ကြွေလွင့်မျက်ရည်
တိမ်လွှာ ကျောင်းဝတ်စုံအဖြူအစိမ်းလေးကို
သပ်ရပ်စွာဝတ်ဆင်ပြီး ပခုံးကျော်ကျော်ရှိလာသည့်
ဆံပင်လေးများကို ဖဲကြိုးစိမ်းလေးနှင့် နှစ်ဖက်ခွဲစည်း
လိုက်သည်။မှန်ထဲမှာ ခန္ဓာကိုယ်လေးကို ဟို ဒီ
ယိမ်းကြည့်ပြီး အားရပြီဆိုမှ ကျောပိုးအိတ်လေးလွယ်ကာ အပြင်ထွက်လာခဲ့လိုက်သည်။ သူမအတွက်
အရေးကြီးဆုံးစာသင်နှစ်ဖြစ်သည့် ဆယ်တန်းနှစ်ကို
ရောက်ရှိလာလေပြီ။ချစ်ရတဲ့ ဇာတိမြေမှာ
ကျောင်းမတက်ရပေမယ့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် စည်ကားလှသော မန္တလေးမြို့မှာ ကျောင်းတက်ခွင့်ရတော်လည်း ပျော်ရပြန်သည်။
"သမီး တိမ်လွှာ"
"ရှင် မာမီ"
နှစ်ခြိုက်စွာ ပြုံးပြပြီး အခန်းထဲခေါ်နေသည့် မာမီကို အထူးအဆန်းလိုကြည့်ကာ လိုက်ဝင်ခဲ့လိုက်သည်။
"မာမီ သမီးကို ဘာလို့ခေါ်တာလဲ"
"ဒီမှာ"
မာမီလက်ထဲက ကတ္တီပါဘူးလေးကို ကြောင်ကြည့်နေမိသည်။ ဒီနေ့အရာအားလုံးထူးဆန်းနေပါလား။
"ဘာလဲ မာမီ"
"လာ မာမီဆွဲပေးမယ်"
တလက်လက်တောက်ပနေသည့် ဆွဲကြိုးမျှင်မျှင်လေးက ကျော့ရှင်းလှပသည့် သူမလည်တိုင်မှာ နေရာယူလာသည်။ဒီလို တန်ဖိုးကြီးအရာများကို လုံးဝမပတ်သတ်ရန်...အမြဲမှာကြားတတ်ခဲ့သည်။ကျောင်းမုန့်ဖိုးလျှင်ပင် အတိုင်းအတာနှင့်ပေးခဲ့သည်။ထို့ကြောင့်
အခုလုပ်ရက်က သူမအတွက်တော့ ဆန်းကြယ်မှုတစ်ခုရယ်သာ။
"မာမီ ဘာလို့..."
"သမီးက အခု အရွယ်ရောက်ပြီလေ သမီးလည်းဝတ်ချင်စားချင်မှာပဲ မာမီနားလည်ပါတယ် သိပ်ပြီး ဘာမှမမေးနဲ့တော့ ကျောင်းကို မာမီလိုက်ပို့မယ် ပြီးတော့ ဒီမှာ မုန့်ဖိုး သမီးက အားလုံးထက် အတော်ဆုံး အသာဆုံးလူပဲ ဖြစ်နေရမယ်"
"..........."
သူမ ဘာမှမဆိုနိုင်အောင် ကြောင် အ သွားရသည်။
မာမီ၏အယူအဆများပင် လုံးဝပြောင်းလဲသွားသည့်အတွက် အိပ်မက်တစ်ခုလိုသာ ထင်မှတ်နေဆဲ။
"မိတိမ်လွှာ"
"ရှင်!"
မာမီရဲ့ စိတ်မရှည်သည့် အော်သံကြောင့်
အလန့်တကြားပြန်ထူးရသည်။
"သမီး မှတ်ထား တိမ်လွှာဆိုတဲ့ သမီးက အားလုံးလေးစားဦးညွှတ်ရတဲ့သူ ဖြစ်ရမယ် အားလုံးက ချစ်ခင်သူပဲ
ဖြစ်ရမယ် ပိုင်ဆိုင်မှုတွေက သမီးတစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်"
"ရှင်! ဘာကို ပြောတာလဲ မာမီ"
နောက်ဆုံးစကားကို သူမနားမလည်လိုက်ပါ။ငယ်ငယ်တည်းကအားလုံ၏အလိုလိုက် ချစ်မြတ်နိုးခြင်းခံရသူ
ဖြစ်တာကြောင့် အားလုံးအပေါ် အနိုင်ယူချင်စိတ်ရှိခဲ့သည်။ သို့သော် ဖြူစင်လှသည့် သူမ နှလုံးသားကို
အရောင်စွန်းစေမည့် ပိုင်ဆိုင်မှုတွေဆိုတဲ့စကားလုံးကိုတော့ နားမလည်ရိုးအမှန်ပေ။
"ကဲ သွားမယ်"
ရှေ့က ဦးဆောင်ထွက်သွားသည့် မာမီနောက်မှာ ကုပ်ကုပ်လေး လိုက်ပါလာရင်း ပိုင်ဆိုင်မှုတွေ က တစ်ယောက်တည်းအတွက်ပဲ ဆိုတဲ့စကားကို အဓိပ္ပါယ်လိုက်ရှာနေမိသည်။
~~~~~~
"မမလွှာ ကျောင်းသွားတော့မှာလား အဖြူ့ကို ဘာလို့မခေါ်တာလဲ အဖြူ ဘာမှမပြင်ဆင်ရသေးဘူး
ခနစောင့်နော် မမ"
"အေး မမ စောင့်နေမယ် ညီမလေး ဖြေးဖြေလုပ်ပါ"
"မလိုဘူး!"
"ရှင်!"
ကျောင်းဝတ်စုံ အပြည့်နှင့် တိမ်လွှာကိုမြင်ပြီး မီးဖိုးခန်းထဲမှာ ဆွေဆွေနှင့်အတူ ကူလုပ်ပေးနေရာမှ ပြေးထွက်လာသည်။ဒေါ်လရိပ် အော်သံကြောင့် အဖြူ့ကိုယ်လေး တွန့်သွားရင်း ချက်ချင်း ခေါင်းငုံ့သွားသည်။
အဟင်း ဒီလိုပဲ အမြဲတမ်း ကြောက်လန့်နေရမယ်
အလွှာဖြူ
"ညည်း ကျောင်းတက်စရာမလိုဘူး"
"လိုတယ်လေ တီလေး အဖြူက လေးတန်းအောင်
ပြီးပြီလေ အများကြီးဆက်တက်ရအုံးမှာ ခနလေးပါအဖြူမကြာပါဘူး ခနစောင့်"
"နင့်ကို ကျောင်းထားမယ်လို့ ပြောမိလို့လား"
"ရှင်!"
လှေကားဆုံးဘေးက အခန်းလေးထဲသူမအတွက်
စီစဉ်ပေးထားသည့် အခန်းထဲ ပြေးဝင်တော့မည့်
သူမခြေလှမ်းတွေ တုန့်ရပ်သွားသည်။အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြင့် မျက်လုံးလေး ကလယ်
ကလယ်ရှိနေသည်။တင်းမာလှသည့် ဒေါ်လရိပ်
မျက်နှာထားကြောင့်သူမ စကားမဆက်ရဲတော့ပေ။
"သွားလေ ဆွေဆွေနဲ့ အိမ်အလုပ်တွေ ကူလုပ်ပေးနေ...နေ့တိုင်းလုပ်ရမှာနော် မပြောရစေနဲ့ အားညောင်းမခံနိုင်ဘူး...ဆွေဆွေ...!"
"ရှင် မမကြီး"
"သူ့ကို ငါ့စိတ်တိုင်းကျ ဖြစ်အောင် သင်ပေးထားပါ
ဒီနေ့တစ်ရက် အချိန်ရမယ် ဘယ်အရာမဆို ငါ့အကြိုက်ပဲ ဖြစ်နေစေရမယ်နော်"
"ဟုတ်ကဲ့ မမကြီး စိတ်ချပါ"
ခက်ထန်မာကျောစွာနှင့် ပြောထွက်သွားသည့်
ဒေါ်လရိပ်ကျောပြင်ကို ကြည့်ကာ ဒေါသများ
အလိပ်လိပ်ထွက်ရသည်။
သူမကို အိမ်ဖော်တစ်ယောက်လိုပဲ
သဘောထားနေသည်။
အဖြူက ဘုရင်မပါ အစေခံမဟုတ်ဘူး ရှင် မှတ်ထားပါ ဒေါ်လရိပ် ဘုရင်မတွေက ဘယ်နေရာ ဘယ်အချိန်မှာပဲ နေနေ အရှုံးမပေးတဲ့စိတ်ဓာတ်ရှိတယ်။
စိတ်ကို ပြန်လည်တင်းလိုက်သော်လည်းဒေါ်လရိပ်၏ ခက်ထန်သည့် အကြည့်များက မျက်လုံးထဲက
မထွက်သောကြောင့် ကြောက်ရွံ့စိတ်ဝင်လာရသည်။
"အဖြူ ငါ ခေါ်နေတယ်လေ မြန်မြန်လာ"
ဆွေဆွေ အသံကြောင့် အတွေးကို ဖြတ်တောက်လိုက်ရင်း မီးဖိုခန်းထဲ ပြန်ဝင်လာရသည်။
ပညာသင်ရမယ့် သူမ အရွယ်မှာ မီးဖိုခန်းထဲမှာ
ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည်။မိဘတွေနှင့် အိမ်မှာ ဘုရင်မတစ်ပါးဖြစ်ခဲ့သော်လည်း ချက်ချင်း
ဘဝပြောင်းကာ သူများအစေခံဘဝ ပြောင်းလဲသွားရသည်လား..။
ဟင့်အင် အဖြူက အစေခံမဟုတ်ဘူး။
~~~~~~~~
"အလွှာဖြူ!!...."
အိမ်ရှေ့မှဒေါသတကြီး ခေါ်သံကြောင့် ထမင်းစားရင်းမှ ကပြာကယာ လက်ဆေးရင်း ထွက်လာခဲ့သည်။
"ရွှမ်း...!"
"အာ့!"
"ရွှမ်း.....ရွှမ်း"
စီးကြိုလာသည့် ရိုက်ချက်များက ယောက်ျားအားနှင့်
ဖြစ်တာကြောင့် အသည်းခိုက်အောင် နာကျင်လှသည်။ဝါးစားမတပ်စိုက်ကြည့်နေသည့် ဒေါ်လရိပ်နှင့်
ဦးမိုးတိမ်တိုက် တို့ မျက်ဝန်းတွေက ဒေါသအငွေ့
တလျှံလျှံဖြင့်သာ.....။
ကိုယ်တိုင်က အပြစ်လုပ်ထားသူမို့ မော်၍ပင်မကြည့်ရဲခဲ့...ခြေသလုံးက စပ်ဖျင်းဖျင်းနာကျင်မှုကို အံကျိတ်ခံကာ ကြိတ်ပြီး မျက်ရည်ဝဲရသည်။
"ငါ အကြိမ်ကြိမ်ပြောထားတယ် နင့်ကို လုံးဝ ကျောင်းထားမပေးဘူး နောက်ထပ် အတွန့်တက်လာလို့
ကတော့ တစ်သက်လုံး ဒုက္ခိတမ ဖြစ်နေရမယ်.."
"........."
"နောက်နေ့ ကျောင်းကို ခိုးသွားတယ်လို့ သတင်းကြားလို့ကတော့ နင့်ခြေထောက်တွေ ရိုက်ချိုးပစ်မှာ....
နားလည်လား...!!"
"ဟုတ်...ဟုတ်ကဲ့"
"နားလည်ရင် သွား....အပြင်မှာ လက်မြောက်ပြီး
ဒူးထောက်နေ. ငါ မခေါ်မချင်းထမလာနဲ့...."
အမိန့်အတိုင်းပဲ အိမ်ရှေ့ထွက်ကာ ဒူးထောက်ချလိုက်သည်။ကျောက်စရစ် သေးသေးလုံးလုံးလေးများဖြန့်
ခင်းထားသည့် အိမ်ထောင့်က ပန်းအိုးများ စီချထား
သည့်နေရာက သူမ၏ ပြစ်ဒဏ်ပေးသည့်နေရာသာ
ဖြစ်သည်။ကျောင်းတက်ချင်စိတ် ပြင်းပြလှသော
ကြောင့် မမတိမ်လွှာကို အကူအညီတောင်းကာ
ကျောင်းကိုလိုက်သွားခဲ့လေသည်။ လွယ်လွယ်နှင့်
ကျောင်းတက်မရမှန်း သိပေမယ့်လည်း ဆန္ဒကို
မထိန်းနိုင်သောကြောင့် အရဲစွန့်မိခြင်းပင်။ဘယ်လိုပဲ အဖြစ်ပေးခံရပါစေ ကျောင်း၏ အငွေ့အသက်များကို ခံစားလိုက်ရသောကြောင့် သူမစိတ်ထဲ
ဝမ်းသာကြည်နူးရကာ အတိုင်းမသိပျော်ရွှင်ရပါသည်။
"မိတိမ်လွှာ ညည်း ကျပ်ကျပ်သတိထား ငါ တားမြစ်ထားတဲ့အရာကို လုပ်မိလို့ကတော့ ညည်းလည်း
အပြစ်မကင်းဘူး ဒီတော့ ဒီည ထမင်းမစားရဘူး
တစ်ပတ်စာ မုန့်ဖိုးဖြတ်မယ်"
"ဟင် မာမီ မလုပ်ပါနဲ့ သမီး...."
" တိတ်စမ်း! ထပ်ပြီးအသံမထွက်နဲ့ ဒါ အမိန့်ပဲ"
"ဟင့်!"
"အပေါ်တက် လုံးဝပြန်ဆင်းမလာနဲ့ ဆွေဆွေလည်း ခိုးကြွေးဖို့မစဉ်းစားနဲ့ ညည်းပါ အလုပ်ပြုတ်သွားမယ် နားလည်တယ်နော်"
"ဟုတ်..ဟုတ်ကဲ့ မမကြီး"
တိမ်လွှာ မိခင်ကို မှုန်ကုပ်ကုပ်နှင့်ကြည့်ကာ နေရာမှ
ခြေဆောင့်ထွက်သွားသည်။ခပ်လွင့်လွင့်ပြုံးလိုက်
သည့် ဒေါ်လရိပ်ကိုတော့ တိမ်လွှာ သတိမထားမိလိုက်တော့ချေ။
" ဆွေဆွေ တံခါးတွေ တစ်ခါတည်းပိတ်လိုက်တော့
ဟိုကလေးမကို အထဲမဝင်စေနဲ့ ပြီးရင် ငါ့အခန်းထဲ
လာခဲ့"
အသံကို လုံးဝလျော့ကျကာ မျက်ရိပ်ပြပြောပြီး
အပေါ်တက်လာခဲ့လိုက်သည်။
'အဖြူ အိမ်မှာ မရှိဘူး' ဟု ဆွေဆွေ လှမ်းပြီး ဖုန်းဆက်တည်းကဒေါသ ထွက်ရသည်။ဘယ်သွားလဲ
စုံစမ်းလိုက်တော့ တိမ်လွှာနှင့် ကျောင်းကိုလိုက်ပါသွားသည်ဟု သတင်းကြားစဉ်ကဒေါသငယ်ထိပ်ရောက်နေခဲ့သည်။ဒီကိစ္စကို အကြောင်းပြုက တိမ်လွှာနှင့်
အဖြူ့ကို သွေးခွဲရန် နည်းလမ်းစဉ်းစားမိသောကြောင့် ကျောင်းဆင်းအိမ်ပြန်ချိန်ထိ အောင့်အီးစောင့်ဆိုင်းနေခဲ့ရသည်။
မင်းက အမြဲတမ်းအကြောက်တရားနဲ့ပဲ ရှင်သန်နေတဲ့
လူသားတစ်ယောက်ပဲ ဖြစ်ရမယ် အလွှာဖြူမင်းဘယ်လိုပဲ ခေါင်းမာနေပါစေ မင်းက အဖြူရောင်ကြိုး
မဟုတ်တော့ဘူး ငါကြိုးဆွဲရာ က ရမယ့် အလွှာဖြူပဲ
.
တိမ်လွှာ ငိုပြီး အပေါ်တက်သွားသည်ကို အဖြူကြည့်ကာ စိတ်မကောင်းဖြစ်ရသည်။ သူမကြောင့် တိမ်လွှာပါ အပြစ်ပေးခံရသည်အတွက် ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ်အပြစ်တင်နေမိသည်။သူမကြောင့်
ဘယ်သူမှထပ်ပြီး ဒုက္ခမရောက်စေရဘူးဟု စိတ်ပိုင်း
ဖြတ်လိုက်ပြီး နောက်ထပ်ကျောင်းကို လိုက်မသွားရန်
ဆုံးဖြတ်လိုက်လေသည်။တိမ်လွှာလည်း သူမကို
နောက်တစ်ကြိမ် ထပ်ခေါ်ရဲမည်မဟုတ်တော့ပါ။
မျက်ရည်အဝိုင်းသားဖြင့် အိမ်ပေါက်ဝဆီလှမ်းကြည့်လိုက်တော့ ဆွေဆွေက တံခါးတွေအားလုံးပိတ်သွား
လေပြီ။ခနအကြာ အိမ်ရှေ့မီးများပါ ပိတ်သွားသည်။
ဒီညတော့ ဒီနေရာမှပဲ အိပ်ရတော့မယ် ထင်တယ်
ဝမ်းနည်းခြင်း ကြောက်ရွံ့ခြင်း နာကျဉ်းခြင်းများနှင့် မျက်ရည်များ စီးကျလာရသည်။
~~~~~~~
"မာမီ"
ညနေခင်းကျောင်းဆင်းချိန် ဧည့်ခန်းထဲထိုင်နေသည့်
ဒေါ်လရိပ်ကို တိမ်လွှာ တွေ့သွားပြီး စူအောင့်အောင့်
လေး ခေါ်လိုက်သည်။
"လွှာလေး ဘာဖြစ်လာတာလဲ ပြောပါအုံး မာမီကို
မျက်နှာကြီးက ဆူပုပ်နေတာပဲကွယ် "
"အဲ့ဒါ မာမီကြောင့်လေ "
"အမ် မာမီကြောင့်!"
ဒေါ်လရိပ် အံ့သြဟန် ဖြင့် မျက်ခုံးလေးပင့်ကာ ပြန်မေးလိုက်သည်။သူမ တွေးထားသည့်အတိုင်း ဖြစ်လာပြီဟု တွက်ဆကာ စိတ်ထဲ ကျိတ်ပျော်နေမိသည်။သို့သော်လည်း သမီးပြောလာမည့်စကားကို စောင့်စားနားထောင်လိုက်သည်။
"ဟုတ်တယ် မာမီ သမီးကို မုန့်ဖို့းဖြတ်လို့လေ
သမီးသူငယ်ချင်းတွေကြားမှာ ဘယ်လောက်မျက်နှာ
ငယ်ရမှတ်လဲ"
"ဟမ်!"
မျက်နှာမှာစိတ်မကောင်းရိပ်ကို အတင်းဖန်းဆင်းလိုက်ကာ ဝမ်းနည်းနေသလို လုပ်လိုက်သည်။
"ဒီနေ့ဆို မာမီ မုန့်ဖိုးဖြတ်လို့ သူငယ်ချင်းတွေ နဲ့အတူ
မြို့ထဲလျှောက်လည်တာတောင် မလိုက်ရဘူး"
နှုတ်ခမ်းကို တတောင်လောက်ဆူထွက်ကာ မကျေနပ်ဟန်ဖြင့် တစ်ဖက်လှည့်သွားသည်။သမီးအပြုအမူတွေက ကလေးဆန်ကာ ချစ်ဖို့ကောင်းလွန်းတာကြောင့်
ဒေါ်လရိပ် ပြုံးရိပ်သမ်းကာသူမခေါင်းလေးကိုဖွဖွပုတ်လိုက်သည်။
"ပြီးတော့ သမီး သူငယ်ချင်းတွေက ကျောင်းကို ကိုယ်ပိုင်ကားနဲ့ လာကြတာ မာမီရဲ့ သူတို့ အဝတ်အစားတွေက တကယ့်အဖိုးတန် စျေးကြီးပေးရတာတွေ
ဖိနပ်တွေကလည်း ဝင်းစက်နေတာပဲ အသုံးအဆောင် ပစ္စည်းတွေဆို ထိရက်စရာမရှိအောင်ကိုပဲ ဒီလောက်ဆို မာမီပဲ စဉ်းစားကြည့်တော့ သမီး ဘယ်လောက်
မျက်နှာ ငယ်ရမလဲဆိုတာ"
"အဟင်း! မာမီပြောမယ် သမီး နောက်ဆို မာမီမကြိုက်တာမလုပ်ရဘူး သမီးကိုတစ်ခုသတိပေးမယ် သူတို့လို အဆင့်အတန်းမျိုး မာမီလည်း ထားပေးချင်တာပေါ့ ဒါပေမယ့် မာမီတို့မှာက ကိုယ်ပိုင်လုပ်ငန်းက အခုမှ
အစပျိုးဒါဆိုတော့ လုံလောက်တယ်မရှိဘူး
ဒါပေမယ့်...သမီးအဘွားဆီကအမွေရခဲ့မယ်ဆိုရင်
တော့ အာလုံးအဆင်ပြေသွားမယ် အဲ့ဒါရအောင်
လည်း...."
"ဘာလဲ မာမီ ဘာလို့ဆက်မပြောတာလဲ"
ဧည့်ခန်းထဲ ဝင်လာသည့် အဖြူကို မြင်လိုက်ကာ စကားရပ်လိုက်သည်။ ဒါကိုပဲ အလိုက်ကမ်းဆိုးမသိကာ အတင်းမေးခွန်းထုတ်နေသူ သမီးကို မျက်ရိပ်ပြရသေးသည်။
"သမီး အိမ်ပေါ်တက် နားတော့လေ ခနနေ ထမင်းစားရအောင် ခေါ်လိုက်မယ်"
"ဟုတ်"
သမီးကို ပခုံးဖက်ကာ အပေါ်တက်ရန် လှေကားဆီလျှောက်သွားကြသည်။
"အန္တီ"
"ဘာလဲ"
လက်ကို ဟန်ပါပါနှင့် ပိုက်ကာ မလိုမုန်းထားသည့်
အကြည့်ဖြင့် ခပ်မဲ့မဲ့လုပ်လိုက်သည်။
"ဟို ဧည့်သည်....."
"အန္တီ"
"မင်း ဘယ်သူလဲ"
တောင့်တင့်ခိုင်မာလှသည့် ခန္ဓာကိုယ်နှင့်
ဖြောင့်စင်းရှည်လျားသည့် အရပ်အမောင်း
လေးထောင့်ကျသော မေးရိုးကားကားတို့နှင့်
ဆံစတို့ကိုတစ်ဖက်ခွဲသိမ်းထားသည့်အတွက် ပေါ်လွင်လှသည့် နဖူးပြောင်ပြောင်တို့က ထက်မြတ်သည့်
ယောက်ျားကောင်း ဖြစ်ကြောင်း သက်သေနေဟန်။
"အန်တီ ကျွန်တော့်ကို မမှတ်ဘူးလား"
ဒေါ်လရိပ် ထိုလူအနားသို့ တလှမ်းချင်းတိုးကပ်သွားသွားရင်း မျက်နှာမှာလည်း အံ့သြဝမ်းသာရိပ်က စွန်းထင်းနေသည်။လှေကားမှာ ရပ်နေသော
တိမ်လွှာလည်း သိချင်ဇောနှင့် ဆက်မတက်တော့ဘဲ အခြေအနေကို အကဲခတ်ကြည့်နေသည်။
" မင်း...မင်းက မှိုင်းညှို့ရှင်! "
"ဟုတ်ပါတယ် ကျွန်တော် မှိုင်းညှို့ရှင် ပါ"
"ဘယ်က ဘယ်လို.....ထိုင်ပါအုံးကွယ်"
အံ့သြဝမ်းသာမှုအပြည့်ဖြင့် ပျူပျူငှါငှါ ဧည့်ခံနေတော့သည်။
"ဒီကို တာဝန်နဲ့ ပြောင်းလာတာပါ မနေ့က ဦးမိုးနဲ့ တွေ့လို့ ဒီမှာ နေကြတယ်ကြားလို့ အလည်လာခဲ့တာပါ"
"အဟင်း! ဟုတ်တယ် သားရယ် ဒီကလုပ်ငန်းတွေ
အဆင်ပြေနေတော့ ဒီမှာပဲ အခြေချဖို့ လုပ်တော့တာပေါ့ကွယ်.... သမီး အလွှာဖြူရေ..."
"ဟုတ်ကဲ့ မေမေ"
သူမ အလိုကျ လူရှေ့မှာ မေမေ လို့ ခေါ်လိုက်တာ
ကြောင့် ဒေါ်လရိပ် ပြုံးလိုက်သည်။ ဒီလိုပဲ အမြဲတမ်း ငါ့စိတ်တိုင်းကျနေပါ ....ဟွန့်....
"အဟင်း! သမီး ဧည့်သည်အတွက် အအေးလေး ဘာလေး လုပ်ပါအုံးကွယ်"
"ဟုတ်...ဟုတ်ကဲ့"
"အန္တီ သူက... "
"အော်! သူက အန်တီအကိုရဲ့သမီးလေ မိဘမဲ့ ဖြစ်သွားတော့ အန်တီကပဲ သူ့ကို မွေးစားထားတာ အရမ်းအလိုက်သိပြီး လိမ္မာတဲ့ကလေးလေးပါကွယ် ဒါမို့
အချစ်ပိုရတာပေါ့ ဟင်း..ဟင်း..."
လှပတဲ့ အပြုံးတစ်ခု နောက်ကွယ်က ကောက်ကျစ်မှုကို မသိသော မှိုင်းညှို့ရှင်တစ်ယောက်ကတော့ သူမဟာ ကံကောင်းသူတစ်ယောက်ပဲ လို့ တွေးနေလေတော့သည်။
>>>>>>
စာရေးသူ _
သံယောဇဉ်ကြိုး