ကြွေလွင့်မျက်ရည်
မိုးစင်စင်လင်းလာသည့်တိုင် အတွေးများစွာဖြင့်သာ
အိပ်မရနိုင်ခဲ့။ နွမ်းနယ်နေသည့် စိတ်ကို ဖြေလျော့ဖို့
တဖန်ရေချိုးရပြန်သည်။မိုးပြာရောင် ရှပ်အင်္ကျီလေး
နှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသည့် သူ့ပုံစံက လွတ်လပ်ပေါ့ပါလှသလို... ဘိုကေတိုတိုကို
သေသပ်စွာ ဖီးလိုက်တော့ ရင့်ကျက်ကာလူကြီးဆန်လာရသည်။ ဘွဲ့ရပြီးပြီးချင်း ချက်ချင်းအလုပ်များစွာကိုသင်ယူလေ့လာရင်း သူများ ကြိုးစားထားမှုအပေါ်မှာ ကိုယ်က ဇိမ်နဲ့ တက်ထိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်ရပေမယ့် စိတ်ဖိစီးမှုတော့ များခဲ့ရသည်။ မလွှဲမသွေ ကြုံတွေ့လာရသည့် တာဝန်တစ်ခု ဖြစ်တာကြောင့် ရှောင်လွှဲမသွားနိုင်ဘဲ အတတ်နိုင်ဆုံး ကြိုးစားရအုံးမည်။
"သား လာ မနက်စာ ပြင်ပြီးပြီ အစောကြီးနိုးနေပါလား သားရယ်"
"ဟုတ် ခရီးထွက်ရမှာဆိုတော့ နိုးနေတာနဲ့ ပြင်ဆင်ထားလိုက်တာပါ"
"ဟုတ်ပါပြီ တက်ကြွနေတာ အဲ့ဒီမှာ လွမ်းရမယ့် သူများရှိနေပြီလား"
"ဗျာ!"
ကြီးမြစကားကြောင့် သူ့စိတ်က အင်တင်တင်ဖြစ်သွားရသည်။ မှန်ပါသည်...မန္တလေးရွှေမြို့တော်ကြီးမှာ ချစ်ရသူလေးတစ်ယောက် ရှိနေသည်ပဲ... ထို့ကြောင့်
တက်ကြွနေတာ မဟုတ်ပေမယ့် သတိရသွားတော့လည်း တွေ့ချင်ရပြန်သည်။ မဆုံနိုင်တော့ဘူးဟု ကိုယ့်စိတ်ကို သတိပေးကာ မေ့ဖျောက်ထားခဲ့လိုက်သည်။
အခုဆို မင်းလေးလည်း ဆယ်တန်းအောင်ပြီးလောက်ရောပေါ့ ကိုယ်တို့တွေ ကံမကုန်ရင် ပြန်ဆုံနိုင်ပါသေးတယ်
"ကျွန်တော် သွားမယ် ကြီးမြ... ကျွန်တော်မှာတာ
တွေ မမေ့နဲ့နော် ကျန်းမာရေးကိုဂရုစိုက် သိပ်ပြီး ဘာမှမတွေးနဲ့ နော်"
"ဟုတ်ပါပြီကွယ် သား လမ်းခရီး ဂရုစိုက်နော်
အလုပ်တွေ ပိပြီး နေမကောင်းဖြစ်အုံးမယ် သူ့အချိန်နဲ့သူ ရှိပါစေ"
"ဟုတ်ကဲ့ဗျ ကျွန်တော် သွားပြီနော်"
"အေး...အေးပါ သားရယ်"
ထွက်ခွာသွားသည့် အနက်ရောင်ကားလေး ကို မျက်စိတဆုံး ကြည့်ကာ ခြောက်ကပ်နေသည့် အိမ်ကြီးထဲ
တစ်ယောက်တည်းကျန်ခဲ့ရတော့သည်။
~~~~~~~💦
"ဦးမင်း ကျွန်တော် မောင်းမယ်"
"နေပါစေ သားရယ် မင်းဘာသာမင်း
အေးအေးဆေးဆေး အိပ်နေပါ သိပ်လည်း စိတ်ဖိစီးမခံနဲ့ သား စောစောအိပ်ပါ"
"ဗျာ!"
"မင်း ညက မအိပ်ဘူးမလား "
"ဗျာ!"
ဦးမင်းပြောသမျှ 'ဗျာ' တစ်လုံးသာ ပြန်ပြောနိုင်သည်ထိ အံ့သြမိရသည်။
"မင်းအခန်းက ညနက်တဲ့ထိ မီးရောင်မြင်တယ် ဒီမနက်လည်း မြင်နေရတာပဲ ဘာစိတ်ညစ်စရာတွေရှိနေလဲ"
ဦးမင်း က မနက်ဆို အစောကြီးထကာ ဘုရားရှိခိုးနေ
ကြဖြစ်သောကြောင့် ရှိုင်းအခန်းက မီးရောင်ကို မြင်နိုင်ပေလိမ့်မည်။
"အထွေအထူးမရှိပါဘူးဗျာ "
"ဟုတ်ပါပြီကွာ ဒါဖြင့်လည်း အေးဆေးအိပ်လိုက်အုံး"
"ဟွန်း.... ဟုတ်ကဲ့"
မိသားစု ဆိုသည့် ဝေါဟာရကို လက်တွေ့ မခံစားရဖူး
ပေမယ့် သူရယ် ကြီးမြရယ် ဦးမင်းရယ်ကို မိသားစုသဘောဖြင့် တွေးကြည့်လျှင်ကို ကြည့်နူးမှုအပြည့်ဖြင့် နွေးထွေးသည့် မေတ္တာတရားကို ခံစားရနေသည်။
တကယ့်မိသားစုများဆိုလျှင်ဖြင့် သူ့အတွေးပင် လိုက်မမှီနိူင်တော့ချေ။
ခန္ဓာကိုယ်ကို အနည်းငယ်လျောလိုက်ပြီး လက်ပိုက်ကာ မျက်လုံးလေးမှိတ်လိုက်လျှင်ပဲ ခနအတွင်းမှာ
အိပ်ပျော်သွားခဲ့ရသည်။အိပ်မက်ထဲ တိုးဝင်လာသော အဖြူရောင်သဏ္ဌာန်လေး ဝေးသွားလိုက် နီးလာလိုက်နှင့် မသဲမကွဲရှိနေသည်။မျက်နှာလေး မြင်ရခါနီးမှ
ပျောက်သွားပြန်သည့် ထိုအရိပ်လေးက မထင်မှတ်ထားသည့် တခြားနေရာမှာပေါ်လာပြန်သည်။မျက်နှာကို သေချာမမြင်ရပေမယ့် သူ့စိတ်ထဲ သိနေသည်က သူမဟာ အဖြူလေးပင်။အဖြူရောင်လေး ဟု
တကြော်ကြော်ခေါ် လိုက်ရှာနေပေမယ့် အစအနမ
တွေ့အောင် ပျောက်သွားပြန်သည်။
သူ လိုက်ရှာနေရင်း နောက်ကနေ လှမ်းကိုင်လာသော နွေးထွေးသည့်အထိအတွေ့တစ်ခု...ထိုအရာနှင့်မျက်နှာချင်းဆိုင်လှည့်ရပ်လိုက်သည်။
"မင်း...မင်းပဲ လွှာ"
ထိုကောင်မလေးကို ကြင်နာမှုအပြည့်ဖြင့် စိုက်ကြည့်ရင်း သူမလေးကို ဆွဲကာ ရင်ခွင်ထဲ ထွေးဖက်ထားလိုက်သည်။မတွေ့ရတော့ဘူး ထင်ခဲ့ပေမယ့် ထပ်တွေရ
တယ်နော် စုံစည်းခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ် ကျွန်တော့်နှလုံးသားရဲ့ အရှင်သခင်မလေးကို ကျွန်တော့်ဆီအရောက် ခေါ်ဆောင်ပေးခဲ့တယ်။
ခနလေးပါပဲ။သူ့ရင်ခွင်ကို တွန်းထုတ်ပြီး သူနဲ့ဝေးရာ အဝေးဆုံးကို ပြေးထွက်သွားသည်။သူမနောက်ကမရပ်တမ်းပြေးလိုက်နေပေမယ့် သူမကတော့ အဝေးဆုံးကို ရောက်ရှိသွားခဲ့ပါပြီ။ခြေကုန်လက်ပမ်းကျကာ
ဒူးထောက်ထိုင်ချလိုက်ပြီး ယူကြုံးမရဖြစ်ကာ မြေပြင်ကို လက်နှင့် အကြိမ်ကြိမ်ထုရိုက်ရင်း နာကျင်နေ
သည့်နှလုံးသားကို ခပ်တင်းတင်း ဖိကိုင်ထားသည်။ထူးဆန်းသည်က နာကျင်နေပေမယ့်လည်း မျက်ရည်တစ်ပေါက်မကျခြင်းပင်။
ထိုစဉ် သူ့အပေါ်သို့ ကျရောက်လာသော အရိပ်တစ်ခု
ကျရောက်လာသည်။
"ဦး!"
"မင်း....မင်း.....အဖြူ"
"အဖြူ!"
ဆက်ခနဲ့ လန့်သွားရပြီး မျက်လုံးတို့လည်း ပွင့်လာခဲ့
သည်။ဘယ်လို အိပ်မက်ကြီးလဲ.... အဖြူကရော
ဘယ်လိုပါလာရတာလဲ။ဒီအိပ်မက်ရဲ့အဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲ။ဘယ်လိုမှစဉ်းစားမရအောင်ပင် မျက်ရိုးများတဆစ်ဆစ်ကိုက်လာသည်။စဉ်းစားပါများလာတော့ ခေါင်းတွေ ကိုက်လာပြန်သည်။
"ကျစ်!"
ရေသန့်ဗူးလေး လှမ်းယူလိုက်ပြီး မော့သောက်လိုက်မှအနည်းငယ်ပေါ့ပါးသွားဟန်ရှိသည်။
ဘာမှသိပ်မတွေးတော့ပဲ ခနငြိမ်နေလိုက်သည်။လူကသာငြိမ်ပေမယ့် စိတ်ကမငြိမ်နိုင်သေးပဲ လွန်ခဲ့သော
အတိတ်ဆီသို့....။
"ရှင် ဘာလုပ်တာလဲ လွတ်စမ်းပါ"
"ခနလေးပါကွာ မောင့်ဆန္ဒကို ဖြည့်ဆည်းပေးပါ"
"လွတ်နော် နင် အနိုင့်မကျင်နဲ့"
ကားထဲမှာ laptop လေးတစ်လုံးနှင့် အလုပ်ရှုပ်
နေသော ရှိုင်း ဆူညံသံများကြောင့် အာရုံစိုက်မရဘဲ ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ ကောင်မလေးတစ်ယောက်ကို အတင်းဆွဲလားရမ်းလား လုပ်နေသော
ကောင်လေးတစ်ယောက်..လူရှင်းသည့် ပန်းခြံ၏
ခုံတန်းလေးတစ်ခုမှာ မမြင်မတော်အောင် ရှိနေလှသည်။
ချစ်ရသူမောင်၏နူးညံ့ညင်သာသည့် အနမ်းများက
နှုတ်ခမ်းလေးကို ထိတွေ့လာပြန်တော့လည်း သူအလိုကျ လိုက်လျောမိ
ပြန်သည်။သို့သော် သူမထင်ထားသလို မဟုတ်ဘဲ
တဖြည်းဖြည်း ကြမ်းတမ်းလာသည့် အနမ်းတွေက
မွန်းကြပ်စပြုလာသည်။တစ်ဆင့်ထပ်တစ်ဆင့်တိုးလာကာကြားလေပင်တိုးဝင်မရအောင် ပူးကပ်လာသောကြောင့် အသက်ရှုရ မွန်းကြပ်နေပြီ။တဏှာမျက်လုံးများနှင့် စိုက်ကြည့်ကာ သူမ လည်တိုင်ဆီ မျက်နှာတိုးကပ်လာသောကြောင့် တစ်ဖက်သို့ရှောင်တိမ်းလိုက်
ပြီး မတ်တပ်ထရပ်ပေမယ့် သူမလက်ကို ဆောင့်ဆွဲလိုက်သောကြောင့် သူ့ရင်ခွင်ထဲ တစ်ဖန် ကျရောက်သွား
ပြန်သည်။
"ဟင့်အင် ...မောင် မလုပ်ပါနဲ့"
"......"
"မောင်! လွှာတို့ ပြန်ရအောင်"
"ခနပါကွာ... မောင်နဲ့ ခနနေပေးပါနော်"
"ဘာ!"
ကြားလိုက်ရသည့်စကားက မယုံနိုင်အောင်ပင် အံ့သြသွားရသည်။ သူမ မောင့်ကို ဖြူစင်ရိုးသားတဲ့အချစ်နဲ့သာ ချစ်ခဲ့သည်။ မောင့် ဘက်ကတော့ သူမလိုမဟုတ်။အလိုရမ္မက်ကြီးသာ။
"လွှာ ကလည်ကွာ ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲမောင်ပြောတာ ဘာမှားလို့လဲ "
"ဘာမှားလို့လဲ ဟုတ်လား..."
ဒေါသကြောင့် အသံကတုန်ရီနေပေမယ့် ကျယ်လောင်သွားရသည်။အံ့သြရုံတင်မကတော့ပဲ သူမ အပျိုစင်ဘဝကို ခြိမ်းခြောက်လာသောသူ့ကို ရွံပါ ရွံလာရသည်။
"ဟုတ်တယ်လေ တခြားအတွဲတွေလည်း လက်မထပ်ခင် အတူနေကြတာပဲ ဘာမှ ထူးဆန်းမသွားဘူးလေ မောင့်ကို ချစ်ရင်နေပေးလေနော်"
"ဖြန်း...ဖြန်း! "
"လွှာ! မင်း ..."
ပါးရိုက်ခံလိုက်ရသောကြောင့် နေမင်းမောင်တစ်ယောက် ဒေါသကငယ်ထိပ်ရောက်ရပြီ။
"နင် ငါ့ကို ဘယ်လိုမိန်းကလေးထင်နေတာလဲ ငါ့မှာ
သိက္ခာရှိတယ် ဘယ်မိန်းကလေးမှ မိန်းမပျက်မဟုတ်
ကြဘူး နင်တို့လို ယောက်ျားတွေကြောင့် မိန်းကလေးတွေ..."
"ဖြန်း!"
ဒီတစ်ခါရိုက်ချက် သူ့ဆီက ။ သူမစကားပင်မဆုံးလိုက် ပါးပြင်ပေါ် ကျရောက်လာသည့် လက်ဝါးချက်..။
အပေါ်ယံပါးပြင်ကအနာထက် သိက္ခာကိုစော်ကားခံရလို့ရင်ထဲကဒဏ်ရာက ကြီးထွားလာသည်။
"မှတ်ထား တိမ်လွှာ! ငါ့ကို လာပြီး တရားမဟောနဲ့ ငါဆိုတဲ့ကောင်က ကိုယ်လုပ်ချင်ရာ လုပ်ရမှ ငါအသားကို ထိလာလို့ရင်လည်း ဆယ်ခါပြန်ထိလိုက်ရမှကျေနပ်တာ...ငါ့အထိအတွေ့ကိုနင်မခံယူချင်လည်း ခံယူမယ့် သူတွေအပေါသား...မင်းလည်း မိန်းမတစ်ယောက်ပဲ အသွေးအသားဆန္ဒရှိမှာပဲလေ တစ်ခါလောက် လက်တွေ့ပြပေးမယ်"
"ဟင့်အင်...မလာနဲ့ "
ဒေါသသံကနေ အလိုရမ္မက်ဆီ ကူပြောင်းသွားသည့်
လေသံဖြင့်သူက တစ်လှမ်းတိုးလာတိုင်း သူမ တစ်လှမ်းဆုတ်နေရသည်။သူ၏အလိုရမ္မက်ကြီးမားသည့် မျက်ဝန်းတွေက မီးဟုန်းဟုန်းတောက်နေသည့်အလား...
"နေမင်းမောင် နင် မိုက်ရိုင်းလှပါလားဟမ်...လူယုတ်မာကောင် ဆက်တိုးမလာနဲ့နော်"
"ဒီလူယုတ်မာကို နင်ပဲ ချစ်လှချည်ရဲ့ဆို အေး...နင်ပြောတဲ့ ယုတ်မာတယ် ဆိုတာ ဘာလဲ ပြမယ်"
"ဟင့်အင် မလုပ်နဲ့ မောင်"
သူမ ခန္ဓာကိုယ်ကို သိမ်းကျုံးဖက်ထားကာ ရုန်းကန်၍ မရနိုင်အောင် ချုပ်ကိုင်ထားပြီး ကြမ်းတမ်းသည့် လက်တွေက သူမအင်္ကျီစလေးကို ဆွဲဖြဲလိုက်သည်။သို့သော် သူလိုရာ မရောက်ပဲ....။
"ခွပ်!"
သူ့ကိုဂုတ်မှဆွဲယူပြီး မျက်နှာကို ထိုးလိုက်သော
လူတစ်ယောက်။မောင့်လက်မှ လွတ်သွားသော်လည်း ထိုလူကိုသာကြောင်ကြည့်နေမိသော တိမ်လွှာ
ထွက်ပြေးရန် မစဉ်းစားမိခဲ့ပေ။
"ခင်များနဲ့မဆိုင်ပဲ ဝင်မရှုပ်နဲ့"
"ငါ့မျက်စိရှေ့မှာ အမြင်မတော်မှတော့ ပြောရတော့မှာပဲ"
"မမြင်ချင်ရင် ဘေးလွှဲနေ!ဒါ သမီးရည်းစားကိစ္စ"
"ဘယ်လိုပဲသမီးရည်းစားပါ ပြောပြော အလိုမတူမှတော့ ဒါဟာ မုဒိန်းမှုပဲ... ညီ! မင်းတို့အရွယ်က အရမ်းငယ်လွန်းသေးတယ်နော် မင်းတို့ကျောင်းဝတ်စုံတွေနဲ့
ဒီလိုဖြစ်ပျက်နေတာ ပိုပြီး မသင့်တော်ဘူး မင်းတို့
အရွယ်က ပညာရေးကိုပဲ အာရုံစိုက်ရမှာ"
"ခင်များ!...."
"အကို ပြောတာ ဆုံးအောင် နားထောင်! ချစ်သူထားတာ ထားလို့ရတယ် တက္ကသိုလ် ရောက်သွားတဲ့အခါမှာ နယ်ပယ်စုံက လူမျိုးစုံ အလှမျိုးစုံနဲ့တွေ့ရမှာ အဲ့ဒီအခါ မင်းတို့ လွတ်လွတ်လပ်လပ် ချစ်သူကြင်သူရွေးနိုင်တယ်တယ်
ဒါပေမယ့် အချစ်နဲ့ sexကိုတော့ ကွဲပြားပါစေ
ကိုယ့်ချစ်သူ ကောင်မလေးကိုအမှန်တကယ် ချစ်တယ်ဆိုရင်တန်ဖိုးထားတတ်ပါစေ အဖြူရောင်အချစ်နဲ့ပဲချစ်ပါ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကသိက္ခာနဲ့
လည်းဆိုင်တယ် ကိုယ်နင်းခြေဖျက်စီးလိုက်တဲ့
ပန်းတစ်ပွင့်ကို တာဝန်မယူနိုင်ပဲနဲ့တော့ ထိကိုင်ဖို့ကို
မကြိုးစာပါနဲ့"
"......."
"အကို ပြောတာ နားလည်တယ် ဆိုရင် ဒီက ညီမနဲ့
နားလည်မှု ယူလိုက်ပါ"
ရှိုင်း သူတို့ကိုနူညံံ့စွာ ပြုံးပြလိုက်ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ကောင်မလေး သူ့ကို ပြုံးပြနေတဲ့
အပြုံးလေးတစ်ပွင့်ကတော့ သူ့ရင်ထဲမှာ စွဲထင်ကျန်ရစ်နေသည်။
မျက်ဝန်းနက်နက်လေးတွေ နှာတံလုံးလုံးစင်းစင်းလေးတွေက ပေါ်လွင်ထင်ရှားလှသည်။ရွှန်းလဲ့နေသည့် အကြည့်လေးဆန်းဆန်းလေးက သူ့စိတ်သူ့ကိုယ်ကို
ချည်တုပ်နေတော့သည်။လူကသာ လှည့်ထွက်လာပေမယ့် နှလုံးသားက ထိုနေရာမှာ ကျန်နေရစ်သလား
မကွဲပြားတော့ပေ။
"အကို!"
နောက် ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ခုနာက ကောင်လေးပင်။
"ကျွန်တော် တောင်းပန်ပါတယ်အကို ကျွန်တော် နားလည်ပါပြီ သူ့ကိုလည်းတောင်းပန်ပြီးပါပြီ မိန်းကလေးတွေကို တန်ဖိုးထားတတ်အောင်သင်ပြပေးတဲ့ အကိုကိုလည်း ကျေးဇူးတင်ပါတယ်"
"ညီ! မင်းအရမ်းတော်တယ်... .အကို နဲနဲလေးပဲပြောရသေးတာကို မင်းစိတ်ကိုမင်းသိပြီး ချက်ချင်းပြင်နိုင်ခဲ့တာ အကို ချီးကျူးတယ် မင်းပညာရေးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ good luck ညီလေး"
ကောင်လေး သူ့ကို ပြုံးပြနှုတ်ဆက်ကာ လှည့်ပြန်သွားသည်။သူ့စိတ်ထဲ ကြည်နူးဝမ်းသာနေမိတာ ဘာကြောင်များပါလိမ့်။ ထိုမေးခွန်းကပဲ ရင်ထဲ ကြည်နူးစေပြန်သည်။
အဟက်!
"အကို"
ရှိုင်းကို အကြည့်တွေနဲ့ ချည်တုပ်နေတဲ့ကောင်မလေးသူ့ကို လှမ်းခေါ်လိုက်ပြန်သောကြောင့် ခြေလှမ်းတွေ
ရပ်တန့်ရပြန်သည်။ခက်ပါလား ကောင်မလေးရယ်...။
"ကျေးဇူးပါနော် အကို.. အကိုသာ ရောက်မလာခဲ့ရင် လွှာ ဘဝက မတွေးဝံ့စရာပဲ"
"ကိုယ်လည်း မျက်စိရှေ့အမြင်မတော်တာနဲ့ ဝင်ပြောဖြစ်တာပါ ဒါနဲ့ မင်းတို့က ကျောင်းတက်နေဆဲပဲမလား"
"ဟုတ်တယ် အကို ဆယ်တန်းပါ"
"ဆယ်တန်း! ဒီနှစ်က အရေးကြီးဆုံးနှစ်နော် သေချာလေး အာရုံစိုက်ပြီး ကြိုးစားရမှာ ဘဝကို အဆုံးအဖြတ်ပေးတဲ့ စာမေးပွဲမှာ မင်းက အဆုံးမရှိကြိုးစားနေရမှာလေ အခုလို ရည်စားထား စိတ်အလိုလိုက်ပြီး လွင့်ချင်တိုင်လွင့်နေမယ်ဆိုရင် မင်းတို့ရှေ့ရေးက ရင်လေးစရာပဲ မိဘတွေက သားသမီးအပေါ်ဆို အရမ်းယုံကြည်ပြီး အားကိုးထားကြတာ မင်းမိဘတွေကို ချစ်တယ်ဆိုရင် ကြိုးစားပါ"
"ကျေးဇူးပါ အကိုရယ် လွှာ ဘာပြောရမှန်းမသိတော့ဘူး အကိုစေတနာကို နားလည်ပြီး ရှေ့ဆက်ကြိုးစားပါမယ် result ထွက်တဲ့အချိန် အကိုသတင်းကောင်း
ကြားစေရမယ် ဟီး"
ဒီစကားက ဘာလဲ? ဒီမေးခွန်းက ရှိုင်းကို သတ်လေပြီ။ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲကြည်နူမိသား။
"ဟုတ်ပြီ ကိုယ်စောင့်ကြည့်နေမယ် good luck babe"
သွားတန်းလေးတွေပေါ်သည်အထိရယ်ပြနေတာကြောင့် သူလည်း ပြန်ရယ်ပြလိုက်သည်။
"ရှိုင်း! ငါမင်းကို လိုက်ရှာနေတာသွားရအောင် နောက်ကျနေပြီ"
"ဟုတ်ကဲ့ အန်ကယ် လာပြီ"
သူမကို လှည့်မကြည့်တမ်း ထွက်လာခဲ့ပေမယ့်
သူမကြည့်နေတာ သိတာကြောင့် ပြုံးရပြန်သည်။
ထပ်ဆုံချင်ပါသေးတယ် babe
"သား အိပ်ပျော်နေတာလား မြို့ထဲဝင်ပြီနော်"
ဦးမင်း၏ သတိပေးစကားကြောင့် လွင့်ပျံ့နေသည့်
စိတ်ကို စုစည်းလိုက်ပြီး ပတ်ဝန်းကျင်မြင်ကွင်းတွေဆီ အကြည့်ပို့လိုက်သည်။
~~~~~~💦
ခြံဝင်းလေးမှာ ရောင်စုံပူဖောင်းလေးတွေအစီအရီတန်းချိတ်ထားပြီး နှင်းဆီဖူးလှလှလေးများ အလှဆင်ထားသည့် အပြင်အဆင်က ရိုးရှင်းသလောက် ဆွဲဆောင်မှုအပြည့်ရှိသည်။ စားပွဲဝိုင်းများစွာဖြင့် အလွှာမျိုးစုံက လူမျိုးစုံတို့အလှချင်းပြိုင်ကာ အပြုံးပန်းတို့ ပွင့်လန်းနေကြသည်။
"သမီးလေး လွှာက အရမ်းတော်တာပဲကွယ်"
"ဂုဏ်ယူပါတယ် သမီးရေ"
ထိုစကားတွေက အလွတ်ရနေအောင်ကြားနေရသည်။
လွှာ သူ့ကိုသတိရသည်။လွတ်ဆွတ်တမ်းတနေမိသည်ဆိုလျှင် ပိုမှန်လေမလား။ သူ့ကိုကတိပေးခဲ့သလို
တကယ်လုပ်နိုင်ခဲ့ပြီလေ။
သူရိန်ရေ..ရှင်ကို လွှာသက်သေပြနိုင်ခဲ့ပြီ လွှာ ကတိတည်ခဲ့တယ်နော် ရှင်လည်း ကတိတည်ပါစေ စောင့်ကြည့်နေမယ်ဆိုတာ အမှန်တကယ်ဆိုရင် လွှာ ဆီအရောက်လာခဲ့ပါ လွှာရှင့်ကို စောင့်နေမယ်
အဖြူရောင် မင်းသမီးလေး တိမ်လွှာ အလှဆုံးအပြုံး
တွေကအသက်ဝင်ပီပြင်လှသောကြောင့် ရင်တွင်ဒဏ်ရာ လွမ်းဆွတ်မှုဝေဒနာကို မည်သူမှ မမြင်နိုင်ခဲ့ပါ။
.
နှင်းဆီတွေနှင့်အခမ်းအနားပြင်ဆင်ထားသောကြောင့် မီးဖိုချောင်ထောင့်ဘေးလေးမှာ ကုပ်ထိုင်နေခဲ့ရသူက အဖြူရယ်သာ။တိမ်လွှာ အောင်မြက်မှုကို ဂုဏ်ယူနိုင်
ပေမယ့် ကိုယ်တိုင်ဂုဏ်ပြုခွင့်မရခဲ့ပေ။ရုတ်တရက်ကြီးပြောင်းလဲသွားခဲ့သော တိမ်လွှာဆက်ဆံပုံတွေကြောင့် အံ့သြမိရသလို ထိန့်လန့်ကြောက်ရွံ့နေခဲ့ရသည်။
"မမလွှာ ဂုဏ်ထူးသုံးခုတောင်ပါတယ် အရမ်းတော်တာပဲ"
"နင်နဲ့မဆိုင်ဘူး အလွှာဖြူ ကိုယ့်နေရာကိုနေ ရောက်တတ်မလာနဲ့"
အဖြူ ဂုဏ်ပြုစကားပြောခဲ့ပေမယ့် လွှာ ပြောလိုက်သည့်စကားကြောင့် ရင်ထဲဆို့နင့်သွားခဲ့ရသည်။တီလေး
ပြောဆိုအော်ငေါက်နေခဲ့ပေမယ့် လွှာက သူမဘက်မှာရှိနေတော့ ဖြေသာခဲ့သေးသည်။အခုတော့ လွှာလည်း သူမဘက်မှာရှိမနေခဲ့တော့ပါ။ဘာတွေကြောင့်
ပြောင်းလဲသွားကြတာလဲ သူမ မသိ။ စဉ်းစားလို့လည်းမရပေ။
"ဟဲ့ အလွှာဖြူ သွက်သွက်လက်လက် လုပ်လေ နင်နဲ့တော့ မမကြီးအဆူခံထိတော့မှာပဲ"
"ဟုတ်ကဲ့ မမဆွေ ဒါတွေပြင်ပြီးပြီ မမသွားပို့ပေးပါနော်"
"ပေး နင့်ကို ဘာမှအားကိုးရတယ်မရှိဘူး"
အဖြူ့လက်ထဲက ပန်းကန်ကို ဆွဲဆောင့်ယူကာ အပြင်ထွက်သွားသည်။ဒီလိုပြစ်တင်ပြောဆိုသံတွေက နေ့စဉ်နှင့်အမျှကြားနေရသော သံစဉ်တေးသွားတစ်ခုပင်ဖြစ်နေသည်။
" လွှာ! သူက ဘယ်သူလဲ"
မီးဖိုခန်းထဲသို့ ဝင်လာသော တိမ်လွှာနှင့်သူငယ်ချင်း
တစ်ယောက်.... အဖြူ့ကိုမြင်တော့ အံ့သြနေသလိုပင်။
လွှာတစ်ယောက်တော့ မျက်နှာပျက်သွားရကာ ဘယ်လိုဖြေရှင်းချက်ပေးရမလဲသာ အပြေးအလွှားစဉ်းစားနေမိသည်။
"လွှာ သူက ဒီမှာဘာလုပ်နေတာလဲ"
"အဟင်း! အဖြူက နှင်းဆီအနံ့မခံနိုင်လို့လေ ဒီမှာကူလုပ်ပေးမယ်ဆိုပြီး ရှေ့ကိုထွက်မလာတာ သူကဦးလေးဂုဏ်ရောင်ရဲ့ သမီးလေ"
"အော်! ချစ်စရာလေးဟယ်...ဆံပင်လိပ်လိပ်ကလေးနဲ့ ဆိုးထားတဲ့အရောင်လေးကလည်း သူ့မျက်နှာလေးနဲ့ အရမ်းလိုက်တာ ဘာဘီရုပ်လေးကျနေတာဘဲ
အွန်း...ချစ်လိုက်တာ"
အဖြူ့ ပါးမို့ဖောင်းဖောင်းလေးတွေကို ဖွဖွဆွဲလိမ်ကာ ဆံပင်အလိပ်ကလေးတွေကို သဘောတကျဖြစ်နေသော သူငယ်ချင်ဖြစ်သူကို လွှာ မျက်စောင်းထိုးကြည့်လိုက်သည်။
"မျက်ခြယ်! သွားမယ် ဒီနေရာက အနံ့အသက်မကောင်းဘူး"
"ခနလေးပါဟယ်...ညီမလေး နာမည်က ဘယ်လိုခေါ်လဲ"
"အလွှာဖြူ "
"ဟယ် ချစ်ဖို့ကောင်းလိုက်တာ မမနာမည်က
ပန်းမျက်ခြယ် အခု ညီမလေးနဲ့မမက သူငယ်ချင်းဖြစ်သွားပြီနော်"
"ဟုတ်..ဟုတ်ကဲ့ မမ"
မျက်ခြယ် စကားကြောပြတ်အောင် တိမ်လွှာဝင်ပြောလိုက်ပေမယ့် စကားကမပြတ်နိုင်သေးဘဲ မိတ်ဖွဲ့နေပြန်သည်။အဖြူ့ကို ချစ်ဖို့ကောင်းတယ်လို့ ပြောနေတည်းက စိတ်က သိပ်မကြည်ချင်တော့။လွှာကိုဆို 'လှပါတယ်' 'အရမ်းလှတယ်' ဒီလောက်ပဲ ပြောနေကြပြီး ကားတွန်းအင်္ကျီဝမ်းဆက်နဲ့ ကလေးမကိုမှ သဲသဲလှုပ်နေတာ...ဘာသဘောလဲ။စိတ်ရှိတိုင်းပေါက်ကွဲလိုက်ချင်ပေမယ့် ဧည့်သည့်တချို့တွေရှိနေသောကြောင့် ဒေါသစိတ်ကို မြိုသိပ်ထားရသည်။
တိမ်လွှာ မျက်စောင်းက အဖြူ့ဆီမှာရော...မျက်ခြယ် ဆီမှာပါ တစ်ဒိုင်းဒိုင်းရောက်နေခဲ့သောကြောင့် တိမ်လွှာကို အရိပ်တကြည့်ကြည့်နှင့်ရှိနေသူက အဖြူရယ်သာ။အခုတလော တိမ်လွှာက သူမကိုအမြင်မကြည်
နေတာကြောင့် အနေအထိုင်က အစ ဆင်ခြင်နေရသည်။ဒီကြားထဲ မထင်ရင်မထင်သလို ရိုက်နှက်တတ်သောကြောင့် အဖြူ့မှာ တိမ်လွှာတို့ သားမိကို မော်မကြည့်ရဲပင် ကြောက်နေရသည်။ထိုကြောင့် မျက်ခြယ်ဆိုသည့် အမကို စကားပင်ကောင်းကောင်းပြန်မရဲသည့်အဖြစ်။
"သွားမယ် မျက်ခြယ် "
ဒေါသထွက်နေသောကြောင့် အသံကိုပင်မထိန်းနိုင်တော့ပဲ အော်လိုက်သံက အနည်းငယ်ဆူညံသွားရသည်။ဟန်မပျက်ဘဲ မီးဖိုခန်းထဲက ပြန်ထွက်လာခဲ့ပြီး ရှေ့က ဧည့်သည်တွေဆီကိုသာ ထွက်လာခဲ့လိုက်သည်။ မီးဖိုထဲ ဘာလုပ်ဝင်ခဲ့တာလဲကိုပင် သတိမရနိုင်တော့ပေ။
မျက်ခြယ်ကတော့ တိမ်လွှာနောက်မှ ခက်သုတ်သုတ်
ပြေးလိုက်ခဲ့ရသည်။ချစ်စရာကောင်လွန်းလှသည့်
အဖြူ့ဆိုသည့် ကောင်မလေး ပုံရိပ်ကတော့ မေ့ဖျောက်မရအောင်ပင်စွဲကျန်နေသည်။ မိန်းကလေးချင်းတောင် ဒီလောက်စွဲလန်းနေတာ ပုရိသယောက်ျားများဆိုလျှင်ဖြင့်....။
>>>>>>>>❤
စာရေးသူ_
သံယောဇဉ်ကြိုး