...။
~~~~~ 🍭 ~~~~~
အခန်းထဲကျန်ရစ်ခဲ့သူ ချစ်ရိပ်မှာတော့ ယခုချိန်အထိမြန်ဆန်နေဆဲဖြစ်သောရင်ခုန်နှုန်းများကြောင့် ရင်ဘတ်ပေါ်သို့လက်လေးဖိတင်ရင်း...၊နှုတ်ခမ်းလေးဝိုင်းချွန်ကာ လေငွေ့လေးမှုတ်ထုတ်ရင်းဖြင့် အသက်ရှုူနှုန်းတို့ကို တည်ငြိမ်အောင်ချုပ်ထိန်းနေမိ၏။
``ဟင့်! လူဆိုးကြီး
ဒီလိုမျိုးတွေယုယုယယဆက်ဆံနေပြီး အရေးကြီးတဲ့စကားကိုကျတော့မပြောဘူး၊တကယ်ပဲ သူဘာဖြစ်ချင်နေတာလဲ´´
မကျေမနပ်လေးတွေးကာ အောက်နှုတ်ခမ်းလေးထံသတိလက်လွတ်ဖိကိုက်လိုက်မိတော့ အနမ်းဒဏ်သင့်ထားသောနှုတ်ခမ်းလေးက လှပ်ခနဲနာကျင်သွားရသည်။
ဒီညတော့ ချစ်ရိပ်တို့တစ်သက်မမေ့စရာ စပါယ်ရှယ်ရေခဲမုန့်ကြီးစားလိုက်ရသည်ပဲ။
``အာ!အိပ်လို့လည်းမရတော့ဘူး´´
တကယ်ပင်ပြန်အိပ်လို့မရတော့သည်မို့ ချစ်ရိပ်ရှက်ဒေါသလေးဖြင့် စောင်ထုပ်ထဲလူးလိမ့်နေမိသည်။ထိုစဥ်ကအခိုက်အတန့်လေးကိုပြန်တွေးမိတော့ ပါးပြင်လေးနှစ်ဖက်ကလည်းရဲရဲကိုနီနေသည်။
ပြုစားလွန်းတဲ့ `သူ´။
တကယ်ပဲ မုန်းပစ်ချင်လိုက်တာနော်~
~~~~~ 🍭🍭🍭🍭 ~~~~~
``အင့်!ဟင်း!´´
မှန်ပြတင်းချပ်ဆီမှ နံနက်ခင်းနေခြည်လေးတိုးဝင်လာ၍ ချစ်ရိပ်မျက်ဝန်းလေးတွေ လှုပ်လီလှုပ်လဲ့ဖြင့်ပြန်ပွင့်လာခဲ့သည်။တစ်ညလုံးတော့ပြန်အိပ်မပျော်ဘဲ မိုးလင်းခါနီးမှတစ်ရေးပြန်အိပ်ပျော်ခဲ့ရ၍ နိုးလာသည့်အချိန်ဟာ နေတော့အနည်းငယ်မြင့်နေချေပြီ။
``ဒီအချိန်ဆိုဦးကသွားလိုက်ပြီထင်တယ်´´
ကြည့်!မိုးလင်းလို့မျက်လုံးပွင့်တာနဲ့ ဒီလူကြီးကိုပဲသတိရမိပြန်ပါပြီ။သို့နှင့် ရေချိုးခန်းဆီပြေးဝင်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးမှ နီညိုရောင်ဝတ်စုံအသစ်လေးကိုဖြန့်ကာထုတ်ဝတ်လိုက်သည်။အမြဲတမ်းတော့ ချစ်ရိပ်ကဒီဝတ်စုံလေးပဲဝတ်ပါသည်။သို့သော် ဘာအလုပ်မှမလုပ်တဲ့အခွင့်ထူးခံအိမ်စေလေးပေါ့။
အောက်ထပ်ကိုဆင်းလာခဲ့တော့ အားလုံးကအလုပ်ကိုယ်စီလုပ်နေလေပြီ။ပြီးတော့ မနေ့ကပျက်စီးသွားတဲ့နေရာအချို့ကိုလည်း ပြုပြင်မှုတွေလုပ်နေ၏။ချစ်ရိပ်ထွက်လာတာတွေ့သည်နှင့် အားလုံးကလည်းသတိအနေအထားတွေဖြင့်စောင့်ကြည့်နေကြသလိုပင်။
အင်းပေါ့။မထင်ရင်မထင်သလို အိမ်ကိုထပ်ပြီးဖောက်ခွဲမှာ သူတို့လည်းကြောက်ပြီထင်ရဲ့။
``ချစ်ရိပ် နင်အခန်းထဲမှာမနေဘဲဘာလို့ထွက်လာတာလဲ?´´
``ငါကပျင်းလို့ပါ မိုးရဲ့
ဒါနဲ့ဦးကသွားပြီလားဟင်´´
``အင်း
Companyကပစ္စည်းမိတ်ဆက်ပွဲအရင်သွားပြီးမှ အဲ့ဒီ့ကနေairportဆင်းမှာထင်တယ်၊အဲ့လိုကြားမိတာပဲ´
``သြော်!
နင်တို့ဘာအလုပ်တွေရှိသေးလဲ ငါကူညီပေးမယ်လေ´´
``ဟင့်အင်း၊မရှိဘူး
နင်သာငြိမ်ငြိမ်နေ´´
တစ်ဦးတည်းသောသူငယ်ချင်းလေးကတောင် ဤသို့ပြောလာတော့ ချစ်ရိပ်မျက်နှာလေးငယ်သွားကာခေါင်းငုံ့နေမိသည်။ထိုစဥ် နူဝမ်ကချစ်ရိပ်တို့အနားရောက်လာပြန်ကာ မိုးကိုတစ်စုံတစ်ရာလှမ်းပြောသည်။ထို့နောက်မှ မိုးကချစ်ရိပ်ဘက်သို့ပြန်လှည့်လာပြီး...
``အစ်မနူဝမ်ကပြောတယ်
နင်အခန်းထဲပဲပြန်ဝင်နေရမယ်တဲ့
သခင်လေးက နင့်ကိုသေချာစောင့်ကြည့်ဖို့မှာထားခဲ့တာ´´
``ဟင်! နင်တို့ကလည်း...ငါ
အ!´´
ဘာမှကိုပြန်ပြောခွင့်မပေးဘဲ တခြားလူတွေပါအနားရောက်လာကာချစ်ရိပ်ရဲ့လက်တစ်ဖက်ဆီမှတွဲ၍ အခန်းထဲပြန်ပို့ကြလေ၏။ပြီးနောက်တံခါးကိုလည်းဖွင့်မလွယ်အောင်ပိတ်သွားသေးသည်။
``ဟင့်!အဲ့ဒီဦး...
စိတ်ပုပ်ပြန်ပြီ´´
စိတ်လေးကမကျေနပ်သော်လည်း ချစ်ရိပ်ငြိမ်တော့ငြိမ်နေမိပါသည်။မနေ့ကကိစ္စကြောင့်တခြားလူတွေကပါ ချစ်ရိပ်ကိုအမြင်မကြည်ကြတော့ဘူးထင်ရဲ့။ဟုတ်တော့လည်း ဟုတ်ပါတယ်။ချစ်ရိပ်ရဲ့အဆင်အခြင်မဲ့မှုကတော်ရုံမှမဟုတ်ခဲ့လေပဲ။
~~~~~ 🍭 ~~~~~
``တီ! တီ!´´
မြင့်မားခမ်းနားသော သံတံခါးကြီးရဲ့ရှေ့အရှိန်ပြင်းပြင်းထိုးစိုက်လာသော ကားတစ်စီး။ဆိတ်ငြိမ်သည့်ဘေးပတ်ဝန်းကျင်ကိုပင် မငဲ့ညှာ၊ဂရုမစိုက်ဘဲ ဟွန်းသံတွေအဆက်မပြတ်ဖန်တီးနေ၍ စံအိမ်ပတ်ဝန်းကျင်၌ဆူညံလို့နေသည်။ထို့အတူကားပေါ်၌ရှိနေသည့်မိန်းကလေး၏မျက်ဝန်းတို့သည်လည်း မိုင်ကုန်တင်ထားသောဒေါသအရိပ်အငွေ့တွေဖြင့် စူးရဲလို့နေရဲ့။
တကယ်တော့မနေ့ကကိစ္စကိုကြားကတည်းကJulietဒေါသတွေထိန်းမနိုင်အောင်ပေါက်ကွဲနေခဲ့တာပါ။အဲ့ဒီ့ကိစ္စကြောင့် ဒီနေ့ဆိုနိုင်ငံပိုင်မီဒီယာတွေမှာတောင် သတင်းတွေတက်လာနေခဲ့တာ။နူဝမ်ဆီကလည်း julietကြားပြီးခဲ့ပါပြီ။အိမ်ကထွက်ပြေးချင်လို့တမင်လုပ်တာဆိုပဲ။ရာရာစစ သူကများအခုလောက်ကြီးမားတဲ့ပြသာနာကိုလုပ်ရဲလေသတဲ့!
ကြည့်ကြသေးတာပေါ့
ဘယ်မိန်းမကအခုလောက်အထိအတင့်ရဲတတ်နေတာလဲ??
``တီ! တီ´´
နောက်တစ်ကြိမ်ဟွန်းသံကိုဆောင့်တီးလိုက်တော့ auto controlစနစ်နဲ့ စံအိမ်တံခါးကဂျိန်းခနဲပွင့်လာသည်။ခပ်ကြမ်းကြမ်းပင်မောင်းဝင်လာခဲ့ပြီး ကားကိုရပ်ကာဆင်းလာသည်နှင့် အိမ်ထဲကအလုပ်သမားနှင့်အစေခံအချို့ julietအနားသို့ပြေးလာကာ ဦးညွှတ်အရိုအသေပေးလေ၏။
``မင်္ဂလာပါ မမလေး´´
Julietကတော့ဘေးဘီဝဲယာကိုဂရုစိုက်မနေဘဲ တောက်ပကြွရွသည့်ခြေလှမ်းများဖြင့်အိမ်ထဲသို့ဆက်ဝင်လာခဲ့သည်။
``နူဝမ်´´
``ရှိပါတယ် သခင်မ´´
``အဲ့ဒီ့မိန်းမဘယ်မှာလဲ
ရာရာစစငါ့ကိုကိုရဲ့အိမ်မှာပြသာနာရှာရဲတဲ့မျက်နှာကိုကြည့်ချင်တယ်´´
``သူ့ကိုအခန်းထဲမှာပဲထားပါတယ် သခင်မ
ကျမလိုက်ပြပါမယ်´´
``ok!´´
~~~~~ 🍭🍭🍭🍭 ~~~~~
တစ်စတစ်စနှင့်အချိန်တွေက ရွေ့လျားနေခဲ့ပါ၏။အခန်းလေးထဲငြိမ်ကုပ်နေမိသည့်ချစ်ရိပ်ကတော့ နံရံဆီကနာရီလေးကိုမော့ကြည့်ရင်း စက္ကန့်တံလေးအတိုင်းနာရီ၊မိနစ်တွေကိုလက်ချိုးရေတွက်နေမိသည်။
``ဦးပြောတာ၂ရက်တဲ့
၂ရက်ဆိုတော့ လေးဆယ့်နဲ့ရှစ်နာရီ...အခုက ၇နာရီပဲကြာသေးတာ...ဟွန်း!နောက်ထပ်နာရီလေးဆယ်ကျော်တောင်စောင့်ရဦးမှာ´´
``ဒုန်း!!´´
သက်ပြင်းလေးဖွဖွချချလျက်တိုးတိုးဆိုနေစဥ် အခန်းတံခါးကိုခပ်ပြင်းပြင်းတွန်းဖွင့်ဝင်လာခြင်းနှင့်အတူ အခန်းထဲသို့ဝင်လာသည်က အစ်မနူဝမ်။
ပြီးတော့ နောက်ထပ်ပါလာသည့်မိန်းကလေးက...
ဘယ်သူပါလိမ့်။ချစ်ရိပ်သူ့ကိုမသိဘူး။မတွေ့ဖူးဘူး။
``နင်ပေါ့လေ
မိုးကျရွှေကိုယ်ပေါ်လာပြီးဒီအိမ်မှာသောင်းကျန်းနေတာ´´
မြန်မာစကားပြောတတ်နေသူမို့ ချစ်ရိပ်သူ့စကားကိုခွန်းတုံ့မပြန်မိသေးဘဲ သေချာလေးပြူးကြည့်နေမိသည်။
လှတာမှအတော်လှတဲ့မိန်းကလေးပါပင်။ခပ်စိပ်စိပ်နှင့်ရှည်လျားသောမျက်တောင်ရှည်တွေရယ်၊ဖြူသွယ်သောမျက်နှာကျရယ်...၊နှာတံစင်းစင်းလေးနဲ့ဖူးရွစိုရဲနေသောနှုတ်ခမ်းလွှာလေးတွေက ပုရိသတို့ရင်ခုန်တိမ်းမူး အသက်ရှူမှားလောက်စရာပင်။ခေတ်မီလှပစွာပြင်ဆင်ဝတ်စားထားပြီး မြင့်မားသောအရပ်နှင့်သွယ်လျသောကိုယ်ဟန်။အထက်တန်းဆန်ဆန်လှပပြေပြစ်သောမျက်နှာကျနှင့် ရေလှိုင်းလိုတွန့်ကောက်သောရွှေအိုရောင်ဆံနွယ်များက ခါးအထိရှည်လျားနေသည်။ပြောရရင်သူမရဲ့ပုံစံအသွင်အပြင်က သက်ရှိbarbieရုပ်လေးနှယ် ပြည့်စုံလှပလွန်းနေ၏။ချစ်ရိပ်ရဲ့ဟိုမရောက်ဒီမရောက် ကလေးပုံနဲ့တော့တခြားစီ။
``ဖြေလေ၊ငါနင့်ကိုမေးနေတာ
နင်ကမြန်မာလူမျိုးဆို?
မြန်မာစကားတတ်တယ်မဟုတ်လား´´
``ရှင်ကဘယ်သူလဲ?´´
``အဟင်း!ငါလား
ဒီအိမ်မှာတော့အလုပ်လုပ်ပြီးငါ့ကိုမသိဘူးပေါ့လေ´´
``ဟုတ်တယ်
ချစ်ရိပ်ရှင့်ကိုမသိဘူး´´
``okလေ
ဒါဆိုအခုကစပြီးသိလိုက်တော့
ငါက နင်လိုချင်တဲ့နေရာကိုပိုင်တဲ့သူ...၊ခိုက်ရန်ရှင်းကိုတရားဝင်ပိုင်ဆိုင်ရမယ့်သူ...နင့်လိုခဏတာအပျော်ဇယားထက်တော့သာတာပေါ့´´
``ရှင်!
ရှင်ဘာပြောလိုက်တယ်?´´
ဦးရဲ့ချစ်သူလို့အဓိပ္ပာယ်ရသောအသုံးအနှုန်းကိုသူပြောလာ၍ ချစ်ရိပ်ရင်ထဲဆွေးလျဝမ်းနည်းသွားကာ ခဏမျှငြိမ်သက်သွားမိ၏။သို့သော် ရုပ်လေးလှသလောက် အောက်တန်းကျသောအသုံးအနှုန်းကိုပြောလာ၍ ချစ်ရိပ်စိတ်ထဲချဥ်သွားရကာ ခြေလှမ်းလေးကိုရှေ့ဆက်တိုးမိတော့ သူကလည်းတစ်လှမ်းတိုးသည်။သို့နှင့်နှစ်ယောက်သားရဲ့မျက်နှာချင်းဆိုင်စစ်ထိုးမှုက တင်းမာလာလေပြီ။
``ငါပြောတာမမှားဘူးလေ
နင့်လိုအစေခံအဆင့်ကလူကို သူကဘယ်လိုလုပ်ကြာကြာသုံးပါ့မလဲ၊စိတ်ကူးတွေယဥ်မနေနဲ့´´
``ဒီမှာရှင်ဘာတွေလာပြောနေတာလဲ
ရှင့်ဘာသာရှင်ဘယ်နေရာပဲပိုင်ပိုင် ဦးကတော့ရှင့်အကြောင်းချစ်ရိပ်ကိုတစ်ခါမှမပြောဖူးဘူး။ဒီတော့ ရှင်ကသူ့အတွက်အရေးမပါလို့နေမှာပေါ့´´
``နင်! နင်ဘာပြောလိုက်တယ်´´
``ဟုတ်တယ်၊ချစ်ရိပ်ပြောတာအမှန်ပဲ´´
``နင်ကများ´´
``.....´´
``ဖြန်း!!´´
မထင်မှတ်လိုက်သောအခြေအနေပါပင်။မြန်ဆန်လှသောလက်ဝါးတစ်ဖက်ကရုတ်ချည်းမြင့်တက်သွားကာ အားကုန်လွှဲ၍ရိုက်ချလိုက်တာကြောင့်ချစ်ရိပ်အရှိန်တောင်မထိန်းနိုင်ဘဲအနောက်ဘက်သို့ပစ်လဲကျသွားရသည်။ပါးတစ်ဖက်ကထူပူနာကျင်သွားရကာ အံ့လည်းအံ့သြသွားသည်။တစ်သက်နဲ့တစ်ကိုယ်ဒယ်ဒီနဲ့မာမီတောင်မရိုက်ရက်ခဲ့သောပါးပြင်ကို ဒီမိန်းမကများ ရာရာစစ...။
``တောက်!´´
ချစ်ရိပ်ကရန်ပွဲကိုကြောက်တတ်သူမဟုတ်ပါ။ကလပ်မှာတောင်ယောကျ်ားလေးတစ်စုနဲ့ရန်ဖြစ်ခဲ့ဖူးတာမဟုတ်လား။ဒီတော့ယခုလည်းခံပြင်းဒေါသလေးဖြင့်ရင်ထဲဆတ်ဆတ်ခါနေကာ လဲနေရာမှချက်ချင်းပြန်ထလိုက်ပြီး ထိုမိန်းမဘက်သို့ပြန်လှည့်လိုက်သည်နှင့်တပြိုင်နက်...
``ဖြန်း!!´´
တန်ပြန်သောလုပ်ရပ်အတွက်julietလည်းတော်တော်ကြီးအံ့သြသွားရသလိုယုံလည်းမယုံနိုင်ခဲ့။ထိုကလေးမက လဲနေရာမှဆတ်ခနဲထလာကာ julietရဲ့ပါးကိုပြန်ရိုက်လိုက်သည်ပဲ။
``နင်! နင်!´´
Julietဒေါသတကြီးဖြင့် မျက်စိရှေ့ကမိန်းမအားတစ်ခုခုလုပ်ပစ်ရန်ရည်ရွယ်လိုက်စဥ် နူဝမ်ကလက်ကိုလာဆွဲထားကာ...
``မမလေးစိတ်လျှော့ပါ
သူ့ကိုအရမ်းကြီးထိခိုက်ဒဏ်ရာဖြစ်အောင်လုပ်လို့မရပါဘူး။သခင်လေးရဲ့အမိန့်ပါ´´
``တောက်!
ကောင်းပြီလေ၊ဒဏ်ရာရအောင်ရိုက်လို့မရဘူးဆိုရင် တခြားနည်းလမ်းသုံးတာပေါ့´´
အေးစက်တင်းမာသောလေသံနှင့် ဒေါသအငွေ့တွေဖုံးလွှမ်းနေသော သူမမျက်ဝန်းများကကြောက်မက်အတိပင်။အားနည်းချက်ကိုသိနေ၍ ဒီကောင်မလေးကိုဒဏ်ရာမပေါ်အောင်နှိပ်စက်ဖို့ကအလွယ်လေးပါလေ။ထို့ကြောင့် နီစွေးသောနှုတ်ခမ်းလွှာတို့က အေးစက်စက်ပြုံးလာပြီးနောက်...
``နူဝမ်´´
``ရှိပါတယ်´´
``ဒီနေ့ခိုက်ကပြန်မလာဘူးမဟုတ်လား
သူ ခရီးသွားတယ်ဆို´´
``ဟုတ်ကဲ့´´
``ဒါဆိုတို့တွေ ကစားကြရအောင်
အပျင်းပြေပေါ့´´
~~~~~ 🍭🍭🍭🍭 ~~~~~
အခန်း >>> ၁၈ဆက်ပါမည်။
ချစ်သည်းတို့အတွက်တစ်ခဏတာစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာရည်ရွယ်ရေးသားသော...
WineSatt Cho(🍋Lëmoñ🍋)