🍭 ~ ချစ်တတ်ခြင်းက မင်းနဲ့မှ... ~ 🍭
(Or)
ဂျစ်တူးရဲ့ `ဦး´
==========♡ အခန်း ၁၁ ♡==========
လှပခမ်းနားသောကျွန်းကနုတ်တို့ဖြင့်ပုံဖော်ထားသည့်မှန်တင်ခုံကြီးရဲ့ရှေ့၌ မျက်နှာငယ်လေးဖြင့်ထိုင်နေမိတာအချိန်အတော်ကြာပြီဖြစ်သည်။မှန်ချပ်ပေါ်ထင်ဟပ်နေသောကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်မိတော့ ငယ်နုသည့်မျက်နှာလေးဟာ ဖျော့တော့တော့နဲ့ညိုးငယ်နေတာများ ရှိရင်းစွဲထက်ဆယ်နှစ်လောက် အိုစာသွားခဲ့သလိုပါပဲ။ဟိုလူကြီးရဲ့မညင်မသာအထိတအတွေ့ကြောင့် ခပ်ရဲရဲနှင့်ထူအမ်းဖူးယောင်နေတဲ့နှုတ်ခမ်းလေးဆီအကြည့်ရောက်မိတော့ ထပ်ပြီးသာငိုချင်ရတယ်။
သူ...၊အဲ့ဒီလူကြီးက ချစ်ရိပ်ကိုဘယ်လိုတွေသဘောထားနေတာလဲ?သူ့အတွက် ချစ်ရိပ်ကလွယ်လင့်တကူကောက်ရတဲ့အရုပ်ကလေးတစ်ရုပ်လို တန်ဖိုးမဲ့လွန်းတယ်ထင်ပါရဲ့။
ဟုတ်ပါတယ်လေ။ချစ်ရိပ်ကိုယ်တိုင်ကလည်း သူ့အပေါ်မှာတရင်းတနှီးအပြုအမူတွေနဲ့ပြောဆိုမိတာကိုး။ဒီတော့သူ့လိုလူကြီးတစ်ယောက်က လွယ်လင့်တကူဆော့ကစားနေတာလည်းဆန်းတော့မဆန်းဘူးပေါ့။တကယ်ဆိုချစ်ရိပ်ရဲ့အမှားပါ၊ချစ်ရိပ်ကိုက တန်ဖိုးမရှိတဲ့ ကလေးမ။မိဘတွေကတောင်ထိန်းမနိုင်လို့တခြားဆီပို့ပစ်မယ်လို့ဆုံးဖြတ်မှတော့ ချစ်ရိပ်အတွက်ဘယ်သူကစစ်မှန်တဲ့ရင်ခွင်ကိုပေးတော့မှာလဲ?ဒါကိုသိလျက်နဲ့သူ့အပြုအမူကြောင့်ချစ်ရိပ်တကယ်ကို ဝမ်းနည်းသွားရတာလည်းအမှန်ပင်။
ရင်ထဲမှာစူးစူးနစ်နစ်နဲ့တနုံ့နုံ့ကြေကွဲနေရတာဘာကြောင့်မှန်းလည်းချစ်ရိပ်မသိတတ်ခဲ့ပါ။မြင်တာတွေ့တာဖြင့်မကြာသေးတဲ့မိန်းကလေးတစ်ယောက်အပေါ် သူဒီလိုပြုမူတာက ဘယ်လိုလုပ်စိတ်ရင်းအမှန်ဖြစ်ပါ့မလဲ။တန်ဖိုးထားစရာမလိုလို့၊ဒီအတိုင်းအလွယ်ရလို့ စမ်းသပ်ရုံ။အခု ချစ်ရိပ်ကသူ့လက်ဖဝါးထဲကဖြစ်တည်မှုလေးလို သူစေရာနေရမယ့်ပုံစံမို့ ထပ်ပြီးဒီထက်တန်ဖိုးမဲ့စွာပြုမူလာမှာကိုလည်းစိုးရိမ်သည်။
သို့သော် ထူးဆန်းသည်ကချစ်ရိပ်သူ့ကိုစိတ်လည်းမဆိုးခဲ့ရပါလေ။သူ့ရဲ့အထင်တသေးဆက်ဆံလိုက်ခြင်းအပေါ် ကိုယ့်ကိုကိုယ်ပဲဝမ်းနည်းစွာအပြစ်တင်မိရတာ။
ဒီခံစားချက်ကြီးကထူးဆန်းလိုက်တာ~
``ဟင့်! ဟင့်!´´
တွေးရင်းမှစိတ်တွေမွန်းကျပ်လာကာ မှန်တင်ခုံပေါ်သို့မျက်နှာလေးမှောက်ချရင်းငိုနေမိပြန်သည်။မွန်းကျပ်ဆို ဒီအိမ်ရောက်ကတည်းကစပြီး အခန်းထဲကအခန်းပြင်တောင်ခြေတစ်လှမ်းမှမထွက်ရဘူးလေ...။အခုမှပဲမိဘရင်ခွင်ရိပ်ကိုသတိရစွာတစ်ညလုံးမအိပ်ဘဲငိုထားမိသေးတော့ မျက်ဝန်းလေးတွေဆိုနီရဲအစ်ဖောင်းပြီးနာကျင်နေကာ တငွေ့ငွေ့အဖျားရှိန်ကလည်းရှိနေသေး၍ မျက်နှာလေးကခပ်ရဲရဲနှင့် ချစ်ရိပ်ရဲ့လက်ရှိပုံစံလေးကညိုးလျော်နွမ်းဖတ်လို့နေ၏။
``ဒယ်ဒီ
သမီးအခုဒယ်ဒီဆီပြန်လာချင်တယ်...မာမီ့ကိုလည်းသတိရတယ်´´
``......´´
``ဟင့်!ဟင့်!ချစ်ရိပ်ကဘယ်အချိန်ထိဒီအခန်းထဲအပိတ်လှောင်ခံရမှာလဲ´´
``ဒေါက်!ဒေါက်´´
ကျောပြင်လေးသိမ့်သိမ့်တုန်အောင် ရှိုက်ကာငိုကြွေးနေစဥ်မှာပင် တံခါးနှစ်ချက်ဆင့်ခေါက်သံကထွက်ပေါ်လာခဲ့၏။ပြီးနောက် အစေခံမိန်းကလေးတစ်ဦးအခန်းထဲဝင်လာသည်။သူ့လက်ထဲမှာတော့ တစ်စုံတစ်ရာကိုင်ထားလျက်နှင့်...။
ချစ်ရိပ်လည်းသေချာကြည့်နေမိစဥ် သူကအနားသို့လာရပ်လိုက်ပြီး...
``ဒါကသခင်လေးပြင်ခိုင်းထားတဲ့ဝတ်စုံပါ
ဝတ်ပြီးရင်အောက်ထပ်ကိုလိုက်ခဲ့ပါရှင့်´´
တရိုတသေဦးညွှတ်ပြောသော်လည်း တကယ်တမ်းသူပေးလာသည့် နီညိုရောင်လေးသည် ဒီအိမ်ရဲ့အစေခံဝတ်စုံပင်။ဒါကိုပေးခိုင်းတယ်ဆိုတော့ သူ့သဘောက ချစ်ရိပ်ကိုအစေခံလုပ်ဖို့သတ်မှတ်ပေးလိုက်သည်ပေါ့။ဒါဆို ချစ်ရိပ်ဒီအခန်းထဲကနေတော့ထွက်လို့ရလောက်မယ်ထင်ရဲ့။
အတွေးကြောင့်အနည်းငယ်လေးဝမ်းသာမိကာ ကမ်းပေးသည့်ဝတ်စုံလေးအားလှမ်းယူလိုက်တော့ ထိုမိန်းကလေးကအခန်းပြင်ထွက်သွားလေ၏။သို့မှ ချစ်ရိပ်လည်း နီညိုရောင်ဝတ်စုံလေးအား ဖြန့်ကြည့်ကာ လက်လေးဖြင့်ဖွဖွသပ်ရင်း အတွေးများစွာခြယ်လှယ်သော ဝဲဂယက်၌ငြိမ်သက်နေမိသည်။
ဟုတ်ပြီ။ဒါဆိုရင်တော့ တစ်ခုသောနည်းနဲ့လွတ်လမ်းရှာလို့ရမှာပါလေ။အရေးကြီးတာက ဒီအခန်းထဲမှာလှောင်ပိတ်မခံရရင်ပြီးတာပဲပေါ့။
~~~~~ 🍭🍭🍭🍭 ~~~~~
``ကိုကို!
ကိုကိုဘယ်သွားမလို့လဲဟင်´´
ဗီရိုထဲမှluggageကိုထုတ်ကာ အဝတ်အစားတစ်ချို့ကိုထည့်ဟန်ပြင်နေသည့်ကိုကို့ပုံစံက တစ်ခုခုကိုအလျင်လိုနေသလိုမို့ ရှင်ရှင် ခုတင်လေးထက်ပျော့ခွေစွာလဲလျောင်းနေရင်းမှမေးမိလိုက်ခြင်း။စိတ်ထဲမှာတွေးလိုက်သည်ကလည်း သမီးလေးနဲ့ပတ်သက်နေမလားဟူ၍ပင်။
``ကိုကို!
အဆိုးမေးတာဖြေလေ´´
``ဟုတ်တယ်၊ကလေး
ကိုကိုခရီးခဏသွားရမယ်´´
``သမီး...သမီးလေးအကြောင်းတစ်ခုခုသိရလို့လားဟင်?အဆိုးကိုပြောပါဦးကိုကိုရဲ့...အဆိုးလည်းလိုက်မယ်လေ´´
သမီးအကြောင်းလို့ထင်မှတ်ရသည့်ပုံစံမြင်တာနဲ့ ချက်ချင်းကိုလှုပ်လှုပ်ရှားဖြစ်လာသည့်နွဲ့ဆိုးကြောင့် လင်းညမှာတော့ သက်ပြင်းကြီးသာချ၍ အဝတ်အစားပြင်နေသည်ကိုရပ်ပြီး အနားလေး၌ဝင်ထိုင်လိုက်၏။
``ကလေး! နားထောင်
ကိုကိုက ဘန်ကောက်ကိုသွားမှာ၊မင်းလိုက်လို့မရဘူးလေ...အခုတောင်ဒီလောက်နေမကောင်းဖြစ်နေတာ...ခရီးပမ်းရင်ဒီ့ထက်ပိုဆိုးမှာပေါ့ကွာ´´
``သမီးက အဲ့ဒီ့မှာရှိနေတာလား
စသိကတည်းကအဆိုးကိုဘာလို့မပြောတာလဲ...အဟင့်!ဟင့်´´
``မငိုပါနဲ့ ကလေးရယ်...ကိုကိုအခုပဲပြောပြမလို့ပါ
ကိုယ်သိရသလောက်တော့ သေချာတယ်
သေချာတဲ့သူဆီက အသိပေးလာတာ´´
``ဒါ...ဒါဆိုသမီးလေးအဆင်ပြေရဲ့လားဟင်
အန္တရာယ်ကင်းကင်းရှိနေရဲ့လား´´
``စိတ်မပူနဲ့၊သမီးဘာမှမဖြစ်ဘူး
စိတ်ချလို့ရမယ့်သူဆီမှာရှိနေတာမို့လို့´´
``စိတ်ချရတဲ့သူ?
အဲ့ဒါဘယ်သူလဲ ကိုကိုရဲ့´´
မျက်လုံးဝိုင်းလေးဖြင့်မော့ကြည့်ကာမေးမိတော့ သူကကြည်သာစွာပြုံးပြလာရဲ့။ထိုအပြုံးက သက်သောင့်သက်သာရှိလွန်းသည်မို့ ရှင်ရှင်လည်းအခုမှသက်ပြင်းလေးချမိရတယ်။ကိုကို့မျက်နှာမှာ အရင်ရက်တွေကလောက်ပူပန်သောကရောက်နေတဲ့အသွင်မျိုးမတွေ့ရတော့ဘူးပဲ။
``လူကို ဘာတွေကြည့်နေတာလဲကလေးလေးရဲ့
နားထောင်! ကိုကိုပြောပြမယ်´´
ထိုစကားလေးဆိုပြီးနောက်သူက ရှင်ရှင့်ကိုယ်လေးကိုရင်ခွင်ထဲထွေးဖက်ရင်းခုတင်၌ခပ်လျော့လျော့မီလိုက်ပြီး စီကာပတ်ကုံးပြောပြသည်က သမီးလေးဘန်ကောက်ကိုရောက်သွားတဲ့အကြောင်းပင်။ထို့နောက်ဆက်၍ပြောပြလာသည်က သမီးလေးအတွက်စိတ်ချရပါတယ်ဆိုသော လူတစ်ယောက်ရဲ့အကြောင်း။
ကိုကိုပြောပြသည်ကိုနားထောင်နေရင်း ရှင်ရှင့်မှာဖြင့်မျက်လုံးလေးတွေတောင်ဝိုင်းသွားရပါရဲ့။
ဒါဘယ်လိုတောင်တိုက်ဆိုင်တဲ့ ကံတရားနဲ့ဆန်းကြယ်မှုလဲ?
သမီးကိုခေါ်ထားပေးတယ်ဆိုတဲ့သူ...။
သူ့ နာမည်က `ခိုက်ရန်ရှင်း´။
ပြီးတော့ သူက...
~~~~~ 🍭🍭🍭🍭 ~~~~~
ခမ်းနားစွာပြင်ဆင်ထားပြီးဖြစ်သော စားပွဲဝိုင်း၌အသင့်စောင့်နေသည့်သူ့အနား အစေခံမိန်းကလေးတွေစီတန်းကာရပ်နေသည်။ယခုတော့ ချစ်ရိပ်လည်း အစေခံမိန်းကလေးတွေနည်းတူ နီညိုရောင်ဝတ်စုံလေးဖြင့်ပါဝင်ဝန်းရံနေရပြီဖြစ်၏။နန်းတော်လိုခမ်းနားသည့်အိမ်ကြီးမှာ အစေအပါးတွေခြွေရံလျက်စည်းစိမ်ခံနေသည့်သူက ဒီရပ်ဝန်းမှာတော့တကယ့်ဧက္ကရာဇ်တစ်ပါးလိုထည်ဝါမှုမျိုးနှင့်။
အားလုံးကသူ့ကို ရိုသေသည်။
အားလုံးက သူ့ကိုကြောက်ရွံ့သည်။
ဒါဖြင့်ချစ်ရိပ်ကရော...??
ချစ်ရိပ်လည်းသူ့ကိုကြောက်ပါသည်လေ...။
``Baby ဒီကိုလာ´´
အများနည်းတူဝတ်ကာ၊အများနည်းတူ ခပ်ရို့ရို့ဟန်လေးဖြင့်ရပ်နေသောသူမအား လှမ်းခေါ်ကာအနားလာခိုင်းလိုက်၏။အခုတော့ ကိုယ့်ကိုကြောက်တတ်နေပြီဖြစ်သောကလေးငယ်က ကိုယ့်အသံကြားသည်နှင့်ခန္ဓာကိုယ်လေးဆတ်ခနဲတုန်သွားကာ ခေါင်းလေးပါငုံ့ချလိုက်သေးရဲ့။
ကျစ်!ဒီကလေးကအခုထိစိတ်ဆိုးနေသေးတာပဲ။
``ဂျစ်တူး
ကိုယ့်ဆီလာလို့ပြောနေတယ်လေ´´
နှစ်ခါခေါ်လေမှနှုတ်ခမ်းလေးစူပုပ်ပုပ်ဖြင့်ခြေလှမ်းလေးရှေ့တိုးလာသော သူမ။နို့ခဲလေးလိုဖွေးနှစ်ဝင်းဝါနေသော အသားအရည်လေးကနီညိုရောင်ဝတ်စုံ၌ထင်းလင်းစွာအရောင်ဟပ်နေသည့်နှယ်။ဘာဆိုဘာမှပြင်ဆင်ထားခြင်းမရှိသည့်ပန်းသွေးရောင်အသားအရည်လေးက Babyပေါက်စလေးရဲ့skinလေးလိုနုနယ်အိစက်နေ၏။သွယ်လျလျလည်တိုင်လေးက အကြောစိမ်းစိမ်းလေးတွေပေါ်လွင်သည်အထိဝင်းမွတ်နေ၍ ရိုးရှင်းသောအလှလေးက အကြည့်တစ်ချက်တောင်မလွှဲနိုင်အောင် ဖမ်းစားနေသလိုပင်။
တကယ်တော့ ခိုက်ကသူမလေးကိုဒီလိုမထားချင်ပါ။သို့သော် အလုပ်လုပ်ပါမယ်တကဲကဲဖြစ်နေသူလေးစိတ်ကျေနပ်စေဖို့ရန်သာ ခွင့်ပြုပေးလိုက်ခြင်းပင်။
``ချစ်ရိပ်ကိုဘာပြောမို့လဲ´´
``.....´´
``အမေ့!´´
မဝံ့မရဲလေသံဖြင့်ခေါင်းငုံ့ရင်းမေးလာပြန်တော့ သူစိတ်မရှည်ချင်ပြန်။အရင်ရက်တွေကလို အော်ဟစ်ရန်စွာခြင်းလည်းမရှိတော့ သူ့မှာနေရတာတောင်ခက်လာသည်မို့ သူမရဲ့လက်လေးအားအရှိန်ဖြင့်ဖျတ်ခနဲလှမ်းဆွဲလိုက်ပြီး ယိမ်းလာသည့်ကိုယ်လုံးသေးသေးလေးကိုခါးမှဆွဲပွေ့ကာ ပေါင်ပေါ်ထိုင်စေလိုက်၏။
ချစ်ရိပ်သည်လည်းသူ့ရဲ့ရုတ်တရက်အပြုအမူကြောင့်လန့်သွားရသော်ငြားလူကဖြင့်သူ့ရင်ခွင်ထဲနီးကပ်စွာရောက်သွားရပြန်သည်။အရပ်ကမရှည်သည်မို့ သူပေါင်ပေါ်ထိုင်နေစဥ်၌ ချစ်ရိပ်ခြေထောက်လေးတွေကကြမ်းပြင်ပေါ်တောင်မထိတော့ပေ။အလန့်တကြားဖြင့်ဘေးကလူတွေကိုလှမ်းကြည့်မိတော့ အားလုံးကခေါင်းတွေသာငုံ့ထားကြဆဲပင်။
``ဒီကိုကြည့်
ကိုယ့်မျက်နှာကိုကြည့်´´
ကြည့်လို့ပြောလည်း ဇွတ်အတင်းမျက်နှာလေးငုံ့ထားသည့်သူမကလူကိုအနေခက်အောင်ဆွနေပြန်ပါပြီ။သို့နှင့်သူလည်း အတတ်နိုင်ဆုံးလေသံကိုလျှော့ကာ ငုံ့နေသည့်မျက်နှာလေးအား မေးဖျားမှပင့်ကိုင်လိုက်ပြီး...
``နေမကောင်းဘူးလား´´
မဖြေဘူးရယ်...။
``baby ကိုယ်မေးနေတယ်လေ´´
မျက်နှာလေးတောင်ဆတ်ခနဲလွှဲပစ်လေရဲ့။
``နေစမ်းပါဦး!မင်းကိုနမ်းမိတာလေးက အဲ့လောက်တောင်အပြစ်ဖြစ်သွားလားကွာ´´
``အဟင့်!´´
``ကျစ်!ကိုယ်တောင်းပန်ပါတယ်
ကိုယ်မှားသွားပါတယ်၊ကိုယ့်ကိုကြည့်ပါဦး ဂျစ်တူးလေးရဲ့´´
နာခံချင်လောက်အောင်ချိုသာလွန်းသည့်လေသံက အမိန့်မဆန်သောအမိန့်ပါပင်။ထို့နောက်သူ့လက်ဖဝါးနှစ်ဖက်ဖြင့်ချစ်ရိပ်ရဲ့ပါးပြင်လေးတွေပေါ်အုပ်ကိုင်ကာမျက်နှာလေးမော့စေလိုက်ပြီး အသေအချာစိုက်ကြည့်နေပြန်၏။
``နှုတ်ခမ်းလေးပေါက်သွားတာပဲ
နာနေလား ကလေး´´
``တော်ပါပြီ
အပိုတွေ...အခုမှလာမေးမနေနဲ့
အရာအားလုံးရှင့်သဘောအတိုင်းလုပ်ပြီးမှလွယ်လွယ်တောင်းပန်လိုက်ရင်ပြီးရောပဲလား?ချစ်ရိပ်က ဦးအတွက်အဲ့လောက်တောင်လွယ်တယ်ပေါ့...ဦးက...ဦးက...အဟင့်!ဟင့်!´´
ပြောနေရင်းမှရှိုက်သံလေးတွေဗလုံးဗထွေးဖြင့်ငိုချလိုက်လေတော့ သူ့မှာပျာပျာသလဲဖြင့်မျက်ရည်လေးတွေလိုက်သုတ်ပေးနေမိ၏။ဒီကလေးဘယ်လိုထင်ပြီးဘယ်လောက်ဝမ်းနည်းနေမှန်း သူယခုမှသဘောပေါက်လိုက်သည်။သူကလည်း သူပါလေ။အလုပ်တွေကလွဲရင် ပြင်ပခံစားချက်တွေနဲ့ကင်းကွာခဲ့သူမို့ ဘယ်လိုလုပ်ရပ်ကတစ်ဖက်လူကိုဘယ်သို့တွေးထင်ထိခိုက်စေမယ်မှန်း သူနားမလည်သလို အရေးတယူလည်းမတွေးတတ်ခဲ့။
ဟင်း!ဒီအသက်ဒီအရွယ်ရောက်ခါမှ အားလုံးကိုအစကနေပြန်သင်ယူရတော့မည်ထင်ပါရဲ့။
``မငိုပါနဲ့တော့ကွာ
မင်းထင်နေသလိုမဟုတ်ဘူး၊လုံးဝမဟုတ်ဘူး´´
``.....´´
``ကိုယ့်တစ်သက်မှာ မင်းမဟုတ်တဲ့တခြားဘယ်မိန်းကလေးကိုမှဒီလိုမြတ်မြတ်နိုးနိုးမနမ်းခဲ့ဖူးဘူး´´
``ဒါဆို နမ်းတော့နမ်းဖူးတယ်ပေါ့´´
ကိုယ့်စကားဆုံးသည်နှင့်ဘဲပေါက်လေးလိုနှုတ်ခမ်းထော်ကာမေးလေရဲ့။မျက်နှာလေးကတော့မဖော်စတမ်းငုံ့ထားဆဲ။သို့သော် အလိုမကျစွာစူပုပ်နေတာလေးကိုတော့ မြင်နေရပါရဲ့။
ရော်!ဒါကရောဘာဖြစ်ရပြန်တာပါလိမ့်!
``ဖြေလေ´´
``ကိုယ်ကယောကျ်ားပဲကွာ
မနမ်းဖူးဘူးရယ်တော့ရှိမလား´´
``ဟင့်!´´
``ဒါပေမဲ့ဒီ့ထက်ငယ်တုန်းကပါ
ကြာတော့ကြာပြီ´´
``လူဆိုးကြီး
မုန်းလိုက်တာ၊ရှင်ကပထမဆုံးမဟုတ်ပေမယ့် ချစ်ရိပ်ကပထမဆုံးနမ်းဖူးတာသိရဲ့လား?ဟင့်! ဟင့်!အီး!ဟီး!´´
``အေး! အေး! ဝမ်းမနည်းပါနဲ့ကွာ
ကိုယ်မှားသွားတာပါ၊ကိုယ်မကောင်းတာ...နော်´´
``.....´´
``အင်း! ကလေးတွေအငိုတိတ်အောင်ဘယ်လိုချော့ရပါလိမ့်´´
ထိုစကားကိုပြောရင်း...စဥ်းစားဟန်ပြုရင်းဖြင့်သူကမျက်နှာကြီးငုံ့လာပြန်ကာ ချစ်ရိပ်ရဲ့ပါးပြင်လေးနှင့်သူ့ပါးပြင်ကိုလာထိကပ်ထားလေ၏။လူတစ်ကိုယ်လုံးကိုလည်း ရင်ခွင်ထဲနစ်မြုပ်အောင်ဖက်ထားသေးသည်။
မကောင်းတဲ့လူကြီး။
ဒယ်ဒီနဲ့သာပြန်တွေ့လို့ကတော့ ရှင့်ကိုတိုင်ပြောပစ်မှာ...ဟွန့်!
``အာ!သိပြီ...ခြံထဲမှာပန်းတစ်ခင်းတော့ရှိတယ်
ကလေးကြည့်ချင်လား?ကိုယ့်ဘေဘီဂျစ်တူးလေးက ပန်းတွေကြိုက်လား??´´
မျက်လုံးလေးတွေကိုလက်ဖြင့်ပွတ်သပ်ကာ နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့်ငိုနေရင်း သူ့စကားကြောင့် ချစ်ရိပ်မျက်လုံးလေးအရောင်လက်သွားရပြန်သည်။
ပန်းခင်းတဲ့!
သူပြောတာ...ဟိုLavenderပန်းခင်း။
``ဦးပြောတာ ချစ်ရိပ်နေတဲ့အခန်းကမြင်ရတဲ့lavenderပန်းခင်းလား´´
``အင်းပေါ့´´
``ချစ်ရိပ်ကြည့်ချင်တယ်၊ကြည့်ချင်တယ်´´
``ok! ဒါဆိုအခုငိုနေတာလေးတိတ်ရမယ်ဟုတ်ပြီလား?ဒါမှကိုယ်လိုက်ပြမှာ´´
လာပြန်ပြီ။အပေးအယူမှမလုပ်ရရင် နေမပျော်ဘူးထင်ပါရဲ့။သို့သော်လည်းကိုယ်ကသွားချင်သူမို့ ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြလိုက်ပြီး...
``ချစ်ရိပ်မငိုတော့ဘူး
ဦးကိုဂျီမကျတော့ဘူးလေ...နော်´´
``အဟင်း! အေးကွာ
ဒါဆိုအရင်ဆုံးမနက်စာလေးလည်းစား
ဘာစားမလဲ ကြည့်...၊ဟိုကိုကြည့်´´
စားပွဲကြီးဘက်သို့လက်ညိုးညွှန်ပြကာရွေးခိုင်းလေသည်မို့ ချစ်ရိပ်လည်းလိုက်ကြည့်မိတော့အစားအသောက်တွေမှအများကြီး။အားလုံးကိုအသေအချာလေးလိုက်ကြည့်ပြီးမှ တစ်နေရာကဆီလက်ညှိုးလေးညွှန်ပြကာ...
``ဟိုးနားက...´´
``ဟင်?
ဘယ်ဟာလဲ?ကိုယ့်ကိုပြ´´
``ဟိုဟာ´´
နောက်တစ်ခါထပ်ပြမှသူကချစ်ရိပ်ရွေးလိုက်သောပန်းကန်လေးကိုလှမ်းယူလိုက်လေ၏။
``လာ
ကိုယ်ခွံ့ကျွေးမယ်´´
သူနဲ့အတူတူရှိရင် အစားကိုတော့ကိုယ်တိုင်ခွံ့ကျွေးမိတာအမြဲလိုပင်။ယခုလည်း ပေါင်ပေါ်တင်ထားသည့်ကလေးငယ်အား ဒီအတိုင်းလေးပွေ့ထားရင်းမနက်စာကိုနည်းနည်းချင်းခွံ့ကျွေးနေလိုက်၏။သိပ်ပြီးဂျစ်ကန်ကန်မလုပ်တော့သည့်ကလေးက ခွံ့ကျွေးသမျှကိုလိလိမ္မာမ္မာလေးစားရှာပါသည်။လူကိုကြောက်လို့ပဲလား?ပန်းခင်းဆီသွားလည်ချင်၍ပဲလားတော့မသိ။
သူကတော့ စိတ်ထဲဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားချမိလိုက်ပါသည်။
နောက်ကို မင်းရဲ့ကြည်ဖြူခွင့်ပြုမှုမပါဘဲ ဇွတ်အတင်းကြမ်းတမ်းတဲ့လုပ်ရပ်တွေမရှိစေရပါဘူး ကလေးငယ်...။
ကိုယ်ကတိပေးတယ်။
ဒါပေမဲ့ မင်းကိုကိုယ့်အနားကသွားခွင့်မပြုမှာလည်းသေချာတယ်။
ဒါကြောင့်ကိုယ့်ကိုပြန်ချစ်ပေးဖို့သာကြိုးစားပါတော့ ငယ်သူရယ်...။
~~~~~ 🍭 ~~~~~
``ဟင်း!´´
ကလေးလေးတစ်ယောက်အပေါ်အမြတ်တနိုးဂရုစိုက်သလို ချစ်စနိုးလေးငုံ့ကြည့်နေပါသောလူတစ်ယောက်...။ငိုမဲ့မဲ့လေးဖြင့်ချစ်စဖွယ်လေးနေပြကာ ဂရုစိုက်ခံနေသော သူမ...။
ကြည့်လိုက်ရုံနဲ့တင်အတော်လေးကြည်နူးဖို့ကောင်းနေသောမြင်ကွင်းပေါ့။သို့သော်ထိုမြင်ကွင်းအား အလိုမကျစွာ ခပ်စူးစူးဖြင့်စိုက်ကြည့်နေသောမျက်ဝန်းတစ်စုံကတော့ အနီးဝန်းကျင်၌ရှိနေခဲ့၏။
ထိုမျက်ဝန်းပိုင်ရှင်က ဤဖြစ်ရပ်တွေကိုမှတ်သားကာ တစ်ယောက်သောသူထံအသိပေးလိမ့်မည်။
အခြေအနေတွေက စိတ်ချထားလို့မရတော့ဘူးလေ။
ဒီအစေခံအသစ်လေးကဘာတွေများထူးခြားနေလဲဆိုတာ သခင်မကိုယ်တိုင် စံအိမ်ကိုလာကြည့်ဖို့သင့်ပြီ။
အနည်းငယ်တော့ပညာပေးဖို့သင့်ပြီထင်ရဲ့။
~~~~~ 🍭🍭🍭🍭 ~~~~~
အခန်း >>> ၁၂ဆက်ပါမည်။
ချစ်သည်းတို့အတွက်တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေသာရရှိစေရန်ရည်ရွယ်ရေးသားသော...
WineSatt Cho(🍋Lëmoñ🍋)