book

Index 14

အခန်း ၁၄

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


==========♡ အခန်း  ၁၄ ♡==========


နာမည်အရင်းကိုပါခေါ်လိုက်၍ ချစ်ရိပ်မျက်လုံးလေးဝိုင်းလျက်သူ့မျက်နှာဆီမော့ငေးနေမိ၏။ထို့နောက် ဝမ်းနည်းရှက်ရွံ့စိတ်ကလေးကလည်း ရင်ထဲဆို့နင့်ဝင်ရောက်လာသည်။


ကြည့်စမ်း!သူအားလုံးကိုသိနေခဲ့တာပဲ။သိနေလျက်နဲ့ ချစ်ရိပ်လိမ်ညာသမျှကိုယုံသလိုဟန်ပြပြီး သူမို့နေနိုင်တယ်။သူက ချစ်ရိပ်ကိုအပျော်တမ်းအဖော်ပြုရမယ့်သတ္တဝါလေးလို့ပဲသတ်မှတ်ထားတာထင်ရဲ့။ချစ်ရိပ်သူ့ကိုတစ်ခါညာတိုင်း သူဘယ်လောက်များ လှောင်ရယ်နေလိမ့်မလဲ?


မုန်းတယ်~

ဒီလူကြီးကချစ်ရိပ်ကို ညာခဲ့တာပဲ။


``အဟင့်!ဟင့်´´


လူကိုအသေအချာမော့ကြည့်နေရင်းမှ မျက်လုံးဝိုင်းလေးများထံ အရည်ကြည်လေးတွေပြည့်အိုင်လာပြီး ခေါင်းလေးငုံ့သွားကာတအိအိငိုပြန်လေသော ချာတိတ်မ။မဖြစ်တော့ပါ။တကယ်ပဲသူမလိုအချွဲပိုအငိုထူလေးနဲ့သူ့လို ကွေ့ဝိုက်ခြင်းမရှိ၊အေးစက်သောလူကြီးက တကယ်ကိုအသားမကျ။ဟင်း! ဒီကမ္ဘာမှာအခက်ခဲဆုံးက ကလေးထိန်းအလုပ်များလား?


``ဦးက...ဦးက...

ချစ်ရိပ်လေးကိုညာတယ် အဟင့်!ဟင့်!´´


``မဟုတ်ဘူးလေ ဘေဘီရယ်

တကယ်တမ်းဘယ်သူကဘယ်သူ့ကိုညာတာလဲ

မင်းပဲကိုယ့်ကိုတောက်လျှောက်ညာလာခဲ့တာလေ...ကိုယ်မေးခဲ့သားနဲ့အရာအားလုံးကိုမင်းပဲလိမ်ခဲ့တာမဟုတ်ဘူးလား´´


``ဒါဖြင့်သိရင်လည်းသိကြောင်းပြောလေ

တမင်အလိမ်ခံနေတာတော်တော်ပျော်တယ်ပေါ့ဟုတ်လား...မကောင်းတဲ့လူကြီး´´


``ဘေဘီကလည်းကွာ...ကိုယ်...´´


``ဘယ်တုန်းကတည်းကသိတာလဲ´´


မျက်လုံးလေးတွေကစူးတောက်နေကာ မေးလာသည့်လေသံကခပ်ဆတ်ဆတ်ရယ်မို့ ဒီကလေးလေးစိတ်ကောက်နေပြီမှန်း ခိုက်ရန်သိပါသည်။သို့ကြောင့်လည်း ဘယ်နည်းဘယ်ပုံချော့ရမည်ကို တစ်ဖက်မှာအပြေးအလွှားတွေးနေရ၏။ပြီးတော့ တရစပ်မေးနေသည့် မေးခွန်းလေးတွေကိုလည်းပြန်ဖြေရသေးသည်။


``မင်းကိုယ့်ဆီရောက်ပြီးသိပ်မကြာခင်ပဲ

ဒါလေးစုံစမ်းဖို့ကိုယ့်အတွက်မခက်ပါဘူး´´


``ထားလိုက်တော့

သိတယ်ဆိုလည်းသိပေါ့၊ဒါဖြင့်ချစ်ရိပ်ဒယ်ဒီဘယ်သူမှန်းလည်းသိမှာပဲ´´


``သိတယ်လေ

မင်းဒယ်ဒီက Moonlight Groupရဲ့Presidentဦးလင်းညရိပ်´´


``ဒါဆို ချစ်ရိပ်ဒယ်ဒီကိုခေါ်ပေး

ချစ်ရိပ်အိမ်ပြန်မယ်´´


အသံစူးစူးလေးဖြင့်အော်ရင်း ပေါင်ပေါ်ထိုင်နေရာမှဖတ်ခနဲခုန်ဆင်းသွားလေ၏။ထို့နောက် ခြေသံလေးကိုဆောင့်နင်းကာ အပြင်ဘက်ထွက်ရန်ခြေလှမ်းရွယ်လေရဲ့။သို့လျှင်ပဲ အဝင်တံခါးဝ၌အသင့်ရှိနေသော bodyguardတွေကသူမလေးအရှေ့မှ ပိတ်ရပ်လိုက်သည့်အခါ...


``ရှင်တို့ဖယ်လေ

ကျမဘယ်သူမှန်းသိတာတောင် ဒီလိုလုပ်ရဲသေးလား´´


အရပ်နိမ့်နိမ့်လေးမှ မိုးထိုးနေသောအရပ်ကြီးတွေကိုမော့ကြည့်ကာ လက်နှစ်ဖက်ဖြင့်ခါးထောက်၍အော်နေမိသည့်ချစ်ရိပ်ပုံစံက ဧရာမသတ္တဝါကြီးတွေကိုပုရွက်ဆိတ်လေး ရန်သွားတွေ့သလို ရယ်စရာများဖြစ်နေလားမသိ။သူတို့ကချစ်ရိပ်ကို ငုံ့ကြည့်ကာပြုံးပြနေသေးသည်။အလို! ဒီစံအိမ်ကလူတွေ Normalမဟုတ်ကြဘူးထင်ရဲ့။သခင်ရော၊နောက်လိုက်တွေပါ ရူးနေကြပုံပဲ။


``ဖယ်လို့ပြောနေတယ်နော်´´


``ကိုယ့်ခွင့်ပြုချက်မရှိရင်မင်းဒီအိမ်ကနေတစ်လှမ်းမှထွက်လို့မရဘူး ဘေဘီ၊ဘယ်သူကမှလည်း ဝင်လာလို့မရဘူး၊မင်း အဖေလည်းမရဘူး´´


ခပ်မှန်မှန်ခြေလှမ်းဖြင့်လျှောက်လာရင်း ချစ်ရိပ်ရဲ့အနောက်တည့်တည့်၌ရပ်ကာ သူပြောလိုက်သည့်စကားကြောင့် မကျေနပ်စွာလှည့်ကြည့်မိတော့ သူကမိန့်မိန့်ကြီးပြုံးပြနေသည်။သို့နှင့်ချစ်ရိပ်သူ့ဘက်သို့ပြန်လျှောက်သွားကာ သူ့ရှေ့တည့်တည့်၌ခါးထောက်လျက် ရပ်လိုက်ပြီး...


``အဲ့လိုလုပ်လို့ရမလား

ဒယ်ဒီကရှင့်ကိုရဲတိုင်မှာပေါ့၊ရှင်က ချစ်ရိပ်ကိုအလိုမတူဘဲဖမ်းခေါ်ထားတာလေ´´


``ကိုယ်ကမင်းကိုကယ်ထားတာပါကွာ´´


``ဟင့်!ဦးရယ်...ချစ်ရိပ်ကိုလွှတ်ပေးပါတော့

ဒယ်ဒီတို့ကအရမ်းစိတ်ပူနေလောက်ပြီ´´


``ဒါကိုထည့်မတွက်ခဲ့လို့ပဲ မင်းဒီနိုင်ငံအထိတောင်ရောက်လာပြီးပြီမဟုတ်ဘူးလား?´´


``အဲ့ဒါက...အဲ့ဒါက...´´


သူပြောတာလည်းမှန်နေသည်မို့ ချစ်ရိပ်ခွန်းတုံ့မပြန်တတ်တော့စွာ မျက်နှာလေးငယ်သွားရသည်။ဘယ်လိုပြောပြောမရသည့်လူကြီးကြောင့်စိတ်တွေလည်းရှုပ်ထွေးလာကာ ကြမ်းပြင်ပေါ်သို့ပုံလျက်သားလေးထိုင်ချလိုက်ပြီး...


``အဟင့်! ဟင့်!

ချစ်ရိပ် ဦးနဲ့မနေချင်ဘူး၊ဒီနေရာကြီးမှာမနေချင်ဘူး...အိမ်ပြန်မယ်၊အိမ်ပြန်မယ်...အင့်!ဟီး!!´´


စကားပြောနေရင်းမှရုတ်တရက်ပဲ ကြမ်းပေါ်သို့ဝုန်းခနဲထိုင်ချကာ ခြေထောက်လေးနှစ်ဖက်ကိုဆင်းလျက် ကြမ်းပြင်နှင့်ပွတ်တိုက်ဆွဲကာငိုလေသော သူမကြောင့် ခိုက်ရန်တစ်ယောက် တအံ့တသြကြီးငုံ့ကြည့်ရင်း မျက်လုံးတွေတောင်ပြူးသွားရပါ၏။ဘယ်အချိန်၊ဘယ်အခါတုန်းကမှ...၊ဘယ်မိန်းကလေးကမှ သူ့ရှေ့မှာဤသို့မပြုမူခဲ့ဖူးတာလေ...။


ကလေး!

ကလေးဆိုမှ တကယ့်ကလေးလေးရေ...


ကိုယ်တကယ်အသည်းတွေယားလွန်းလို့ ရူးတော့မယ်ထင်တယ်ကွာ။


``အဟွန်း!´´


သူမရဲ့အပြုအမူလေးအား ချစ်စနိုးငုံ့ကြည့်နေရင်းမှ ရင်ထဲအသည်းတွေယားကာ လူကောင်သေးသေးလေးကိုဆတ်ခနဲပွေ့ချီ၍ မျက်ရည်တွေရွှဲနေသည့်ပါးပြင်လေးပေါ် နှုတ်ခမ်းဖျားနှင့်ထိရုံတစ်ချက်နမ်းလိုက်၏။လက်ထဲပါလာသည့် ခန္ဓာကိုယ်လေးကတော့ လူးလိမ့်ရုန်းကန်နေလျက်မှ...


``ရှင်ကြီး ချစ်ရိပ်အသားကိုမထိနဲ့နော်

ရှင့်ကိုမခေါ်တော့ဘူး´´


``ကိုယ့်ကိုစိတ်မကောက်ပါနဲ့ကွာ

ကိုယ်ကကျွမ်းကျွမ်းကျင်ကျင်မချော့တတ်ဘူးကွ´´


``မချော့တတ်ရင်ဒယ်ဒီ့ဆီမှာသွားသင်

ဒယ်ဒီဆို မာမီဘယ်လောက်စိတ်ဆိုးဆိုးချော့တတ်တယ်´´


``အဟက်!အေးကွာ

ဒါဆို ယောက္ခမကြီးနဲ့တွေ့မှပဲသင်ခိုင်းရတော့မယ်´´


``ဟင်! လူလည်ကြီး ရှင်ဘာစကားပြောတာလဲ´´


``သြော်!ကဲ..မင်းပဲမင်းအဖေဆီမှာသင်ဆို´´


``ချစ်ရိပ်ဒယ်ဒီက ဒယ်ဒီလေ

ဘာလို့ရှင့်ယောက္ခမဖြစ်ရလဲ´´


``အင်း!ကိုယ်ကအမျိုးတွေမစပ်တတ်ဘူးကွ

ဦးလင်းညက ကိုယ့်ယောက္ခမဆိုရင် ကိုယ်နဲ့မင်းကဘာတော်မှာပါလိမ့်´´


``လင်မယားလေ!!´´


``သြော်!´´


``ဟင်!´´


ကိုယ့်ဘာသာအရှိန်လွန်ကာ ဖြေပေးလိုက်ပြီးမှ ချစ်ရိပ်မျက်နှာလေးဖြန်းခနဲရဲတက်သွားရသည်။သူ့ဆီကထွက်လာသော မူမမှန်သည့်`သြော်!´သံကြောင့် မျက်နှာကိုမော့ကြည့်လိုက်တော့ ပြုံးစစကြီးကြည့်နေလေ၏။ဒီတော့မှချစ်ရိပ်လည်း သူသိလျက်နဲ့တမင်လူလည်ကျမှန်း ရိပ်စားမိသွားရကာ ဒေါသစိတ်တွေတလိပ်လိပ်တက်လာပြီး မျက်လုံးတို့ကိုစုံမှိတ်ချလိုက်သည်နှင့်တစ်ပြိုင်နက်...


``အား!! ဦးခိုက်ရန်ရှင်း´´


``ဗျာ!´´


``ရှင်! ရှင်! ရှင်နော်

ချစ်ရိပ်ကိုလွှတ်...၊အခုအောက်ချပေး´´


ဘယ်လိုပင်ရုန်းကန်အော်ဟစ်နေလည်း သူ့ရင်ခွင်ကျယ်ကြီးက ကလေးသာသာချာတိတ်လေးရဲ့အားကို မမှုပါ။လူးလွန့်နေသည့်ခန္ဓာကိုယ်လေးကို ခပ်ကျစ်ကျစ်ဖက်ထားရင်းသာ ခြေတစ်လှမ်းကိုရှေ့တိုးလိုက်သည်နှင့် ရှေ့မှပိတ်ရပ်နေသည့်လူအားလုံးဘေးတစ်ဖက်စီသို့ဖယ်ပေးလိုက်လေ၏။သူမကတော့ မျက်စိစုံမှိတ်ကာရုန်းကန်ကောင်းနေဆဲ...။


``လွှတ်ပါဆို´´


သူ့လက်ပေါ်လူးလိမ့်ကာအော်ဟစ်နေစဥ်မှာပဲ ချစ်ရိပ်ရဲ့မျက်နှာဆီသို့ လေပြေအေးအေးလေးတွေထိတွေ့နေသလိုခံစားလိုက်ရသည်။ပြီးတော့ ထိုလေထုထဲရှူရှိုက်လိုက်ရသည်က လာဗင်ဒါရဲ့ရနံ့။


သို့မှချစ်ရိပ်မျက်လုံးလေးဖွင့်ကာကြည့်တော့ တကယ်ပဲ လာဗင်ဒါပန်းခင်းထဲရောက်နေသည်မို့ ရုန်းကန်နေတာတွေရပ်လိုက်ပြီး ခေါင်းလေးဆတ်ခနဲထောင်ကာ ပတ်ဝန်းကျင်ဆီ စူးစူးစမ်းစမ်းကြည့်လိုက်လျှင်...


``Wow!!လှလိုက်တာ´´


ဒီခြံဝန်းကြီးဘယ်လောက်ကျယ်သည်မသိတော့ပါ။မျက်စိတစ်ဆုံးမြင်နေရသော ခရမ်းရောင်ပန်းပင်လယ်ကြီးက အတန်းလိုက်စီစီရီရီနှင့် လှပလွန်းနေ၏။ဘုရားစူး! လာဗင်ဒါပန်းခင်းကို ချစ်ရိပ်ပုံတွေထဲမှာသာတွေ့ဖူးသည်။အခုမှ အပြင်မှာမျက်ဝါးထင်ထင်တွေ့လိုက်ရခြင်းမို့ ရင်တွေတောင်တလှပ်လှပ်အခုန်မြန်လာပြီး သူ့ရင်ဘတ်နားကအင်္ကျီစလေးကိုတလှုပ်လှုပ်လှမ်းဆွဲကာ...


``ဦး ချစ်ရိပ်အောက်ခဏဆင်းမယ်´´


``မဆင်းပါနဲ့ကွာ

ဖိနပ်မှမပါခဲ့တာ´´


``ဟာ! မရဘူး၊မရဘူး

အောက်ဆင်းချင်တယ်လို့´´


အတင်းအကျပ်ပူဆာလာပြန်တော့လည်း သူ့မှာမတတ်သာစွာဖြင့် ပွေ့ချီထားရာမှအောက်သို့ချပေးလိုက်ရ၏။သူ့အနောက်မှာက ထပ်ကြပ်မကွာလိုက်သူတွေအမြဲရှိနေသည်မို့ တစ်ဆက်တည်းမှာပဲအနောက်သို့ကြည့်ကာ မျက်ရိပ်တစ်ချက်ပြလိုက်သည်နှင့် Dawnကနားလည်စွာပင်လှည့်ထွက်သွားလေသည်။


``ဦး

ချစ်ရိပ်ကို ဓာတ်ပုံရိုက်ပေး´´


``အဟင်း!ပျော်သွားပြန်ပြီလား ကလေးမလေး

စောစောကဖြင့်ငိုယိုနေတာသူမဟုတ်တဲ့အတိုင်း´´


``အမ်!ဟုတ်သားပဲ

ပန်းခင်းတွေ့တော့ ဆက်ငိုဖို့တောင်မေ့သွားတာ´´


``ကလေးလေးကွာ!´´


ခေါင်းလေးကိုဖွဖွပုတ်ကာပြုံးသွားသည့်သူ့အမူအရာက တကယ်ကိုကလေးလေးတစ်ယောက်အပေါ်အမြတ်တနိုးပြုမှုနေသလိုပင်။ဝန်ခံရရင် ချစ်ရိပ်လည်းသူ့အနားမှာရှိရတာပျော်တော့ပျော်ပါတယ်။ခဏခဏငိုယိုဂျီကျနေမိတာလည်း သူ့ချော့မယ်မှန်းသိလို့ပဲ။သို့သော် ကြောက်ကလည်းကြောက်ပြန်တယ်။ဒါ ချစ်ရိပ်ကဘာဖြစ်ချင်နေတာလဲ?


ကိုယ့်ကိုကိုယ်လည်းမသိတော့ပါ။ဘာပဲဖြစ်ဖြစ် သူပြုံးတာမြင်လိုက်ရင် ချစ်ရိပ်ရဲ့ဝဲဘက်ရင်ခွင်ထဲ နွေးပြီး အခုန်မြန်နေတာတော့အသေအချာ။


အရင်က ရောဂါကြောင့်များအခုလိုဖြစ်တာလား??


``ဟင်´´


တစ်ယောက်တည်းအတွေးတို့များနေစဥ် အနားသို့လူတစ်ယောက်ရောက်လာကာ ချစ်ရိပ်ရဲ့ခြေထောက်အရှေ့၌ ဖိနပ်လေးတစ်ရံချပေးလေ၏။ချစ်ရိပ်လည်း အလိုက်သင့်လေးစီးဖို့ပြင်လိုက်စဥ် ဘေးမှာရပ်နေသည့်ဦးက ချစ်ရိပ်ရှေ့ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ပြီး...


``ပေး

ကိုယ်လုပ်ပေးမယ်´´


မြေပြင်နှင့်ထိထားသည့်ခြေထောက်ဖြူဖြူလေးကိုလှမ်းဆွဲယူကာ သူ့ပေါင်ပေါ်တင်၍ ခြေဖဝါး၌ကပ်ငြိနေသော မြေမှုန့်လေးတွေအားဖယ်ပေးသည်။ပြီးမှ အဖြူရောင်ကွင်းထိုးကြိုးသိုင်းဖိနပ်လေးကို ခြေထောက်၌ဝတ်ပေးလေ၏။


လိုအပ်တာထက်ပိုကာ ဂရုတစိုက်ဖြစ်နေသောခိုက်ရန်ရဲ့ပုံစံကို အနားကလူတွေကတော့တအံ့တသြကြီးကြည့်နေကြရသည်။ဘယ်တုန်းကမှ၊ဘယ်မိန်းကလေးကိုမှ ဒီလိုမပြုမူခဲ့ဖူးသည့် သူတို့boss...ဒီချာတိတ်နဲ့မှထူးထူးဆန်းဆန်းတွေဖြစ်နေပြီ။မမလေးJulietနဲ့ဒီလောက်ရင်းနှီးခဲ့ကြတာကိုတောင် တစ်ခါမှဤသို့ခခယယမပြုမူ၊ဂရုမစိုက်ခဲ့ဖူးပေ။


ဒီကောင်မလေးနဲ့ကျမှဘာဖြစ်ရတာပါလိမ့်!

Bossတော့တကယ်ကြီး ငြိသွားပြီထင်ရဲ့။


``ရပြီ

ကြိုက်လား?ဖိနပ်လေးက ကိုယ့်ဂျစ်တူးနဲ့လိုက်တယ်´´


``လှသားပဲ´´


မျက်နှာတည်လေးနှင့်သာပြောမိလိုက်ပါသည်။တကယ်တော့ ဖိနပ်လေးကလှလွန်းလို့ချစ်ရိပ်မျက်လုံးတောင်မလွှဲနိုင်အောင်အကြာကြီးကြည့်နေမိတာပါ။အဖြူရောင်ကွင်းထိုးဖိနပ်လေးမှာ ကြိုးသိုင်းလေးလည်းပါပြီး ကြိုးလေးတွေပေါ်မှာ ဖန်စီကျောက်လေးတွေပါသည်။ပြီးတော့ ခြူလုံးလေးတွေပါသေးတာမို့ ခြေတစ်လှမ်းတိုင်း၌တချွင်ချွင်အသံတွေထွက်နေ၏။


ဒါကိုတော့ ချစ်ရိပ်ဘဝင်မကျလှ။ဒီလိုသွားလေရာအသံကြားဖို့ခြူတပ်ပေးရအောင် ချစ်ရိပ်က လမ်းလျှောက်တတ်ခါစကလေးလေးလည်းမဟုတ်။သူမွေးထားတဲ့ ခွေးပေါက်လေးလည်း မဟုတ်တဲ့ဟာ။


``လာ! လမ်းခဏလျှောက်ရအောင်´´


လက်လေးမှဆွဲခေါ်တော့ချစ်ရိပ်အသာတကြည်လေးသာလိုက်လာခဲ့မိ၏။ဘေးတစ်ဖက်စီမှာမြင်နေရသော ခရမ်းရောင်အလှတရားများက မှော်ဝင်သည့်ပန်းချီကားချပ်လေးလို လှပစွာဆွဲဆောင်နေသည်မို့ သဘောတကျလိုက်ကြည့်ရင်း လူလေးကလည်းခုန်ဆွခုန်ဆွဖြင့်...


``ဦးက လာဗင်ဒါပန်းကြိုက်တာလား´´


``မကြိုက်ဘူး ဘေဘီ´´


``ဒါဆိုဘာလို့ဒီလိုဂရုတစိုက်နဲ့ပျိုးထားတာလဲ´´


``သူတို့ကကိုယ့်အတွက်အသုံးဝင်လို့လေ´´


``ဘယ်လိုအသုံးဝင်တာလဲ´´


``ကိုယ့်companyတစ်ခုက productတွေမှာလာဗင်ဒါအနံ့ကိုသုံးတယ်။အထူးသဖြင့် ရေမွှေးပေါ့၊ဒါကြောင့်စီးပွားရေးအတွက်အသုံးဝင်လို့ကိုယ့်ရပ်ဝန်းမှာနေရာပေးထားတာ´´


``စီးပွားရေးသမားပီသလိုက်တာ

ချစ်ရိပ်ကဖြင့်ဦးကြိုက်လို့စိုက်တယ်ထင်နေတာ´´


``အဟင်း!အတွေးလေးကရိုးရှင်းလိုက်တာကွာ

ကလေးပိစိလေးလိုပဲ၊ပြော! အခုရောအိမ်ပြန်ချင်သေးလား´´


``ပြန်ချင်တာပဲလေ

ရှင့်အိမ်ဘယ်လောက်လှလှ ဒါချစ်ရိပ်ပိုင်တဲ့နေရာမှမဟုတ်တာ´´


``ကိုယ်ကအပိုင်ပေးမယ်ဆိုရင်ရော´´


``ဒီလူကြီးနော်

ဘာတွေလာပြောနေတာလဲ´´


အဓိပ္ပာယ်တစ်မျိုးကြီးဖြစ်နေသောသူ့စကားကြောင့် ချစ်ရိပ်ပါးပြင်လေးနှစ်ဖက်နွေးသွားကာ ခေါင်းလေးငုံ့ထားလိုက်မိ၏။ရင်ထဲမှာလည်း မီးရထားတွေခုတ်မောင်းလာသလို တဒိန်းဒိန်းအခုန်မြန်လာသည်မို့...


မဖြစ်ဘူးနော် ချစ်ရိပ်ဖန်ဆင်း

နင်ဒီလူကြီးရဲ့ကြင်နာပြမှုတွေအောက်အရည်ပျော်လို့မဖြစ်ဘူး။သူကကြင်နာတတ်ပေမယ့် ကြောက်ဖို့လည်းကောင်းတယ်၊နင် သူ့လက်ကရအောင်ပြေးရမှာလေ...။


စိတ်ထိန်းစမ်း!

စိတ်ထိန်းစမ်း!


``အင့်!´´


ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်သတိပေးထိန်းချုပ်နေစဥ်မှာပင် သူကချစ်ရိပ်ရဲ့အနောက်၌ရပ်ကာ သန်မာသာလက်အစုံက ခါးကျဥ်းကျဥ်းလေးပေါ်လာရောက်ယှက်သွယ်၍ သူ့ရင်ခွင်ထဲနစ်မြုပ်အောင်ဖက်ထားလိုက်ပြန်သည်။ထို့နောက် ခန္ဓာကိုယ်ကြီးကိုငုံ့ကိုင်း၍ ချစ်ရိပ်ရဲ့ပခုံးစွန်းလေးပေါ်မေးတင်ကာ ဆိုလာသည့်စကားသံက...


``လာဗင်ဒါပန်းတွေရဲ့အဓိပ္ပာယ်ကိုသိလား ဘေဘီ´´


``သိ...သိတယ်´´


``အင်း! ဆိုပါဦး

ဘာတဲ့လဲ´´


``ဟင့်အင်း!ချစ်ရိပ်မပြောချင်ဘူး´´


``ဒါဆို ကိုယ်ပြောပြမယ်

လာဗင်ဒါပန်းလေးတွေရဲ့အဓိပ္ပာယ်က Waiting for love...ချစ်ခြင်းကိုစောင့်မျှော်သူတဲ့´´


ထိုစကားနှင့်အတူ သူကချစ်ရိပ်ရဲ့ခန္ဓာကိုယ်လေးကိုပိုလို့တိုးဖက်လိုက်တာကြောင့် လူတစ်ကိုယ်လုံးသူ့ရင်ခွင်ထဲပိတ်မိနေရသည်။တိုးရှညင်သာ ချိုမြသောစကားသံတို့ကြား ချစ်ရိပ်ရဲ့နှလုံးသားလေးလည်းပျော်ဝင်ယစ်မူးလို့နေ၏။မချစ်ဖူးသောနှလုံးသားလေးကို ဒီလူကြီးကပြုစားနေလေပြီ။


``ဘေဘီလေး!!´´


``ရှင်!´´


``ငြိမ်သွားလိုက်တာကွာ

ကိုယ့်ကိုရန်လေးဘာလေးတွေ့ပါဦး´´


``ဟို! ဟို! အဲ့ဒါက...´´


``ဝုတ်! ဝုတ်!´´


``ဟင်!´´


တစ်စုံတစ်ရာပြောဖို့ရန် ဖွင့်ဟခက်နေသောနှုတ်ဖျားမှစကားသံတို့မထွက်လာမီ ရုတ်တရက်ကြီးကြားလိုက်ရသောအသံကြောင့် ချစ်ရိပ်ကိုယ်လေးတုန်တက်သွားကာ ခါးနားမှာရှိနေသည့်သူ့လက်အားခပ်တင်းတင်းဖိဆုပ်လိုက်ပြီး ကျောပြင်လေးကသူ့ရင်ခွင်ထဲပို၍တိုးကပ်မိကာ...


``ဦး အဲ့ဒါဘယ်နားကအသံကြီးလဲ´´


``အနောက်ဘက်ကပါ

အဲ့မှာ ကိုယ့်အိမ်ရဲ့အစောင့်အရှောက်လေးတွေရှိတယ်...ဒါသူတို့လေ့ကျင့်တဲ့အချိန်ပဲ´´


``ခွေး?

ဦးမှာခွေးကြီးတွေရှိတာလား´´


``အင်း! အများကြီးပဲ

ဘေဘီကြည့်ချင်လား...ကိုယ်လိုက်ပြမယ်လေ´´


``ဟင့်အင်း!ဟင့်အင်း!

ချစ်ရိပ်ခွေးကြီးတွေကြောက်တယ်...အရမ်းကြောက်တာ´´


ပြောရင်းမှရှိုက်သံလေးပါလာသည်မို့ သူ့မှာစိုးရိမ်တကြီးဖြင့် သူမရဲ့ခန္ဓာကိုယ်လေးအား ဆွဲလှည့်ကာ မျက်နှာလေးအားလက်ဖဝါးထဲညှပ်ကိုင်၍...


``ဘာဖြစ်လို့လဲ ဘေဘီ

အဆင်ပြေရဲ့လား´´


``ကြောက်တယ် အဟင့်!´´


``အေး! အေး!ဟုတ်ပြီ

ကိုယ်တို့အိမ်ထဲဝင်ရအောင်နော်...လာ´´


ကိုယ်ပြောသည့်ချစ်စကားပင်ဘယ်ရောက်ကုန်တယ်မသိ။ချက်ချင်းဆိုသလိုသွေးစုပ်ဖြူလျော့သွားသောမျက်နှာလေးကြောင့် ရင်ထဲစိုးတထိတ်ထိတ်ဖြင့် မငိုအောင်ချော့နေမိ၏။


``ဦး အဲ့ခွေးကြီးတွေအိမ်ထဲမဝင်လာစေနဲ့နော်´´


``အေးပါကွာ

မကြောက်နဲ့နော်၊ကိုယ်ရှိတယ်´´


သူမလေးအား ညင်ညင်သာသာချော့ပြောရင်း အိမ်ထဲဘက်လှည့်ဝင်သွားသော ခိုက်တစ်ယောက် ခပ်လှမ်းလှမ်းတစ်နေရာဆီမှလှမ်း၍ကြည့်နေသော မျက်ဝန်းနှစ်စုံကိုတော့ သတိမထားမိခဲ့ပါပေ။


ထိုမျက်ဝန်းနှစ်စုံရဲ့ပိုင်ရှင်တွေကတော့ ချာတိတ်လေးကိုသူ့ထံမှ မတူညီသောနည်းလမ်းတွေဖြင့်ခွဲထုတ်ကြဖို့သာရည်ရွယ်လျက်...။


ဟင်း! အသည်းပိုပြနေလိုက်တာ

နင်တော့ကောင်းကောင်းအထိနာစေရမယ်မှတ်~


ကိုယ် မင်းအနားမှာရှိနေပြီချာတိတ်

ဒီနေရာကနေ ကိုယ်မင်းကိုဆက်ဆက်ခေါ်ထုတ်မယ်~


~~~~~ 🍭🍭🍭🍭 ~~~~~


``ဒေါက် ဒေါက်´´


တိတ်ဆိတ်နေသောပတ်ဝန်းကျင်ဝယ် မညင်သာသောတံခါးခေါက်သံခပ်တိုးတိုးပျံ့လွင့်လာ၏။ထိုစဥ်ခပ်မှောင်မှောင်အခန်းငယ်ထဲက ပုံရိပ်တစ်ခုလှုပ်ရှားလာပြီး...


``ဝင်လာခဲ့´´


``တင်ပြစရာရှိပါတယ် boss´´


``ပြော´´


``Gruntက Winnerစံအိမ်တော်ထဲခိုးဝင်သွားပါတယ်´´


``ငါ့အမိန့်မရှိဘဲနဲ့လား´´


``သူက အဲ့ဒီနေ့ညကတွေ့ခဲ့တဲ့မိန်းကလေးကိုကယ်ချင်နေတာပါ၊အဲ့ဒါကြောင့်...´´


``အဲ့ဒီ့ကလေးလေးအသက်ရှင်နေတုန်းပဲလား´´


``ဟုတ်ကဲ့

အခုထိအဲ့ဒီ့အိမ်မှာပါပဲ´´


``ထူးတော့ထူးဆန်းသား

Winnerလိုနေရာ၊အထူးသဖြင့် ခိုက်ရန်ရှင်းရဲ့ပိုင်နက်မှာ သူစိမ်းလူတွေကြာကြာအသက်မရှင်တတ်ပါဘူး။ပြီးတော့ အဲ့ကလေးမကငါတို့လူလို့ထင်ပြီး သူခေါ်သွားခဲ့တာမဟုတ်လား´´


``ဟုတ်ပါတယ်

Bossအမိန့်ပေးရင် Gruntကိုကျွန်တော်ပြန်ခေါ်ခဲ့ပါမယ်´´


စကားသံတို့ခေတ္တမျှတိတ်ကျသွားခဲ့သည်။ထို့နောက် ဆိုဖာထက်ခြေချိတ်လျက်ထိုင်နေသူ၏နှုတ်ခမ်းထက် ခပ်လွန့်လွန့်အပြုံးတစ်ပွင့်ဖြစ်တည်လာခဲ့ပြီး ဆက်၍ပြောသည်က...


``ထားလိုက်

သူ့ဆန္ဒအတိုင်းလုပ်ပါလေ့စေ၊အဲ့ဒီ့ကလေးမက ထူးခြားတယ်...ခိုက်ရန်ရှင်းကို ရန်စနိုင်မယ့်ဓားစာခံပဲ´´


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၁၅ဆက်ပါမည်။


ချစ်သည်းတို့အတွက်တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာ ရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)


rate now: