🍭~`ချစ်တတ်ခြင်းက မင်းနဲ့မှ...´~🍭
(Or)
ဂျစ်တူးရဲ့ `ဦး´
==========♡ အခန်း ၁၃ ♡==========
မလှုပ်မယှက်ရပ်နေပေးသော်ငြား သူ့နှုတ်ဖျားမှထွက်ကျလာသည့်စကားသံကတော့ အေးစက်စက်ရယ်သာ။သို့ပေမဲ့ သူမ,သိပါတယ်။ဒါတွေဟာ သူမအတွက်မဆန်းတဲ့အရာပဲ။ခိုက်ရန်ရှင်းဆိုသော ဤလူသားထံမှာ မျက်နှာသာပေးခံရတဲ့မိန်းကလေးရယ်လို့လုံးဝမရှိခဲ့။julietတစ်ယောက်ကသာ တစ်စုံတစ်ခုသောအကြောင်းကြောင့် သူ့အနားဒီလိုတွယ်ကပ်ခွင့်ရတယ်။ပုံမှန်အားဖြင့်တော့ သူ့မျက်နှာက အမြဲတမ်းခပ်တည်တည်နဲ့၊အမြဲတမ်းအေးစက်စက်နဲ့...။
ဒါကိုပဲ Julietကတော့ချစ်တယ်။ဒီလိုtypeမျိုးမို့ကို ခခယယကြွေခဲ့တာ သုံးလေးနှစ်တောင်မကတော့ပြီပဲ။
``လွှတ်တော့!!´´
နွေးထွေးလှသည့်ကျောပြင်ကျယ်ကြီးထံမျက်နှာလေးအပ်လျက်ငြိမ်နေမိစဥ် ထပ်ထွက်လာသောစကားသံက ပို၍ပင်အေးစက်လာသယောင်။သို့သော်လည်း Julietသူ့ကိုလွှတ်မပေးဘဲ ခပ်တင်းတင်းတိုးဖက်လိုက်ရင်းမှ...
``လွမ်းနေခဲ့တာ
ရှင်ရော Julietကိုမလွမ်းဘူးလားဟင်´´
``ကိုယ့်မှာအချိန်မရှိဘူး´´
``အဟင်း!!´´
ခပ်လှောင်လှောင်လေးသာရယ်မိလိုက်ပါသည်။အချိန်မရှိဘူးတဲ့!ဒါဖြင့် လမ်းမှာတွေ့တဲ့မိန်းကလေးတစ်ယောက်ကိုတော့ ဂရုစိုက်နေနိုင်တယ်ပေါ့။
``မီးဖွင့်လိုက်´´
``ဟင့်အင်း
Julietကမှောင်တာကိုပိုပြီးသဘောကျတယ်´´
တိုးလျလျဆိုလာသောစကားသံရဲ့အဆုံး၌ ပါးပြင်ဆီထိခတ်လာသောဝင်သက်လေနွေးနွေးကြောင့် သူမဘာလုပ်မည်ကြိုသိလိုက်သော ခိုက်က မျက်နှာကိုတစ်ဖက်လွှဲပစ်သည်။ထို့နောက် ခါးဆီချိတ်တွယ်ထားသောလက်တွေကိုလည်းဖယ်ချပစ်ကာ တစ်နေရာဆီလျှောက်သွား၍ မီးခလုတ်တွေကိုဖွင့်ပစ်လိုက်ပြီး...
``မိုးချုပ်နေပြီ၊မင်းပြန်ရင်ကောင်းမယ်´´
``Julietကရှင့်ကိုလွမ်းလို့ပါ
လူကိုချက်ချင်းကြီးမနှင်ပါနဲ့လား´´
``ok!ဒါဆိုလည်း မင်းဒီမှာနေခဲ့လိုက်
ကိုယ်ပြန်ပြီ´´
တကယ်ပင်ပြတ်သားလှစွာ အခန်းတံခါးဘက်ခြေလှမ်းပြန်လှည့်သော သူ့ကြောင့်Julietဒေါသတွေထွက်ချင်လာရသည်။ဝေးခဲ့ကြတာခဏလေးမဟုတ်ဘူး။Julietပြင်သစ်မှာ ရောက်နေခဲ့တာ၂နှစ်တောင်ကြာခဲ့ပါပြီ။အဆက်အသွယ်မပြတ်ခဲ့ကြသော်ငြား လူချင်းဝေးခဲ့တာတော့ကြာပြီ။ဒါတောင် အခုသူ့အနားပြန်ရောက်လာခဲ့စဥ်မှာ စိတ်လိုလက်ရကြိုဆိုခြင်းမရှိခဲ့သည်က ဘာ့ကြောင့်နည်း။
သူ...၊သူ Julietရဲ့မျက်နှာကိုတစ်ချက်လေးမှတောင်လှမ်းမကြည့်တာပါလား။
စိမ်းကားလိုက်တာ~
Julietမှာ သူ့အပြင်မှီခိုတွယ်တာစရာမရှိတော့မှန်းသိလျက်နဲ့ လျစ်လျူရှုရက်လိုက်တာ~
ရင်ထဲပြည့်နှက်လာသော ဝမ်းနည်းဒေါသတို့နှင့်အတူ ပေါက်ခနဲစီးကျလာသောမျက်ရည်စက်အား လက်ဖမိုးဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ရင်း လှည့်ထွက်သွားသည့် ကျောပြင်ကျယ်အား ခပ်စူးစူးစိုက်ကြည့်နေမိ၏။
ကျမကိုဥပေက္ခာပြုချင်တာလား ခိုက်ရန်ရှင်း။ဒီလိုဆိုလည်း ရှင်မေ့ချင်ယောင်ဆောင်နေတဲ့အကြောင်းတွေကို ကျမသတိပေးရမှာပေါ့။
ရပ်စမ်း!
ရှင့်ခြေလှမ်းတွေအခုချက်ချင်းရပ်လိုက်စမ်း!
``ကိုကို´´
စိတ်ထဲမှကျိန်စာမန္တန်ညို့သလို ကျိမ်းဝါးရင်းနှုတ်ခမ်းတွေကိုမဲ့ကာပြုံးလျက် တမင်ရည်ရွယ်ချက်ရှိရှိခေါ်လိုက်သော နာမ်စား။ရုန်းမရစေမည့်အားနည်းချက်ကို ဆုပ်ကိုင်လိုက်၍ အပိုင်တွက်ထားခဲ့သလိုပင်အဖြေထွက်လေ၏။
သူ့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ပြီ။
သို့နှင့် Julietခြေလှမ်းတို့ကိုရှေ့ဆက်သွားလိုက်ပြီး သူ့ရဲ့မျက်နှာချင်းဆိုင်တွင်ရပ်ကာ ရင်ခွင်ကျယ်ကြီးထဲတိုးဖက်ဝင်ရောက်လိုက်ရင်းမှ...
``ကိုကိုဒီလိုဆက်ဆံရင်julietဝမ်းနည်းရမှာနော်
ကိုကိုကလွဲရင်အားကိုးစရာမရှိတာသိသားနဲ့´´
ငိုရှိုက်သံတစ်ဝက်ဖြင့်တိုးလျလျလေးဆိုလာသောစကားကြောင့် သူသက်ပြင်းကိုသာချမိလိုက်ပါ၏။
ကိုကို...၊ဒီနာမ်စားကို တစ်ခါတစ်လေမှသာ သူမ,ခေါ်လေ့ရှိပါသည်။အထူးသဖြင့် သူမရဲ့အလိုကို သူ,မလိုက်မိတော့ဘူးဆိုရင် အကျပ်ကိုင်တဲ့သဘော၊တစ်စုံတစ်ရာကိုသတိပေးသည့်သဘောဖြင့် ဒီလိုခေါ်သည်။ယခုလည်း တမင်ကိုထိုနာမ်စားထုတ်ခေါ်မှန်းသူသိပါသည်။
``အခုကသိပ်နောက်ကျနေပြီ
ပြီးတော့ ကိုယ်အလုပ်ကိစ္စတွေကြောင့်ပင်ပန်းနေလို့´´
လေသံကိုလျှော့ပြောလိုက်မှ ခေါင်းလေးငြိမ့်ပြလာပြီး ဖက်ထားသည့်လက်တွေကိုလွှတ်ပေးလေ၏။သို့သော် တစ်စုံတစ်ရာမေးလိုဟန်ရှိသောမျက်ဝန်းများဖြင့်မော့ကြည့်လာပြန်သည်မို့...
``ဘာမေးမလို့လဲ
မေးလေ´´
``စံအိမ်မှာ မိန်းကလေးတစ်ယောက်ကို ရှင်ဝှက်ထားတယ်ဆို၊အဲ့ဒါအမှန်ပဲလား´´
``လျင်လှချည်လား
မင်းပြောတော့ အခုမှပြန်ရောက်တာဆို´´
``ဒါပေမဲ့လည်း ရှင်နဲ့ပတ်သက်တဲ့သတင်းဆိုဘယ်တော့မှနောက်မကျဘူး။အမြဲupdateပဲ´´
``ထားပါတော့´´
``ဖြေလေအမှန်ပဲလား
သူကဘယ်သူလဲ၊ဘယ်ကလဲ...ဘာအတွက်နဲ့ကိုကိုသူ့ကိုအိမ်မှာခေါ်ထားတာလဲ´´
``အဲ့ဒါမင်းနဲ့မဆိုင်ပါဘူး
သိဖို့လည်းမလိုဘူး´´
``ကိုကို´´
``တော်လောက်ပြီ juliet
မင်းအိမ်ပြန်မယ်မဟုတ်လား?
လာခဲ့...လိုက်ပို့ပေးမယ်´´
စောစောကလိုမဟုတ်တော့ဘဲ ခပ်အေးအေးလေသံဖြင့်ဆိုကာ လက်ကနေဆွဲခေါ်လိုက်သည်မို့ Julietကျေကျေနပ်နပ်ပြုံးကာ လက်ချောင်းသွယ်သွယ်လေးများက သူ့လက်မောင်းဆီ မီနွဲ့တွဲခိုပစ်လိုက်သည်။ထို့နောက် ကြွရွသောခြေလှမ်းလေးဖြင့် သူ့နံဘေးမှအတူယှဥ်လျှောက်ခွင့်ရသည့်အနေအထား၌ပျော်မွေ့ကာ ကိုယ့်ကိုကိုယ်လည်းသူ့ရဲ့မဟေသီလို့ပင် အထင်ရောက်မိ၏။
အင်း! ကြာလည်းမကြာတော့ပါဘူးလေ။
Julietကသူ့ရဲ့မဟေသီအစစ်ဖြစ်လာတော့မှာပါ။
သိပ်မကြာခင်ပေါ့။
``Boss!
မမလေး´´
အောက်ထပ်သို့ရောက်တော့လည်း အသင့်စောင့်ကြိုနေကြသော သူ့လူတွေက တရိုတသေဦးညွှတ်ကာ ဘေးမှာရှိသည့်Julietကိုလည်း လေးလေးစားစားနှုတ်ဆက်၍ တံခါးဖွင့်ပေးလေ၏။
``စံအိမ်ကိုပဲပြန်မှာလားboss´´
``မဟုတ်ဘူး
သူ့အိမ်ကိုအရင်ပို့လိုက်´´
``မပြန်ပါဘူး
ကိုကို့အိမ်ပဲလိုက်မယ်
Dawn...Winnerကိုပဲမောင်း´´
``မမလေး...အဲ့ဒါက...
Boss!´´
တစ်ဖက်ကိုလည်းမငြင်းဆန်ရဲ၊တစ်ဖက်ကိုလည်းကြောက်ရနဲ့ကြားမှာ ဗျာများလာရသူက Dawnသည်သာ။ထို့နောက် ဘာလုပ်ရမလဲဟူသောမျက်ဝန်းများဖြင့် သူ့ထံကြည့်လာလေတော့...
``ငါ့စကားကအတည်ပဲ´´
လေသံကမာလာပြီမို့ julietလည်းအတင်းအကျပ်ဆက်မပြောရဲတော့ပါ။သိတဲ့အတိုင်း သူကတော်ရုံတန်ရုံစိတ်မရှည်တတ်တဲ့လူစား။တော်ကြာ ကားပေါ်ကမောင်းချနေမှဖြင့် ဒုက္ခ။
ထားပါလေ! Winnerစံအိမ်ရဲ့ပိုင်နက်ကို Juliet babyက အချိန်မရွေးတံခါးမရှိ၊ဓားမရှိဝင်ထွက်နိုင်သူပဲဟာ။စံအိမ်မှာရောက်နေတယ်ဆိုတဲ့ ဟိုအရှုပ်ထုပ်မကိုတော့ နောက်နေ့မှပဲသွားကြည့်တာပေါ့။
ထိုအတွေးကြောင့် နှုတ်ခမ်းကိုစူကာသက်ပြင်းတစ်ချက်ချလိုက်ပြီးမှ...
``တော်ပြီ၊ထားလိုက်တော့
Heavenကိုပဲပြန်မယ်´´
``ဟုတ်ကဲ့´´
~~~~~ 🍭🍭🍭🍭 ~~~~~
Julietကို Heavenစံအိမ်ဆီလိုက်ပို့ခဲ့ပြီးမှ သူအိမ်ကိုပြန်ခဲ့တော့ အချိန်တွေကအတော်လေးနောက်ကျနေပြီမို့ အိမ်တစ်ခုလုံးတိတ်ဆိတ်နေ၏။အခုလောက်ဆို ဟိုကလေးလေးအိပ်ပြီထင်ရဲ့။အပြင်ထွက်ဖို့ကလွဲရင် အိမ်မှာကြိုက်သလိုကစားခွင့်ပေးထားတာမို့ စိတ်တော့ကျေနပ်နေမှာပါ။
ခဏလေးပါ ကလေးရယ်...။
မင်းကို ဒီအနှောင်အဖွဲ့မှာထိန်းသိမ်းထားဖို့ ကိုယ့်မှာတရားဝင်မူပိုင်ခွင့်ရှိတယ်။တစ်နေ့တော့ ဒါတွေကိုမင်းလေးနားလည်လာပါလိမ့်မယ်။
မင်းနားလည်ဖို့လည်း ကိုယ်ရှင်းပြမယ်။
အခုတော့ ကောင်းသောညပါ ကလေးငယ်။
``......´´
စေ့ပိတ်ထားသောတံခါးလေးရှေ့၌အတန်ကြာအောင် ရပ်ကာ အခန်းတံခါးလေးကိုလှပ်၍ စောင်ထုပ်ထဲကွေး၍အိပ်မောကျနေသည့်မျက်နှာလေးကို အဝေးမှသာလှမ်းငေးပြီး ကိုယ့်အခန်းဆီသို့ပြန်ဝင်လာခဲ့လိုက်သည်။ထို့နောက်ပင်ပန်းနွမ်းနယ်သည့်စိတ်တွေကိုရှင်းပစ်ရန် ရေချိုးခန်းဆီဝင်လာစဥ်...
``Ring Ring!´´
အိတ်ကပ်ထဲကဖုန်းမြည်သံကြောင့် ထုတ်ကြည့်လိုက်တော့ Call Contactမှာပေါ်နေသည့်နာမည်က `Juliet´။
``ကျစ်!´´
ဖွင့်မကိုင်မိတော့ပါ။စိတ်ပျက်စွာပင်စုတ်တစ်ချက်သပ်ရင်း ဖုန်းကိုဘေးသို့ပစ်ချလိုက်၏။ထို့နောက်ကိုယ်ပေါ်ကအဝတ်အစားတွေကိုချွတ်ပစ်ကာ အဖြူရောင်တဘတ်ကြီးဖြင့် ခန္ဓာကိုယ်အောက်ပိုင်းကိုပတ်လိုက်ပြီး အတွင်းခန်းဘက်ဆီဆက်ဝင်လာခဲ့သည်။
ရှုပ်ထွေးနေသည့်စိတ်တို့နှင့်အတူ ရေပန်းအောက်၌ရပ်လိုက်ပြီး အေးစက်စက်ရေတွေကိုဖွင့်ချထားလိုက်၏။ဦးခေါင်းထက်မှစ၍ ရင်အုပ်ကျယ်ကျယ်ကနေ ခြေဖျားအထိတိုင်ကျဆင်းလာသောရေတွေက အေးစက်နေလည်း သူ့ရင်ထဲမှာတော့တစ်ခုသောပူလောင်ခြင်းကတိုးဝင်နေသည်။
မဟုတ်သေးဘူး...။ပူလောင်တယ်ဆိုတာထက် အပြစ်မကင်းသလိုခံစားရတာဆိုရင်ပိုမှန်မည်ထင်ရဲ့။ဒါဟာ ခိုက်ရန်ရှင်းရဲ့ဘဝမှာပြင်မရတော့တဲ့အမှားဖြစ်သလို နောင်တမရှိသောရပ်တည်မှုရဲ့ တစ်ခုသောချွင်းချက်ရယ်ပါ။
``တောင်းပန်ပါတယ်
အဲ့ဒီ့နေ့က ငါ့ကြောင့်သာမဟုတ်ရင် မင်းသေခဲ့ရမှာမဟုတ်ဘူးပဲ´´
တောင်းပန်စကားနဲ့မလုံလောက်တာသိလည်း တောင်းပန်စကားကိုသာထပ်ဆိုမိရပြန်ပါသည်။
Julietကိုပြန်တွေ့ခဲ့ရလို့ပဲထင့်။ငါးနှစ်နီးပါးကြာခဲ့ပြီးသောထိုဖြစ်ရပ်က အာရုံမှာတဖျတ်ဖျတ်နဲ့လာရစ်ပတ်နေ၏။ထို့နောက် သူ့လက်အစုံသည် လွန်ခဲ့သောငါးနှစ်ခန့်က အကျည်းတန်ခွဲစိတ်ဒဏ်ရာထင်ခဲ့ဖူးသော ဝမ်းဗိုက်တစ်နေရာဆီဖွဖွစမ်းနေမိရင်း အတွေးတို့ကလည်းအတိတ်ကာလတစ်ခုဆီပျံ့လွင့်နေခဲ့သည်။
အတိတ်...။
လွန်လေခဲ့ပြီးတဲ့အတိတ်တွေဟာ သူ့အတွက်ဘာမှကို လှည့်ကြည့်ချင်စရာမရှိတာပါ။
အားလုံးက နာကျင်စရာတွေချည်း။
အားလုံးက စိတ်ပျက်စရာတွေချည်း...။
ဒီလိုလူသားတစ်ယောက်ရဲ့ဘဝသည်လည်း ပျော်ရွှင်ခြင်းတို့ဟူသည် အလျဥ်းကင်းမဲ့တာ ဆန်းလည်းမဆန်းပါပြီလေ။
~~~~~ 🍭🍭🍭🍭~~~~~
``မိုး...ဒါတွေငါသွားထားလိုက်မယ်နော်
ငါ့ကိုပေး´´
``ဖြေးဖြေးကိုင်နော်
ပူနေတာ´´
``အေးပါ´´
မနေ့ကတင်ရသွားသောတစ်ဦးတည်းသောသူငယ်ချင်းလေးနှင့်အတူ breakfastဝိုင်းကိုပြင်ဆင်ပေးနေသော ချစ်ရိပ်ရဲ့ပုံစံလေးကဖျတ်လတ်တက်ကြွလို့နေသည်။ဘာမှမခိုင်းကြလည်း ကိုယ့်ဘာသာလုပ်ချင်တဲ့အလုပ်ဝင်လုပ်ရမှာပဲလေ...။ဒါမှအိမ်ရဲ့အနေအထားကိုလေ့လာပြီး ပြေးပေါက်ရှာလို့ရမှာ။
``ဘေဘီ´´
``အမလေး!´´
အခွင့်ရရင်ထွက်ပြေးဖို့ပဲတွေးကာ မီးဖိုခန်းမှထမင်းစားခန်းဆီလှမ်းအထွက်၌ ဘေဘီခေါ်သံနှင့်အတူ ရုတ်တရက်ထွက်ပေါ်လာသောပုံရိပ်ကြောင့် ချစ်ရိပ်လန့်ဖျပ်၍ ခြေလှမ်းလေးကိုနောက်ဆုတ်လိုက်မိသည့်အခါ...
``ကလေး!´´
နောက်ပြန်လဲကျမိရမလိုဖြစ်သွားသောကိုယ်လေးအား ကျောပြင်မှဆတ်ခနဲလှမ်းထိန်းပေးလိုက်၍ သက်သာသွားသော်လည်း ရှေ့ဘက်သို့ပြန်ယိမ်းလာသည့်ခန္ဓာကိုယ်နှင့်အတူ ချစ်ရိပ်လက်ထဲကိုင်ထားသည့်ကော်ဖီခရားက သူ့ရင်ဘတ်ကြီးဆီကပ်မိသည်မို့ ချစ်ရိပ်မျက်လုံးလေးတွေပြူးကျယ်သွားရ၏။
``ဦး!!´´
``သတိမထားဘူးကွာ။ဒီကလေးကတော့...
ဘယ်နားပူသွားလဲ...ကိုယ့်ကိုပြ´´
``ဟုတ်ဘူး၊ချစ်ရိပ်ပူတာဟုတ်ဘူးလေ
ဦး!..ဦးကိုထိမိတာ၊အရမ်းပူသွားလားဟင်...ချစ်ရိပ်တောင်းပန်ပါတယ်နော်´´
Hazelရောင်မျက်ဝန်းလေးမှာ စိုးရိမ်အရိပ်တွေတရိပ်ရိပ်ပြေးလို့ ကိုယ့်ရင်ဘတ်ဆီဂရုတစိုက်ငုံ့ကြည့်မေးနေသည့်စကားသံလေးကိုနားထောင်ရခြင်းမှာ အသည်းအိမ်တစ်ခုလုံးလည်း လေထဲတလှပ်လှပ်လွင့်ခါနေသလိုပင်။ကြည့်ပါဦး!လူဆိုးကြီးမို့မုန်းပါတယ်ဆိုပြီး အမြဲအော်ဟစ်ရန်ရှာနေတဲ့ ဂျစ်တူးပိစိလေးက အခုကျတော့လည်းကိုယ့်အတွက်ပူပန်ပေးတတ်နေသားပဲ။
``ရပါတယ်
ကိုယ်ဘာမှမဖြစ်ဘူး´´
``ဟုတ်လို့လားဦးရဲ့
ဒါကြီးကအရမ်းပူနေတယ်´´
``ပူတာကိုသိရင်ဘာလို့ကိုင်လာလဲ
ဘယ်သူခိုင်းတာလဲ´´
``ဘယ်သူ့မှမခိုင်းပါဘူး
ချစ်ရိပ်ကိုယ့်ဘာသာလုပ်နေတာ
သူတို့ကချစ်ရိပ်ကိုဘာမှမပြောကြဘူး၊ဒီအတိုင်းပစ်ထားကြတာပဲ...အဲ့ဒါနဲ့ချစ်ရိပ်လေးကလိုအပ်မယ်ထင်တာတွေလုပ်နေတာ´´
``အဟင်း!တော်လိုက်တာဗျာ´´
``ဒါနဲ့ဦးကဒီကိုဘာလာလုပ်တာလဲ
မနက်စာစားဖို့ဆို စားပွဲမှာထိုင်စောင့်လေ၊ဘာလဲ...ဗိုက်အရမ်းဆာလို့လား´´
``မဟုတ်ပါဘူးကွာ
ကိုယ်ကဘေဘီ့ကိုလိုက်ရှာနေတာ
မိုးလင်းကတည်းကမမြင်မိလို့´´
``.....´´
``လာ
ကိုယ်နဲ့လိုက်ခဲ့´´
လက်ကောက်ဝတ်လေးမှဆွဲခေါ်ခဲ့၍ ချစ်ရိပ်လည်း သူ့နောက်ပါလာခဲ့ရပြန်သည်။စားပွဲဝိုင်းဆီရောက်တော့ ဘေးခုံလေး၌ဝင်ထိုင်မည်အပြု သူကထုံးစံအတိုင်းပင် ချစ်ရိပ်ရဲ့ခါးလေးမှဆတ်ခနဲဆွဲပွေ့ကာ သူ့ပေါင်ပေါ်တင်လိုက်လေ၏။ပြီးတော့ ချစ်ရိပ်ရဲ့ပုခုံးစွန်းလေး၌ သူ့မေးဖျားလေးမီတင်ထားလိုက်ပြီး...
``ဗိုက်ဆာနေပြီလား´´
``ဦး!´´
``ပြောလေ´´
``မနေ့က ဦးအလုပ်မှာပြသာနာတစ်ခုခုရှိနေတယ်မဟုတ်လား?အဲ့ဒါအဆင်ပြေရဲ့လားဟင်´´
``ကလေးကဘယ်လိုသိလဲ´´
``စကားတွေကိုနားမလည်ပါဘူး
ဒီအတိုင်းခန့်မှန်းကြည့်တာ၊ဦးရဲ့မျက်နှာကကြောက်ဖို့ကောင်းနေလို့´´
``ကိုယ့်ကိုကြောက်တယ်ပေါ့´´
``ဟုတ်!ကြောက်တယ်
ဒါနဲ့လေ ချစ်ရိပ်သိပြီသိလား
ဦးက မာဖီးယားမဟုတ်ဘူးဆို´´
``ဒါကရောဘယ်ကနေစပ်စုလာတာလဲ´´
``ချစ်ရိပ်သူငယ်ချင်းရပြီဦးရဲ့
ဒီအိမ်မှာမြန်မာစကားပြောတတ်တဲ့ကောင်မလေးရှိတယ်...သူပြောပြတာ´´
``သြော်´´
သူ့မျက်နှာချောချောကြီးထံ ခေါင်းလေးစောင်းငဲ့လှည့်ကြည့်ကာ စိတ်လိုလက်ရပြောပြနေမိရင်း ချစ်ရိပ်ရဲ့စိတ်ထဲလည်းသူ့ကိုပိုပြီးရင်းနှီးလာမိသလိုပင်။ပြီးတော့ သူကချစ်ရိပ်ထင်နေသလို လူဆိုးတစ်ယောက်မဟုတ်မှန်းလည်းသိလိုက်ရပြီလေ။သို့သော် မသိတာကတော့ သူဘာကြောင့်ချစ်ရိပ်ကိုဒီအိမ်ကနေသွားခွင့်မပြုသည်ကိုပင်။
``မနက်စာသုံးဆောင်လို့ရပါပြီ သခင်လေး´´
တွေးနေစဥ်မှာပင်အနားသို့ရောက်လာသည်က နူဝမ်ဆိုသော ဟိုမိန်းကလေး။သူ့မှာအာဏာရှိတယ်ဆိုတိုင်းလက်အောက်ကလူတွေကို ထင်တိုင်းကျဲပြောဆိုနေတဲ့သူလေ။
မဖြစ်ဘူး...၊ဦးနဲ့တိုင်ပြောခဲ့ရမယ်။ဒါမှချစ်ရိပ်ဒီအိမ်မှာမရှိတော့တဲ့အခါလည်း သူအဲ့လိုမောက်မာမနေရဲမှာ...။
ချစ်ရိပ်ဟာ ကလေးသာသာအရွယ်လို့ပင်မပြောရ။ခေါင်းထဲရှိသမျှအတွေးတိုင်းက ဘယ်သောအခါမှမရင့်ကျက်ခဲ့ပေ။ယခုလည်းကိုယ်မကျေနပ်သည့်ကိစ္စကို လူကြီးတစ်ယောက်ထံပြောဆိုတိုင်တန်းဖို့ဆုံးဖြတ်လိုက်ပြီး ဦးရဲ့မျက်နှာကိုအသေအချာလိုက်ကြည့်ရင်းမှ...
``ဦး!...ဦး!
ချစ်ရိပ်ပြောစရာရှိတယ်´´
``ပြောလေ ကလေးလေးရဲ့´´
``ဦးရဲ့အိမ်မှာလေ မကောင်းတဲ့လူတွေရှိတယ်သိလား´´
ကော်ဖီတွေငှဲ့ထည့်ပေးနေသည့်မိန်းကလေးဘက်သို့ မျက်ဆံလေးထောင့်ကပ်ခိုးကြည့်ကာဆိုလာသည့်စကားကြောင့် သူမျက်မှောင်ကြီးတစ်ချက်ကျုံ့မရကာ...
``ဟုတ်လား
ဘယ်လိုမျိုးမကောင်းတာလဲ ကိုယ့်ကိုပြောလေ´´
``အပြစ်နည်းနည်းလေးလုပ်မိတာကိုအများကြီးဆူတယ်၊စာနာစိတ်မရှိဘူး...သူ့မှာအခွင့်အရေးရှိတိုင်းအရမ်းပညာပြတဲ့သူ´´
နှုတ်ခမ်းလေးတထော်ထော်ဖြင့်တိုင်ပြောနေခြင်းကို သူကချစ်စနိုးလေးကြည့်ကာတစ်ချက်ရယ်သည်။ထို့နောက် အနားမှာရှိနေသည့်အစေခံတွေကို ထွက်သွားဖို့လက်ဟန်ပြလိုက်လေ၏။
``ဟင်!ဘာလို့သွားခိုင်းတာလဲ?
ချစ်ရိပ်ကတိုင်ပြောနေတဲ့ဟာကို နည်းနည်းလေးမှတောင်မဆူဘူးလား?´´
``ဘေဘီရယ်...သူတို့ကိုဆူနေဖို့ကိုယ့်မှာအချိန်မရှိဘူးကွ၊ပြီးတော့ မင်းပြောနေတာ နူဝမ်မဟုတ်လား?သူ့ကိုအစေခံတွေနဲ့ပတ်သက်တဲ့ဆုံးဖြတ်ပိုင်ခွင့်အားလုံး ကိုယ်ပေးထားတာ။ဘာပဲလုပ်လုပ်သူ့အပိုင်းပဲ´´
``ဒါဆိုသူက အစေခံထဲကတစ်ယောက်ယောက်ကိုမုန်းလို့သတ်ပစ်လိုက်ရင်ရော´´
``အဲ့ဒါဆိုလည်း အသတ်ခံရလောက်တဲ့ပြစ်မှုကျူးလွန်ထားလို့ပေါ့´´
``ဟင်! ဦးရဲ့အတွေးတွေကအရမ်းကိုတစ်ဖတ်သက်ကျတာပဲ။ဒါဆို ချစ်ရိပ်ကလည်းအစေခံပဲ၊သူသတ်လိုက်တဲ့သူက ချစ်ရိပ်ဆိုရင်ရောဦးဘယ်လိုလုပ်မှာလဲ´´
``ကျစ်!မင်းကကိုယ့်ကိုအရမ်းရစ်တာပဲ ကလေးရာ´´
စိတ်မရှည်သလိုစုပ်သပ်ရင်း သူပြောလာတော့ချစ်ရိပ်ရင်ထဲဝမ်းနည်းညိုးငယ်သွားရပါ၏။
သူ မဖြေခဲ့ဘူး။ဆိုလိုတာက ချစ်ရိပ်ကိုသတ်လိုက်လည်းရတယ်ပေါ့။ဟုတ်သားပါပဲ၊ချစ်ရိပ်နဲ့သူကဘာများသက်ဆိုင်လို့ပါလဲ?မဆီမဆိုင်မေးခွန်းမျိုးကို သွားပြီးမေးမိတဲ့နှုတ်ဖျားတွေကိုသာ ခပ်ပြင်းပြင်းရိုက်ပစ်လိုက်ချင်ရဲ့။
``အဟင့်!ဟင့်´´
``ဟာ! ကလေး ဘာလို့ငိုတာလဲကွာ
မငိုရဘူးလေ၊ကိုယ်ဘာမှားသွားလို့လဲ ပြော...´´
``ဟင့်!´´
``သူတို့ကိုဆူစေချင်တာလား
ကိုယ်အခုပြန်ခေါ်လိုက်မယ်´´
``တော်ပါပြီ
ရှင်အရမ်းအလုပ်များတယ်ဆိုလည်းသွားတော့
ချစ်ရိပ်ပြောတဲ့စကားတွေက ရှင့်အတွက်အရေးမှမပါတာ´´
``အဲ့လိုမဟုတ်ရပါဘူးကွာ
မငိုနဲ့နော် တိတ် တိတ်´´
ငိုသူကလူးလိမ့်ငိုကာ ချော့သူကလည်းအသည်းအသန်ချော့နေတော့နှစ်ယောက်သားရဲ့အခြေအနေကရှုပ်ရှုပ်ထွေးထွေးတွေဖြစ်နေသည်။ချော့သာချော့ရတယ်၊ဘယ်နေရာမှာ ဘာတွေမှားကုန်မှန်းလည်းသူမသိ။အမြဲတမ်းတစ်ဖက်သက်ဆန်သောအတွေးတွေဖြင့်သာနေသားကျခဲ့၍ပဲထင့်၊ဒီကလေးလေးနဲ့ပတ်သက်လာမှပဲ သူ့မှာအရွယ်နဲ့မလိုက်အောင် နားလည်မှုတွေခေါင်းပါးနေပြီမှန်းသိလိုက်ရသည့်အဖြစ်။
သူ့အတွက်ကတော့ သူမလေးပြောဆိုတိုင်ကြားတဲ့ကိစ္စက တကယ်ကိုဘာမှမဟုတ်တာပါ။သို့ကြောင့်လည်း သူဒီလိုဖြေမိတာ။
ဟင်း! (၁၁)နှစ်သောကွာဟခြင်းရဲ့ခြားနားချက်မှာ ညှိယူရမယ့်အရာတွေလည်းများလှပါလား။လူကြီးတစ်ယောက်အတွက်တွေးစရာမလိုလောက်အောင် သေးငယ်တဲ့ကိစ္စဟာလည်း ကလေးလေးတစ်ယောက်အတွက်တော့အရေးကြီးဖြစ်ရပ်ကြီးဖြစ်ရင်ဖြစ်နေမှာ။ဒီတော့ညှိယူမယ်ဆိုတာထက် ကိုယ်ကပိုပြီးဂရုတစိုက်နားလည်ဖို့ကြိုးစားရမှာပါလေ။
``ဟင့်! ဟင့်! ချစ်ရိပ်အိမ်ပြန်ချင်တယ်´´
``ကလေးရယ်´´
``အိမ်ပြန်ပို့ပေးလို့...အီး!ဟီး´´
``အရမ်းမငိုရဘူးလေကွာ
မောနေလိမ့်မယ်၊အရင်လိုဆေးတွေပြန်သောက်ချင်နေတာလား?´´
``ဟင်!´´
ချော့သလိုလို၊ခြောက်သလိုလိုနှင့် သူ့ထံမှရုတ်တရက်ထွက်လာသည့်စကားကြောင့် ချစ်ရိပ်အံ့သြစွာပင် မျက်လုံးလေးဝိုင်းလျက် သူ့မျက်နှာဆီမော့ကြည့်မိသွားရပြီး...
``ဦး အဲ့ဒါကိုဘယ်လိုလုပ်သိနေတာလဲ´´
ခိုက်လည်း အမှတ်တမဲ့မှားပါသွားသောစကားကိုအချိန်မီဟန့်တားခွင့်မကြုံလိုက်။မျက်ရည်အဝိုင်းသားမျက်ဝန်းလေးဖြင့် မော့ကြည့်မေးလာခါမှ အဖြေခက်သွားရလေ၏။
``ကိုယ်ဘာကိုသိလို့လဲ ကလေးရဲ့
ဒီအတိုင်းပဲပြောလိုက်တာပါ´´
``မဟုတ်ဘူး
ဦး ညာတယ်
ချစ်ရိပ်ဘယ်သူမှန်း ဦးအစကတည်းကသိနေတယ်...ဟုတ်တယ်မလား´´
အသေအချာကိုမေးနေသည်မို့ ညာနေစရာအကြောင်းလည်းမရှိတော့ပါ။သို့နှင့် မေးခွန်းထုတ်နေသောမျက်လုံးဝိုင်းလေးထံ ခပ်တည်တည်ဖြင့်သာငုံ့ကြည့်လျက် ခေါင်းကိုဆတ်ခနဲငြိမ့်လိုက်ပြီးနောက်...
``အင်း!
ဟုတ်တယ် မင်းဘယ်သူမှန်း ကိုယ်သိတယ်...ချစ် ရိပ် ဖန် ဆင်း´´
~~~~~ 🍭🍭🍭🍭 ~~~~~
အခန်း >>> ၁၄ဆက်ပါမည်။
ချစ်သည်းတို့အတွက်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာ ရည်ရွယ်ရေးသားသော...
WineSatt Cho(🍋Lëmoñ🍋)