book

Index 15

အခန်း ၁၅

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


==========♡ အခန်း  ၁၅ ♡==========


``ဝုတ်!!

ဝုတ်!!´´


``အား! ခွေး...ခွေးတွေ...´´


မှောင်မဲနေသောလမ်းကြီးတစ်ခုပေါ် ကြောက်အားလန့်အားဖြင့် အမောတကောပြေးလွှားနေရသူက ချစ်ရိပ်ပါပင်။ရှေ့ကိုလည်းသဲကွဲစွာမမြင်ရဘဲ အနောက်မှနီးကပ်လာသောအသံတွေကြောင့်သာ စမ်းတဝါးဝါးပြေးနေရသည်။အကာအကွယ်မပါသည့်ခြေဖဝါးနုနုတွေမှ သွေးတွေစိမ့်ထွက်နေသော်လည်း နာကျင်ခြင်းကိုမခံစားရ။သို့သော်မောတာတော့အတော်လေးမောနေ၏။


မဟုတ်သေးဘူး။

ဒါ...ဒါအိပ်မက်ပါ။ချစ်ရိပ်အိပ်မက်မက်နေတာမဟုတ်လား?


နိုးတစ်ဝက်၊အိပ်တစ်ဝက်ဖြင့် လက်ရှိအခြေအနေကအိပ်မက်မှန်းသိသော်လည်း နိုးထလို့ကမရ။မှိတ်ယှက်ထားသောမျက်ဝန်းတွေမှ မျက်ရည်တွေစီးကျခဲ့ကာ လက်ဖျားလေးတွေက ကိုယ်ပေါ်ရှိစောင်စကိုခပ်တင်းတင်းဆုပ်ထားမိရင်း လူလေးကလည်း လူးလိမ့်ရုန်းကန်၍...


``ဒယ်ဒီ...

ချစ်ရိပ်ကိုကယ်ပါ...ချစ်ရိပ်ကြောက်တယ်

ကြောက်တယ်´´


``သမီး!!´´


ငိုရှိုက်သံလေးဖြင့် ကြောက်လန့်တကြားအော်နေမိစဥ် ပထမဆုံးဒယ်ဒီ့ခေါ်သံကိုကြားရသည်။ထို့နောက်...


``ဘေဘီ!!

ဘေဘီ!´´


ရင်ထဲတသိမ့်သိမ့်နွေးထွေးစေသော ခေါ်သံလေးကိုထပ်ကြားရ၏။သူ...၊သူချစ်ရိပ်ကိုခေါ်နေပြီ။


``ဦး!!

ချစ်ရိပ်ကိုကယ်ပါဦး´´


``မကြောက်နဲ့နော်၊ကိုယ်ရှိတယ်´´


``ဦး´´


ထိုနာမ်စားလေးအား နှုတ်ဖျားမှတမ်းတရေရွတ်ရင်း သူ့စကားလေး နားထဲပြန်ကြားယောင်မိသည့်အခါ ချစ်ရိပ်ရဲ့မျက်လုံးလေးတွေသည်လည်းဖျတ်ခနဲပွင့်လာရင်း မှောင်မဲနေသောရပ်ဝန်းဆီမှနိုးထနိုင်ခဲ့၏။


``ဟင်း!

ဟင်း! မောလိုက်တာ´´


တကယ်ပဲချစ်ရိပ်မနေ့ကခွေးဟောင်သံတွေကိုစိတ်ဆွဲပြီး အိပ်မက်မက်နေခဲ့တာပါ။သို့သော်လူကအိပ်ရာပေါ်မှာရှိပေမယ့် တကယ့်အဝေးကြီးကနေပြေးလာရသလို တော်တော်လေးမောနေတာအမှန်။ရင်တွေတလှပ်လှပ်တုန်နေတာများ အသက်ရှူလို့ပင်မဝတော့ပေ။သို့နှင့် ခုတင်ဘေးရှိဗီရိုအသေးလေးပေါ်တင်ထားသည့် ရေခရားမှရေကိုဖန်ခွက်ထဲထည့်ကာ ခပ်မြန်မြန်လေးသောက်ပစ်လိုက်သည်။


ခဏလေးကြာမှရင်ထဲက တုန်လှုပ်နေခြင်းများအနည်းငယ်တည်ငြိမ်သွားခဲ့၏။


ချစ်ရိပ်ငယ်စဥ်ကတော့ ခွေးတွေကိုမကြောက်တတ်ခဲ့ပါ။မကြောက်လို့လည်း တစ်ခါကရန်သွားစခဲ့ဖူးတာ။ချစ်ရိပ်အသက်တော်တော်လေး ငယ်သေးတဲ့အရွယ်မှာပေါ့။ကြိုးချည်ထားတယ်အမှတ်နဲ့ တစ်ဖက်ခြံက ခွေးကိုဒေါသဖြစ်အောင်ရန်စပြီး ဖင်ကနေဆောင့်ကန်ပစ်လိုက်တာများ အားရှိပါးရှိပဲ။ဟိုကတိုင်နဲ့ကြိုးလွတ်နေခဲ့တော့ ပြသာနာတွေရှယ်တက်ပြီး ပြေးလိုက်ရတာအမော။


တစ်နေရာအရောက်မှာချော်လဲကျတော့ ခြေထောက်လေးလည်းအကိုက်ခံလိုက်ရပါရဲ့။ဆေးတွေလည်းထိုးရပြီး တစ်ပါတ်ကျော်အောင်လန့်ဖျားကြီးဖျားခဲ့ရတာမို့ အဲ့ဒီ့ကတည်းက ခွေးဆိုအကောင်မြင်ဖို့မဆိုထားနဲ့...အဝေးကဟောင်သံကြားရုံလေးတောင် အသားတွေဆတ်ဆတ်တုန်တဲ့အထိ ချစ်ရိပ်ကြောက်တတ်တယ်။နှလုံးသားနုနုလေးရဲ့ ထိတ်လန့်စရာစိတ်အစွဲဆိုတော့ လွယ်လွယ်နဲ့လည်းမဖျောက်နိုင်ခဲ့။ပြောရရင် ချစ်ရိပ်ရဲ့ခွေးကြောက်ဝေဒနာက Phobiaနည်းပါးပဲ။


``ဟူး!

ငါ့နှယ်နော်...အဲ့ဦးကဘာရယ်ကြောင့်ခွေးတွေမွေးထားရလဲမသိပါဘူး´´


ဒူးလေးနှစ်ဖက်ကိုရင်ခွင်ပိုက်၍ကျုံ့ကျုံ့ထိုင်ကာ နှုတ်ခမ်းလေးစူရင်း ခွေးမွေးထားသည့်သူကိုလှမ်းပြီးစိတ်ကောက်လိုက်သေးသည်။ပြီးမှ အိပ်မက်ထဲကသူ့ခေါ်သံကိုပြန်သတိရမိတော့ မျက်မှောင်လေးကျုတ်မိရပြီး... 


``ဒါနဲ့ငါ့အိပ်မက်ထဲမှာ ဦးကဘာလို့ပါနေတာလဲ´´


သူ့အကြောင်းတွေးမိမှ လာဗင်ဒါပန်းခင်းထဲကအဖြစ်အပျက်လေးကိုသတိရပြန်၏။ခုတင်ခြေရင်းကိုကြည့်လိုက်တော့ အဖြူရောင်ဖိနပ်လေးကိုလှမ်းတွေ့ရသည်။


!လာဗင်ဒါပန်းလေးတွေရဲ့အဓိပ္ပာယ်ကိုသိလား ဘေဘီ!


!ချစ်ခြင်းကိုစောင့်မျှော်သူတဲ့!


ညှို့သောနှုတ်ခမ်းဖျားဆီက ချိုသောစကားသံကိုပြန်ကြားယောင်မိတော့ ဝဲဘက်ရင်ခွင်ဆီမှတဒိတ်ဒိတ်ခုန်သည်။အဲ့ဒါပြီးရင် သူဘာများဆက်ပြောမှာပါလိမ့်!


သူ...၊သူ ချစ်ရိပ်ကို ရည်းစားစကားများပြောမလို့လား??


``ဟာ!သူကပန်းအဓိပ္ပာယ်ပြောပြတာလေ

ချစ်တယ်လို့မှမပြောခဲ့တာ၊ငါကစဥ်းစားပေးစရာအကြောင်းလည်းမရှိဘူး...ဟွန့်!´´


ကိုယ့်ဘာသာအမျိုးစုံတွေးကာ ခေါင်းတွေခါလိုက်၊နှုတ်ခမ်းလေးစူလိုက်ဖြင့် အလုပ်တွေရှုပ်နေရင်း ခုတင်ပေါ်မှထရပ်၍ အပြင်ဘက်၌မြင်ရသောပန်းခင်းကိုလှမ်းကြည့်လိုက်မိ၏။အစောကြီးနိုးလာမိ၍ပဲထင့်၊မြင်ကွင်းတို့က ဝေလီဝေလင်းသာရှိသေးသည်။ချစ်ရိပ်ရှိနေသည့်နေရာကလည်း အတော်ကြီးကိုမြင့်တာပါ။အောက်ကိုလှေကားသုံးထပ်လောက်ဆင်းရတာဆိုတော့ သူ့အိမ်ကအနည်းဆုံးလေး၊ငါးထပ်လောက်ရှိမှာ။


ဟူး! ဒီနေရာကနေဒယ်ဒီတို့ဆီဘယ်လိုများပြန်ရပါ့မလဲ?ဒယ်ဒီတို့ကရော ချစ်ရိပ်ကိုလိုက်မှရှာရဲ့လားကွယ်...။မလိမ္မာတဲ့သမီးဆိုးလေး ပျောက်သွားလည်းအေးတယ်ဆိုပြီး ပစ်ထားကြတာလား?


``အဟင့်!ဟင့်!´´


ဝမ်းနည်းစိတ်လေးဖြင့်တအိအိကျိတ်ငိုမိရပြန်ပါသည်။အခုမှပဲ မိဘတွေကိုနေ့နေ့ညညသတိရပြီးဝမ်းနည်းအားငယ်နေမိ၏။အနားမှာ ဦးမရှိရင်ပိုဆိုးသည်။ဦးရှိရင်တော့ သူ့ကိုစိတ်ကောက်လိုက်၊စကားတွေများလိုက်နဲ့ လက်ရှိခံစားချက်တွေကို မေ့မေ့သွားတတ်တာလေ။ဒါပေမဲ့ သူကလည်းချစ်ရိပ်နဲ့မဆိုင်တဲ့ သူပါ။တွယ်တာနေလို့မဖြစ်တဲ့ လူစား။ကြမ်းတမ်းလိုက်၊နူးညံ့လိုက်နဲ့ ခန့်မှန်းရခက်လွန်းတဲ့သူ့ပုစံက အခုပဲချစ်စနိုးလေးဖြစ်နေပေမယ့် အခုပဲ ရက်စက်ရင်ရက်စက်ပစ်မှာ။


တည်ငြိမ်ပြီးအေးစက်လွန်းတဲ့မျက်ဝန်းတွေကိုလည်း ကြောက်မိသား။


ဘာပဲဖြစ်ဖြစ် ချစ်ရိပ်ဒီနေရာမှာရှိနေတော့တာကသာအကောင်းဆုံးမဟုတ်လား။ခဏတဖြုတ်တွေ့ဆုံရတဲ့သူနဲ့လည်း ဒီထက်ပိုပြီးဆက်ရန်ရှိလို့မရ။သူကချစ်ရိပ်ထက်အများကြီးအသက်ကွာတဲ့သူမို့ ငယ်သူလေးကို အရုပ်တစ်ရုပ်လိုသဘောထားနေတာမျိုးပါ။သူ့မှာချစ်ရမယ့်သူ၊လက်ထပ်ရမယ့်သူလည်း ရှိရင်ရှိမှာ...။ဒါမှမဟုတ်လက်ထပ်ပြီးသားလည်းဖြစ်ချင်ဖြစ်မှာ။


တွေးကြည့်ရင်ချစ်ရိပ် သူ့အကြောင်းဘာဆိုဘာမှမသိတာပါ။သူ့နာမည် `ခိုက်ရန်ရှင်း´ဆိုတာကလွဲရင်ပေါ့။


``ဟင်း!!´´


သက်ပြင်းကြီးချမိရပြန်သည်။ရုတ်တရက်ကြီးအိပ်ရာလန့်နိုးပြီး လက်ရှိအခြေအနေတို့အတွက် အဘက်ဘက်မှသင့်တော်သည့်အတွေးတွေမျိုးစုံကိုတွေးရင်း ပြန်အိပ်လို့လည်းမပျော်နိုင်ခဲ့။အမြဲတမ်းကလေးဆန်ဆန်နေတတ်သလောက် တစ်ခါတစ်လေကျပြန်တော့ သူမတူအောင်အတွေးများတတ်သော ချစ်ရိပ်ပါလေ။


ပြီးတော့ ဒီလိုတလေးတနက်တွေးနေမိတယ်ဆိုတာက လည်း ချစ်ရိပ်ကိုယ့်စိတ်ကိုယ်သိနေလို့ပါ။သူ ချစ်ရိပ်အပေါ်ဘယ်လိုပဲသဘောထားထား ချစ်ရိပ်ရဲ့နှလုံးသားလေးက သူ့အပေါ်တကယ်ပဲတွယ်တာသွားခဲ့တာ။အချိန်ခဏလေးပဲဆုံရတဲ့သူအပေါ် ဒီလိုခံစားချက်ရှိသွားမိတာ ဖြစ်သင့်ရဲ့လား?


တစ်ချိန်မှာဝေးဖို့ဖြစ်လာခဲ့ရင် ချစ်ရိပ်လေးပဲခံစားရမှာပါ။သူ့လိုလူကြီးကတော့ ဘာမှမဟုတ်သလိုမေ့ပစ်လိမ့်မှာ...။


``.....´´


ခပ်နွမ်းနွမ်းအတွေးလေးနဲ့အတူ ပြတင်းမှန်ချပ်ဆီခေါင်းလေးတိုးမီထားလိုက်စဥ် ကောင်းကင်ဆီမှအလင်းရောင်ခပ်ဖျဖျလေးယှက်သန်းလာခဲ့လေပြီ။ဘာရယ်မှအကြောင်းပြချက်မရှိစွာ ထိုကောင်းကင်ကြီးဆီမော့ငေးမိတော့ မျက်ရည်လေးတစ်စက် ပေါက်ခနဲကြွေလွင့်သွား၏။တစ်ဆက်တည်းမှာ ရင်ထဲအသေအချာဆုံးဖြတ်လိုက်မိသည်ကလည်း...


``ချစ်ရိပ်ဒီနေရာနေလွတ်အောင်ထွက်ပြေးမှဖြစ်မှာပါ။ဒီထက်ပိုပြီးမနီးကပ်ရင် ဒီထက်ပိုပြီးလည်းတွယ်ငြိဖို့မရှိတော့ဘူးမဟုတ်လား?´´


~~~~~ 🍭🍭🍭🍭 ~~~~~


မိုးစင်စင်လင်းသည်အထိ ချစ်ရိပ်ထိုနေရာလေးမှာရပ်နေဆဲပင်။အတော်လေးကြာမှ အခန်းတံခါးကိုဖွင့်ထွက်ကာ ရှည်လျားသည့်လှေကားထစ်တွေကိုတစ်ထပ်ချင်းနင်းဖြတ်ခဲ့၏။ညကတည်းကခံစားချက်တွေမကောင်းခဲ့၍ ဒီနေ့အတွက်ချစ်ရိပ်ရဲ့ပုံစံလေးက တက်တက်ကြွကြွမရှိလှပေ။


``ဘယ်လိုလုပ်ရင် ဒယ်ဒီ့ဆီဆက်သွယ်လို့ရမလဲမသိဘူး´´


``....´´


``ဖုန်းကဘယ်နားမှာပါလိမ့်´´


အိမ်အကျယ်ကြီးထဲ ဟိုဟိုသည်သည်လျှောက်၍စူးစမ်းနေရင်း အိမ်အပေါက်ဝဘက်သို့လည်းမျက်လုံးလေးစွေကာခိုးကြည့်လိုက်သေးသည်။ဘာကြောင့်ရယ်မသိ၊ဒီမနက် ဦးရဲ့အရိပ်အယောင်မမြင်မိပါလား။


``ကောင်းပါတယ်

သူမရှိတော့ ငါလှုပ်ရှားလို့လွယ်တာပေါ့´´


ပါးစပ်ကဒီလိုပြောပေမယ့် မျက်လုံးလေးကတော့ဟိုသည်ဝေ့ကြည့်နေမိသေး၏။ထို့နောက်မှ မီးဖိုခန်းဘက်ဆက်ဝင်လာကာ တခြားလူတွေရဲ့လှုပ်ရှားမှုတွေကိုလိုက်ကြည့်သည်။သူတို့ကဖြင့်ချစ်ရိပ်ကိုကြည့်တောင်မကြည့်။ဟုတ်ပြီလေ၊မကြည့်လည်းကောင်းတာပဲ။


သို့ပေမဲ့သူတို့မကြည့်လည်းချစ်ရိပ်အိမ်အပြင်ကိုတော့ခြေလှမ်းလို့ရမယ်မထင်။အိမ်ထဲကအစေခံတွေဆီကလွတ်တယ်ပဲထား။ခြံထဲမှာအထပ်ထပ်ရံထားတဲ့ အစောင့်အကြပ်တွေကိုဘယ်နည်းဘယ်ပုံနဲ့ကျော်ဖြတ်ရမှာ??


``မဖြစ်သေးဘူး

တစ်ခုခုတော့ကြံမှ...´´


နံရံထောင့်လေး၌ရပ်ကာ အတန်ကြာအောင်စဥ်းစားနေမိစဥ် အနားမှ မိုးလေးဖြတ်လျှောက်သွားတာကိုတော့မြင်မိလိုက်ပါသည်။သို့သော် သူ့ကိုအကူအညီတောင်းလို့တော့မဖြစ်။တော်ကြာ နူဝမ်ဆိုတဲ့မိန်းမသိသွားမှ ဒုက္ခတွေရောက်နေဦးမယ်လေ။


မဖြစ်ဘူး။ဒါက cancel။


``အာ!သိပြီ

သူတို့အားလုံး အာရုံစိုက်စရာတစ်ခုရှာပေးရမယ်´´


အခုမှပဲအတွေးလေးရသွားကာ အကြံအစည်ကိုဖော်ဆောင်ရန် မီးဖိုခန်းဘက်၌လူရှင်းမည့်အချိန်ကိုစောင့်နေလိုက်သည်။ခဏကြာတော့ ချက်ပြုတ်ပြင်ဆင်တာတွေအားလုံးပြီးသွားပြီး တခြားတာဝန်ကိုယ်စီဖြင့် ထွက်သွားကြလေ၏။သို့မှ လူမရှိတော့သည့်မီးဖိုခန်းထဲချစ်ရိပ်တစ်ယောက်တည်းဝင်လာကာ မီးပလပ်တွေသွယ်တန်းထားသည့်Wireကြိုးတွေအား လျှောက်ကလိပစ်သည်။ထို့နောက် Gasအိုးတွေကိုဖွင့်ပစ်ကာ ဒီအတိုင်းထားပစ်ခဲ့လိုက်၏။အိုးထဲက Gasတွေက တငွေ့ငွေ့စိမ့်ထွက်နေလျက်ဖြင့် မီးဖိုခန်းတစ်ခုလုံးထဲgasနံ့တွေထွက်လာစဥ် ချစ်ရိပ်ခပ်မြန်မြန်လေးလစ်ထွက်လာခဲ့ပြီး သတိမထားမိလောက်သည့်တစ်နေရာ၌ ပုန်းနေလိုက်သည်။


ငါးမိနစ်...။


ဆယ်မိနစ်လောက်ကြာလာခဲ့ပြီ။ထို့နောက်...


~~~~~ 🍭 ~~~~~


``ဝုတ်!´´


အညိုနှင့်အနက်ရောစပ်ထားသော ခွေးကြီးတွေရဲ့လှုပ်ရှားမှုကိုရပ်ကြည့်နေမိပါသော `သူ´။အနားကိုကပ်လို့မရသေး၍ ခပ်လှမ်းလှမ်းမှာသာရပ်နေမိ၏။ဒါဟာ ညစဥ်ညတိုင်းဒီခြံထဲမှာလွှတ်ထားသောအကောင်ကြီးတွေဖြစ်လိမ့်မည်။ခိုက်ရန်ရှင်းကတော်တော်မလွယ်တဲ့သူပါ။အစစအရာရာအမြဲသတိရှိပြီး ပါးနပ်လွန်းတဲ့လူစား။အခုတောင် ဒီစံအိမ်ထဲရောက်နေတာကိုမရိပိမိအောင်မနည်းသိုဝှက်နေရသည်။


သူ့နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ညမှာရော၊ဒီအိမ်ထဲခိုးဝင်ခဲ့တဲ့ညမှာပါ မျက်နှာကိုမမြင်အောင်ဖုံးအုပ်ထားခဲ့၍ ကိစ္စတော့မရှိပါ။လွန်ခဲ့တဲ့ရက်က ဒီစံအိမ်ဆီအလုပ်သမားအဖြစ်ဝင်ရောက်မယ့်အရွေးချယ်ခံအဖွဲ့ထဲက တစ်ယောက်ကို သူလက်စဖျောက်ပြီး လူစားထိုးဝင်လာခဲ့တာ။ဒါကလွယ်ကူခဲ့သလောက် မလွယ်ကူခဲ့သည်က ဒီနေရာ။သူအလုပ်လုပ်ရတဲ့နေရာက ခွေးတွေကိုယဥ်ပါးအောင်လေ့ကျင့်ပေးရတဲ့အပိုင်းမို့တော်တော်ကိုအသားမကျ။ပြီးတော့ အဲ့ဒီ့ညကကြုံဖူးသော အနံ့ကိုမှတ်မိ၍ပဲထင့်၊အနားကပ်တိုင်း ဒီကောင်တွေကစူးစူးဝါးဝါးထိုးဟောင်ရန်ရှာသည်မို့ရေရှည်မှာအဆင်မပြေနိုင်ပေ။


``ဟူး! ကိုယ့်မှာအချိန်သိပ်မရှိဘူး

ခိုက်ရန်ရှင်းမရိပ်မိသွားခင် ဒီနေရာမှာဘယ်လောက်ကြာအောင်နေလို့ရမလဲမသိတာမို့မင်းကိုမြန်မြန်ခေါ်ထုတ်နိုင်မှဖြစ်မယ် ချာတိတ်ရယ်...´´


``ဝေ့!!´´


သူမလေးရှိလောက်မည့်အတွေးတို့တရှည်တလျားပြေးလွှားနေစဥ် ပုခုံးကိုဆတ်ခနဲပုတ်ပြီးခေါ်လိုက်သံကြောင့် အနောက်သို့တစ်ချက်ငဲ့ကြည့်တော့ ဒီလေ့ကျင့်ရေးရဲ့ခေါင်းဆောင်ဖြစ်နေ၍...


``အစ်ကို!´´


``မင်းကလူသစ်မဟုတ်လား´´


``ဟုတ်ကဲ့´´


``ဒီမှာဘာလုပ်နေတာလဲ´´


``တခြားသူတွေဘယ်လိုလေ့ကျင့်ပေးလဲ လေ့လာနေတာပါ၊ကျွန်တော်ကလူသစ်မို့ထင်တယ်...သူတို့နဲ့မရင်းနှီးသေးဘူး´´


``ဒီကောင်တွေကအရမ်းပါးနပ်တယ်

လူကိုခွဲခြားသိတယ်၊အစမို့ပါ...နောက်တော့မင်းလည်းအဆင်ပြေသွားလိမ့်မယ်´´


``ဟုတ်ကဲ့ပါ အစ်ကို´´


အခုထိတော့အခြေအနေကအဆင်ပြေပြေရှိသေးတာမို့ အလိုက်သင့်ခေါင်းငြိမ့်ဖြေနေမိစဥ်...


``အုန်း!!´´


``ဝုန်း!´´


``ဟင်!ဘာဖြစ်တာလဲ´´


စံအိမ်ကြီးဘက်မှပျံ့လွင့်လာသော ခပ်ကျယ်ကျယ်ထွက်ပေါ်လာသည့်အသံကြောင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။အိမ်အနောက်ဘက်ဆီမှလည်း မီးခိုးငွေ့တွေထွက်လာသည်မို့...


``တစ်ခုခုပေါက်ကွဲတာပဲ

အားလုံးလှုပ်ရှားမယ်´´


``Ding! Ding!´´


အားလုံးရဲ့ခြေလှမ်းတွေရှုပ်ယှက်ပြေးလွှားကုန်သည်နှင့်တပြိုင်နက် အချက်ပေးAlarmသံတွေလည်းဆူဆူညံညံဖြစ်နေ၏။အမှန်တော့အရေးပေါ်အခြေအနေမှမဟုတ်ရင် အနောက်ဘက်ကအလုပ်သမားတွေ စံအိမ်ပေါ်တက်ခွင့်တောင်မရှိပါ။အခုမှသာ ရှုပ်ထွေးကုန်သည့်အခြေအနေကြားအခွင့်ကောင်းယူကာ သူလည်းစံအိမ်ဘက်သို့ချဥ်းကပ်သွားခဲ့၏။


``ဝုန်း!´´


ပေါက်ကွဲသံတွေအဆက်မပြတ်ထွက်ပေါ်နေသည်။စံအိမ်ထဲကလူတွေလည်းအလန့်တကြားအော်ဟစ်ပြေးလွှားနေကြ၏။ထိုမှ ချစ်ရိပ်လည်းပုန်းနေရာမှထွက်ကာ အိမ်တံခါးပေါက်ရှိရာဘက်သို့တဟုန်ထိုးပြေးထွက်ခဲ့လျှင်...


``ဟိုမှာ

ဟိုကောင်မလေးက...´´


``....´´


``ကျစ်! သူ့ကိုလိုက်ဖမ်း

မလွတ်စေနဲ့´´


တော်တော်ကြီးကိုရှုပ်ထွေးလှသည့်အခြေအနေပါပင်။စံအိမ်ထဲကတဝုန်းဝုန်း၊တဒုန်းဒုန်းပေါက်ကွဲသံတွေကိုဖြေရှင်းရင်း တဖြေးဖြေးတောက်လောင်လာသည့်မီးတွေကို ငြိမ်းအောင်ကြိုးစားရသည်ကတစ်ဖက်...။အခြေအနေကိုအခွင့်ကောင်းယူ၍ပြေးရန်ရွယ်နေသော Bossရဲ့ကလေးငယ် အိမ်ပြေးမလေးကိုလိုက်ဖမ်းရသည်ကတစ်ဖက်နှင့် အသံတွေဆူညံကာ ဂုဏ်သိက္ခာမြင့်မားလှသည့်Winnerစံအိမ်တော်၌ အခြေအနေတွေက ကသောင်းကနင်းနိုင်လှသည်။


``အား! ချစ်ရိပ်နောက်ကိုမလိုက်ကြနဲ့

ရှင်တို့အိမ်မီးလောင်တော့မယ်လို့´´


အော်ရင်းဟစ်ရင်း ပြေးနေရပေမယ့် သိပ်အမောမခံနိုင်သည့်ချစ်ရိပ်က ထင်သလောက်မပြေးနိုင်၍ဝေးဝေးလည်းမရောက်။အိမ်ထဲကထွက်ဖို့တောင် မနည်းကွေ့ဝိုက်ပတ်ပြေးလာခဲ့ရတာလေ။သူ့ခြံကလည်းအကျယ်ကြီးမို့ ခြံတံခါးဆီတော်တော်နဲ့မရောက်ဘဲ လက်တွေ့အခြေအနေကစိတ်ကူးထဲမှန်းဆခဲ့တာထက်ပိုခက်နေ၏။မီးကိုပဲသဲကြီးမဲကြီးငြိမ်းသတ်လိမ့်မယ်ထင်ခဲ့ပေမယ့် သူတို့ကချစ်ရိပ်နောက်ကိုလည်းသဲကြီးမဲကြီးလိုက်ဖမ်းကြလေတော့ လွတ်နိုင်ပါ့မလားတောင်မသိတော့ပေ။


``ဟင်း! မောလိုက်တာ´´


ရင်ဘတ်လေးပေါ်လက်ဖြင့်ဖိကာ မရပ်မနားပြေးလာနေရင်းမှ ပွင့်ဟနေသည့်သံတံခါးအမြင့်ကြီးကိုတွေ့လိုက်ရတော့ ချစ်ရိပ်မျက်လုံးလေးအရောင်တောက်သွားရသည်။ထို့နောက် အားသွန်ခွန်စိုက်ဖြင့် ထိုနေရာသို့ရောက်အောင်ပြေးနေစဥ်...


``ရပ်စမ်း!!´´


``.....´´


``ကျစ်! တံခါးဘက်ကိုပြေးနေတာ

အမြန်ပိတ်လိုက်တော့´´


ဘာကိုအော်လိုက်တယ်မသိ။စူးနက်နက်ထိုအော်သံရဲ့အဆုံး၌ ချစ်ရိပ်ဦးတည်ပြေးနေသော ထွက်ပေါက်၏တံခါးနှစ်ချပ်က အလိုအလျောက်စေ့ပိတ်လာသည်မို့...


``ဟင့်အင်း! မလုပ်နဲ့

မပိတ်လိုက်ပါနဲ့´´


``....´´


``အ!!´´


``ချာတိတ်!!´´


ပိတ်တော့မည့်တံခါးဆီလှမ်းမျှော်ကြည့်ရင်း ဇွတ်အတင်းပြေးထွက်လိုက်တော့ ခြေကျင်းဝတ်ကလည်ကျသွားကာ မြေပြင်ပေါ်ပစ်စလက်ခတ်လဲကျ၏။ထိုစဥ်မှာပဲ အနောက်ဘက်မှခေါ်သံသဲ့သဲ့ကိုလည်းကြားလိုက်သည်။သို့သော်ဘယ်နားကခေါ်လိုက်သည်မသိ။လှည့်ကြည့်မိတော့ ချစ်ရိပ်ဆီပြေးလာနေကြသည့်အနက်ရောင်ဝတ်လူတစ်စုကိုသာတွေ့သည်မို့ အလူးအလဲရုန်းထဖို့ကြိုးစားသော်လည်း ခြေကျင်းဝတ်ကလည်သွားသည့်အရှိန်နှင့်ပူထူနေကာ ဒူးခေါင်းမှာလည်းပွန်းပဲ့၍ လက်ဖမိုးနဲ့တံတောင်ဆစ်တွေအထိပေါက်ပြဲကုန်လေတော့ နေရာကနေမထနိုင်တော့ပေ။


ဟိုလူတွေကလည်းချစ်ရိပ်ဆီတဖြေးဖြေးနီးကပ်လာလေတော့ တစ်စုံတစ်ရာကိုအသေအချာသိလိုက်သည်က...


`ချစ်ရိပ်မလွတ်တော့ဘူး´ဟူ၍။


``လာခဲ့စမ်း!!´´


``အဟင့်! ဟင့်!´´


အနားသို့ရောက်လာပြီဖြစ်သောလူတွေက ချစ်ရိပ်ရဲ့လက်လေးတွေကိုနောက်ပြန်ဖိချုပ်ကာ ဇွတ်အတင်းတရွတ်တိုက်ဆွဲခေါ်လေ၏။


``လွှတ်!

ချစ်ရိပ်သွားမယ်...လွှတ်!!´´


ဘယ်လိုပင်ရုန်းကန်အော်ဟစ်လည်း အင်အားသေးသေးလေးက ထိုလူတွေလက်ထဲပျော့ခွေစွာပြန်ပါလာခဲ့ရသည်။Gruntကတော့ ထိုမြင်ကွင်းကိုအဝေးမှသာကြည့်နေရ၏။တကယ်တော့ သူမလေးကိုကူညီဖို့ သူလည်းတောက်လျှောက်ပြေးလိုက်လာခဲ့ခြင်းပင်။သို့သော် အခြေအနေကိုသူလက်ဦးမှုမယူနိုင်ခဲ့။မျက်စိရှေ့မှာတင် သူမလေးကိုပြန်ဆွဲခေါ်သွားကြသည့်အနေအထားကို ကူညီခွင့်လည်းမရလိုက်ပေ။


ကိုယ့်ကိုစောင့်ပါ ချာတိတ်!

ကိုယ်မင်းနဲ့အတူ ဒီအိမ်ကနေထွက်ပြေးမှာ...


ဒါပေမဲ့ ဒီနေ့တော့ အခွင့်ကောင်းမဟုတ်သေးဘူးထင်ပါရဲ့လေ။


~~~~~ 🍭🍭🍭🍭 ~~~~~


``ဒေါက်! ဒေါက်!´´


``Boss!´´


ဒီနေ့တော့ အရေးကြီးအလုပ်ကိစ္စတစ်ချို့ကြောင့်companyသို့အစောကြီးရောက်လာခဲ့သည့် `သူ´။Meeting roomမှပြန်ထွက်လာသည့်အခိုက် အနားသို့ရေးကြီးသုတ်ပျာပြေးလာသည့် dawnကြောင့် မျက်မှောင်တစ်ချက်ကျုံ့ကာကြည့်လိုက်ရင်း...


``ဘာဖြစ်လို့လဲ´´


``Boss!

စံအိမ်မှာပြသာနာတက်နေပါပြီ´´


``အသေးစိတ်ပြော´´


``စံအိမ်အနောက်ဆောင်ဘက်ကနေပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အခုမီးလောင်နေပါတယ်၊ပြီးတော့...ပြီးတော့ ကျွန်တော်စံအိမ်ကCCTVကိုလှမ်းစစ်ဆေးရသလောက် ဟိုချာတိတ်က...´´


Dawnရဲ့စကားထဲ သူမလေးအကြောင်းပါလာသည်နှင့် ခိုက်ရန်စိုးရိမ်တကြီးဖြင့် နေရာမှချက်ချင်းထရပ်လိုက်မိ၏။


``ကလေးဘာဖြစ်သေးလဲ

ငါ့ကိုပြောစမ်း´´


``ကျွန်တော်စုံစမ်းရသလောက် ဒီပြသာနာကိုစခဲ့တာ သူပါ၊စံအိမ်ထဲလူတွေရှုပ်ထွေးအောင်လုပ်ပြီး အဲ့အချိန်မှာထွက်ပြေးဖို့ရည်ရွယ်ခဲ့ပုံရပါတယ်´´


``ဘာပြောတယ်?´´


``အခုကတော့ gasလိုင်းပေါက်ကွဲမှုကြောင့်camera recordအားလုံးလည်းအလုပ်မလုပ်တော့ပါဘူး။စောစောကသတင်းပို့လာတာကတော့ သူထွက်ပြေးဖို့ကြိုးစားလို့ လိုက်ဖမ်းနေရပါတယ်တဲ့...စံအိမ်မှာတော်တော်လေးကမောက်ကမဖြစ်နေပုံပဲ´´


``တောက်!

အိမ်ကလူတွေအားလုံးကိုပြောလိုက်

ကလေးတစ်ခုခုဖြစ်ရင် ငါအကုန်လုံးကိုသတ်ပစ်မယ်လို့´´


``ဗျာ!!´´


``စံအိမ်ပြန်မယ်

အခုချက်ချင်း!!´´


တင်းမာခက်ထန်လွန်းနေသောလေသံနဲ့နီရဲနေသော သူ့မျက်ဝန်းစူးစူးတို့ကကြောက်မက်ဖွယ်အတိပင်။ရင်ထဲမှာလည်း ဒေါသစိတ်တွေ၊ဂျစ်တူးကိုစိတ်ပူတာတွေရောထွေးပြီး လူကတည်ငြိမ်မှုတို့ပျောက်ဆုံးကာ ကမူးရှူးထိုးတွေဖြစ်နေသည်။ခြေလှမ်းကျဲများသည်လည်း ပြသာနာပေါင်းစုံရှုပ်ထွေးနေသော စံအိမ်တော်သို့ဦးတည်နေလျက်...။


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၁၆ဆက်ပါမည်။


ချစ်သည်းတို့အတွက်တစ်ခဏတာစိတ်အပန်းဖြေမှုလေးတွေသာရရှိစေရန်ရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)


rate now: