ကြွေလွင့်မျက်ရည်
ကိုယ့်ဆံပင်တွေကို မှန်ထဲအကြိမ်ကြိမ်ပြန်ကြည့်ရင်းမျက်နှာအနေထားကို အမျိုးမျိုးလုပ်ကြည့်နေသူက
တိမ်လွှာရယ်ပါ။
"အဖြူနဲ့ငါက ရုပ်ချင်းသိပ်မကွာပေမယ့်သူ့ကိုပဲ ဘာလို့အချစ်ပိုနေကြတာလဲ အချစ်ဆိုတာ ရုပ်ရည်နဲ့ဆိုင်လား ပညာအရည်အချင်းနဲ့ဆိုင်လား ၊ငွေကြေးနဲ့ဆိုင်လား ၊ဂုဏ်ဒြပ်တွေနဲ့ပဲသက်ဆိုင်တာလား ၊စိတ်ရင်းနဲ့ပဲသက်ဆိုင်နေတာလား ၊မိသားစုမှာရော ပတ်ဝန်းကျင်ဆွေမျိုးသားချင်းတွေ ချစ်သူရည်စားတွေ ချစ်ကြပုံချင်းမတူပေမယ့် 'အချစ်' ဆိုတာတော့ တူညီနေတာပဲမလား ဒါမဲ့ ဘာကြောင့် ချစ်တာလဲ ဆိုတဲ့ ရည်ရွယ်ချက် ဘာလဲ"
လေးနက်သည့်အတွေးတစ်ခုက ခေါင်းထဲက ထုတ်မရ...။အဖြေရှာရင်း လမ်းပျောက်နေသည်က ခေါင်းတွေပင် မူးနောက်နေပြီ။ ခေါင်းကိုအသာခါရမ်းလိုက်တော့ လှုပ်ခတ်သွားတဲ့ ဆံနွယ်စများကို ကိုင့်ကြည့်ရင်း အတွေးတစ်ခုပေါ်လာကာ အဝတ်အစားလဲပြီး အောက်ထပ်ကို အပြေးတစ်ပိုင်နှင့်ဆင်းလာခဲ့ရသည်။
"သမီး လွှာလေး ဘယ်သွားမလို့လဲ"
"သမီး စျေးဝယ်စရာရှိလို့ "
"ဒယ်ဒီလိုက်ပို့မယ် သမီး"
ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေသော ဒယ်ဒီ၏ ထူးဆန်းသည့် စကားကြောင့် ပြုံးရယ်သွားရပြီး ထိုအနားလျှောက်သွားလိုက်သည်။အလုပ် ...အလုပ် သာ ပါးစပ်က မချပဲ အိပ်ချိန်စားချိန်ပင် မမှန်တဲ့ ဒယ်ဒီက သူမ shopping ထွက်မည်ကို လိုက်မည်ဆိုတော့ ထူးဆန်းသည်က အမှန်ပင်။
"အထူးအဆန်းပါလား ဒယ်ဒီရယ် သမီးက ဆံပင်လည်း ပြင်ရမှာဆိုတော့ ကြာမှာ"
"ဒီနေ့ ဒယ်ဒီက အားနေတာ ဆိုတော့သမီးလေးအတွက် အချိန်ပေးချင်လို့ပါ"
"ဟုတ်ပြီး အာ့တာဆို ဒီနေ့တစ်နေကုန် ဒယ်ဒီအချိန်တွေက သမီးအတွက်ပဲ"
"ဟုတ်ပါပြီဗျာ! ကဲ သွားမယ်"
လွှာ ပခုံးလေးကို လှမ်းဖက်ပြီး အိမ်ရှေ့ထွက်လာရင်းမှာ တစ်ခုခုကိုသတိရဟန်ဖြင့် လက်ညှိုးလေး ထောင်လိုက်တဲ့ လွှာ...
"နေအုံး အဖြူ့ကိုရော ခေါ်ရမယ်"
"ဘာလို့ခေါ်မှာလဲ သမီးရဲ့"
"သမီးဝယ်တဲ့ပစ္စည်းတွေသယ်ပို့ပေါ့ ဒယ်ဒီရဲ့ သမီးဝယ်မှာက များတယ်ဆိုတော့ သမီးတစ်ယောက်တည်း မနိုင်ဘူးလေ ဒယ်ဒီကိုလည်း ပင်ပန်းမှာဆိုးလို့
မသယ်ခိုင်းချင်ပါဘူး ...အဖြူရေ...အလွှာဖြူ"
"ရှင် မမလွှာ"
တစ်ဆက်တည်း လှမ်းခေါ်လိုက်စဉ် ခပ်ကုပ်ကုပ်လေးထွက်လာသည့် အဖြူ... ဖွာလန်ခြောက်သွေ့နေသည့် ဆံပင်တိုတိုလေးတွေက အနက်ရောင်ပြောင်းနေခဲ့ပြီ။သနပ်ခါးမရှိ ပြင်ဆင်ချယ်သမှုမရှိတဲ့ မျက်နှာက အဆီတဝင်းဝင်း..။ သို့သော်လည်း ဖြူနုနေသည့် မျက်နှာလှလှလေးက ပေါ်လွင်ထင်ရှားနေဆဲ..။ ဖလန်ထည်အကွက်တစ်ထည်ကိုသာ နေ့စဉ်နှင့်အမျှ ဝတ်နေရသောသောကြောင့် မွဲခြောက်ကာအရောင်မှိန်နေခဲ့သည်။စုတ်သွေ့သွေ့ မျက်နှာထားလေးနှင့်ပုံစံကသနားဖွယ်ရာ...။အမြဲကြောက်လန့်နေရသောကြောင့် ခေါင်းကိုသာ မြေကြီးနှင့်ထိလုမတပ် ငုံ့ထားသည်။အရင်က ရွှေမင်းသမီး ပုံစံနှင့်လုံးဝကွဲပြားခြားနားလျက်ရှိသည်။
"လိုက္ခဲ့!"
လွှာ၏ အထင်သေးမှုအောက်မှာ သိမ်ငယ်ခဲ့ရသည့်
အဖြူ့စိတ်တွေက ပြန်လည်ရှင်သန်နိုင်ဖို့ ခက်ခဲလေ
ပြီ။နေ့စဉ်နှင်အမျှဖိနှိပ်ခံရသောကြောင့် နှလုံးသားမှာ
ရော အပြင်ပန်းမှာပါဒဏ်ရာပလပွနှင့် အရင်က
"အဖြူက ဘုရင်မ" ဟု ကြွေးကြော်နိုင်ခဲ့သည့် မာကျောသည့်စိတ်ဓာတ်တွေက အစရှာမရအောင် ထိုးကျနိပ့်ဆင်းကာ သူမနဲ့အဝေးဆုံးကို ထွက်ပြေးသွားပြီ။
ဖိနှိပ်မှုကို တွန်လှန်နိုင်တဲ့ စပရင်တစ်ခု ဖြစ်ချင်သော်
လည်း သူမစိတ်ဓာတ်က မခိုင်မာနိုင်ခဲ့တော့ပေ။
ပတ်ဝန်းကျင်မှာအထင်းသေးမှုတွေ နှိမ့်ချမှုတွေသာ
ကြီးစိုးနေသောကြောင့် ထိုအရာကို တွန်းလှန်ဖို့အင်အားတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်
ကြသည်။
ဒီအိမ်ကြီးမှ ထွက်ပြေးမယ်တွေးလိုက်တိုင်း မီးဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံနှင့်ကြည့်လာသည့် ဒေါ်လရိပ်၏ မျက်နှာကြီးမြင်ယောင်ကာ သတ္တိတွေပျောက်ဆုံးရပြန်သည်။တစ်ဖန် နည်းလမ်းရှာလိုက်တိုင်း သူမမှာ မှီခို အားထားရာ မိဘတွေရှိမနေခဲ့တာကို သတိရမိကာ လက်ရှိအခြေအနေကို အကောင်းဆုံးနေနိုင်ရန်သာ စိတ်ကိုပြင်ဆင်နေရသည်။သူမမှာ ဆွေမျိုးသားချင်းဆိုတာဒေါ်လရိပ်တစ်ယောက်ပဲ ရှိသည်မဟုတ်လား..။ ကြီးမြဆိုတာ သူစိမ်းတစ်ယောက်... ပါးနဲ့မား ဆုံးပြီးတည်းက နယ်ကို ပြန်သွားခဲ့သည်တဲ့...
ထိုအရာတွေကြောင့် ဒီငရဲခန်းက လွတ်မြောက်ဖို့
မကြိုးစားခဲ့မိတာလည်း ဖြစ်လိမ့်မည်။
နေ့ရက်တွေတိုင်းဟာ အဖြူ့အတွက်
ငရဲကျနေခဲ့သည်သာ။
~~💕~~
"ဦးမင်း ကျွန်တော်တို့ ကြီးမြအတွက် လက်ဆောင်
တစ်ခုခုဝင်ဝယ်ရအောင်"
"အေး ကောင်းသားပဲကွာ"
အိမ်အပြန်လမ်းမှာ စင်တာတစ်ခုဆီကို ကားလေး ဦးတည်လှည့်သွားသည်။လုပ်ငန်းစဉ်တစ်ခုပြီးပြတ်သွားသော်လည်း ခေါင်းထဲဝင်လာသော တခြားလုပ်ငန်းများက အစီအတန်း..။ ထိုအထဲမှ အမြဲတမ်းအကောင်အထည်ဖော်ရန်စဉ်းစားနေမိသော
အကြောင်းအရာတစ်ခုက....
ဖုန်းလေးဖွင့်ပြီး အန်ကယ်လ်သွေးနံပါတ်ကိုနှိပ်လိုက်သည်။
"ဟဲလို!"
"ဟဲလို အန်ကယ် "
"အေး ဝဠာ လုပ်ငန်းတွေအဆင်ပြေရဲ့ အခက်အခဲတွေရှိသေးလား"
"မရှိပါဘူး အန်ကယ် ဒီကလုပ်ငန်းတွေပြီးပြတ်လာပါပြီ ကျွန်တော် အန်ကယ်ကို တစ်ခုလောက်အကူအညီတောင်းစရာရှိလို့ပါ"
"ပြောကြည့်လေ အမြန်ဆုံးတော့ပြန်ခဲ့နော် ဒီမှာက
မင်းမှဖြစ်မှာ "
"ဟွန်း ပြန်လာပြီဗျ အခုလမ်းမှာ"
"အေးပါကွာ မင်းငါ့ကို အကူအညီတောင်းမယ်ဆိုတာ!"
"အော် ကျွန်တော့်ကို မြေကွက်ရှာပေးပါလား ဧကတော်တော်များများရှိလောက်မယ့်နေရာမျိုး"
"မင်းပြောတဲ့ကိစ္စက လွယ်ပါတယ် အဲ့တာ ငါ့တာဝန်ထား အဲ့ဒါနဲ့ပတ်သတ်တဲ့ မင်းရဲ့အစီအစဉ်က ဘာလဲ?"
"The Queen"
ထိုစကားလေးကို ရွတ်ဆိုလိုက်လျင်ပဲ နှုတ်ခမ်းထက်က အပြုံးပန်းက အလိုလျောက်ဖူးပွင့်ရသည်။ပြောပြီးသည်နှင့်ဖုန်းချလိုက်သော်လည်း မရပ်တန့်နိုင်သည်က ကြည်နူးမှုအပြုံးတို့ပင်...။The Queen ဆိုသည့်
နာမည်ကြားလျှင် အန်ကယ်သွေးလည်း သိလောက်ပါ
ပြီ။
ရှိုင်း မကြာခနပြောဖူးတဲ့ မိဘမဲ့ဂေဟာ ဖွင့်မည့် ကိစ္စနှင့်ရည်ရွယ်ချက်ကို အန်ကယ်လ်သွေး သိနေခဲ့ပေမယ့် ဒီလောက်ထိ မြန်ဆန်လိမ့်မယ်လို့ မထင်မှတ်ထားသည့်နှင့်တူသည်။တစ်ဖက်ဖုန်းသံထဲမှာ အံ့သြသည့်လေသံမျိုး ကြားလိုက်ရသည်။ထိုကိစ္စကြောင့် ပြုံးလိုက်မိရင်း တစ်ခုခုဝယ်ရန် ကားထဲမှ ဆင်းလာခဲ့လိုက်သည်။
~~~~~❤
တိမ်လွှာ စျေးဝယ်တဲ့နေရာမှာ တစ်ကောက်ကောက်လိုက်ရင်း အထုတ်တွေကို မနိုင်မနင်း သယ်ဆောင်လာရသူက အဖြူရယ်ပါ။ ဦးမိုးတိမ်တိုက် ကတော့ သမီးဖြစ်သူ လိုချင်တာ မှန်သမျှ ဝယ်ပေးနေသည်။သားဖနှစ်ယောက် ရှေ့ကနေ ဟိုပစ္စည်း လှမ်းပြ ဒီပစ္စည်း ကိုင်ကြည့်နှင့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ရွေးချယ်နေကြသည်။အဖြူမှာတော့ လက်ထဲက အထုတ်တွေပင် မနိုင်တော့တာကြောင့် ဘာမှထပ်မဝယ်ပါစေနဲ့ ဟုသာ အကြိမ်ကြိမ် ဆုတောင်းနေခဲ့သည်။ အဖြူ့ဆုတောင်း မပြည့်ခဲ့ပဲ အဖြူ မနိုင်တဲ့ ပစ္စည်းတစ်ချို့ကို မိတ်ဆွေတစ်ယောက်ဆိုင်တွင် အပ်ထားခဲ့မည်ဟု ဆိုနေသေးသည်။
တိမ်လွှာ ဆံပင်ကို အရောင်တင်ကာ ပုံသွင်းနေစဉ် ထောင့်နားလေးက ခုံလေးမှ ခါးပူအောင်ထိုင်စောင့်နေရပြန်သည်။
"သမီး တိမ်လွှာ ဒယ်ဒီမိတ်ဆွေတစ်ယောက်နဲ့ ဖုန်းပြောစရာရှိလို့ ကားမှာစောင့်နေမယ် "
"ဟုတ်ကဲ့ ဒယ်ဒီ သမီးလည်း ခနနေ ပြီးတော့မှာ ဒီနေ့အတွက် ဒယ်ဒီကို အရမ်းကျေးဇူးတင်တယ် အရမ်းလည်းချစ်တယ်"
"ဟုတ်ပါပြီဗျာ ချွဲစိန်လေး ကဲ ဒယ်ဒီ သွားလိုက်အုံးမယ်"
"ဟုတ်ကဲ့"
အချိန်တွေ ဘယ်လောက်ကြာသလဲ မသိ။အဖြူတစ်ယောက် ခုံမှာထိုင်ရင်း ခန ခန ငိုက်ကျနေသည့်အဖြစ်။
®®®®
"အဖြူ ဒီအထုပ်တွေကို ကားဆီအရင်ပို့လိုက် ပြီးမှ ဆိုင်မှာ ထားခဲ့တဲ့အထုပ်တွေလာယူ ငါ အဲ့ဆိုင်က စောင့်နေမယ်"
"ဟုတ် ...ဟုတ်ကဲ့ "
အထုပ်တွေကို မနိုင်မနင်း ဆွဲကာ ကားဆီရောက်အောင် လှမ်းလျှောက်သွားရသည်က ပင်းပန်လှသည်။လေးလံနေသည့် ခြေထောက်တွေက မသယ်ချင်တော့ပေ။အားတင်းကာ လျှောက်နေရပေမယ့် ချွေးစေးများပျံနေသောကြောင့် မောဟိုက်နေရသည်။မနက်တည်းက အစာမရှိသည့်ဝမ်းဗိုက်က မကြာခန သတိပေးတတ်ပြန်သည်။
ကိုယ်တိုင်သယ်ခဲ့လည်း ရရက်နဲ့ အဖြူ ပြန်လာယူသည်ကို စောင့်နေမယ်တဲ့ ။ ထိုစကားကြောင့် အဖြူ ပြုံးခဲ့ရပါသည်။ကိုယ်ကပဲ ပျော့ညံ့လို့ ခံရတာပဲ မှတ်ယူလိုက်ကာ ရင်နာသည်ကို ဖြေသိမ့်လိုက်ရပါသည်။
.
ပစ္စည်းလေးတစ်ချို့ ဝယ်ပြီး ဆိုင်ထဲကထွက်လာစဉ် ရိပ်ခနဲ့ မြင်လိုက်ရသည့် လူရိပ်ကြောင့် ရှိုင်း နှလုံးသားထက်မှာ လှိုင်းငယ်လေးတစ်ခု ဖြတ်ပြေးသွားသည်။
ဆံပင်အဝါ လိပ်လိပ်ခွေခွေလေးနှင့် ခေတ်ဆန်ဆန်အဝတ်အစားများနှင့် စမတ်ကျစွာ လျှောက်လှမ်းနေသော ကောင်မလေးနောက်ကို ပြေးလိုက်ခဲ့မိသည်။
လမ်းမှာ အထုပ်တွေကို မနိုင်မနင်းသယ်မလာသော ကောင်မလေးတစ်ယောက် ဖြတ်ဝင်လာသောကြောင့် အရှိန်နှင့် ထိုကောင်မလေးကို ဝင်တိုက်မိပြန်သည်။
"အင့်!"
"sorry!"
သွက်လက်လှသည့် ခြေလှမ်းတွေနှင့် လျှောက်နေသော ကောင်မလေးကို မမှီလိုက်မည် စိုးသောကြောင့် ထိုတစ်ခွန်းသာ ပြောခဲ့ပြီး လဲကျသွားသည့် ကောင်မလေး ဘာဖြစ်သွားလဲပင် မေးမနေတော့ပဲ ကိုယ်သွားစရာရှိရာကို ဆက်သွားခဲ့လိုက်သည်။
ဒူးထောက်လျက်လေး လဲကျသွားသောကြောင့် တစ်ဆစ်ဆစ်နာကျင်မှုနှင့်အတူ မျက်ရည်များပင် စီးကျလာရသည်။အပြစ်ပေးတိုင်း နေပူကျဲကျဲမှာ ကျောက်စရစ်လုံးလေးတွေပေါ် ဒူးထောက်ရသောကြောင့် ဒူးနှစ်ဖက်မှာ ရစရာမရှိအောင် ပွန်းပဲ့စုတ်ပြတ်နေသည်။အရှိန်နှင့်ထောက်ကျမိသည့် ထိုနေရာမှာ သွေးစများပင် စို့တက်လာသည်။ အရိုးထဲထို စိမ့်နေပေးအာင်နာကျင်မှု၊ လှိုက်တက်လာသည့် ဝမ်းနည်းမှုတွေက မျက်ရည်အဖြစ်ပြောင်းလဲသွားပြီး ထိန်းမရအောင် စီးကျနေပြန်သည်။
ဝင်တိုက်သူက'sorry' တစ်ခွန်းသာ ပြောပြီး ဂရုမစိုက်ပဲ ထွက်သွားပြန်သည်။သူမကို ဘယ်သူမှ မရေးမလုပ်
ကြသည့်အတွက် ဝမ်းနည်းရပေမယ့် ကျင့်သားရခဲ့ပါ
ပြီ။သူမဟာ ဘယ်သူ့အတွက်မှ အသုံးမဝင်မရေးမပါသည့် လူသားတစ်ယောက်အဖြစ်ခံယူမိပြန်သည်။
ဒီလိုဝမ်းနည်းတတ်တဲ့စိတ်တွေကြောင့်ပဲ ငရဲခန်းက
မလွတ်မြောက်နိုင်သည်ထင်ပါရဲ့။
နေရာမှအားတင်း ထ ကာ အထုပ်များကောက်ယူပြီး
ကြိုးစားဆက်လျှောက်ရပြန်သည်။
~~~~💕~~~~~
"ဟေ့ မင်း! "
"ရှင် ဘာလုပ်တာလဲ"
လက်လေးတစ်ဖက် လှမ်းဆွဲခံလိုက်ရသောကြောင့် ခန္ဓာကိုယ်လေးပါ လည်ထွက်သွားပြီး မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားသည်။တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်ရင်းဖြင့် မပြုံးမရယ်
နှုတ်ခမ်းတို့ ပွင့်ဟလာကာ အံ့သြဝမ်းသားရိပ်တွေက
နှစ်ယောက်လုံးမှာ..။
"တကယ် မင်းပဲ လွှာ "
"သူရိန်"
"ကျစ်! ကိုယ်က သူရိန်မဟုတ်ဘူး"
လွှာ ဆီမှ ကြားလိုက်ရသော နာမ်စားကြောင့် စိတ်တိုသွားပြီး ခါးထောက်ကာ အော်လိုက်သည်။
ကောင်မလေးကတော့ သူ့ပုံစံကို ကြည့်ကာ တခစ်ခစ်
ရယ်နေလျက်..
"ဟုတ်ပါတယ် ရှင်ကလွှာရဲ့.... ဟီး ဘာမှမဟုတ်တော့ဘူး"
' လွှာရဲ့ နှလုံးသားပိုင်ရှင် ' ဟုနှုတ်က ထွက်လုလုတွင် အတင်းပိတ်ပစ်ကာ ရယ်လိုက်ရသည်။
အို...စိတ်ထိန်စမ်းပါ တိမ်လွှာရယ် ဘာလို့ တဒိတ်ဒိတ်
မြည်နေရတာလဲ... မောလိုက်တာနော်"
" ဘယ်လိုလဲ မင်းဆယ်တန်းresult က "
"သုံးခု! ဂုဏ်ထူးသုံးခုပါတယ် "
"မင်း အရမ်းတော်ပါတယ် ဒါနဲ့ မင်း ခုနာက ခေါ်လိုက်တဲ့ နာမည်က မင်းရဲ့နောက်ထပ်ကောင်လေးလား"
"ဟုတ်တယ်"
လွှာ မတုံ့မဆိုင်းပဲ ဖြေချလိုက်တာကြောင့် သူ့မျက်နှာ ကွက်ခနဲ့ပျက်သွားရပေမယ့် သူ့ရဲ့ခပ်တည်တည်မျက်နှာထားကြောင့် သိသာသွားဟန်တော့မပေါ်ပေ။
"သူက လွှာထက်ကြီးတယ် လွှာ လမ်းမှားရောက်နေချိန်မှာ လမ်းပြပေးခဲ့တယ် ဘဝရှေ့လျှောက်လှမ်းရမယ့် လမ်းတွေမှာ မတိမ်းစောင်းအောင် ညွှန်ပြပေးခဲ့တယ် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်အောင် သင်ပေးသွားတယ် နောက်ထပ်တစ်ခု! အလင်းရောင်ပေးပေမယ့်
ပူလောင်စေတဲ့နေမင်းလိုပဲ လွှာကို့ အလင်းရောင်ရော အပူဒဏ်ပါပေးခဲ့တဲ့ လူသားတစ်ယောက်မို့ သူရိန်လို့ နာမည်ပေးခဲ့တာ သူ့နာမည်ကလည်း တောက်ပတယ်လေ"
လွှာ့ စကားကြောင့် ဆွံ့အသွားခဲ့ရသူက ရှိုင်းပင်ဖြစ်သည်။နောက်ဆုံးပြောခဲ့တဲ့ နေရာလေးမှ သူ့ကိုရည်ညွှန်းနေမှန်းသိလိုက်ရသည်။ရွှန်းလဲ့သည့်မျက်ဝန်းလေးတွေနှင့်စိုက်ကြည့်နေသည့် အကြည့်လေးတွေက ညှို့အားပြင်းလွန်းလှသည်။ထိုအကြည့်မှာပဲ မခွာနိုင်ကာ ပြန်လည်စိုက်ကြည့်ရင်းဖြင့် ဆူညံနေသည့် ရင်ခုန်သံတွေက ပေါက်ကွဲထွက်လုမတပ်။
®®®®
အဖြူ အထုပ်လေးတွေကို ကားနောက်ခန်းမှာထည့်ပြီး ကျန်သည့်ပစ္စည်းများ သွားယူရန်ခပ်သွက်သွက် လှမ်းရသည်။
"ဒါက ဘယ်လဲ"
နူးညံ့မှုမရှိသည့် မာကျောသည့် အသံက ဖုန်းပြောရင်းနှင့် အဖြူ့ကို လှမ်အော်လိုက်သည်။
"မမလွှာရဲ့ ကျန်တဲ့ ပစ္စည်းတွေကို သွားယူမလို့ပါ
ဦးမိုး"
"......"
သူမကို ဝါးစားမတပ်စူးစူးဝါးဝါး စိုက်ကြည့်ပြီး
ဖုန်းပြောနေပြန်သည်။
မကြည့်ပါနဲ့ ဒီအကြည့်တွေကို ကြောက်လွန်းလို့ပါ
ရင်ထဲမှ တိတ်တဆိတ်ရေရွတ်နေရင်း နေရာမှ
ခပ်သွက်သွက် လှမ်းလာခဲ့ရသည်။ပေါက်ထွက်မတပ်အကြည့်တွေကို ရင်မဆိုင်ချင်ပါ။
.
ဦးမင်း ကားထဲမှတစ်ဆင့်မြင်နေရသည့် ပုံရိပ်လေးကို ခုနာထဲသေချာကြည့်နေခဲ့သည်။အထုပ်တွေကိုမနိုင်မနင်းသယ်ဆောင်သွားသည့် ကောင်မလေးက အဖြူရောင်လေးများလားသည့် မသဲမကွဲရှိခဲ့သည်။အရင်လို ဆံပင်အရောင်နှင့် ပုံကျလှပပြီး ချစ်စရာကောင်းတဲ့ ရုပ်မျိုးမဟုတ်ပေမယ့် မျက်နှာထားအကြည့်တွေမျက်ဝန်းလေးတွေက ဆင်တူလှသည်။နောက်တစ်ခါ ကားအတိမ်းအရှောင်များကို ကြည့်ပြီး ကားရှေ့မှ ဖြတ်သွားသည့်အခါမှာတော့...
"သေချာတယ် ဒါ အဖြူရောင်လေးပဲ"
ကားထဲမှပြေးဆင်းကာ ကလေးမလေးဆီကို လျင်မြန်စွာပြေးသွားလိုက်သည်။
"အဖြူ!"
"ဦးမင်း"
သူ့ကိုမြင်တော့ ဝမ်းသာအားရနှင့် ပျော်ရွှင်သွားသည့် မျက်နှာလေး...သေချာပါတယ် ဒီအကြည့်လေးတွေ အပြုံးလေးတွေက အဖြူလေးပါပဲ။လှိုက်တက်လာသည့် ဝမ်းသာမှုဖြင့် အကြာကြီး စိုက်ကြည့်ပြီး ကလေးငယ်လေးကို အသာပွေ့ဖက်ထားမိသည်။
"သမီး ဘယ်တွေရောက်နေလဲ အဆင်မပြေဘူးလား သမီးပိန်သွားတယ်နော် ဘယ်လို ဒုက္ခတွေနဲ့ ကြုံတွေ့နေရတာလဲ သမီးလေး ဆံပင်တွေ...ဘယ်လိုဖြစ်ရတာလဲကွယ် ဒီမျက်နှာလေးက ချောင်ကျသွားတယ်နော် "
"ဦးမင်း သမီးက တီလေးတို့ဆီမှာ ဦးမင်းတို့ ဘယ်မှာနေတာလဲ"
"ဟင်! ဦးရယ် ကြီးမြရယ် သားရှိုင်းရယ် သမီးတို့အိမ်မှာပဲလေ အရင်လို အိမ်ကို ထိန်သိမ်းစောင့်ရှောက်ရင်း သမီးလေး သက်ရှိထင်ရှားရှိနေပါအုံးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲ့ဒီမှာပဲ ဆက်ရှိနေကြတာ"
"ဟင်!"
"ဟုတ်တယ် သမီး အေးမြဆို သမီးလေးကို သတိရကြောင်းတွေခနခနပြောတယ် သမီးလေး လူ့လောကကြီးထဲရှိနေအုံးမယ်တဲ့ သူ့စိတ်က သိနေတာတဲ့ တကယ်ပဲ သမီးလေး ဘာမှမဖြစ်ဘူးဘဲ ဦးရယ်၊ကြီးမြရယ်၊ သားရှိုင်းရယ်က သမီးလေးပြန်အလာကို မျှော်နေကြတာ ဦးတို့ရဲ့ ဘုရင်မလေးကို ပြုစုစောင့်ရှောက်ဖို့ ဦး တို့ အမြဲရှိနေကြတာပါကွယ် .. ဦးနဲ့ ပြန်လိုက်ခဲ့နော်"
"ဟင်!"
ဦးမင်းပြောတာတွေ ဘာတစ်ခု နားမလည်ဘဲ 'ဟင်' တစ်လုံးသာ ပြန်ပြောနိုင်သူက အဖြူ ပါ။လူ့လောကထဲမှာ ရှိနေအုံးမယ်လို့ စိတ်က သိနေတာတဲ့... ဘာလဲ
ဘယ်လိုတွေ ဖြစ်နေကြတာလဲ အဖြူ ပြန်အလာကို
မျှော်နေကြသည်ဆိုပါလား?? အဖြူမသိတဲ့ အကြောင်းအရာတွေရှိနေသေးတာလား?
"သမီး ဦးတို့နဲ့ ပြန်လိုက်ခဲ့မယ်မလား"
"ဟုတ် သမီးတီလေးကို ခွင့်တောင်းပြီး ပြန်လိုက်ခဲ့မယ် သမီးဒီမှာမနေချင်ဘူး သမီးအရမ်းပင်ပန်းတယ် ကျောင်းလည်မနေရဘူး တစ်နေကုန် မီးဖိုထဲမှာ ချက်ပြုတ်နေရတယ် မမလွှာတို့ တီလေးခိုင်းသမျှ လုပ်ပေးရတယ် သမီးကို ဆူကြရိုက်ကြတယ် သမီးကို အပြစ်ပေးတာ သမီး ဒူးလေးလည်း ရစရာမရှိအောင် စုတ်ပြတ်နေပြီ"
ကာတွန်းရုပ်ဘောင်းဘီလေးကို ဒူးအထက်ထိ ဆွဲတင်လိုက်တော့ ညို့ပုတ်နေသည့်နေရာတွင် သွေးစလေးများ စို့နေသည်။ဆို့တက်လာသည့် ဝမ်းနည်းစိတ်က ထိန်းမရပဲ မျက်ရည်ဝဲတက်လာသူက ဦးမင်းပင်။
"ဦးတို့ သွားရအောင် သမီးလေး..."
"ဟုတ်"
ကလေးကို လက်ဆွဲပြီး ကားလမ်းကို ဖြတ်လျှောက်လှမ်းလိုက်စဉ်မှာ...
"ကျွီ...!"
"ဒုန်း....!"
>>>>>>>
စာရေးသူ _
သံယောဇဉ်ကြိုး
"အား.........!"